အခန်း (၂၂၈၃-၂၁၈၄)
Vol. 169 Ch. 2283-2284
အခန်း(၂၂၈၃)
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး အပြာရောင်မီးလျှံကို တိုက်ရိုက်ပင် ကျော်ဖြတ်လိုက်ကာ အနောက်ဘက်ရှိ လှေကားဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
အလွန်လျင်မြန်စွာပင် ကျန်းချန်သည် လူသားဧကရာဇ်မျှော်စင်၏ ဒုတိယထပ်သို့ ရောက်ရှိလာခဲ့၏။
ဒုတိယထပ်၏ပုံစံသည်လည်း ပထမထပ်နှင့် အတူတူပင်ဖြစ်သည်။
တစ်ခုတည်းသော ကွာခြားချက်မှာ ဒုတိယထပ်ရှိ မီးလျှံသည် ပထမထပ်ထက် ပို၍ အားကောင်းနေခဲ့ပြီး ဖိအားသည်လည်း ပထမထပ်ထက် အနည်းငယ်ပို၍ ပြင်းထန်နေခြင်းပင်။
လူသားဧကရာဇ်မျှော်စင်ရှိ အဆင့်တစ်ခုစီမှ မီးလျှံအင်အားသည် ၎င်းထဲတွင် ကိန်းအောင်းနေသော လူသားဧကရာဇ်စိတ်ဆန္ဒ မည်မျှအားကောင်းသည်ကို ကိုယ်စားပြုသည်မှာ ထင်ရှားနေခဲ့သည်။
မီးလျှံက ပိုမို အားကောင်းလေလေ၊ ၎င်းထဲတွင် ကိန်းအောင်းနေသော လူသားဧကရာဇ် စိတ်ဆန္ဒက ပိုမို၍ ပြင်းထန်လေလေ ဖြစ်သည်။
ပထမအဆင့် နှစ်ဆင့်၏ အခြေအနေအရ အဆင့်တစ်ခုစီကို ဖြတ်ကျော်တိုင်းတွင် နောက်တစ်ဆင့်၏ လူသားဧကရာဇ်စိတ်ဆန္ဒသည် ပိုမို၍ အားကောင်းလာလိမ့်မည် ဖြစ်၏။
ဆိုရလျှင် လူသားဧကရာဇ်မျှော်စင်၏ အဆင့်အားလုံးကို ကျော်ဖြတ်ရန်မှာ အလွန်တရာပင် ခက်ခဲလှသည်။
သို့သော်လည်း ဤနေရာသို့ ရောက်လာပြီ ဖြစ်ရာ ကျန်းချန်သည် အလွယ်တကူ နောက်ဆုတ်မည် မဟုတ်ပေ။
သူ့အနေဖြင့် လူသားဧကရာဇ်မျှော်စင်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မည်ဟု မသေချာသော်လည်း အဆင့်အများဆုံး ဖြတ်ကျော်နိုင်သူ ဖြစ်လာမည်ဟု ယုံကြည်ချက်အပြည့် ရှိနေခဲ့သည်။
ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ ဒုတိယထပ်မှ အပြာရောင်မီးလျှံ၏ မီတာတစ်ရာ အကွာအဝေး အတွင်းသို့ တိုက်ရိုက်ပင် ဝင်ရောက်သွားခဲ့သည်။
ရုတ်တရက် အပြာရောင်မီးလျှံထဲကနေ ရုန့်ရင်းသော စိတ်ဆန္ဒတစ်ခုသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ရွှေရောင်လျှပ်စီးတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် လက်ညှိုးမှ ဓားစွမ်းအင်ဖြင့် ရွှေရောင် လျှပ်စီးအလင်းကို ချေမှုန်းလိုက်ပြီး ဒုတိယထပ်၏ ဝင်ပေါက်သို့ ဝင်ရောက်သွားခဲ့၏။
ဤအဆင့်၏ မီးလျှံသည် ယခင်ကထက် ပိုမို အားကောင်းစွာ လောင်ကျွမ်းနေခဲ့ပြီး ၎င်းထဲတွင် ကိန်းအောင်းနေသော လူသားဧကရာဇ် စိတ်ဆန္ဒသည်လည်း သိသိသာသာပင် ပိုမိုပြင်းထန်နေခဲ့သည်။
ယင်းက နတ်ဘုရင်တတိယအဆင့် အထွတ်အထိပ် ကျင့်ကြံသူ၏ တိုက်ခိုက်မှုနှင့်ပင် နှိုင်းယှဥ်နိုင်၏။
သို့သော်လည်း ဤအထပ်ရှိ စိတ်ဆန္ဒ စွမ်းအားသည် ကျန်းချန်အတွက်မူ လုံးဝခြိမ်းခြောက်မှုမဖြစ်ခဲ့ပေ။
ဤသို့ဖြင့်ပင် ကျန်းချန်သည် လူသားဧကရာဇ် မျှော်စင်၏ ပထမအဆင့် ဆယ်ဆင့်ကို အားစိုက်ထုတ်စရာ မလိုဘဲ အလွယ်တကူပင် ဖြတ်ကျော်နိုင်ခဲ့သည်။
လူသားဧကရာဇ် မျှော်စင်၏ ဆယ့်တစ်ထပ်မြောက်သို့ ရောက်သည့်အခါတွင်မူ သတင်းအချက်အလက် တစ်ခုသည် ကျန်းချန်၏ စိတ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
{လူသားဧကရာဇ်နန်းတော်ရဲ့ ၅၁ ဆက်မြောက် လူသားဧကရာဇ်ကျန်းဟန်၊ နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူဖြစ်ပြီး သက်တမ်း သုံးဆယ့်ကိုးသန်း နေထိုင်ကာ ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား လက်ထဲတွင် ကျဆုံးခဲ့သည်}
သူ၏ စိတ်ထဲမှ သတင်းအချက်အလက်များကို ခံစားမိလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။
ဤအဆင့်ရှိ လူသားဧကရာဇ်၏ သတင်းအချက်အလက်သည် သူ၏ စိတ်ထဲတွင် ပေါ်ထွက်လာလိမ့်မည်ဟု သူ လုံးဝထင်မှတ်မထားခဲ့ပေ။
ထို့အပြင် လူသားဧကရာဇ်သည် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ လက်ထဲတွင် မကျဆုံးမီ သက်တမ်းသုံးဆယ့်ကိုးသန်းသာ နေထိုင်ခဲ့ရသည်။
သို့ဆိုလျှင် ကျန်းဟန် အမည်ရှိ လူသားဧကရာဇ်သည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက နတ်ကုန်းမြေတိုက်ကို ကျူးကျော်တိုက်ခဲ့သော ခေတ်ကာလတွင် နေထိုင်ခဲ့သူ ဖြစ်နိုင်ပါသလော။
သို့သော်လည်း ယင်းသည် လုံးဝမဖြစ်နိုင်ပေ။
ကျန်းချန်၏ မျက်ဝန်းများတွင် စိတ်ဝင်စားသောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုက နတ်ကုန်းမြေတိုက်ကို ကျူးကျော်ခဲ့သည့် ခေတ်ကာလတွင် လူသားဧကရာဇ်နန်းတော်၏ လူသားဧကရာဇ်သည် အုပ်စိုးသူ အဆင့်ကို ထိုးဖောက်နိုင်ခဲ့သည့် တစ်ဦးတည်းသောပုဂ္ဂိုလ် ဖြစ်ပြီး ထိုသူသည် သူ၏ရှေ့မှ ကျန်းဟန် မဟုတ်သည်မှာ ထင်ရှားနေခဲ့သည်။
သို့ဆိုလျှင် လူသားဧကရာဇ်နန်းတော်၏ လူသားဧကရာဇ်တစ်ပါး ဖြစ်သည့် နတ်ဘုရင်နဝမအဆင့် ကျန်းဟန်သည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ လက်ထဲတွင် မည်ကဲ့သို့ ကျဆုံးခဲ့ပါသနည်း။
ထိုအခိုက်အတန့်တွင် နတ်ကုန်းမြေတိုက်ရှိ နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူအားလုံး ပျောက်ကွယ်သွားသည် ဟူသောအချက်အလက်ကို သူအလျင်အမြန်ပင် တွေးတောမိလိုက်၏။
နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူများ နတ်ကုန်းမြေတိုက်ကနေ ပျောက်ကွယ်သွားသည့် အကြောင်းအရင်းသည် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုနှင့် ရင်ဆိုင်ရခြင်းကြောင့် ဖြစ်နိုင်ပါသလော။
ထို့ကြောင့်ပင် လူသားဧကရာဇ်နန်းတော်၏ ၅၁ဆက်မြောက် လူသားဧကရာဇ် ကျန်းဟန်သည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုနှင့် ရင်ဆိုင်ရင်း ကျဆုံးသွားခဲ့ခြင်းပေလော။
ကျန်းချန်က သူ၏ စိတ်ထဲမှ အံ့ဩမှုကို ထိန်းချုပ်လိုက်ပြီး သူ၏ရှေ့မှ အပြာရောင်မီးလျှံ ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားခဲ့သည်။
သူက လူသားဧကရာဇ်စိတ်ဆန္ဒ ကိန်းအောင်းနေသည့် အပြာရောင်မီးလျှံ ထဲသို့ ဝင်ရောက်သွားပြီးနောက်တွင် သူ၏ မျက်စိရှေ့မှ မြင်ကွင်းသည် ဝေဝါးသွားခဲ့ပြီး မရင်းနှီးသော နေရာလွတ်ကမ္ဘာတစ်ခု ထဲသို့ ရောက်ရှိသွားခဲ့၏။
ထိုအခိုက်အတန့်တွင် အားပါးတရ ရယ်မောသံ တစ်သံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်လာခဲ့သည်။
“ဟားဟား နောက်ဆုံးတော့ လူသားဧကရာဇ်နန်းတော်ရဲ့မျိုးဆက်တွေက လူသားဧကရာဇ်မျှော်စင်ကို လာပြီး ငါတို့ရဲ့စမ်းသပ်မှုကို ခံယူနေကြပြီပဲ.. ကောင်လေး မင်းငါ့ရဲ့အသိအမှတ်ပြုမှုကို လိုချင်ရင် ငါ့ရဲ့ တိုက်ကွက် တစ်ကွက်ကို ရင်ဆိုင်နိုင်မှ ရမယ်”
စကားဆုံးသည်နှင့် ဓားအရှိန်အဝါများကို ထုတ်လွှတ်နေသော ရွှေရောင်ဝတ်စုံဝတ် ပုံရိပ်တစ်ခုသည် ကျန်းချန်၏ ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ဓားကွက် တစ်ကွက်ကို ချက်ချင်းဆိုသလို ထုတ်ဖော်လိုက်သည်။
ထိုဓားကွက်သည် အလွန်တရာပင် ဆန်းကြယ်ပြီး နှေးကွေးသည်ဟု ထင်ရသော်လည်း ကျန်းချန်ကို လုံးဝ ရှောင်တိမ်း၍ မရနိုင်ဟုပင် ခံစားရစေခဲ့၏။
ကျန်းချန်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ရှေးဟောင်းရွှေရောင်ဓားသည် သူ၏ လက်ထဲတွင် ပေါ်ထွက်လာခဲ့သည်။
ယင်းနောက်တွင် သူက ရှေးဟောင်း ရွှေရောင်ဓားဖြင့် ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ ရွှေရောင်ဝတ်စုံဝတ် ပုံရိပ်ယောင်သည် သူ၏ ဓားချက်အောက်တွင် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားခဲ့သည်။
ရွှေရောင်ဝတ်စုံဝတ် ပုံရိပ်ယောင်သည် ကြေမွသွားပြီးနောက်တွင် ကြယ်ရောင် အလင်းစက်လေးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ ခန္ဓာကိုယ် ထဲသို့ စီးဝင်သွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင် ကျန်းချန်၏ စိတ်ထဲ၌ စနစ်၏ သတိပေးချက် မြည်ဟည်းလာခဲ့သည်။
သူက လူသားဧကရာဇ်တစ်ပါး၏ စိတ်ဆန္ဒကို အနိုင်ယူလိုက်ပြီးနောက်တွင် ထိုလူသားဧကရာဇ်၏ စိတ်ဆန္ဒနှင့် စွမ်းအားများသည် သူ့ထံသို့ စီးဝင်လာသဖြင့် အတွေ့အကြုံရမှတ် အများအပြားကို ရရှိခဲ့ပြီး သူ၏ ကျင့်ကြံခြင်း အဆင့်သည် အကြီးအကျယ် တိုးတက်လာခဲ့သည်။
“ဒီလူသားဧကရာဇ်မျှော်စင်က အတွေ့အကြုံ ရမှတ်တွေ ရယူဖို့ နေရာကောင်း တစ်ခုပဲ.. လူသားဧကရာဇ်စစ်ဆေးပွဲ ပြီးတာနဲ့ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က နတ်ဘုရင် ပဉ္စမအဆင့်အထိ ထိုးဖောက်နိုင်လိမ့်မယ် ထင်တယ်”
ကျန်းချန်၏ မျက်ဝန်းများတွင် ဝမ်းသာသော အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။
သူက နတ်ဘုရင်အဆင့်သို့ ထိုးဖောက်ပြီးနောက်တွင် သူ၏ အားကောင်းသော အခြေခံအုတ်မြစ်ကြောင့် နတ်ဘုရင် စတုတ္ထအဆင့် အထွတ်အထိပ်သို့ တစ်ထိုင်တည်း ရောက်ရှိခဲ့ပြီး နတ်ဘုရင် ပဉ္စမအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။
သို့သော်လည်း နတ်ဘုရင်အဆင့်တွင် အဆင့်တစ်ဆင့်မှတစ်ဆင့်သို့ တက်လှမ်းရန် အတွက် အချိန်များစွာ လိုအပ်၏။
သူ့အနေဖြင့် နတ်ဘုရင် ပဉ္စမအဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းမျှသာ လိုအပ်သော်လည်း ထူးခြားသော အခွင့်အလမ်း မရရှိလျှင် အနည်းဆုံး ဆယ်စုနှစ် အနည်းငယ်မျှ ကြာမြင့်လိမ့်မည် ဖြစ်သည်။
သို့ရာတွင် ဤလူသားဧကရာဇ် မျှော်စင်ရှိ လူသားဧကရာဇ် စိတ်ဆန္ဒများသည် နတ်ဘုရင် ပဉ္စမအဆင့်ကို ထိုးဖောက်နိုင်ရန်အတွက် သေချာပေါက် အခွင့်အရေးပင် ဖြစ်၏။
ကျန်းချန်က သူ၏ အတွေးစများကို ဖြတ်တောက်လိုက်ပြီး လူသားဧကရာဇ်မျှော်စင်၏ ဆယ့်နှစ်ထပ်မြောက် ဆီသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။
လူသားဧကရာဇ်မျှော်စင်၏ ဆယ့်နှစ်ထပ်မြောက်ကို ရောက်သည်နှင့် ဤအဆင့်ရှိ လူသားဧကရာဇ်၏ သတင်း အချက်အလက်သည် ကျန်းချန်၏ စိတ်ထဲကို တိုက်ရိုက်ပင် ရောက်ရှိလာခဲ့သည်။
{လူသားဧကရာဇ်နန်းတော်ရဲ့ ၅၀ ဆက်မြောက် လူသားဧကရာဇ်ကျန်းလင်း၊ နတ်ဘုရင်နဝမအဆင့်ကျင့်ကြံသူ ဖြစ်ပြီးသက်တမ်း သုံးဆယ့်သုံးသန်း နေထိုင်ကာ ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား၏ လက်ထဲတွင် ကျဆုံးခဲ့သည်}
“ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားရဲ့လက်ထဲမှာ ကျဆုံးခဲ့တဲ့ နောက်ထပ် လူသားဧကရာဇ်တစ်ပါး ပါလား”
ကျန်းချန်က အတော်လေး မှင်တက်သွားခဲ့သည်။
ကြည့်ရသည်မှာ ထိုနှစ်က တိုက်ပွဲတွင် နတ်ကုန်းမြေတိုက်သည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အနိုင်ယူခဲ့သော်လည်း အခြေအနေကမူ ထင်ထားသလောက် မကောင်းမွန်ခဲ့ပုံ ရ၏။
ဤအတိုင်းဆိုလျှင် နတ်ကုန်းမြေတိုက်မှ နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူများသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ထုတ်ရန်အတွက် တစ်နေရာရာသို့ သွားရောက်နေကြခြင်း ဖြစ်နိုင်လောက်သည်။
ထို့ကြောင့်လည်း လူသားဧကရာဇ်နန်းတော်မှ လူသားဧကရာဇ်အစဥ်အဆက်သည် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားများ၏ လက်ထဲတွင် ကျဆုံးခဲ့ရခြင်း ဖြစ်နိုင်၏။
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး သူ၏ အတွေးစများကို ရပ်တန့်ကာ လူသားဧကရာဇ် မျှော်စင်ကို ဆက်လက် ကျော်ဖြတ်ခဲ့သည်။
သူကျော်ဖြတ်နိုင်ခဲ့သော မျှော်စင်၏ အဆင့် အရေအတွက် တိုးလာသည်နှင့် အမျှ ကျန်းချန်၏ အကြည့်သည် တဖြည်းဖြည်း ပိုမို၍ လေးနက်လာခဲ့သည်။
လူသားဧကရာဇ်မျှော်စင်တွင် နောက်ထပ် တစ်ဆင့်၌ တွေ့ရသည့် လူသားဧကရာဇ် စိတ်ဆန္ဒသည် ယခင်အထပ်ဖြင့်စာလျှင် ပိုမို၍ အားကောင်းနေလေ့ ရှိသည်။
အထူးသဖြင့် ဆယ်ထပ်မြောက် ပြီးနောက်တွင် သိသိသာသာပင် ကွာခြားသွားခဲ့သည်။
ဆယ်ထပ်မြောက်၏ အောက်ဘက်တွင် အပြာရောင်မီးလျှံ ထဲ၌ ကိန်းအောင်းနေသော လူသားဧကရာဇ် စိတ်ဆန္ဒသည် မည်သည့်အသိစိတ်မှ ရှိမနေဘဲ ပေါက်ကွဲထွက်လာပြီးနောက်တွင် အလိုအလျောက် ပျောက်ကွယ်သွားရုံသာ ရှိ၏။
ဆယ့်တစ်ထပ်မြောက်ရှိ လူသားဧကရာဇ် စိတ်ဆန္ဒကမူ နတ်ဘုရင် စတုတ္ထအဆင့်၏ ခွန်အားကို ပိုင်ဆိုင်ထားရုံသာမက အသိစိတ်ပါ ရှိနေခဲ့ချေပြီ။
အထူးသဖြင့် ဆယ့်ကိုးထပ်မြောက်ရှိ အပြာရောင်မီးလျှံထဲတွင် ကိန်းအောင်းနေသော လူသားဧကရာဇ် စိတ်ဆန္ဒသည် သာမန် နတ်ဘုရင် စတုတ္ထအဆ င့်အထွတ်အထိပ် ကျင့်ကြံသူထက် မနိမ့်ကျသော ခွန်အားရှိနေပြီ ဖြစ်သည်။
သို့ရာတွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင် စတုတ္ထအဆင့် အထွတ်အထိပ်တွင် ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဥ်လျှင်ပင် နိမ့်ကျခြင်းမရှိ၍ ဤအဆင့်ရှိ လူသားဧကရာဇ် စိတ်ဆန္ဒများသည် ကျန်းချန်ကို အနည်းငယ်မျှ ခြိမ်းခြောက်ရန်ပင် ခက်ခဲနေခဲ့၏။
ကျန်းချန်က ဆယ့်ကိုးထပ်မြောက်ရှိ လူသားဧကရာဇ် စိတ်ဆန္ဒကို အလွယ်တကူ အနိုင်ယူလိုက်ပြီးနောက်တွင် လူသားဧကရာဇ်မျှော်စင်၏ အထပ်နှစ်ဆယ်မြောက် ဆီသို့ ဝင်ရောက်သွားခဲ့သည်။
အခန်း(၂၂၈၃)ပြီး၏။
အခန်း(၂၂၈၄)
ကျန်းချန်နှင့် အခြားသူများ လူသားဧကရာဇ်မျှော်စင်ကို ဖြတ်ကျော်နေသည့် အချိန်တွင် လူသားဧကရာဇ်မျှော်စင်၏ အပြင်ဘက်ရှိ မရေမတွက်နိုင်သော လူအုပ်ကြီး၏ အကြည့်သည် မျှော်စင် ဆီသို့သာ ကျရောက်နေခဲ့သည်။
လူသားဧကရာဇ်မျှော်စင်သည် လူသားမျိုးနွယ်စု၏ ဘိုးဘေးများ တည်ဆောက်ခဲ့သည့် ရတနာတစ်ပါး ဖြစ်သည်။
လူသားဧကရာဇ်မျှော်စင်၏ အဖိုးတန်မှုသည် သန္ဓေတာအိုနတ်လက်နက် ဖြစ်သည့် လူသားဧကရာဇ်ဓား ပြီးလျှင် ဒုတိယနေရာ၌ ရှိသည်။
လူသားဧကရာဇ် မျှော်စင်၏ အပြင်ဘက်ကနေ အတွင်းပိုင်းအခြေအနေကို မမြင်ရသော်လည်း တစ်စုံတစ်ဦးသည် အဆင့်တစ်ဆင့်ကို ဖြတ်ကျော်လိုက်တိုင်းတွင် ထိုအဆင့်၌ အလင်းစက်တစ်ခု လင်းလက်လာမည် ဖြစ်၏။
တစ်ခဏအတွင်း လူသားဧကရာဇ်မျှော်စင်၏ ပထမအဆင့် ဆယ်ဆင့်လုံးရှိ အဆင့်တိုင်း၌ အလင်းစက်များ လင်းလက်သွားခဲ့သည်။
လူသားဧကရာဇ်မျှော်စင်တွင် လင်းလက်လာသော အလင်းစက်များကို ကြည့်ရင်း ပရိသတ်များသည် လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့ကြသည်။
“တစ်ယောက်ယောက်က အရမ်းကို မြန်ဆန်တဲ့ အရှိန်အဟုန်နဲ့ လူသားဧကရာဇ်မျှော်စင်ကို ကျော်ဖြတ်နေတယ်.. အဲဒီလူက တစ်ခဏအတွင်းမှာ ဆယ်ထပ်မြောက်ကိုတောင် ကျော်ဖြတ်သွားခဲ့ပြီ.. အဲဒီလူက ဘယ်သူဖြစ်မယ်လို့ မင်းတို့ထင်လဲ”
“မေးနေစရာလိုသေးလို့လား.. ကျန်းရွမ်ကလွဲပြီး တခြား ဘယ်သူရှိဦးမှာလဲ”
“.........”
လူသားဧကရာဇ်နန်းတော်ရှိ ကျန်းတော်ဝင်မိသားစု၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သည့် ကျန်းရွမ်သည် အလယ်ပိုင်းဒေသပါရမီရှင်စာရင်းတွင် ဒုတိယနေရာ၌ ရှိပြီး အသန်မာဆုံးနတ်ဘုရင် စာရင်းတွင်လည်း ပါဝင်သောသူ ဖြစ်သည်။
မတော်တဆကိစ္စရပ်များသာ မရှိခဲ့လျှင် ဤတစ်ကြိမ် လူသားဧကရာဇ် စစ်ဆေးပွဲ၏ ပထမနေရာသည် ကျန်းရွမ် အတွက်သာ ဖြစ်မည်ဟု လူအများစုက ကောင်းစွာ သိရှိထားကြသည်။
လူတိုင်း၏ အကြည့်အောက်မှာပင် လူသားဧကရာဇ် မျှော်စင် အတွင်းရှိ ကျင့်ကြံသူများ၏ အဆင့် တက်လှမ်းမှုသည် နှေးကွေးလာခဲ့သည်။
အထက်သို့ ပိုမို တက်လှမ်းလေလေ၊ လင်းလက်နေသော အလင်းစက် အရေအတွက်က တဖြည်းဖြည်း နည်းပါးလေလေ ဖြစ်လာခဲ့၏။
လူသားဧကရာဇ်မျှော်စင်ကို အလွန်တရာ မြန်ဆန်သော အရှိန်အဟုန်ဖြင့် ဖြတ်ကျော်နေသူသည် လူသားဧကရာဇ်မျှော်စင်၏ ပထမအဆင့် နှစ်ဆယ်စလုံးကို လျင်မြန်စွာပင် လင်းလက်စေခဲ့သည်။
သို့သော်လည်း လူတိုင်းကို အံ့အားသင့်စေခဲ့သည်မှာ အဆင့်နှစ်ဆယ်မြောက်ကို ပထမဆုံး လင်းလက်စေသူ ပေါ်ထွက်လာပြီး မကြာမီမှာပင် နောက်ထပ် လူတစ်ဦးသည် လူသားဧကရာဇ်မျှော်စင်၏ ပထမအဆင့် နှစ်ဆယ်ကို လျင်မြန်စွာ လင်းလက်စေခဲ့ခြင်း ဖြစ်သည်။
ထိုမြင်ကွင်းကြောင့် ရင်ပြင်ပေါ်ရှိ လူအများအပြားသည် အံ့အားသင့်သွားကြ၏။
လူသားဧကရာဇ်နန်းတော်ရှိ လူသားအင်အားစု အသီးသီးမှ ပါရမီရှင် တပည့်များထဲတွင် ကျန်းတော်ဝင်မိသားစုမှ ကျန်းရွမ်၏ ခွန်အားနှင့် ပါရမီသည် လူတိုင်းထက် သာလွန်နေခဲ့သည်။
သို့သော်လည်း လူသားဧကရာဇ် မျှော်စင်၏ ပထမအဆင့် နှစ်ဆယ် အတွင်း ကျန်းရွမ်နှင့် အပြိုင် လိုက်နိုင်သူတစ်ဦး ရှိနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
အကယ်၍ အဆင့်နှစ်ဆယ်ကို ဖြတ်ကျော်ခဲ့သူက ကျန်းရွမ်ဖြစ်ခဲ့လျှင် ဒုတိယမြောက်လူသည် မည်သူဖြစ်နိုင်ပါသနည်း။
မည်သူပင်ဖြစ်စေကာမူ လူသားဧကရာဇ် စစ်ဆေးပွဲတွင် ကျန်းရွမ်နှင့် ယှဥ်ပြိုင်နိုင်သူ ရှိနေခြင်းသည် လူသားဧကရာဇ်စစ်ဆေးပွဲကို ပိုမို၍ စိတ်ဝင်စားစရာ ကောင်းလာစေလိမ့်မည် မဟုတ်ပါလား။
လူသားဧကရာဇ်မျှော်စင်၏ နှစ်ဆယ့်တစ်ထပ်မြောက်တွင် ကျန်းချန်သည် ဤအဆင့်၏ လူသားဧကရာဇ်စိတ်ဆန္ဒ ကိန်းအောင်းနေသော အပြာရောင်မီးလျှံ ရှေ့တွင် တိတ်တဆိတ် ရပ်နေခဲ့သည်။
ယခင်အဆင့်များမှ မီးလျှံများနှင့် နှိုင်းယှဥ်လျှင် ဤမီးလျှံ၏ အလင်းသည် သိသိသာသာပင် စူးရှကာ အမှောင်ထုထဲတွင် နေမင်း အသေးစားလေး တစ်စင်းနှယ် ဖြစ်နေခဲ့သည်။
ထုံးစံအတိုင်းပင် ဤအထပ်ရှိ လူသားဧကရာဇ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များသည် ကျန်းချန်၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။
{လူသားဧကရာဇ်နန်းတော်ရဲ့ လေးဆယ့်တစ်ဆက်မြောက် လူသားဧကရာဇ် ကျန်းရွှင်း၊ ဓားလမ်းစဥ်အထူးပြု နတ်ဘုရင် နဝမအဆင့်ကျင့်ကြံသူ၊ နှင်းဓား လူသားဧကရာဇ်အဖြစ် နာမည်ကျော်ကြားပြီး နဝမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား နှစ်ပါးကို သတ်ဖြတ်ခဲ့ဖူးကာ သက်တမ်း ဆယ့်ရှစ်သန်းနေထိုင်နိုင်ခဲ့ပြီး ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား၏ လက်ထဲတွင် ကျဆုံးခဲ့သည်}
“နတ်ကုန်းမြေတိုက်က ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အနိုင်ယူပြီးတဲ့နောက်မှာတောင် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုနဲ့ တိုက်ပွဲတွေက ဘယ်တုန်းကမှ မပြီးဆုံးခဲ့ဘူးပဲ”
ကျန်းချန်က စိတ်ထဲကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ဆယ်ဆင့်မြောက်မှ စ၍ ကျန်းချန်သည် လူသားဧကရာဇ်တစ်ပါးစီ၏ သတင်း အချက်အလက်များကို လက်ခံရရှိခဲ့ပြီး အတိတ်မှ လူသားဧကရာဇ်များ၏ သတင်းများကို ရရှိခဲ့သည်။
ဆိုရလျှင် လူသားဧကရာဇ် ထက်ဝက်နီးပါးသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ လက်ထဲတွင် ကျဆုံးခဲ့ကြခြင်း ဖြစ်သည်။
အထူးသဖြင့် ဤအထပ်ရှိ နှင်းဓား လူသားဧကရာဇ် ကျန်းရွှင်းသည် နဝမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားကိုပင် သတ်ဖြတ်နိုင်ခဲ့သော်လည်း အဆုံးသတ်၌ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ လက်ထဲမှာပင် ကျဆုံးခဲ့ရသည်။
သူ့အနေဖြင့် နတ်ကုန်းမြေတိုက်၏ အထွတ်အထိပ် ကျင့်ကြံသူများနှင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရင်များ ကြားတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မသိရှိသလို ထိုအရာကို သိရှိရန်လည်း အရည်အချင်း မပြည့်မီသေးပေ။
သူ့အတွက် ယခုအခါတွင် အရေးအကြီးဆုံးအရာမှာ လူသားဧကရာဇ်မျှော်စင်ကို အသုံးပြု၍ သူ၏ ခွန်အားကို မြှင့်တင်ပြီး နတ်ဘုရင် ပဉ္စမအဆင့်ကို အမြန်ဆုံး ထိုးဖောက်ရန်နှင့် လူသားဧကရာဇ် အလောင်းအလျာ နေရာကို ရရှိအောင် ကြိုးပမ်းရန် ဖြစ်သည်။
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး အတွေးစများကို ဖယ်ထုတ်လိုက်ကာ ဤအဆင့်ရှိ လူသားဧကရာဇ် စိတ်ဆန္ဒ ကိန်းအောင်းနေသော အပြာရောင်မီးလျှံ၏ မီတာတစ်ရာ အကွာအဝေး အတွင်းသို့ ဝင်ရောက်လိုက်သည်။
နောက်ထပ်တစ်ခဏမှာပင် ကျန်းချန်သည် ရေခဲနှင့်နှင်းများ လွှမ်းခြုံနေသော ကမ္ဘာတစ်ခု ထဲသို့ ရောက်ရှိသွားသလို ခံစားလိုက်ရပြီး အရိုးထဲအထိ အေးစိမ့်နေသော အအေးဓာတ်သည် ပတ်ဝန်းကျင်ရှိ လေထုမှတစ်ဆင့် ချက်ချင်းဆိုသလို ပျံ့နှံ့လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ ပုံရိပ်ယောင်သည် ကျန်းချန်၏ ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
“နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ကျန်းမျိုးနွယ်စုက ထူးချွန်တဲ့ပါရမီရှင် နှစ်ယောက်ကို မွေးထုတ်နိုင်ခဲ့ပြီပဲ”
အဖြူရောင် အဝတ်အစားကို ဝတ်ဆင်ထားသော အမျိုးသားက ကျန်းချန်ကို တည်ငြိမ်စွာ အကဲခတ်လိုက်ပြီးနောက်တွင် သူ၏ မျက်ဝန်းများ၌ အံ့ဩသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
“ကောင်လေး.. မင်းရဲ့ပါရမီနဲ့ခွန်အားက ငါ့ဆီကို ခုနကရောက်လာတဲ့ တစ်ယောက်ထက်တောင် အများကြီး ပိုအားကောင်းနေပါလား”
ကျန်းချန်၏ စိတ်နှလုံးက တုန်လှုပ်သွားခဲ့သည်။
ဤနှစ်ဆယ့်တစ်ထပ်မြောက်ရှိ လူသားဧကရာဇ် စိတ်ဆန္ဒသည် ယခင်အဆင့်များထက် ပိုမို၍ အားကောင်းနေခဲ့၏။
၎င်းတွင် ကိုယ်ပိုင်အသိစိတ် ရှိပြီး စကားပြောဆို၍ ဆက်သွယ်နိုင်စွမ်းလည်း ရှိသည်။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် နှင်းဓားဧကရာဇ် ကျန်းရွှင်းညွှန်းဆိုသော အခြားတစ်ယောက်သည် ကျန်းရွမ် သာလျှင် ဖြစ်ဖို့များသည်။
ထိုတစ်ယောက်သာလျှင် လူသားဧကရာဇ်မျှော်စင်၏ နှစ်ဆယ့်တစ်ထပ်မြောက်သို့ ဤမျှအထိ မြန်မြန်ဆန်ဆန် ရောက်နိုင်လိမ့်မည် မဟုတ်ပါလား။
ကျန်းရွှင်း၏ စိတ်ဆန္ဒတွင် အသိစိတ် ရှိနေသည်ကို မြင်၍ ကျန်းချန်သည် တိုက်ခိုက်ရန် အလျင်မလိုဘဲ သူ၏ စိတ်ထဲမှ သံသယကို မေးမြန်းလိုက်သည်။
“စီနီယာ.. ကျွန်တော် ဒီကိုလာတဲ့လမ်းမှာ လူသားဧကရာဇ်နန်းတော်ရဲ့ လူသားဧကရာဇ် အများစုက ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုရဲ့လက်ထဲမှာ ကျဆုံးခဲ့တယ်လို့ သိခဲ့ရတယ်.. အဲဒါ ဘာကြောင့်လဲဆိုတာ ပြောပြလို့ရမလား”
“ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက ငါတို့ နတ်ကုန်းမြေတိုက်ကို ဖျက်ဆီးဖို့ အခုထိ စိတ်မလျှော့သေးဘူး.. မင်းသာ လူသားဧကရာဇ်နန်းတော်ရဲ့ လူသားဧကရာဇ်အသစ် ဖြစ်လာရင် ဒီအကြောင်းရင်းကို သိရပါလိမ့်မယ်”
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းရွှင်းသည် ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
“ပြောရရင် နတ်ကုန်းမြေတိုက် ဒီနေ့လို အခြေအနေမျိုးနဲ့ နေနိုင်တာက မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေရဲ့ အသက် သွေးချွေးတွေနဲ့ လဲလှယ်ထားရတာပဲ.. ကဲ ကောင်လေး.. မင်းငါ့ရဲ့စမ်းသပ်မှုကို ခံယူဖို့ အဆင်သင့်ဖြစ်ပြီလား”
ကျန်းရွှင်း၏ စကားကိုကြားလျှင် ကျန်းချန်သည် စကားများမနေတော့ပေ။
သူက ကျန်းရွှင်းကို တရိုတသေ ဦးညွှတ်လိုက်ပြီး ယဥ်ကျေးစွာ ပြောလိုက်သည်။
“စီနီယာ ကျေးဇူးပြုပြီး သင်ပြပေးပါ”
“ငါ့ရဲ့ ဓားကွက်တစ်ကွက်ကို ခံနိုင်ရည်ရှိရင် လူသားဧကရာဇ်မျှော်စင်ရဲ့ နှစ်ဆယ့်နှစ်ထပ်မြောက်ကို ဝင်ခွင့်ပေးမယ်”
စကားဆုံးသည်နှင့် ကျန်းရွှင်းသည် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ပတ်ဝန်းကျင်ရှိ လေထုထဲမှ နှင်းပွင့်များသည် သူ၏ လက်ဖဝါးထဲတွင် လျင်မြန်စွာ စုစည်းသွားခဲ့ပြီး ကြည်လင်တောက်ပသော နှင်းခဲဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကျန်းရွှင်းက နှင်းခဲဓားကို လက်ထဲတွင် ကိုင်စွဲလိုက်ပြီး ကျန်းချန်ဆီသို့ ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။
ကျန်းချန်သည် ရုတ်တရက် ကြောက်မက်ဖွယ် အအေးဓာတ်တစ်ခု ပျံ့နှံ့လာသည်ကို ခံစားလိုက်ရ၏။
ထိုအအေးဓာတ်သည် သူရှိနေသည့် နေရာလွတ်တစ်ခုလုံးကို အေးခဲသွားစေတော့မည့်အလား ဖြစ်နေခဲ့သည်။
ကျန်းချန်က သူ၏ ခန္ဓာကိုယ်အတွင်းမှ ခွန်အားများကို အစွမ်းကုန် ထုတ်လွှတ်လိုက်ပြီး နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကို ဖော်ထုတ်ကာ လေထုထဲရှိ နှင်းခဲဓား၏ အရှိန်အဝါကို ချေမှုန်းပစ်လိုက်သည်။
“နတ်ခန္ဓာပုံရိပ် လူသားဧကရာဇ်ဓားပါလား”
ကျန်းရွှင်း၏ မျက်ဝန်းထဲတွင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“ကောင်လေး မင်းက လူသားဧကရာဇ်နန်းတော်ရဲ့ လူသားဧကရာဇ် ဖြစ်ဖို့လောက်အထိ အရည်အချင်းပြည့်မီတယ်.. လူသားဧကရာဇ်နန်းတော်က မင်းရဲ့ ဦးဆောင်မှုအောက်မှာ အရင်လို အထွတ်အထိပ် နေရာကို ပြန်လည်ရောက်ရှိဖို့ ငါမျှော်လင့်ပါတယ်”
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းရွှင်း၏ ပုံရိပ်ယောင်သည် လေထုထဲတွင် နှင်းပွင့်လေးများ အဖြစ် ကြေမွသွားခဲ့ပြီး ကျန်းချန်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခဲ့သည်။
ဤသို့ဖြင့် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် ထပ်မံ၍ တိုးတက်လာခဲ့ပြန်သည်။
နတ်ဘုရင်စတုတ္ထအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီးသား ဖြစ်သော ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင် ပဉ္စမအဆင့်နှင့် အနီးစပ်ဆုံး အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
အကယ်၍ သူသာ လူသားဧကရာဇ် စိတ်ဆန္ဒကနေ စွမ်းအားတစ်ခု သို့မဟုတ် နှစ်ခုလောက်သာ ထပ်မံ ရရှိမည်ဆိုလျှင် နတ်ဘုရင် ပဉ္စမအဆင့်သို့ ထိုးဖောက်သွားနိုင်လိမ့်မည်ဟု ကျန်းချန် ခံစားမိလိုက်သည်။
အခန်း(၂၂၈၄)ပြီး၏။