← Chapters

အခန်း (၂၇)

Vol. 3 Ch. 27

အခန်း (၂၇)

Vol. 3 Ch. 27

"ဖြစ်နိုင်ခြေတော့ သိပ်မရှိပါဘူး"

"ရှမားနိုင်ငံမှာ ကျင့်ကြံသူတွေ ဒီလောက်တောင် များတာပဲ သူတို့မျက်စိအောက်မှာ ဘယ်လို အန္တရာယ်မျိုးကများ အကြီးအကျယ် ဖြစ်လာနိုင်မှာလဲ"

ရွှီရန်က ခေါင်းယမ်းလိုက်ရင်း ပြုံးလျက် တွေးတောနေမိသည်။

တကယ်တော့... ကူးဟောင်ညိုတွေ ပေါ်လာတယ်ဆိုတဲ့ သတင်းကို ပထမဆုံးကြားရတုန်းက သူကိုယ်တိုင် တိတ်တဆိတ် ထွက်ပြီး လိုက်လံနှိမ်နင်းဖို့ စိတ်ကူးခဲ့သေးသည်။ သို့သော်လည်း ရှမားနိုင်ငံမှ ကျင့်ကြံသူများက သုံးရက်အတွင်းမှာတင် ကူးဟောင်ညို တစ်သောင်းခုနစ်ထောင်ကျော်ကို ရှင်းလင်းပစ်ခဲ့ကြသည်။

အခုချိန်မှ အပြင်ထွက်လျှင်လည်း သူ၏ စက္ကူခေါက်ဝိညာဉ် ဆက်သွယ်ခြင်းအတွက် သုတ်သင်စရာ ဝိညာဉ်သတ္တဝါ တစ်ကောင်တောင် ကျန်တော့မည်မဟုတ်ပေ။

နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းအတွင်းမှာဆိုလျှင်လည်း...

သူက မေမေ့ကိုခေါ်ပြီး ကျောင်းဝင်းအနှံ့ ပတ်ကြည့်ခဲ့သော်လည်း ဝိညာဉ်စွမ်းအင် အကြွင်းအကျန် အစအနလေးတောင် မတွေ့ခဲ့ရပေ။

"ကူးဟောင်ညို ကိစ္စကတော့ နောက်တစ်ကြိမ် ထပ်ပြီး ငြိမ်သက်သွားပုံရပြီပဲ"

"ရှမားနိုင်ငံက ကျင့်ကြံသူတွေ အမြန်ဆုံး သန့်စင်ရေးကိရိယာကို ရှာတွေ့နိုင်ပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ"

"ငါ့အတွက်ကတော့ အကောင်းဆုံးရွေးချယ်မှုက ဒီမူကြိုကျောင်းထဲမှာပဲ ဆယ်မိုင်ကုန်းက ဓားနတ်ဘုရား ဖြစ်လာတဲ့အထိ အောင်းပြီး လေ့ကျင့်နေဖို့ပဲ"

"အခုချိန်မှာ ငါ့ရဲ့ခွန်အားက အရာအားလုံးကို အမှုန့်ခြေပစ်နိုင်တဲ့အဆင့်အထိ မရောက်သေးဘူး"

ရွှီရန်သည် မလုပ်ခင် သေချာစဉ်းစားတတ်သူဖြစ်ရာ အမြဲတမ်း တည်တည်ငြိမ်ငြိမ်ပင် ရှိနေတတ်သည်။

တဖြည်းဖြည်းနှင့်...

ကူးဟောင်ညို ဖြစ်ရပ်ဆန်းကြီးမှာ လူအများ၏ အမြင်ထဲမှ ပျောက်ကွယ်သွားခဲ့ပြန်သည်။

နောက်ပိုင်းရက်များကတော့ အနည်းငယ် ငြီးငွေ့စရာကောင်းသော နေထိုင်မှုပုံစံအတိုင်းပင် ရှိနေတော့သည်။ အရိုးစားလိုက် တိုးတက်မှုအမှတ် ရှာလိုက် နှင်းကြံ့သားစားလိုက် တိရစ္ဆာန်အစာကျွေးလိုက် ရေကူးလိုက်နှင့်ပင်...

ဤအတောအတွင်း...

လီချင်းဟုန်သည် သုံးရက်တစ်ခါ သင်ခန်းစာများ သင်ကြားပေးလေ့ရှိပြီး သူမ၏ သင်ခန်းစာများမှာ အတော်လေး ထူးခြားလှသည်။

နံနက်ပိုင်းတွင် ခြေလှမ်းအတတ်နှင့် ရှောင်တိမ်းခြင်းကို သင်ယူကြရသည်။

မွန်းလွဲပိုင်းတွင်မူ သူမသည် ကျောင်းသားများကို သတ္တိမွေးရန် တောင်ထိပ်သို့ ခေါ်သွားလေ့ရှိ၏။

သတ္တိမွေးသည့် လေ့ကျင့်ခန်းမှာ ရိုးရှင်းပါသည်။

ကလေးငယ်တစ်ဦးချင်းစီကို ပွေ့ချီကာ မီတာငါးရာ မြင့်သော တောင်ကမ္ဘားပါးယံထက်မှ အောက်ဘက်သို့ ခုန်ချခြင်းပင်။

ဤလေ့ကျင့်ခန်းကတော့ တကယ်ကို ဆန်းသစ်လှပေသည်။

ထိုကလေးများမှာ ပါရမီရှင်များ ဖြစ်ကြသော်လည်း မွေးရာပါ ကြောက်စိတ်ကြောင့် အားရပါးရ ငိုယိုနေကြတော့သည်။ ကလေးဆယ်ယောက်ကျော်မှာ ဖင်ထိုင်လျက် ခြေထောက်များကို မြေကြီးမှာ ဆွဲထားသော်လည်း လီချင်းဟုန်ကတော့ သူတို့ကို မီတာဆယ်ကျော်ဝေးသော ကမ္ဘားပါးယံ အစွန်းအထိ အတင်းဆွဲခေါ်သွားမြဲ ဖြစ်သည်။

ရွှီရန်မှာ ထိုမြင်ကွင်းကိုကြည့်ကာ မရယ်ဘဲ မနေနိုင်ပေ။ သူကတော့ လူအုပ်ကြီး၏ နောက်ဆုံးတွင်ရပ်ကာ တိတ်တဆိတ် ချွေးသုတ်နေရသည် ကြောက်လွန်း၍ ချွေးထွက်ခြင်းမဟုတ်ဘဲ အဆင့် ၇ ကျောက်သားသားရဲ၏ အရိုးကို အစာအိမ်က အသည်းအသန် ကြိတ်ချေနေရသောကြောင့် ဖြစ်၏။

အတော်လေးတော့ ပင်ပန်းလှသည်။

သို့သော်လည်း ရွှေရောင်အောင်မြင်မှု အတွက်ဆိုလျှင် ဤနာကျင်မှုလေးက ဘာမှမဟုတ်ပေ

လီချင်းဟုန်၏ လေသံမှာ ပြတ်သားတည်ကြည်လှသည်။

"မျက်လုံးမပိတ်နဲ့ အောက်ခြေကို သေသေချာချာ ကြည့်ထားရမယ်။ အကယ်၍ မျက်လုံးပိတ်ခဲ့ရင် မင်းတို့ကို ငါ ထပ်ခါထပ်ခါ ခုန်ခိုင်းမှာပဲ"

"ကျင့်ကြံသူတစ်ယောက် ကျော်ဖြတ်ရမယ့် အကြီးမားဆုံး အရာက ကြောက်စိတ်ပဲ။ ကြောက်စိတ်က မင်းတို့ကို အောက်ဆုံးအဆင့်အထိ ဆွဲချသွားလိမ့်မယ်"

"ကျောက်သားသားရဲတွေ ကူးဟောင်ညိုတွေ ဝိညာဉ်သရဲတွေ... မင်းတို့ နောင်တစ်ချိန်မှာ ရင်ဆိုင်ရမယ့် အကြောက်တရားတွေက အခုထက် အဆပေါင်း ထောင်ချီ ပိုပြင်းထန်လိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းတို့က မျက်လုံးပိတ်ပြီး လူဖျင်းလူအတွေ လုပ်နေမှာလား"

"မျက်လုံးကို ဖွင့်ထားစမ်း ပြီးတော့ ဒီအကြောက်တရားကို တည့်တည့်ရင်ဆိုင်စမ်း"

လီချင်းဟုန်၏ လေသံမှာ ဖန်သားပြင်ပေါ်သို့ ရေခဲတုံးများ ကျကွဲသွားသကဲ့သို့ အေးစက်လှသည်။

အသက်လေးငါးနှစ်အရွယ် ကလေးငယ်များမှာ ဤကဲ့သို့သော အတွေးအခေါ်များကို ဘယ်လိုလုပ် နားလည်နိုင်မလဲ။ သူတို့သည် အောက်သို့ ပြုတ်ကျသွားချိန်တွင် အော်ဟစ်ငိုယိုနေကြပြီး မျက်ရည်စများမှာ လေထဲတွင် ဝဲပျံနေတော့သည်။

ကလေးငယ် အနည်းငယ်သာ တည်တည်ငြိမ်ငြိမ် ရှိနေနိုင်ကြ၏။

ဥပမာအားဖြင့် သွေးစွမ်းအင်အဆင့် အမြင့်ဆုံး ၄ ဦးဖြစ်သည့် ကျူးယွီဟန် ဖုန်းရန် ပြန်ယွဲ့ နှင့် ပယ်ကျင်ချိုးတို့ပင်။ သို့သော်လည်း သူတို့သည် အံကို တင်းတင်းကြိတ်ကာ အစွမ်းကုန် အောင့်အည်းထားကြခြင်းသာ ဖြစ်၏။ ဖြူဖျော့နေသော သူတို့၏ မျက်နှာများကို ကြည့်ရုံဖြင့် သိသာလှပေသည်။

သွေးစွမ်းအင် အဆင့် ၅ ဖြစ်သော ဝဖုံဖုံ ကျူးကော့ဟွမ်ကျင်မှာမူ သူ၏ အော်ဟစ်သံမှာ သတ်တော့မည့် ဝက်တစ်ကောင်အလား ဟိန်းထွက်နေပြီး မြေပြင်ပေါ်သို့ ရောက်ရှိချိန်တွင်မူ အရိုးမရှိသကဲ့သို့ ပျော့ခွေကာ လဲကျနေတော့သည်။

"ရွှီရန်... ရှေ့ထွက်ခဲ့စမ်း"

လီချင်းဟုန်က ရွှီရန်ကို လှမ်းခေါ်လိုက်သည်။

"ရှိပါတယ်"

ရွှီရန်သည် နဖူးမှ ချွေးစအချို့ကို သုတ်လိုက်ရင်း တည်ငြိမ်စွာပင် ရှေ့သို့ တိုးထွက်လာ၏။

"မင်း ရင်တုန်နေလား"

"မတုန်ပါဘူး..."

"ရင်တုန်တာ ကိစ္စမရှိပါဘူး နောက်ပိုင်းကျရင် ကျင့်သားရသွားမှာပါ။ ဘယ်သူကမှ မကြောက်ဘဲ မနေနိုင်ပါဘူး ငါကိုယ်တိုင်တောင် အစွမ်းထက်ဆုံး ပါရမီရှင်တွေ ကြောက်လန့်တုန်လှုပ်နေတာကို မြင်ဖူးတယ်..."

လီချင်းဟုန်က ခပ်ဖွဖွ နှာခေါင်းရှုံ့လိုက်သည်။

ရွှီရန် "..."

သူ ဘာမှ ပြန်လည်ရှင်းပြမနေတော့ပေ။ လီချင်းဟုန်၏ ဖမ်းဆုပ်မှုကို ခံယူလိုက်ပြီး သူ၏ ခန့်ညားသော မျက်နှာလေးကို မြေပြင်ဘက်သို့ လှည့်ထားလိုက်သည်။

"သွားကြစို့"

လီချင်းဟုန်သည် လင်းယုန်တစ်ကောင် သားကောင်ကို ဖမ်းဆုပ်သကဲ့သို့ ဒဟုန်ထိုး ခုန်ချလိုက်ရာ မြေပြင်ဆီသို့ တစ်ဟုန်ထိုး ကျဆင်းသွားတော့သည်။ ပြင်းထန်လှသော လေတိုးသံများက နားထဲတွင် တဝီဝီ မြည်ဟည်းနေ၏။ ရွှီရန်မှာမူ တည်ငြိမ်မြဲ တည်ငြိမ်နေဆဲဖြစ်ပြီး အသက်ရှူနှုန်းမှာလည်း မှန်မှန်ပင် ရှိနေသည်။

"ဟင်"

လီချင်းဟုန် အနည်းငယ် အံ့အားသင့်သွားရသည်။ စိတ်လှုပ်ရှားမှု လုံးဝမရှိတာလား။ ကြောက်လွန်းလို့ သတိလစ်သွားတာလား ဒါမှမဟုတ် ဘာလဲ သူမက အာရုံခံကြည့်လိုက်ရာ ရွှီရန်၏ မျက်နှာထားမှာ လုံးဝ ပူပန်မှုကင်းဝေးနေကြောင်း တွေ့လိုက်ရသည်။

"မင်း မကြောက်ဘူးလား"

ရွှီရန်က ဘာမှမဟုတ်သလို ဟန်ပန်ဖြင့် "ဘာကြောက်စရာ ရှိလို့လဲ" ဟု ပြန်ပြောလိုက်သည်။

လီချင်းဟုန်သည် အာရုံစိုက်လိုက်ပြီး ကျဆင်းသည့်အရှိန်ကို ပိုမြှင့်လိုက်သော်လည်း ရွှီရန်ကမူ တုန်လှုပ်ခြင်း မရှိပေ။

သူ့အတွက်မူ မီတာငါးရာအမြင့်မှ ပြုတ်ကျခြင်းမှာ အမှန်တကယ်ပင် ဘာမှမဟုတ်လှပေ။ ငယ်စဉ်ကတည်းက အိမ်မျက်နှာကြက်များတွင် အိမ်မြှောင် နံရံကပ်အတတ်ကို လေ့ကျင့်ရင်း တွားသွားခဲ့သူ မဟုတ်ပါလား။ ကူးဟောင်ညိုတွေကို လိုက်လံနှိမ်နင်းစဉ်ကလည်း ကောင်းကင်ယံရှိ အထပ်မြင့် အဆောက်အအုံ နံရံများကြားတွင် ခြေနှစ်ဖက် လက်နှစ်ဖက်ကို သုံး၍ အားရပါးရ ပြေးလွှားခဲ့ဖူးသည်။

မီတာငါးရာဆိုသော အမြင့်မှာ သူ့အတွက် စိမ်းသက်မနေတော့ပေ။ တစ်ချိန်က သူသည် စက္ကူလင်းနို့တစ်ကောင်၏ အမြင်အာရုံသို့ ကူးပြောင်းကာ နေ့စဉ်နှင့်အမျှ မီတာငါးရာအထိ ပျံသန်းခဲ့ဖူးသေးသည်။ ထိုစဉ်က ရည်ရွယ်ချက်မှာ ပျံသန်းခြင်းဆိုင်ရာ စွမ်းရည်တစ်ခုကို အစပျိုးနိုင်

ရန်ပင်။

ကံဆိုးသည်မှာ ကိုယ်တိုင်ကိုယ်ကျ လေထဲတွင် မပျံသန်းနိုင်သရွေ့ မည်သည့်မှော်စွမ်းရည်မှ အစပျိုးလာခြင်း မရှိခဲ့ပေ...

"မင်းရဲ့ သွေးခုန်နှုန်းထဲမှာ ကြောက်ရွံ့ခြင်းရဲ့ အငွေ့အသက် လုံးဝမရှိဘူး... ဒါပေမဲ့ ဘာလို့ ချွေးတွေထွက်နေတာလဲ"

ရွှီရန်က လုံချာပတ်ချာ ဆင်ခြေတစ်ခု ပေးလိုက်သည်။

"ပူလို့ပါဗျာ"

"ဟင်"

လီချင်းဟုန်က မျက်မှောင်ကြုတ်လိုက်ပြီး ရွှီရန်၏ဆံပင်ကို အသာဖွကာ သူ့ကိုခေါ်ပြီး တောင်ထိပ်သို့ ပြန်လည်ခုန်တက်သွားသည်။

မိဘတစ်အုပ်စုမှာ ရွှီရန်၏ ထုံးစံအတိုင်း တည်ငြိမ်နေမှုကို မြင်သောအခါ မျှော်လင့်ထားသလို ဖြစ်သော်လည်း အံ့သြရဆဲ ဖြစ်သော မျက်နှာပေးများ ပေါ်လာကြသည်။

အဖွဲ့ဝင်သစ် ကလေးနှစ်ယောက်မှာ သွေးစွမ်းအင်တန်ဖိုးသိပ်မမြင့်လှသော်လည်း တကယ့်ကို နဂါးနှင့် ဖီးနစ်ကဲ့သို့ ထူးခြားသော အတွဲအဖက်ပင်။ တစ်ယောက်က တခြားကလေးတွေကို ငိုအောင် ခြောက်လှန့်ရသည်ကို ဝါသနာပါပြီး ကျန်တစ်ယောက်ကမူ တိုက်ခိုက်ရာတွင် အလွန်သွက်လက်ကာ ရန်သူ၏အကွက်ကို ကြိုတင်ခန့်မှန်းနိုင်၏။ ကျောင်းအုပ်ကြီးကိုယ်တိုင် သူမကို ဖမ်းဖို့ကြိုးစားလျှင်ပင် အချိန်ကိုက် ရှောင်တိမ်းနိုင်သူ ဖြစ်သည်။

"ကျန်းလျူလီ... ရှေ့ထွက်ခဲ့စမ်း"

ကျားမလေးသည် မျက်နှာပေါ်တွင် ပြုံးဖြဲဖြဲဖြင့် ခန့်ခန့်ညားညား ရှေ့သို့ တိုးထွက်လာသည်။

လီချင်းဟုန်: "...ဟင် ဒီကလေးမလေးက ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ သူက ဒါကို ရိုလာကိုစတာစီးနေရတယ်လို့ ထင်နေတာလား"

သူမသည် ကျားမလေးကို ပွေ့ချီလိုက်ရင်း "မျက်လုံးမပိတ်နဲ့ အစကနေ အဆုံးထိ မြေပြင်ကိုပဲ စိုက်ကြည့်ထားရမယ်" ဟု မှာကြားလိုက်သည်။

ကျားမလေးက "ဟုတ်ကဲ့" ဟု ချက်ချင်းထူး၏။

"ဒါဆို ခုန်ပြီနော်"

လေတိုးသံများ ပြင်းထန်လာပြီး ကျားမလေး၏ ဆံပင်များမှာ လေတိုက်နှုန်းကြောင့် အနောက်သို့ လန်တက်သွားကာ ဖားပြူးနဖူးပြင်ကြီးမှာ တလက်လက် တောက်ပနေတော့သည်။ သူမ၏ ပါးစပ်များမှာလည်း လေကြောင့် တဆတ်ဆတ် တုန်ယင်နေ၏။

သို့သော် သူမ၏ တောက်ပသော မျက်လုံးကြီးများမှာမူ ပို၍ပင် ပြူးကျယ်လာပြီး မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများမှာ ပို၍ပင် ပြင်းထန်လာသည်။

"ဟီးဟီးဟီးဟီးဟီး"

မိစ္ဆာဆန်သော ရယ်သံများမှာ ကမ္ဘားပါးယံတစ်လျှောက် ဟိန်းထွက်သွားတော့သည်။

လီချင်းဟုန်: "...ဒုက္ခပါပဲ။ ငါတော့ ဒုက္ခပေးမယ့် ကလေးနှစ်ယောက်နဲ့ တိုးပြီ။ တခြား ထူးချွန်တဲ့ကလေးတွေက ကြောက်စိတ်ကို အတင်းအကျပ် အောင့်အည်း ကျော်ဖြတ်ကြတာ"

"ဒါပေမဲ့ စောစောက ကောင်လေးက မီတာငါးရာက ပြုတ်ကျတာတောင် စိတ်ထဲ ဘာမှမဖြစ်ဘူး။ အခု ဒီထူးဆန်းတဲ့ မိန်းကလေးကျတော့ သွေးတွေက တဆူဆူ ဝေနေပြီလား စွမ်းအားတွေ ပေါက်ကွဲထွက်တော့မယ့် အစပျိုးမှုလိုမျိုးပဲ..."

"သူ့ရဲ့ အရိုးဖွဲ့စည်းပုံက အမှန်တကယ် ဘာဖြစ်မလဲ။ ထူးခြားစွမ်းရည် နှစ်ခုနဲ့ ကိုက်ညီနေတာလား ဒါမှမဟုတ် အဲဒီထက်တောင် ပိုမလား"

လီချင်းဟုန်မှာ ဇဝေဇဝါ ဖြစ်နေတော့သည်။

"ဝုန်း"

လီချင်းဟုန် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ကျားမလေးကို လှည့်ကြည့်လိုက်သည်။ ကျားမလေးမှာမူ စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး လီချင်းဟုန်၏ ရင်ခွင်ထဲတွင် ကျားပေါက်လေးတစ်ကောင်ကဲ့သို့ တလူးလူးတလှိမ့်လှိမ့် ဖြစ်နေလေသည်။

"ဆရာမ... နောက်ထပ် အခါတစ်ရာလောက် ထပ်ခုန်လို့ ရမလားဟင်"

လီချင်းဟုန်: "အင်း..."

သူမ ငြင်းဆန်ချင်သော်လည်း ကျားမလေးနှင့်အတူ အပေါ်အောက် ဆယ်ကြိမ်မက အတူခုန်ပေးလိုက်ရသည်။

ဟီးဟီးဟူသော မိစ္ဆာရယ်သံများကြောင့် လီချင်းဟုန်မှာ ကြက်သီးတဖြန်းဖြန်း ထသွားရသလို တခြားမိဘများမှာလည်း ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်နေကြတော့သည်။

လင်းချန်း: "..."

ကျားမလေးမေမေ: "..."

ရွှီရန်: "..."

အချိန်များမှာ တရိပ်ရိပ် ကုန်ဆုံးသွားခဲ့ရာ မျက်တောင်တစ်ခတ်အတွင်း ရက်ပေါင်း ၁၀၀ ကုန်လွန်သွားခဲ့ပြီ။

နေ့စဉ်နှင့်အမျှ အရည်အသွေးမြင့် ကျောက်သားသားရဲအသားများကို စားသုံးခြင်း သင်တန်းတက်ခြင်းနှင့် တိုးတက်မှုအမှတ်များကို ရှာဖွေခြင်းတို့ဖြင့်သာ အချိန်ကုန်ဆုံးခဲ့သည်။

ရွှီရန်၏ နေ့ရက်များသည် အလွန်ပင် အနှစ်သာရရှိလှပြီး သူ၏ မနားမနေ ကြိုးစားအားထုတ်မှုများကြောင့် မှော်စွမ်းရည် တိုးတက်မှုအမှတ်များသည် ၁၀,၀၀၀ ကျော်အထိ တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။

[အဆင့်မြင့် သားရဲလေ့ကျင့်ခြင်း အလတ်တန်းစား: ၀/၁၀၀၀၀...]

[သားရဲဘာသာစကား ကျွမ်းကျင်မှု မဟာအောင်မြင်မှု: ၀/၅၀၀၀၀...]

[ရေလွှဲအတတ်ပညာ မဟာအောင်မြင်မှု: ၀/၅၀၀၀၀...]

[အားနည်းချက်ကို ထိုးဖောက်ခြင်း မဟာအောင်မြင်မှု: ၀/၅၀၀၀၀...]

[မိုးတိမ်လှေကား ခုန်ခြင်း မဟာအောင်မြင်မှု: ၀/၅၀၀၀၀...]

[အိမ်မြှောင် နံရံကပ်အတတ် အလတ်တန်းစား: ၄၀၀၀/၁၀၀၀၀...]

[အလွန်လျင်မြန်စွာ ပြန်လည်နာလန်ထူခြင်း အလတ်တန်းစား: ၂၀၀၀/၁၀၀၀၀...]

[ခန္ဓာကိုယ်လွှမ်း မြူနှင်းအတတ် မဟာအောင်မြင်မှု: ၀/၅၀၀၀၀...]

[ဆန်းကြယ်သော ခြေလှမ်း မဟာအောင်မြင်မှု: ၂၀၅၀၀/၅၀၀၀၀...]

[မြက်ဖျားပေါ် ပျံဝဲသည့် ပေါ့ပါးအတတ် မဟာအောင်မြင်မှု: ၂၁၀၀၀/၅၀၀၀၀...]

[ရှောင်ရန့်၏ လွှတ်ဓား မဟာအောင်မြင်မှု: ၂၀၆၀၀/၅၀၀၀၀...]

[စက္ကူခေါက်ဝိညာဉ် ဆက်သွယ်ခြင်း မဟာအောင်မြင်မှု: ၂၀၂၀၀/၅၀၀၀၀...]

[ကလေးခြောက်လှန့်ခြင်း: ၈၉၅၀/၁၀၀၀၀...]

[စာအုပ်တစ်သောင်း ဖတ်ရှုခြင်း: ၁၁၅၀/၁၀၀၀၀...]

စွမ်းရည်အများစုမှာ မဟာအောင်မြင်မှုအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

"တကယ့်ကို ကျေနပ်စရာပဲ အကုန်လုံးသာ တတိယအဆင့်ထဲ ရောက်သွားရင်တော့ အကောင်းဆုံးပဲ"

လောကကြီးက အန္တရာယ်များလှသည်။ ထို့ကြောင့် ရွှီရန်သည် မာန်တက်ခြင်း မရှိပေ။ သူ၏ လက်ရှိ သွေးစွမ်းအင်တန်ဖိုးမှာ ကျောက်တိုင်နယ်ပယ၏ အစောပိုင်းအဆင့်တွင်သာ ရှိသေးရာ အရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်ရန်မှာ အလှမ်းဝေးနေသေးသည်။

[သင်သည် စွမ်းအင်မြင့်မားသော အစားအစာကို ရက်ပေါင်း ၁၀၀ တိုင် စားသုံးခဲ့သည် သွေးစွမ်းအင် +၆၀၀ မှတ် စည်းကမ်းရှိသောကလေးငယ် အောင်မြင်မှု +၁၀၀ မှတ် လက်ရှိသွေးစွမ်းအင်: ၂၀၀၇/၁၀၀၀၀...]

ဤအချိန်တွင် သူသည် ကလေးဘဝ၏ ၁၂၁၇ ရက်မြောက်နေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ သွေးစွမ်းအင်တန်ဖိုးမှာ ၂၀၀၇ အထိ ရှိနေပြီဖြစ်ရာ အာဒမ် ငါးနှစ်သားအရွယ်က ရှိခဲ့သည့် ပမာဏထက် နှစ်ဆပင် ပိုများနေပြီ ဖြစ်သည်။ ကမ္ဘာမြေ၏ နံပါတ်တစ် ပါရမီရှင်ဟု ဆိုကြသူသည် သူ့ကိုပင် မမီတော့ပေ။

“အပြတ်အသတ် ဦးဆောင်တယ်ဆိုတာ ဘာလဲဆိုတာ အခုမှ သိတော့မယ်” ဟု ရွှီရန်တစ်ယောက် စိတ်ထဲမှ ကြုံးဝါးလိုက်မိသည်။

[သင်၏ အစာအိမ်သည် ကျောက်သားသားရဲအရိုးများကို ရက်ပေါင်း ၁၀၀ တိုင် ကြိုးစားအားထုတ်၍ အစာချေဖျက်ခဲ့သည် အာဟာရထုတ်ယူခြင်း အခြေခံတိုးတက်မှုအမှတ်: ၁၀၀၀၀/၁၀၀၀၀... အမြင့်ဆုံးသို့ ရောက်ရှိသွားသဖြင့် အာဟာရထုတ်ယူခြင်း အလတ်တန်းစားသို့ အလိုအလျောက် မြှင့်တင်ပြီးပါပြီ...]

တစ်ဖက်တွင်လည်း သူ၏ အာဟာရထုတ်ယူခြင်းစွမ်းရည်မှာ အဆုံးအဖြတ်ပေးမည့် အလတ်တန်းစားအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။

"အခုဆိုရင် ထမင်းတစ်နပ်ကနေ သွေးစွမ်းအင် +၄ ရနိုင်ပြီလား"

ရွှီရန် သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ချလိုက်သည်။ ပန်းကန်ထဲမှ ကျောက်သားသားရဲအသားကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်မိ၏။

အသက်ငါးနှစ်ပြည့်ရန် ရက်ပေါင်း ၆၀၈ ရက် ကျန်သေးသည်။ အကယ်၍ ထမင်းတစ်နပ်ကို +၄ ရလျှင် တစ်နေ့ကို +၁၃ ရမည်ဖြစ်သည်။ ရက်ပေါင်း ၆၀၈ ရက်ဖြင့် တွက်ချက်လျှင် စုစုပေါင်း ၇၉၀၄ ရမည်ဖြစ်ရာ ယခုရှိပြီးသား ၂၀၀၇ နှင့် ပေါင်းစပ်ပါက ၁၀,၀၀၀ ပြည့်ရန်မှာ သေချာသလောက်ပင်။

အသက်ငါးနှစ် မတိုင်ခင်မှာ တတိယအကြိမ်မြောက် မွေးရာပါနှစ်ခြင်းကို ခံယူပြီး တတိယမြောက် ရွှေရောင်အောင်မြင်မှု ဆုကို ရယူနိုင်ရန် အခွင့်အရေးမှာ ရာနှုန်းပြည့် ဖြစ်လာပြီဖြစ်သည်။

သို့သော်လည်း အကယ်၍ အာဟာရထုတ်ယူခြင်း အလတ်တန်းစားအဆင့်က ရလဒ်ကို နှစ်ဆ မတိုးပေးနိုင်ခဲ့လျှင် သူ၏ ရက်ပေါင်း ၂၀၀ ကျော် အပြင်းအထန် ကြိုးစားခဲ့မှုများမှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။ အောင်မြင်မှုနှင့် ကျရှုံးမှုမှာ စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ရမည့်အခြေအနေ ဖြစ်နေ၏။

"မင်းကိုပဲ အားကိုးရတော့မယ် ငါ့ရဲ့ နတ်ဘုရားအစာအိမ်လေး... မင်းလည်း ရက်ပေါင်း ၂၀၀ လုံးလုံး အလုပ်တွေ ကြိုးစားခဲ့တာပဲ နောက်ထပ် နည်းနည်းလောက်ပဲ သည်းခံပြီး ငါ့ကို အံ့သြစရာတစ်ခုလောက် ပေးစမ်းပါဦး"

ရွှီရန် တိုးတက်တိုးတက် ရေရွတ်လိုက်သည်။

သူသည် အဆင့် ၇ ကြံ့သားတစ်ဖဲ့ကို ခက်ရင်းဖြင့်ထိုးကာ မြိုချလိုက်ပြီးနောက် အသက်ကို အောင့်ထားကာ သူ၏ စိတ်ထဲမှ အသိပေးသံ ထွက်ပေါ်လာမည့်အချိန်ကို အာရုံစိုက်၍ စောင့်နားထောင်နေတော့သည်။

All Chapters