အခန်း (၃၉)
Vol. 4 Ch. 39
ရွှီရန်က ခပ်ပါးပါးလေး ပြုံးပြလျက် "နှုတ်ဆက်ပါတယ်၊ ကျောင်းအုပ်ကြီး နှုတ်ဆက်ပါတယ် အန်တီချင်... သား စာကြည့်တိုက်ကို ပြန်ပြီး စာဆက်ဖတ်လိုက်ပါဦးမယ်" ဟု ပြောလိုက်သည်။
ညွှန်ကြားရေးမှူးချင်က "မင်းရဲ့ အရိုးဖွဲ့စည်းပုံကို ငါသေချာလေ့လာရမယ်" ဟူသော အမူအရာမျိုးဖြင့် ရွှီရန်ကို ရုတ်တရက် လှမ်းဖမ်းလိုက်ပြီး "ရှောင်ရန်... မင်းက တစ်နေ့ကို စာအုပ်အပုဒ်ပေါင်း ဒါဇင်နဲ့ချီ ဖတ်နေတာဆိုတော့ အထဲက အရေးကြီးတဲ့ အချက်အလက်တွေကိုရော မှတ်မိရဲ့လား" ဟု မေးမြန်းလိုက်သည်။
ရွှီရန်က မျက်ခုံးပင့်လိုက်ပြီး သတိထားရမည့် အမူအရာဖြင့် "မမှတ်မိပါဘူး သားက အပေါ်ယံလေးပဲ ကျော်ဖတ်သွားတာပါ အသေးစိတ် မလေ့လာဖြစ်ပါဘူး" ဟု ဖြေကြားခဲ့သည်။
ထိုသို့ပြောပြီးသည်နှင့် ရွှီရန်သည် ထိုနေရာမှ အမြန်ဆုံး လစ်ထွက်ခဲ့တော့သည်။ သူ၏ တိုးတက်မှုမှတ်များကို စုဆောင်းရန်ထက် အရေးကြီးသောအရာ ဘာမျှမရှိပေ။
စာအုပ်ပေါင်း ထောင်ချီဖတ်ရှုခြင်း တိုးတက်မှု +၅၀...
စာအုပ်ပေါင်း ထောင်ချီဖတ်ရှုခြင်း တိုးတက်မှု +၂၀...
သွေးစွမ်းအင်တန်ဖိုး +၁၆ မှတ်...
စည်းကမ်းရှိခြင်း ဟူသည်မှာ တကယ်တမ်းတွင် စွဲလမ်းစရာတစ်ခု ဖြစ်နေတတ်သည်။ နောက်ပိုင်းကာလများတွင် ရွှီရန်မှာ ထိုအလုပ်ကို လုံးဝ မရပ်နားနိုင်တော့ပေ။ နေ့စဉ်နေ့တိုင်း စာအုပ်ပေါင်း ထောင်ချီဖတ်ရှုခြင်း တိုးတက်မှုမှတ်များကို ၅၀ စီ မပျက်မကွက် စုဆောင်းခဲ့သည်။
ရက်ပေါင်း တစ်ရာမှာ မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့၏။
ကလေးဘဝ၏ ၁၈၄၁ ရက်မြောက်နေ့
စာကြည့်တိုက်၏ ပြတင်းပေါက်ဘေးမှ နေရာလေးတွင်... ဝင်ခါနီး နေရောင်ခြည်သည် ရွှီရန်၏ ခန့်ညားသော ဘေးတိုက်မျက်နှာပေးလေးအပေါ်သို့ ဖြာကျနေသည်။ သူ၏ သွယ်လျသော လက်ချောင်းလေးများသည် ဘဝ၏ အုပ်ရေ ၁၀,၀၀၀ မြောက် စာအုပ်ကို ပိတ်လိုက်တော့သည်။
သူသည် အသက်ကို ဝဝရှူထုတ်လိုက်စဉ် မျက်နှာထက်မှ အပြုံးမှာ ပိုမိုတောက်ပကာ တက်ကြွရွှင်လန်းနေသည်။
ရောက်လာပြီ။
နောက်ဆုံးတော့ ရောက်လာပြီ။
ရက်ပေါင်းတစ်ရာတိုင်တိုင် ပြင်းပြင်းထန်ထန် အားထုတ်ခဲ့ပြီးနောက် မျှော်လင့်စောင့်စားနေခဲ့သော ကောင်းကင်ဘုံမှ အသိပေးသံသည် ယခုအချိန်တွင် သူ၏ စိတ်ထဲ၌ ဟိန်းထွက်လာတော့သည်
[ဂုဏ်ယူပါသည် သင်သည် စာအုပ်ပေါင်း ၁၀,၀၀၀ ကို အလေးအနက် ဖတ်ရှုခဲ့ပြီးဖြစ်ရာ စာအုပ်ပေါင်း ထောင်ချီဖတ်ရှုခြင်း တိုးတက်မှုမှတ်မှာ ပြည့်သွားပြီဖြစ်သည်။ သင်သည် အလိုအလျောက် အဆင့်တိုးမြှင့်ခံရသည်။ အဆင့်မြင့် နားလည်နိုင်စွမ်း...]
[အဆင့်မြင့် နားလည်နိုင်စွမ်း: သင်၏ နားလည်သဘောပေါက်နိုင်စွမ်းသည် အဆမတန် မြင့်တက်သွားခဲ့ပြီ။ သင်သည် သာမန်လူသားတစ်ဦးအဆင့်မှ ထူးကဲသော နားလည်နိုင်စွမ်းရှိသည့် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည်။ သင်၏ သိုင်းပညာ အထူးစွမ်းရည်များ အစီရင်စုများ ဆေးဖော်စပ်ခြင်း အတတ်ပညာ... စသည်တို့ကို လေ့လာရာတွင် အနည်းငယ်အားထုတ်ရုံဖြင့် အကျိုးကျေးဇူး အဆပေါင်းများစွာ ရရှိပေလိမ့်မည်]
[အဆင့်မြင့် နားလည်နိုင်စွမ်း: ၀/၁၀၀,၀၀၀... သင်၏ ဆေးဖော်စပ်ခြင်း သိုင်းကျင့်ခြင်း သိုင်းကွက်အသစ် တီထွင်ခြင်းနှင့် စာဖတ်ခြင်းတို့သည် ဤတိုးတက်မှုမှတ်ကို မြှင့်တင်ပေးလိမ့်မည်]
အသိပေးသံ ဆုံးသွားသည်နှင့်တစ်ပြိုင်နက်...
သူ၏ ဦးနှောက်အတွင်းပိုင်း အနှစ်သာရထဲမှ အေးမြသော ရေစီးကြောင်းများမှာ တောင်ကျစမ်းရေအေးကဲ့သို့ စီးဆင်းလာပြီး ဦးနှောက်ဆဲလ်ပေါင်း ဘီလီယံ ၁၀၀ ကျော်ကို အဆက်မပြတ် ဆေးကြောသန့်စင်ပေးလိုက်တော့သည်။ ထိုသန့်စင်မှု အရှိန်မှာ အလွန်ပင် လျင်မြန်လှသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှီရန်သည် သူ့၏ ဦးနှောက်မှာ အသစ်ပြန်လည် လဲလှယ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ ဖတ်ရှုခဲ့သမျှ စာအုပ်များမှာလည်း ဦးနှောက်ထဲတွင် ပိုမိုထင်ရှား နက်နဲစွာ စွဲထင်သွားတော့သည်။ သူ တတ်မြောက်ထားသည့် နတ်ဘုရားအတတ်ပညာများမှာလည်း ရုတ်တရက်ပင် ပိုမိုနက်ရှိုင်းသော သိမြင်မှုများ ရရှိလာကာ အနာဂတ်တွင် ပိုမိုကျရှိသေသပ်စွာ လွယ်ကူချောမွေ့စွာ အသုံးပြုနိုင်တော့မည် ဖြစ်သည်။
"အံ့ဩစရာပဲ ပိုပြီး ပြည့်စုံတဲ့ ဦးနှောက်တစ်ခု ဖြစ်လာတာပေါ့"
ရွှီရန် အနည်းငယ် အံ့အားသင့်သွားရသည်။ ယခုအချိန်တွင် သူ၏ ပတ်ဝန်းကျင်အပေါ် ရှုမြင်ပုံမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုတည်ငြိမ်ကာ ထက်မြက်လာသည်ကို သူ သိရှိလိုက်ရသည်။
"အခုဆိုရင် ပြီးပြည့်စုံတဲ့ အဆင့်အထိ တက်လှမ်းဖို့က အရင်ထက် အဆပေါင်းများစွာ ပိုလွယ်သွားပြီ"
ရွှီရန်သည် စိတ်ကို စုစည်းလိုက်ပြီး အသေးစိတ် စောင့်ကြည့်ခြင်းစွမ်းရည်ကို သုံးကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို စတင်လေ့လာလိုက်သည်။ လေတိုက်နှုန်း၏ ဦးတည်ရာ လေထဲတွင် မည်သို့ ရွေ့လျားရမည်... အလင်းရောင် ကျရောက်သည့် ထောင့်ချိုး အလင်းထဲတွင် ဆန်းကြယ်သော ခြေလှမ်းကို မည်သို့ အသုံးချရမည်... စသည်ဖြင့်။
[အားနည်းချက်ကို သိမြင်ခြင်း တိုးတက်မှု +၁...]
[အားနည်းချက်ကို သိမြင်ခြင်း တိုးတက်မှု +၁...]
[အားနည်းချက်ကို သိမြင်ခြင်း တိုးတက်မှု +၁...]
ရွှီရန်သည် အတိုင်းမသိ ဝမ်းသာပီတိဖြစ်ကာ ပြုံးလိုက်မိတော့သည်။
"တိုးတက်မှုမှတ်တွေ တက်လာတာက အရင်ကထက် အဆပေါင်းများစွာ မြန်ဆန်သွားပြီ ငါထင်ထားတဲ့အတိုင်းပဲ နားလည်နိုင်စွမ်း မြင့်မားလေလေ တိုးတက်မှုမှတ်တွေ ပိုမြန်လေလေပဲ"
"ဒီအတိုင်းဆိုရင် နောက်ထပ် ရက်ပေါင်း ၅၀၀ အတွင်းမှာ ငါ့မှာရှိတဲ့ နတ်ဘုရားအတတ် ၁၂ ခုလုံးကို တတိယအဆင့်အထိ အရောက်ပို့နိုင်တော့မယ်"
တတိယအဆင့် စွမ်းရည်တွေဆိုတာ...
ကိုယ်ဖျောက်အတတ်၊ ဟင်းလင်းပြင်နံရံ၊ မိုးကြိုးခြေလှမ်းသုံးထောင်၊ နတ်ဘုရားလက်နက် လွှတ်ခြင်း၊ စက္ကူခေါက်တံဆိပ်ခတ်ခြင်း၊ကိုယ်လက်အင်္ဂါ ပြန်လည်ရှင်သန်ခြင်း…..
အားလုံးက ထိပ်တန်းအဆင့် စွမ်းရည်တွေချည်းပါပဲ။
ရွှီရန်အမြင်တွင် ဒုတိယအဆင့် နတ်ဘုရားအတတ်များသည် သိုင်းလောက၏ အငွေ့အသက် အနည်းငယ်ရှိသော်လည်း တတိယအဆင့် စွမ်းရည်များမှာမူ ဆန်းကြယ်လှသော ရှန်းရှနတ်ဘုရားလောက၏ အဆင့်အတန်းသို့ ရောက်ရှိသွားကာ သူ့ကို ပိုမိုခိုင်မာသော ယုံကြည်မှုကို ပေးစွမ်းနိုင်လိမ့်မည်ပင်။
ဒုတိယအဆင့်မှာတင် သူသည် ကောက်ကျစ်သော ဝိညာဉ်သတ္တဝါများကိုပင် အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့သည်။ သို့သော် ဒုတိယအကြိမ် ပြန်ပေးဆွဲရန် ကြိုးပမ်းမှုမှာ ယခုထက်ထိ ပေါ်မလာသေးပေ။ ဤအချက်ကြောင့် ရွှီရန်သည် စတင်၍ သတိထားလာမိပြီး တစ်စုံတစ်ရာသော အမှောင်ထုက တစိမ့်စိမ့် ချဉ်းကပ်လာနေသည်ဟု သံသယဝင်လာသည်။
ထို့ကြောင့် ပိုမိုဘေးကင်းစေရန်အတွက် တတိယအဆင့် စွမ်းရည်များကို မဖြစ်မနေ လေ့ကျင့်ယူရမည် ဖြစ်သည်။ အနည်းဆုံးတော့ ကိုယ်ဖျောက်အတတ်နှင့် ကိုယ်လက်အင်္ဂါ ပြန်လည်ရှင်သန်ခြင်းတို့ကို မရမနေ ရယူရမည်။
"နောက်ထပ် ရက် ၅၀၀ ကြာရင် ငါက ၆ နှစ်နဲ့ ၆ လသား အရွယ် ရောက်လိမ့်မယ်။ အဲဒီအချိန်ကျရင် ဒုတိယမြောက် ဘဝချုပ်နှောင်မှုကို ဖြုတ်ပြီး သွေးစွမ်းအင်ကနေ အတွင်းအားစွမ်းအင်ပြောင်းလဲနှုန်းကို ၅၀ ရာခိုင်နှုန်းကျော်အထိ မြှင့်တင်နိုင်မှာပဲ"
"အဲဒီအချိန်ကျမှ ငါ အပြင်လောကကို စိတ်ချလက်ချ ထွက်ပြီး အတွေ့အကြုံယူရင်း လူငယ်
အရှင်သခင်နဲ့ သတ်ဖြတ်လိုစိတ် မြင့်မားခြင်းဆိုတဲ့ ရွှေရောင်အောင်မြင်မှု နှစ်ခုကို အပြီးသတ်နိုင်လိမ့်မယ်"
ရွှီရန်သည် သူ့ဘာသာ ရေရွတ်ရင်း သူ၏ တာအိုအရှင်သခင်စနစ် အချက်အလက်များကို ကြည့်လိုက်သည်။
[အမည်: ရွှီရန်]
[အသက်: ၁၈၄၁ ရက်မြောက်နေ့ (၅ နှစ် ၁ လ)]
[သွေးစွမ်းအင်: ၁၁၆၉၆ / ၁၀၀၀၀၀]
[ စိတ်ဝိညာဉ်: ၅၆ / ၁၀၀]
[ရုပ်ရည်: ၁၀၀ / ၁၀၀ (မပြည့်မီ အရွယ်ရောက်ပါက နတ်ဘုရားအသွင်သဏ္ဌာန် ရှိလိမ့်မည်...)]
[ကံကြမ္မာ: ၁၀၈ မှတ် / အကန့်အသတ်မရှိ (ကံကြမ္မာ အလွန်ကောင်းမွန်ပြီး ထူးခြားသော ကံကောင်းမှုများ ဆက်တိုက်ကြုံရမည်)]
[အရိုးဖွဲ့စည်းပုံ: မရှိသေးပါ]
[နတ်ဘုရားကျင့်စဉ်: မရှိသေးပါ]
"ကောင်းပြီ... နောက်ရက် ၅၀၀ ရဲ့ ပန်းတိုင်က တတိယအဆင့် နတ်ဘုရားအတတ်တွေကို ရအောင်ယူဖို့ပဲ"
ရွှီရန်သည် သူ့ဘာသာ ခေါင်းညိတ်၍ ကျေနပ်နေစဉ်...
"ကိုကိုရှောင်ရန်… ကိုကိုရှောင်ရန်…."
ကျားမလေးက သူမ၏ ခေါင်းလေးကို ဖျတ်ခနဲ ပြူထွက်လာပြီး ရွှီရန်ကို တစိုက်မတ်မတ် ကြည့်လျက် ဖြီးပြုံးပြလိုက်သည်။ မေမေက ဆုံးမထားသဖြင့် သူမသည် အကျယ်ကြီး မအော်ရဲဘဲ အသံကို နှိမ့်၍ ခေါ်နေခြင်းဖြစ်သည်။
"ဘာကိစ္စလဲ လျူလီ"
"ကိုကိုရှောင်ရန်... ညီမ ကိုကို့ရဲ့ ကိုယ်ဟန်ခြေလှမ်းတွေကို တတ်နေပြီ သိလား"
ရွှီရန်က အလေးအနက်မထားဘဲ အားရပါးရ ရယ်မောလိုက်သည်။ သို့သော် ကလေးတစ်ယောက်ကို စနောက်သည့် အမူအရာဖြင့် "... ဟုတ်လား ဒါဆို ဒီမှာပဲ တစ်ချက်လောက် စမ်းပြပါဦး။ ညီမလေး ဘယ်လို ခြေလှမ်းတွေ တတ်သွားလဲဆိုတာ ငါ မြင်ချင်လို့ပါ..." ဟု ပြောလိုက်သည်။
ကျားမလေး၏ မျက်နှာမှာ ချက်ချင်းပင် တည်ကြည်သွားကာ "ကိုကိုရှောင်ရန်က ညီမကို အထင်သေးနေတာပဲ ဟွန့်"
ရွှီရန်က လက်ကလေးနှစ်ဖက်ကို ဘေးသို့ဆန့်ထုတ်ပြလျက် "ငါ အထင်မသေးပါဘူး။ ငါ့ရဲ့ ကိုယ်ဟန်အတတ်က တုပဖို့ တကယ်ကို ခက်ခဲလွန်းလို့ပါ..."
လျူလီက နှုတ်ခမ်းလေးကို ဆူလိုက်ပြီး "အထင်သေးတာပဲ ဟွန့် အကယ်၍ ညီမသာ အောင်အောင်မြင်မြင် လုပ်ပြနိုင်ရင် ကိုကိုရှောင်ရန်က ညီမကို တိုက်ခိုက်ရေးနည်းစနစ်တွေ အများကြီး ထပ်သင်ပေးရမယ်နော် ဟုတ်ပြီလား"
ပြောပြောဆိုဆိုနှင့်ပင် အမြဲတမ်း ခွန်အားကိုသာ အားကိုးတတ်သည့် ကျားမလေး၏ မျက်ဝန်းထဲတွင် လိမ္မာပါးနပ်သည့် အရိပ်အယောင်တစ်ခု ဖျတ်ခနဲ ပေါ်သွားသည်။
ရွှီရန် အနည်းငယ် မှင်တက်သွားရသည်။
မဖြစ်နိုင်တာ... ကျားမလေးလည်း ဦးနှောက်အသစ် ပေါက်လာတာလား။ သူမက ငါ့ကိုတောင် ပရိယာယ် သုံးလာပြီလား။
ကလေးတစ်ယောက်၏ လှည့်ကွက်ဖြစ်၍ အသာလေး သိမြင်နိုင်သော်လည်း... သူမသည် တကယ်ပဲ ဆန်းကြယ်သော ခြေလှမ်းကို တတ်မြောက်သွားခဲ့တာလား။