အခန်း (၃၅)
Vol. 4 Ch. 35
တိုက်ခိုက်ရေးကွင်းပေါ်ရှိ တိုက်ခိုက်လိုစိတ်များ ပြန်လည်နိုးထလာကြသော ကလေးငယ်များမှာ ပိုမိုဆူညံလာကြတော့သည်။
"ရွှီရန်... စင်ပေါ်တက်ခဲ့စမ်း"
"အခုတော့ မင်းက ညီလေးအရွယ်ပဲ ရှိပါသေးတယ်"
"ဟုတ်တယ်... ညီလေးရွှီရန်ရေ"
ကောင်းပြီလေ... ဒီလိုမျိုး လှောင်ပြောင်ပြီး စိန်ခေါ်ချင်နေကြတာပေါ့။ တကယ့်ကို အရိုက်ခံချင်နေကြတာပဲ။
ရွှီရန်သည် လက်ဝှေ့စွပ်များကို ဝတ်ဆင်လိုက်ပြီး စင်ပေါ်သို့ ဖျတ်ခနဲ ခုန်တက်လိုက်သည်။ ကျားမလေးမှာမူ ပျာပျာသလဲဖြစ်သွားကာ ရွှီရန်ကို ပြန်ဆွဲချရန် ပြေးလာတော့သည်။
"ကိုကိုရန်... အမြန်ဆင်းခဲ့ပါ"
ရွှီရန်က လက်ယမ်းပြလိုက်ပြီး ပါရမီရှင်ကလေးတစ်စုကို မျက်နှာမူကာ "အားလုံး တစ်ပြိုင်တည်း လာခဲ့ကြ" ဟု ပြောလိုက်သည်။
ကျူးယွီဟန်၊ဖုန်းရန်နှင့် ပျယ်ကျင့်ချိုးတို့မှာ တစ်ဦးကိုတစ်ဦး လှည့်ကြည့်လိုက်ကြသည်။ သူက ဘာကြောင့် ဒီလောက်တောင် ယုံကြည်မှုလွန်ကဲနေရတာလဲ။ အကာအကွယ်ပစ္စည်းတွေတောင် မဝတ်ထားပါလား။
ဆံပင်ဖြူဖြူ မျက်ခုံးဖြူဖြူနှင့် မိန်းကလေးငယ် ကျူးယွီဟန်က "ငါ... ငါ သူ့ကို လှုပ်ရှားလို့မရအောင် လုပ်ထားမယ်..."
ဖုန်းရန်က ရှေ့သို့ ခုန်ထွက်လိုက်ပြီး ကာကွယ်ရေးအနေအထား ပြုလုပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ "ရှေ့တန်းကနေ ငါ ထိန်းထားမယ်"
ပျယ်ကျင့်ချိုးကလည်း "ငါက စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေနဲ့ သူ့ရဲ့ တိုက်စစ်ကို နှောင့်ယှက်မယ်"
"ပျန့်ယွဲ့... မင်းက တိုက်စစ်ဆင်"
ကျူးကော့ဟောင်ကျင်ကမူ "ငါရော ငါရော ဘာလုပ်ရမလဲ ငါ... ငါက မင်းတို့ကို ပိုမြန်အောင် လုပ်ပေးမယ်"
ထိပ်တန်း ပါရမီရှင်ငါးဦးမှာ အချိန်တိုအတွင်းမှာပင် တိုက်ပွဲဗျူဟာ တစ်ခုကို စနစ်တကျ ဖွဲ့စည်းလိုက်ကြသည်။
ပထမဆုံး စတင်လှုပ်ရှားသူမှာ မွေးရာပါ ဆံပင်ဖြူ မျက်ခုံးဖြူ ပိုင်ရှင်မလေး ကျူးယွီဟန် ဖြစ်သည်။ သူမ၏ ရင်ဘတ်ဆီမှ ရေလှိုင်းများကဲ့သို့ စွမ်းအင်လှိုင်းများ ပြန့်လွင့်သွားပြီးနောက် တစ်ခဏချင်းမှာပင် ရွှီရန်မှာ အနှေးပြကွက်ကမ္ဘာထဲသို့ ဆွဲသွင်းခံလိုက်ရသလို ဖြစ်သွားကာ သူ၏ လှုပ်ရှားမှုများမှာ တုံ့နှိုင်းနှေးကွေးသွားတော့သည်။
"ဟင် ဒါက အချိန်နဲ့ ပတ်သက်တဲ့ စွမ်းရည်လား ဒီလို ဆန်းကြယ်တဲ့ အရိုးဖွဲ့စည်းပုံမျိုးကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ မထင်ထားမိဘူး"
ရွှီရန် အနည်းငယ် အံ့အားသင့်သွားသည်။
"ပျယ်ကျင့်ချိုးရဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကတော့ ဒီအဆင့်မှာ ယားကျိကျိ ဖြစ်ရုံလောက်ပါပဲ ရယ်စရာကောင်းတယ်"
"ပျန့်ယွဲ့က ဓားနတ်ဘုရား အရိုးဖွဲ့စည်းပုံ ရှိတာလား။ အသက် ခြောက်နှစ်မှာတင် ဒီလောက် ထက်ရှတဲ့ ဓားအသိရှိနေတာ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ"
"ကျူးကော့ဟောင်ကျင်ကတော့ သူတို့ရဲ့ အရှိန်ကို ပိုမြန်အောင် လုပ်ပေးနေတာပေါ့..."
"အသက် ခြောက်နှစ်ပြည့်ပြီး အရိုးဖွဲ့စည်းပုံ စွမ်းအားတွေကို ထိန်းချုပ်နိုင်တဲ့ စူပါပါရမီရှင်တွေဆိုတော့လည်း မဆန်းပါဘူး။ သူတို့ရဲ့ တိုက်ခိုက်ပုံက တော်တော်လေး စနစ်ကျတယ်။ သွေးစွမ်းအင် ၃၀၀၀ လောက်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ကိုတောင် အနိုင်ယူဖို့ လုံလောက်နေပြီ"
ပါရမီရှင်ကလေးငါးဦး၏ ပူးပေါင်းတိုက်ကွက်ကို ရွှီရန်သည် ဝါရင့်ဆရာတစ်ဦးက တပည့်ငယ်များကို ကြည့်သည့်နှယ် ချီးကျူးဂုဏ်ပြုသော အကြည့်မျိုးဖြင့် အေးအေးလူလူပင် လေ့လာဆန်းစစ်နေခဲ့သည်။
ထိုစဉ် တိုက်ခိုက်လိုစိတ်များ ထက်သန်နေသည့် ကလေးငယ်ငါးဦး၏ တိုက်ပွဲဗျူဟာက ရွှီရန်ထံသို့ တစ်လှမ်းချင်း ချဉ်းကပ်လာတော့သည်။
ရွှီရန်က မျက်မှောင်ကြုတ်လျက် "ငါ့ရဲ့ ခွန်အားကို ဘယ်လောက်သုံးရင် သင့်တော်မလဲ။ ငါးဆယ်ပုံတစ်ပုံလောက်ဆိုရင်ပဲ လုံလောက်ပြီထင်တယ်" ဟု စဉ်းစားလိုက်၏။
ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေသည့် စက္ကူခေါက်ဝိညာဉ် ဆက်သွယ်ခြင်းနှင့် ရှောင်ရန့်၏ လွှတ်ဓားကဲ့သို့သော အတတ်ပညာများကို အသုံးပြုရန်မှာမူ ကြက်သတ်ရန် နဂါးသတ်ဓားကို အသုံးပြုသကဲ့သို့ ဖြစ်နေမည်ဖြစ်ရာ အမှန်တကယ်ပင် အသုံးမပြုသင့်ဘူးဟု သူယူဆလိုက်သည်။ အကယ်၍ ထိုစွမ်းရည်များကိုသာ အသုံးပြုလိုက်ပါက ကလေးငယ်များကို အလွန်အမင်း အနိုင်ကျင့်ရာ ရောက်သွားပေလိမ့်မည်။
သူသည် သူ၏ လျင်မြန်နှုန်းကို လျှော့ချလိုက်ပြီး အခြေခံအဆင့်မျှသာရှိသော ဆန်းကြယ်သော ခြေလှမ်းနှင့် မြက်ဖျားပေါ် ပျံဝဲသည့် ပေါ့ပါးအတတ်တို့ကိုသာ အသုံးပြုလိုက်သည်။ သို့သော် ထိုမျှနှင့်ပင် သူသည် ဥယျာဉ်ထဲတွင် အပန်းဖြေလမ်းလျှောက်နေသည့်အလား ကျူးယွီဟန်၏ အချိန်ထိန်းချုပ်မှုနယ်ပယ်အတွင်းမှ လွတ်မြောက်သွားခဲ့သည်။
ထို့နောက် ရွှီရန်၏ ကိုယ်ဟန်သည် လျှပ်စီးအလား ဖျတ်ခနဲ လှုပ်ရှားသွားပြီး ဖုန်းရန်နှင့် ပျန့်ယွဲ့တို့၏ ခံစစ်စည်းများကို ဝေ့ဝိုက်ကျော်ဖြတ်ကာ ကျူးယွီဟန်၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားတော့သည်။
ရုတ်တရက် တိုးလာသော လေဟုန်ကြောင့် ကျူးယွီဟန်၏ ဆံပင်ဖြူဖြူလေးများ လွင့်
တက်သွားပြီး သူမ၏ နဖူးပြင်ကျယ်ကြီး ပေါ်ထွက်လာသည်။ သူမသည် သူမရှေ့သို့ ရောက်ရှိနေသော ရွှီရန်ကို ထိတ်လန့်သွားသည့် ယုန်ငယ်တစ်ကောင်နှယ် မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေမိရှာသည်။
"ဘယ်... ဘယ်လိုဖြစ်လို့လဲ..."
ရွှီရန်က သူမ၏ လက်မောင်းကို လှမ်းဖမ်းလိုက်ပြီးနောက် မျက်လုံးနှစ်ဖက်စလုံးကို လက်သီးဖြင့် အသာအယာ ပညာပေးလိုက်သည်။ ပြီးနောက် သူမကို သံလုံးပစ်ကစားနည်းကဲ့သို့ စင်အစွန်းဆီသို့ ဝှေ့ယမ်းပစ်လိုက်လေသည်။
"အား..."
ကျူးယွီဟန်မှာ တိုက်ခိုက်ရေးစင်ပေါ်မှ လိမ့်ကျသွားရပြီး မူးဝေအံ့အားသင့်နေသော သူမ၏ ခေါင်းပေါ်တွင် ကြယ်ပွင့်လေးများ ဝိုင်းနေသကဲ့သို့ ခံစားလိုက်ရသည်။ အဝေးထိန်းစနစ်ဖြင့် တိုက်ခိုက်ရသော ကျင့်ကြံသူများသည် အနီးကပ်တိုက်ခိုက်ခံရပါက အလွန်ပင် ထိခိုက်လွယ်လှပေသည်။
ပျယ်ကျင့်ချိုး၏ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမှာလည်း ရွှီရန်အပေါ်တွင် အာနိသင် တစ်စုံတစ်ရာ မသက်ရောက်ခဲ့ပေ။
"ဘုန်း... ဘုန်း"
သူမသည်လည်း မျက်လုံးနှစ်ဖက်စလုံး အထိုးခံလိုက်ရပြီး ဘိုလင်းဘောလုံးတစ်လုံးနှယ် လိမ့်ထွက်သွားကာ ဆယ်မီတာခန့်အကွာတွင် ရှိနေသော ကျူးယွီဟန်နှင့် သွားရောက်တိုက်မိတော့သည်။
ကျူးယွီဟန်: "အား..."
ပျယ်ကျင့်ချိုး: "အား..."
မိန်းကလေးငယ်နှစ်ဦးစလုံးမှာ ခေါင်းပေါ်တွင် ကြယ်များဝိုင်းကာ အခြေအနေ မဟန်တော့ပေ။ အဓိက ထိန်းချုပ်ရေးသမား နှစ်ဦးလုံး ကျရှုံးသွားခဲ့ပြီ ဖြစ်သည်။
ပျန့်ယွဲ့မှာ မှင်တက်သွားပြီး "မင်း... မင်း... အနားကို ထပ်မတိုးလာနဲ့ဦး" ဟု တုန်တုန်ရင်ရင်ဖြင့် အော်ဟစ်လိုက်တော့သည်။
"အောက်ဆင်းလိုက်တော့"
ရွှီရန်က ပျန့်ယွဲ့၏ မျက်လုံးနှစ်ဖက်ကို လက်သီးဖြင့် အသာအယာ ထိုးနှက်လိုက်ပြီးနောက် ဘိုလင်းဘောလုံး ပစ်သည့်အလား ထပ်မံဝှေ့ယမ်း ပစ်လိုက်ပြန်သည်။
ကျူးယွီဟန်: "အား..."
ပျယ်ကျင့်ချိုး: "အား..."
ပျန့်ယွဲ့: "အား..."
[သင်သည် စူပါပါရမီရှင်တစ်ဦးကို အနိုင်ယူလိုက်သည် လူငယ်အရှင်သခင် တိုးတက်မှု +၁...]
[သင်သည် စူပါပါရမီရှင်တစ်ဦးကို အနိုင်ယူလိုက်သည် လူငယ်အရှင်သခင် တိုးတက်မှု +၁...]
[သင်သည် စူပါပါရမီရှင်တစ်ဦးကို အနိုင်ယူလိုက်သည် လူငယ်အရှင်သခင် တိုးတက်မှု +၁...]
ရွှီရန်သည် ကျူးကော့ဟောင်ကျင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ထိုဝဖုံဖုံ ကောင်လေးမှာ ချက်ချင်းပင် ဒူးထောက်လျက် "ကျွန်တော် အရှုံးပေးပါတယ် ကျေးဇူးပြုပြီး မျက်နှာကိုတော့ မထိုးပါနဲ့" ဟု တောင်းပန်ရှာသည်။
"ဟက်"
လက်သီးနှစ်ချက်နှင့်အတူ ကျူးကော့ဟောင်ကျင်သည်လည်း ပန်ဒါမျက်လုံးလေးဖြင့် စင်ပေါ်မှ လိမ့်ကျသွားတော့သည်။
ထိပ်တန်းငါးဦးအနက် ဖုန်းရန်တစ်ဦးသာ ကျန်ရှိတော့၏။ ဖုန်းရန်မှာ တစ်ကိုယ်လုံး ရွှေရောင်
အလင်းတန်းများ လွှမ်းခြုံထားပြီး လိပ်နက်ကျောက်စာတိုင်ကဲ့သို့ ခံစစ်အလွန်ကောင်းနေသဖြင့် ရွှီရန်က သူ့ကို နောက်ဆုံးမှ ကိုင်တွယ်ရန် ချန်ထားခဲ့ခြင်းဖြစ်သည်။ ရွှီရန်သည် အသာအယာ ကန်ချက်အချို့ကို အသုံးပြုကာ တောင်ကြီးတစ်လုံးနှယ် ခိုင်မာလှသော ဖုန်းရန်ကို စင်ပေါ်မှ ဖြည်းညှင်းစွာ ကန်ချလိုက်ပြီး ကျူးကော့ဟောင်ကျင်၏ အပေါ်သို့ ထပ်လျက်သား ကျသွားစေခဲ့သည်။
ဖုန်းရန်မှာ တောင်ကြီးတစ်လုံးနှယ် တိတ်ဆိတ်နေသော်လည်း ကျူးကော့ဟောင်ကျင်ကမူ "အား... နာတယ် ဘာလုပ်တာလဲဗျ" ဟု အားရပါးရ အော်ဟစ်တော့သည်။
ထို့နောက်တွင်မူ... ရွှီရန်သည် အေးအေးလူလူ လမ်းလျှောက်လျက် ကျန်ရှိနေသော ပါရမီရှင်ကလေး ၁၃ ဦးလုံးကို ပန်ဒါမျက်လုံး တစ်စုံစီဖြစ်အောင် စနစ်တကျ လက်ဆောင်ပေးလိုက်တော့သည်။ မည်သူမျှ ရှောင်တိမ်းနိုင်ခြင်း မရှိကြပေ။ တကယ်တမ်းတွင်လည်း ရှောင်တိမ်းရန် လုံးဝ မဖြစ်နိုင်ခဲ့ပေ။
ပါရမီရှင်ကလေးများမှာ လုံးဝ စိတ်ပျက်အားလျော့သွားကြရသည်။ သူတို့၏ စိတ်အစဉ်တွင် ရွှီရန်သည် ဘယ်လိုမှ အနိုင်မယူနိုင်သောသူဟူသည့် အသိမှာ တစ်ဖန်ပြန်၍ ခိုင်မာစွာ စွဲထင်သွားတော့သည်။
[တိုးတက်မှု +၁...]
[တိုးတက်မှု +၁...]
[တိုးတက်မှု +၁...]
မိနစ်အနည်းငယ်အတွင်းမှာပင် လူငယ်အရှင်သခင်ဟူသော ရွှေရောင်အောင်မြင်မှုအတွက် တိုးတက်မှုမှတ်မှာ ၅၃ မှတ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"ကိုကိုရန်ရေ"
"ဟဲဟဲဟဲ... ကိုကိုရန် ကိုကိုရန်"
တိုက်ခိုက်ရေးစင်အောက်တွင် ကျားမလေးသည် မျက်နှာတစ်ခုလုံး ဖူးရောင်ညိုမည်းနေသော်လည်း နှုတ်ခမ်းထက်တွင် အပြုံးကြီးကြီးတစ်ခုကို ဆင်မြန်းလျက် သူမ၏လက်ကလေးများကို အားရပါးရ လက်ခုပ်တီးနေတော့သည်။
သူမသမီးဖြစ်သူမှာ နှာခေါင်းသွေးယို မျက်နှာဖူးရောင်နေသည့်တိုင် ထိုမျှအထိ စိတ်လှုပ်ရှားစွာ အားပေးနေသည်ကို မြင်ရသောအခါ လျူလီ၏မိခင်ဖြစ်သူမှာ အစောပိုင်းက ခံစားခဲ့ရသော စိတ်မချမ်းမြေ့မှုများ အကုန်လုံး လွင့်စင်သွားရ၏။
"တော်တယ် ရွှီရန် သိပ်တော်တယ်"
သို့သော်လည်း ရွှီရန်၏မိခင် လင်းချန်းမှာမူ အနည်းငယ် ခေါင်းညိတ်ပြရုံမှအပ အလွန်အမင်း စိတ်လှုပ်ရှားနေပုံမရပေ။ သူမသည် ရွှီရန်၏ ထူးချွန်မှုများကို အသားကျနေပြီဖြစ်သည်။ သူမ၏သားသည် အမြဲတမ်း အမှတ်တစ်ရာရသူဖြစ်ပြီး ယခုလည်း အမှတ်တစ်ရာ ထပ်မံရရှိခြင်းသာ ဖြစ်သည်။
အေးအေးဆေးဆေးနေစမ်းပါ။ ဒါက ပုံမှန်လုပ်ဆောင်ချက်ပဲဥစ္စာဟူသော အမူအရာမျိုးဖြင့် သူမသည် အလွန်အမင်း တည်ငြိမ်နေခဲ့သည်။
အခြားသော မိခင်များမှာမူ သူမနှင့် ဆန့်ကျင်ဘက်ပင်။ သူတို့သည် ရလဒ်ကို မကြည့်ရက်သဖြင့် မျက်လုံးများကိုသာ မှိတ်ထားကြတော့သည်။
"ဒီလောက်အထိ အရှုံးကြီးရှုံးရတာလား အပြတ်အသတ်ကို အနိုင်ကျင့်ခံလိုက်ရတာပဲ..."
"ဒုတိယမြောက် ချုပ်နှောင်မှုကို ဖြုတ်နိုင်ပြီး အရိုးဖွဲ့စည်းပုံစွမ်းရည်တွေကို တတ်မြောက်ထားတာတောင် ခြောက်နှစ်သားတွေက မနိုင်သေးဘူးလား။ သူတို့က ကျင်းပြည်နယ်ရဲ့ အသန်မာဆုံး ပါရမီရှင်တွေလို့ ဆိုကြပေမဲ့ ခုတော့ လုံးဝကို အရှုံးပေးလိုက်ရပြီ..."
"သူ့ရဲ့ တိုက်ခိုက်ရေး ကျွမ်းကျင်မှုတွေက တကယ့်ကို ပါးနပ်လွန်းတယ်။ ခန္ဓာကိုယ်လှုပ်ရှားမှု နည်းပညာကို ဆယ်နှစ်လောက် အပြင်းအထန် လေ့ကျင့်ထားတဲ့ ကျင့်ကြံသူတစ်ယောက်လိုပဲ"
"ဒါက နားလည်နိုင်စွမ်း မြင့်မားတဲ့ အရိုးဖွဲ့စည်းပုံရဲ့ ကြောက်စရာကောင်းတဲ့ သဘာဝလား။ ဟူး..."
မိခင်များသည် အားကျစိတ်ဖြင့် သက်ပြင်းချနေကြ၏။ လုံခြုံရေးဝန်ထမ်းတစ်အုပ်မှာမူ ဘာမှမပြောနိုင်ဘဲ ငြိမ်သက်နေကြသည်။
လီချင်းဟုန်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး "ကျောင်းအုပ်ကြီး ဒါက ဘာဖြစ်တာလဲ။ ရွှီရန်က နောက်ကောက်ကျကျန်ခဲ့ပြီလို့ ကျွန်မ ထင်ထားတာ... ဒါပေမဲ့ သူက သူတို့ကို အပြတ်အသတ် နှိမ်နင်းနိုင်တုန်းပဲလား" ဟု မေးလိုက်သည်။
သူမသည် ဇဝေဇဝါဖြစ်နေမိသည်။
ရွှီရန်ရဲ့ နားလည်နိုင်စွမ်း အရိုးဖွဲ့စည်းပုံက ဘယ်အဆင့်ကို ရောက်နေတာလဲ။
အစပိုင်းတွင် ထိုကဲ့သို့ ခန့်မှန်းရခက်သော ပါရမီမျိုးသည် ကျူးယွီဟန်တို့၏ အရိုးဖွဲ့စည်းပုံများအောက်တွင် မှေးမှိန်သွားလိမ့်မည်ဟု သူမ ထင်မှတ်ခဲ့သော်လည်း ယခုမူ ထိုသို့မဟုတ်မှန်း ထင်ရှားနေပြီဖြစ်သည်။
ကျောင်းအုပ်ကြီးက တီးတိုးဆိုသည်မှာ "ကျွန်တော်လည်း မသိဘူး အခုလောလောဆယ်တော့ ဘာမှပြောလို့မရသေးဘူး"
"ကျွန်တော်မှတ်မိသလောက်ဆို လွန်ခဲ့တဲ့ သုံးနှစ်တုန်းက သူက ငှက်ကလေးတွေနဲ့ စကားပြောနိုင်ပြီး ငှက်အုပ်ကြီးကိုတောင် ခေါ်ယူနိုင်ခဲ့တယ်။ သူ့ရဲ့ နားလည်နိုင်စွမ်းအရဆိုရင် ဒီနှစ်တွေအတွင်းမှာ သူက တစ်ခုခုတော့ ထူးခြားတဲ့ အစွမ်းတွေကို ဖုံးကွယ်ထားနိုင်တယ်"
"ဘာပဲဖြစ်ဖြစ် သူ ဒီမူကြိုကျောင်းကို စရောက်ကတည်းက နေ့တိုင်းမပျက်မကွက် တိရစ္ဆာန်တွေကို အစာကျွေးတယ်။ ရေကူးတယ်၊ တောင်တက်တယ်၊ စာကြည့်တိုက်မှာ စာဖတ်တယ်၊ စက္ကူခေါက်တယ် ပြီးတော့ မြားပစ်တယ်... လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကဆိုရင် အဆင့် ၇ ရှိတဲ့ ကျောက်သားသားရဲအရိုးတွေကိုတောင် ခိုးစားခဲ့သေးတယ်။ အခုထိလည်း နေ့တိုင်း အနည်းငယ်စီ စားနေတုန်းပဲ..."
လီချင်းဟုန် မျက်လုံးပြူးသွားပြီး "ဗျာ ကျောက်သားသားရဲအရိုးတွေကို စားတယ်ဟုတ်လား။ သူ ဘာဖြစ်လို့ အဲဒါတွေကို စားတာလဲ"
ကျောင်းအုပ်ကြီးက ပုခုံးတွန့်ပြကာ "မသိဘူး တစ်ခုခုတော့ အကြောင်းပြချက်ရှိမှာပေါ့။ ကျောင်းအုပ်တစ်ယောက်အနေနဲ့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ကျွန်တော် မစွက်ဖက်ပါဘူး။ စပ်စုချင်စိတ်နဲ့ တစ်ခါတလေပဲ လှမ်းကြည့်ဖြစ်တာပါ"
လီချင်းဟုန်မှာ ပို၍ပင် ဇဝေဇဝါဖြစ်လာရသည်။
"...သူက မြားလည်း ပစ်နေသေးတာလား။ သူ့ရဲ့ မြားပစ်စွမ်းရည်က ဘယ်လိုလဲ။ စက္ကူခေါက်တာကရော ဘာအတွက်လဲ"
ကျောင်းအုပ်ကြီးက ခေတ္တစဉ်းစားပြီး "သူ့ရဲ့ မြားပစ်ချက်ကတော့ လုံးဝကို အတိအကျပဲ။ စက္ကူခေါက်တာကတော့ သူ တစ်ခုခုကို နားလည်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘာလဲဆိုတာတော့ ကျွန်တော်လည်း အဖြေရှာမရဘူး"
လီချင်းဟုန်မှာ အံ့အားသင့်သွားရသည်။
"ဒါဆို သူက တကယ်တမ်းကျတော့ အစွမ်းတွေကို ဖုံးကွယ်ထားတာပေါ့"
ကျောင်းအုပ်ကြီးက ခပ်ပါးပါးပြုံးလျက် "အစွမ်းတွေကို ဖုံးကွယ်ထားတာ မဟုတ်ပါဘူး။ ဘယ်သူကမှ သူ့ကို ထုတ်သုံးအောင် ဖိအားမပေးနိုင်တာပါ။ သူက သုံးဖို့မလိုတာကို ဘယ်လိုလုပ် ဖုံးကွယ်ထားတယ်လို့ ခေါ်လို့ရမလဲ"
လီချင်းဟုန်မှာ မှင်တက်သွားသလို ပို၍ပင် နောင်တရလာသည်။
"ကျောင်းအုပ်ကြီး နားလည်နိုင်စွမ်း အရိုးဖွဲ့စည်းပုံဆိုတာ သံလိုက်စက်ကွင်း ပြင်းအားကိုတောင် တိုင်းတာလို့မရတဲ့ အရာတစ်ခုပဲ။ ဒါက ကျင့်ကြံသူတစ်ယောက်ကို နတ်ဘုရားကပေးတဲ့ အစွမ်းထက် နတ်ဘုရားအတတ်ပညာ ဒါမှမဟုတ် ကောင်းကင်ဘုံကပေးတဲ့ စွမ်းအားမြှင့်တင်မှုတွေ ပေးနိုင်မှာလား"
ကျောင်းအုပ်ကြီးက အနည်းငယ် စဉ်းစားလိုက်သည်။
"သီအိုရီအရတော့ မဖြစ်နိုင်ဘူး။ အကယ်၍ သံလိုက်စက်ကွင်း တုန်ခါမှုတွေကို တိုင်းတာလို့မရဘူးဆိုရင် မြင့်မားတဲ့ အမြုတေစွမ်းအင်မရှိဘူးလို့ ဆိုလိုတာပဲ။ အဲဒီစွမ်းအင်မရှိရင် နတ်ဘုရားအတတ်ပညာကိုလည်း ဖော်ဆောင်လို့မရသလို နတ်ဘုရားအာနိသင် မြှင့်တင်မှုတွေကိုလည်း မရနိုင်ဘူး"
ထိုစကားကို ကြားသောအခါ လီချင်းဟုန်မှာ စိတ်မကောင်းဖြစ်သွားရသည်။ ရ"အဲဒီလိုသာဆိုရင် ရွှီရန်က တခြားပါရမီရှင်တွေနဲ့ယှဉ်ရင် နတ်ဘုရားအတတ်ပညာ နှစ်ခုလောက် နည်းနေတာပေါ့။ သူ အနာဂတ်မှာ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဒီပါရမီကွာဟချက်ကို မဖြည့်ဆည်းနိုင်တော့ဘူးလား"