အခန်း (၂၂၈၁-၂၂၈၂)
Vol. 169 Ch. 2281-2282
အခန်း(၂၂၈၁)
ကျန်းချန်၏ မျက်ဝန်းများက တောက်ပသွားခဲ့သည်။
သူက ကျန်းယွိကို မေးမြန်းရန် ပြင်လိုက်သော်လည်း ကျန်းယွိ မရောက်သေးသည်ကို မြင်လျှင် မျက်ဝန်းများကို မှိတ်ကာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ထိန်းချုပ်လိုက်သည်။
သိပ်မကြာခင်မှာပင် ရင်ပြင်ပေါ်ရှိ လူများသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။
“ဟိုမှာကြည့်စမ်း.. အဲဒါ ကျန်းတော်ဝင်မိသားစုက ကျန်းရွမ် မဟုတ်လား”
ပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသော အော်သံများကို ကြားလျှင် ကျန်းချန်သည် မျက်ဝန်းများကို ဖွင့်ကာ မော့ကြည့်လိုက်သည်။
ထိုအခါ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ခန့်ညားသည့် လူငယ် တစ်ဦးသည် ကောင်းကင်ယံကနေ ရင်ပြင်ဆီသို့ ဆင်းသက်လာသည်ကို သူမြင်လိုက်ရ၏။
ထိုလူငယ်က ဆံပင်ရှည်များကို ဖားလျားချထားပြီး ရွှေရောင် သရဖူတစ်ခုနှင့် စည်းနှောင်ထား၏။
သူ၏ ရွှေရောင်ဝတ်စုံပေါ်တွင် လူသားဧကရာဇ်ဓား၏ အမှတ်သင်္ကေတဖြစ်သာ တောင်တန်းများ၊ မြစ်ချောင်းများနှင့် သစ်ပင်တောအုပ်များကို နေ၊လ၊ကြယ်တာရာများနှင့်အတူ ပုံဖော် ချုပ်လုပ်ထား၏။
သူ၏ မျက်နှာအသွင်အပြင်က ခန့်ညားချောမောပြီး မျက်စိသူငယ်အိမ်များသည် ကောင်းကင်ယံ ကဲ့သို့ ကျယ်ပြောလှသဖြင့် မြင်ရသူကို ကြီးမားသော ဖိအားများ ပေးစွမ်းနိုင်စွမ်း ရှိသည်။
“ဒီကောင်က အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းရဲ့ ဒုတိယနေရာမှာ ရှိနေတဲ့သူလား.. တကယ်ကို သာမန်မဟုတ်ဘူးပဲ”
ကျန်းရွမ်ကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ထိုလူငယ်၏ ကျင့်ကြံခြင်းအဆင့်သည် သူ့ထက် ပို၍ မြင့်မားနိုင်ဖွယ် ရှိပြီး အနည်းဆုံး နတ်ဘုရင် ပဉ္စမအဆင့်သို့ ရောက်ရှိနေလောက်ပြီ ဖြစ်၍ အလွန်အစွမ်းထက်သော ပြိုင်ဘက်တစ်ဦးဖြစ်သည်။
နတ်ဘုရင် စတုတ္ထအဆင့်သို့ ထိုးဖောက်ထားသော ကျီချန်းယဲ့ပင်လျှင် ကျန်းရွမ်ကို ယှဥ်နိုင်ရန် အလှမ်းဝေးလွန်းနေခဲ့၏။
အကယ်၍ သူသာ ယနေ့တွင် မတားဆီးနိုင်ခဲ့လျှင် ကျန်းရွမ်သည် လူသားဧကရာဇ် ဖြစ်လာပေလိမ့်မည်။
ကျန်းချန်က ကျန်းရွမ်ကို တိတ်တဆိတ် အကဲခတ်နေစဥ်မှာပင် ရင်ပြင်ထက်ရှိ လေထုထဲတွင် ရုတ်တရတ် နေရာလွတ်လှိုင်းလုံးတစ်ခု ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့သည်။
“ဝုန်း..”
မကြာခင်မှာပင် ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးသည် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
“အားလုံးပဲ ငါက လူသားဧကရာဇ် စစ်ဆေးပွဲကို ကြီးကြပ်ဖို့ တာဝန်ယူမဲ့ ကျန်းထျန်းကျွင်းပါ”
ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုက ရင်ပြင်ပေါ်မှ ကျင့်ကြံသူများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက်တွင် တည်ငြိမ်စွာ ပြောလိုက်သည်။
“အချိန်ကျပြီဖြစ်လို့ လူသားဧကရာဇ်စစ်ဆေးပွဲ စတင်ပြီလို့ ကြေညာလိုက်ပါတယ်”
ကျန်းချန်က အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ယနေ့ခေတ်တွင် ကျန်းချန်သည် နတ်ကုန်းမြေတိုက်၏ အသန်မာဆုံးနတ်ဘုရင် စာရင်းနှင့် ပတ်သက်၍ အတော်လေးနားလည်ထားခဲ့ပြီ ဖြစ်သည်။
“တကယ်ပဲ နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူပါလား”
ကျန်းထျန်းကျွင်း ဆိုသည်မှာ လူသားဧကရာဇ်နန်းတော်၏ ကျန်းတော်ဝင်မိသားစုမှ နတ်ဘုရင် သတ္တမအဆင့် နတ်ဘုရင်တစ်ပါး ဖြစ်ကာ အသန်မာဆုံး နတ်ဘုရင်စာရင်းတွင် အဆင့် ၈၃ နေရာ၌ ရှိပြီး တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ ဘိုးဘေးယိုဖိုထျန်းထက် နှစ်ဆင့်ပို၍ မြင့်မားသည်။
ကျန်းထျန်းကျွင်းကို ကြည့်ရင်း ကျန်းချန်သည် မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။
လူသားဧကရာဇ်စစ်ဆေးပွဲ စတင်တော့မည် ဖြစ်သော်လည်း သူ၏ ဖခင်သည် အဘယ်ကြောင့် ပေါ်မလာသေးပါသနည်း။
သိထားရမည့်အချက်မှာ သူ၏ ဖခင်ကျန်းဝူရသည် လွန်ခဲ့သော နှစ်ပေါင်းသန်းချီက ပျောက်ကွယ်သွားသော လူသားဧကရာဇ်နန်းတော်မှ ပါရမီရှင်နှင့် ထူးခြားသော ပတ်သက်မှုရှိသူ ဖြစ်သည်။
ကျိုးကြောင်းဆီလျော်စွာ တွေးမည်ဆိုလျှင် အကယ်၍ သူ့ဖခင်သာ ကျန်းမျိုးနွယ်စု၏ ဘိုးဘွားနယ်မြေမှ အမှန်တကယ် ထွက်လာခဲ့လျှင် လူသားဧကရာဇ် စစ်ဆေးပွဲကို သေချာပေါက် ပျက်ကွက်လိမ့်မည် မဟုတ်ပေ။
ကျန်းချန် အတွေးနက်နေစဥ်မှာပင် လေထုထဲ၌ ပြင်းထန်သော နေရာလွတ်လှိုင်းလုံး တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ရယ်မောသံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ရုတ်တရက် ထွက်ပေါ်လာသည့် ရယ်သံကို ကြားလျှင် ကျန်းချန်၏ မျက်ဝန်းများ၌ စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
သူက လေထုထဲကို မော့ကြည့်လိုက်ရာ ထူးခြားသောအရှိန်အဝါရှိသည့် သန်မာထွားကျိုင်းသော ပုံရိပ်တစ်ခုသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။
ထိုပုံရိပ်သည် သူ၏မှတ်ဥာဏ်ထဲရှိ ရင်းနှီးသော ပုံရိပ်တစ်ခုနှင့် အံ့ဩဖွယ်ကောင်းလောက်အောင် ထပ်တူကျနေခဲ့၏။
ရှန်းဝူတိုက်ကနေ ရွှယ်လင်ကုန်းမြေတိုက်၊ ထို့နောက်တွင် နတ်ဘုရားနယ်မြေအထိ ကျန်းချန်သည် သူ၏ ဖခင် ကျန်းဝူရ၏ သဲလွန်စများကို လိုက်လံရှာဖွေနေခဲ့ခြင်း ဖြစ်သည်။
ယခု ဆယ်စုနှစ် အနည်းငယ် ကုန်ဆုံးသွားပြီး နောက်တွင်မူ နတ်ကုန်းမြေတိုက်၏ လူသားဧကရာဇ်နန်းတော်တွင် သူ၏ ဖခင်ကျန်းဝူရကို အဆုံးသတ်၌ တွေ့ရှိခဲ့ချေပြီ။
ကျန်းချန်က သူ၏ စိတ်လှုပ်ရှားမှုကို အတင်းအကျပ် ထိန်းချုပ်လိုက်သည်။
သူက ကျန်းဝူရဆီသို့ အလျင်စလို သွားရောက် မနှုတ်ဆက်ခဲ့ပေ။
ထိုအခိုက်အတန့်တွင် ကျန်းဝူရ ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိလျှင် သူ၏ စိတ်ထဲ၌ အတော်လေး တုန်လှုပ်သွားခဲ့သည်။
“ဟားဟား လူသားဧကရာဇ်စစ်ဆေးပွဲက ငါကျန်းဝူရ မပါဘဲ ဘယ်လိုလုပ်ပြီး ကျင်းပလို့ဖြစ်မှာလဲ”
“နတ်ဘုရင် သတ္တမအဆင့်ပါလား”
သူ့ဖခင်၏ အရှိန်အဝါသည် ကျန်းထျန်းကျွင်း ကဲ့သို့ မွန်းစတားအိုကြီးများနှင့် နှိုင်းယှဥ်လျှင်ပင် အနည်းငယ်မျှ မနိမ့်ကျပေ။
သူ့ဖခင် ကျန်းဝူရ၏ ကျင့်ကြံခြင်းအဆင့်က ဤမျှလောက်အထိ အစွမ်းထက်သော အဆင့်သို့ ရောက်ရှိနေလိမ့်မည်ဟု ကျန်းချန် တစ်ခါမျှ မတွေးထားခဲ့ချေ။
“ကျန်းဝူရ”
ရင်ပြင်၏ အထက်တွင် ပေါ်ထွက်လာသော ကျန်းဝူရကို မြင်လျှင် ကျန်းထျန်းကျွင်း၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
သူက ကျန်းဝူရကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်၏။
“ကျန်းဝူရ.. လူသားဧကရာဇ်ပွဲရဲ့ စည်းမျဥ်းအရ သက်တမ်းနှစ်တစ်သောင်း မကျော်တဲ့ လူငယ်ပါရမီရှင်တွေပဲ ပါဝင်ခွင့်ရှိတယ်.. မင်းက ဒီကို ဘာလာလုပ်တာလဲ”
ကျန်းဝူရ၏ သွေးမျိုးဆက် ပါရမီသည် အလွန်တရာပင် မြင့်မားပြီး ကျန်းရွမ်နှင့် နှိုင်းယှဥ်လျှင်ပင် အနည်းငယ်မျှသာ နိမ့်ကျသည်။
အထူးသဖြင့် ကျန်းမျိုးနွယ်စု၏ ဘိုးဘွားနယ်မြေထဲသို့ ဝင်ရောက်ပြီးနောက်တွင် ကျန်းဝူရ၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင် သတ္တမအဆင့်အထိ ရောက်ရှိသွားခဲ့ပြီး တိုက်ခိုက်ရေးစွမ်းရည်တွင်လည်း နတ်ဘုရင် သတ္တမအဆင့်ရှိ အခြားသော ကျင့်ကြံသူများထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေခဲ့၏။
အကယ်၍ ကျန်းဝူရသာ လူသားဧကရာဇ် စစ်ဆေးပွဲတွင် ပါဝင်ခဲ့လျှင် လူသားဧကရာဇ် ရာထူးသည် ကျန်းဝူရ၏ လက်ထဲသို့ မလွဲမသွေ ကျရောက်သွားပေလိမ့်မည် မဟုတ်ပါလော။
ကျန်းဝူရက ကျန်းထျန်းကျွင်းကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
“လူသားဧကရာဇ်စစ်ဆေးပွဲက အရည်အချင်းပေါ်မှာပဲ အခြေခံခဲ့တယ်.. ဒီလို စည်းမျဥ်းမျိုးရှိတယ်လို့ ငါတစ်ခါမှ မကြားဖူးဘူး”
“ဝုန်း.. ဝုန်း..”
ကျန်းဝူရ၏ စကားအဆုံးမှာပင် လေထုထဲတွင် နောက်ထပ် ပုံရိပ်နှစ်ခု ထပ်မံ ပေါ်ပေါက်လာခဲ့၏။
ထိုပုံရိပ်နှစ်ခုထဲမှ မျက်ခုံးဖြူ အဘိုးအိုက ကျန်းဝူရကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။
“ကျန်းဝူရ.. ဒီတစ်ကြိမ်ကျင်းပတဲ့ လူသားဧကရာဇ် စစ်ဆေးပွဲရဲ့ စည်းမျဥ်းတွေကို ငါတို့တွေ ဆုံးဖြတ်ထားတာပဲ.. လူသားဧကရာဇ်စစ်ဆေးပွဲကို မင်း ပါဝင်ခွင့်မရှိဘူး.. အခုချက်ချင်း ဒီနေရာကနေ ထွက်သွားလိုက်တော့”
ထိုစကားကိုကြားလျှင် ကျန်းဝူရ၏ မျက်နှာသည် ချက်ချင်းဆိုသလိုပင် အလွန်တရာ သုန်မှုန်သွားခဲ့သည်။
လူသားဧကရာဇ်နန်းတော်မှ ဤအဘိုးကြီးများသည် သိသိသာသာပင် ကြိုတင်၍ ညှိနှိုင်းထားခဲ့ကြပြီး သူ့ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားရန်အတွက် ဤကဲ့သို့ စည်းမျဥ်း တစ်ခုကိုပင် တမင်တကာ ထုတ်ပြန်ခဲ့သည်။
ကျန်းဝူရက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး စကားပြောရန် ပြင်လိုက်စဥ်မှာပင် ရင်ပြင်အထက်ရှိ ကောင်းကင်ယံကနေ ခပ်ထေ့ထေ့ စကားသံ တစ်သံ ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။
“အဖေ.. သူတို့က အဖေ့ကို ပါဝင်ခွင့်မရှိဘူးလို့ ဆိုနေမှတော့ ဒီလူသားဧကရာဇ် စစ်ဆေးပွဲကို အဖေ့ကိုယ်စား ကျွန်တော်ပဲ ဝင်ပြိုင်လိုက်ပါ့မယ်”
ရုတ်တရက် ထွက်ပေါ်လာသော စကားသံကိုကြားလျှင် ရင်ပြင်ပေါ်ရှိ လူတိုင်းသည် မှင်တက်သွားခဲ့ကြသည်။
ကျန်းဝူရက ချက်ချင်းပင် အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုအခါ သူ့ဆီသို့ တည်ငြိမ်စွာ လျှောက်လှမ်းလာသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးကို မြင်လိုက်ရ၏။
ထိုလူငယ်၏ ခန္ဓာကိုယ်မှ ရင်းနှီးသော အရှိန်အဝါကို ခံစားမိလျှင် သူ၏ မျက်ဝန်းများ၌ စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
“ချန်.. ချန်အာ မင်းလား”
ကျန်းချန်က သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ကာ ခေါင်းညိတ်၍ ပြောလိုက်သည်။
“အဖေ ကျွန်တော်ချန်အာပါ.. နောက်ဆုံးတော့ အဖေ့ကို ရှာတွေ့ပြီ”
“ဟားဟား သိပ်ကောင်းတယ် ချန်အာ.. မင်းက တကယ်ပဲ ငါ့ကို စိတ်မပျက်စေခဲ့ဘူး”
ကျန်းဝူရက ကျယ်လောင်စွာ ရယ်မော၍ ပြောလိုက်သည်။
သူ ရှန်းဝူတိုက်ကနေ ထွက်ခွာလာစဥ်က ကျန်းချန်သည် သွေးစွမ်းအားများ ချိတ်ပိတ်ခံထားရပြီး ကျင့်ကြံခြင်းလမ်းစဥ်ကိုပင် မလျှောက်လှမ်းရသေးသည့် ကလေးငယ်တစ်ဦးမျှသာ ဖြစ်သည်။
သူ၏ သားဖြစ်သူက တစ်နေ့နေ့တွင် အခက်အခဲများကို ကျော်လွှားပြီး ကြီးပြင်းလာလိမ့်မည်ဟု ယုံကြည်ခဲ့သော်လည်း ကျန်းချန်က သူ၏ ခြေရာကို တစ်ထပ်တည်း နင်းနိုင်သည်အထိ ကြီးပြင်းလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကျန်းဝူရ၏ မြင်နိုင်စွမ်းအရ ကျန်းချန်သည် နတ်ဘုရင် စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက်မှန်း မြင်နိုင်ရန် မခက်ခဲပေ။
ယင်းက နတ်ကုန်းမြေတိုက်ရှိ ကျန်းရွမ်နှင့် အခြားသော ထိပ်တန်း ပါရမီရှင်များနှင့် နှိုင်းယှဥ်လျှင်ပင် အနည်းငယ်မျှ မနိမ့်ကျချေ။
ကျန်းဝူရက အလွန်တရာ စိတ်ရွှင်လန်းနေပြီး ကျန်းထျန်းကျွင်းတို့ သုံးဦးကို စူးစိုက်ကြည့်လိုက်သည်။
သူ၏ အေးစက်စက် အသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့၏။
“ကျန်းထျန်းကျွင်း.. မင်းက လူသားဧကရာဇ်စစ်ဆေးပွဲကို ငါပါဝင်ခွင့်မရှိဘူးလို့ ပြောခဲ့တယ်.. အဲဒါကို ငါလက်ခံတယ်.. ဒါပေမဲ့ ငါ့ရဲ့သား ကျန်းချန်ကိုတော့ လူသားဧကရာဇ် စစ်ဆေးပွဲမှာ ပါဝင်ခွင့်ပေးရမယ်”
အခန်း(၂၂၈၁)ပြီး၏။
အခန်း(၂၂၈၂)
ကျန်းဝူရ၏စကားသည် ကျန်းထျန်းကျွင်းနှင့် ကျန်အဘိုးအို နှစ်ဦးကို မျက်နှာပျက်သွားစေခဲ့သည်။
လူသားဧကရာဇ်စစ်ဆေးပွဲတွင် ကျန်းဝူရ ပါဝင်ခွင့် ဆုံးရှုံးသွားစေရန် အတွက် သူတို့သည် ကျန်းဝူရကို ကန့်သတ်ရန် အထူးစည်းမျဥ်း တစ်ခုကို ညှိနှိုင်းကာ ထုတ်ပြန်ခဲ့ကြသည်။
သို့သော်လည်း ကျန်းဝူရကို ထိုစည်းမျဥ်းဖြင့် ကန့်သတ်လိုက်ပြီးနောက်တွင် ကျန်းဝူရ၏ သားဖြစ်သူက ရုတ်တရက်ပေါ်ထွက်လာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
သူတို့အနေဖြင့် ကျန်းချန်ကို လူသားဧကရာဇ် စစ်ဆေးပွဲတွင် မပါဝင်စေချင်သော်လည်း ထိုကောင်လေးသည် လူသားဧကရာဇ်စစ်ဆေးပွဲ၏ ပါဝင်ခွင့် စည်းမျဥ်းများနှင့် လုံးဝကိုက်ညီမှု ရှိနေသဖြင့် ကျန်းချန်ကို တားဆီးရန် မဖြစ်နိုင်ပေ။
မည်သို့ပင်ဖြစ်စေကာမူ ကျန်းဝူရကို လူသားဧကရာဇ်စစ်ဆေးပွဲတွင် ပါဝင်ခွင့်ပေးလိုက်သည်ထက်စာလျှင် ထိုကောင်လေးကို ပါဝင်ခွင့်ပေးလိုက်ခြင်းသည် ပို၍ ကောင်းမွန်သည် မဟုတ်ပါလား။
ဆိုရလျှင် ကျန်းဝူရသည် ကျန်းမျိုးနွယ်စု၏ ဘိုးဘွားနယ်မြေသို့ ဝင်ရောက်ပြီးနောက်တွင် ကျင့်ကြံခြင်းအဆင့် တစ်ဟုန်ထိုး တိုးတက်သွားခဲ့ပြီး နတ်ဘုရင် သတ္တမအဆင့်သို့ ရောက်ရှိသွားခဲ့ကာ တိုက်ခိုက်ရေးစွမ်းရည်တွင်လည်း သာမန် နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူများထက် များစွာ သာလွန်နေခဲ့သည်။
နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူများ ဖြစ်သည့် သူတို့ပင် ကျန်းဝူရကို အနိုင်ရရန် အခွင့်အရေး မရှိသလောက် ဖြစ်၏။
အကယ်၍ ကျန်းဝူရသာ လူသားဧကရာဇ် စစ်ဆေးပွဲတွင် ပါဝင်ခဲ့လျှင် ကျိန်းသေပေါက် လူသားဧကရာဇ် ဖြစ်လာပေလိမ့်မည်။
ကျန်းချန် အမည်ရှိ ထိုကောင်လေးကမူ အလွန် ထူးခြားသော ပါရမီရှင်တစ်ဦး ဖြစ်ပြီး နတ်ဘုရင်စတုတ္ထအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သော်လည်း ကျန်းမျိုးနွယ်စု၏ နံပါတ်တစ်ပါရမီရှင်ဖြစ်သည့် ကျန်းရွမ်နှင့် နှိုင်းယှဥ်လျှင် အနည်းငယ် လိုအပ်ချက် ရှိနေသေး၏။
ထို့ကြောင့် ကျန်းထျန်းကျွင်းက ဤကိစ္စနှင့် ပတ်သက်၍ စကားများစွာ ပြောမနေတော့ပေ။
သူက ဆန်းကြယ်သော လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ပြီး ရင်ပြင်၏ အလယ်ဗဟိုရှိ ကွက်လပ် ဆီသို့ အဆက်မပြတ် ရိုက်ထုတ်လိုက်သည်။
ရင်ပြင်တစ်ခုလုံးသည် ငလျင်လှုပ် သကဲ့သို့ မြေပြင်ကနေ စတင်၍ တုန်ခါလာခဲ့၏။
“ဝုန်း..”
“ဝုန်း..”
ကျယ်လောင်သော အသံများနှင့်အတူ ရင်ပြင်အလယ်ရှိ မြေကွက်လပ်ကနေ ရှေးခေတ်အရှိန်အဝါများ ထွက်ပေါ်နေသည့် ဆန်းကြယ်သော အဆောက်အအုံတစ်ခုသည် မြေကြီးအောက်ကနေ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က ထိုအဆောက်အအုံကိုမြင်လျှင် အနည်းငယ် အံ့အားသင့်သွားခဲ့၏။
“အဖေ ဒါက ဘာအဆောက်အဦးလဲ”
“ဒါက လူသားဧကရာဇ်မျှော်စင်ပဲ”
“လူသားဧကရာဇ်နန်းတော်ရဲ့ လူသားဧကရာဇ် အားလုံးက ဒီထဲကပဲ မွေးဖွားလာခဲ့ကြတယ်.. လူသားဧကရာဇ်မျှော်စင်ထဲမှာ မျိုးဆက် အဆက်ဆက်က လူသားဧကရာဇ်တွေ ချန်ထားရစ်ခဲ့တဲ့ စိတ်ဆန္ဒတွေရှိတယ်.. ဒီမျှော်စင်ထဲကို ဝင်ရောက်ပြီး သူတို့ရဲ့ အသိအမှတ်ပြုမှုကို ရမှပဲ လူသားဧကရာဇ်ရာထူးကို ဆက်ခံဖို့ အရည်အချင်း ပြည့်မီလိမ့်မယ်”
ကျန်းဝူရက လေးနက်သော လေသံဖြင့် ရှင်းပြလိုက်သည်။
ကျန်းချန်၏ မျက်ဝန်းများတွင် အံ့ဩသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
“ဒါဆို ခေတ်အဆက်ဆက် လူသားဧကရာဇ်တွေရဲ့ အသိမှတ်ပြုမှုကို ရရှိအောင် လုပ်ရမဲ့သဘောပေါ့”
“အရင်ကတော့ လူသားဧကရာဇ် မျှော်စင်မှာ ရှိတဲ့ လူသားဧကရာဇ် အားလုံးရဲ့ အသိအမှတ်ပြုခြင်းကို မခံရရင် ဘယ်သူမှ လူသားဧကရာဇ် ရာထူးကို ဆက်ခံခွင့်မရှိဘူး.. ဒီအချက်ကြောင့်လည်း လူသားဧကရာဇ်နန်းတော်မှာ လူသားဧကရာဇ် မပေါ်ထွက်ခဲ့တာ အချိန်အတော်ကြာမြင့်ခဲ့တာပဲ”
"ဒါပေမဲ့ ဒီတစ်ကြိမ် လူသားဧကရာဇ် စစ်ဆေးပွဲကတော့ အရင်အကြိမ်တွေနဲ့ ကွဲပြားလိမ့်မယ်"
ကျန်းဝူရက ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။
“အကြီးအကဲတွေက လူသားဧကရာဇ်မျှော်စင်က တစ်ဆင့် လူသားဧကရာဇ် အလောင်းအလျာသုံးဦးကို ရွေးချယ်ဖို့ ဆုံးဖြတ်ထားတယ်.. အဲဒီသုံးဦးထဲကမှ လူသားဧကရာဇ်ရာထူးကို ဆက်ခံမဲ့သူ တစ်ဦးကို ရွေးချယ်မှာဖြစ်တယ်.. ဒီတစ်ကြိမ် စည်းမျဥ်းတွေက ဘယ်လိုပဲဖြစ်နေပါစေ.. မင်းရဲ့ခွန်အားနဲ့ ဆိုရင် ထိပ်ဆုံးသုံးဦး စာရင်းဝင်ဖို့ ဘာပြဿနာမှ မရှိလောက်ဘူး”
ထိုစကားကို ကျန်းချန်ကလည်း ငြင်းပယ်ခြင်းမရှိခဲ့ပေ။
လူသားဧကရာဇ်နန်းတော်မှ ပါရမီရှင် အများအပြားထဲတွင် သူ့ကို အနည်းငယ် ပြဿနာပေးနိုင်သူမှာ ကျန်းတော်ဝင်မိသားစု၏ နံပါတ်တစ် ပါရမီရှင် ကျန်းရွမ် တစ်ယောက်တည်းသာ ရှိလိမ့်မည် မဟုတ်ပါလား။
“ဝုန်း..”
“ဝုန်း..”
ကျန်းချန်တို့သားအဖ စကားပြောဆိုနေစဥ်မှာပင် လူသားဧကရာဇ်မျှော်စင်သည် မြေပြင်အောက်ကနေ လုံးဝ ထွက်ပေါ်လာခဲ့သည်။
လူသားဧကရာဇ်မျှော်စင်က ဆန်းကြယ်သော သတ္တုများနှင့် ပြုလုပ်ထားသည့် ဧရာမမျှော်စင်ကြီးတစ်ခု ဖြစ်သည်။
မျှော်စင်၏ အမြင့်သည် ပေတစ်ထောင်ခန့် ရှိပြီး သတ္တုရောင်ဖျော့ဖျော့ တောက်ပနေကာ မြင်ရသူကို ဆန်းကြယ်သော ခံစားချက်အား ပေးစွမ်းနေခဲ့၏။
“လူသားဧကရာဇ်မျှော်စင်က ငါတို့ လူသားဧကရာဇ်နန်းတော်ရဲ့ လူသားဧကရာဇ်တွေကို မွေးဖွားပေးခဲ့တဲ့ မျှော်စင်ပဲ.. နောက်လာမဲ့ လူသားဧကရာဇ် စစ်ဆေးပွဲတွေကိုလည်း လူသားဧကရာဇ်မျှော်စင်ထဲမှာပဲ ကျင်းပသွားမယ်.. အခု ငါ ဒီတစ်ကြိမ် ကျင်းပမဲ့ လူသားဧကရာဇ် စစ်ဆေးပွဲရဲ့ စည်းမျဥ်းတွေကို ကြေညာမယ်”
လူသားဧကရာဇ်မျှော်စင်ကို ဆင့်ခေါ်ပြီးနောက်တွင် ကျန်းထျန်းကျွင်း၏ စကားသံသည် ရင်ပြင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။
လူသားဧကရာဇ်မျှော်စင်တွင် အထပ်ပေါင်းများစွာ ရှိပြီး အထပ် တစ်ခုစီတွင် လူသားဧကရာဇ် တစ်ပါးစီ၏ စိတ်ဆန္ဒကို ထိန်းသိမ်းထား၏။
လူသားဧကရာဇ်စစ်ဆေးပွဲ ဆိုသည်မှာ လူသားဧကရာဇ်မျှော်စင်ထဲသို့ ဝင်ရောက်ပြီး လူသားဧကရာဇ် စိတ်ဆန္ဒ၏ စမ်းသပ်မှုကို ခံယူခြင်းပင် ဖြစ်သည်။
မျှော်စင်၏ ပိုမြင့်သော အထက်သို့ တက်လှမ်းနိုင်လေလေ၊လူသားဧကရာဇ်စိတ်ဆန္ဒ၏ အသိအမှတ်ပြုမှုကို ပိုမို ရရှိလေလေ ဖြစ်သည်။
ဤတစ်ကြိမ် လူသားဧကရာဇ် စစ်ဆေးပွဲတွင် မျှော်စင်၏ အမြင့်ဆုံးအထပ်သို့ တက်လှမ်းနိုင်သည့် ထိပ်ဆုံး သုံးဦးသည် လူသားဧကရာဇ် အလောင်းအလျာများ ဖြစ်လာပေလိမ့်မည်။
အကယ်၍ တစ်စုံတစ်ဦးက လူသားဧကရာဇ် မျှော်စင်၏ အထပ်အားလုံးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့လျှင်မူ ထိုသူသည် လူသားဧကရာဇ် ရာထူးကို တိုက်ရိုက် ဆက်ခံနိုင်လိမ့်မည် ဖြစ်သည်။
ကျန်းထျန်းကျွင်းသည် လူသားဧကရာဇ် စစ်ဆေးမှု နှင့် ပတ်သက်၍ ရှင်းပြလိုက်ပြီးနောက်တွင် ရင်ပြင်ပေါ်သို့ အနည်းငယ် ဝေ့ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“အခုအချိန်ကစပြီး လူသားဧကရာဇ် စစ်ဆေးပွဲကို တရားဝင်ဖွင့်လှစ်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်”
ကျန်းထျန်းကျွင်း၏ စကားသံ အဆုံးသတ်သည်နှင့် လူသားဧကရာဇ် စစ်ဆေးပွဲတွင် ပါဝင်ရန်အတွင် စိုင်းပြင်းနေကြသော ရင်ပြင်ပေါ်ရှိ လူအများအပြားသည် သူတို့၏ ခွန်အားများကို အစွမ်းကုန် ထုတ်ဖော်ကာ လူသားဧကရာဇ် မျှော်စင်၏ တံခါးဝဆီသို့ အပြေးအလွှား သွားခဲ့ကြသည်။
“ဒီလူသားဧကရာဇ်ရာထူးက ငါကျန်းရွမ်ရဲ့ အပိုင်ပဲ”
ထိုအခိုက်အတန့်တွင် ကျန်းရွမ်သည် သူ၏ နတ်ဘုရင် ပဉ္စမအဆင့် အရှိန်အဝါကို အမြင့်ဆုံးအထိ ထုတ်ဖော်လိုက်ပြီး ပတ်ဝန်းကျင်မှ လူများကို နောက်ဆုတ်သွားစေခဲ့သည်။
ထို့နောက်တွင် ကျန်းရွမ်သည် လူသားဧကရာဇ်မျှော်စင် ထဲသို့ ပထမဦးစွာ ဝင်ရောက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကျီချန်းယဲ့နှင့် အခြားသော နတ်ဘုရင်အဆင့် ပါရမီရှင်များသည်လည်း သူ၏ နောက်ကနေ လိုက်ပါသွားခဲ့ကြ၏။
“ချန်အာ.. လူသားဧကရာဇ်မျှော်စင်က မရိုးရှင်းဘူး.. လူသားဧကရာဇ်နန်းတော်ရဲ့သမိုင်းမှာ အဲဒီအထဲမှာ ကျဆုံးသွားတဲ့သူတွေ အများကြီးရှိတယ်.. မင်းသတိထားမှ တော်ကာကျမယ်”
ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းဝူရသည် ကျန်းချန်ကို အလေးအနက်ပင် သတိပေးလိုက်သည်။
“အဖေ စိတ်ချပါ”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ရှေ့သို့ တိုက်ရိုက်ပင် လှမ်းတက်ကာ လူသားဧကရာဇ် မျှော်စင်၏ တံခါးဝထဲသို့ ဝင်ရောက်သွားခဲ့သည်။
လူသားဧကရာဇ်မျှော်စင် ထဲသို့ ဝင်ရောက်ပြီးနောက်တွင် ကျန်းချန်၏ မျက်စိရှေ့မှ မြင်ကွင်းများသည် ဝေဝါးသွားခဲ့ပြီး မရင်းနှီးသော နေရာလွတ်တစ်ခု ထဲသို့ ရောက်ရှိသွားခဲ့၏။
ဤနေရာက အလွန်ပင် တိတ်ဆိတ်နေခဲ့ပြီး ပတ်ဝန်းကျင်တွင် တစ်စုံတစ်ဦးမျှ ရှိမနေခဲ့ပေ။
အစောပိုင်းက သူ့ထက် အရင် လူသားဧကရာဇ်မျှော်စင် ထဲသို့ ဝင်ရောက်သွားကြသူ အားလုံးသည် ဤနေရာတွင် ရှိမနေပုံရသည်။
ကျန်းချန်က ပတ်ဝန်းကျင်ကို အနည်းငယ် ဝေ့ကြည့်လိုက်ရာ သူ၏ အကြည့်သည် ရွှေရောင်ကျောက်ရုပ်ထု တစ်ခု ပေါ်သို့ ကျရောက်သွားခဲ့သည်။
ကျောက်ရုပ်ထု၏ အထက်တွင် အဆက်မပြတ် လောင်ကျွမ်းနေသော တောက်ပသည့် အပြာရောင်မီးလျှံ တစ်ခု ရှိနေခဲ့၏။
ထိုအပြာရောင်မီးလျှံကို ကြည့်ရင်း ကျန်းချန်သည် ထိုမီးလျှံကနေ ဖော်မပြနိုင်သော အရှိန်အဝါတစ်ခု ရှိနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။
အပြာရောင်မီးလျှံ၏ အနောက်ဘက်တွင် လေထဲ၌ ဆိုင်းငံ့နေသော လှေကားတစ်ခု ရှိပြီး ထိုလှေကားသည် ဆန်းကြယ်သော အလင်းတံခါး တစ်ခုနှင့် ဆက်သွယ်ထား၏။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ထိုအလင်းတံခါးသည် လူသားဧကရာဇ် မျှော်စင်၏ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည့် ဝင်ပေါက် ဖြစ်နိုင်လောက်သည်။
“ဒီလူသားဧကရာဇ်မျှော်စင်က တကယ်ကို ဆန်းကြယ်လှချည်လား”
ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ အပြာရောင်အလင်းတန်း ဆီသို့ ဂရုတစိုက်ပင် လျှောက်လှမ်းသွားခဲ့သည်။
ဤပတ်ဝန်းကျင်တွင် သူ့ကို ဖိအားပေးနိုင်သည့် တစ်ခုတည်းသော အရာသည် အပြာရောင်မီးလျှံပင် ဖြစ်သည်။
လူသားဧကရာဇ်မျှော်စင်၏ အဆင့်တစ်ခုစီတွင် ရှိနေသော လူသားဧကရာဇ် စိတ်ဆန္ဒသည် ထိုအပြာရောင်မီးလျှံ ထဲတွင် ရှိနေသည်ဟု သူ မှန်းဆခဲ့သည်။
တကယ်လည်း ကျန်းချန် မှန်းဆသည့်အတိုင်းပင် ဖြစ်လာခဲ့၏။
ကျန်းချန်က အပြာရောင်မီးလျှံနှင့် မီတာတစ်ရာ ဝန်းကျင် အကွာအဝေးသို့ ရောက်လာသောအခါတွင် အပြာရောင်မီးလျှံထဲကနေ အားကောင်းသော စိတ်ဆန္ဒတစ်ခုသည် ပေါက်ကွဲထွက်လာခဲ့ပြီး ရွှေရောင်အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်ကို ဖိနှိပ်လိုက်သည်။
“ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်”
ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် လက်ဟန်များကို လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ပြုလုပ်၍ လူသားဧကရာဇ် စည်းတံဆိပ်၏ ပထမဆုံး စည်းတံဆိပ်ကို ထုတ်ဖော်ကာ ထိုရွှေရောင်အလင်းတန်းကို ချေမှုန်းပစ်လိုက်သည်။
အပြာရောင်မီးလျှံကနေ ထွက်ပေါ်လာသည့် ရွှေရောင်အလင်းတန်းကို မျက်စိတစ်မှိတ်အတွင်း ချေမှုန်းလိုက်ပြီးနောက်တွင် ကျန်းချန်သည် မျက်မှောင် ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။
“ဒါက လူသားဧကရာဇ်ရဲ့ စိတ်ဆန္ဒလား”
လူသားဧကရာဇ်မျှော်စင်ထဲသို့ ဝင်ရောက်သွားသည့် တခြားသူများ အနေဖြင့် မည်သို့သော စမ်းသပ်မှုနှင့် ကြုံတွေ့ရသည်ကို သူ မသိသော်လည်း သူရင်ဆိုင်လိုက်ရသည့် ပထမဆုံး လူသားဧကရာဇ် စိတ်ဆန္ဒသည် အနည်းဆုံး နတ်ဘုရင်တတိယအဆင့်၏ တိုက်ခိုက်မှုနှင့် ယှဥ်နိုင်လောက်သည်။
အကယ်၍ လူသားဧကရာဇ်မျှော်စင်၏ အဆင့်တစ်ခုစီရှိ လူသားဧကရာဇ်စိတ်ဆန္ဒသည် တစ်ဆင့်ထက်တစ်ဆင့် ပိုမို၍ အားကောင်းလာမည် ဆိုလျှင် လူသားဧကရာဇ်မျှော်စင်ကို အောင်မြင်စွာ ဖြတ်ကျော်ရန်မှာ လုံးဝ မလွယ်ကူသောကိစ္စတစ်ခု ဖြစ်သည်မှာ သေချာသလောက်ပင်။
အခန်း(၂၂၈၂)ပြီး၏။