အခန်း (၄၅)
Vol. 5 Ch. 45
လူလုပ်အိုင်၏ ရေမျက်နှာပြင်သည် ပြင်းထန်စွာ တုန်ခါသွားပြီး ရေစက်ရေပေါက်များ အရပ်မျက်နှာအနှံ့ စင်ထွက်သွားတော့သည်။
ထိုမြင်ကွင်းမှာ အတော်လေးကို အထင်ကြီးစရာ ကောင်းလှသည်။
သို့သော် ကျောင်းအုပ်ကြီးမှာမူ မျက်မှောင်ကြုတ်လျက် ချွေးများဖြင့် ရွှဲနစ်နေသည်။ သူ၏ ပုံရိပ်မှာ ဟိုနားတစ်ချက် ဒီနားတစ်ချက် ဖျတ်ခနဲ ပေါ်လာပြီး နှစ်ကီလိုမီတာ ပတ်လည်အတွင်းရှိ နေရာအားလုံးကို ပိုက်စိပ်တိုက် စစ်ဆေးနေတော့သည်။
ကျောင်းအုပ်ကြီး၏ ပျာပျာသလဲ ဖြစ်နေသော ပုံစံကို ကြည့်ရင်း...
ရွှီရန်: "..."
သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ လျှို့ဝှက်ချက် ပေါက်ကြားမသွားစေရန် သူ၏ ဘဝတွင် အဝမ်းနည်းဆုံး ဖြစ်ရပ်များကိုသာ အတင်းပြန်လည် စဉ်းစားနေလိုက်သည်။ မတော်တဆ ပြုံးမိသွားပါက ပြဿနာတက်နိုင်သောကြောင့်ပင်။
ခေတ္တအကြာတွင်...
ကျောင်းအုပ်ကြီးသည် ဘာအထောက်အထားမျှ ရှာမတွေ့ဘဲ လက်ဗလာဖြင့် ပြန်လာခဲ့ပြီး အမျိုးသမီး လုံခြုံရေးဝန်ထမ်းများရှေ့တွင် ဆင်းသက်လိုက်သည်။
"မင်းတို့ထဲက တစ်ယောက်ယောက်များ ဝိညာဉ်သတ္တဝါတွေ မွေးဖွားလာတဲ့ အငွေ့အသက်ကို ခံစားမိတာ ရှိလား"
လုံခြုံရေးဝန်ထမ်းများမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။
"ဝိညာဉ်သတ္တဝါလား ကျောင်းအုပ်ကြီးရှင့် ကျွန်မတို့အားလုံးက တောင်တန်းနယ်ပယ်ကျင့်ကြံသူတွေပါ။ ဝိညာဉ်သတ္တဝါတွေ မွေးဖွားလာတဲ့ အချိန်မှာတော့ ကျွန်မတို့ အာရုံမခံနိုင်ပါဘူး။ သူတို့တွေ အကောင်အထည် ပေါ်လာပြီးတဲ့ အချိန်ကျမှပဲ ကျွန်မတို့ ရှာတွေ့နိုင်ပြီး တိုက်ခိုက်နိုင်တာပါ"
"ဒါဆို သံသယဖြစ်ဖွယ် ထူးခြားတဲ့ ဖြစ်စဉ်မျိုးရော တွေ့မိလား"
လုံခြုံရေးဝန်ထမ်း: "ထူးခြားတဲ့ ဖြစ်စဉ်လား ကျောင်းအုပ်ကြီးရှင့် ကျွန်မတို့ ခုနစ်ယောက်လုံး ဒီမှာ စောင့်ကြပ်နေတာ ဘယ်နေရာမှ ဟာကွက်မရှိပါဘူး။ ဘာသံသယဖြစ်စရာမှလည်း မတွေ့မိပါဘူး"
ကျောင်းအုပ်ကြီး: "..."
လုံခြုံရေးအဖွဲ့၏ အစီရင်ခံစာက သူ့ကို ပို၍ပင် စိုးရိမ်ထိတ်လန့်သွားစေတော့သည်
ကျောင်းအုပ်ကြီးသည် အလွန်ထူးဆန်းသော အဆင့်မြင့်ဝိညာဉ်သတ္တဝါတစ်ကောင် ဖြစ်ရမည်ဟုသာ တထစ်ချ ယုံကြည်နေတော့သည်။
ကျောင်းအုပ်ကြီး၏ ထူးခြားသော အမူအရာနှင့် လုပ်ဆောင်ချက်များကို ကြည့်၍ ရွှီရန်မိခင်က "ကျောင်းအုပ်ကြီး ဘာများဖြစ်လို့လဲရှင့်" ဟု စိုးရိမ်တကြီး မေးမြန်းလေသည်။
အန်တီချန်းကလည်း "ဟုတ်ပါရဲ့ ကျွန်မတို့ ဒီမှာရှိနေတာ ဘာမှထူးထူးခြားခြား ဖြစ်တာမတွေ့မိပါဘူး အေးအေးချမ်းချမ်းပါပဲ" ဟု ထောက်ခံ၍ ပြောလိုက်သည်။
ကျောင်းအုပ်ကြီးသည် တင်းမာသောမျက်နှာထားဖြင့် "လောလောဆယ် ဘာမှမရှင်းပြနိုင်သေးပါဘူး အားလုံး ကိုယ့်နေရာမှာကိုယ်နေကြပါ ဘယ်သူမှ မလှုပ်ရှားကြပါနဲ့။ အခု ကျွန်တော်တို့ အရေးပေါ်အခြေအနေ သတ်မှတ်ထားပါတယ်။ ဒါကို ကျွန်တော့်ဘာသာ ကိုင်တွယ်ပါရစေ" ဟု ပြတ်သားစွာ ပြောကြားလိုက်သည်။
စကားပြောပြီးသည်နှင့် ကျောင်းအုပ်ကြီးသည် ဖုန်းများတရစပ်ဆက်သွယ်ကာ တစ်ကျောင်းလုံးကို အမြင့်ဆုံးလုံခြုံရေးအဆင့် သတ်မှတ်လိုက်လေသည်။
"ကလေးမလေး မင်းတို့ဘက်မှာ အခြေအနေ ဘယ်လိုရှိသလဲ"
ကျောင်းအုပ်ကြီးက မေးမြန်းလိုက်သည်။
လီချင်းဟုန်က အေးစက်တည်ငြိမ်သော အသံဖြင့် ပြန်လည်ဖြေကြားသည်။
"ကျွန်မဘက်က လေးကောင်လုံးကို ရှင်းလင်းပြီးပါပြီ။ ဒီဝိညာဉ်တွေက အကောင်အထည်မပေါ်သေးတော့ သတ်ဖြတ်ရတာ လွယ်ကူပါတယ်။ ဝိညာဉ်စွမ်းအင်တွေ အကြွင်းအကျန်မရှိအောင် သန့်စင်ခြင်းကမ္ပည်းပြားနဲ့လည်း ရှင်းလင်းပြီးပါပြီ။ ကျောင်းအုပ်ကြီးဘက်မှာရော ဘယ်လိုရှိပါသလဲ"
ကျောင်းအုပ်ကြီးမှာမူ အရှက်ရသလို ခံစားလိုက်ရပြီး စကားပင် ဆက်မပြောနိုင်တော့ပေ။
တစ်ကျောင်းလုံးတွင် ဝိညာဉ်အငွေ့အသက် စုစုပေါင်း ၁၆ ခု ပေါ်ပေါက်ခဲ့ခြင်းဖြစ်ရာ ကျောင်းအုပ်ကြီး လီချင်းဟုန်နှင့် အခြားဆရာနှစ်ဦးတို့က တစ်ဦးလျှင် လေးခုနှုန်းဖြင့် အာရုံခံမိခဲ့ကြသည်။ စက္ကန့် ၃၀ အတွင်း အကောင်အထည်မဖော်မီ အကုန်အစင် သုတ်သင်နိုင်ရမည် ဖြစ်သော်လည်း သူ၏နယ်မြေအတွင်း၌သာ အမှားအယွင်း ဖြစ်ပေါ်ခဲ့ရခြင်းပင်။
"ဒါမျိုး ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါ ချန်ချီဆိုတာ တစ်သက်လုံး ထက်မြက်ခဲ့တဲ့သူပါ"
လီချင်းဟုန်က တစ်ဖက်မှ ထပ်မံမေးမြန်းလာသည်။
"ကျောင်းအုပ်ကြီး"
ကျောင်းအုပ်ကြီးမှာ ချွေးများဖြင့် ရွှဲနစ်နေလျက် "ငါ... ငါ့ဘက်က ဝိညာဉ်သတ္တဝါတစ်ကောင် ပျောက်သွားတယ်။ အဲဒီကောင်က အရမ်းမြန်မြန် အကောင်အထည်ဖော်နိုင်ပုံရပြီး ပုန်းကွယ်နိုင်စွမ်းကလည်း ကြောက်စရာကောင်းလောက်အောင် မြင့်မားတယ်။ ရေကန်အောက်ခြေကို ဆယ်ပေလောက်အထိ တူးဆွရှာဖွေခဲ့ပေမဲ့ ဘာအစအနမှ ရှာမတွေ့ခဲ့ဘူး" ဟု ပြန်လည်ဖြေကြားလိုက်သည်။
လီချင်းဟုန်မှာ အံ့အားသင့်သွားပြီး "ရှင်….ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီဝိညာဉ်တွေမှာ အစအနဖျောက်နိုင်တဲ့ စွမ်းရည်မျိုး ရှိလို့လား" ဟု ပြန်လည်မေးခွန်းထုတ်သည်။
ကျောင်းအုပ်ကြီး၏ မျက်နှာမှာ ပို၍ပင် တင်းမာလာကာ "ဒါပေမဲ့ ငါ တကယ်ကို ရှာမတွေ့တာပဲ။ ဒါက တကယ့်ကို ထူးဆန်းလွန်းနေတယ်" ဟု ပြောလိုက်သည်။
"ကျွန်မ လာကြည့်ပေးရမလား"
လီချင်းဟုန်က ကမ်းလှမ်းရာ….
"မလာနဲ့ဦး မင်း အဲဒီမှာပဲနေပြီး ကလေးတွေကို စောင့်ကြည့်ပေးထားပါ။ အကယ်၍ ဒါက ရန်သူရဲ့ အာရုံလွှဲတဲ့ အကွက်မျိုးဆိုရင် ပြဿနာတက်လိမ့်မယ်။ ကလေးတွေရဲ့ ဘေးကင်းရေးက အဓိကပဲ။ အလင်းစွမ်းအင်ပိုင်ဆိုင်တဲ့ မိတ်ဆွေတွေကို ခေါ်ပြီး ဒီနေရာတစ်ခုလုံးကို သေချာစစ်ခိုင်းလိုက်မယ်"
ကျောင်းအုပ်ကြီးက တားမြစ်လိုက်ပြီး စစ်ကူများထံသို့ ဖုန်းတရစပ် ဆက်သွယ်တော့သည်။
"လုယာရေ... အရေးကြီးတယ် အခုချက်ချင်း လာခဲ့ဦး။ ငါ့မျက်စိအောက်မှာတင် ဝိညာဉ်သတ္တဝါတစ်ကောင် ပျောက်သွားလို့"
လုယာမှာလည်း အံ့အားသင့်သွားပြီး "ဟင် ဘယ်လိုဖြစ်တာလဲ။ ဒါက ဖြစ်နိုင်ပါ့မလား" ဟု မေးရာ
ကျောင်းအုပ်ကြီးက "တကယ်ပါဆို ငါ သူစတင်မွေးဖွားလာတာကို အသေအချာ ခံစားမိတာ။ ကျန်တဲ့ ဆရာသုံးယောက်လည်း အငွေ့အသက်တွေကို ခံစားမိကြတယ်။ ဒါပေမဲ့ ဆယ်စက္ကန့်အတွင်းမှာပဲ သူက လုံးဝပျောက်ကွယ်သွားတာ။ ငါ တစ်ပတ်ပတ်လည်လုံးကို ပိုက်စိပ်တိုက်ရှာပေမဲ့ ဘာမှမတွေ့ဘူး" ဟု ပြောလိုက်သည်။
လုယာက အသက်ကို ပြင်းပြင်းရှူလိုက်ရင်း "ခဏစောင့်ဦး ငါ အခုချက်ချင်း လာခဲ့မယ်" ဟု ပြောကာ ဖုန်းချသွားလေသည်။
ရွှီရန်: "..."
ကျောင်းအုပ်ကြီး တစ်ယောက် ပြာပြာသလဲနှင့် ပျာယာခတ်နေသည်ကို ကြည့်ပြီး ရွှီရန်မှာ ရယ်ချင်စိတ်ကို အတင်းအောင့်ထားရသဖြင့် အတော်ပင် အားစိုက်နေရသည်။
လူတိုင်းမှာလည်း ချွေးပြန်နေကြရသည်။
ငါ သတ်တာ အရမ်းမြန်ပြီး သဲလွန်စမကျန်အောင် ရှင်းပစ်လိုက်မိလို့ပဲလား။ အခုတော့ နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းရဲ့ ကျောင်းအုပ်ကြီးခမျာ လေဟာနယ်နဲ့ ဉာဏ်စမ်းတိုက်ပွဲ ဆင်နွှဲနေရရှာပြီပဲ...