အခန်း (၂၂၈၇-၂၂၈၈)
Vol. 169 Ch. 2287-2288
အခန်း(၂၂၈၇)
လူသားဧကရာဇ်မျှော်စင်၏ လေးဆယ့်ကိုးထပ်မြောက်ရှိ ဒုတိယမြောက် အလင်းစက်ကို ငေးကြည့်ရင်း ကျန်းရွမ်၏ မျက်နှာထားသည် အလွန်တရာပင် သုန်မှုန်နေခဲ့သည်။
ကျန်းရွမ်သည် လူသားဧကရာဇ် စစ်ဆေးမှုတွင် ပထမနေရာကို ရရှိရန် ရည်ရွယ်ထားခဲ့သည်။
ပထမနေရာက သူ့အတွက်သာ ဖြစ်မည်ဟု ကျန်းရွမ်သေချာပေါက် ထင်မှတ်ထားခဲ့၏။
ထို့အပြင် သူက လူသားဧကရာဇ် စစ်ဆေးမှုတွင် ကျန်းဝူရကို ပါဝင်ခွင့် ကန့်သတ်ပေးရန် အတွက် စည်းမျဥ်းတစ်ခု ချမှတ်ပေးရန် လူသားဧကရာဇ် နန်းတော်မှ အဆင့်မြင့် အကြီးအကဲများကို အထူးတလှယ် တောင်းဆိုခဲ့သည်။
ရည်ရွယ်ချက်မှာ လူသားဧကရာဇ်ရာထူး အတွက် စိတ်ချရစေရန် ဖြစ်၏။
သို့သော်လည်း ကျန်းဝူရကို စည်းမျဥ်းဖြင့် ကန့်သတ်ပြီးနောက်တွင် ကျန်းဝူရ၏ သား ကျန်းချန် ထွက်ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ထိုကောင်လေးသည်လည်း လူသားဧကရာဇ် မျှော်စင်၏ လေးဆယ့်ကိုးထပ်မြောက်ကို ဖြတ်ကျော်နိုင်ခဲ့သည် ဖြစ်ရာ ထိုကောင်လေး၏ အင်အားသည် သူ့ထက် မနိမ့်ကျနိုင်ပေ။
ယခုအခါတွင် ကျန်းချန်သည် လူသားဧကရာဇ်ရာထူး အတွက် သူ၏ အကြီးမားဆုံး ပြိုင်ဘက် ဖြစ်လာခဲ့သည်မှာ သံသယဝင်စရာ မရှိတော့ပေ။
ဤအခိုက်အတန့်တွင် လူသားဧကရာဇ် စစ်ဆေးမှုကို တာဝန်ယူထားသော ကျန်းထျန်းကျွင်း၏ အမူအရာသည်လည်း သိပ်မကောင်းပေ။
ကျန်းဝူရနှင့် သားဖြစ်သူ ကျန်းချန် တို့သည် လွန်ခဲ့သောနှစ်ပေါင်း သန်းချီက ၆၂ ယောက်မြောက် လူသားဧကရာဇ် ဖြစ်လာတော့မည့် ပါရမီရှင်နှင့် ထူးခြားသော ပတ်သက်မှု ရှိခဲ့ကြသည်။
ထိုအချိန်က ဖြစ်ရပ်တွင် သူကိုယ်တိုင် ပင်လျှင် အထိုက်အလျောက် ပါဝင်ပတ်သက်ခဲ့၏။
ယခု ကျန်းချန် ပြသထားသည့် ခွန်အားဖြင့်သာဆိုလျှင် လူသားဧကရာဇ်ရာထူး အတွက် ကျန်းရွမ်နှင့် ယှဥ်ပြိုင်ရန် အပြည့်အဝ အရည်အချင်း ရှိနေပြီ ဖြစ်သည်။
သို့သော်လည်း ဤအချိန်တွင် ကျန်းထျန်းကျွင်းသည် ဘာမှ မတတ်နိုင်တော့ပေ။
အကယ်၍ ကျန်းချန်သာ လူသားဧကရာဇ် ဖြစ်လာခဲ့လျှင် ယင်းသည် သူ့အတွက် အလွန်တရာ အဆင်မပြေနိုင်သောအရာ ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် ကျန်းရွမ်က သူ့ကို စိတ်ပျက်အောင်မလုပ်ဘဲ အဆုံးသတ်တွင် ကျန်းချန်ကို အနိုင်ယူကာ လူသားဧကရာဇ် အရိုက်အရာကို ဆက်ခံနိုင်ဖို့သာ ဆုတောင်းရုံရှိတော့သည် မဟုတ်ပါလော။
သူ့ရှေ့မှ အခြေအနေကို မြင်လိုက်ရလျှင် ကျန်းဝူရ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ဒီကလေးက ငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ”
ကျန်းဝူရသည် ကျန်းချန်၏ ခွန်အားဖြင့်ဆိုလျှင် လူသားဧကရာဇ်အလောင်းအလျာ အဖြစ် သတ်မှတ်ခံရရန် မခဲယဥ်းမှန်း သိသော်လည်း လူသားဧကရာဇ်မျှော်စင်ကို ဖြတ်ကျော်မှုတွင် ကျန်းရွမ်နှင့် တန်းတူ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ယခုအခါတွင် နောက်တစ်ဆင့် ဖြစ်သည့် လူသားဧကရာဇ်မျှော်စင်၏ အထပ်ငါးဆယ်မြောက်ကို ကျန်းချန် ကျော်ဖြတ်ရန် ခက်ခဲလိမ့်မည်ကိုသာ သူ စိုးရိမ်နေမိသည်။
ကျန်းဝူရက လူသားဧကရာဇ်မျှော်စင်၏ အထပ်ငါးဆယ်မြောက်ကို ငေးကြည့်နေခဲ့သည်။
လူသားဧကရာဇ်မျှော်စင်တွင် ခြောက်ဆယ့်တစ်ထပ် ရှိပြီး တစ်ထပ်စီတွင် လူသားဧကရာဇ် စိတ်ဆန္ဒ တစ်ခုစီ ရှိသည်။
အထပ်ငါးဆယ်မြောက်တွင်မူ လူသားဧကရာဇ် နန်းတော်၏ ၁၂ဆက်မြောက် လူသားဧကရာဇ်၏ စိတ်ဆန္ဒ ရှိနေခဲ့သည်။
ဤ လူသားဧကရာဇ်သည် ရှေးခေတ်ကာလက မဟာကပ်ဘေးအပြီးတွင် ပထမဆုံးသော လူသားဧကရာဇ် ဖြစ်ပြီး ထိုခေတ်ကာလက နတ်ဘုရားနယ်မြေ၏ တစ်ဦးတည်းသော အုပ်စိုးသူအဆင့် ကျင့်ကြံသူလည်း ဖြစ်သည်။
နာမည်မှာ ကျန်းချင်းထျန်း ဖြစ်ပြီး လူသားဧကရာဇ် ကျန်းချင်းထျန်းဟု ကျော်ကြားကာ ချင်းထျန် အုပ်စိုးသူ ဟူ၍လည်း လူသိများ၏။
အုပ်စိုးသူအဆင့် ကျင့်ကြံသူ၏ စိတ်ဆန္ဒနှင့် နတ်ဘုရင်နဝမ အဆင့် ကျင့်ကြံသူ၏ စိတ်ဆန္ဒတို့သည် အဆင့်တူများ မဟုတ်ကြပေ။
ထို့ကြောင့် အုပ်စိုးသူအဆင့် စိတ်ဆန္ဒကို နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူပင်လျှင် အလွယ်တကူ ကိုင်တွယ်နိုင်မည်မဟုတ်ချေ။
ထို့ကြောင့် ကျန်းချန် အနေဖြင့် အထပ်ငါးဆယ်မြောက်ကို ဖြတ်ကျော်ရန်မှာ ဖြစ်နိုင်ခြေ တအားနည်းနေခဲ့၏။
ဥပမာအားဖြင့် ပြောရလျှင် တိုက်ခိုက်ရေးစွမ်းရည်တွင် နတ်ဘုရင် သတ္တမအဆင့်ထက် မနိမ့်ကျသော ကျန်းရွမ်သည် လေးဆယ့်ကိုးထပ်မြောက်တွင်သာ ရပ်တန့်သွားခဲ့ပြီး အထပ်ငါးဆယ်မြောက်ကို မဖြတ်ကျော်နိုင်ခဲ့ပေ။
အပြင်ဘက်ရှိ လူတိုင်းက ကျန်းချန် ပြသခဲ့သော အင်အားကြောင့် အံ့ဩတုန်လှုပ်နေကြချိန်တွင် ကျန်းချန်သည် လေးဆယ့်ကိုးထပ်မြောက်ကို ဖြတ်ကျော်ကာ အထပ်ငါးဆယ်မြောက်သို့ ရောက်ရှိလာခဲ့သည်။
အထပ်ငါးဆယ်မြောက်သို့ ရောက်ရှိလာသည်နှင့် ဤအထပ်ရှိ လူသားဧကရာဇ်၏ အချက်အလက်က သူ၏ စိတ်ထဲတွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့၏။
“နောက်ဆုံးတော့ အုပ်စိုးသူအဆင့် စိတ်ဆန္ဒနဲ့ ရင်ဆိုင်ရပြီ”
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
လူသားဧကရာဇ် ကျန်းချင်းထျန်းသည် လူသားဧကရာဇ်နန်းတော်၏ ၁၂ဆက်မြောက် လူသားဧကရာဇ် ဖြစ်ပြီး ရှေးခေတ်ကာလ မဟာကပ်ဘေးကြီး နောက်ပိုင်းတွင် မွေးဖွားလာခဲ့သည့် တစ်ဦးတည်းသော အုပ်စိုးသူအဆင့် ကျင့်ကြံသူ ဖြစ်ကာ ဟင်းလင်းပြင်နတ်ဆိုးများ၏ ကျူးကျော်မှုကို တွန်းလှန်ရန်အတွက် နတ်ကုန်းမြေတိုက်ကို ဦးဆောင်ခဲ့သော ခေါင်းဆောင်လည်း ဖြစ်သည်။
သူ၏ အမူအရာက ချက်ချင်းဆိုသလို ပို၍ပင် လေးနက်သွားခဲ့၏။
အုပ်စိုးသူအဆင့်သည် နတ်ဘုရင် နဝမအဆင့်နှင့် ခြေတစ်လှမ်းမျှသာ ကွာဝေးသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ထိုခြေတစ်လှမ်းသည် ကျော်ဖြတ်၍ မရနိုင်သော ချောက်ကမ်းပါးကြီး တစ်ခုကဲ့သို့ပင်။
ရှေးခေတ်ကာလ မဟာကပ်ဘေးကြီး နောက်ပိုင်းတွင် နတ်ကုန်းမြေတိုက်၌ နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူများစွာ မွေးဖွားခဲ့သော်လည်း အုပ်စိုးသူ အဆင့်သို့ အမှန်တကယ် ခြေလှမ်းနိုင်ခဲ့သူမှာ လူသားဧကရာဇ် ကျန်းချင်းထျန်း တစ်ဦးတည်းသာ ရှိ၏။
ဆိုရလျှင် အုပ်စိုးသူအဆင့်နှင့် နတ်ဘုရင် နဝမအဆင့် တို့၏ ကွာခြားချက်သည် နတ်ဘုရင်အဆင့်နှင့် ကောင်းကင်အရှင် အဆင့် တို့၏ ကွာခြားချက်ထက် ဆယ်ဆ ပိုမိုကြီးမားသည်။
အုပ်စိုးသူအဆင့် ကျင့်ကြံသူ၏ ရှေ့တွင် နတ်ဘုရင်နဝမအဆင့်ကျင့်ကြံသူသည် ပုရွက်ဆိတ်များနှင့်မခြားပေ။
မဟာလမ်းစဥ် သုံးထောင်၏ လမ်းစဥ်တစ်ခုစီတွင် နတ်ဘုရင်ပေါင်းများစွာ ရှိနိုင်သော်လည်း အုပ်စိုးသူအဆင့်ကိုမူ တစ်ဦးတည်းသာ မွေးဖွားနိုင်၏။
လူသားဧကရာဇ်မျှော်စင်၏ အထပ်ငါးဆယ်မြောက်သည် လူသားဧကရာဇ်ကျန်းချင်းထျန်း၏ စိတ်ဆန္ဒ တစ်ခုမျှသာ ဖြစ်သော်လည်း သေချာပေါက် လျှော့မတွက်သင့်သည့် တည်ရှိမှုတစ်ခု ဖြစ်၏။
သူ့ရှေ့ရှိ လူသားဧကရာဇ် စိတ်ဆန္ဒက အလွန်တရာအားကောင်းမှန်း သိသော်လည်း ကျန်းချန်သည် လုံးဝ နောက်မဆုတ်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေကာမူ ယခု ဤနေရာသို့ရောက်ရှိနေပြီ ဖြစ်ရာ အုပ်စိုးသူအဆင့် ကျင့်ကြံသူ၏ စိတ်ဆန္ဒနှင့် ရင်မဆိုင်စရာအကြောင်းမရှိပေ။
ကျန်းချန်သည် ဆက်လက် တွေဝေမနေတော့ဘဲ အပြာရောင်မီးလျှံ၏ မီတာတစ်ရာ အကွာအဝေး အတွင်းသို့ တိုက်ရိုက်ပင် ခြေလှမ်းကျဲကြီးဖြင့် လျှောက်လှမ်းသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ကျန်းချန်၏ မြင်ကွင်းက ဝေဝါးသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် လူသားဧကရာဇ် စိတ်ဆန္ဒကမ္ဘာ ထဲသို့ ရောက်ရှိသွားခဲ့၏။
ကျန်းချန်က နေရာလွတ်ကမ္ဘာထဲသို့ ရောက်ရှိပြီး ပတ်ဝန်းကျင်ကို အကဲမခတ်ရမီမှာပင် ကောင်းကင်ယံမှ မိုးကြိုးတစ်စင်း ကျစင်းလာခဲ့သည်။
နောက်ထပ် တစ်ခဏတွင် ကမ္ဘာကြီးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိသော မိုးကြိုးဓားအလင်း တစ်ခုသည် ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့၏။
မိုးကြိုးဓားအလင်းက အလွန်တရာ လျင်မြန်သောကြောင့် ကျန်းချန်သည် ရှောင်တိမ်းရန် မဖြစ်နိုင်တော့ပေ။
သူက သွားများကို အံကြိတ်လိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိ ခွန်အားများကို အစွမ်းကုန် အသုံးပြုကာ နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားနှင့် သူ၏လက်ထဲရှိ ရှေးဟောင်းရွှေရောင်ဓားကို ပေါင်းစပ်ကာ မိုးကြိုးဓားအလင်းကို ရင်ဆိုင်လိုက်သည်။
“ဝုန်း..”
ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်ပေါက်ကွဲသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
ကျန်းချန်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး လူတစ်ကိုယ်လုံးသည် ပေပေါင်း ထောင်ချီ အကွာအဝေးအထိ လွင့်စင်ထွက်သွားခဲ့၏။
သူက သူ၏ ခန္ဓာကိုယ်အတွင်းမှ မတည်မငြိမ်ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ထိန်းချုပ်လိုက်သည်။
လူသားဧကရာဇ် ကျန်းချင်းထျန်းသည် အုပ်စိုးသူအဆင့်ကို ထိုးဖောက်နိုင်ခဲ့သည့် သန်မာသော ကျင့်ကြံသူတစ်ဦးဟု မပြောရပေ။
သူ ချန်ထားရစ်ခဲ့သည့် စိတ်ဆန္ဒသည် အခြားသူများ၏ စိတ်ဆန္ဒများထက် များစွာ ပို၍ အားကောင်းနေခဲ့၏။
သူကိုယ်တိုင်ပင်လျှင် နတ်ခန္ဓာပုံရိပ်နှင့် ရှေးဟောင်းရွှေရောင်ဓား တို့ကို ပေါင်းစပ်ကာ အသေအလဲ ခုခံခဲ့ရသည် မဟုတ်ပါလား။
ယင်းအခိုက်အတန့်တွင် နေရာလွတ်ကမ္ဘာထဲ၌ ရယ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ဟားဟား ကောင်လေး ဘယ်ဆိုးလို့လဲ.. လူသားဧကရာဇ်နန်းတော်ရဲ့ ၆၁ ယောက်မြောက် လူသားဧကရာဇ် ကျဆုံးသွားတာ ဘယ်နှစ်နှစ် ရှိသွားပြီလဲ ငါမသိတော့ဘူး.. မင်းက လူသားဧကရာဇ် မဖြစ်လိုက်ရတဲ့ ဟိုကောင်လေးပြီးရင် ငါ့ကို ပထမဆုံး မြင်တွေ့ခွင့်ရတဲ့သူပဲ”
ထိုစကားသံ ထွက်ပေါ်လာသည်နှင့်အမျှ ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ပုံရိပ်ယောင် တစ်ခုသည် ကျန်းချန်၏ ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။
ထိုရွှေရောင်ပုံရိပ်သည် ရုပ်ရည် မချောမောသော်လည်း ခန့်ညားသော အသွင်အပြင် ရှိပြီး အထူးသဖြင့် မျက်ဝန်းတစ်စုံသည် တွင်းနက်ကြီး တစ်ခု ကဲ့သို့ နက်ရှိုင်းနေခဲ့သည်။
ထို့အပြင် မည်သူ့ကိုမှ ဂရုမစိုက်သည့် အုပ်စိုးသူအဆင့် ကျင့်ကြံသူ၏ အမူအရာများသည် မျက်နှာထက်တွင် အတိုင်းသား ထင်ဟပ်နေခဲ့၏။
“ကျန်းချန်က စီနီယာကျန်းချင်းထျန်းကို ဂါဝရပြုပါတယ်”
ကျန်းချန်က ရွှေရောင်ပုံရိပ်ယောင်ကို လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။
“မင်းက လူသားဧကရာဇ်ဓားကို နတ်ခန္ဓာပုံရိပ် အဖြစ် ထုတ်ဖော်နိုင်တဲ့ အပြင် လူသားဧကရာဇ်ဓားရဲ့ အပိုင်းအစတွေနဲ့ ပြုလုပ်ထားတဲ့ ရှေးဟောင်းဓားကိုပါ ရထားတာပဲ.. မင်းက လူသားဧကရာဇ် ဖြစ်လာဖို့ ကံကြမ္မာ ပါလာခဲ့တယ်လို့တောင် ပြောလို့ရနေပြီ”
ကျန်းချင်းထျန်းက ကျန်းချန်ကို ခပ်ယဲ့ယဲ့ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။
“မင်းအနေနဲ့ ငါ့ဆီက ဓားကွက်တစ်ကွက်ကို ခုခံနိုင်ရင် လူသားဧကရာဇ် မျှော်စင်ရဲ့ အတားအဆီးတွေ အားလုံးကို ကျော်ဖြတ်နိုင်ပြီး ၆၂ဆက်မြောက် လူသားဧကရာဇ် ဖြစ်လာနိုင်လိမ့်မယ်”
ကျန်းချင်းထျန်း၏ စကားကိုကြားလျှင် ကျန်းချန်သည် အနည်းငယ် မှင်တက်သွားခဲ့သည်။
“စီနီယာ.. လူသားဧကရာဇ်မျှော်စင်မှာ နောက်ထပ် ဆယ့်တစ်ထပ် ကျန်သေးတယ် မဟုတ်လား.. အပေါ်က ဆယ့်တစ်ထပ်ကိုရော ထိုးဖောက်ဖို့ မလိုတော့ဘူးလား”
အခန်း(၂၂၈၇)ပြီး၏။
အခန်း(၂၂၈၈)
“အဲဒီအချိန်က ဟင်းလင်းပြင်နတ်ဆိုးတွေ နတ်ကုန်းမြေတိုက်ကို ကျူးကျော်လာခဲ့တယ်.. အုပ်စိုးသူအဆင့်ကို ထိုးဖောက်ပြီး ဟင်းလင်းပြင်နတ်ဆိုးတွေကို တိုက်ခိုက်ဖို့အတွက် ငါ့အနေနဲ့ ရှေးခေတ်ကာလက လူသားဧကရာဇ် ဆယ့်တစ်ပါးရဲ့ စိတ်ဆန္ဒတွေကို အကုန်အစင်သုံးစွဲခဲ့ရတယ်.. ဒါကြောင့် လူသားဧကရာဇ်မျှော်စင်ရဲ့ အပေါ်ဆုံး ဆယ့်တစ်ထပ်မှာ စီနီယာ လူသားဧကရာဇ်တွေရဲ့ စိတ်ဆန္ဒတွေ တစ်ခုမှ မရှိတော့ဘူး”
ကျန်းချင်းထျန်းက သက်ပြင်းကို အသာအယာချ၍ ပြောလိုက်သည်။
မကြာခင်မှာပင် သူက ခေါင်းမော့လိုက်ပြီး ကျန်းချန်ကို လေးနက်စွာ ကြည့်လိုက်သည်။
“ဒါကြောင့် မင်းသာ ငါ့ရဲ့ အသိအမှတ်ပြုမှုကို ရခဲ့ရင် လူသားဧကရာဇ်မျှော်စင် တစ်ခုလုံးကို ဖြတ်ကျော်နိုင်လိမ့်မယ်”
ကျန်းချန်၏ စိတ်နှလုံးက တုန်လှုပ်သွားခဲ့၏။
ရှေးခေတ်ကာလက မဟာကပ်ဘေးကြီး နောက်ပိုင်းအတွင်း နတ်ဘုရားနယ်မြေစကြဝဠာ၏ ကောင်းကင်လမ်းစဥ်သည် အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပြီး အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ယောက် မွေးဖွားလာရန် အမှန်တကယ် ခက်ခဲသွားပုံ ရ၏။
ထိုအတွက်ကြောင့် အုပ်စိုးသူအဆင့်ကို ထိုးဖောက်ရန် အတွက် ကျန်းချင်းထျန်းသည် အဖိုးအခကြီးမားစွာ ပေးဆပ်ခဲ့ရသည်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ကျန်းချင်းထျန်းကို ကြည့်ကာ ပြောလိုက်သည်။
“ဒါဆိုရင်လည်း စီနီယာ ကျွန်တော့်ကို သင်ပြပေးပါဦး”
အုပ်စိုးသူအဆင့် ကျင့်ကြံသူ၏စိတ်ဆန္ဒသည် အမှန်တကယ်ပင် အင်အားကြီးမားလှ၏။
ယခုအခါတွင် ကျန်းချန်သည် နတ်ဘုရင် အဋ္ဌမအဆင့်နှင့် ယှဥ်နိုင်သော စွမ်းအား ရှိသော်လည်း ကျန်းချင်းထျန်း၏ စိတ်ဆန္ဒဖြင့်သာ အမှန်တကယ် ရင်ဆိုင်ရမည်ဆိုလျှင် အနိုင်ရရန် အခွင့်အရေး သိပ်မရှိသည်မှာ သေချာသလောက်ပင်။
သို့သော်လည်း ကျန်းချင်းထျန်း၏ တိုက်ကွက် တစ်ကွက်ကို ခုခံရန်အတွက်မူ ကျန်းချန်သည် အတိုင်းအတာ တစ်ခုအထိ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိနေခဲ့သည်။
“ကောင်းပြီ.. ဒါဆိုလည်း မင်းရဲ့အစွမ်းတွေကို အကုန်ထုတ်ပြီး ငါ့ရဲ့တိုက်ကွက်ကို ခုခံပါ.. မင်းမှာ ပါရမီ ဘယ်လောက်ထိ ရှိလဲဆိုတာ ငါကြည့်ချင်တယ်”
“မိုးကြိုးစွမ်းအား.. ချေမှုန်းစမ်း”
“ဝုန်း..”
“ဝုန်း..”
ကျန်းချင်းထျန်း၏ စကားဆုံးသည်နှင့် လေထုအထက်တွင် မိုးကြိုးထောင်ပေါင်း များစွာသည် ရုတ်တရက် စုစည်းလာခဲ့ပြီး ကောင်းကင်ယံရှိ မိုင်ပေါင်း ထောင်ချီနေရာလွတ်ကို တစ်ခဏအတွင်းမှာပင် မိုးကြိုးငရဲဘုံ အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။
နတ်ဘုရင်ကပ်ဘေးထက်ပင် သုံးဆလောက် ပိုမို ကြောက်မက်ဖွယ်ရာကောင်းသည့် လေထုထဲရှိ မိုးကြိုးစွမ်းအားကို ခံစားမိလျှင် ကျန်းချန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့၏။
သူက လက်ထဲမှ ရှေးဟောင်း ရွှေရောင်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်၏ တတိယမြောက်ဓားကွက် ဖြစ်သည့် အပြာရောင်ဧကရာဇ်ဓားကွက်ကို ထုတ်သုံးလိုက်သည်။
မကြာခင်မှာပင် အလွန် ထူးခြားပြီး မြင့်မြတ်သော စွမ်းအားများ ကိန်းအောင်းနေသည့် တောက်ပသော ဓားအလင်းသည် လေထုထဲကို ပေါက်ကွဲထွက်လာခဲ့သည်။
ထိုဓားအလင်းသည် ကောင်းကင်ယံကို ဖြတ်ကျော်သွားခဲ့ပြီး လေထုအထက်တွင် အလင်းတံခါး တစ်ခုကို ပွင့်လာစေခဲ့၏။
ထို့နောက်တွင် ပေပေါင်းတစ်သောင်း အမြင့်ရှိသည့် အပြာရောင်ပုံရိပ်ယောင်သည် အပြာရောင် ရှေးဟောင်းဓားတစ်လက်ကို ကိုင်ဆွဲကာ အလင်းတံခါး ထဲကနေ ထွက်လာခဲ့သည်။
အလင်းတံခါးကနေ ထွက်လာသည့် အပြာရောင်ပုံရိပ်ယောင်သည် လက်ထဲမှ အပြာရောင် ရှေးဟောင်းဓားဖြင့် ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်၏။
အုပ်စိုးသူအဆင့် ကျင့်ကြံသူ၏ စိတ်ဆန္ဒနှင့် ရင်ဆိုင်ရသောအခါတွင် ကျန်းချန်သည် ဘာမှ ထိန်ချန်မထားတော့ဘဲ အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်၏ တတိယဓားကွက်ကို ထုတ်သုံးရန်သာ ရွေးချယ်ခဲ့သည်။
“ဝုန်း..”
ဓားအလင်းက သက်တန့်တစ်ခုနှယ် ပေါ်ပေါက်လာခဲ့ပြီး လေထုထဲရှိ မိုးကြိုးငရဲဘုံကို ထိုးဖောက်သွားခဲ့သည်။
အဆုံးသတ်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြီး ဖြစ်ပေါ်လာခဲ့ပြီး လေထုထဲမှ မိုးကြိုးငရဲဘုံသည် တိုက်ရိုက်ပင် ပေါက်ကွဲ ပျက်စီးသွားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချင်းထျန်းသည် အံ့အားသင့်သွားခဲ့၏။
သူ၏ မြင်နိုင်စွမ်းအရ ကျန်းချန်၏ ဓားကွက်က မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းမှန်း မြင်နိုင်ရန် မခက်ခဲပေ။
ဆိုရလျှင် ဤဓားကွက်သည် နတ်ဘုရားနယ်မြေ၏ ကိုယ်ခံပညာရပ်များ၏ အဆင့်အတန်းကိုပင် ကျော်လွန်နေသည့် ဓားကွက် ဖြစ်သည်။
“ကောင်လေး မင်းဆီမှာ ကြီးမားတဲ့ အခွင့်အလမ်းတစ်ခု ရှိနေပုံပဲ.. ဒီအတိုင်းဆိုရင် ငါ စိတ်အေးလက်အေးနဲ့ လူသားဧကရာဇ်နန်းတော်ကို မင်းလက်ထဲ အပ်နိုင်ပြီ.. ဒီနေ့တော့ မင်းကို ငါ ဘာအကျိုးကျေးဇူးမှ ပေးလိုက်မှာ မဟုတ်ဘူး.. နောက်ပိုင်းမှာ မင်းနတ်ဘုရင် နဝမအဆင့် အထွတ်အထိပ်ကို ရောက်တဲ့အခါ ဒီကိုလာပြီး ငါ့ကို ရှာနိုင်တယ်”
ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချင်းထျန်း၏ ပုံရိပ်ယောင်သည် ကျန်းချန်၏ ရှေ့ကနေ တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ နေရာလွတ် ကမ္ဘာသည်လည်း တစ်ခါတည်း ပြိုလဲသွားခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ကျန်းချန်သည် အထပ် ငါးဆယ်မြောက်တွင် ပြန်ပေါ်လာခဲ့သည်။
သူက လူသားဧကရာဇ်မျှော်စင်၏ အထပ်ငါးဆယ်မြောက်တွင်သာ ရှိနေသေးသည်ကို မြင်လျှင် ကျန်းချန်သည် မျက်မှောင် ခပ်တင်းတင်း ကြုတ်သွားခဲ့၏။
ကျန်းချင်းထျန်းသည် သူ့ကို ကျော်ဖြတ်နိုင်လျှင် လူသားဧကရာဇ်မျှော်စင်ကို ကျော်ဖြတ်နိုင်သည်ဟု ပြောခဲ့သည် မဟုတ်ပါလော။
သို့ဆိုလျှင် သူက လူသားဧကရာဇ်မျှော်စင်၏ အထပ်ငါးဆယ်တွင်သာ အဘယ်ကြောင့် ရှိနေသေးပါသနည်း။
ကျန်းချန်က တစ်ခဏမျှ တွေးတောပြီးနောက်တွင် အဆုံးသတ်၌ လူသားဧကရာဇ်မျှော်စင်၏ ငါးဆယ့်တစ်ထပ်မြောက် ဆီသို့ ဝင်ရောက်သွားခဲ့သည်။
ငါးဆယ့်တစ်ထပ်မြောက်ကို ဝင်လိုက်သောအခါတွင် ထိုအထပ်သည် လုံးဝ ရှင်းလင်းနေခဲ့ပြီး မှောင်မှည်းနေသည်ကို တွေ့လိုက်ရ၏။
ဤအထပ်ရှိ လူသားဧကရာဇ် စိတ်ဆန္ဒသည် နှစ်ပေါင်းများစွာကတည်းက ငြိမ်းသက်သွားပုံ ရသည်။
ဆိုရလျှင် ဤအဆင့်တွင် လူသားဧကရာဇ်စိတ်ဆန္ဒ မရှိတော့သည်မှာ ထင်ရှားနေခဲ့၏။။
ကျန်းချန်က ငါးဆယ့်တစ်ထပ်မြောက်ကို လျင်မြန်စွာ ကျော်ဖြတ်ပြီး ငါးဆယ့်နှစ်ထပ်မြောက်ကို ဝင်ရောက်သွားခဲ့သည်။
လူသားဧကရာဇ်မျှော်စင်၏ အပေါ်ဆုံး ခြောက်ဆယ့် တစ်ထပ်အထိ အခြေအနေများသည် အတူတူပင် ဖြစ်၏။
ကျန်းချင်းထျန်းက သူ့ကို လိမ်မပြောခဲ့ပေ။
ထိုနှစ်က ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ရင်ဆိုင်ရန်အတွက် ကျန်းချန်းထျန်းသည် အုပ်စိုးသူအဆင့်ကို ထိုးဖောက်ရာတွင် ရှေးခေတ်ကာလက လူသားဧကရာဇ် ဆယ့်တစ်ပါး၏ စိတ်ဆန္ဒများကို အကုန်အစင် သုံးစွဲခဲ့သည်မှာ သိသာနေခဲ့သည်။
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး လူသားဧကရာဇ်မျှော်စင်ထဲတွင် ဆက်လက် မနေတော့ဘဲ ခြောက်ဆယ့်တစ်ထပ်မြောက်၏ ထွက်ပေါက် ဆီသို့ တိုက်ရိုက်ပင် လျှောက်လှမ်းသွားခဲ့သည်။
-------------------
လူသားဧကရာဇ်မျှော်စင်၏ အပြင်ဘက်တွင်မူ ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်နေခဲ့သည်။
လူတိုင်း၏ အကြည့်သည် လူသားဧကရာဇ်မျှော်စင်၏ အထပ်ငါးဆယ် ဆီသို့ ရောက်ရှိနေကြသည်။
ကျန်းချန်က ထိုအဆင့်ကို ထိုးဖောက်ပြီး ကျန်းရွမ်၏ အောင်မြင်မှုကို ကျော်ဖြတ်နိုင်မနိုင် သူတို့ သိချင်နေခဲ့ကြသည်။
အဆုံးသတ်တွင် လူသားဧကရာဇ် မွေးဖွားလာမှုသည် လူသားဧကရာဇ်နန်းတော်တွင် ရှိသည့် အင်အားစုများ အတွက် အလွန်တရာပင် အရေးကြီးသည်။
ဤတစ်ကြိမ် လူသားဧကရာဇ် စစ်ဆေးမှုတွင် လူသားဧကရာဇ် အလောင်းအလျာ သုံးယောက်ကိုသာ ရွေးချယ်မည်ဖြစ်သော်လည်း လူသားဧကရာဇ်မျှော်စင်တွင် အဆင့်ပို၍ ကျော်ဖြတ်နိုင်ခြင်းသည် လူသားဧကရာဇ်ရာထူး အတွက် သိသိသာသာပင် အားသာချက် ရှိနေခြင်းကို ပြသနေသည် မဟုတ်ပါလော။
ဤကဲ့သို့ တိတ်ဆိတ်နေသည့် အချိန်သည် တစ်ခဏလောက်သာ ကြာမြင့်ခဲ့ပြီး လူသားဧကရာဇ်မျှော်စင်၏ အထပ်ငါးဆယ်မြောက် လင်းလက်လာသည့် အချိန်တွင်မူ ထိုတိတ်ဆိတ်မှုသည် ကျိုးပျက်သွားခဲ့သည်။
“လူသားဧကရာဇ် မျှော်စင်ရဲ့ အထပ်ငါးဆယ်မြောက် လင်းလက်သွားခဲ့ပြီ”
“ဒါဆို ကျန်းချန်က အထပ်ငါးဆယ်မြောက်ကို ဖြတ်ကျော်သွားပြီပေါ့”
“မမျှော်လင့်ဘဲ ဒီကောင်က ကျန်းရွမ်ကိုတောင် ကျော်တက်သွားတာပဲ.. ဒီတစ်ကြိမ်တော့ တကယ့် ပြိုင်ဘက်ကောင်းနဲ့ ကျန်းရွမ် တွေ့နေရပြီ ထင်တယ်”
“...........”
လူတိုင်းက လူသားဧကရာဇ်မျှော်စင်၏ အထပ်ငါးဆယ်မြောက်မှ အလင်းစက်ကို ကြည့်ကာ အံ့ဩမဆုံး ဖြစ်နေခဲ့ကြသည်။
“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ကျန်းရွမ်သည် လူသားဧကရာဇ်မျှော်စင်၏ အခြေအနေကို မှင်တက်စွာ ကြည့်နေမိပြီး မယုံကြည်နိုင်စွာ ရေရွတ်မိလိုက်သည်။
လူသားဧကရာဇ်မျှော်စင်၏ အထပ်ငါးဆယ်မြောက်နှင့် ပတ်သက်၍ ကျန်းရွမ်သည် တခြားသူများထက် ပို၍ သိထားခဲ့သည်။
ထိုအဆင့်တွင် ရင်ဆိုင်ရမည့် စိတ်ဆန္ဒသည် ကျန်းချင်းထျန်း၏ စိတ်ဆန္ဒ ဖြစ်သည်။
ဤသည်က အုပ်စိုးသူအဆင့် ကျင့်ကြံသူ၏ စိတ်ဆန္ဒ ဖြစ်၏။
သူ၏ ခွန်အားဖြင့်ပင် ကျန်းချင်းထျန်း၏ စိတ်ဆန္ဒရှေ့တွင် ပြန်လည်တိုက်ခိုက်ရန် စွမ်းအားမရှိသလောက် ဖြစ်ပြီး ကျန်းချင်းထျန်း၏ မျက်နှာကိုပင် မတွေ့လိုက်ရပေ။
သို့ဖြစ်ရာ ကျန်းချန်သည် လူသားဧကရာဇ်မျှော်စင်၏ အထပ်ငါးဆယ်မြောက်ကို မည်ကဲ့သို့ ကျော်ဖြတ်နိုင်ခဲ့ပါသနည်း။
လူတိုင်းက သူတို့ရှေ့မှ အံ့ဩတုန်လှုပ်စရာ မြင်ကွင်းကြောင့် မှင်တက်ရာကနေ သတိပြန်ဝင်မလာသေးခင်မှာပင် ပို၍ တုန်လှုပ်စရာကောင်းသည့် ကိစ္စတစ်ခု ဖြစ်ပျက်လာခဲ့သည်။
ယင်းမှာ လူသားဧကရာဇ်မျှော်စင်၏ ငါးဆယ့်တစ်ထပ်မြောက်သည် တစ်ခဏအတွင်း လင်းလက်သွားသောကြောင့်ပင်။
ထို့နောက်တွင် ချက်ချင်းဆိုသလိုပင် ငါးဆယ့်နှစ်ထပ်၊ ငါးဆယ့်သုံးထပ်၊ ငါးဆယ့်လေးထပ်...
လူသားဧကရာဇ်မျှော်စင်၏ အပေါ်ဆုံးအထပ် ဖြစ်သည့် ခြောက်ဆယ့်တစ်ထပ် အထိ အလွန် လျင်မြန်သော အရှိန်အဟုန်ဖြင့် တောက်လျှောက် လင်းလက်သွားခဲ့သည်။
ဤသည်မှာ တစ်ခဏအတွင်း ဖြစ်ပျက်သွားသော ဖြစ်စဥ် တစ်ခု ဖြစ်၏။
“ဒါက ဘာတွေဖြစ်နေတာလဲဟ”
ဤအခိုက်အတန့်တွင် ရင်ပြင်တစ်ခုလုံးရှိ လေထုသည်ပင် အေးခဲသွားသကဲ့သို့ ပတ်ဝန်းကျင် တစ်ခုလုံးသည် တစ်ခဏအတွင်း တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းက လူသားဧကရာဇ်မျှော်စင်ကို မှင်တက်စွာ ကြည့်နေခဲ့ကြသည်။
သူတို့က တစ္ဆေသရဲ တစ်ကောင်ကို တွေ့နေရသကဲ့သို့ သူတို့၏ မျက်လုံးကိုပင် ကိုယ်တိုင် မယုံကြည်နိုင် ဖြစ်နေကြ၏။
အထပ်ငါးဆယ်မြောက်ကို ကျော်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် အလွန် လျင်မြန်သော အရှိန်အဟုန်ဖြင့် လူသားဧကရာဇ်မျှော်စင်၏ နောက်ဆုံး ဆယ့်တစ်ထပ်ကို လင်းလက်စေခဲ့ပြီး လူသားဧကရာဇ်မျှော်စင် တစ်ခုလုံးကို ကျော်ဖြတ်နိုင်လိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။
လူသားဧကရာဇ် စစ်ဆေးမှု၏ စည်းမျဥ်းများအရ လူသားဧကရာဇ် မျှော်စင်တစ်ခုလုံးကို ကျော်ဖြတ်နိုင်လျှင် လူသားဧကရာဇ်ရာထူးကို မည်သည့် ကန့်သတ်ချက်မှ မရှိဘဲ ဆက်ခံနိုင်ခွင့် ရှိနေခဲ့သည်။
ယင်းသည် ကျန်းချန်က လူသားဧကရာဇ် အရိုက်အရာကို ဆက်ခံရန် တစ်ခါတည်း အရည်အချင်း ပြည့်မီသွားပြီဟု ဆိုလိုခြင်းပင် မဟုတ်ပါလား။
အခန်း(၂၂၈၈)ပြီး၏။