← Chapters

အခန်း (၂၈)

Vol. 3 Ch. 28

အခန်း (၂၈)

Vol. 3 Ch. 28

[သင်သည် စွမ်းအင်မြင့်မားသော အစားအစာကို စားသုံးခဲ့သည် သွေးစွမ်းအင် +၄ မှတ် လက်ရှိသွေးစွမ်းအင် ၂၀၁၁/၁၀၀၀၀...]

"ဝါး... ဖြစ်သွားပြီ အောင်မြင်သွားပြီဟေ့"

"ငါ လုပ်နိုင်ခဲ့ပြီ"

"တစ်နေ့ကို အဆင့် ၇ ကျောက်သားသားရဲအရိုး လေးတုံးနှုန်းနဲ့... ရက်ပေါင်း နှစ်ရာတိုင်တိုင် မနားမနေ ကြိုးစားခဲ့ရတဲ့ ချွေးစက်တွေအတွက် ရလဒ်ထွက်လာပြီ"

ရွှီရန်၏ ရင်ထဲတွင် အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်နေရသည်။ ရက်ပေါင်း နှစ်ရာတိုင်တိုင် ရူးသွပ်မတတ် စည်းကမ်းတကျ လေ့ကျင့်ခဲ့မှုများကို သာမန်လူတစ်ယောက်ဆိုလျှင် သေချာပေါက် သည်းခံနိုင်လိမ့်မည်မဟုတ်ပေ။

နေ့တိုင်း နေ့တိုင်း ကျောက်သားသားရဲအရိုး လေးတုံးကို အစာချေဖျက်ရသည်မှာ လွယ်ကူလှသည်မဟုတ်။ နူးညံ့လှသော အစာအိမ်ထဲတွင် မာကျောလှသော အရိုးများကို ထည့်၍ ကြိတ်ချေရသည့်ဒဏ်ကို သာမန်လူတစ်ယောက် ဘယ်လိုလုပ် ခံနိုင်မှာလဲ။

အစပိုင်းတွင် သူ၏အစာအိမ်မှာ သာမန်အစာချေစနစ်အဆင့်သာ ရှိသေးသဖြင့် ကျောက်သားသားရဲအရိုးကို ရုတ်တရက် မျိုချကာ အတင်းအကျပ် အစာချေခိုင်းခြင်းမှာ... ညှဉ်းပန်းနှိပ်စက်မှုကို ခံယူနေရသည်နှင့် မခြားနားလှပေ။

သူ၏ အစာအိမ်မှာ အမြဲတမ်း ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီး သဲပွင့်များ အပြည့်ထည့်ထားသည့် ကမာကောင်တစ်ကောင်အလား ခံစားနေရသည်။ ခဏခဏဆိုသလို သူသည် နာကျင်မှုကြောင့် ချွေးများ တရွှဲရွှဲထွက်လာတတ်သလို တစ်နေ့တစ်နေ့ သူ၏အစာအိမ်က ထိုအရိုးများကို ပြန်အန်ထုတ်ရန် အကြိမ်ကြိမ် ပုန်ကန်တတ်သေးသည်။

သို့သော် ရွှီရန်၏ ပြင်းထန်လှသော စိတ်ဓာတ်ခွန်အားကသာ သူ၏ အာရုံစိုက်မှုနှင့် စိတ်

ဝိညာဉ်စွမ်းအင်အားလုံးကို စုစည်းကာ အစာအိမ်ကို စည်းကမ်းရှိရှိအလုပ်လုပ်ရန် ဖိအားပေးနိုင်ခဲ့ခြင်း ဖြစ်၏။ ရက်ပေါင်း ၁၀၀ ကြာပြီးနောက်တွင်မှ သူသည် အာဟာရထုတ်ယူခြင်း၏ အခြေခံအဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

သို့သော် အာဟာရထုတ်ယူခြင်းအခြေခံအဆင့် ရောက်သည့်တိုင်အောင် တစ်နေ့လျှင် ကျောက်သားသားရဲအရိုး လေးတုံးကို အစာချေဖျက်ရန်မှာ လွယ်ကူလှသော အလုပ်တစ်ခု မဟုတ်သေးပေ။

မသက်မသာဖြစ်မှု၊ နာကျင်မှု၊ လက်လျှော့အရှုံးပေးချင်စိတ်…..

သို့သော် ရွှေရောင်အောင်မြင်မှုဆုအတွက် ရွှီရန်သည် အံကို တင်းတင်းကြိတ်ကာ ပြင်းပြလှသော စိတ်ဓာတ်ခွန်အားဖြင့် နာကျင်မှုကို နှိပ်ကွပ်လျက် တစ်ရက်ပြီးတစ်ရက် အရိုးများကို သည်းခံအစာချေဖျက်ခဲ့သည်။ သူ၏ ကြိုးစားအားထုတ်မှုမှာ တကယ့်ကို ပင်ပန်းဆင်းရဲလှသည်ဟု ဆိုလျှင်လည်း လွန်အံ့မထင်ပေ။

အကယ်၍သာ ရလဒ်က နှစ်ဆတိုးမလာခဲ့လျှင် ရွှီရန်တစ်ယောက် သေချာပေါက် ရူးသွပ်သွားပေလိမ့်မည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ အနှိုင်းမဲ့အစာအိမ်ကြီးမှာ စကားအပိုပြောနေရန် မလိုခဲ့ပေ။ သူ၏ ချွေးစက်များကို လုံးဝသစ္စာမဖောက်ခဲ့ပေ။

အခြေခံအဆင့်မှ အလတ်တန်းစားအဆင့်သို့ ရောက်ရှိချိန်တွင် သူဖြစ်ချင်သည့်အတိုင်း ရလဒ်မှာ တိုက်ရိုက်ပင် နှစ်ဆတိုးလာခဲ့ပြီ ဤသည်မှာ တကယ့်ကို စိတ်လှုပ်ရှားကြည်နူးစရာပင်။

"ထမင်းတစ်နပ်ကို +၄ မှတ် သုံးနပ်ဆိုရင် +၁၂ မှတ် ပြီးတော့ စည်းကမ်းရှိသောကလေးငယ်ဆုက +၁ မှတ်ဆိုတော့ စုစုပေါင်း တစ်နေ့ကို ၁၃ မှတ်ရပြီ"

"နောက်ဆုံးသတ်မှတ်ရက်အထိ ၆၀၈ ရက် ကျန်သေးတယ် အဲဒီတော့ သွေးစွမ်းအင်တန်ဖိုးက ၇၉၀၄ မှတ် ထပ်တိုးလာမယ်။ အခုရှိနေတဲ့ ၂၀၁၁ မှတ်နဲ့ ပေါင်းလိုက်ရင် ၉၉၁၅ မှတ် ဖြစ်သွားပြီ"

"အမှတ်တစ်ရာလောက် လိုနေသေးသလို ထင်ရပေမဲ့ နောက်ထပ် ရက်ပေါင်း ၁၀၀ ကြာရင်တော့ ငါ့ရဲ့ အာဟာရထုတ်ယူခြင်းစွမ်းရည်ကို မဟာအောင်မြင်မှုအဆင့်ရောက်အောင် လေ့ကျင့်နိုင်မှာပဲ"

ထိုအချိန်ကျလျှင် ကြံ့သားစားခြင်းမှရရှိမည့် သွေးစွမ်းအင်တိုးတက်မှုနှုန်းမှာ နောက်ထပ်တစ်ကြိမ် အရှိန်အဟုန်ဖြင့် ခုန်တက်သွားပေဦးမည်။

"ငါပေးဆပ်ခဲ့သမျှ အားထုတ်မှုတွေက ထိုက်တန်တဲ့ အကျိုးကျေးဇူးကို ပြန်ပေးခဲ့ပြီပဲ..."

ရွှီရန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း သူ၏ခန့်ညားသော မျက်နှာထက်တွင် ပျော်ရွှင်မှုများ အပြည့်ဖြင့် သီချင်းလေးတစ်ပုဒ်ကိုပင် အလိုအလျောက် ညည်းဆိုနေမိတော့သည်။

ပင်ပန်းဆင်းရဲမှုများအပြီးတွင် ရရှိလာသည့် အသီးအပွင့်များသည် စိတ်ဝိညာဉ်ကို အမြဲတမ်း ကြည်နူးလန်းဆန်းစေကာ ကျေနပ်အားရမှု အပြည့်အဝ ပေးစွမ်းနိုင်သည် မဟုတ်ပါလား။

ဤသည်ကို မြင်သောအခါ မေမေဖြစ်သူမှာ ဇဝေဇဝါဖြင့် "သားလေး... မေမေ သတိထားမိတာကြာပြီ သားက အချိန်တစ်ခုကြာတိုင်း အရမ်းပျော်နေတတ်တာပဲ။ ဘာတွေများ အဲဒီလောက်တောင် သဘောကျနေရတာလဲ" ဟု မေးကာ ရွှီရန်၏ ခေါင်းလေးကို အသာအယာ တောက်လိုက်သည်။

ရွှီရန်ကတော့ တောက်ပသော အပြုံးကြီးဖြင့်ပင် "ပျော်စရာလေးတွေ တွေးမိလို့ပါ မေမေ" ဟု ပြန်ဖြေ၏။

"မေမေ... သားအတွက် အရိုးပန်းကန်ကြီးကြီးတစ်လုံး ယူလာပေးဖို့ မမေ့နဲ့ဦးနော်..."

မေမေက သူ့ကို မျက်စောင်းလေးခဲကာ "သိပါတယ်တော်... နေ့တိုင်း တိရစ္ဆာန်လေးတွေကို အစာကျွေးရမယ်ဆိုတာလေ။ ဒါက ဘယ်လိုအလေ့အထလဲဆိုတာတော့ မေမေလည်း မသိဘူး။ သား ဒါကိုလုပ်နေတာ တစ်နှစ်နီးပါးတောင် ရှိနေပြီ မဟုတ်လား"

ရွှီရန်က ပြင်ပေးလိုက်သည် "မဟုတ်ဘူးမေမေ ခုနစ်လကျော်ပဲ ရှိသေးတာ။ အတိအကျပြောရရင် ၂၁၆ ရက်ပေါ့"

"အလို... သားက ရက်အရေအတွက်ကိုတောင် မှတ်မိနေတာလား တကယ့်ကို နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းက ပါရမီရှင်လေးပဲ။ မေမေ့ရဲ့ ဂုဏ်ယူရတဲ့ သားရတနာလေးပါပဲလား"

မေမေသည် အနည်းငယ် အံ့အားသင့်သွားရသည်။

သူမ၏ အဖိုးတန်သားလေးသည် အမှန်တကယ်ပင် အံ့သြစရာကောင်းလှ၏။ အသက် သုံးနှစ်နှင့် လေးလသာ ရှိသေးသော်လည်း အရပ်မှာ ၁ မီတာ ၄၀ စင်တီမီတာ ရှိနေပြီဖြစ်သည်။ ၎င်းမှာ အသက်အရွယ်အရ ကြီးထွားမှုနှုန်း အနည်းငယ် ပြန်လည်နှေးကွေးသွားချိန်တွင်ပင် ဤမျှအထိ ရှိနေခြင်း ဖြစ်သည်။

နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းရှိ ပါရမီရှင်ကလေးများမှာ မိုးအပြီး ပေါက်လာသော မျှစ်များကဲ့သို့ လျင်မြန်စွာ ကြီးထွားလာကြကာ သာမန်ကလေးများထက် အဆပေါင်းများစွာ သာလွန်နေကြသည်မှာ မှန်သော်လည်း...

လွန်ခဲ့သော သုံးနှစ်နှင့် လေးလကို ပြန်လည်အမှတ်ရမိသောအခါ သူမ၏ ရင်သွေးလေးမှာ ၄ ကီလိုဂရမ်နှင့် ၅၁ စင်တီမီတာသာ ရှိခဲ့သည် မဟုတ်ပါလား။ သေးသေးကွေးကွေး အသားလေးများက တွန့်လိပ်နေကာ ဈေးထဲက ငါးမြစ်ချင်းတစ်ကောင်ထက်ပင် မကြီးခဲ့သည်ကို တွေးမိတိုင်း သူမ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

အချိန်တွေက မြန်လိုက်တာ... မျက်တောင်တစ်ခတ်အတွင်းမှာပဲ သားလေးရဲ့အရပ်က သူမရဲ့ ရင်ဘတ်လောက်အထိ ရောက်လာခဲ့ပြီ။

မေမေသည် စိတ်လှုပ်ရှားစွာဖြင့် "ဒီလိုတိုတောင်းလှတဲ့ သုံးနှစ်အတွင်းမှာပဲ မေမေ သားကို မချီနိုင်တော့ဘူး။ သားနဲ့အတူ နောက်ထပ် ဘယ်လောက်ကြာကြာ နေပေးနိုင်မလဲဆိုတာ မေမေ မသိတော့ဘူးကွယ်။ ဒီလောက်တော်တဲ့ ပါရမီရှင်ဆိုတော့ မကြာခင်မှာပဲ တခြားပြည်နယ်တွေ မြို့ကြီးတွေဆီ သွားပြီး လေ့ကျင့်ပညာသင်ရတော့မှာ"

"အသက်လေး နည်းနည်းကြီးလာရင် ဖြစ်ရပ်ဆန်းတွေကို လိုက်ဖြေရှင်းရမယ် နောက်ပိုင်းကျရင်တော့ အချိန်နဲ့အာကာသ လမ်းဆုံတွေဆီ ကြယ်တာရာစစ်မြေပြင်တွေဆီ သွားရတော့မယ်... မေမေတစ်ယောက်တည်းကို ထားခဲ့ပြီးတော့ပေါ့... ဟင်း"

ရွှီရန်က မေမေ့ဘက်သို့ လှည့်ကြည့်ကာ "စိတ်မပူပါနဲ့ မေမေ သား မေမေ့ဆီ ခဏခဏ လာလည်မှာပေါ့" ဟု နှစ်သိမ့်လိုက်သည်။

မေမေသည် စိုစွတ်နေသော သူမ၏ မျက်ဝန်းအစုံကို သုတ်လိုက်ရင်း "အင်းပါ... ဒါနဲ့ သား ဒီနေ့တော့ တိရစ္ဆာန်တွေကို အစာကျွေးတာ နည်းနည်း မြန်မြန်လုပ်နော်။ မနက် ၈ နာရီ ၄၀ ကျရင် ညွှန်ကြားရေးမှူးချင်ရဲ့ သုတေသနစင်တာကို သွားပြီး သွေးစွမ်းအင်တန်ဖိုးလိုမျိုး ကျင့်ကြံမှုအခြေအနေတွေကို စစ်ဆေးရမှာမို့လို့"

ရွှီရန် မျက်မှောင် အနည်းငယ် ကြုတ်သွားမိသည်။

ဟုတ်သားပဲ... သတိမထားမိလိုက်ဘဲ နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းကို ရောက်လာတာ ရက်ပေါင်း ၂၀၀ တောင် ရှိသွားပြီပဲ။ ဒီတစ်ခါတော့ ငါ့ရဲ့ တန်ဖိုးကို ဘယ်လောက်အထိပဲ ပြရမလဲ။

ငါ့မှာရှိနေတဲ့ ၂၀၁၁ မှတ်လုံးကိုတော့ သေချာပေါက် ပြလို့မဖြစ်ဘူး။ ဒါက လူတွေကို အရမ်းကြီး ထိတ်လန့်သွားစေလိမ့်မယ် အကယ်၍သာ အကုန်လုံး သိသွားခဲ့ရင် တခြားကြယ်စုတွေက အစွမ်းထက်ပုဂ္ဂိုလ် သုံးယောက်လောက်က ငါ့ကို ဘယ်လိုနည်းနဲ့မဆို သုတ်သင်ဖို့ ပေါင်းပြီး လာတိုက်ခိုက်ကြမှာ သေချာတယ်။

“ငါ ဒီလောက်အထိတော့ မမိုက်မဲပါဘူး။ အာဒမ်ထက် နည်းနည်းလေး ပိုနည်းတဲ့ အဆင့်မှာပဲ နေတာ အကောင်းဆုံးပဲ"

“အာဒမ်ရဲ့ အသက်လေးနှစ်တုန်းက သွေးစွမ်းအင်က ၅၄၆ မှတ်... အခု ငါက သုံးနှစ်နဲ့ လေးလပဲ ရှိသေးတာဆိုတော့ ၄၀၀ လောက်ပဲ ပြလိုက်ရင် ထိပ်တန်းပါရမီရှင် စာရင်းထဲမှာ ပါနေသလို လူတွေ သိပ်သတိမထားမိအောင်လည်း ရှောင်လွှဲပြီးသား ဖြစ်သွားမယ်"

ရွှီရန်သည် အစီအစဉ်ကို အပီအပြင် ချမှတ်လိုက်သည်။ ကြယ်စုသုံးခု၏ ကျူးကျော်မှုကို ခံနေရသည့် အသည်းအသန် အခြေအနေမျိုးတွင် သူသည် သူရဲကောင်းလုပ်ပြီး ရှေ့ဆုံးက ထွက်ပြစရာ မလိုပေ။ မိမိခွန်အား၏ ငါးဆယ်ပုံ တစ်ပုံလောက်ကိုသာ ထုတ်ပြပြီး ပထမတန်းစား ပါရမီရှင်တစ်ယောက်အဖြစ် နေရခြင်းကပင် သူ့အတွက် လုံလောက်လှပြီ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ်...

ကျောက်တိုင်နယ်ပယ်ရဲ့ အထက်မှာ ကုန်းမြင့်နယ်ပယ်၊ တောင်တန်းနယ်ပယ်နဲ့ ယွဲ့နယ်ပယ်တွေ ရှိသေးတာပဲ။ အခု သုံးနှစ်သားအရွယ်မှာ သူ၏ သွေးစွမ်းအင်မှ သွေးစွမ်းအားသို့ ပြောင်းလဲနိုင်စွမ်းက ၁၀ ရာခိုင်နှုန်းသာ ရှိသေးသည်။

သူ၏ ကိုယ်ခံပညာနှင့် တိုက်ခိုက်ရေးစွမ်းရည်များက အလွန်ကောင်းမွန်နေသော်လည်း သူသည် စွမ်းအင်သာများပြီး ခံစစ်နိမ့်ပါးသည့် မှော်ဆရာတစ်ယောက်နှင့် တူနေဆဲဖြစ်ရာ သတိမထားဘဲ ဘယ်နေပါ့မလဲ။

"ခွပ်"

ရွှီရန်သည် နောက်ဆုံးကျန်ရှိနေသော အရိုးအနည်းငယ်ကို ကောက်ကိုင်ကာ ခြံထဲရှိ ကျောက်သားသားရဲများဆီသို့ ပစ်လွှတ်လိုက်သည်။ မဟာအောင်မြင်မှုအဆင့်ရှိ ရှောင်ရန့်၏ လွှတ်ဓား အတတ်ကြောင့် အရိုးများမှာ သားရဲများ၏ နဖူးတည့်တည့်သို့ တိကျစွာ ကျရောက်သွားတော့သည်။

[သင်သည် တိရစ္ဆာန်များကို အစာကျွေးနေသည် အဆင့်မြင့် သားရဲလေ့ကျင့်ခြင်း တိုးတက်မှုအမှတ် +၁၀၀ လက်ရှိတိုးတက်မှု အလတ်တန်းစားအဆင့်: ၁၀၀/၁၀၀၀၀...]

All Chapters