အခန်း (၄၀)
Vol. 4 Ch. 40
ရွှီရန်၏ စပ်စုချင်စိတ်မှာ အထွတ်အထိပ်သို့ ရောက်သွားတော့သည်။
"တကယ်လို့ မင်းသာ တကယ်တတ်မြောက်ထားတာဆိုရင်တော့ ငါ မင်းကို သေချာပေါက် သင်ပေးမှာပေါ့"
"ကိုကိုရန်နော်... ကိုကိုပဲ ပြောတာနော် အရင်ဆုံး ကတိပေးတဲ့အနေနဲ့ လက်သန်းချင်း ချိတ်ရအောင်"
ကျားမလေးသည် သူမ၏ လက်ကလေးကို အလေးအနက် ဆန့်ထုတ်လိုက်သည်။ ကွေးညွတ်ထားသော လက်သန်းလေးနှင့်အတူ တောက်ပသော ကျောက်မျက်သဏ္ဌာန် မျက်ဝန်းလေးများမှာ မျှော်လင့်ချက်များဖြင့် ဝင်းလက်နေပြီး ချစ်စရာကောင်းသော အမူအရာဖြင့် စောင့်ဆိုင်းနေရှာသည်။
ရွှီရန် မပြုံးဘဲ မနေနိုင်တော့ဘဲ ကျားမလေး၏ လက်သန်းလေးကို လှမ်းချိတ်လိုက်တော့သည်။
ကျားမလေးက သူမ၏ လက်မောင်းလေးကို လှုပ်ယမ်းလျက် "လက်သန်းချင်းချိတ်... ကတိပေး... နှစ်ပေါင်းတစ်ရာအထိ မပြောင်းလဲကြေးနော်"
အသက်ငါးနှစ်တောင် မပြည့်သေးသည့် ကလေးတစ်ယောက်အတွက် ဤကဲ့သို့ ကတိတောင်းသည့် အခမ်းအနားမှာ အတော်လေးကို ထူးခြားနေ၏။ သို့သော် ကျားမလေး၏ ဖောင်းအိနေသော ပါးပြင်လေးနှင့် အလွန်အမင်း တည်ကြည်လေးနက်နေသည့် ပုံစံကြောင့် ရွှီရန်မှာ သူမ၏ အခမ်းအနားကို မနှောင့်ယှက်ခဲ့ပေ။
"ကဲ... ကတိပေးတာ ပြီးပြီလား ဒါဆိုရင် မင်းရဲ့ ဆန်းကြယ်သော ခြေလှမ်းကို မြန်မြန်ပြပါဦး"
"ဒါဆို သေချာကြည့်ထားနော် ကိုကိုရန်"
ကျားမလေးသည် တက်ကြွလှုပ်ရှားစွာဖြင့် အနေအထားပြင်လိုက်ပြီးနောက် သူမ၏ ခြေလှမ်းများကို စတင်လိုက်တော့သည်။
ဟင်…
ခြေလှမ်းများမှာ ပေါ့ပါးသွက်လက်နေပြီး အံ့ဩစရာကောင်းလောက်အောင်ပင် ဆန်းကြယ်သော ခြေလှမ်း၏ ပုံသဏ္ဌာန်မှာ ပေါ်လွင်နေသည်။ အကယ်၍ ဤခြေလှမ်းများကို အသုံးပြု၍ ငါးယောက်တစ်ယောက် တိုက်ခိုက်မည်ဆိုပါက တစ်ဖက်လူကို အတန်ကြာအောင် ခုခံထားနိုင်မည်မှာ သေချာသည်။ သို့သော် အသာအယာ အနိုင်ယူနိုင်ရန်အတွက်မူ အနှစ်သာရ အနည်းငယ် လိုအပ်နေသေးသည်။ စတင်တတ်မြောက်သည့် အဆင့်သို့ရောက်ရန် အနည်းငယ် ပို၍ အားထုတ်ရဦးမည် ဖြစ်သည်။
"ဟေး..."
ရွှီရန် မတ်တတ်ရပ်လိုက်ပြီး မျက်ခုံးပင့်လျက် အံ့အားသင့်သွားရသည်။
"လျူလီလေး... ဒါကို ညီမလေး ဘယ်လိုလုပ် တတ်သွားတာလဲ"
ကျားမလေးက ပွင့်ပွင့်လင်းလင်းပင် "ကိုကိုရန်က အိပ်မက်ထဲမှာ လာသင်ပေးတာလေ" ဟု လွှတ်ခနဲ ပြောလိုက်သည်။
ရွှီရန်၏ မျက်နှာမှာ ငါ့ကို လာနောက်နေတာလားဟူသော အမူအရာမျိုးဖြင့် "..."
မဖြစ်နိုင်တာ... ငါ ရွှီရန်အနေနဲ့ ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုရဲတယ်။ ငါက ညဘက်ဆိုရင် မိန်းကလေးငယ်လေးတွေရဲ့ အခန်းထဲကို ခိုးဝင်ပြီး စာသင်ပေးတဲ့ ထူးဆန်းတဲ့သူမျိုး လုံးဝမဟုတ်ဘူး။ ငါ အဲဒီလို မလုပ်ဘူး။ မလုပ်ခဲ့ဘူး။ အဲဒီလိုတွေ လျှောက်မပြောပါနဲ့။
သူ၏ အပြစ်ကင်းစင်မှုကို ကာကွယ်ရန်အတွက် ရွှီရန်က ခေါင်းကို အပြတ်အသတ် ခါယမ်းလိုက်သည်။
"မဖြစ်နိုင်တာ ငါက အိပ်မက်ထဲမှာ မင်းကို ဘယ်လိုလုပ် သင်ပေးနိုင်မှာလဲ။ မင်း တစ်ခုခု မှားနေတာ ဖြစ်ရမယ် ဟုတ်တယ်မလား"
ကျားမလေးက ပြန်ငြင်းသည်။
"မမှားပါဘူး ကိုကိုရန် အစစ်ပါ ကိုကိုရန်ပါဆို"
ထိုမြင်ကွင်းကို မြင်သောအခါ ရွှီရန်က အငြင်းမပွားတော့ဘဲ "အေးပါ အေးပါ... အိပ်မက်ထဲမှာ ငါ သင်ပေးတာပဲ ထားပါတော့"
ကျားမလေးက ခါးထောက်လိုက်ပြီး "ပြောသားပဲ... ကိုကိုရန်ပါဆိုမှ"
ရွှီရန်က ထပ်မံ၍ အမှားမပြင်တော့ပေ။ သူ့တွင် ကိုယ်ပိုင်တွေးဆချက် တစ်ခုရှိနေသည်။ ကျားမလေးသည် သူ၏ ကိုယ်ဟန်ခြေလှမ်းများကို သူမ၏ ဦးနှောက်ထဲတွင် မှတ်သားထားပြီး နေ့ဘက်တွင် စဉ်းစားကာ ညဘက်၌ အိပ်မက်မက်ရင်း သူ သင်ပေးနေသည်ဟု ထင်မြင်နေခြင်း ဖြစ်နိုင်သည်။
ဟုတ်တယ် ဒါမျိုးပဲ ဖြစ်ရမယ်။ တကယ့်ကို ပြည့်စုံတဲ့ ခန့်မှန်းချက်ပဲ။
ရွှီရန် ရယ်မောလိုက်မိသည်။ ဤကလေးမလေးမှာ တကယ့်ကို အံ့ဩစရာကောင်းသည်ဟု သူ တွေးလိုက်မိ၏။
ကျားမလေးသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရွှီရန်ထံသို့ လမ်းလျှောက်လာပြီး "ကိုကိုရန်... ခုနက ကတိပေးထားတယ်နော်။ ညီမသာ ဆန်းကြယ်တဲ့ ခြေလှမ်းတွေကို တတ်ရင် ကိုကိုက တိုက်ခိုက်ရေး နည်းစနစ်တွေ သင်ပေးမယ်ဆိုတာလေ…."
ရွှီရန်က ခေါင်းညိတ်လိုက်သည်။
"ငါက လူကြီးလူကောင်းတစ်ယောက်ပဲ ပြောပြီးသားစကားကို တည်ရမှာပေါ့။ လာ... အားတဲ့နေရာလွတ်တစ်ခုကို သွားရှာကြရအောင်"
ကျားမလေး: "ယေး ယေး"
ထို့နောက် သူတို့လေးဦးသည် မခွဲမခွာ လိုက်ပါလာသော လုံခြုံရေးဝန်ထမ်း နှစ်ဦးနှင့်အတူ စာကြည့်တိုက်မှ အတူတူ ထွက်ခွာခဲ့ကြတော့သည်။
စာကြည့်တိုက်မှ ထွက်လာစဉ် အန်တီချန်းက မနေနိုင်ဘဲ စိုးရိမ်တကြီး မေးမြန်းရှာသည် "ရှောင်ရန်... သမီးလေးက တကယ်ရော သင်ယူနိုင်ပါ့မလားကွယ်။ ကလေးတွေက ကိုယ်ဟန်
အတတ် သင်လို့မရဘူးလို့ အန်တီ ကြားဖူးလို့ပါ"
"ခုနက လျူလီလေး ပြသွားတဲ့ ခြေလှမ်းတွေအရဆိုရင် သူမ သင်ယူနိုင်ပါတယ်။ ဒါက ဘယ်လိုပြောရမလဲ... ဒီအတတ်က နားလည်သဘောပေါက်မှု အပေါ်မှာပဲ အခြေခံတာမို့လို့ ခန္ဓာကိုယ်ကို ဘာမှ ထိခိုက်မှုမရှိစေပါဘူး"
"ပြီးတော့ သူမအတွက် အလွယ်ကူဆုံးဖြစ်မယ့် ကိုယ်ဟန်အတတ်ကိုပဲ ကျွန်တော် သင်ပေးမှာပါ။ ဘာပြဿနာမှ ရှိမှာမဟုတ်တာ သေချာပါတယ်"
အန်တီချန်း ခေါင်းညိတ်လက်ခံလိုက်သည်။ ရွှီရန်သည် အသက်သုံးနှစ်ပင်မပြည့်မီ ကောင်းကင်ဘုံအပြစ်ပေးခြင်း ပဟေဠိကိုပင် ဖြေရှင်းနိုင်ခဲ့သူ မဟုတ်ပါလား။ ယခု ကိုယ်ဟန်အတတ် သင်ပေးခြင်းမှာ သူ့အတွက် အပျော့လေးပင် ဖြစ်ပေလိမ့်မည်။
"ဒါဆိုရင်တော့ သားကိုပဲ အားကိုးရတော့မယ်နော်"
"ရပါတယ် အန်တီ"
စကားပြောရင်းနှင့်ပင် သူတို့ခြောက်ဦးသည် စာကြည့်တိုက်ရှေ့ရှိ မြက်ခင်းပြင်သို့ ရောက်ရှိလာခဲ့သည်။
"လျူလီလေး... အရင်ဆုံး ညီမရဲ့ ကိုယ်ဟန်ခြေလှမ်းတွေကို အကြိမ်အနည်းငယ်လောက် ထပ်ပြပါ။ အဲဒါကို အခြေခံပြီး ညီမအတွက် ပိုကောင်းအောင် ပြင်ပေးမယ်"
ကျားမလေးက လေးလေးနက်နက် ခေါင်းညိတ်ပြသည်။
"ဟုတ်ကဲ့ ကိုကိုရန်"
ရွှီရန်ရှေ့တွင်ဆိုလျှင် ကျားမလေးမှာ အလွန်ပင် လိမ္မာယဉ်ကျေးကာ ချစ်စရာကောင်းနေတတ်သည်။ သူမသည် ဆန်းကြယ်သော ခြေလှမ်းများကို ဟိုခုန်သည်ခုန်ဖြင့် စတင်ပြသတော့သည်။
ရှုး... ရှုး... ရှုး…
လေတိုးသံများနှင့်အတူ ကျားမလေးသည် ဖျတ်လတ်သွက်လက်စွာ လှုပ်ရှားရှောင်တိမ်းနေသည်မှာ ရုန်းကန်နေသော ကြောင်ကလေးတစ်ကောင်နှယ်ပင်။ အကယ်၍ လူအများက သူမကို ဝိုင်းတိုက်ခိုက်မည်ဆိုပါက ၈၀ ရာခိုင်နှုန်းခန့်ကို သေချာပေါက် ရှောင်တိမ်းနိုင်ပေလိမ့်မည်။
သို့သော် သူမ၏ ကိုယ်ဟန်မှာ လုံးဝချောမွေ့နေခြင်းမျိုး မဟုတ်ဘဲ အားနည်းချက်နှင့် ဟာကွက်များစွာ ရှိနေသေးသည်။ အကယ်၍ တိုက်ခိုက်မှုများက ယခုထက် ပိုမိုပြင်းထန်သိပ်သည်းလာပါက သူမ ဒဏ်ရာရသွားနိုင်သည်။
"အင်း... မဆိုးဘူး။ ငါလုပ်တာကို ကြည့်နေရုံနဲ့ ဒီလောက်အထိ တုပနိုင်တာက တကယ်ကို ဒုတိယအကြိမ် နိုးထလာတဲ့ ပါရမီရှင်ပဲ"
ရွှီရန်သည် အသေးစိတ် စောင့်ကြည့်ခြင်းစွမ်းရည်ကို သုံးကာ ကျားမလေး၏ လှုပ်ရှားမှုများကို သုံးကြိမ်တိုင်တိုင် သေချာလေ့လာပြီးနောက် ချီးကျူးစကား ပြောလိုက်သည်။ သူမ၏ ပါရမီမှာ တကယ့်ကို မြင့်မားလှသည်။
သူ၏ အသစ်စက်စက် အဆင့်တိုးထားသော အဆင့်မြင့် နားလည်နိုင်စွမ်းမှာလည်း ယခုအချိန်တွင် အလွန်ပင် အသုံးတည့်နေသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် ကျားမလေး၏ ခြေလှမ်းများရှိ ပြဿနာများကို ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့ပြီး သူမနှင့် အသင့်တော်ဆုံး တိုးတက်မှုအစီအစဉ်ကို ရေးဆွဲနိုင်ခဲ့သည်။
အဆင့်မြင့် နားလည်နိုင်စွမ်းက ငါ့ကို ဘယ်အရာကိုမဆို လုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့ ယုံကြည်မှုကို တကယ်ပေးတာပဲ။
တကယ့်ကို နတ်ဘုရားပေးတဲ့ စွမ်းရည်ပဲ။
ရွှီရန်သွေးထဲမှ စည်းကမ်းလိုက်နာလိုသည့် စိတ်ဓာတ်များမှာ ပြင်းပြင်းထန်ထန် တောက်လောင်လာသည်။ အကယ်၍ ယခု သင်ပေးနေရခြင်းမျိုး မဟုတ်ပါက သူသည် စာကြည့်တိုက်သို့သာ ချက်ချင်း ပြန်ပြေးသွားပေလိမ့်မည်။
သူက ကျားမလေးကို လက်လှမ်းခေါ်လိုက်သည်။
"ညီမလေး လျူလီ... ဒီကိုလာပြီး နားထောင်ဦး"
"လာပြီ လာပြီ"
ရွှီရန်၏ လေသံမှာ တည်ကြည်လေးနက်သွားသည်။
"သေချာကြည့်ထားနော်။ ငါ ဒါကို တစ်ဆင့်ချင်း ခွဲပြမယ်။ ငါ့ရဲ့ ရှင်းပြချက်တွေနဲ့အတူ နည်းစနစ်တိုင်းကို သေချာစဉ်းစားကြည့် ဟုတ်ပြီလား"
ကျားမလေး: "ဟုတ်ကဲ့ လျူလီက ဉာဏ်ကောင်းပြီးသားပါ"
"ဒါဆို... စရအောင်"
စကားဆုံးသည်နှင့် ရွှီရန်သည် သူ၏ခြေလှမ်းများကို စတင်လိုက်သည်။ သူသည် အေးအေးလူလူ လမ်းလျှောက်နေသယောင် ရှိသော်လည်း သူ၏ ခန္ဓာကိုယ်မှာ လေပြေအေးကဲ့သို့ အကြိမ်ပေါင်းများစွာ ရွေ့လျားသွားကာ အရိပ်သဏ္ဌာန်များစွာဖြင့် အရပ်မျက်နှာအနှံ့သို့ ဖျတ်ခနဲ ပေါ်ထွက်လာတော့သည်။
ဒါကို မြင်လိုက်ရသော ကျားမလေး၏ ကျောက်မျက်ရတနာသဏ္ဌာန် မျက်ဝန်းလေးများမှာ ဝိုင်းစက်သွားပြီး ပါးစပ်လေးဟလျက် "ဝါး..." ဟု အော်ကာ စိတ်လှုပ်ရှားစွာ လက်ခုပ်တီးတော့သည်။
ရွှီရန်သည် သင်ကြားမှုကို တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။ ဘယ်ခြေ ညာခြေ တစ်ဆင့်
ချင်းစီကို နှေးကွေးသော လှုပ်ရှားမှုများဖြင့် ပြသကာ ဆန်းကြယ်သော ခြေလှမ်း၏ အခြေခံနည်းစနစ်အားလုံးကို ကျားမလေးအား ထုတ်ပြလိုက်သည်။
ကျားမလေးမှာ ရွှီရန်ထံတွင် အာရုံအားလုံး နစ်ဝင်သွားကာ လုံးဝကို စွဲလန်းသွားရတော့သည်။ ရွှီရန် ပြသနေသော ကိုယ်ဟန်အတတ်မှာ အလွန်ပင် နက်နဲလှသဖြင့် သူမ၏ ဦးနှောက်ကို တစ်ခုခုက ပွင့်သွားစေကာ အဆုံးမရှိသော ပျော်ရွှင်ကြည်နူးမှုကို ပေးစွမ်းနေသယောင် ရှိသည်။ သူမသည် မရပ်မနား လက်ခုပ်တီးကာ အားပေးနေမိတော့သည်။