← Chapters

အခန်း (၄၈)

Vol. 5 Ch. 48

အခန်း (၄၈)

Vol. 5 Ch. 48

"အစကတည်းက ဒီလိုဖြစ်မယ်မှန်းသိရင် အဲဒီဝိညာဉ်ကောင်ကို အလွယ်တကူ သတ်ပစ်မိမှာ မဟုတ်ဘူး..."

ရွှီရန်သည် စိတ်ထဲမှသာ ခေါင်းခါယမ်းရင်း ကျောင်းအုပ်ကြီးနှင့် လေဟာနယ်တို့၏ ဉာဏ်စမ်းတိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်နေမိသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်လတာ အချိန်ကာလ ကုန်ဆုံးသွားခဲ့သော်လည်း ထို "ဝိညာဉ်သတ္တဝါမှာမူ အရိပ်အယောင်မျှပင် ပေါ်မလာခဲ့ပေ။

ထိုအခါမှသာ ကျောင်းအုပ်ကြီးသည် သူ၏ သတိထားမှုကို လျှော့ချလိုက်တော့သည်။ နှစ်လတိတိ တစ်စုံတစ်ရာသော သဲလွန်စ သို့မဟုတ် အားနည်းချက်မျှပင် ပေါ်မလာခြင်းမှာ လုံးဝ မဖြစ်နိုင်သောအရာပင်။

ဖြစ်နိုင်ခြေရှိသော တစ်ခုတည်းသော အဖြေမှာ ရေကန်အောက်ခြေ၌ ပျောက်ကွယ်သွားသော ထိုဝိညာဉ်သတ္တဝါသည် မွေးဖွားမှုဖြစ်စဉ်တွင် ရာနှုန်းပြည့် ကျရှုံးသွားခြင်းပင်။

"ကျောင်းအုပ်ကြီး ဒီနေ့နဲ့ဆို နှစ်လတိတိ ပြည့်သွားပါပြီ"

"အဲဒီဝိညာဉ်ကောင်က မွေးဖွားလာချိန်မှာတင် ပျက်စီးသွားတာ သေချာသွားပါပြီ"

"ငါ သိတာပေါ့"

မျက်ကွင်းညိုညိုကြီးများဖြင့် ကျောင်းအုပ်ကြီးသည် လက်ချောင်းလေးများကို ချိုးကာ ရက်တွက်နေလေသည်။ အချိန်ကာလမှာ သေချာသွားပြီ ဖြစ်သောကြောင့် သူသည် ကျေနပ်အားရစွာဖြင့် ဟားတိုက်ရယ်မောလိုက်ပြီး သူ၏ စိတ်ကျဉ်းကျပ်မှုများကို ဖြေဖျောက်ရန် ကျောင်းဝန်းအတွင်း လေးငါးပတ်ခန့် ပျံသန်းလှည့်ပတ်ကာ အားရပါးရ အော်ဟစ်လိုက်ပြီးနောက် အိပ်ပျော်သွားတော့သည်။

သူသည် တကယ်ပင် ပင်ပန်းနွမ်းလျနေပြီ ဖြစ်သည်။ နှစ်လတိတိ လေဟာနယ်နှင့် ဉာဏ်စမ်းတိုက်ပွဲ ဆင်နွှဲနေခဲ့ရသဖြင့် သူသည် မျက်စိတစ်မှိတ်မျှပင် ကောင်းကောင်းမအိပ်ခဲ့ရပေ။ ညစဉ်ညတိုင်း ကျောင်းဝန်းအတွင်း တိတ်ဆိတ်နေချိန်တွင် သူသည် ဝိညာဉ်တစ်ကောင်ထက်ပင် ပို၍ ထူးဆန်းသော ပုံစံမျိုးဖြင့် ကင်းလှည့်နေခဲ့ရခြင်း ဖြစ်သည်။

နောက်ဆုံးတွင်တော့ နှစ်လအကြာ၌ သူသည် အောင်ပွဲခံနိုင်ခဲ့ပြီဖြစ်သည်။ သူ၏ သူရဲကောင်းဂုဏ်သိက္ခာကိုလည်း ပြန်လည်ဆယ်တင်နိုင်ခဲ့သည်။

ကျောင်းအုပ်ကြီး၏ အားရပါးရ ရယ်မောသံကို ကြားလိုက်ရသည့်အခါမှသာ ကျောင်းရှိ မိခင်များအားလုံးလည်း "ကဲ... အခုတော့ အရေးပေါ်အခြေအနေ ပြီးဆုံးသွားပြီပေါ့" ဟု ပြောကာ စိတ်အေးသွားကြတော့သည်။

တစ်ညနှင့် တစ်နေ့လုံး အိပ်စက်ပြီးနောက်...

နောက်တစ်နေ့ ညကိုးနာရီအချိန်တွင် ကျောင်းအုပ်ကြီးသည် အားအင်များ ပြည့်ဖြိုးကာ စိတ်ကြည်လင်လန်းဆန်းလျက် ခေါင်မိုးပေါ်၌ ကင်းလှည့်နေလေသည်။ စိတ်အခြေအနေမှာလည်း အထူးပင် ကောင်းမွန်နေပြီး ဤကဲ့သို့သော ပျော်ရွှင်မှုကို မခံစားရသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ပင် ရှိခဲ့ပြီဖြစ်သည်။

"ဟေ့... ရွှီရန် ခုထိ လေးမြားပစ်တာ လေ့ကျင့်နေတုန်းလား။ မင်းရဲ့ အရည်အချင်းတွေရော ဘယ်လိုလဲ တိုးတက်လာရဲ့လား"

ရွှီရန်က စကားလမ်းကြောင်းကို အသာအယာ ပြောင်းလိုက်သည်။

"ကျောင်းအုပ်ကြီး အခုတော့ တကယ်ပဲ စိတ်အေးသွားပြီပေါ့နော်"

ကျောင်းအုပ်ကြီးက အားရပါးရ ရယ်မောရင်း "စိတ်အေးသွားပြီပေါ့ကွ ဟားဟားဟား" ဟု ဖြေကြားသည်။

ပုံမှန်အချိန်တွင် အမြဲတမ်း တည်ကြည်လေးနက်နေသော ကျောင်းအုပ်ကြီးမှာ ရူးမတတ်ဖြစ်သွားပြီးမှ ပုံမှန်စိတ်အခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်ကို မြင်ရသောအခါ ရွှီရန်လည်း စိတ်သက်သာရာ ရသွားတော့သည်။ အကယ်၍သာ ကျောင်းအုပ်ကြီးက မရှိတော့သည့်ရန်သူကို အဆုံးမရှိ ဆက်လက် တိုက်ခိုက်နေဦးမည်ဆိုလျှင် အကျပ်ရိုက်ကာ ချွေးပြန်ရမည့်သူမှာ သူသာလျှင် ဖြစ်ပေလိမ့်မည်။

"ဟားဟား... ဟုတ်ကဲ့ပါ။ ဂုဏ်ယူပါတယ် ကျောင်းအုပ်ကြီး"

ရွှီရန်က အတင်းအကျပ် ရယ်မောပြလိုက်ရင်း "ကျောင်းအုပ်ကြီး ကျွန်တော် အိပ်တော့မယ်နော် မနက်ဖြန်မှ တွေ့ကြတာပေါ့။ တာ့တာ" ဟု နှုတ်ဆက်လိုက်သည်။

ဒီနေ့အတွက် တိုးတက်မှုကတော့ အပြည့်ပဲ သွားပြီ... သွားပြီ။

ရွှီရန်သည် ကျောင်းအုပ်ကြီးကို လက်ပြနှုတ်ဆက်ကာ တောက်ပစွာ ပြုံးလျက် အခန်းထဲသို့ ပြန်ဝင်ခဲ့သည်။

ရေချိုးပြီး အိပ်စက်ကာ ကုတင်ပေါ်တွင် လက်ခြေများကို ဆန့်ထုတ်ကာ အိပ်စက်ရင်း မျက်လုံးကို မှိတ်လိုက်ပြီး စနစ်၏ အချက်အလက်များကို ကြည့်လိုက်သည်။

ကလေးဘဝအဆင့် ၁၉၉၂ ရက်မြောက်နေ့

[သင်၏ သွေးနှင့် ချီစွမ်းအင်တန်ဖိုး: 14112/100,000...]

အလုပ်များနေသည့်အချိန်တွင် အချိန်များမှာ ကုန်ဆုံးရလွယ်ကူသည်မှာ အမှန်ပင်။

တတိယအကြိမ်မြောက် နှစ်ခြင်းမင်္ဂလာပြီးဆုံးချိန်မှ ယခုအချိန်အထိ ၂၅၇ ရက်တိုင် ကုန်ဆုံးခဲ့ပြီဖြစ်ရာ ထိုရက်များထဲမှ ရက်ပေါင်း ၁၀၀ ကျော်ကို စာကြည့်တိုက်အတွင်း၌ စာအုပ်ပေါင်းသောင်းခြောက်ထောင် ဖတ်ရှုခြင်း လုပ်ငန်းစဉ်အတွက် အချိန်ပေးခဲ့ရသည်။

စာကြည့်တိုက်အတွင်း ရက်ပေါင်း ၁၀၀ တိုင် အားစိုက်ထုတ်ခဲ့ပြီးနောက် စာအုပ်ပေါင်းသောင်းခြောက်ထောင် ဖတ်ရှုခြင်းအဆင့်မှ အဆင့်မြင့် ထိုးထွင်းသိမြင်မှုအဖြစ်သို့ အဆင့်မြှင့်တင်နိုင်ခဲ့သည်။ ထို့နောက်ပိုင်း ကုန်ဆုံးခဲ့သော ငါးလတာကာလမှာမူ ပို၍ပင် ပျော်ရွှင်စရာကောင်းခဲ့ပြီး အမျိုးမျိုးသော မှော်အတတ်ပညာရပ်များမှာလည်း နေ့စဉ်နှင့်အမျှ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။

ပေါ့ပါးမှုအတတ်၊ ရွှေမိသားစု၏ ပျံလွှားဓားမြှောင်အတတ်၊ စက္ကူခေါက်ဝိညာဉ်ဆက်သွယ်ခြင်း သို့မဟုတ် အားနည်းချက်ကို ထိုးဖောက်ခြင်းအတတ်တို့မှာ တိုးတက်မှုအမှတ် ၁၅,၇၀၀ အထိ ရောက်ရှိနေပြီဖြစ်ရာ တတိယအဆင့်သို့ ရောက်ရှိရန် ရက်ပေါင်း ၃၃၃ ရက်ခန့်သာ စည်းကမ်းတကျ ကျင့်ကြံရန် လိုအပ်တော့သည်။

ထိုအဆင့်သို့ ရောက်ရှိပါက သူသည် ကိုယ်ပျောက်အတတ်၊ လေဟာနယ်ကာရံအတတ်၊ မိုးကြိုးသုံးထောင်လှုပ်ရှားမှု၊ နတ်ဘုရားလက်နက်ပစ်လွှတ်ခြင်း၊စက္ကူခေါက်ပိတ်ပင်ခြင်း၊ ဖိနှိပ်မှုပုံဖော်ခြင်း၊ ပြတ်တောက်သွားသော အင်္ဂါအစိတ်အပိုင်းများ ပြန်လည်ရှင်သန်ခြင်း အစရှိသည့် ထူးခြားဆန်းပြားသော စွမ်းရည်များကို ပိုင်ဆိုင်နိုင်တော့မည် ဖြစ်သည်။

ထိုအကြောင်းကို တွေးမိရုံမျှဖြင့်ပင် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။

ဤမျှကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များကို ပိုင်ဆိုင်ထားပါက မည်မျှပင် သန်မာသော ဝိညာဉ်သတ္တဝါနှင့် ရင်ဆိုင်ရစေကာမူ သူ ကြောက်နေရန် မလိုတော့ပေ။ ကိုယ်ပျောက်အတတ်

နှင့် မိုးကြိုးသုံးထောင်လှုပ်ရှားမှုတို့ကို ပေါင်းစပ်လိုက်လျှင် ထွက်ပြေးရန်မှာလည်း အလွန်

လွယ်ကူသွားမည်ပင်။

ရွှီရန်သည် စိတ်ကို တည်ငြိမ်စွာထားလျက် သူ၏မျက်ဝန်းများတွင် ယုံကြည်ချက်များ တောက်ပနေသည်။

"ဒါပေမဲ့ စိတ်အေးလက်အေးတော့ နေလို့မဖြစ်သေးဘူး။ သတိထားဖို့က အဓိကပဲ။ ဒုတိယအကြိမ်မြောက် ပြန်ပေးဆွဲမှုကလည်း အခုထိ ပေါ်မလာသေးဘူး အခြေအနေက ထင်သလောက် မရိုးရှင်းနိုင်ဘူး"

ဤသို့ တွေးတောရင်း ရွှီရန်သည် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့ နံနက်တွင် နိုးလာမည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း မမျှော်လင့်ထားသော ဖြစ်ရပ်တစ်ခုမှာ ကြုံလာခဲ့ရသည်။

ညဉ့်နက်သန်းခေါင် ယံအချိန် နံနက် ၃ နာရီခန့်တွင် လရောင်မှာ နံရံတစ်ဝက်ခန့်အထိ ဖြာကျနေသည်။

ဒေါက်... ဒေါက်... ဒေါက်...

တံခါးခေါက်သံနှင့်အတူ အပြင်ဘက်မှ မိခင်ဖြစ်သူ၏ စိုးရိမ်တကြီး ခေါ်သံ ထွက်ပေါ်လာသည်။

"ရွှီရန်... ရွှီရန်... သား အိပ်မက်ဆိုးတွေ မက်နေလို့လား"

ရွှီရန် မျက်လုံးပွင့်လာပြီး မီးဖွင့်ကာ အပြင်သို့ ထွက်လာခဲ့ရာ စိုးရိမ်ပူပန်နေသော မေမေ့ကို တွေ့လိုက်ရသည်။

"ဘာဖြစ်လို့လဲ မေမေ သား အိပ်မက်ဆိုး မမက်ပါဘူး"

"သား အိပ်မက်ဆိုးမမက်ဘူးလား။ ခုနတင်ပဲ မိဘတွေရဲ့ အဖွဲ့ထဲမှာ ကလေးအများကြီး ရုတ်တရက် နိုးလာကြတယ်တဲ့။ ကလေးတွေ အကုန်ငိုနေကြတာ။ ထူးဆန်းတာက သူတို့အားလုံးက အိပ်မက်ဆိုးတစ်ခုတည်းကိုပဲ အတူတူမက်နေကြတာတဲ့"

ရွှီရန် အံ့အားသင့်သွားရသည်။

"ဟင် ကျွန်တော်တို့အတန်းဖော်တွေရော အသစ်ဝင်တဲ့ကလေးတွေရော အိပ်မက်ဆိုးတစ်ခုတည်း မက်တာလား။ မဖြစ်နိုင်တာ လူတစ်ယောက်ချင်းစီရဲ့ အိပ်မက်ကမ္ဘာက မတူနိုင်ဘူးလေ..."

မေမေ့မျက်နှာမှာ ထိတ်လန့်ရိပ်များ ယှက်သန်းနေသည်။

"မေမေ သားကို မလိမ်ပါဘူး မူကြိုကျောင်းက ကလေးတွေထဲမှာ နှစ်ယောက်ကလွဲရင် ကျန်တဲ့သူတွေအကုန်လုံး အိပ်မက်ဆိုးတစ်ခုတည်းကိုပဲ မက်နေကြတာ"

"သား ကျွန်းကျွန်းနဲ့ ထုံထုံကို မှတ်မိသေးတယ်မလား။ သူတို့လည်း အတူတူပဲ။ အာဇာနည်

မိသားစုတွေ နေထိုင်ရာ ရပ်ကွက်ထဲက ကလေးတွေလေ။ အဲဒီအိပ်မက်ဆိုးကြောင့် အကြီးအကျယ် ထိတ်လန့်နေကြတာ"

ရွှီရန် ဆွံ့အသွားတော့သည်။

ကီလိုမီတာ ဒါဇင်နဲ့ချီပြီး ဝေးကွာနေတဲ့ နေရာအသီးသီးက ကလေးတွေက အိပ်မက်ဆိုးတစ်ခုတည်းကို တပြိုင်နက် မက်နေကြတယ် ဟုတ်လား မယုံနိုင်စရာပဲ။

သူ၏ ဗဟုသုတနှင့်သိမြင်မှုအဆင့်အတန်းအရတောင်မှ ယခုလို ဆန်းကြယ်လွန်းသည့် ဖြစ်ရပ်မျိုးကို ရှင်းပြဖို့ ခက်ခဲနေသည်။

ခြောက်ခြားဖွယ်ကောင်းသည့် အငွေ့အသက်များက အထွတ်အထိပ်ကို ရောက်ရှိလာပြီး ကျောချမ်းစရာ ကောင်းလှသည်။

ဒါ... အဲဒီဝိညာဉ်ကောင်ရဲ့ လက်ချက်များလား။

ရွှီရန် မျက်မှောင်ကြုတ်လိုက်မိသည်။

"ဒါနဲ့ ကျားမလေးရော သူရော အိပ်မက်ဆိုး မက်လား"

မေမေက မျက်နှာကို တင်းလိုက်ပြီး "သား ညီမလေးကို အဲလို နာမည်ဆန်းတွေနဲ့ မခေါ်နဲ့လေ"

ရွှီရန်: "...ဒါဆို လျူလီရော သူရော အိပ်မက်ဆိုး မက်လား"

မေမေ: "တစ်ကျောင်းလုံးမှာ သားရယ်၊ လျူလီရယ်၊ ကျူးယွီဟန်ရယ်ပဲ အိပ်မက်ဆိုး မမက်တာ။ သားတို့ သုံးယောက်ကလွဲရင် ကျန်တဲ့ကလေးတွေကတော့ မျက်နှာတွေ ဖြူဖျော့ပြီး မျက်လုံးတွေကလည်း ဘာမှမရှိသလို ဖြစ်နေကြတာ။ အငိုလည်း မရပ်ကြဘူး"

ရွှီရန်: "ကျွန်တော်တို့ သုံးယောက်ပဲ မမက်တာလား"

မေမေက ခေါင်းညိတ်ပြသည်။

"ဟုတ်တယ် သား"

"ဒီကိစ္စက အရမ်းကို ဆန်းကြယ်လွန်းတယ်။ ပြီးတော့ ရုတ်တရက်ကြီး ဖြစ်လာတာဆိုတော့ မေမေလည်း သားကို သေသေချာချာ မရှင်းပြတတ်သေးဘူး"

"လာ... သင်ကြားရေးစင်တာကို သွားကြရအောင်။ ကျောင်းအုပ်ကြီးက စစ်ကူတွေခေါ်ပြီး ကလေးတွေရဲ့ စိတ်ခံစားမှုကို ငြိမ်သက်သွားအောင် မှော်အတတ်နဲ့ ကုသပေးနေတယ်"

"ကောင်းပါပြီ... သွားကြည့်ကြတာပေါ့"

ရွှီရန် အသက်ကို ပြင်းပြင်းရှူလိုက်သည်။

အမှန်အတိုင်းပြောရလျှင် သူ့နှလုံးသားထဲ၌ မသက်မသာဖြစ်မှုများ စတင်စိမ့်ဝင်လာသည်။

တစ်မြို့လုံး အတိုင်းအတာနဲ့ အိပ်မက်ဆိုး... တစ်မြို့လုံး အတိုင်းအတာနဲ့ အိပ်မက်ဆိုး...

တောက် ဒုတိယအကြိမ်မြောက် ပြန်ပေးဆွဲမှုက ဒီတစ်ခါတော့ တကယ်ပဲ ပွဲကြီးပွဲကောင်း ဖြစ်တော့မှာလား။

All Chapters