← Chapters

အခန်း (၅၀)

Vol. 5 Ch. 50

အခန်း (၅၀)

Vol. 5 Ch. 50

"အိပ်မက်ထဲမှာ တစ်ကောင်းကင်လုံးက အမှောင်အတိကျနေပြီး ကလေးငယ်တွေနဲ့ ပြည့်နှက်နေတာ။

နေရာအနှံ့မှာ သူတို့တွေချည်းပဲ အားလုံးက ထူးဆန်းတဲ့ အပြုံးတွေနဲ့ ခြောက်ခြားစရာကောင်းအောင် စိုက်ကြည့်နေကြတာ သူတို့က ငါ့ကို စူးစူးဝါးဝါး ကြည့်နေရင်းနဲ့ ဝိညာဉ်ကို ဆွဲထုတ်တော့မယ့်အတိုင်း စူးရှတဲ့ ရယ်သံတွေနဲ့ ဝိုင်းရယ်နေကြတယ်"

"အော်... ဟုတ်သားပဲ နောက်ပြီးတော့ နားထဲမှာ အရမ်းကို စွဲလမ်းသွားစေတဲ့ စူးရှလွန်းတဲ့ အော်သံကြီးတစ်ခုကိုလည်း ကြားနေရသေးတယ်။ ငါ့ကလေး ဘယ်မှာလဲ... ငါ့ကလေး ဘယ်မှာလဲ...တဲ့"

စကားအဆုံးတွင် ဖုန်းယန်သည် သူ၏ဝိညာဉ်ကို အစုပ်ယူခံလိုက်ရသည့်အလား ထိုအဖြစ်အပျက်ထဲသို့ အလုံးစုံ စိတ်ရောက်သွားပြီး တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ယင်ကာ ချွေးများလည်း တရစပ် ထွက်လာတော့သည်။

ရွှီရန်က ဖုန်းယန်၏ ပုခုံးကို ပုတ်လိုက်ပြီး "ဘာဖြစ်တာလဲ သတိထားစမ်း" ဟု သတိပေးလိုက်သည်။

ဖုန်းယန်သည် ထိတ်လန့်တကြား သတိပြန်ဝင်လာခဲ့သည်။ သူ၏ကျောပြင်မှာလည်း ရေခဲတုံးကြီး တစ်ခုကပ်ထားသကဲ့သို့ အေးစက်နေ၏။

"အင်း... ဒီမိစ္ဆာက ငါတို့ထဲမှာ နှလုံးသားကျောက်ဆူးတစ်ခု စိုက်ထူးထားခဲ့သလိုပဲ။ အဲဒီအကြောင်းကို တွေးလေလေ ပိုပြီး ရုန်းမထွက်နိုင်လေလေ ဖြစ်နေတာ"

"ဒါပေမဲ့ မတွေးဘဲလည်း မနေနိုင်ဘူး။ အဲဒါက တကယ်ကို ကြောက်စရာကြီးပဲ"

"ဟင် တကယ်ပဲ အဲဒီလောက်တောင် ဆန်းကြယ်နေတာလား"

ရွှီရန်မှာ အံ့အားသင့်သွားပြီး ဖုန်းယန်၏ ပုခုံးကို ညင်သာစွာ ဖိထားလိုက်သည်။

ထိုစဉ် သူ၏ ဦးနှောက်ထဲသို့ လျှပ်ခနဲ အတွေးတစ်ခု ဝင်လာသည်။ နောက်တစ်စက္ကန့်တွင် သူသည် သူ၏ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်ပြီး ဖုန်းယန်ကို ညင်သာစွာ နှစ်သိမ့်ရင်း သူ၏ ဦးနှောက်ထဲသို့ ဝင်လာသော ထိုအတွေးကို လက်တွေ့စမ်းသပ်ရန် ကြိုးစားလိုက်တော့သည်။

[သင်သည် ဖုန်းယန်အား နှစ်သိမ့်ရန် ကြိုးပမ်းနေစဉ် စွမ်းရည်အသစ်တစ်ခုကို ရရှိသွားခဲ့သည်။ ကြောက်ရွံ့ခြင်းကို နှင်ထုတ်ခြင်း အဆင့်ဆင့်တိုးတက်မှု၊ ကြောက်ရွံ့ခြင်းကို နှင်ထုတ်ခြင်း၊ အကြောက်တရားမဲ့သော မသိနားမလည်သူ၊ ကြောက်ရွံ့ခြင်းကို ဝါးမျိုသူ၊အမည်မသိ….]

မှော်အတတ်စွမ်းရည်တစ်ခု အမှန်တကယ် ပွင့်သွားခဲ့ခြင်းဖြစ်ပြီး ထိုစွမ်းရည်၏ အရည်အသွေးမှာ ဟန်ဆောင်သေဆုံးခြင်း မျက်လှည့်ကဲ့သို့ပင် မြင့်မားလှသည်။

[ကြောက်ရွံ့ခြင်းကို နှင်ထုတ်ခြင်း: အချိန်ပေးနိုင်သရွေ့ မိမိကိုယ်တိုင်နှင့် အခြားသူများထံမှ ကြောက်ရွံ့မှုများကို မည်သည့်အရင်းအမြစ်မှလာသည်ဖြစ်စေ ဖယ်ရှားပေးနိုင်သည်]

[အကြောက်တရားမဲ့သော မသိနားမလည်သူ: ဤစွမ်းရည်ကို အသုံးပြု၍ မိမိနှင့် ပစ်မှတ်ထားသူကို အကြောက်တရား လုံးဝမရှိသောသူများအဖြစ် ယာယီပြောင်းလဲနိုင်သည်]

[ကြောက်ရွံ့ခြင်းကို ဝါးမျိုသူ: ပတ်ဝန်းကျင်ရှိ ကြောက်ရွံ့မှုများနှင့် အရင်းအမြစ်များကို ဝါးမျိုကာ မိမိ၏ ခွန်အားကို မြှင့်တင်နိုင်သည်]

ဤအဆင့်သုံးဆင့်ရှိသော မှော်စွမ်းရည်များကို ဖတ်ရှုပြီးနောက် ရွှီရန်မှာ ကျေနပ်အားရစွာ ပြုံးလိုက်မိသည်။

လူသားများအနေဖြင့် နာကြည်းမှုနတ်ဘုရား၏ ညစ်ညမ်းမှုများကို ရင်ဆိုင်ရာတွင် အကြီးမားဆုံးသော အားနည်းချက်မှာ ရှင်းပြ၍မရဘဲ တိုးပွားလာတတ်သည့် ကြောက်ရွံ့စိတ်ပင်။

ထိုအချက်ကြောင့်ပင် တိုက်ပွဲတစ်ဝက်တွင် နောက်ဆုတ်သွားရသည်က များလှသည်။

တစ်ခါတစ်ရံတွင် ထိုညစ်ညမ်းမှုများကြောင့် စိတ်ပိုင်းဆိုင်ရာ ပြိုလဲကာ သေဆုံးသည်အထိ ဖြစ်တတ်သည်။ ရွှီရန်၏ အဖိုးအဖွားများနှင့် ဖခင်ဖြစ်သူတို့မှာလည်း ဤညစ်ညမ်းမှုဒဏ်ကြောင့်ပင် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ အသက်ပေးခဲ့ကြရသည်။

ယခုမူ သူ့ထံတွင် ထိုနာကြည်းမှုနတ်ဘုရားညစ်ညမ်းမှုများကို သဘာဝအတိုင်း ပြန်လည်ခုခံနိုင်သည့် မှော်စွမ်းရည်တစ်ခု ရှိနေပြီဖြစ်သည်။

"အင်း... ဒီမှော်စွမ်းရည်ကတော့ အနာဂတ်မှာ တကယ်ကို အသုံးဝင်လာမှာ သေချာတယ်"

ရွှီရန်သည် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။ မှော်အတတ်စွမ်းရည်တစ်ခုကို စတင်အသက်သွင်းနိုင်ခဲ့ပြီဖြစ်ရာ နောက်ထပ်လုပ်ဆောင်ရမည့် အရာများက ပို၍လွယ်ကူသွားတော့မည်။

ထိုစွမ်းရည်ကို ထပ်ခါတလဲလဲ အသုံးပြုရန်သာ လိုအပ်သည်။ ရိုးရှင်းပြီး တိုက်ရိုက်ကျကာ မြန်ဆန်ပြီး ထိရောက်မှုရှိသည်။

ထို့ကြောင့် သူသည် ကြောက်ရွံ့ခြင်းကို နှင်ထုတ်ခြင်းစွမ်းရည်ကို အဆက်မပြတ် အသုံးပြုပြီး ဖုန်းယန်ကို ထပ်ခါတလဲလဲ နှစ်သိမ့်ပေးနေတော့သည်။

အစပိုင်းတွင် ဖုန်းယန်သည် ရွှီရန်ကို အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်မိသည်။ ရွှီရန်မှာ တစ်ခုခုကို ရွတ်ဖတ်နေသလိုမျိုး စကားများလွန်းနေသဖြင့် သူ၏ ဦးရေပြားပင် တစိမ့်စိမ့် ဖြစ်လာရသည်။

သို့သော် အကြိမ်နှစ်ဆယ်ခန့် နှစ်သိမ့်ပေးပြီးနောက်...

ဖုန်းယန်သည် သူ့ကိုယ်သူ ပြန်လည်တည်ငြိမ်လာသည်ကို အံ့ဩစွာ တွေ့ရှိလိုက်ရသည်။ သူ၏ စိတ်ထဲမှ ကြောက်ရွံ့မှုများမှာ တဖြည်းဖြည်းချင်း အထုတ်ယူခံလိုက်ရသကဲ့သို့ပင်...။ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမှာလည်း တဖြည်းဖြည်း ပြန်လည်ရရှိလာပြီး တုန်ယင်ခြင်းနှင့် ချွေးစက်များ ထွက်လာခြင်းတို့မှာလည်း အလိုအလျောက် ရပ်တန့်သွားတော့သည်။

ဖုန်းယန်: "….."

"ဟင် ငါ တကယ်ကြီး မကြောက်တော့ဘူးလား မယုံနိုင်စရာပဲ... ငါ မကြောက်တော့ဘူး မင်းရဲ့ နှစ်သိမ့်မှုတွေက တကယ်ပဲ အလုပ်ဖြစ်သွားတာလား"

ဖုန်းယန်သည် ရုတ်တရက် ခေါင်းကိုလှည့်ကာ ရွှီရန်ကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများတွင် စူးစမ်းလိုစိတ်နှင့် သံသယများ ပြည့်နှက်နေသည်။

ရွှီရန်လေးက သူ့ကို ကိုယ်ခံပညာ သင်ပေးနိုင်ရုံတင်မကဘဲ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကောင် စိုက်ပျိုးထားခဲ့သည့် အကြောက်တရားကျိန်စာကိုပါ ပျောက်ကွယ်အောင် လုပ်ပေးနိုင်တာလား။

နားလည်သဘောပေါက်မှု အခြေခံဆိုတာ တကယ်ပဲ အဲဒီလောက်အထိ အစွမ်းထက်တာလား။

ဖုန်းယန်က အံ့အားသင့်စွာဖြင့် "အစ်ကို... ဒါ မင်းလုပ်လိုက်တာလား မင်း... မင်းက..."

ရွှီရန်က ခပ်ဖျော့ဖျော့လေး ပြုံးလိုက်ပြီး ဘာမှအများကြီး ရှင်းမပြဘဲ "အိပ်မက်ဆိုးရဲ့ အရင်းအမြစ်နဲ့ ပတ်သက်ပြီး တခြား အသေးစိတ် သိထားတာလေးတွေ ရှိသေးလား" ဟုသာ မေးလိုက်သည်။

ဖုန်းယန်က အလေးအနက် စဉ်းစားလိုက်ပြီး "နောက်ထပ်တော့ မရှိတော့ဘူးထင်တယ်... တကယ်တော့ အိပ်မက်ဆိုးက အရမ်းတိုတယ်။ အဲဒီမိစ္ဆာက ထူးဆန်းတဲ့ပုံစံနဲ့ ငါ့ရဲ့အိပ်မက်ကမ္ဘာထဲကို တိုးဝင်လာပြီး ငါ့မျက်စိရှေ့တင် ရုတ်တရက်ကြီး ကြီးမားလာတာ။ အဲဒီဧရာမ အမျိုးသမီးမျက်နှာကြီးက အရမ်းကို ခြောက်ခြားဖို့ကောင်းသလို ထောင်သောင်းချီတဲ့ ထူးဆန်းတဲ့ကလေးငယ်တွေကလည်း ရက်ရက်စက်စက် ရယ်မောရင်း ငါ့မျက်နှာဆီ ခုန်အုပ်လာကြတယ်။ အဲဒီမှာတင် ငါနိုးလာတာပဲ"

"တခြားကလေးတွေလည်း ငါ့လိုမျိုး အိပ်မက်ဆိုးပဲ မြင်ခဲ့ကြမယ်ထင်တယ်..."

"ဒီအိပ်မက်ဆိုးရဲ့ အထူးဆန်းဆုံးအချက်က နိုးလာတဲ့အချိန်မှာတောင် အဲဒီအကြောင်းကိုပဲ ထပ်ခါထပ်ခါ ပြန်တွေးမိနေပြီး ကြောက်စိတ်က မပြယ်နိုင်တာပဲ"

ရွှီရန်က လေးနက်စွာ ကြည့်ရင်း "ကောင်းပြီ ငါနားလည်ပြီ" ဟု ပြောလိုက်သည်။

သူ့တွင် အနည်းငယ် ခန့်မှန်းမိသောအချက် ရှိသည်။

အိပ်မက်ဆိုး နာကြည်းမှုမိခင်၏ ချက်ကြိုးသည် ထောင်သောင်းချီသော ထူးဆန်းသည့်ကလေးငယ်များနှင့် ဆက်သွယ်ထားသည်။ ထိုကလေးအများစုမှာ နှင်းစက်ဖြစ်ရပ် သုံးကြိမ်အတွင်း ပျောက်ဆုံးသွားခဲ့သော ကလေးများ၏ ရုပ်အလောင်းများ ဖြစ်နိုင်ခြေရှိသည်။

နှင်းစက်ဖြစ်ရပ်တစ်ခုစီအပြီးတွင် ရုပ်အလောင်းများကို ရှာမတွေ့ခြင်းမှာ ထိုဖြစ်ရပ်သည် ကလေးများကို အိပ်မက်ဆိုး နာကြည်းမှုမိခင်ထံသို့ ပူဇော်သက္ကာပြုနိုင်သည့် ဗီဇစွမ်းရည်ရှိနေသောကြောင့် ဖြစ်နိုင်သည်။

ထိုမိစ္ဆာသည် တစ်မြို့လုံးရှိ ကလေးများ၏ အိပ်မက်ကမ္ဘာထဲသို့ အိပ်မက်ဆိုးများ ထည့်သွင်းပေးနိုင်သည့် အဆင့်မြင့် ဝိညာဉ်သတ္တဝါဖြစ်ပြီး ခေါင်းပေါင်းထောင်သောင်းချီ ရှိနေခြင်းကြောင့် ၎င်းသည် စိတ်ဝိညာဉ်စွမ်းအင်အသုံးပြုသူ ဖြစ်နိုင်ခြေ ၇၀ ရာခိုင်နှုန်းရှိသည်။ ၎င်း၏ စိတ်ဝိညာဉ်စွမ်းအားက ဧကန်မုချ အလွန်ကြီးမားပေလိမ့်မည်။

ရွှီရန်သည် အသက်ကို ပြင်းပြင်းရှူကာ မျက်မှောင်ကြုတ်လျက် အပြင်းအထန် စဉ်းစားနေသည်။ သို့သော် ပတ်ဝန်းကျင်မှ တိုးလာသော ငိုယိုသံများကြောင့် စိတ်တည်ငြိမ်ရန် ခက်ခဲနေသည်။ ကလေးငယ်အချို့ဆိုလျှင် မေ့မြောသွားသည်အထိ ငိုနေကြရှာသည်။

ရွှီရန်: "ခန့်မှန်းနေဖို့ အချိန်မရှိတော့ဘူး ကလေးတွေကို အမြန်ဆုံး နှစ်သိမ့်ပေးရမယ်။ ပြီးတော့ ငါ့ရဲ့ စွမ်းရည်တိုးတက်မှုကိုလည်း မြှင့်တင်ရမယ်"

သို့သော် သူ စတင်လုပ်ဆောင်တော့မည့် အချိန်မှာပင် လုယာသည် ခန်းမအတွင်းသို့ အလျင်အမြန် ဝင်ရောက်လာပြီး ကျောင်းအုပ်ကြီး၏ ရှေ့တွင် ရပ်လိုက်သည်။

"အစ်ကိုကြီးချန်... စိတ်မကောင်းပါဘူး။ အလင်းမှော်အတတ်က ကလေးတွေရဲ့ ကြောက်

စိတ်ကို မဖယ်ရှားပေးနိုင်ဘူး။ ကျွန်မတို့ဆီမှာ အဆင့်မြင့် စိတ်ငြိမ်စေတဲ့ စွမ်းရည်ရှိတဲ့ စိတ်

ဝိညာဉ်ကျင့်ကြံသူတစ်ယောက် လိုအပ်နေပြီ"

ကျောင်းအုပ်ကြီးက "ဒါဆိုရင် မြို့ထဲက တစ်ယောက်ယောက်ကို ချက်ချင်း စီစဉ်လိုက်မယ်" ဟု ပြောလိုက်သည်။

လုယာက သက်ပြင်းချကာ "အပိုအလုပ်တွေ မလုပ်ပါနဲ့တော့။ ကျင်းမြို့တော်မှာ အဲဒီလို အဆင့်မြင့်စွမ်းရည်ရှိတဲ့ စိတ်ဝိညာဉ်ကျင့်ကြံသူ ဆယ်ယောက်ပဲ ရှိတာ။ သူတို့အားလုံး မိနစ်နှစ်ဆယ်အတွင်းမှာတင် အားအင်တွေ ကုန်ခမ်းသွားကြပြီ။ ဒီကို အမြန်ရောက်လာနိုင်မှာ မဟုတ်ဘူး"

"တစ်မြို့လုံးမှာရှိတဲ့ အသက် ၇ နှစ်အောက် ကလေးအားလုံး ကြောက်လန့်တကြား ငိုနေကြတာ။ စဉ်းစားကြည့်ဦး ကျင်းမြို့တော်မှာ အသက် ၇ နှစ်အောက် ကလေး သုံးသိန်းလောက် ရှိတယ်။ ကျင့်ကြံသူ တစ်ယောက်ချင်းစီက ကလေး သုံးသောင်းကို ကိုင်တွယ်ရမှာလေ။ သူတို့ ဘယ်လိုလုပ် တတ်နိုင်မှာလဲ"

All Chapters