အခန်း (၃၀)
Vol. 3 Ch. 30
"အဲဒီတုန်းကတော့ သားလေး နောက်ကျကျန်ရစ်ခဲ့မယ်လို့ပဲ မေမေ ထင်ထားခဲ့တာ... သားလေးအနေနဲ့ အခက်အခဲမျိုးစုံနဲ့ စိတ်ပျက်စရာတွေကို ရင်ဆိုင်ရလိမ့်မယ်လို့ပဲ တွေးခဲ့တာပေါ့။ သားလေးက မေမေ့ကို ဒီလောက်အထိ အံ့အားသင့်အောင် လုပ်နိုင်လိမ့်မယ်လို့ အိမ်မက်ထဲတောင် ထည့်မမက်ခဲ့ဖူးဘူး"
"ကြိုးစားထားဦးနော် သားလေး။ မေမေကတော့ သားကို အများကြီး မျှော်လင့်ထားတယ်"
"ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး"
ရွှီရန်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး စိတ်ထဲမှလည်း “ကျွန်တော့်မှာ ဒါထက်ပိုပြီး အံ့သြစရာကောင်းတာတွေ ရှိပါသေးတယ်” ဟု ကျုံးဝါးနေမိသည်။ သို့သော်လည်း ထိုအရာများကိုတော့ လုံးဝ ထုတ်ပြ၍ မဖြစ်နိုင်ပေ။
"ဝါး... အကိုကြီးရှောင်ရန်က တကယ်တော်တာပဲ"
ဘေးနားမှ ကျားမလေးမှာ သူမ၏ လက်ကလေးများ နီရဲသွားသည်အထိ အားရပါးရ လက်ခုပ်တီးနေတော့သည်။
ရွှီရန်က သူမ၏ ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးရင်း "မင်းက ငါ့ထက်တောင် ပိုတော်ပါသေးတယ်" ဟု ပြောလိုက်၏။
"တကယ်လား ဒါဆို သမီးက ဘာလို့ အကိုကြီးကို အမြဲတမ်း လိုက်မမီတာလဲ ဘာလို့လည်း အမြဲတမ်း ရှုံးနေရတာလဲ"
ရွှီရန်: "..."
ဪ... မင်းက ငါ့ကို အနိုင်ယူဖို့ အမြဲတမ်း ချောင်းနေတာကိုး။
သူမ ဘာကြောင့် သူ့ကို နောက်ကွယ်ကနေ ခဏခဏ ချောင်းမြောင်း တိုက်ခိုက်နေရသလဲဆိုသည်ကို အခုမှ ရွှီရန် သဘောပေါက်သွားတော့သည်။
"ဟီး ဟီး ဟီး"
ကျားမလေး၏ ရယ်သံကို ကြားသောအခါ ရွှီရန်က သူမ၏ နဖူးလေးကို အသာတောက်လိုက်ပြီး "ရယ်မနေနဲ့တော့။ ဟိုဘက်သွားပြီး သွေးစွမ်းအင်တန်ဖိုး သွားစစ်ချေဦး" ဟု လွှတ်လိုက်သည်။
ကျားမလေးသည် သူမ၏ နဖူးလေးကို ကာရင်း နှုတ်ခမ်းလေး စူကာ "ဟုတ်..." ဟု ဆိုကာ ထွက်သွားလေတော့သည်။
"ကျန်းလျူလီ... ကျန်းလျူလီ... သွေးစွမ်းအင်တန်ဖိုး စစ်ဖို့ လာခဲ့ပါဦး"
"လာပြီ"
ကျားမလေးသည် ကျားသစ်တစ်ကောင်ကဲ့သို့ ဝုန်းခနဲ ပြေးထွက်သွားရာ သူမ၏မေမေ ဒေါ်ဒေါ်ချန်းနှင့် ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးမှာ ထိတ်လန့်သွားကြရသည်။
"တကယ့်ကို ကျားမလေးပါပဲလား"
ရွှီရန်တစ်ယောက် မရယ်ဘဲ မနေနိုင်တော့ပေ။
အမျိုးသမီးငယ်တစ်ဦးသည် ရုပ်ရည်မလှပဘဲ ကြမ်းတမ်းခက်ထန်နေပါက သူမအား ယောက်ျားလျာဟု သတ်မှတ်ကြပေမည်။
သို့သော် ကျားမလေးမှာမူ ချစ်စဖွယ်ကောင်းပြီး ရုပ်ရည်လှပသူဖြစ်ရာ သူမ၏ သန်စွမ်းဖျတ်လတ်မှုမှာ ထက်မြက်သော မိန်းကလေးငယ် ပုံစံမျိုး ဖြစ်နေတော့သည်။ ရုပ်ရည်သည်သာ အရာရာကို ဆုံးဖြတ်သည် ဟူသော စကားမှာ အမှန်ပင်ဖြစ်၏။
ဘာပဲဖြစ်ဖြစ် တခြားကလေးများကို ငိုအောင်လုပ်တတ်သည့် အကျင့်လေးမှအပ ကျားမလေးမှာ လူတိုင်းအတွက် ချစ်စရာကောင်းပြီး ပြီးပြည့်စုံသော ကလေးငယ်တစ်ဦး ဖြစ်နေသည်။
"ကျန်းလျူလီ အသက် သုံးနှစ်နှင့် နှစ်လ။ သွေးစွမ်းအင်တန်ဖိုး... ၆... ၆၂၁.၅၀..."
လက်ထောက်မလေး ရှောင်လျူမှာ မယုံကြည်နိုင်လောက်အောင် မျက်လုံးအပြူးသားဖြင့် စကားပင် ထစ်ကုန်တော့သည်။ သူမသည် ကလေးတစ်ဦးချင်းစီ၏ အချက်အလက်များကို အကျွမ်းတဝင်ရှိသူဖြစ်၏။ ကျန်းလျူလီ ကျောင်းစဝင်စဉ်က သူမ၏ သွေးစွမ်းအင်မှာ ၉၁ မှတ်သာ ရှိခဲ့သည် မဟုတ်ပါလား။
သို့သော် ရက်ပေါင်း ၂၀၀ အတွင်းမှာပင် သူမ၏ ရမှတ်မှာ ၅၃၀ အထိ ခုန်တက်သွားခဲ့သည်။ တစ်ရက်လျှင် ပျမ်းမျှ ၂.၆၅ နှုန်းဖြင့် တိုးတက်လာခြင်းဖြစ်ရာ ၎င်းမှာ ပါရမီအရှိဆုံး ကျူးယွီဟန်၏ တိုးတက်မှုနှုန်းထက် နှစ်ဆပင် ပိုများနေတော့သည်။ ဤအခြေအနေမှာ တကယ့်ကို ထိတ်လန့်ဖွယ်ရာပင်။
"ဟား"
"ဟား"
ရုံးခန်းအတွင်းရှိ လူအားလုံးမှာ အံ့သြတုန်လှုပ်စွာဖြင့် အသက်ရှူသံများပင် ပြင်းထန်သွားကြသည်။ ကျန်းလျူလီ၏ ရှေ့မှောက်တွင်ဆိုလျှင် အာဒမ်၏ စံချိန်မှာ ဘာမှမဟုတ်တော့သည့်အလားပင်။
ကျောင်းအုပ်ကြီးမှာ အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် "ဒီစက်အသစ် တစ်ခုခုမှားယွင်းနေတာတော့ မဟုတ်ပါစေနဲ့... ငါ့လို အဘိုးကြီးတစ်ယောက်ကို အချည်းနှီးသော မျှော်လင့်ချက်တွေ မပေးစမ်းပါနဲ့" ဟု တုန်ရင်သောအသံဖြင့် ပြောလိုက်သည်။
သူသည် အမှန်တကယ်ပင် စိုးရိမ်နေမိ၏။ ဤအရာများမှာ အိပ်မက်တစ်ခု ဖြစ်နေမည်ကို သူ အလွန်ကြောက်နေမိသည်။ အိပ်မက်မှ နိုးလာသောအခါ အံ့သြစရာများမှာ စိတ်ပျက်စရာအဖြစ် ပြောင်းလဲသွားခဲ့လျှင် ဤအဘိုးကြီးအတွက် ခံနိုင်ရည်ရှိမည် မဟုတ်တော့ပေ။
လက်ထောက် ရှောင်လျူက "ဘာကြောင့် စက်တွေကိုပဲ အမြဲသံသယဝင်နေတာလဲ တကယ်ပဲ... စက်က ပျက်နေတာများလား" ဟု ပြောကာ အပေါ်ထပ်သို့ အမြန်ပြေးတက်သွားပြီး စက်ဟောင်းကို ယူလာကာ သွေးတစ်စက်ယူ၍ ထပ်မံစစ်ဆေးလိုက်ပြန်သည်။
"ကျန်းလျူလီ အသက် သုံးနှစ်နှင့် နှစ်လ။ သွေးစွမ်းအင်တန်ဖိုး ၆၂၁ မှတ် မမှားပါဘူး ၆၂၁ မှတ်ပါပဲ။ စက်သုံးလုံးစလုံး တစ်ပြိုင်နက်တည်း မှားယွင်းနေဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး မဟုတ်လား"
ယခုအကြိမ်တွင်မူ ကျောင်းအုပ်ကြီးသည် သံသယမရှိတော့ပေ။ သူ၏မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာလည်း ကြည်နူးမှုကြောင့် ပြေလျော့သွားတော့သည်။
"အသက် သုံးနှစ်နဲ့ နှစ်လမှာတင် အာဒမ်ရဲ့ ၅၄၆ မှတ်ကို အပြတ်အသတ် ကျော်လွန်သွားပြီ ဒါက နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းမှာ ရက်ပေါင်း ၂၀၀ ပဲ လေ့ကျင့်ရသေးတာနော်။ နောက်ထပ် နှစ်နှစ်ဆိုရင် သူမ ဘယ်လောက်အထိ မြင့်မားတဲ့ အဆင့်ကို ရောက်သွားမလဲဆိုတာ မှန်းဆလို့တောင် မရနိုင်တော့ဘူး"
"ကောင်းတယ်... သိပ်ကောင်းတယ်"
ကျောင်းအုပ်ကြီးသည် အလွန်ပင် ကျေနပ်အားရနေသဖြင့် လက်နှစ်ဖက်ကို နောက်ပစ်ကာ တမြေ့မြေ့ ရေရွတ်နေမိသည်။
"ကဲ... ချင်းဟုန် ကလေးတွေကို အတန်းထဲ ခေါ်သွားလိုက်တော့"
လီချင်းဟုန်က ခေါင်းညိတ်ပြကာ ကလေးတစ်အုပ်ကို ဦးဆောင်၍ အတန်းထဲသို့ ခေါ်ဆောင်သွားတော့သည်။
မှန်ပါသည်... ရွှီရန်၏ မျက်စိထဲတွင်မူ မူကြိုကျောင်း၏ သင်ခန်းစာများမှာ အားလပ်ရက် အပန်းဖြေနေရသည်နှင့် မခြားနားလှပေ။ သူသည် အတန်းထဲတွင် ငြိမ်ငြိမ်လေးထိုင်ကာ အရိုးတစ်စကို ဝါးစားရင်း သင်ခန်းစာတက်ရင်းနှင့်ပင် သူ၏ စွမ်းရည်တိုးတက်မှုအမှတ်များကို မြှင့်တင်နေတော့သည်။
အတန်းအားချိန်များတွင်မူ တစ်ခါတစ်ရံ မေမေ့နောက်လိုက်ရင်း ကျားမလေး ကျားမလေးမေမေတို့နှင့်အတူ တောင်တက်ထွက်လေ့ရှိသည်။ အခြားအချိန်များတွင်မူ ကျန်ရှိသည့် ပါရမီရှင်ကလေးများနှင့် လက်ရည်စမ်း လေ့ကျင့်လေ့ရှိ၏။
ဆရာမ လီချင်းဟုန်က "ကျားပေါက်လေးတွေ ဝက်ဝံပေါက်လေးတွေဟာ အသက်အရွယ်တစ်ခု ရောက်လာရင် အချင်းချင်း ဆော့ကစားရင်း တိုက်ခိုက်ရေး အတွေ့အကြုံတွေကို မြှင့်တင်ကြရတယ်။ အခု ကလေးတွေဟာလည်း တိုက်ခိုက်ရေးကွင်းထဲမှာ ယှဉ်ပြိုင်ဖို့ အသက်အရွယ် ရောက်နေကြပြီ" ဟု ဆိုခဲ့သည်။
ထို့ကြောင့် ကိုယ်ခံပညာ အလွတ်တိုက်ခိုက်ရေး အတန်းသည် စတင်လာတော့သည်။
သံသယဖြစ်စရာမလိုဘဲ ဤသင်ခန်းစာမှာ ကျားမလေး အနှစ်သက်ဆုံး အပိုင်းဖြစ်ပြီး ရွှီရန်
အတွက်မူ သူအကျွမ်းကျင်ဆုံး နယ်ပယ်ပင်။
ကျားမလေးမှာ မွေးရာပါ ထူးကဲသော ခွန်အားကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူမ၏ သွေးစွမ်းအင်မှ ခွန်အားသို့ ပြောင်းလဲနိုင်စွမ်းမှာ ၅၀၀ ရာခိုင်နှုန်းလောက်တောင် ရှိနေမလားဟု ရွှီရန်ပင် တွေးတောမိသည်။ သို့မဟုတ်လျှင် သူမသည် ကျူးယွီဟန်ကဲ့သို့ ထူးချွန်သူကိုပင် လက်သီးအနည်းငယ်ဖြင့် ဘယ်လိုလုပ် လဲကျအောင် တိုက်နိုင်မှာလဲ။
သူမသည် ပါရမီရှင်ကလေး ဆယ်ယောက်ကျော်ကို အော်ငိုအောင် လုပ်ခဲ့လေပြီ။ အေးစက်တည်ငြိမ်လှသည့် ကျူးယွီဟန်ပင်လျှင် သူမနှင့် တွေ့တိုင်း နှုတ်ခမ်းလေးစူကာ စိတ်ကောက်နေတတ်တော့သည်။
ရွှီရန်ကမူ... သူ၏ နားလည်မှုစွမ်းအားမြင့်မားသော အရိုးဖွဲ့စည်းပုံအရှိန်အဝါကို ထိန်းသိမ်းထားဆဲဖြစ်သည်။ သူ၏ ကျွမ်းကျင်မှုများမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ တစ်ချက်ရှောင် တစ်ချက်လှည့်ရုံဖြင့် ပြိုင်ဘက်များကို အလွန်တင့်တယ်လျောက်ပတ်စွာ လဲကျအောင် ပြုလုပ်နိုင်၏။
ကျူးယွီဟန်မှာမူ ငိုချင်စိတ်ကို အနိုင်နိုင်ထိန်းနေရသည်။ ရှင်းရှင်းပြောရလျှင် သူမသည် ဤမူကြိုကျောင်းသို့ ပထမဆုံး ရောက်ရှိလာသူဖြစ်သလို သွေးစွမ်းအင်တန်ဖိုးမှာလည်း အမြင့်ဆုံးဖြစ်ရာ ပျော်ရွှင်မှုများစွာကို ပိုင်ဆိုင်ရမည့်သူဖြစ်သည်။
သို့သော် ဤကလေးနှစ်ယောက် ရောက်လာကတည်းက သူမမှာ ဘာကြောင့် အမြဲတမ်း ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်နေရပြီး ပျော်ရွှင်မှုများ ပျောက်ဆုံးနေရတာလဲ။ ဘာကြောင့်လဲ။
ကျူးယွီဟန်၏ နုနယ်သော မျက်နှာလေးမှာ လေတိုက်ခံနေရသည့် ကြာဖက်လေးတစ်ခုအလား ရှုံ့မဲ့နေတော့သည်။ သူမသည် ထောင့်တစ်နေရာတွင် ကွေးကွေးလေးထိုင်ကာ ဒူးလေးကို ဖက်ထားရင်း တောက်ပသော မျက်ဝန်းအစုံမှာလည်း မျက်ရည်များဖြင့် ဝဲနေရှာ၏။
လီချင်းဟုန်က ခပ်တိုးတိုး သက်ပြင်းချလိုက်မိသည်။
"ဒီသုံးနှစ်သား ကလေးနှစ်ယောက်ကတော့ တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်။ တခြားပါရမီရှင် ကလေးတွေအတွက် စိတ်ပညာပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုတွေ ရှာပေးသင့်နေပြီလား မသိဘူး"
"ရွှီရန်... မင်းနဲ့ ကျန်းလျူလီ တစ်ပွဲလောက် ယှဉ်ပြိုင်ကြည့်ရအောင်"
သူမသည် ကျန်းလျူလီနှင့် ရွှေရန့်ကို တိုက်ခိုက်ရေးကွင်းထဲသို့ လွှတ်လိုက်သည်။
ရွှီရန်: "..."
မျက်နှာချင်းဆိုင်တွင် ရွှီရန် ရပ်နေသည်ကို မြင်သောအခါ ကျားမလေး၏ မျက်ဝန်းအစုံမှာ အရောင်တောက်သွားပြီး "ဟီး ဟီး ဟီး ဟီး...ကိုကိုရှောင်ရန်... ငါ မင်းကို လှဲပစ်တော့မယ်နော်"
ပြောပြောဆိုဆိုနှင့်ပင် ကျားမလေးသည် လေဆင်နှာမောင်းတစ်ခုအလား ရွှေရန့်ထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားတော့သည်။ ရွှီရန်ကမူ အကြိမ်အနည်းငယ် ရှောင်တိမ်းဟန်ဆောင်ပြီးနောက် တမင်တကာပင် လက်သီးဖြင့် အထိုးခံကာ ကွင်းအပြင်ဘက်သို့ လွင့်ထွက်သွားပေးလိုက်သည်။
"ငါ ရှုံးသွားပြီ ငါ ရှုံးသွားပြီ။ လျူလီက တကယ့်ကို တော်တာပဲ"
"ဟီး ဟီး ဟီး ဟီး ဟီး"
"ငါ အသားနှစ်တုံး တစ်ပြိုင်တည်း စားနိုင်ပြီဟေ့ ငါက အသန်မာဆုံးပဲ"
ကျားမလေးမှာ ခါးထောက်လျက် အားရပါးရ ရယ်မောနေပြီး သူမ၏ ဝဖုံဖုံမျက်နှာလေးပေါ်တွင် ဂုဏ်ယူမှုများ အပြည့်ရှိနေတော့သည်။
၎င်းကို မြင်သောအခါ ရွှီရန်က ခပ်ဖွဖွ ပြုံးလိုက်မိသည်။
ကလေးတွေရဲ့ အပြိုင်အဆိုင်စိတ်လေးတွေပဲမို့ သူ သိပ်စိတ်ထဲမထားတော့ပေ။
"ဂွတ်... ဂွတ်"
ရုတ်တရက် အစာအိမ်မှ အသံမြည်သံကြီးမှာ ကွင်းတစ်ခုလုံး ဟိန်းထွက်သွားတော့သည်။ ကျားမလေးသည် သူမ၏ ဗိုက်ကလေးကို အမြန်ဖုံးလိုက်ရင်း "မေမေ... သမီး ဗိုက်ဆာပြီ။ အသားစားချင်တယ်"
ကျားမလေးမေမေ: "..."
လီချင်းဟုန်က ခပ်တိုးတိုး ရယ်မောလိုက်ကာ "သွားပါ... သူမကို မုန့်သွားကျွေးလိုက်ပါဦး။ သူမကတော့... အင်း... အသက်နည်းနည်းကြီးလာရင် ပိုပြီး လေ့ကျင့်ပေးဖို့ လိုအပ်လိမ့်မယ်။ အခုလောလောဆယ်မှာတော့ သူမရဲ့ တိုက်ခိုက်ရေးပါရမီက အရမ်းကို မြင့်မားနေတာပဲ" ဟု ပြောလိုက်သည်။