← Chapters

အခန်း (၂၄)

Vol. 3 Ch. 24

အခန်း (၂၄)

Vol. 3 Ch. 24

ဟုတ်သည် ရွှီရန်က မူကြိုကျောင်းထဲရှိ ပါရမီရှင်ဆိုသူများကိုသာ ကြက်ကလေး များဟု ယုံကြည်ချင်နေပြီး... မူကြိုကျောင်းက ကျွေးသည့် အဆင့်မြင့် ကျောက်သားသားရဲသားက တစ်ရက်မှ သွေးစွမ်းအင် ၀.၄ မှတ်သာ တိုးပေးနိုင်သည်ဟူသော အချက်ကိုမူ လုံးဝ လက်မခံနိုင်ပေ။

အကယ်၍ တစ်ရက်မှ ၀.၄ မှတ်သာ တိုးမည်ဆိုပါက ရွှီရန်၏ တတိယမြောက် အဖိုးတန် ရွှေရောင်အောင်မြင်မှုဆုဖြစ်သည့် စင်ကြယ်သော ဝိညာဉ်ခန္ဓာမှာ သူနှင့် လက်လှမ်းမမီနိုင်သော အရာ ဖြစ်သွားပေလိမ့်မည်။

[စင်ကြယ်သော ဝိညာဉ်ခန္ဓာ ရွှေရောင်: ကံကောင်းခြင်း +၃၀ မှတ်။ ခန္ဓာကိုယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော အဆိပ်အတောက်များ ညစ်ညမ်းမှုများနှင့် ဝိညာဉ်ဆိုးပစ္စည်းများကို သင့်အသားသားက တဖြည်းဖြည်း သန့်စင်ပေးသွားမည်]

ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲ။

ကံကောင်းခြင်း အမှတ် ၃၀ တောင် တိုးပေးမှာ။

ခန္ဓာကိုယ်ကလည်း အဆိပ်အတောက်တွေနဲ့ ဝိညာဉ်ဆိုးတွေကို သန့်စင်ပေးနိုင်ဦးမယ်...

သို့သော် အသက်ငါးနှစ်မပြည့်မီ သွေးစွမ်းအင် ၁၀,၀၀၀ ပြည့်မှသာ တတိယမြောက် ပင်ကိုယ်နှစ်ခြင်းကို ပြီးမြောက်နိုင်မည်ဖြစ်သည်။ အခက်အခဲက အလွန်ကြီးမားလှ၏။ အသက်ငါးနှစ်မတိုင်ခင် ပြီးမြောက်ဖို့ဆိုလျှင် တစ်ရက်ကို သွေးစွမ်းအင် ၁၂ မှတ်နှုန်းဖြင့် တိုးနေရမည် ဖြစ်သည်။

အကယ်၍ ကျောက်သားသားရဲသားတွေ အများကြီးစားသည့်တိုင် သွေးစွမ်းအင်က အရှိန်အဟုန်ဖြင့် မတက်ဘူးဆိုလျှင်... ရွှီရန်အနေဖြင့် သူ၏ဘဝတွင် ပထမဆုံးသော ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ရပေလိမ့်မည်။

သူသည် အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။

မူကြိုကျောင်းအုပ်ကြီးနောက်မှ လိုက်လာရင်း ထမင်းစားခန်းမ၏ ပြတင်းပေါက်ဆီသို့ ရောက်ရှိလာခဲ့သည်။

"မင်းတို့အတွက် ချက်ပြုတ်ပေးမယ့်သူက ဦးလေးကျောက်ပဲ... သူက လက်ရာလည်း အရမ်းကောင်းသလို ဖော်ရွေတတ်တဲ့သူလည်း ဖြစ်တယ်။ အမြဲတမ်း ဟိုင်း ဟိုင်း ဟိုင်း လို့ နှုတ်ဆက်တတ်တယ်"

"ဦးလေးကျောက်ရေ... အဆင့် ၇ နှင်းကြံ့သား ငါးပွဲလောက် ပြင်ပေးပါဦး"

ပြတင်းပေါက်အတွင်းမှ ဦးလေးကျောက်က မျက်လုံးလေးများ မှေးစင်းကာ "ဟိုင်း ဟိုင်း ဟိုင်း ခဏစောင့်ဦး" ဟု ပြန်ထူးလေသည်။

ရွှီရန် "..."

ဆယ်မိနစ်ခန့်အကြာတွင်...

လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားသော နှင်းကြံ့သားငါးပွဲကို ပြတင်းပေါက်ပေါင်ပေါ်၌ တန်းစီတင်လိုက်သည်။

ကျောင်းအုပ်ကြီးက ထိုအသားများကို ညွှန်ပြကာ "ဒါက ငါတို့မူကြိုကျောင်းရဲ့ အခြေခံအစားအစာပဲ အဆင့် ၇ ကျောက်သားသားရဲသားပေါ့။ ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်က စုပ်ယူဖို့ အသင့်တော်ဆုံးပဲ။ တစ်ပွဲကို ၃၅၀ ဂရမ်ရှိတယ် ပါရမီရှင်တစ်ယောက်အနေနဲ့ တစ်နေ့ကို တစ်ပေါင်စားရင် သူ့ရဲ့ အားအင်တိုးတက်မှုက အမြင့်ဆုံးအဆင့်ကို ရောက်ဖို့ လုံလောက်ပြီ"

အဆင့် ၇ ကျောက်သားသားရဲသားကို စားရမှာတဲ့...

ရွှီရန်၏မေမေနှင့် ကျားမလေး၏မေမေတို့မှာ မျက်ခွံများပင် လှုပ်သွားကြသည်။ အဆင့် ၇ နှင်းကြံ့သားဆိုသည်မှာ အထက်တန်းလွှာလူတန်းစားများသာ စားသုံးနိုင်သော အရာဖြစ်ပြီး တစ်ပေါင်လျှင် ငွေတစ်သိန်းကျော် တန်ဖိုးရှိသည်။

ဒီလိုဆိုလျှင် ကလေးတစ်ယောက်အတွက် တစ်ရက်လျှင် အနည်းဆုံး ငွေတစ်သိန်းဖိုး စားနေရသည် မဟုတ်ပါလား တစ်နှစ်လျှင် အနည်းဆုံး ငွေ ၃၆ သန်းခန့် ကုန်ကျမည် ဖြစ်သည်။

မိခင်နှစ်ဦးမှာ စိတ်မသက်မသာပင် သက်ပြင်းချလိုက်မိကြသည်။

"ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး"

"ကျွန်မတို့ မစားတော့ပါဘူး ကလေးတွေကိုပဲ အကုန်ကျွေးလိုက်ပါ"

ထို့ကြောင့် စားပွဲပေါ်တွင်...

ရွှီရန်၏ ရှေ့၌ အဆင့် ၇ နှင်းကြံ့သား နှစ်ပွဲ ရောက်နေသည်။

ကျန်းလျူလီ၏ ရှေ့၌လည်း အဆင့် ၇ နှင်းကြံ့သား နှစ်ပွဲ ရောက်နေသည်။

နှင်းကြံ့သား အသားလွှာ ၂.၅ စင်တီမီတာ ခန့်ကို ရွှေအိုရောင်သမ်းအောင် အိုးကပ်ကြော်ထားရာ အပြင်က ကြွပ်ပြီး အတွင်းက နူးညံ့နေသည်။ ဆူညံနေသည့် ဆီပူသံနှင့်အတူ အသား၏ သဘာဝရနံ့မှာ တခြားအမွှေးအကြိုင်များပင် မလိုဘဲ သွားရည်ကျစရာ ကောင်းလှပေသည်။

ကျောင်းအုပ်ကြီးက လက်ဝေ့ယမ်းပြကာ "မိဘတွေလည်း ကိုယ့်ဝေစုကိုယ် စားကြပါ။ ကလေးတွေအတွက် ဖယ်ထားပေးဖို့ မလိုပါဘူး" ဟု ပြောလိုက်သည်။

ရွှီရန်က သူ၏ အသားပွဲတစ်ပွဲကို ရှေ့သို့ တိုးပေးလိုက်ရင်း "မေမေ... စားပါ" ဟု ပြောလိုက်သည်။

မူကြိုကျောင်းတွင် အဖွဲ့ဝင်သစ်များ ရောက်ရှိလာကြောင်း ကြားသိရသောအခါ မိဘအများအပြားသည် သူတို့၏ကလေးများကို သူငယ်ချင်းဖွဲ့ရန် ခေါ်ဆောင်လာကြသည်။

သို့သော်လည်း ထိုကလေးငယ်လေးများနှင့် ခေတ္တမျှ ထိတွေ့ဆက်ဆံပြီးနောက် ရွှီရန်မှာ လက်ယားလာကာ တိုးတက်မှုအမှတ်များကို စတင်ရှာဖွေလေတော့သည်။

ထုံးစံအတိုင်း ကလေးငယ်များကို ခြောက်လှန့်သည့်အလုပ်ကို စတင်လိုက်ခြင်းပင်။

ကလေးခြောက်လှန့်ခြင်းစွမ်းရည်မှာ ဒုတိယအဆင့်ဖြစ်သော ထိတ်လန့်ဖွယ်စကားသံသို့ မရောက်ရှိသေးသော်လည်း... လေးငါးနှစ်အရွယ် ကလေးများအတွက်မူ ရွှီရန်၏ စကားများမှာ အမှန်တကယ်ပင် ထိတ်လန့်ဖွယ်စကားသံများ ဖြစ်နေတော့သည်။

သရဲပုံပြင်အချို့ကို ရိုးရိုးရှင်းရှင်းလေး ပြောပြလိုက်ရုံဖြင့် ကလေးငယ်များ၏ မျက်ဝန်းလေးများမှာ တုန်လှုပ်ခြောက်ခြားသွားရ၏။

တိုးတက်မှုအမှတ် +၁...

တိုးတက်မှုအမှတ် +၁...

တိုးတက်မှုအမှတ် +၁...

[လက်ရှိ ကလေးခြောက်လှန့်မှု တိုးတက်မှုအမှတ်: ၃၆၆၆/၁၀၀၀၀...]

"ဝါး... အီးးး ဟီးးး..."

"မေမေရေ... ကြောက်တယ်... အီးးး ဟီးးး..."

"အီးးး... အီးးး..."

ကလေးငယ်များမှာ အော်ဟစ်ငိုယိုကာ သူတို့မိခင်များ၏ ရင်ခွင်ထဲသို့ အပြေးအလွှား တိုးဝင်ကုန်ကြသည်။

ထိုအခိုက်အတန့်တွင်...

မိခင်များသည် ရွှီရန်ကို ကြည့်သည့်အကြည့်များမှာ ပြောင်းလဲသွားကြတော့သည်။

ဒီကလေးက နည်းနည်းတော့ ထူးဆန်းနေသလားပဲ။ ကလေးတွေရဲ့ နားနားကပ်ပြီး သရဲပုံပြင်တွေ လိုက်ပြောနေတာလား။

လုံခြုံရေးဝန်ထမ်း "..."

မေမေ "..."

မေမေသည် ရွှီရန်ကို အမြန်ပင် ပွေ့ချီကာ "ဟားဟားဟား... အားနာလိုက်တာရှင် ခွင့်လွှတ်ကြပါဦး ခွင့်လွှတ်ကြပါဦး"

"သားလေး... တို့တွေ ရေသွားကူးကြမလား ရေကူးကြရအောင်နော်"

ရွှီရန်သည် ရေကူးကန်ဆီသို့ အတင်းအဓမ္မ ခေါ်ဆောင်ခြင်း ခံလိုက်ရသည်။

ရေကူးရင်လည်း အလုပ်ဖြစ်တာပဲ။

ဘယ်အရာကမှ တိုးတက်မှုအမှတ် မရနိုင်တာမှ မရှိတာ။

သူကတော့ ထိတ်လန့်ဖွယ်စကားသံစွမ်းရည်ကို ချက်ချင်းရချင်နေပေမဲ့... ဒါက တကယ်ကို နည်းနည်းတော့ ခက်ခဲနေသေးသည် မဟုတ်ပါလား။

[လက်ရှိ ရေလွှဲအတတ်ပညာ တိုးတက်မှုအမှတ် အခြေခံ: ၁၀/၁၀၀၀၀...]

ဆယ်မိနစ်ခန့်သာ ကြာမြင့်သေးသည်။

ကျားမလေး၏ မိခင်သည် ကျားမလေးကို ပွေ့ချီကာ ရေကူးကန်ဆီသို့ လျှောက်လာ၏။

"ကိုကိုရှောင်ရန်ရေ"

အဝေးကလှမ်းမြင်ရကတည်းက ကျားမလေးသည် သူမ၏လက်ကလေးများကို အားရပါးရ ဝှေ့ယမ်းကာ ရဲရဲတောက် အော်ဟစ်နှုတ်ဆက်နေသည်။ ကြည့်ရသည်မှာ အောင်ပွဲခံပြန်လာသည့် ကျားပေါက်လေးတစ်ကောင်ကဲ့သို့ ခက်ထန်ပြတ်သားကာ အင်အားအပြည့်ရှိနေပုံရ၏။

လင်းချန်း "လျူလီ့မေမေ... ဘာတွေဖြစ်လာတာလဲ လျူလီလေး တစ်ခုခု ပြဿနာရှာလာပြန်ပြီလား"

ကျားမလေးမေမေ "ဟူး... မပြောပါနဲ့တော့အေ ဟိုကလေး ဆယ်ယောက်ကျော်ကို ငါ့လျူလီလေးက ငိုအောင် ရိုက်လွှတ်လိုက်တာ"

"ဟင်"

ကျားမလေးမေမေ၏ မျက်နှာမှာ ရှက်စိတ်ကြောင့် နီမြန်းသွားရသည်။

"လျူလီလေးက သွေးစွမ်းအင် ၄၀၀ ကျော်ရှိတဲ့ သုံးနှစ်အရွယ်ကလေးတစ်ယောက်ကို မြေကြီးပေါ် ဖိထားပြီး အားရပါးရ ရိုက်နေတာလေ။ ပိုပြီး ကြောက်စရာကောင်းတာက... သူက တစ်ပြိုင်တည်း ကလေးခုနစ်ယောက်ကို ရိုက်တာ။ ပြီးတော့ သူ့ရဲ့ လှုပ်ရှားမှုတွေကလည်း တကယ့်ကို ကျွမ်းကျင်လှတာပဲ..."

"ကျောင်းအုပ်ကြီးတောင် ဒါကို ထူးဆန်းတယ်လို့ ပြောပြီး သိပ္ပံနည်းကျ မကျဘူးတဲ့ သူ့ရဲ့ သွေးစွမ်းအင်က ၉၁ မှတ်ပဲ ရှိတာလေ"

လင်းချန်းမှာ အံ့အားသင့်သွားရသည်။

"..."

လျူလီလေးသည် ငယ်ငယ်ကတည်းက ဂျောက်ဂျက်လေးဖြစ်မှန်း သိထားသော်လည်း နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းတွင် ဤမျှအထိ ထိပ်ထိပ်ကြဲ ဖြစ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

သွေးစွမ်းအင် ၄၀၀ ကျော်ရှိပြီး သူမထက် ခုနစ်လကြီးသည့် ပါရမီရှင်ကလေး ခုနစ်ယောက်ကို တစ်ယောက်တည်းနှင့် ရိုက်လွှတ်လိုက်သည်တဲ့လား။

တစ်ယောက်က ခြောက်လှန့်တုန်လှုပ်စေပြီး အခြားတစ်ယောက်ကမူ အင်အားသုံး၍ လွှမ်းမိုးထားသည်။

တကယ့်ကို နဂါးနှင့် ဖီးနစ် အလား ထူးခြားဆန်းပြားလှသည့် အတွဲအဖက်ပင်။

လင်းချန်းက ရယ်မောရင်း "ကြည့်ရတာ ဒီနတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းထဲမှာ ကျွန်မတို့မိသားစုတွေပဲ အချင်းချင်း ပေါင်းလို့ရမယ်ထင်တယ်။ ကျွန်မသား ရှောင်ရန်ကလည်း နည်းနည်းတော့ ထူးဆန်းတယ် ကလေးတွေကို လိုက်ခြောက်ရတာကိုပဲ သဘောကျနေတာ" ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျားမလေး၏ မိခင်မှာ ခေတ္တမျှ တိတ်ဆိတ်သွား၏။

"ရှောင်ရန်က ပိုပြီးတော့တောင် စွမ်းသေးတာပါ။ သူက ငယ်ငယ်လေးကတည်းက လျူလီလေးကို အနိုင်ယူနိုင်တာ ကျွန်မ အမြဲမြင်နေရတာပဲ။ လျူလီလေးကို ခဏခဏ ငိုအောင်လုပ်နိုင်သလို လျူလီလေးကလည်း သူ့ကို ပြန်မချနိုင်ဘူးလေ"

"လျူလီလေး... ရေကူးသင်မလားသမီး ဟိုမှာကြည့်ဦး ရှောင်ရန် ရေကူးနေတာ ဘယ်လောက်တော်သလဲလို့"

"သင်မယ်... သင်မယ်"

လုံခြုံရေးဝန်ထမ်းတစ်ဦးက ရေထဲသို့ဆင်း၍ သင်ကြားပေးရန် ရောက်လာသည်။ ခဏမျှ သင်ယူပြီးနောက်တွင်မူ ကျားမလေးက ကုန်းပေါ်သို့ ပြန်တက်ရန် အော်ဟစ်တော့သည်။

"ရေက စားလို့မကောင်းဘူး မသင်တော့ဘူး"

သူမသည် စိတ်ကောက်ကာ ဆောင့်ကြောင့်ထိုင်နေတော့သည်။

ရွှီရန်ကမူ ပျော်ပျော်ပါးပါးပင် တိုးတက်မှုအမှတ်များကို ရှာဖွေနေဆဲဖြစ်၏။

[လက်ရှိ ရေလွှဲအတတ်ပညာ တိုးတက်မှုအမှတ် အခြေခံ: ၂၅/၁၀၀၀၀...]

နာရီဝက်ခန့် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးနောက် မေမေဖြစ်သူက သူ့ကို ရေထဲမှခေါ်ကာ ကျားမလေးနှင့်အတူ တောင်တက်ခရီး လိုက်ပါခိုင်းပြန်သည်။

မတတ်နိုင်ပေ။

ရွှီရန်သည် ကျားမလေးကိုပင် အသုံးချ၍ ကလေးခြောက်လှန့်မှု အမှတ်များကို ထပ်မံရှာဖွေရတော့သည်။

တိုးတက်မှုအမှတ် +၁...

[လက်ရှိ ကလေးခြောက်လှန့်မှု တိုးတက်မှုအမှတ်: ၃၆၆၇/၁၀၀၀၀...]

နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းရှိ ဘဝမှာ အစားအသောက်က အဆတစ်ထောင်မက ကောင်းမွန်သွားခြင်းနှင့် လေ့ကျင့်ခန်းလုပ်ရန် ဘေးကင်းလုံခြုံသော နေရာများ ပိုမိုများပြားလာခြင်းမှလွဲ၍ ကျန်သည်မှာ ထူးမခြားနားလှပေ။

မူလအတိုင်းပင် စည်းကမ်းရှိရှိ နေထိုင်သည်။

မူလအတိုင်းပင် သွေးစွမ်းအင်များကို မြှင့်တင်သည်။

[သင်သည် စွမ်းအင်မြင့်မားသော အစားအစာကို ၁၀ ရက်စာ စားသုံးခဲ့သည် သွေးစွမ်းအင် +၁၅ မှတ် လက်ရှိသွေးစွမ်းအင် ၁၀၂၇ မှတ်...]

ဆယ်ရက်ခန့် စမ်းသပ်ကြည့်ပြီးနောက်...

အဆင့် ၇ ကျောက်သားသားရဲသားကို နေ့စဉ်စားသော်လည်း သွေးစွမ်းအင် တိုးတက်မှုမှာ အမှန်တကယ်ပင် တစ်ရက်လျှင် ၁.၅ မှတ်သာ ရှိကြောင်း ရွှီရန် ရှာဖွေတွေ့ရှိသွားခဲ့သည်။

တခြားပါရမီရှင်များမှာ တစ်ရက်လျှင် ၀.၄ မှတ်သာ တိုးနိုင်သော်လည်း ရွှီရန်မှာ ၁.၅ မှတ်အထိ တိုးနိုင်သဖြင့် သူတို့ထက် လေးဆခန့် ပိုမိုအားကောင်းနေသည်မှာ အမှန်ပင်။ သို့သော် ရွှီရန်၏ ရည်မှန်းချက်က ထိုမျှနှင့် မတင်းတိမ်နိုင်ပေ။

"မဖြစ်နိုင်တာ တတိယမြောက် ရွှေရောင်အောင်မြင်မှုက ဒီလောက်တောင် ခက်ခဲတာလား"

"ကြည့်ရတာ လုံးဝကို လှမ်းမမီနိုင်တဲ့အရာ ဖြစ်နေသလိုပဲ"

ရွှီရန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ခေါင်းခဲသွားရသည်။

"ငါ အဲဒီရွှေရောင်အောင်မြင်မှုကို ရအောင်ယူရမယ်"

"စိတ်အေးအေးထား... စိတ်အေးအေးထားစမ်း။ သေချာပြန်စဉ်းစားကြည့်ဦး။ လောကမှာ ကြိုးစားရင် မဖြစ်နိုင်တာ မရှိပါဘူး"

"ပထမဆုံး ရွှေရောင်အောင်မြင်မှုတုန်းကလည်း နောက်ဆုံးငါးရက်မှာမှ အဖြေထွက်ခဲ့တာကို သတိရစမ်း"

"ရက်ပေါင်း ၇၉၃ ရက် ကျန်သေးတယ် ငါ သေချာပေါက် ပြီးပြည့်စုံတဲ့ အစီအစဉ်တစ်ခုကို စဉ်းစားမိမှာပါ"

သူ့ဘာသာ တိုးတိုးလေး ရေရွတ်နေရင်း...

ရုတ်တရက် ရွှီရန်၏ မျက်ခုံးလေးများ လှုပ်ခတ်သွားပြီး ရဲတင်းလှသော အကြံအစည်တစ်ခုသည် သူ၏ရင်ထဲတွင် ပေါ်ပေါက်လာတော့သည်။

"ဖြစ်နိုင်တယ်... ဒါ ဖြစ်နိုင်ခြေရှိတယ်... ကြည့်ရတာ ဒါကို လုပ်ကြည့်လို့ ရမယ်ထင်တယ်"

All Chapters