အခန်း (၄၄)
Vol. 5 Ch. 44
မွေးဖွားလာစပြုနေပြီဖြစ်သော ကူးဟောင်ညိုသည် သူ၏မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ နီရဲသော စွမ်းအင်များ ပြည့်နှက်နေသည့် သူ၏အကြည့်များသည် လုပ်ကြံသတ်ဖြတ်သူ ပုစဉ်းရင်ကွဲထံသို့ ရောက်ရှိသွားပြီးနောက် ကြောက်ရွံ့မှုများ စတင်ပေါ်ပေါက်လာသည်။
ရွှီရန်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏နှလုံးသားထဲတွင် အေးစက်သော ခံစားချက်တစ်ခု ပြန့်နှံ့သွားသည်။
သူ ငါ့ကို ကြည့်နေတာ။ သူ တစ်ခုခု လုပ်တော့မယ်ထင်တယ်။ သူ ငါ့ကို သတ်ချင်နေတာပဲငါ အရင် လက်ဦးအောင် လုပ်ရမယ်။
ကူးဟောင်ညို မျက်လုံးဖွင့်လိုက်သည့် တစ်ခဏမှာပင်...
ပုစဉ်းရင်ကွဲလေးက လုပ်ကြံသတ်ဖြတ်မှုကို စတင်လိုက်တော့သည်။ သွေးရောင်လွှမ်းသော ဓားသွားများသည် ရေပြင်ကို ခွဲထွက်သွားပြီး ပုံဖော်နေဆဲဖြစ်သော ကူးဟောင်ညို၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်ပစ်လိုက်ရာ ၎င်း၏ မျက်လုံးကြီး လေးလုံးမှာ ပေါက်ထွက်သွားတော့သည်။
ထူးဆန်းသော ဦးခေါင်းနှစ်လုံးမှာလည်း တစ်ပြိုင်တည်း အပိုင်းပိုင်းပြတ်သွားပြီး ရေမျက်နှာပြင်ပေါ်သို့ လွင့်တက်လာသည်။ ဆေးသုတ်ထားသကဲ့သို့ ပျစ်ချွဲနေသော ဝိညာဉ်စွမ်းအင်များသည် ရေနံတွင်းတစ်ခုမှ ပန်းထွက်လာသကဲ့သို့ ထွက်ပေါ်လာတော့သည်။
"မြန်မြန်စားလိုက်... မြန်မြန်စား ဒီလိုကောင်းတဲ့ အရာတွေကို အလဟဿ အဖြစ်မခံနဲ့"
အမိန့်ပေးချက်ကို ရရှိသည်နှင့် ပုစဉ်းရင်ကွဲလေးသည် ကူးဟောင်ညို၏ ခန္ဓာကိုယ်ပေါ်သို့ ခုန်အုပ်လိုက်ပြီး ဝိညာဉ်စွမ်းအင်အားလုံးကို သန့်စင်အောင် ဝါးမျိုပစ်လိုက်သည်။ တစ်စက္ကန့်ပင် မပြည့်မီအချိန်အတွင်းမှာပင် ကူးဟောင်ညို၏ ခန္ဓာကိုယ်မှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။
ပုစဉ်းရင်ကွဲလေး၏ ခန္ဓာကိုယ်ပေါ်တွင် အသေးစိတ် လက်ရာမြောက်သော အစင်းကြောင်းများ အလိုအလျောက် ပေါ်ပေါက်လာပြီး သူ၏ ဓားသွားများသည်လည်း သတ္တုရောင် ခပ်ပါးပါး တောက်ပလာခဲ့သည်။
ပုစဉ်းရင်ကွဲ၏ ပြောင်းလဲမှုများကို ခံစားသိရှိလိုက်ရသဖြင့် ရွှီရန်မှာ ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။
"တတိယအသုတ် ကူးဟောင်ညိုတွေမှာ ပါတဲ့ စွမ်းအင်က ပထမအသုတ်ထက် အများကြီး ပိုများတာပဲ ဒါက ပြီးပြည့်စုံခြင်းအဆင့်အောက်မှာ သွေးနဲ့ တစ်လတိတိ မွေးမြူထားတာနဲ့ ညီမျှတယ်"
"ဒါဆိုရင် ငါ နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းကနေ တိတ်တဆိတ် ထွက်ပြီး အမဲလိုက်ရင် ကောင်းမလား"
အမှန်အတိုင်းပြောရလျှင် တတိယအသုတ် ကူးဟောင်ညိုများ၏ စွမ်းအားမြှင့်တင်မှု အာနိသင်က ရွှီရန်ကို အတော်လေး ဝေခွဲမရ ဖြစ်စေသည်။ မူကြိုကျောင်းကနေ ခိုးထွက်လိုက်လျှင် ကူးဟောင်ညိုတွေကို သတ်ပြီး စက္ကူခေါက်အတတ်ကို ကျင့်ကြံနိုင်သလို ကူးဟောင်ညိုများ၏ အမှန်တရားကိုလည်း စုံစမ်းနိုင်မည်ပင်။
"ထားလိုက်ပါတော့လေ"
"ဆက်ပြီး စောင့်ကြည့်နေတာက ပိုကောင်းပါတယ်"
"ရှားနိုင်ငံမှာ အစွမ်းထက်တဲ့ ကျင့်ကြံသူတွေ အများကြီးရှိတာပဲ။ ငါ့လို ငါးနှစ်သားလေးက သွားပြီး စုံစမ်းစရာ မလိုပါဘူး"
ရွှီရန် ခေါင်းခါယမ်းလိုက်ပြီး ပုစဉ်းရင်ကွဲလေးကို သူ၏ အိတ်ကပ်ထဲသို့ ချက်ချင်း ပြန်ထည့်လိုက်တော့သည်။
စက္ကူခေါက်ဝိညာဉ်ကို ပြန်လည်ရုပ်သိမ်းလိုက်ကာ ဘာမှမဖြစ်ခဲ့သလိုပင်။
ရေကန်အောက်ခြေမှာ မွေးဖွားလာခါစ ဝိညာဉ်သတ္တဝါဟာ ခြောက်စက္ကန့်အတွင်းမှာတင် သတ်ဖြတ်ခံလိုက်ရပြီး ဝိညာဉ်အကြွင်းအကျန် အစအနလေးတောင် မကျန်အောင် ဝါးမျိုခံလိုက်ရတယ်ဆိုတာ ဘယ်သူကများ ရိပ်မိနိုင်မှာလဲ။ ခြေရာလက်ရာမကျန်အောင် ရှင်းလင်းပစ်နိုင်တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်ပဲ။
"ဝိညာဉ်သတ္တဝါ... ဝိညာဉ်သတ္တဝါ..."
"သူတို့က တကယ်ပဲ ယဇ်ပူဇော်နေကြတာနဲ့ တူတယ်။ ကလေးသူငယ် ပြန်ပေးဆွဲမှု သုံးကြိမ်ဆက်တိုက်မှာ ပျောက်ဆုံးသွားတဲ့ ကလေးပေါင်း လေးသောင်းကျော်နေပြီ။ ယဇ်ပူဇော်တဲ့ အရေအတွက်ကလည်း တိတိကျကျပဲ..."
ရွှီရန် အလေးအနက် မျက်မှောင်ကြုတ်လိုက်မိသည်။
"တကယ်ပဲ အစွမ်းထက်တဲ့ ဝိညာဉ်ဘုရင်ကြီး တစ်ပါးပါး ပေါ်လာတော့မှာလား"
"ဒါက ငါနဲ့တော့ မဆိုင်လောက်ပါဘူး... သူတို့ ငါ့ကိုတော့ လာပြီး ပြန်ပေးဆွဲမှာ မဟုတ်ပါဘူးနော်။ ဘယ်လိုမှ မဖြစ်နိုင်တာ ငါက အခု ကျင့်ကျိုးပြည်နယ်ရဲ့ အလုံခြုံဆုံးနေရာဖြစ်တဲ့ နတ်
ဘုရားတစ်ပိုင်း မူကြိုကျောင်းမှာ ရှိနေတာလေ။ ကျောင်းအုပ်ကြီးနဲ့ ဆရာမ သုံးယောက်လုံးက ငါ့ကို ကာကွယ်ပေးနေတာပဲ။ သူတို့အားလုံးက လမင်းနယ်ပယ်ကျင့်ကြံသူတွေဆိုတော့ ငါ့အတွက် ဘာအန္တရာယ်မှ ရှိမှာမဟုတ်ပါဘူး..."
ရွှီရန်က သက်ပြင်းတစ်ချက်ချလိုက်ရင်း သူ့ကိုယ်သူ စိတ်အေးအောင် အလံတစ်ခု စိုက်ထူလိုက်မိသည်...။
သို့သော် သူ ထိုသို့တွေးလိုက်ရုံရှိသေး ကျောင်းအုပ်ကြီး၏ ပုံရိပ်က ရုတ်တရက် ပေါ်ပေါက်လာတော့သည်။
သူသည် အဝေးမှနေ၍ လူလုပ်အိုင်လေးရှိရာသို့ ဖျတ်ခနဲ ရောက်ရှိလာပြီး ထိုနေရာတွင် ရှိနေသူအားလုံးကို စူးစမ်းသော အကြည့်များဖြင့် ဝေ့ဝဲကြည့်ရှုလိုက်လေသည်။
"မီတာနှစ်ဆယ်လောက် နောက်ဆုတ်သွားကြ။ ဒါပေမဲ့ ငါ့အမြင်ကွင်းထဲကနေတော့ အပျောက်မခံနဲ့"
ကျောင်းအုပ်ကြီးက ပြတ်သားစွာ အမိန့်ပေးလိုက်သည်။ သူသည် ရေကန်မျက်နှာပြင်ပေါ်တွင် လေဟုန်စီးနေရင်း သူ၏ လက်ဝါးကို ရေထဲသို့ နစ်မြုပ်စေလိုက်သည်။
ဝေါ... ဗြန်း...
လူလုပ်အိုင်ထဲရှိ ရေတစ်ဝက်ခန့်မှာ လေထဲသို့ ပင့်တင်ခံလိုက်ရပြီး တောင်ကုန်းငယ်တစ်ခုစာမျှရှိသော ရေကုဗတုံးကြီးတစ်ခုအဖြစ် ပုံပေါ်လာသည်။ ကျန်ရှိနေသော ရေတစ်ဝက်မှာမူ မမြင်ရသော အတားအဆီးတစ်ခုက ဆီးတားထားသကဲ့သို့ ငြိမ်သက်နေဆဲပင်။
ကျောင်းအုပ်ကြီးသည် ထိုအပြာနုရောင် ရေကုဗတုံးကြီးကို မြှောက်ကိုင်ထားရင်း ဖော်ထုတ်လိုက်သော ရေကန်အောက်ခြေကို စိုက်ကြည့်လိုက်သည်။ ထိုနေရာမှာ ဝိညာဉ်သတ္တဝါ မွေးဖွားရာနေရာနှင့် တစ်ထပ်တည်း တိကျနေပေသည်။
ယခင်တစ်ခဏလေးကတင် ရွှီရန်၏ လုပ်ကြံသတ်ဖြတ်သူ ပုစဉ်းရင်ကွဲသည် ထိုနေရာ၌ပင် ပုံမပေါ်သေးသော ဝိညာဉ်သတ္တဝါကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ကျောင်းအုပ်ကြီး၏ တိကျလှသော အာရုံခံနိုင်စွမ်းကို မြင်လိုက်ရသဖြင့် ရွှီရန်မှာ လေးစားစိတ်များ ဖြစ်ပေါ်လာရသည်။
"ဒီလောက်ဝေးတဲ့ နေရာကနေတောင် တိတိကျကျ သိနိုင်တာ... တကယ်ကို ကျောင်းအုပ်ကြီးပဲ တော်သေးတာပေါ့။ ငါ ပုစဉ်းရင်ကွဲကို စောစောစီးစီး ပြန်ခေါ်လိုက်လို့ မဟုတ်ရင် ဘယ်လိုမှ ရှင်းပြနိုင်မှာ မဟုတ်ဘူး"
စက္ကူခေါက် ဝိညာဉ်ဆက်သွယ်ခြင်းအတတ်မှာ အလွန်ပင် ဆန်းကြယ်လွန်းလှသည်။
လူသားတွေရဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေနဲ့ မတူတော့ ငါးနှစ်သားလေးတစ်ယောက်
အနေနဲ့ ရှင်းပြဖို့ တော်တော်ခက်မှာ။
အကယ်၍ တစ်စုံတစ်ယောက်ကသာ သူ့ကို နာကြည်းမှုနတ်ဘုရားနှင့် ပတ်သက်နေသည်ဟု သံသယဝင်သွားပါက သူ့ကိုယ်သူ အပြစ်ကင်းစင်ကြောင်း သက်သေပြရန် အချိန်နှင့် စကားလုံးများစွာ အကုန်ခံနေရပေလိမ့်မည်။ ထို့ကြောင့် ရွှီရန်သည် တတ်နိုင်သမျှ ဖုံးကွယ်ထားရန်သာ ဆုံးဖြတ်ထားခြင်းဖြစ်သည်။
ထို့ပြင် ဤအရာသည် သူ၏ အပြင်းထန်ဆုံးသော လျှို့ဝှက်လက်နက်ဖြစ်ရာ သိသူနည်းလေလေ ချောင်းမြောင်းတိုက်ခိုက်မှု အောင်မြင်ဖို့ အခွင့်အလမ်း ပိုများလေပင်။
ဘာလို့ ထုတ်ဖော်ပြနေရမှာလဲ။
ဤသို့တွေးတောရင်း ရွှီရန်သည် ဘာမှမသိသော ဘေးကြည့်ပရိသတ်တစ်ယောက်ကဲ့သို့ ကျောင်းအုပ်ကြီး၏ စွမ်းရည်ပြသမှုကို စိတ်ဝင်တစား စောင့်ကြည့်နေလိုက်သည်။
ထိုအချိန်တွင် ကျောင်းအုပ်ကြီးသည် ရေကုဗတုံးကြီးကို ကိုင်မြှောက်ထားရင်း ရေကန်အောက်ခြေကို စေ့စေ့စပ်စပ် စူးစမ်းရှာဖွေနေသော်လည်း သူ၏ မျက်မှောင်များမှာ ပို၍ပို၍ ကြုတ်လာတော့သည်။
"ဘာလို့ ဘာမှမရှိရတာလဲ ဝိညာဉ်သတ္တဝါ မွေးဖွားလာတဲ့ လှိုင်းတုန်ခါမှုကို ငါ သေချာပေါက် ခံစားမိတာပဲ။ ဘာလို့ ဘာမှမရှိတာလဲ။ ဘယ်မှာ ပုန်းနေတာလဲ။ ငါ့မျက်စိအောက်မှာတင် ပုန်းနေနိုင်မှာတော့ မဟုတ်ပါဘူး"
ကျောင်းအုပ်ကြီးသည် တစ်ဦးတည်း ရေရွတ်နေရင်း သူ၏ ခန္ဓာကိုယ်မှ ပိုမိုအားကောင်းသော စွမ်းအင်များ ထွက်ပေါ်လာသည်။ ယခုအခါ ရေကန်တစ်ဝက်တင်မကဘဲ တစ်ကန်လုံးရှိ ရေများကို ကုဗတုံးအဖြစ် ဖိသိပ်ကာ သူ၏ ခေါင်းပေါ်တွင် လက်တစ်ဖက်တည်းဖြင့် မြှောက်ကိုင်ထားတော့သည်။
လူလုပ်အိုင်လေးသည် ဘတ်စကက်ဘောကွင်း နှစ်ကွင်းစာမျှသာ ရှိသော်လည်း ဤမြင်ကွင်း၏ အမြင်အာရုံဆိုင်ရာ ရိုက်ခတ်မှုမှာ အလွန်ပင် အံ့အားသင့်ဖွယ် ကောင်းလှသည်။
"ဒါ ကျောင်းအုပ်ကြီးရဲ့ ခွန်အားလား။ တကယ်ကို... တကယ်ကို သန်မာတာပဲ"
"ငါတို့ကလေးတွေရော အနာဂတ်မှာ ဒီလိုအဆင့်မျိုး ရောက်နိုင်ပါ့မလား"
"ရောက်မှာပေါ့ ဟုတ်တယ်မလား။ ဒါက နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းပဲလေ"
"ဒါနဲ့ ကျောင်းအုပ်ကြီး ဘာလုပ်နေတာလဲ"
"ကလေးတစ်ယောက်ယောက် ရေထဲကျသွားလို့လား"
လူအုပ်ကြီးမှာ အံ့သြတကြီး ဖြစ်နေကြစဉ် ကျားမလေး၏ တုံ့ပြန်မှုကမူ ထူးခြားနေသည်။ သူမသည် စိတ်လှုပ်ရှားစွာ လက်ခုပ်တီးရင်း "ကျောင်းအုပ်ကြီးရေ... ပိုပြီး မြင့်မြင့်မြှောက်ထားပေးပါဦး" ဟု အော်ဟစ်နေတော့သည်။
ကျောင်းအုပ်ကြီး: "..."
သာမန်အချိန်မျိုးသာဆိုလျှင် လျူလီလေး၏ ဆန္ဒကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ပို၍ မြင့်မြင့် မြှောက်ပေးမိပေလိမ့်မည်။ သို့သော် ယခုမူ သူသည် အလွန်ပင် စိုးရိမ်ပူပန်နေရသည်။
မွေးဖွားလာစပြုနေသော ဝိညာဉ်သတ္တဝါသည် သူ၏မျက်စိရှေ့တွင်တင် အစအနမကျန် ပျောက်ကွယ်သွားခဲ့သည် မဟုတ်ပါလား။
ဤအချက်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
အလွန်ပင် ဆန်းကြယ်လွန်းလှသည်။
ကျောင်းအုပ်ကြီးမှာ တစ်ကိုယ်လုံး စိမ့်ခနဲ အေးသွားရပြီး နှလုံးခုန်သံများလည်း မြန်လာတော့သည်။ ယခင်က တစ်ခါမျှ မကြုံဖူးသော စိုးရိမ်ထိတ်လန့်မှုနှင့် အကျပ်အတည်းကို ခံစားနေရသည်။
"ဒီဝိညာဉ်သတ္တဝါက အဆင့်မြင့်မျိုးစိတ်တစ်ခု ဖြစ်နေတာလား"
"အကယ်၍ သူက ငါ့မျက်စိအောက်မှာတင် ပုန်းကွယ်နိုင်တယ်ဆိုရင် ငါ အာရုံလွတ်သွားတဲ့အချိန်မှာ မူကြိုကျောင်းက ကလေးတွေကို အန္တရာယ်ပြုနိုင်တာပေါ့"
"အကယ်၍ သူသာ အောင်မြင်သွားမယ်ဆိုရင် ငါ့ဘဝတစ်လျှောက်လုံး ကြိုးစားခဲ့သမျှတွေ အကုန်လုံး ပျက်စီးသွားလိမ့်မယ်"
ကျောင်းအုပ်ကြီးသည် တံတွေးတစ်ချက်ကို ခက်ခဲစွာ မျိုချလိုက်မိသည်။
ထိတ်လန့်ခြင်း….
သူ တကယ်ကို ထိတ်လန့်တုန်လှုပ်နေပြီ ဖြစ်သည်။
သူ့နှလုံးခုန်သံများမှာ မြန်ဆန်နေပြီး ရေကုဗတုံးကြီးကို မြှောက်ကိုင်ထားသော လက်မောင်းမှာလည်း အနည်းငယ် တုန်ယင်လာသည်။ ယခင်ကဆိုလျှင် ဤမျှပမာဏရှိသော ရေကို နာရီဝက်ခန့် ငြိမ်သက်စွာ မြှောက်ထားနိုင်သော်လည်း ယခုမူ ရေကုဗတုံးကြီးမှာ ဘေးဘယ်ညာသို့ ယိမ်းထိုးနေပြီး သူ အလွန်အမင်း အားစိုက်နေရသည့် ပုံပေါ်နေသည်။
သူ့နဖူးပေါ်တွင်ပင် ချွေးစက်ကလေးများ စုဖွဲ့လာတော့သည်။
အနီးအနားတွင် ကိုယ်ဟန်အတတ် သင်ယူနေကြသူများမှာ... ကျန်းလျူလီ၊ ကျူးယွီဟန်၊ ပိုင်ယွဲ့၊ ပေ့ကျင်းချူး၊ ဖုန်းယန်နှင့် ကျူးကော့ဟွမ်ကျင်းတို့ ဖြစ်ကြသည်။ ထို့ပြင် ဆရာကြီးလေးဖြစ်သော ရွှီရန်လည်း ရှိနေသေးသည်။
ဤကလေးခုနစ်ဦးမှာ ကျင့်ကျိုး နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်း စတင်တည်ထောင်ချိန်မှစ၍ ပါရမီအရှိဆုံး အစုအဖွဲ့ ဖြစ်သည်။ အကယ်၍ သူတို့ထဲမှ တစ်ယောက်ယောက်သာ တစ်ခုခုဖြစ်သွားခဲ့လျှင် သူ တစ်ဘဝလုံး နောင်တရနေရပေလိမ့်မည်။
ကျောင်းအုပ်ကြီး၏ ကျောပြင်တစ်ခုလုံး ချွေးများဖြင့် စိုရွှဲလာသည်။
"စိတ်အေးအေးထား... စိတ်အေးအေးထားစမ်း။ ငါ အရင်ကထက် ပိုပြီး တွေးပူနေတာ ဖြစ်မှာပါ..."
"ဝိညာဉ်သတ္တဝါတစ်ကောင် မွေးဖွားဖို့ စက္ကန့်လေးဆယ်လောက် ကြာတတ်တယ်။ ဆယ်စက္ကန့်တောင် မပြည့်တဲ့ အချိန်လေးအတွင်းမှာ သူ တခြားနေရာကို ထွက်ပြေးဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"ငါ ထပ်ရှာကြည့်ဦးမယ်။ ဖြစ်နိုင်တာက သူ ရွှံ့နွံတွေထဲမှာ ပုန်းနေလို့ ငါ ရှာမတွေ့တာ ဖြစ်မှာပါ။ ဟုတ်တယ်... ဟုတ်တယ် သူ ရွှံ့တွေထဲမှာပဲ ရှိရမယ်"
ကျောင်းအုပ်ကြီးသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ရေကုဗတုံးကြီးကို လက်တစ်ဖက်ဖြင့် ကိုင်မြှောက်ထားဆဲမှာပင် ရေကန်အောက်ခြေသို့ အရှိန်ဖြင့် ခုန်ဆင်းလိုက်သည်။ တစ်ပြိုင်တည်းမှာပင် သူ၏ အခြားလက်တစ်ဖက်ဖြင့် ရေကန်အောက်ခြေရှိ ရွှံ့နွံများကို သုံးလေးကြိမ်ခန့် မွှေနှောက်လိုက်ကာ သံသယဖြစ်ဖွယ် အရာမှန်သမျှကို အမှုန့်ခြေပစ်လိုက်တော့သည်။
သို့သော်လည်း သူသည် တစ်လံခန့်အထိ တူးဆွရှာဖွေခဲ့သော်လည်း ဝိညာဉ်သတ္တဝါ၏ အစအနကိုမျှ ရှာမတွေ့ခဲ့ပေ။
သူသည် အကြိမ်ကြိမ် ဆက်လက်ရှာဖွေခဲ့ပြီး ရေကန်အောက်ခြေရှိ ငါးများကိုပင် အသားစိမ်းများ ဖြစ်သွားသည်အထိ ချေမှုန်းပစ်ခဲ့သော်လည်း ဝိညာဉ်သတ္တဝါ၏ အငွေ့အသက်ကို မခံစားရသေးပေ။
"ပြီးပြီ... ဒီဝိညာဉ်ကောင်က ကလေးတွေရဲ့ ခန္ဓာကိုယ်ထဲကိုများ ဝင်ပူးသွားပြီလား"
"အဲဒီလိုသာဆိုရင်တော့ ပြဿနာအကြီးကြီးပဲ"
ကျောင်းအုပ်ကြီး၏ စိတ်နှလုံးမှာ အောက်ဆုံးသို့ ကျဆင်းသွားရပြီး သူ မြှောက်ကိုင်ထားသော ရေကုဗတုံးကြီးကို ရေကန်ထဲသို့ ဝေါခနဲ ပြန်လည် ပစ်ချလိုက်တော့သည်။