← Chapters

အခန်း (၃၄)

Vol. 4 Ch. 34

အခန်း (၃၄)

Vol. 4 Ch. 34

ရွှီရန်၏ ကလေးဆန်သော်လည်း ချောမောခန့်ညားသည့် မျက်နှာလေးကို မြင်လိုက်ရချိန်တွင် မိခင်များ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ထူးဆန်းသွားတော့သည်။ သူတို့သည် အလိုအလျောက်ပင် အသက်ရှူအောင့်ထားမိကြပြီး သူတို့၏ ကလေးများကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်ကြ၏။

ယခုအချိန်တွင် သူတို့အားလုံး၏ နဖူးပေါ်၌ ဖိအားများနေသည်ဟူသော စကားလုံးက အထင်းသား ပေါ်လွင်နေပေတော့သည်။

"နင်လန်းမေမေ... ရှင် တကယ်ပဲ အဲဒီလောက်တောင် စိတ်ဖိစီးနေတာလား"

"ချီချီမေမေရယ်... ရှင့်ကြည့်ရတာ ပိုပြီး စိတ်လှုပ်ရှားနေသလိုပဲ နဖူးမှာ ချွေးတွေတောင် ပြန်နေပြီလေ..."

မိခင်များသည် သူမတို့၏ စိုးရိမ်စိတ်ကို ဖုံးကွယ်ရင်း တစ်ဦးကိုတစ်ဦး အပြစ်တင်နေကြသည်။

"မဟုတ်သေးပါဘူး နေပါဦး... ငါတို့က ဘာလို့ ကြောက်နေရမှာလဲ"

"လျူလီလေးတောင် ရှုံးသွားတာပဲ။ သူလည်း သူ့ရဲ့ မရှုံးဖူးသေးတဲ့ စံချိန်ကို ဆက်ထိန်းထားနိုင်မှာ မဟုတ်တော့ပါဘူး"

"အသက် ခြောက်နှစ်ကျော်သွားရင် လူသားရင်သွေးတွေဟာ ဒုတိယမြောက် စကြဝဠာ ချုပ်

နှောင်မှုကနေ လွတ်မြောက်သွားပြီလေ။ သွေးစွမ်းအင်ကနေ ချီစွမ်းအားကို ပြောင်းလဲနိုင်စွမ်းက ၁၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ ခုန်တက်သွားရုံတင်မကဘူး..."

"သူတို့ရဲ့ အရိုးဖွဲ့စည်းပုံစွမ်းရည်ကိုလည်း အပြည့်အဝ ထိန်းချုပ်နိုင်ကြပြီလေ။ ဒီအချက်တွေ ပေါင်းစပ်လိုက်ရင် သူတို့ရဲ့ ခွန်အားက အဆပေါင်းများစွာ တိုးတက်သွားပြီပေါ့။ အရင်က စစ်နတ်ဘုရားမလေးလို ဖြစ်ခဲ့တဲ့ လျူလီလေးတောင် ဒီနေ့ အကြိမ်ပေါင်း ၅၀ ကျော် ရှုံးသွားတာ မမြင်ဘူးလား"

"ဟုတ်တယ် ဟုတ်တယ် ဒီနေ့က အရင်နေ့တွေနဲ့ မတူတော့ဘူး။ ငါတို့ကလေးတွေရဲ့ ခွန်အားက ဒုံးပျံလို တက်နေတာ။ တကယ့်ကို အထင်ကြီးစရာပဲ"

"ဆရာမ လီချင်းဟုန် ပြောတာတော့ လူသားရင်သွေးတွေအပေါ်မှာ ရှိနေတဲ့ ဒုတိယမြောက် စကြဝဠာ ချုပ်နှောင်မှုဟာ အသက် ခြောက်နှစ်မှာ ကျိုးပျက်သွားတတ်တယ်တဲ့။ ဒီကာလမှာ ပါရမီရှင်တွေ အများကြီးဟာ ကောင်းကင်ကို ပျံတက်နိုင်ကြလိမ့်မယ်"

"မှန်တာပေါ့။ အသက် ရှစ်နှစ်မှာ တတိယမြောက် ချုပ်နှောင်မှု ကျိုးပျက်ပြီး ကျင့်ကြံခြင်းလမ်းစဉ် တရားဝင် စတင်တဲ့အခါ ငါတို့ကလေးတွေနဲ့ လျူလီလေးတို့ကြားက ကွာဟချက်က ပိုပြီး ကျယ်ပြန့်သွားဦးမှာ"

"လုံးဝ မှန်ကန်တယ် အရင်က ရွှီရန် အကြိမ်ပေါင်းများစွာ နိုင်ခဲ့တာဟာ ခြောက်နှစ်အောက် ပါရမီရှင်လေးတွေမှာ ချုပ်နှောင်မှု နှစ်ခုစလုံး ရှိနေလို့လေ။ အခုတော့ ဒုတိယမြောက် ချုပ်နှောင်မှုက ပြုတ်သွားပြီဆိုတော့ သူတို့ ရွှီရန်ကို သေချာပေါက် အနိုင်ယူနိုင်မှာပါ"

မိခင်များသည် တစ်ဦးကိုတစ်ဦး အားပေးစကားများ ပြောကြားရင်း သူတို့၏ ကလေးများအတွက် ဟစ်ကြွေးအားပေးနေကြတော့သည်။

သို့သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ... စင်မြင့်ထက်တွင် ရှိနေသော ကလေး ၁၃ ယောက်စလုံးမှာ တစ်ပြိုင်နက်တည်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြပြီး သူတို့၏ ရှေ့တွင်ရှိသော ကျူးယွီဟန်၊ ဖုန်းရန်၊ ပျန့်ယွဲ့၊ ပျယ်ကျင့်ချိုးနှင့် ကျူးကော့ဟောင်ကျင်တို့ကို အကာအကွယ်ပေးသလို ပုံစံမျိုး ပြုလုပ်လိုက်ကြသည်။

သူတို့ ကြောက်နေကြပြီ။

ရွှီရန်သည် အတန်းပုံမှန်တက်ရန် မလိုသည့် အခွင့်ထူးခံဖြစ်သော်လည်း အတန်းတက်သည့် အကြိမ်တိုင်းတွင် သူတို့ကို သင်ခန်းစာ ကောင်းကောင်းပေးလေ့ရှိသည်။ နှစ်နှစ်ခွဲတိတိ နှစ်နှစ်ခွဲလုံးလုံး အနှိမ်ခံခဲ့ရသည့် ဒဏ်ကြောင့် သူတို့၏ စိတ်ထဲတွင် ရွှီရန်သည် အနှိုင်းမဲ့သူဟူသော အတွေးမှာ သံမှိုစွဲသလို စွဲမြဲနေခဲ့သည်။ ထို့ကြောင့် သူတို့ ရှေ့သို့ထွက်ကာ တိုက်ခိုက်ရန် မဝံ့ရဲကြတော့ပေ။

နောက်ဆုတ်ကြ…နောက်ဆုတ်ကြ…

ရှေ့ကလူတွေကိုပဲ ကာကွယ်ပေးထားကြ….

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တက်ကြွလှသော ပျန့်ယွဲ့၊ ဖုန်းရန်၊ ပျယ်ကျင့်ချိုးနှင့် ဝဖုံဖုံ ကျူးကော့ဟောင်ကျင်တို့မှာ "..."

စိုးရိမ်နေကြသော မိခင်များမှာလည်း "..."

"သွားပါပြီ... ငါတို့ကလေးတွေ တိုက်ခိုက်လိုစိတ် လုံးဝ ပျောက်ဆုံးသွားပြီပဲ။ အခု ဘယ်လိုလုပ်ကြမလဲ"

သူတို့သည် ရွှီရန်ကို ထိတ်လန့်တုန်လှုပ်မှု ရှုပ်ထွေးလှသော အကြည့်များဖြင့် လှမ်းကြည့်နေကြသည်။ ဤကလေးသည် အသက် လေးနှစ်နှင့် ကိုးလသာ ရှိသေးသော်လည်း သူ၏ တိုက်ခိုက်ရေးပါရမီမှာ အခြားသူများကို အသက်ရှူကျပ်စေလောက်အောင် မြင့်မားလွန်းလှသည်။

သင်တန်းဆရာမ လီချင်းဟုန်ကလည်း အကြိမ်ကြိမ် ချီးကျူးခဲ့ဖူးသလို ကျောင်းအုပ်ကြီးကလည်း ရံဖန်ရံခါ ချီးကျူးလေ့ရှိသည်။ စူပါပါရမီရှင် ကလေးတစ်အုပ်မှာမူ သူပေးခဲ့သော စိတ်ဒဏ်ရာများကြောင့် ကြောက်လန့်နေကြရရှာ၏။ သူသည် အခြားသူများအတွက် အပူတပြင်း ကျော်ဖြတ်ရမည့် မြင့်မားလှသော တောင်ကြီးတစ်လုံးသဖွယ် ဖြစ်နေသည်။

မိခင်များသည် လက်သီးများကို ဝှေ့ယမ်းကာ ကျယ်လောင်စွာ အားပေးကြတော့သည်။

"မကြောက်ကြနဲ့ ကလေးတို့ရေ... သားတို့ သမီးတို့က အသက် ခြောက်နှစ်ရှိပြီလေ။ အရိုးဖွဲ့စည်းပုံရဲ့ စွမ်းအားတွေကိုလည်း အပြည့်အဝ ထိန်းချုပ်နိုင်နေပြီပဲ။ လျူလီလေးကိုတောင် ကျော်တက်နိုင်ခဲ့ရင် ရွှီရန်ကိုလည်း သေချာပေါက် အနိုင်ယူနိုင်မှာပါ"

"မင်းတို့ရဲ့ စိတ်ထဲက ကြောက်စိတ်တွေကို အောင်နိုင်ပြီး အသစ်တစ်ဖန် ပြန်လည်မွေးဖွားကြစမ်း"

ထိုသို့ အားပေးတိုက်တွန်းမှုများကြားတွင် ကလေးငယ်များသည် မိမိကိုယ်ကိုယ် ယုံကြည်မှု ပြန်လည်ရရှိလာကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် တိုက်ခိုက်လိုစိတ်များ ပြန်လည်တောက်ပလာခဲ့သည်။

"ဟုတ်တယ် ငါတို့က အသက် ခြောက်နှစ်ရှိပြီပဲ ငါတို့ရဲ့ ချီစွမ်းအား ပြောင်းလဲနှုန်းက ၅၀ ရာခိုင်နှုန်းတောင် ရှိနေပြီ ပြီးတော့ ငါတို့က အရိုးဖွဲ့စည်းပုံရဲ့ စွမ်းအားတွေကိုလည်း ကျွမ်းကျင်နေပြီ ငါတို့ လုပ်နိုင်ပါတယ်"

"ငါတို့ လျူလီလေးကိုတောင် အနိုင်ယူနိုင်ခဲ့တာပဲ ရွှီရန်ကို ဘာလို့ အနိုင်မယူနိုင်ရမှာလဲ"

ကလေးတစ်ယောက်က အော်ဟစ်လိုက်သည်။

"ရွှီရန်... စင်ပေါ်တက်ခဲ့ ဒီတစ်ခါတော့ မင်းကို သေချာပေါက် အနိုင်ယူပြမယ်။ ငါတို့က အသန်မာဆုံး ပါရမီရှင်တွေကွ"

ကလေး ၁၃ ယောက်စလုံးမှာ ရှေ့သို့ အားမာန်အပြည့်ဖြင့် နှစ်လှမ်းခန့် တိုးလာကြသည်။ သို့သော်လည်း ကျူးယွီဟန်၊ ဖုန်းရန်၊ ပျန့်ယွဲ့ ပျယ်ကျင့်ချိုးနှင့် ကျူးကော့ဟောင်ကျင်တို့ကိုမူ ရှေ့ဆုံးကနေ ကာကွယ်ပေးထားဆဲပင်။ ဘာပဲဖြစ်ဖြစ် ဒါက သူတို့အတွက်တော့ အကြီးအကျယ် တိုးတက်လာမှုတစ်ခုပါပဲ။

ရွှီရန်: "..."

သူသည် စင်ပေါ်ရှိ ပါရမီရှင်ကလေးများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူတို့ကို သိပ်ဂရုမစိုက်ဘဲ ကျားမလေး၏ အရိပ်အယောင်ကိုသာ လိုက်ရှာနေမိသည်။

"ဟင် ကျားမလေး ဘယ်ရောက်နေတာလဲ"

ရွှီရန် ဟိုဟိုဒီဒီ လိုက်ကြည့်သော်လည်း အန်တီချန်းကိုသာ တွေ့ရသည်။ သေသေချာချာ ထပ်ကြည့်လိုက်တော့မှ...

အလိုလေး...

တံခါးကို တွန်းဖွင့်လိုက်သည့် အချိန်ကတည်းက ကျားမလေးမှာ အန်တီချန်း၏ နောက်ကွယ်သို့ လျှပ်စစ်အလား ပြေးပုန်းနေခဲ့ခြင်း ဖြစ်သည်။ ခေါင်းလေးကို အန်တီချန်း၏ ကျောပြင်ထဲသို့ တိုးဝင်ဝှက်ထားပြီး လက်ကလေးနှစ်ဖက်ဖြင့်ပင် မျက်နှာကို လုံအောင် အုပ်ထားလိုက်သေးသည်။

သူမက ကိုယ်ကို လုံအောင်ဝှက်ထားတာကြောင့် ရှာမတွေ့တာ မဆန်းပါဘူး။

ရွှီရန်နဲ့ မေမေတို့က သူမရှိရာဆီ လျှောက်သွားလိုက်ကြသည်။

"မင်္ဂလာပါ အန်တီချန်း"

"လျူလီလေး... ကိုကို့ကို မနှုတ်ဆက်တော့ဘူးလား"

"ကိုကို ရွှီရန်..."

ကျားမလေးသည် မျက်နှာပြရန် ဝန်လေးနေပုံရပြီး သူမ၏ အသံမှာလည်း အရင်ကကဲ့သို့ တက်ကြွခြင်း မရှိတော့ပေ။ ရွှီရန်မှာမူ မရယ်ဘဲ မနေနိုင်တော့ပေ။

"ဘယ်လိုလဲ နာနေလား"

ကျားမလေးက "ဘာနာရမှာလဲ ညီမမသိပါဘူး..." ဟု ပြန်လည်ဖြေကြားသည်။

အန်တီချန်း၏ ကျောနောက်တွင် ပုန်းကွယ်နေရင်း ကျားမလေးက ဘာမျှမဖြစ်သကဲ့သို့ ပေါ့ပေါ့ပါးပါး အသံဖြင့် ပြောဆိုနေသော်လည်း ဦးခေါင်းကိုမူ ငှက်ကုလားအုတ်တစ်ကောင်ကဲ့သို့ ဝှက်ထားဆဲပင်။ နီရဲနေသော နားရွက်ကလေးများကိုသာ မြင်တွေ့နေရသည်။

ရွှီရန် အသံထွက်၍ ရယ်မောလိုက်မိသည်။ ဤကောင်မလေးသည် နှစ်နှစ်ခွဲပတ်လုံး အခြားသူများကို အနိုင်ကျင့်လာခဲ့သော်လည်း ယခုမူ အမှန်တကယ်ပင် အထိုးခံလိုက်ရပြီ ဖြစ်သည်။

သို့ရာတွင် စနောက်သည်ကို ခဏဘေးဖယ်ထားပါက ရွှီရန်မှာ ကျားမလေးဘက်တွင် အမြဲရှိနေသူပင်။

"ရပါတယ်... ကိုကို စင်ပေါ်တက်ပြီး ညီမလေးအတွက် လက်စားချေပေးမယ်လေ"

"မသွားနဲ့ သူတို့က အရိုးဖွဲ့စည်းပုံရဲ့ စွမ်းအားတွေကို အပြည့်အဝ ထိန်းချုပ်နိုင်နေပြီ။ ကိုကို မနိုင်နိုင်ဘူး"

ကျားမလေးက စိုးရိမ်တကြီးဖြင့် တားဆီးလိုက်သည့်အချိန်တွင် သူမ၏ မျက်နှာလေးမှာ အမှတ်မထင် ပေါ်ထွက်လာသည်။ မျက်လုံးအောက်တွင် ပန်ဒါပေါက်လေးကဲ့သို့ ညိုမည်းစွဲနေပြီး ဘယ်ဘက်မျက်လုံးမှာလည်း တစ်ဝက်ခန့် ပိတ်နေရှာသည်။ အရင်ကတည်းက ဖောင်းအိနေသော ပါးပြင်လေးများသည်လည်း ယခုအခါ အထိုးခံရသဖြင့် ထပ်မံရောင်ကိုင်းနေ၏။ ဦးခေါင်းပေါ်တွင်လည်း ဘုများစွာ ပေါက်နေသည်။

ရွှီရန် အားရပါးရ ထပ်မံရယ်မောလိုက်မိပြန်သည်။

သူ နားလည်သွား၏။ ကျားမလေးသည် စင်ပေါ်တွင် အရှုံးမပေးဘဲ ဇွတ်တိုးခဲ့သဖြင့် ဤမျှအထိ အခြေအနေဆိုးဝါးသွားခြင်း ဖြစ်ပေလိမ့်မည်။ အကြိမ်ကြိမ် လဲကျသော်လည်း ပြန်လည်ထ၍ တိုက်ခိုက်နေခြင်းကြောင့် အခြားကလေးများထက် ပိုမိုအထိုးခံလိုက်ရခြင်း ဖြစ်နိုင်သည်။

"မိုက်မဲလိုက်တာဟာ... ရှုံးပါတယ်လို့ ပြောလိုက်ရင် ပြီးနေတာကို"

"သမီး မရှုံးပါဘူး မရှုံးပါဘူး။ ဒီမနက် အသားစားတာ နည်းသွားလို့ပါ... နောက်ခါကျရင် အသားသုံးတုံး စားမယ်"

သူမက ဇွတ်ငြင်းဆန်ရင်း အန်တီချန်း၏ ကျောနောက်သို့ ပြန်လည်ပုန်းကွယ်သွားပြန်သည်။ သူမ၏ သနားစရာကောင်းသော ပုံစံကို ရွှီရန်အား မမြင်တွေ့စေလိုသည်မှာ ထင်ရှားလှသည်။

ရွှီရန်က သူမကို ဆက်လက်နှစ်သိမ့်ရန် စကားစလိုက်သည့်အချိန်မှာပင်...

All Chapters