အခန်း (၂၂၈၉-၂၂၉၀)
Vol. 169 Ch. 2289-2290
အခန်း(၂၂၈၉)
“မဖြစ်နိုင်ဘူး.. ဒါလုံးဝမဖြစ်နိုင်ဘူး”
လူသားဧကရာဇ်မျှော်စင်၏ နောက်ဆုံး ဆယ့်တစ်ထပ်လုံး တစ်ထပ်ပြီး တစ်ထပ် လင်းလက် သွားသည်ကို မြင်လိုက်ရလျှင် ကျန်းရွမ်၏ မျက်နှာထက်တွင် မယုံကြည်နိုင်သောအမူအရာများဖြင့် ပြည့်နှက်သွားခဲ့သည်။
လူသားဧကရာဇ်မျှော်စင်၏ အထပ် ငါးဆယ်မြောက်သည် ကျန်းချင်းထျန်း၏ စိတ်ဆန္ဒကို ထိန်းသိမ်းထားခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုရလျှင် လူသားဧကရာဇ်မျှော်စင်၏ နောက်ဆုံး ဆယ့်တစ်ထပ်သည် ရှေးခေတ်ကာလက လူသားဧကရာဇ် ဆယ့်တစ်ပါး၏ စိတ်ဆန္ဒများ ဖြစ်ကြ၏။
ကျန်းရွမ် သိထားသလောက်ဆိုလျှင် လူသားဧကရာဇ်နန်းတော်၏ ရှေးခေတ်ကာလက လူသားဧကရာဇ်တိုင်းသည် အုပ်စိုးသူ အဆင့်ကို ရောက်ရှိနေကြသည့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ကျန်းချင်းထျန်း၏ စိတ်ဆန္ဒနှင့် နှိုင်းယှဥ်လျှင်ပင် ၎င်းတို့သည် ပို၍ပင် သန်မာနိုင်ပြီး အားနည်းစရာ အကြောင်းမရှိပေ။
ကျန်းချန်က မည်မျှပင် ထူးချွန်သော ပါရမီရှင်ဖြစ်နေပါစေ၊ လူသားဧကရာဇ်မျှော်စင်၏ နောက်ဆုံး ဆယ့်တစ်ထပ်ကို မည်ကဲ့သို့ တစ်ရှိန်ထိုး ကျော်ဖြတ်နိုင်ပါမည်နည်း။
ကျန်းရွမ်၏ မျက်နှာက အလွန်အမင်း သုန်မှုန်နေခဲ့သည်။
လူသားဧကရာဇ်နန်းတော်ထဲမှ အင်အားစုအားလုံး လူသားဧကရာဇ်ရာထူးကို ပြန်လည်သတ်မှတ်ရန် သဘောတူလာဖို့အတွက် သူက အချိန်အကြာကြီး စီစဥ်ခဲ့ရပြီး ထိုအတွက် ပေးဆပ်မှုများစွာ ပြုလုပ်ခဲ့ရသည်။
သူက လူသားဧကရာဇ်နန်းတော် လက်အောက်ရှိ အင်အားစုအားလုံး သဘောတူလာရန် အတွက် လူသားဧကရာဇ် စစ်ဆေးမှုကို မည်သူမဆို ပါဝင်ခွင့် ပြုခဲ့ပြီး လူသားဧကရာဇ် အလောင်းအလျာ သုံးယောက်အထိ သတ်မှတ်ပေးခဲ့သည်။
လူသားဧကရာဇ်နန်းတော် လက်အောက်ရှိ အင်အားစုများက လူသားဧကရာဇ် ပြန်လည်ခန့်အပ်ရန် သဘောတူလိုက်သည်နှင့် သူ၏ ခွန်အားနှင့် ပါရမီအရ လူသားဧကရာဇ် ရာထူးသည် သူ့အတွက်သာ ဖြစ်ရမည်ဟု ကျန်းရွမ် မူလက ထင်ထားခဲ့သည်။
သို့ရာတွင် မမျှော်လင့်ဘဲ ကျန်းဝူရသည် ထိုအချိန်တွင် ဘိုးဘွားနယ်မြေထဲကနေ ထွက်လာခဲ့၏။
ထို့ကြောင့် လူသားဧကရာဇ်ရာထူး အတွက် ကျန်းဝူရ ယှဥ်ပြိုင်ခြင်းကနေ တားဆီးရန် သူက လူသားဧကရာဇ် စစ်ဆေးမှုတွင် ပါဝင်နိုင်သည့် အသက်အရွယ်ကို ရည်ရွယ်ချက်ရှိရှိပင် ကန့်သတ်လိုက်သည်။
သို့ရာတွင် ကျန်းရွမ် မည်သို့မှ မတွေးမိခဲ့သည်မှာ ကျန်းဝူရကို တားဆီးလိုက်ပြီးနောက်တွင် ကျန်းဝူရ၏ သားက ထွက်ပေါ်လာခဲ့ခြင်းပင်။
ကျန်းချန်ဟု အမည်ရသည့် ထိုကောင်လေး၏ ပါရမီသည် ကျန်းဝူရထက်ပင် သာလွန်နေခဲ့ပြီး လူသားဧကရာဇ် မျှော်စင်ကို တစ်ရှိန်ထိုး ဖြတ်ကျော်နိုင်ခဲ့မည်ဟု သူ မထင်ထားခဲ့ပေ။
လူသားဧကရာဇ်မျှော်စင်၏ အထပ်အားလုံးကို ကျော်ဖြတ်နိုင်လျှင် လူသားဧကရာဇ် အရိုက်အရာကို ဆက်ခံနိုင်ခွင့်ရှိခြင်းသည် လူသားဧကရာဇ်နန်းတော်၏ ထာဝရ စည်းမျဥ်းတစ်ခု ဖြစ်သည်။
ထိုအတွက်ကြောင့် လူသားဧကရာဇ်မျှော်စင်၏ အထပ်အားလုံးကို ဖြတ်ကျော်နိုင်ခဲ့သော ကျန်းချန်သည် လူသားဧကရာဇ် အရိုက်အရာကို တိုက်ရိုက်ပင် ဆက်ခံနိုင်ပေလိမ့်မည်။
ဤသည်က သူ၏ လူသားဧကရာဇ်ရာထူး အတွက် စီစဥ်ထားသမျှ အရာအားလုံးကို အချည်းနှီး ဖြစ်သွားပြီဟု ဆိုလိုခြင်းပင် မဟုတ်ပါလော။
“ဘာတွေဖြစ်ကုန်တာလဲ”
ဤအခိုက်အတန့်တွင် ကျန်းထျန်းကျွင်း၏ မျက်နှာအမူအရာသည် အလွန်တရာပင် သုန်မှုန်နေခဲ့သည်။
ကျန်းထျန်းကျွင်းသည် ကျန်းချန်ကို စမြင်ကတည်းကပင် ကျန်းချန်၏ ထူးခြားသော ပါရမီကို မြင်နိုင်ခဲ့သော်လည်း ကျန်းရွမ် အတွက် ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကျန်းချန်က လူသားဧကရာဇ် အလောင်းအလျာ အဖြစ် နေရာရနိုင်လျှင်ပင် ကျန်းရွမ်၏ ခွန်အားနှင့် သူတို့၏ တိတ်တဆိတ်အကူအညီများဖြင့်သာ ပေါင်းစပ်လိုက်လျှင် ကျန်းရွမ်အနေဖြင့် လူသားဧကရာဇ် အရိုက်အရာကို ဆက်ခံရန်မှာ သေချာသလောက် ဖြစ်၏။
သို့သော်လည်း ကျန်းချန်က လူသားဧကရာဇ် မျှော်စင်ကို ကျော်ဖြတ်နိုင်လိမ့်မည်ဟု ကျန်းထျန်းကျွင်း လုံးဝ ထည့်မတွက်မိခဲ့ပေ။
ကျန်းမျိုးနွယ်စု၏ နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ကျန်းထျန်းကျွင်းသည် လူသားဧကရာဇ်မျှော်စင်ကို ကျော်ဖြတ်ရန်က မည်မျှအထိ ခက်ခဲသည်ကို သဘာဝကျစွာပင် ကောင်းစွာ သိထားခဲ့၏။
လူသားဧကရာဇ်မျှော်စင်ကို ဖြတ်ကျော်ရန် အလွန်တရာ ခက်ခဲလွန်းသောကြောင့်လည်း လူသားဧကရာဇ်နန်းတော်သည် နှစ်သန်းပေါင်း ရာချီအထိ လူသားဧကရာဇ်အသစ် မပေါ်ထွက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤနှစ်သန်းပေါင်းရာချီ ကာလအတွင်း လူသားဧကရာဇ်နန်းတော်တွင် လူသားဧကရာဇ်မျှော်စင်ကို ရှင်းလင်းနိုင်ခဲ့သူ တစ်ယောက်သာလျှင် ထွက်ပေါ်ခဲ့ဖူး၏။
သို့သော်လည်း ထိုပါရမီရှင် ပေါ်ထွက်လာစဥ်တွင် လူသားဧကရာဇ်နန်းတော်၌ ကိစ္စကြီးတစ်ခု ဖြစ်ပေါ်ခဲ့ပြီး ထိုပါရမီရှင်သည် လူသားဧကရာဇ်နေရာကို မဆက်ခံလိုက်ရဘဲ နတ်ကုန်းမြေတိုက်ကနေ ပျောက်ကွယ်သွားခဲ့ရသည်။
ယခု နှစ်ပေါင်းသန်းချီ အချိန်ကာလတစ်ခုကို ကျော်လွန်ပြီးနောက်တွင်မူ ထိုပါရမီရှင်၏ မျိုးဆက်သည် လူသားဧကရာဇ်နန်းတော်ကို ပြန်လည် ရောက်ရှိလာခဲ့ပြီး လူသားဧကရာဇ်မျှော်စင်ကို ကျော်ဖြတ်ကာ လူသားဧကရာဇ် အရိုက်အရာကို ဆက်ခံနိုင်မည့် အရည်အချင်း ပြည့်မီသွားခဲ့သည်။
“ချန်အာက တကယ်ပဲ လူသားဧကရာဇ်မျှော်စင်ကို ကျော်ဖြတ်နိုင်ခဲ့တယ်လား”
မှင်တက်ရာကနေ သတိပြန်ဝင်လာသောအခါတွင် ကျန်းဝူရ၏ မျက်ဝန်းထဲ၌ အံ့အားသင့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။
ကျန်းဝူရ၏ စိတ်ထဲတွင် ကျန်းချန်သည် အဆင့်နိမ့် နယ်မြေဖြစ်သည့် ရှန်းဝူတိုက်ကနေ ဤနေရာအထိ ရောက်လာနိုင်ခဲ့ပြီး နတ်ဘုရင် စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်လာသည်ကပင် အံ့ဩစရာကောင်းနေခဲ့ချေပြီ။
ဤတစ်ကြိမ် လူသားဧကရာဇ် စစ်ဆေးမှုတွင် ကျန်းချန်အနေဖြင့် လူသားဧကရာဇ် အလောင်းအလျာ အဖြစ် ရွေးချယ်ခံရရန်မှာ ပြဿနာမရှိလောက်ဟု ကျန်းဝူရထင်ထားခဲ့သည်။
သို့သော်လည်း ကျန်းချန်၏ စွမ်းဆောင်ရည်သည် သူစိတ်ကူးထားသည်ထက်ကိုပင် လုံးဝ ကျော်လွန်နေခဲ့၏။
ထိုကောင်လေးသည် လူသားဧကရာဇ် စစ်ဆေးမှုတွင် ကျန်းရွမ်ကို ကျော်တက်သွားရုံသာမက လူသားဧကရာဇ် မျှော်စင်ကိုပါ ရှင်းလင်းနိုင်ခဲ့သည်။
ထိုအချိန်က သူသိထားသော အချက်အလက်များအရ လူသားဧကရာဇ်နန်းတော်၏ အထပ်ငါးဆယ် နောက်ပိုင်းတွင် ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် ကျင့်ကြံသူများ၏ စိတ်ဆန္ဒများ မရှိတော့ပေ။
သို့သော်လည်း အထပ်ငါးဆယ်မြောက်ရှိ လူသားဧကရာဇ်၏ အသိအမှတ်ပြုမှုကို ရရှိရန်မှာ အလွန်တရာပင် ခက်ခဲလှ၏။
ဆိုရလျှင် သူကိုယ်တိုင်သည်လည်း လူသားဧကရာဇ် ကျန်းချင်းထျန်း၏ စိတ်ဆန္ဒကို ရင်ဆိုင်ခဲ့ဖူးသည်။
သူ၏ လက်ရှိနတ်ဘုရင် သတ္တမအဆင့်ဖြင့်ပင် ချောချောမွေ့မွေ့ ဖြတ်ကျော်နိုင်မည်ဟု မသေချာသော်လည်း ကျန်းချန်ကမူ ကျန်းချင်းထျန်း၏ အသိအမှတ်ပြုခြင်းကို ခံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“မမျှော်လင့်ဘဲ အဲဒီအချိန်က ငါဆုံးရှုံးခဲ့ရသမျှကို ချန်အာက ပြန်ယူပေးနိုင်ခဲ့တာပဲ”
သူ့ရှေ့မှ အခြေအနေကိုကြည့်ကာ ကျန်းဝူရက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
မကြာမီမှာပင် သူ၏ မျက်ဝန်းထဲတွင် အလင်းတန်း တစ်ခု လင်းလက်သွားခဲ့၏။
ထို့နောက်တွင် သူ၏ အကြည့်သည် ကျန်းထျန်းကျွင်းတို့ ဆီသို့ မရည်ရွယ်ဘဲ ကျရောက်သွားခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းသန်းချီက ဤလူများသည် သူ လူသားဧကရာဇ် ဖြစ်လာမည်ကို တားဆီးရန် အတွက် ဖြစ်နိုင်သမျှနည်းလမ်းများကို အကုန်အစင် ထုတ်သုံးခဲ့ကြသည်။
ဆိုရလျှင် ကျန်းချန်အနေဖြင့် လူသားဧကရာဇ်မျှော်စင်ကိုရှင်းလင်းနိုင်ခဲ့သော်လည်း ထိုလူများသည် ကျန်းချန်ကို လူသားဧကရာဇ်ရာထူး ဆက်ခံရန်အတွက် ခွင့်ပြုချင်မှ ခွင့်ပြုကြပေလိမ့်မည်။
လူတိုင်းက သူတို့ရှေ့မှ မြင်ကွင်းကြောင့် အံ့ဩတုန်လှုပ်နေသောအချိန်တွင် ကျန်းချန်သည် လူသားဧကရာဇ် မျှော်စင်၏ အပေါ်ဆုံးထပ်ကနေ ကျန်းဝူရ ထံသို့ တိုက်ရိုက်ပင် ပျံသန်းကာ ဆင်းသက်လိုက်သည်။
ထို့နောက်တွင် ကျန်းချန်သည် ကျန်းဝူရကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။
“အဖေ သားအဖေ့ကို စိတ်မပျက်စေခဲ့ဘူး မဟုတ်လား”
“ဟားဟား ချန်အာ.. မင်း အရမ်းတော်တာပဲ”
ကျန်းဝူရက ရယ်မောလိုက်ပြီး ကျန်းထျန်းကျွင်းကို တိုက်ရိုက်ပင် စူးစိုက်ကြည့်လိုက်သည်။
“အကြီးအကဲထျန်းကျွင်း.. လူသားဧကရာဇ်မျှော်စင်ကို ရှင်းလင်းနိုင်တဲ့သူက လူသားဧကရာဇ် အရိုက်အရာကို ဆက်ခံနိုင်ခွင့်ရှိတယ်.. အခု အကြီးအကဲအနေနဲ့ လူသားဧကရာဇ်စစ်ဆေးမှုရဲ့ ရလဒ်ကို ကြေညာပေးလို့ရပါပြီ”
“မဟုတ်ဘူး.. ဒါလုံးဝမဖြစ်နိုင်ဘူး”
ထိုအချိန်တွင် ကျန်းရွမ်သည် မယုံကြည်နိုင်သော လေသံဖြင့် အော်ဟစ်လိုက်သည်။
“အကြီးအကဲထျန်းကျွင်း.. ကျန်းချန်က လှည့်စားနေတယ်လို့ ကျွန်တော်သံသယရှိတယ်.. သူက လူသားဧကရာဇ်မျှော်စင်ရဲ့နောက်ဆုံး ဆယ့်တစ်ထပ်ကို ဒီလောက် တိုတောင်းတဲ့အချိန်အတွင်းမှာ ဘယ်လိုလုပ်ပြီး ကျော်ဖြတ်နိုင်မှာလဲ”
လူသားဧကရာဇ်မျှော်စင်၏ အထပ်ငါးဆယ်မြောက်ရှိ လူသားဧကရာဇ် ကျန်းချင်းထျန်း၏ စိတ်ဆန္ဒသည်ပင် အတော်လေး အစွမ်းထက်နေခဲ့ပြီ ဖြစ်သည်။
နောက်ထပ် ဆယ့်တစ်ထပ်ရှိ လူသားဧကရာဇ် စိတ်ဆန္ဒများသည် ရှေးခေတ်ကာလက လူသားဧကရာဇ်များ ဖြစ်၍ ကျန်းချင်းထျန်းထက် အားနည်းသည့်သူ တစ်ယောက်မှ မပါဝင်ပေ။
ဆိုရလျှင် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူပင်လျှင် လူသားဧကရာဇ်မျှော်စင်ကို ကျန်းချန်ကဲ့သို့ အလွယ်တကူ ဖြတ်ကျော်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။
“ကျန်းဝူရ.. ကျန်းချန်က လူသားဧကရာဇ်မျှော်စင်ရဲ့ နောက်ဆုံး ဆယ့်တစ်ထပ်ကို ကျော်ဖြတ်သွားတာ တကယ်ကိုသံသယဝင်စရာ ကောင်းနေတယ်.. ဒီထဲမှာ ပြဿနာတစ်ခုခုရှိမှာ အသေအချာပဲ.. ဒီကိစ္စကို စစ်ဆေးရလိမ့်မယ်”
ကျန်းထျန်းကျွင်း၏ အိုမင်းသော မျက်ဝန်းထဲတွင် အလင်းတန်းများ လက်ခနဲဖြစ်သွားခဲ့ပြီး အေးစက်စက် ပြောလိုက်သည်။
ကျန်းထျန်းကျွင်းသည် လူသားဧကရာဇ်နန်းတော်၏ အကြီးအကဲတစ်ပါး ဖြစ်၍ နောက်ဆုံး ဆယ့်တစ်ထပ်၏ အခြေအနေကို သဘာဝကျစွာပင် သိထားခဲ့သည်။
သို့သော်လည်း သူသိထားသည်ကို အမှန်အတိုင်း ထုတ်မပြောဘဲ ကျန်းရွမ်၏ စကားကို သံယောင်လိုက်ကာ လူသားဧကရာဇ် အရိုက်အရာကို ကျန်းချန် ဆက်ခံခွင့်မရှိစေရန် တားမြစ်လိုက်သည်။
မည်သို့ပင်ဖြစ်စေကာမူ လူသားဧကရာဇ်မျှော်စင်ကို ကျန်းချန် ကျော်ဖြတ်နိုင်ခဲ့သော အောင်မြင်မှုအား အစစ်အမှန်ဟု သူအသိအမှတ်ပြု၍ မဖြစ်ပေ။
သို့မဟုတ်လျှင် ကျန်းချန်သည် လူသားဧကရာဇ်နန်းတော်၏ ၆၂ယောက်မြောက် လူသားဧကရာဇ် အမှန်တကယ် ဖြစ်လာတော့မည် မဟုတ်ပါလား။
ကျန်းထျန်းကျွင်း၏ စကားကိုကြားလျှင် ကျန်းဝူရ၏ မျက်နှာသည် ချက်ချင်းပင် ခက်ထန်သွားခဲ့သည်။
“အကြီးအကဲထျန်းကျွင်း.. လူသားဧကရာဇ်မျှော်စင်ရဲ့ အခြေအနေကို အကြီးအကဲ ကောင်းကောင်းကြီး သိပါတယ်.. ငါ့သား ကျန်းချန်က လူသားဧကရာဇ်မျှော်စင်ကို ရှင်းလင်းတဲ့နေရာမှာ ဘာပြဿနာမှ မရှိခဲ့ဘူး”
“ပြဿနာရှိလား၊ မရှိလား ဆိုတာက မင်းတစ်ယောက်တည်း ဆုံးဖြတ်ရမဲ့ကိစ္စ မဟုတ်ဘူး”
ကျန်းထျန်းကျွင်းက ကျန်းဝူရကို အေးစက်စက် တစ်ချက် ကြည့်လိုက်ပြီးနောက် လေထုထဲရှိ တခြား အကြီးအကဲနှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။
“အကြီးအကဲနှစ်ယောက်.. ကျန်းချန်က လူသားဧကရာဇ်မျှော်စင်ကို ကျော်ဖြတ်ရာမှာ ပြဿနာရှိခဲ့တယ်လို့ ငါသုံးသပ်ထားတယ်.. မင်းတို့ရော ဘယ်လိုမြင်ကြလဲ”
အခန်း(၂၂၈၉)ပြီး၏။
အခန်း(၂၂၉၀)
“ဒီလောက် တိုတောင်းတဲ့ အချိန်တိုအတွင်းမှာ လူသားဧကရာဇ်မျှော်စင်ရဲ့ နောက်ဆုံး ဆယ့်တစ်ထပ်ကို ဘယ်သူမှ အောင်မြင်နိုင်မှာ မဟုတ်ဘူး.. ငါ့အထင် ဒီထဲမှာ ပြဿနာတစ်ခုခု ရှိနေလောက်တယ်”
မျက်ခုံးဖြူနှင့် အဘိုးအိုတစ်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုမျက်ခုံးဖြူနှင့် အဘိုးကြီး၏ခန္ဓာကိုယ်ကနေ အားကောင်းသော ကျီမျိုးနွယ်စု၏ သွေးမျိုးဆက် အရှိန်အဝါများ ထွက်ပေါ်နေခဲ့သောကြောင့် ထိုအဘိုးအိုသည် ကျီမျိုးနွယ်စု၏ နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူ ဆိုသည်မှာ သိသာနေခဲ့သည်။
နောက်ထပ် အကြီးအကဲ တစ်ယောက် ဖြစ်သည့် ရဲ့မျိုးနွယ်စုမှ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကလည်း ခေါင်းညိတ်ကာပြောလိုက်သည်။
“လူသားဧကရာဇ်မျှော်စင်ရဲ့ နောက်ဆုံး ဆယ့်တစ်ထပ်မှာ တစ်စုံတစ်ရာ မှားယွင်းနေတာ ဖြစ်နိုင်တယ်.. ဒါကြောင့် ဒီရလဒ်ကို ထည့်တွက်လို့ မဖြစ်ဘူး”
ထိုစကားကိုကြားလျှင် ကျန်းဝူရ၏ အမူအရာသည် အလွန်တရာပင် သုန်မှုန်သွားခဲ့သည်။
သူ့ရှေ့မှ အဘိုးအိုသုံးယောက်သည် လူသားဧကရာဇ်နန်းတော်၏ အသန်မာဆုံး အင်အားစုသုံးစုကို ကိုယ်စားပြုနေသူများ ဖြစ်ကြသည်။
အကယ်၍ ထိုသုံးယောက်သာ ပူးပေါင်းလိုက်လျှင် ကျန်းချန်၏ လူသားဧကရာဇ်မျှော်စင်ကို ဖြတ်ကျော်နိုင်ခဲ့သော အောင်မြင်မှုသည် အသိအမှတ်ပြုမခံရဘဲ ပျက်ပြယ်သွားမည်ဟု သူစိုးရိမ်နေမိ၏။
“ဟားဟား ဒါက သိပ်ရယ်စရာကောင်းတာပဲ”
ကျန်းချန်က မထီမဲ့မြင်ပြုံးကာ ခနဲ့လိုက်သည်။
“ခင်ဗျားတို့အနေနဲ့ ကျုပ်ကို လူသားဧကရာဇ် အရိုက်အရာ မဆက်ခံစေချင်ရင် တိုက်ရိုက်ပဲ ပြောလိုက်စမ်းပါ.. ဘာလို့ ဒီလောက် အောက်တန်းကျတဲ့ အကြောင်းပြချက်တွေကို ရှာနေရတာလဲ.. လူသားဧကရာဇ်မျှော်စင်ရဲ့ စမ်းသပ်မှုက ပြဿနာရှိနေတယ်လို့ ခင်ဗျားတို့ ထင်ရင် ကျုပ်ကို သက်သေပြပေးစမ်းပါ”
“သက်သေရှာဖို့က ဘာများခက်ခဲနေလို့လဲ.. လူသားဧကရာဇ်မျှော်စင်ရဲ့ အထပ်ငါးဆယ်မြောက် နောက်ပိုင်းမှာ အုပ်စိုးသူအဆင့် လူသားဧကရာဇ်တွေရဲ့ စိတ်ဆန္ဒတွေ ရှိတယ်.. တခြား အထပ်တွေကို မပြောနဲ့ဦး.. အထပ်ငါးဆယ်မြောက်က လူသားဧကရာဇ် ကျန်းချင်းထျန်းရဲ့ စိတ်ဆန္ဒ တစ်ခုတည်းကိုတောင် ငါကိုယ်တိုင် ရင်ဆိုင်နိုင်ဖို့ မလွယ်ဘူး"
"မင်းက အထပ်ငါးဆယ်မြောက်ကို ကျော်ဖြတ်နိုင်တယ် ဆိုမှတော့ ငါ့ထက် ပိုသန်မာတယ် ဆိုတာကို သက်သေပြနေတာပဲ.. မင်းအနေနဲ့ ငါ့ကို အနိုင်ယူနိုင်သရွေ့ လူသားဧကရာဇ် မျှော်စင်ကို ဖြတ်ကျော်နိုင်တဲ့ ခွန်အား မင်းမှာ ရှိတယ်ဆိုတာ ငါအသိအမှတ်ပြုပေးမယ်”
ထိုအချိန်တွင် ကျန်းရွမ်၏ အေးစက်စက် စကားသံသည် ကျန်းချန်၏ နားထဲကို တိုက်ရိုက်ပင် ဝင်ရောက်လာခဲ့သည်။
ကျန်းချန်က ကျန်းရွမ်ကို တစ်ချက်ကလေးပင် လှမ်းမကြည့်ခဲ့ပေ။
သူက လေထုထဲရှိ ကျန်းထျန်းကျွင်းတို့ အဘိုးအိုတို့သုံးယောက်ကို တိုက်ရိုက်ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်၏။
“ကျန်းရွမ်ရဲ့ ကမ်းလှမ်းချက်ကို ခင်ဗျားတို့ ဘယ်လိုသဘောရလဲ”
“ကောင်းပြီလေ မင်းအနေနဲ့ ကျန်းရွမ်ကို အနိုင်ယူနိုင်သရွေ့ ငါတို့ရဲ့ သံသယတွေကို ရပ်တန့်ပေးလိုက်မယ်”
ကျန်းထျန်းကျွင်းတို့ သုံးယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ကျန်းရွမ်၏ အဆိုပြုချက်ကို သဘောတူရန် ဆုံးဖြတ်လိုက်ကြသည်။
လူသားဧကရာဇ်မျှော်စင်သည် လူသားဧကရာဇ်နန်းတော်၏ ရတနာတစ်ပါး ဖြစ်သည်။
ယေဘုယျအားဖြင့် မည်သည့်ပြဿနာမှ မရှိနိုင်သလို လူသားဧကရာဇ် မျှော်စင်တွင်လည်း မည်သူမျှ လှည့်စား၍ မရနိုင်မှန်း သူတို့ သိထားကြ၏။
အကယ်၍ ထိုကိစ္စကိုသာ အမှန်တကယ် စစ်ဆေးမည် ဆိုလျှင် ကျန်းချန်၏ လူသားဧကရာဇ် မျှော်စင်ကို ဖြတ်ကျော်မှု၌ ပြဿနာရှိသည် ဟူသော သက်သေကို သူတို့ ရှာတွေ့မည် မဟုတ်ပေ။
ထို့အပြင် ကျန်းဝူရသည် နတ်ဘုရင် သတ္တမအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သလို လူသားဧကရာဇ်နန်းတော်တွင် ရှိသည့် လူတချို့၏ ထောက်ခံမှုကိုလည်း ရရှိထားခဲ့သည်။
ထိုအတွက်ကြောင့် သူတို့ အနေဖြင့် ကျန်းချန်၏ လူသားဧကရာဇ်မျှော်စင် အပေါ် ဖြတ်ကျော်နိုင်မှုကို လုံးဝ ငြင်းပယ်ရန်ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။
လက်ရှိအချိန်တွင် ကျန်းချန်ကို ကျန်းရွမ်နှင့် တိုက်ခိုက်ခိုင်းခြင်းသည် ကျန်းချန် လူသားဧကရာဇ် ဖြစ်လာမည်ကို တားဆီးရန်အတွက် အကောင်းဆုံး နည်းလမ်းပင် မဟုတ်ပါလား။
ကျန်းချန်က လူသားဧကရာဇ်မျှော်စင်ကို ရှင်းလင်းနိုင်ခဲ့သော်လည်း လူသားဧကရာဇ်မျှော်စင်၏ စမ်းသပ်မှုသည် ခွန်အားတစ်ခုတည်းဖြင့် တိုင်းတာခြင်း မဟုတ်မှန်း သူတို့ကောင်းစွာ သိထားကြသည်။
ဆိုရလျှင် သူတို့သည် ကျန်းရွမ်၏ အင်အားကို ယခုအချိန်အထိ အခိုင်အမာ ယုံကြည်နေဆဲ ဖြစ်၏။
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ကျန်းရွမ်ကို တိုက်ရိုက်ပင် စိုက်ကြည့်လိုက်သည်။
“မင်းက လူသားဧကရာဇ်မျှော်စင်ကို ငါဖြတ်ကျော်သွားတာ မကျေမနပ် ဖြစ်နေတဲ့ပုံပဲ.. လာစမ်းပါ.. မင်းမကျေနပ်ဘူး ဆိုမှတော့ ငါတို့နှစ်ယောက် တစ်ပွဲတစ်လမ်း ရင်ဆိုင်ကြတာပေါ့”
ကျန်းရွမ်သည် နတ်ကုန်းမြေတိုက်၏ ထိပ်တန်း ပါရမီရှင်များထဲမှ တစ်ယောက် ဖြစ်သလို ကျန်းမျိုးနွယ်စု၏ အစွမ်းထက် ဝှက်ဖဲများကိုပါ ပိုင်ဆိုင်ထား၏။
ထို့ကြောင့် ကျန်းချန်ကို အနိုင်ယူခြင်းသည် ကျန်းရွမ် အတွက် ပြဿနာကြီးကြီးမားမား မရှိနိုင်ဟု အားလုံးနီးပါး ယူဆထားကြသည်။
“ဟမ့် လေလုံးထွားလိုက်တဲ့ကောင်.. ငါ့လက်ထဲမှာ သေဖို့သာ ပြင်ထားလိုက်တော့”
ကျန်းရွမ်၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်း တစ်ခု လင်းလက်သွားခဲ့သည်။
ထို့နောက်တွင် ကျန်းရွမ်၏ ခန္ဓာကိုယ်ကနေ နတ်ဘုရင် ပဉ္စမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ၏ အားကောင်းသော အရှိန်အဝါများ အစွမ်းကုန် ပေါက်ကွဲထွက်လာခဲ့ပြီး ကျန်းရွမ်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ရွှေရောင်အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲကာ အထက်ကောင်းကင်ယံသို့ ပျံသန်းသွားခဲ့သည်။
“ချန်အာ သတိထားပါ.. ကျန်းရွမ်က ထူးချွန်တဲ့ပါရမီရှင် တစ်ယောက်ပဲ.. မင်းအနေနဲ့ ရင်ဆိုင်ဖို့ ခက်ခဲလိမ့်မယ်”
ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းဝူရသည် ကျန်းချန်ကို ချက်ချင်းဆိုသလို သတိပေးလိုက်သည်။
“အဖေ စိတ်မပူပါနဲ့.. ကျွန်တော် ကျင့်ကြံခြင်းလမ်းစဥ်ကိုလျှောက်လာကတည်းက အဆင့်တူ ပြိုင်ဘက်တွေကို တစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးဘူး”
ကျန်းချန်၏ မောက်မာသောစကားသံသည် လေထုထဲတွင် ပျံ့လွင့်သွားခဲ့၏။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဓားအလင်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ကျန်းရွမ်နှင့် ပေပေါင်းထောင်ချီ ကွာဝေးသည့် ကောင်းကင်ယံထက်တွင် ပေါ်လာခဲ့သည်။
“ကျန်းချန် လူသားဧကရာဇ်အရိုက်အရာက ငါ့အတွက်ပဲ.. ဘယ်သူမှ ငါ့ဆီကနေ လာလုလို့မရဘူး.. ဒီနေ့တိုက်ပွဲပြီးမှာ ဒီအဆုံးမဲ့ ကြယ်တာရာ ကောင်းကင်ယံက မင်းရဲ့သင်္ချိုင်းဖြစ်လာလိမ့်မယ်”
ကျန်းရွမ်က ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့၏။
ထို့နောက် ကျန်းရွမ်၏ လက်ထဲတွင် ရွှေရောင်လှံတစ်စင်း ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး မဟာလမ်းစဥ်၏ စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်ကနေ တစ်ခဏအတွင်း ထွက်ပေါ်လာခဲ့သည်။
“သေစမ်း”
ရုတ်တရက် ရွှေရောင်လှံပေါ်တွင် ရွှေရောင် တောက်ပနေသည့် ဖျက်ဆီးခြင်းလမ်းစဥ် စွမ်းအားများ ရစ်ပတ်နေခဲ့ပြီး ကောင်းကင်ယံကို ဘာမှမကျန်ရှိတော့သည် အထိ ချေမှုန်းပစ်တော့မည့် အလား ဖြစ်နေခဲ့သည်။
ကျန်းရွမ်၏ အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် လုံးဝ မကြောက်ရွံ့ခဲ့ပေ။
သူက လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ပြီး လူသားဧကရာဇ်စည်းတံဆိပ်၏ ရှေးဟောင်း စည်းတံဆိပ်သုံးခုကို တစ်ခုပြီးတစ်ခု ထုတ်သုံးလိုက်သည်။
"ဝိညာဥ်ငြိမ်းသတ်ခြင်းစည်းတံဆိပ်"
“နတ်ဘုရားနှိမ်နင်းခြင်း စည်းတံဆိပ်(ဝါ) ကျူးရှန်းစည်းတံဆိပ်"
"ကောင်းကင်ဖွင့်လှစ်စည်းတံဆိပ်”
ကျန်းချန်က လူသားဧကရာဇ်နန်းတော်၏ ရှေးဟောင်း စည်းတံဆိပ် ပညာရပ်များအား ထုတ်သုံးလိုက်သည်ကို မြင်လျှင် ကျန်းရွမ်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
လူသားဧကရာဇ်နန်းတော်၏ ရှေးဟောင်း စည်းတံဆိပ် ကိုယ်ခံပညာသည် လူသားဧကရာဇ်၏ အမှတ်သင်္ကေတများထဲမှ တစ်ခု ဖြစ်သည်။
ကျန်းတော်ဝင်မိသားစုမှာပင် လူသားဧကရာဇ် အလောင်းအလျာများသာ ထိုကျင့်စဥ်ကို ကျင့်ကြံဖို့ အရည်အချင်း ပြည့်မီကြ၏။
သူကိုယ်တိုင်ပင်လျှင် လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်ကို မကျင့်ကြံဖူးခဲ့ပေ။
ရှေးခေတ်ကာလက မဟာကပ်ဘေးကြီး နောက်ပိုင်းတွင် လူသားဧကရာဇ်နန်းတော်၌ လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်ကို ကျင့်ကြံရန် အရည်အချင်းပြည့်မီခဲ့သူ ဆို၍ လွန်ခဲ့သော နှစ်ပေါင်းသန်းချီက ပေါ်ထွက်ခဲ့ဖူးသည့် ပါရမီရှင် တစ်ယောက်သာလျှင် ရှိခဲ့ဖူးသည်။
ဤအတိုင်းဆိုလျှင် သူ့ရှေ့မှ ကျန်းချန် တို့သားအဖသည် လွန်ခဲ့သော နှစ်ပေါင်းသန်းချီက ပါရမီရှင်နှင့် နီးစပ်သောပတ်သက် ဆက်နွှယ်မှု ရှိနေပုံရ၏။
သို့သော်လည်း ဤအချိန်တွင် ကျန်းရွမ်အနေဖြင့် ထိုအကြောင်းများကို စဥ်းစားနေရန် အချိန်မရှိတော့ပေ။
သူက ချက်ချင်းဆိုသလိုပင် ရွှေရောင်လှံဖြင့် လှံချက် သုံးချက်ကို ဆက်တိုက်ဆိုသလို ထုတ်ဖော်လိုက်သည်။
တစ်ခဏအတွင်းမှာပင် ရွှေရောင်လှံအလင်း သုံးခုသည် နေရာလွတ်ကို ထိုးဖောက်သွားခဲ့ပြီး လေထုထဲမှာပင် ရွှေရောင်မြစ်သုံးစင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုရွှေရောင်မြစ်သုံးစင်း ဖြတ်သန်းသွားသော လမ်းတစ်လျှောက်ရှိ အရာအားလုံးသည် တစ်ခဏအတွင်းမှာပင် ဘာမှမကျန်ရှိတော့သည်အထိ ပျက်စီးသွားခဲ့၏။
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
ရွှေရောင်မြစ်ကြီး သုံးစင်းသည် လူသားဧကရာဇ်ရှေးဟောင်း စည်းတံဆိပ်သုံးခုနှင့် ထိပ်တိုက် ဆုံတွေ့သွားပြီးနောက်တွင် ကောင်းကင်ယံကိုပင် တုန်ဟည်းသွားစေလောက်သော အသံကြီးသည် ကောင်းကင်ယံ တစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့သည်။
ကြောက်မက်ဖွယ်ရာကောင်းသည့် အဖျက်စွမ်းအင်များသည် နေရာအနှံ့ ရိုက်ခတ်သွားခဲ့ပြီး ကောင်းကင်ယံ တစ်ခုလုံးကို တွင်းနက်ကြီးတစ်ခု အဖြစ်ပင် ပြောင်းလဲပစ်လိုက်သည်။
ခဏအကြာတွင် ပုံရိပ်နှစ်ခုသည် တွင်းနက်ထဲကနေ တစ်ပြိုင်နက်တည်း လွင့်ထွက်လာခဲ့ပြီး ပေပေါင်းထောင်ချီအကွာအဝေး အထိ နောက်ဆုတ်သွားခဲ့ကြသည်။
နှစ်ယောက်သားက တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်လိုက်ကြ၏။
သူတို့၏ အမူအရာများသည် ပို၍ပင် တည်ကြည်လေးနက်လာခဲ့သည်။
“ဒီကောင်က အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းရဲ့ ဒုတိယနေရာမှာရှိတဲ့ ပါရမီရှင်လို့ မပြောရဘူး.. တကယ်ကို အရည်အချင်း တချို့ ရှိနေတာပဲ”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ယခင်က ကျန်းချန်သည် သူနှင့် အဆင့်တူ ပြိုင်ဘက်များကို အလွယ်တကူပင် ချေမှုန်းနိုင်ခဲ့သည်။
သူ၏ ရှေ့မှ ကျန်းရွမ်ကမူ နတ်ဘုရင် ပဉ္စမအဆင့် အထွတ်အထိပ်တွင်သာ ရှိပြီး သူ့ထက် အနည်းငယ်သာ မြင့်သော်လည်း သူနှင့် ရင်ဆိုင် တိုက်ခိုက်နိုင်ခဲ့သည်။
ကြည့်ရသည်မှာ ယနေ့တိုက်ပွဲတွင် ကျန်းရွမ်ကို အနိုင်ယူချင်လျှင် အားထုတ်မှုတချို့ကို ပြုလုပ်ရပေတော့မည်။
“ကျန်းချန်.. မင်းက တကယ်ကို အရည်အချင်းရှိသားပဲ.. ဒါပေမဲ့ ဒီနေ့တိုက်ပွဲမှာ မင်းသေချာပေါက် ရှုံးနိမ့်ရလိမ့်မယ်”
ထိုစကားကို ပြောနေရင်း ဖျက်ဆီးခြင်းလမ်းစဥ် စွမ်းအားများသည် သူ၏ လက်ထဲရှိ ရွှေရောင်လှံပေါ်တွင် ရုတ်တရက် စုစည်းလာခဲ့သည်။
ထို့နောက်တွင် ကျန်းရွမ်က ဆန်းကြယ်သော လှံတိုက်ကွက်ကို ထုတ်ဖော်လိုက်ရာ ယင်နှင့်ယန်ဖြင့် ဖွဲ့စည်းထားသည့် ဖျက်ဆီးခြင်း တွင်းနက်ကြီးသည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့ပြီး ကျန်းချန်ကို ဝါးမျိုရန် ကြိုးစားလိုက်သည်။
“လှံချက် တစ်ချက်တည်းဖြင့် ကမ္ဘာကြီးကို ချေမှုန်းခြင်း”
ကျန်းရွမ်က ကျန်းချန်နှင့် ရင်ဆိုင်ရာတွင် ဘာမှ ထိန်ချန်မထားဘဲ သူ၏ အားထားရသော တစ်ကွက် တစ်ကွက် ဖြစ်သည့် ဖျက်ဆီးခြင်းလမ်းစဥ် စွမ်းအားနှင့် ပေါင်းစပ် တီထွင်ထားသည့် နတ်ဘုရင်အဆင့် တိုက်ကွက်ကို ဤအခိုက်အတန့်တွင် ထုတ်သုံးလိုက်သည်။
အခန်း(၂၂၉၀)ပြီး၏။