← Chapters

အခန်း (၄၉)

Vol. 5 Ch. 49

အခန်း (၄၉)

Vol. 5 Ch. 49

အကယ်၍ အန္တရာယ်လှိုင်းလုံးကြီးတစ်ခု အမှန်တကယ် ကျရောက်လာမည်ဆိုပါက ကြောက်ရွံ့နေရုံဖြင့်မူ ထူးခြားမည်မဟုတ်ပေ။ ရန်သူလာလျှင် စစ်သည်တို့က ခုခံရမည်ဖြစ်သကဲ့သို့ ရေကြီးလာလျှင်လည်း မြေတံတိုင်းတို့က ကာကွယ်ပေးရမည်သာ။

ငါ့မှာ ဒီတစ်ဘဝပဲ ရှိတာမို့ ဘယ်လိုနည်းနဲ့မှ အသေခံမှာ မဟုတ်ဘူး။

ထို့ကြောင့် အမှန်တကယ်ပင် အစွမ်းထက်သော ဝိညာဉ်သတ္တဝါကြီးတစ်ကောင် ပေါ်ပေါက်လာပြီး သူ့အား ဖမ်းဆီးခေါ်ဆောင်သွားမည် ဆိုလျှင်ပင် အဆိုပါသတ္တဝါကို အမှုန့်ဖြစ်သွားအောင် ဖောက်ခွဲပစ်မည့် နည်းလမ်းကို သူ ရှာဖွေသွားမည်ပင်။

ဤသို့ တွေးတောရင်း ရွှီရန်သည် စိတ်ကို တည်ငြိမ်အောင် ထားရှိကာ မိခင်ဖြစ်သူ၏နောက်မှ သင်ကြားရေးစင်တာဆီသို့ လိုက်ပါလာခဲ့သည်။

ခန်းမအတွင်းသို့ ရောက်ရှိချိန်တွင် အရပ်မျက်နှာအနှံ့မှ ငိုယိုသံများကို ကြားနေရသည်။

အသက်ခြောက်နှစ်အရွယ် ပါရမီရှင်ကလေးငယ်လေးများသည် ခြောက်လှန့်ခံထားရသော ယုန်ကလေးများအလား သူတို့၏ မိခင်များရင်ခွင်ထဲတွင် ခေါင်းများကို အတင်းတိုးဝှေ့ကာ ပုန်းအောင်းနေကြသည်။ သူတို့၏ ပုခုံးလေးများမှာလည်း အဆက်မပြတ် တုန်ယင်နေကြ၏။ ကလေးငယ်လေးများမှာ အသံများ တိမ်ဝင်သွားသည်အထိ အားရပါးရ အော်ဟစ်ငိုယိုနေကြပြီး အသက်ရှူပင် မဝနိုင်တော့သည့်တိုင် ငိုခြင်းကို မရပ်တန့်နိုင်ကြရှာပေ။

ထိုကဲ့သို့ ရင်ကွဲနာကျမတတ် သနားစရာကောင်းလှသော မြင်ကွင်းကြောင့် ရွှီရန်ကိုယ်တိုင်လည်း စိတ်ထဲ၌ မချိတင်ကဲ ဖြစ်သွားရသည်။

ကလေးငယ်လေးများ၏ အသားအရေမှာ နုနယ်လှပြီး ပါးဖောင်းဖောင်းလေးများ လက်တိုခြေတိုလေးများနှင့် ကြည့်လိုက်လျှင် ကြာစွယ်ကြာရင်းလေးများအလား အလွန်ချစ်စရာကောင်းကြသူများ ဖြစ်သည်။

သူ၏ လူငယ်ထူးချွန်သူတိုးတက်မှုအမှတ်များ ရရှိရန်အတွက် ရွှီရန်သည် ထိုကလေးများနှင့် တစ်လတိတိ အတူဆော့ကစားပေးခဲ့ဖူးသည်။

တိုးတက်မှုအမှတ်က တစ်ကြိမ်တည်းသာ ရရှိခဲ့သော်လည်း သူတို့အချင်းချင်း သံယောဇဉ်တော့ ရှိခဲ့ကြသည် မဟုတ်ပါလား။

မမျှော်လင့်ဘဲ ယခုအခါ ထိုကလေးလေးများမှာ အိပ်မက်ဆိုးများကြောင့် အသက်ရှူမဝနိုင်သည်အထိ ငိုကြွေးနေကြရရှာသည်။

"ဟူး..."

ရွှီရန် သူတို့ကို နှစ်သိမ့်ပေးချင်သော်လည်း မည်သို့စတင်ရမည်ကို ခေတ္တမျှ ဝေခွဲမရဖြစ်နေမိသည်။

ငါ့ရဲ့ ထိတ်လန့်ဖွယ် တိုးတိုးရေရွတ်သံစွမ်းရည်ကို အစွမ်းကုန် အသုံးချရင်တောင် ဒီလောက်

အထိ ထိရောက်မှုရှိမှာ မဟုတ်ဘူး။ ဒါက တတိယအဆင့်ဖြစ်တဲ့ ကြောက်ရွံ့ခြင်းနယ်ပယ်စွမ်းရည်မျိုး ရှိမှသာ ဖြစ်နိုင်လိမ့်မယ်။ တစ်မြို့လုံးကို အိပ်မက်ဆိုးတွေ ပေးနိုင်တဲ့ ဒီသတ္တဝါဟာ သာမန်အဆင့်တော့ မဟုတ်တာ သေချာတယ်။

ရွှီရန် လူတိုင်းကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

ကျောင်းအုပ်ကြီး၊ လီချင်းဟုန်၊ အခြားဆရာနှစ်ဦးနှင့် လုံခြုံရေးဝန်ထမ်းများမှာ ကလေးငယ်များ၏ အနားတွင်ရှိနေကြပြီး သူတို့၏ စိတ်ခံစားမှုများကို တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားနေကြသည်။ သို့သော်လည်း သူတို့အားလုံး အလုပ်ရှုပ်နေကြသလောက် ရလဒ်ကတော့ သိပ်မထူးခြားလှပေ။

လင်းချန်နှင့် ရွှီရန်တို့ကို မြင်လိုက်ရသည့်အခါတွင် လျူလီ၏မိခင်နှင့် ယွီဟန်၏မိခင်တို့သည် ရှေ့သို့လျှောက်လှမ်းလာကြပြီး "ကြည့်ရတာ ရွှီရန်လေးလည်း အဲဒီကြောက်စရာကောင်းတဲ့ အိပ်မက်ဆိုးကို မမက်ဘူးထင်တယ်" ဟု ပြောကြသည်။

လင်းချန်က စိတ်သက်သာရာရသွားသည့်လေသံဖြင့် "ဟုတ်ကဲ့ပါ ရွှီရန်လေး အိပ်မက်ဆိုး မမက်ပါဘူး" ဟု ပြန်လည်ဖြေကြားသည်။

"တစ်ကျောင်းလုံးမှာ သူတို့သုံးယောက်ပဲ ကံကောင်းကြတာ။ ကျွန်မရဲ့ တခြားသူငယ်ချင်းတွေရဲ့ ကလေးတွေလည်း အခုနက အဲဒီအိပ်မက်ဆိုးကိုပဲ အတူတူမက်နေကြတယ်လို့ ပြောကြတယ်"

ယွီဟန်၏မိခင်ကလည်း "ကျွန်မသူငယ်ချင်းတွေရဲ့ ကလေးတွေလည်း အတူတူပါပဲ။ ဟူး... ဒါတွေက ဘာတွေလဲဆိုတာ ဘယ်သူမှ နားမလည်နိုင်တော့ဘူး" ဟု သက်ပြင်းချရင်း ပြောလိုက်သည်။

ရွှီရန်: "..."

အမှန်စင်စစ် သူကိုယ်တိုင်လည်း ဤအခြေအနေကြောင့် အတော်ပင် ဇဝေဇဝါ ဖြစ်နေရပေသည်။

ကျင်းမြို့တော်ရှိ ကလေးသူငယ်များအားလုံး အိပ်မက်ဆိုးများ မက်နေကြသည်ကို သူသိသော်လည်း ၎င်းမှာ မည်ကဲ့သို့သော အိပ်မက်ဆိုးမျိုးဖြစ်သည်ကိုမူ သူ မသိရှိပေ။

မိခင်ဖြစ်သူနှင့် အခြားသော မိခင်များ၏ ပြောပြချက်များမှာလည်း တိကျမှုမရှိသည့်အပြင် လိုအပ်သော သတင်းအချက်အလက်များလည်း ပြည့်စုံစွာ မရရှိခဲ့ပေ။

ရွှီရန်က "ကလေးတွေရဲ့ အိပ်မက်ကမ္ဘာထဲမှာ တစ်စုံတစ်ရာသော မိစ္ဆာကောင် ပေါ်လာတာလားဟင်" ဟု မေးမြန်းလိုက်သည်။

လျူလီ၏ မိခင်က ခေါင်းညိတ်ပြကာ "...ဟုတ်တယ်သား" ဟု ပြန်ဖြေသည်။

"တိတိကျကျ ပြောရရင် အဲဒါက ဘယ်လိုမိစ္ဆာမျိုးလဲဟင်"

ယွီဟန်၏ မိခင်က "ဘယ်လိုပြောရမလဲ... ဖော်ပြရခက်တယ်။ အခု ဖုန်းယန်က အိပ်မက်ထဲက အဲဒီမိစ္ဆာပုံကို ဆွဲနေတယ်။ သား သွားကြည့်လို့ရပါတယ်။ သူက ပုံဆွဲတာ ဝါသနာပါတော့ သူဆွဲထားတဲ့ပုံက တကယ့်ကို အသက်ဝင်တယ်။ ဒါပေမဲ့ အဲဒီပုံကို ကြည့်ရုံနဲ့တင် စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်သွားနိုင်တယ်နော်" ဟု ရှင်းပြသည်။

ရွှီရန်က စပ်စုလိုစိတ်ဖြင့် "ဟုတ်ကဲ့... ကျွန်တော် သွားကြည့်လိုက်ဦးမယ်" ဟု ပြောလိုက်သည်။

မိခင်ဖြစ်သူက ရွှီရန်ကို လှမ်းဖမ်းကာ "သားလေး... မသွားပါနဲ့ သား ကြောက်နေဦးမယ်" ဟု တားမြစ်လေသည်။

ရွှီရန်က ပြုံးလျက် "မကြောက်ပါဘူး မေမေ။ ဘယ်လိုမိစ္ဆာမျိုးလဲဆိုတာ ကြိုမြင်ထားမှ နောက်တစ်ခါ အိပ်မက်မက်ရင် မကြောက်မှာပေါ့" ဟု ပြန်ပြောသည်။

မေမေက "...သားပြောတာလည်း ကျိုးကြောင်းဆီလျော်လွန်းလို့ မေမေတောင် ပြန်မပြောနိုင်တော့ဘူး"

"မေမေလည်း လိုက်ခဲ့မယ် အတူတူ ကြည့်ရအောင်"

မိခင်ဖြစ်သူက ရွှီရန်လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ သူမသည် သရဲတစ္ဆေများကို အကြောက်ဆုံးဖြစ်သော်လည်း ယခုအချိန်တွင်မူ သားဖြစ်သူ ကြောက်လန့်သွားပါက ပြန်လည်နှစ်သိမ့်ပေးနိုင်ရန် သတ္တိအားလုံးကို စုစည်းထားခြင်းဖြစ်သည်။

ဤသို့တွေးတောရင်း သူတို့သားအမိနှစ်ဦးသည် ပုံဆွဲနေသော ဖုန်းယန်၏ အနောက်သို့ ရောက်ရှိလာခဲ့ကြသည်။

အသက်ခြောက်နှစ်အရွယ် ဖုန်းယန်သည် အကာအကွယ်အမျိုးအစားစွမ်းရည်အခြေခံ ရှိသူဖြစ်ပြီး အရပ်အမြင့်မှာ ၁ မီတာ ၂၀ ခန့်သာ ရှိသည်။ ငါးနှစ်အရွယ် ရွှီရန်ထက် ၂၀ စင်တီမီတာ ပိုပုပြီး လျူလီထက်လည်း ၁၀ စင်တီမီတာခန့် ပိုပုသည်။

ယခုအချိန်တွင် ဖုန်းယန်၏ မျက်နှာမှာ ဖြူဖျော့နေပြီး နဖူးပေါ်တွင်လည်း ချွေးစက်များ ထင်ကျန်နေဆဲဖြစ်ရာ ထိုအိပ်မက်ဆိုးကြောင့် သူ အတော်ပင် ချွေးပြန်ခဲ့ရကြောင်း ထင်ရှားနေသည်။

သို့သော်လည်း ကျောင်းအုပ်ကြီးအတွက် သဲလွန်စများပေးနိုင်ရန် သူသည် ကြမ်းပြင်ပေါ်တွင် ထိုင်လျက် အံကြိတ်ကာ တုန်တုန်ယင်ယင်ဖြင့် ပုံဆွဲစက္ကူပေါ်၌ ပုံဖော်နေသည်။ သူ၏ မျက်နှာပေးမှာ အလွန်ပင် တည်ကြည်လေးနက်နေပြီး အသေးစိတ်ကိုပင် ဂရုတစိုက် ဆွဲနေခြင်းဖြစ်သည်။

မေမေက ထိုကလေးကို ကြည့်ကာ စိတ်မကောင်းဖြစ်လျက် "တကယ့်ကို စိတ်ဓာတ်ခိုင်မာတဲ့ ကလေးလေးပဲ..." ဟု ရေရွတ်မိသည်။

ရွှီရန်သည်လည်း ဖုန်းယန်၏ စိတ်ဓာတ်ခိုင်မာမှုအပေါ် အံ့အားသင့်သွားမိသည်။

တကယ့် ယောက်ျားကောင်းပဲ။ ဟိုတုန်းက ငါ သူ့ကို နှစ်ချက်လောက် ထိုးခဲ့တုန်းကတောင် သူ တစ်ခွန်းမှ မဟခဲ့ဘူး။ အခုလည်း တခြားကလေးတွေ အိပ်မက်ဆိုးကြောင့် ငိုယိုနေကြချိန်မှာ သူကတော့ ကြောက်ရွံ့မှုကို အောင့်အည်းပြီး ကျောင်းအုပ်ကြီးအတွက် သဲလွန်စရအောင် အိပ်မက်ထဲက ပုံရိပ်ကို ဖော်ပေးနေတယ်...

ရွှီရန်က လေးစားစွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ဖုန်းယန်၏ ရေဆေးပန်းချီကားပေါ်သို့ အကြည့်ရောက်သွားသည်။

ထိုအရာမှာ ပင်လယ်မျှော့နှင့်တူသော မိစ္ဆာကောင်ကြီး ဖြစ်သည်။ ၎င်း၏ ကိုယ်ထည်မှာ ထူးဆန်းသော ပူဖောင်းကြီးတစ်ခုကဲ့သို့ ဖောင်းကားနေသည်။ ထိုပင်လယ်မျှော့သတ္တဝါ၏ ဦးခေါင်းနေရာတွင်မူ ဖြူဖျော့ခြောက်ခြားဖွယ်ကောင်းပြီး နာကြည်းမှုများဖြင့် ပြူးကျယ်နေသော အမျိုးသမီးတစ်ဦး၏ မျက်နှာက ကပ်ငြိနေသည်။

အကယ်၍ ဤမျှသာဆိုလျှင် တစ်မြို့လုံးရှိ ကလေးများကို ငိုအောင် ခြောက်လှန့်နိုင်ရန် မလုံလောက်သေးပေ။

အကြောက်စရာအကောင်းဆုံးအပိုင်းမှာ ထိုလူမျက်နှာနှင့် ပင်လယ်မျှော့မိစ္ဆာကြီးထံမှ ခရမ်းရောင်သန်းသော ချက်ကြိုးပေါင်း ထောင်သောင်းချီ၍ ထွက်ပေါ်နေခြင်းပင်။ ထိုချက်ကြိုးများသည် မြွေပိုးကောင်များကဲ့သို့ လိမ်တွန့်လှုပ်ရှားနေပြီး ကြိုးတစ်ခုချင်းစီ၏ အဆုံးတွင် ကလေးငယ်အလောင်းတစ်ခုစီကို ဆုပ်ကိုင်ထားသည်။

ထိုကလေးငယ်များသည် ဇွန်ဘီများအဖြစ်သို့ ပြောင်းလဲနေပြီး အသားအရေမှာ အညိုပုပ်ရောင်သန်းလျက် စူးရှသော အစွယ်နှင့် လက်သည်းများ သွေးနီရောင်မျက်လုံးများနှင့် ကြောက်မက်ဖွယ်ကောင်းသော လျှာများဖြင့် နာကြည်းမှုများ ပြည့်နှက်နေကြသည်။

ကျိန်စာသင့်နေသော ကလေးသူငယ်များ၏ အကြည့်များသည် ပုံဆွဲစက္ကူကို ဖောက်ထွက်ကာ ရွှီရန်ကို စိုက်ကြည့်နေသကဲ့သို့ ရှိနေပြီး အချိန်မရွေး ခုန်အုပ်ကာ အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲပစ်တော့မည့်အတိုင်းပင်။

မေမေကတော့ ထိုပုံကို ဆက်မကြည့်ရဲတော့သဖြင့် မျက်နှာလွှဲလိုက်ရသည်။

ရွှီရန်လည်း အံ့ဩတုန်လှုပ်သွားရသည်။

"ဖုန်းယန်လေး... မင်းဆွဲထားတာက တကယ့်ကို အပြင်မှာ ရှိနေသလိုပဲ"

ဖုန်းယန်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ ဖြူဖျော့နေသော မျက်နှာကို ပွတ်သပ်ရင်း ခိုင်မာသော မျက်ဝန်းများဖြင့် "ဒီမှာရှိတဲ့သူတွေထဲမှာ အိပ်မက်ဆိုးကို ခံစားခဲ့ရပြီး စိတ်ကို ပုံမှန်အတိုင်း ထိန်းထားနိုင်တာ ငါတစ်ယောက်ပဲ ရှိတယ်လေ။ ကျောင်းအုပ်ကြီးတို့ သတင်းအချက်အလက် ပိုရအောင် ငါ အသေးစိတ်ကို မဖြစ်မနေ ဆွဲပေးရမယ်" ဟု ပြောလိုက်သည်။

"ဒီမိစ္ဆာက ကလေးတွေ ပိုပြီး အန္တရာယ်ဖြစ်အောင် လုပ်ချင်နေတာ သေချာတယ်။ ငါ့ရဲ့ အစွမ်းက မပြောပလောက်ပေမဲ့ ဒါကို တားဆီးဖို့ သတ်ပစ်ဖို့အတွက် ငါ တတ်နိုင်တာအကုန် လုပ်မှာပဲ"

ဖုန်းယန်သည် တုန်ယင်နေသော်လည်း သူ၏ ဆုံးဖြတ်ချက်ကမူ အလွန်ပင် ခိုင်မာနေသည်။

ရွှီရန်က လေးစားစွာဖြင့် ဘေးသို့ အနည်းငယ် ဆုတ်လိုက်ကာ "အဲဒီမိစ္ဆာမှာ ဇွန်ဘီကလေးလေးပေါင်း သောင်းနဲ့ချီပြီး တွဲလောင်းကျနေတာလား" ဟု မေးရာ ဖုန်းယန်က ခေါင်းညိတ်

ပြလိုက်သည်။

"ဟုတ်တယ်"

All Chapters