← Chapters

အခန်း (၂၂၈၅-၂၂၈၆)

Vol. 169 Ch. 2285-2286

အခန်း (၂၂၈၅-၂၂၈၆)

Vol. 169 Ch. 2285-2286

အခန်း(၂၂၈၅)

လူသားဧကရာဇ်မျှော်စင်အတွင်းသို့ ဝင်ရောက်သွားသူများသည် သီးခြားနေရာလွတ်ကမ္ဘာ တစ်ခုစီတွင် ရှိနေကြပြီး အတိတ်မှ လူသားဧကရာဇ်စိတ်ဆန္ဒများ၏ စမ်းသပ်မှုများကို တစ်ဆင့်ပြီးတစ်ဆင့် ခံယူနေကြရသည်။

အချိန်တဖြည်းဖြည်း ကုန်ဆုံးလာသည်နှင့်အမျှ လူသားဧကရာဇ်မျှော်စင်ထဲသို့ ဝင်ရောက်သွားသော ကျင့်ကြံသူ တော်တော်များများသည် လူသားဧကရာဇ်မျှော်စင်၏ အပြင်ဘက်သို့ လွင့်စင်ထွက်လာကြသည်။

ဤလူများသည် ပိုမိုမြင့်မားသော လူသားဧကရာဇ် စိတ်ဆန္ဒများ၏ စမ်းသပ်မှုကို မကျော်ဖြတ်နိုင်ကြတော့ဘဲ ပြိုင်ပွဲကနေ ထွက်လာခဲ့ရသည်မှာ ထင်ရှားနေခဲ့၏။

အဆင့်နှစ်ဆယ်သို့ ရောက်ရှိပြီးနောက်တွင် လူသားဧကရာဇ်မျှော်စင်တွင် ဆက်လက် တက်လှမ်းနေသော အလင်းစက် ငါးစက်သာ ကျန်ရှိတော့ပြီး ကျန်ရှိသော အလင်းစက်များသည် မည်သည့် လှုပ်ရှားမှုမှ ရှိမနေတော့ပေ။

ဆိုရလျှင် လူသားဧကရာဇ်မျှော်စင်ထဲတွင် အတားအဆီးများကို ဆက်လက် ကျော်ဖြတ်နိုင်စွမ်းရှိသူ ငါးဦးသာလျှင် ကျန်ရှိတော့၏။

-----------------

လူသားဧကရာဇ်မျှော်စင်၏ နှစ့်ဆယ့်တစ်ထပ်မြောက်တွင် မျက်နှာဖြူဖျော့နေသော ပုံရိပ်တစ်ခုသည် နှင်းဓား လူသားဧကရာဇ် ကျင်းရွှင်း၏ စိတ်ဆန္ဒ ကိန်းအောင်းနေသော အပြာရောင်မီးလျှံ ရှေ့တွင် ရပ်နေခဲ့သည်။

ထိုပုံရိပ်သည် ကျန်းချန်၏ ထိန်းချုပ်မှုကို ခံထားရသည့် လူသားဧကရာဇ်နန်းတော်မှ ပါရမီရှင် ကျန်းယွိပင် ဖြစ်သည်။

ကျန်းရွမ်ပြီးလျှင် ကျန်းမိသားစု၏ အစွမ်းထက်ဆုံး ပါရမီရှင်ဖြစ်သည့် ကျန်းယွိသည်လည်း သဘာဝကျစွာပင် လူသားဧကရာဇ် စစ်ဆေးပွဲတွင် ပါဝင်ခဲ့သည်။

သို့သော်လည်း သူ၏ နတ်ဘုရင် တတိယအဆင့် အထွတ်အထိပ် ခွန်အားသည် လူသားဧကရာဇ်မျှော်စင်၏ အဆင့်နှစ်ဆယ်သို့ ရောက်ရှိပြီးနောက်တွင် သိသိသာသာပင် ခက်ခဲလာခဲ့သည်။

ဆိုရလျှင် အစောပိုင်းက သူကျော်ဖြတ်ခဲ့သည့် အဆင့်နှစ်ဆယ်ရှိ လူသားဧကရာဇ် စိတ်ဆန္ဒသည် နတ်ဘုရင် ပဉ္စမအဆင့် ကျင့်ကြံသူထက် မလျော့သောခွန်အားကို ပိုင်ဆိုင်ထား၏။

ကျန်းယွိ၏ ခွန်အားဖြင့်ပင်လျှင် ထိုလူသားဧကရာဇ် စိတ်ဆန္ဒကို အနိုင်ယူပြီး နှစ်ဆယ့်တစ်ထပ်‌မြောက်သို့ ရောက်ရှိရန်အတွက် ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့ရ၏။

“လူသားဧကရာဇ်မျှော်စင်က တကယ်ကို ထိုးဖောက်ရမလွယ်ပါလား.. ဒီအဆင့်ကို လူဘယ်နှစ်ယောက်လောက် ရောက်နေပြီလဲမသိဘူး”

ကျန်းယွိက သူ၏ရှေ့မှ လူသားဧကရာဇ်စိတ်ဆန္ဒ ကိန်းအောင်းနေသော အပြာရောင်မီးလျှံကို ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ကျန်းယွိသည် ကျန်းချန်၏ ထိန်းချုပ်မှုကို ခံထားရသဖြင့် လူသားဧကရာဇ်ရာထူးနှင့် ပတ်သက်ပြီး အကြံအစည်များ မရှိတော့သော်လည်း အခွင့်အရေး ရခဲ့လျှင်မူ လူသားဧကရာဇ် အလောင်းအလျာ နေရာကို ရယူနိုင်ရန် မျှော်လင့်နေခဲ့သည်။

အဆင့်နှစ်ဆယ်ကို ကျော်ဖြတ်ပြီးနောက်တွင် သူ၏ ခွန်အားဖြင့်ဆိုလျှင် လူသားဧကရာဇ်မျှော်စင်၏ နှစ်ဆယ့်တစ်ထပ်မြောက်ကို ကျော်ဖြတ်ရန် ခက်ခဲလိမ့်မည်ဟု ကျန်းယွိ ကောင်းစွာ သိရှိထားခဲ့သည်။

အကယ်၍သာ လူသားဧကရာဇ်မျှော်စင်ထဲတွင် သုံးဦးထက်ပို၍ ကျန်ရှိနေသေးလျှင် သူက သေချာပေါက် လူသားဧကရာဇ် အလောင်းအလျာ စာရင်းကနေ ပြုတ်သွားလိမ့်မည်ဖြစ်၏။

ကျန်းယွိက ခေါင်းခါရမ်းလိုက်ပြီး အတွေးများမနေတော့ဘဲ အပြာရောင်မီးလျှံ၏ အချင်းမီတာတစ်ရာ အတိုင်းအတာ အတွင်းသို့ တိုက်ရိုက်ပင် လှမ်းဝင်လိုက်သည်။

နောက်ထပ် တစ်ခဏတွင် ကျန်းယွိသည် နှင်းဓား လူသားဧကရာဇ် ကျန်းရွှင်း၏ ရှေ့တွင် ပေါ်လာခဲ့၏။

နှင်းဓား လူသားဧကရာဇ် ကျန်းရွှင်းက စကားတစ်ခွန်းမျှ ပြောမနေဘဲ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ပတ်ဝန်းကျင်ရှိ နှင်းပွင့်လေးများသည် သူ၏ လက်ထဲတွင် နှင်းခဲ ဓားတစ်လက်အဖြစ် စုစည်းသွားခဲ့သည်။

ထို့နောက်တွင် နှင်းဓား လူသားဧကရာဇ်ကျန်းရွှင်းသည် ကျန်းယွိထံသို့ ဓားချက် တစ်ချက်ကို ထုတ်ဖော်လိုက်၏။

ထိုဓားကွက်၏ စွမ်းအားကိုမြင်လျှင် ကျန်းယွိသည် မျက်နှာ အကြီးအကျယ် ပျက်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ် အတွင်းမှ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ ခုခံလိုက်သည်။

သို့သော်လည်း ထိုဓားချက်၏ စွမ်းအားသည် ကျန်းယွိ စိတ်ကူးထားသည်ထက်ပင် လုံးဝကို သာလွန်နေခဲ့သည်။

သူထုတ်ဖော်လိုက်သော ခွန်အားများသည် ရေခဲဓားအလင်း၏ အရှေ့တွင် စက္ကူစုတ်တစ်ရွက် ကဲ့သို့ ဖြစ်သွားခဲ့ပြီး ထိတွေ့လိုက်သည်နှင့်ပင် ပြိုလဲ ပျက်စီးသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အေးစိမ့်နေသော ရေခဲဓားအလင်းသည် အရာအားလုံးကို ချေမှုန်းကာ ကျန်းယွိ၏ ခန္ဓာကိုယ် ပေါ်သို့ တိုက်ရိုက်ပင် သက်ရောက်သွားခဲ့သည်။

“ဝေ့ါ..”

ကျန်းယွိ၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

“နှစ်ဆယ့်တစ်ထပ်မြောက်မှာ ရှိတဲ့ လူသားဧကရာဇ် စိတ်ဆန္ဒက နတ်ဘုရင်ပဉ္စမအဆင့် အထွတ်အထိပ် ကျင့်ကြံသူထက် အားမနည်းဘူးပဲ.. ငါမှန်းဆထားတဲ့အတိုင်း ဒီအဆင့်ကို ငါမကျော်ဖြတ်နိုင်ခဲ့ဘူး”

ကျန်းယွိက ခါးသီးစွာ ပြုံးလိုက်ပြီး မျှော်စင်ကနေ ထွက်ရန် လျင်မြန်စွာ ရွေးချယ်လိုက်သည်။

ထို့နောက်တွင် ဆန်းကြယ်သော စွမ်းအားတစ်ခုသည် သူ့ကို လူသားဧကရာဇ် မျှော်စင်၏ နှစ်ဆယ့်တစ်ထပ်မြောက်မှ တစ်ဆင့် အပြင်သို့ ပို့ဆောင်ပေးလိုက်သည်။

“လူသားဧကရာဇ်မျှော်စင်ရဲ့ နှစ်ဆယ့်တစ်ထပ်မြောက်ကနေ ကျန်းယွိ ထွက်လာပြီဟ"

"အခု လူသားဧကရာဇ်မျှော်စင်ထဲမှာ လေးယောက်ပဲ ကျန်ရှိတော့တယ်.. သူတို့တွေက ကျန်းမျိုးနွယ်စုက ကျန်းရွမ်၊ ကျီမျိုးနွယ်စုက ကျီချန်းယဲ့၊ ရဲ့မျိုးနွယ်စုက ရဲ့ချင်းရှန်နဲ့ ကျန်းချန် ဆိုတဲ့ ကောင်လေးပဲ”

“...........”

လူတိုင်း၏ အကြည့်သည် လူသားဧကရာဇ်မျှော်စင်၏ ထိပ်ဆုံးရှိ အလင်းစက်အနည်းငယ် ဆီသို့ ကျရောက်နေခဲ့သည်။

ဤတစ်ကြိမ် လူသားဧကရာဇ် စစ်ဆေးပွဲ၏ စည်းမျဥ်းအရ လူသားဧကရာဇ်မျှော်စင်မှ တစ်ဆင့် လူသားဧကရာဇ် အလောင်းအလျာ သုံးဦးကို ရွေးချယ်မည် ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရလျှင် ထိုလေးဦးထဲမှ တစ်ဦး ပြုတ်သွားသည်နှင့် ကျန်ရှိသော သုံးဦးသည် လူသားဧကရာဇ် အလောင်းအလျာများ ဖြစ်လာပေလိမ့်မည်။

“လူသားဧကရာဇ် မျှော်စင်ထဲက လေးယောက်ထဲမှာ ဘယ်သူအရင်ဆုံး ပြုတ်မယ်လို့ မင်းတို့ထင်လဲ”

“ခွန်အားအရဆိုရင် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းဝင် နှစ်ယောက်ဖြစ်တဲ့ ကျန်းရွမ်နဲ့ ကျီချန်းယဲ့တို့က ဒီလေးယောက်ထဲမှာ အသန်မာဆုံးပဲ.. ငါ့စိတ်ထင်တော့ ရဲ့ချင်းရှန်နဲ့ ကျန်းချန်တို့ထဲက တစ်ယောက်ယောက် အရင်ဆုံး ပြုတ်မှာပဲ”

“အဲဒါလည်းမသေချာဘူး.. ကျန်းချန် ဆိုတဲ့နာမည်ကို ရင်းနှီးနေတယ်လို့ မင်းတို့တွေ မထင်ဘူးလား.. ငါ့ရဲ့ ခန့်မှန်းချက်သာမမှားရင် ဒီကျန်းချန် ဆိုတဲ့ကောင်က ရှေးဟောင်း နတ်ဖီးနစ်မျိုးနွယ်စုမှာ လုံကျိုးဟန်ကို အနိုင်ယူခဲ့တဲ့ ပါရမီရှင် ကျန်းချန်ပဲ ဖြစ်မယ်ထင်တယ်”

“သူ ဆိုရင်တော့ ရဲ့မျိုးနွယ်စုက ရဲ့ချင်းရှန် ပြုတ်ဖို့ ဖြစ်နိုင်ခြေအများဆုံးပဲ”

“.......... ...”

လူတိုင်းက လှုပ်လှုပ်ရှားရှား ဖြစ်နေကြပြီး ဆွေးနွေး ပြောဆိုနေခဲ့ကြ၏။

ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုမှ လုံကျိုးဟန်သည် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်း၏ ထိပ်ဆုံး ဆယ်ဦးစာရင်းဝင် ဖြစ်ပြီး ကျီချန်းယဲ့ ထက်ပင် တစ်ဆင့် ပို၍ မြင့်မားသည်။

အခြေအနေက လူတိုင်း မျှော်လင့်ထားသလိုပင် ဖြစ်လာခဲ့၏။

အကယ်၍ ကျန်းချန်သာ ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စုတွင် လုံကျိုးဟန်ကို အမှန်တကယ် အနိုင်ရခဲ့သူသာ ဖြစ်ခဲ့လျှင် ယခုတစ်ကြိမ် လူသားဧကရာဇ် အလောင်းအလျာ စာရင်း၌ သေချာပေါက် ပါဝင်လိမ့်မည် ဖြစ်သည်။

လူသားဧကရာဇ်မျှော်စင်မှ ကျန်းယွိ ထွက်လာပြီး သိပ်မကြာမီမှာပင် ရဲ့မျိုးနွယ်စုမှ ရဲ့ချင်းရှန် သည်လည်း လူသားဧကရာဇ်မျှော်စင်၏ နှစ်ဆယ့်တစ်ထပ်မြောက်ကနေ အရှက်တကွဲ လွင့်စင်လာခဲ့သည်။

ကျန်းယွိ ကဲ့သို့ပင် ရဲ့ချင်းရှန်၏ ခွန်အားသည်လည်း နတ်ဘုရင် တတိယအဆင့် အထွတ်အထိပ်တွင်သာ ရှိသည်။

သူက နတ်ဘုရင် တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိရန် ကျန်းယွိထက် အချိန်ပိုယူခဲ့ရသော်လည်း နှင်းဓား လူသားဧကရာဇ် ကျန်းရွှင်း၏ အတားအဆီးကို မကျော်ဖြတ်နိုင်ခဲ့ပေ။

ရဲ့ချင်းရှန် ထွက်လာသည်နှင့်အတူ ဤတစ်ကြိမ် လူသားဧကရာဇ်စစ်ဆေးပွဲ၏ စည်းမျဥ်းအရ လူသားဧကရာဇ်မျှော်စင်၏ နှစ်ဆယ့်တစ်ထပ်မြောက်ကို ဖြတ်ကျော်နိုင်ခဲ့သည့် သုံးဦးသည် လူသားဧကရာဇ် အလောင်းအလျာများ ဖြစ်လာခဲ့ကြချေပြီ။

သို့သော်လည်း လူသားဧကရာဇ် မျှော်စင်ထဲရှိ သုံးဦးသည် ဤအချက်အလက်ကို မသိရှိကြ၍ ပိုမို မြင့်မားသော အဆင့်များစီသို့ ဆက်လက် ထိုး‌ဖောက်နေကြဆဲပင်။

တကယ်တမ်းတွင် ၎င်းတို့က အပြင်လောက၏ အခြေအနေကို သိရှိခဲ့လျှင်ပင် အလွယ်တကူ လက်လျှော့ကြလိမ့်မည် မဟုတ်ပေ။

ရှင်းလင်းစွာဆိုရလျှင် လူသားဧကရာဇ် မျှော်စင်သည် သူတို့အတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်၏။

အဆင့်များများ ကျော်ဖြတ်နိုင်လေလေ၊ လူသားဧကရာဇ် စိတ်ဆန္ဒ၏ အသိအမှတ်ပြုမှုကို ပိုမို ရရှိလေလေ ဖြစ်ပြီး ထိုမှတစ်ဆင့် အကျိုးကျေးဇူးများကို ရရှိနိုင်သောကြောင့်ပင်။

ထို့ကြောင့်လည်း ကျန်ရှိသောသူသုံးဦးသည် လူသားဧကရာဇ်မျှော်စင်၏ ထိပ်ဆုံးသို့ ရောက်ရန် အဆက်မပြတ် ထိုးဖောက်နေခဲ့ကြပြီး အထပ်များကို တစ်ထပ်ပြီး တစ်ထပ် လင်းလက်စေခဲ့သည်။

ဤသို့ဖြင့် ကျင့်ကြံသူသုံးဦးက ဆက်လက် ထိုးဖောက်ခဲ့ကြပြီး ကျီချန်းယဲ့သည် အထပ်သုံးဆယ်သို့ အရောက်တွင် သူ၏ အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ကာ လူသားဧကရာဇ်မျှော်စင်ကနေ ထွက်လာခဲ့ရသည်။

ယခုအခါတွင် လူသားဧကရာဇ်မျှော်စင်ထဲတွင် ကျန်းချန်နှင့် ကျန်းရွမ် တို့သာ ကျန်ရှိတော့၏။

ရင်ပြင်ပေါ်ရှိ လူတိုင်း၏အကြည့်သည် လူသားဧကရာဇ်မျှော်စင်ဆီသို့ ကျရောက်နေခဲ့ကြပြီး ထိုနှစ်ဦး အနေဖြင့် မည်သည့်အထပ်အထိ ထိုးဖောက်နိုင်မည်ကို သိချင်နေခဲ့ကြသည်။

လူသားဧကရာဇ်မျှော်စင်၏ နှစ်ဆယ့်ကိုးထပ်မြောက်တွင် ကျန်းချန်သည် သူ၏ လက်ထဲမှ ရှေးဟောင်း ရွှေရောင်ဓားဖြင့် လူသားဧကရာဇ် စိတ်ဆန္ဒကို အနိုင်ယူလိုက်ပြီး ထိုလူသားဧကရာဇ် စိတ်ဆန္ဒကနေ စွမ်းအားများကို ရရှိခဲ့သည်။

ယင်းအခိုက်အတန့်မှာပင် သာယာနာပျော်ဖွယ်ကောင်းသော စနစ်၏ သတိပေးချက်သည် သူ၏ စိတ်ထဲတွင် တိုက်ရိုက်မြည်ဟည်းလာခဲ့သည်။

“ဒင်.. သင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က နတ်ဘုရင် ပဉ္စမအဆင့်ကို ထိုးဖောက်သွားခဲ့ပါပြီ”

နှင်းဓား လူသားဧကရာဇ် ကျန်းရွှင်းနှင့် ကြုံတွေ့ပြီးနောက်တွင် လူသားဧကရာဇ်မျှော်စင်၏ အဆင့်ရှစ်ဆင့်ကို ဆက်တိုက်ဆိုသလို ဖြတ်ကျော်ခဲ့ပြီး လူသားဧကရာဇ်ရှစ်ပါး၏ စိတ်ဆန္ဒများ အားဖြည့်ပေးမှုကြောင့် အဆုံးသတ်တွင် သူက နတ်ဘုရင် ပဉ္စမအဆင့်သို့ အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့သည်။

သို့ရာတွင် ကျန်းချန်သည် အချက်တစ်ချက်ကို သတိပြုမိလိုက်သည်။

ယင်းမှာ လူသားဧကရာဇ်မျှော်စင်တွင် အထက်သို့ ရောက်လေလေ၊ မျှော်စင်ရှိ အထပ်တစ်ခုစီမှ လူသားဧကရာဇ်စိတ်ဆန္ဒများသည် ပိုမိုရှေးကျသော ခေတ်ကာလမှ လူသားဧကရာဇ်များ ဖြစ်သော်လည်း ၎င်းတို့၏ ခွန်အားသည် တခြားသော လူသားဧကရာဇ်များထက် ပိုမို သန်မာမနေခြင်းပင်။

ဥပမာပြရလျှင် နှစ်ဆယ့်နှစ်ထပ်မှ နှစ်ဆယ့်ကိုးထပ် အထိ သူကြုံတွေ့လာရသည့် လူသားဧကရာဇ် စိတ်ဆန္ဒများတွင် နှင်းဓားဧကရာဇ် ကျန်းရွှင်း၏ စိတ်ဆန္ဒကို ယှဥ်နိုင်သည့် လူသားဧကရာဇ် စိတ်ဆန္ဒမှာ မရှိသလောက်ပင် ဖြစ်သည်။

သိထားရမည့်အချက်မှာ လူသားဧကရာဇ်မျှော်စင်ရှိ လူသားဧကရာဇ် စိတ်ဆန္ဒများသည် သူတို့ မကွယ်လွန်မီက ပိုင်ဆိုင်ခဲ့သည့် ခွန်အားများနှင့် များစွာ သက်ဆိုင်နေခြင်း ဖြစ်၏။

ခေတ်အဆက်ဆက်တွင် ထွက်ပေါ်ခဲ့သော လူသားဧကရာဇ်များသည် အနည်းဆုံး နတ်ဘုရင် နဝမအဆင့် အထိ ရောက်ရှိခဲ့ကြသော်လည်း ၎င်းတို့၏ ခွန်အားများကြားတွင် ကြီးမားသော ကွာဟချက် ရှိနေဆဲပင်။

ထို့ကြောင့် နှင်းဓား လူသားဧကရာဇ် ကျန်းရွှင်းသည် လူသားဧကရာဇ်နန်းတော်၏ လူသားဧကရာဇ်များ ထဲတွင် အလွန်တရာ ထူးချွန်သော ပါရမီရှင်တစ်ပါး ဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။

အခန်း(၂၂၈၅)ပြီး၏။

အခန်း(၂၂၈၆)

“အခု ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က နတ်ဘုရင်ပဉ္စမအဆင့်ကို ထိုးဖောက်သွားပြီဆိုတော့ လူသားဧကရာဇ် မျှော်စင်တစ်ခုလုံးကို ဖြတ်ကျော်နိုင်မလား မသိဘူး”

ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။

သူ၏ ကျင့်ကြံခြင်းအဆင့်က နတ်ဘုရင် ပဉ္စမအဆင့်သို့ ထိုးဖောက်သွားပြီးနောက်တွင် ကျန်းချန်သည် နတ်ဘုရင်အဋ္ဌမအဆင့် ကျင့်ကြံသူနှင့်ပင် ယှဥ်ပြိုင်နိုင်စွမ်း ရှိလာခဲ့ပြီ ဖြစ်သည်။

ဆိုရလျှင် ဤလူသားဧကရာဇ် မျှော်စင်ထဲရှိ လူသားဧကရာဇ်စိတ်ဆန္ဒများတွင် သူ ရင်ဆိုင်ခဲ့သမျှထဲ၌ အသန်မာဆုံး စိတ်ဆန္ဒသည် နှင်းဓား လူသားဧကရာဇ် ကျန်းရွှင်း၏ စိတ်ဆန္ဒ ဖြစ်သည်။

သို့သော်လည်း နှင်းဓားလူသားဧကရာဇ် ကျန်းရွှင်း၏ စိတ်ဆန္ဒပင်လျှင် နတ်ဘုရင် ပဉ္စမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ၏ တိုက်ခိုက်မှုနှင့်သာ ညီမျှပြီး ကျန်းချန်ကို လုံးဝ မခြိမ်းခြောက်နိုင်ခဲ့ပေ။

လူသားဧကရာဇ်မျှော်စင်တွင် လူသားဧကရာဇ် စုစုပေါင်းခြောက်ဆယ့်တစ်ယောက်၏ စိတ်ဆန္ဒ ရှိပြီး ယခုအခါတွင် သူက နှစ်ဆယ့်ကိုးထပ်မြောက်ကို ဖြတ်ကျော်ခဲ့ပြီ ဖြစ်ရာ လူသားဧကရာဇ်မျှော်စင်၏ ထက်ဝက်နီးပါးခန့်ကို ရောက်ရှိနေခဲ့ချေပြီ။

သို့သော်လည်း လက်ကျန် အထပ်များတွင် သူကြုံတွေ့ရမည့်အခက်အခဲသည် ယခင်ထက် အဆပေါင်းများစွာ ပိုမိုမြင့်မားနိုင်မှန်း ကျန်းချန် ကောင်းစွာ သိရှိထားခဲ့၏။

သူ၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် နတ်ဘုရင် နဝမအဆင့် စိတ်ဆန္ဒဖြင့် ရင်ဆိုင်ရလျှင်ပင် အလွယ်တကူ ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ချက် ရှိခဲ့သည်။

သို့သော်လည်း လူသားဧကရာဇ်မျှော်စင် ထဲတွင် နတ်ဘုရင် နဝမအဆင့်ထက် သာလွန်သည့် လူသားဧကရာဇ် အများအပြား ရှိနေခဲ့၏။

ဥပမာအားဖြင့် ရှေးခေတ်ကာလက မဟာကပ်ဘေးကြီး နောက်ပိုင်းတွင် ပေါ်ထွက်ခဲ့သည့် လူသားဧကရာဇ်သည် အုပ်စိုးသူအဆင့် ကျင့်ကြံသူ ဖြစ်သည်။

အုပ်စိုးသူအဆင့် ဆိုသည်မှာ နတ်ဘုရင်အဆင့်၏ အထက်ရှိ အဆင့်တစ်ခု ဖြစ်သည်။

ထို့အပြင် ရှေးခေတ်ကာလတွင် ပေါ်ပေါက်ခဲ့သည့် လူသားဧကရာဇ်များသည်လည်း အုပ်စိုးသူအဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။

ကျန်းချန်သည် ခေါင်းခါရမ်းလိုက်ပြီး သူ၏ အတွေးစများကို ရပ်တန့်လိုက်သည်။

ထို့နောက် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ သုံးဆယ်ထပ်မြောက်၏ ဝင်ပေါက် ဆီသို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်လှမ်းသွားခဲ့သည်။

အကယ်၍သာ အုပ်စိုးသူအဆင့် လူသားဧကရာဇ် စိတ်ဆန္ဒနှင့် ရင်ဆိုင်ရမည်ဆိုလျှင် သူ့အနေဖြင့် နတ်ဘုရင် ပဉ္စမအဆင့်ကို ထိုးဖောက်သွားခဲ့သည့်တိုင် အနိုင်ရရန် သေချာမှုမရှိပေ။

လူသားဧကရာဇ်မျှော်စင်၏ သုံးဆယ်ထပ်မြောက်တွင် ရှိနေသည်မှာ လူသားဧကရာဇ်နန်းတော်၏ ၃၂ဆက်မြောက် လူသားဧကရာဇ်၏ စိတ်ဆန္ဒပင် ဖြစ်သည်။

ထိုလူသားဧကရာဇ်၏ အမည်မှာ ကျန်းချန်လန် ဖြစ်ပြီး ထူးချွန်သည့် ပါရမီရှင်တစ်ယောက်လည်း ဖြစ်သည်။

ဟင်းလင်းပြင်မျိုးနွယ်စုနှင့် တိုက်ပွဲတွင် ကျန်းချန်လန်သည် နဝမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား သုံးပါးနှင့် တိုက်ခိုက်ခဲ့သည်။

အဆုံးသတ်တွင် ကျဆုံးသွားခဲ့သော်လည်း နဝမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား သုံးပါးလုံးကို သတ်ဖြတ်နိုင်ခဲ့သည်။

ကျန်းချန်လန်သည် နှင်းဓား လူသားဧကရာဇ် ကျန်းရွှင်းနှင့် နှိုင်းယှဥ်လျှင် ပို၍ပင် သန်မာသည်ဟု ဆို၍ ရ၏။

ကျန်းချန်က အပြာရောင်မီးလျှံ၏ မီတာတစ်ရာ အကွာအဝေး အတွင်းသို့ လှမ်းဝင်လိုက်ရာ ကျန်းချန်လန်၏ စိတ်ဆန္ဒကမ္ဘာထဲသို့ တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့သည်။

ကျန်းချန်လန်၏ စိတ်ဆန္ဒသည် အမှန်တကယ်ပင် နှင်းဓား လူသားဧကရာဇ် ကျန်းရွှင်းထက် ပို၍ သန်မာနေခဲ့ပြီး ၎င်း၏ ခွန်အားသည် နတ်ဘုရင် ဆဋ္ဌမအဆင့်နှင့်ပင် တူညီနေခဲ့သည်။

သို့သော်လည်း ဤမျှလောက်သော စွမ်းအားသည် ကျန်းချန် နတ်ဘုရင်ပဉ္စမအဆင့်ကို မထိုးဖောက်မီကပင် ကျန်းချန်ကိုအန္တရာယ်ဖြစ်စေရန် ခဲယဥ်းလှ၏။

ယခုအခါတွင် ကျန်းချန်သည် နတ်ဘုရင် ပဉ္စမအဆင့်ကိုပင် ထိုးဖောက်သွားခဲ့ပြီ မဟုတ်ပါလား။

ယင်းအတွက်ကြောင့်ပင် ကျန်းချန်သည် ကျန်းချန်လန်၏ စမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး လူသားဧကရာဇ်မျှော်စင်၏ သုံးဆယ့်တစ်ထပ်မြောက်သို့ ဝင်ရောက်သွားခဲ့သည်။

နောက်ထပ် သူကျော်ဖြတ်ခဲ့သည့် အဆင့်တစ်ခုစီ၏ လူသားဧကရာဇ်စိတ်ဆန္ဒတွင် ကျန်းချန်လန်ထက် ပို၍ သန်မာသောစိတ်ဆန္ဒများ ရှိသလို အားနည်းသော စိတ်ဆန္ဒများလည်း ရှိသည်။

ထိုအထဲတွင် ကျန်းချန်လန်ထက် အနည်းငယ်ပို၍ သန်မာသည့် လူသားဧကရာဇ်စိတ်ဆန္ဒ အများအပြား ရှိသော်လည်း ကျန်းချန်သည် စမ်းသပ်မှုများကို အလွယ်တကူပင် ဖြတ်ကျော်နိုင်ခဲ့သည်။

ဤသို့ဖြင့်ပင် ကျန်းချန်သည် လူသားဧကရာဇ် မျှော်စင်၏ အဆင့် အများအပြားကို တောက်လျှောက်ပင် ဖြတ်ကျော်လာခဲ့သည်။

--------------------

နောက်ထပ် နေရာလွတ်တစ်ခုတွင်မူ ကျန်းရွမ်သည်လည်း သူ၏ ကြီးကျယ်သော ခွန်အားကို အခြေခံကာ လူသားဧကရာဇ်မျှော်စင်၏ အထပ်ငါးဆယ်မြောက်သို့ တစ်ရှိန်ထိုးရောက်ရှိလာခဲ့၏။

အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်း၏ ထိပ်ဆုံးဆယ်ယောက်စာရင်းထဲတွင် ဒုတိယနေရာ၌ ရှိသော အနှိုင်းမဲ့ပါရမီရှင်အနေဖြင့် ကျန်းရွမ်သည် နတ်ဘုရင် ပဉ္စမအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ကာ တိုက်ခိုက်‌ရေးစွမ်းရည်တွင်လည်း နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူထက် မနိမ့်ကျပေ။

ကျန်းရွမ်သည် ဓားတစ်သောင်း သူတော်စင်ဂိုဏ်း၏ ကျန့်ဝူရှင်းမှ လွဲလျှင် အသန်မာဆုံးနတ်ဘုရင်စာရင်း ထဲတွင် ပါဝင်သည့် တစ်ဦးတည်းသော ကျင့်ကြံသူလည်း ဖြစ်သည်။

ထို့အပြင် ယခုတစ်ခေါက် လူသားဧကရာဇ်မျှော်စင်ကို ဖြတ်ကျော်လာရာတွင် ကျန်းရွမ်သည် အကျိုးကျေးဇူး အများအပြား ရရှိခဲ့ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင် ပဉ္စမအဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိသွားခဲ့သည်။

သူ၏အင်အားဖြင့်ဆိုလျှင် လူသားဧကရာဇ် မျှော်စင်ထဲမှ လူသားဧကရာဇ် စိတ်ဆန္ဒများသည် သူ့ကို မည်သို့မှ အန္တရာယ် မဖြစ်စေသည်မှာ ထင်ရှားနေခဲ့၏။

သို့သော်လည်း အထပ်ငါးဆယ်မြောက်သို့ ရောက်ရှိပြီးနောက်တွင် သူ့ရှေ့မှ လူသားဧကရာဇ်၏ အချက်အလက်များကို သိလိုက်ရသောအခါ၌ ကျန်းရွမ်၏ အမူအရာသည် ချက်ချင်းဆိုသလိုပင် ပို၍ လေးနက်သွားခဲ့သည်။

ငါးဆယ်ထပ်မြောက်ရှိ လူသားဧကရာဇ် စိတ်ဆန္ဒသည် လူသားဧကရာဇ်နန်းတော်၏ ၁၂ဆက်မြောက် လူသားဧကရာဇ် ချန်ထားခဲ့ခြင်း ဖြစ်သည်။

“ဒီတစ်ခေါက် ရင်ဆိုင်ရမှာက အုပ်စိုးသူအဆင့် လူသားဧကရာဇ် စိတ်ဆန္ဒပါလား”

ထိုလူသားဧကရာဇ်သည် ရှေးခေတ်ကာလ ကပ်ဘေးကြီးနောက်ပိုင်းတွင် လူသားဧကရာဇ်နန်းတော်၏ ပထမဆုံး လူသားဧကရာဇ် ဖြစ်ပြီး အုပ်စိုးသူအဆင့်ကို ထိုးဖောက်နိုင်ခဲ့သည့် နတ်ကုန်းမြေတိုက်၏ တစ်ဦးတည်းသောသူလည်း ဖြစ်ကာ နတ်ကုန်းမြေတိုက်ကို ဦးဆောင်၍ ဟင်းလင်းပြင်နတ်ဆိုးများကို နှိမ်နင်းခဲ့သူလည်း ဖြစ်သည်။

ကျန်းရွမ်၏ မျက်ဝန်းများက ရုတ်တရက် တောက်ပလာခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲတွင် တိုက်ပွဲဝင်လိုစိတ်များဖြင့် ပြည့်နှက်သွားခဲ့သည်။

လူသားဧကရာဇ် စိတ်ဆန္ဒက ပို၍ သန်မာလေလေ၊ စမ်းသပ်မှုကို ကျော်ဖြတ်ပြီးနောက် ရရှိမည့် အကျိုးကျေးဇူးများက ပို၍ များပြားလေလေ မဟုတ်ပါလား။

အကယ်၍ သူက ဤအဆင့်ကို ကျော်ဖြတ်နိုင်လျှင် သူ့အနေဖြင့် နတ်ဘုရင် ဆဋ္ဌမအဆင့်သို့ ထိုးဖောက်နိုင်လိမ့်မည် ဖြစ်သည်။

ထိုအချိန်သို့ ရောက်လျှင် သူ့အနေဖြင့် ဓားတစ်သောင်းသူတော်စင်ဂိုဏ်းမှ ကျန့်ဝူရှင်းကိုပင် အနိုင်ယူနိုင်ပြီး နတ်ကုန်းမြေတိုက်၏ နံပါတ်တစ် ပါရမီရှင် ဖြစ်လာပေလိမ့်မည်။

ကျန်းရွမ်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး အပြာရောင်မီးလျှံ၏ မီတာတစ်ရာ အတွင်းသို့ တိုက်ရိုက်ပင် ခြေလှမ်းလိုက်ရာ ကျယ်ပြောလှသော စိတ်ဆန္ဒကမ္ဘာ ထဲသို့ ရောက်ရှိသွားခဲ့သည်။

ရုတ်တရက် လေထုထဲကနေ မိုးကြိုးဓားတစ်စင်း လင်းလက်လာခဲ့ပြီး ကျန်းရွမ် ဆီသို့ တိုးဝင်လာခဲ့သည်။

ထိုမိုးကြိုးဓားအလင်း၏ အရှိန်အဟုန်က မမြန်ဆန်သော်လည်း ဖော်ပြ၍ မရနိုင်သော ဖိအားများကို သယ်ဆောင်ကာ ကမ္ဘာကြီးပင် အေးခဲသွားစေတော့မည့်အလား ဖြစ်နေခဲ့၏။

ကျန်းရွမ်က သူ၏ ခန္ဓာကိုယ်မှ ခွန်အားများကို အကုန်အစင် ထုတ်သုံးလိုက်သော်လည်း ထိုအခိုက်အတန့်တွင် မည်သို့မှ မလှုပ်ရှားနိုင်ခဲ့ဘဲ မိုးကြိုးဓားအလင်းက သူ၏ ခန္ဓာကိုယ်အား ထိုးဖောက်သွားသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

နောက်ထပ်တစ်ခဏတွင် ကျန်းရွမ်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့ပြီး ပါးစပ်ထဲကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

သူက ခြေဆယ်လှမ်းကျော်ခန့် နောက်ဆုတ်သွားခဲ့ရပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့နေခဲ့၏။

ကျန်းရွမ်က သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့် သုတ်လိုက်သည်။

“အုပ်စိုးသူအဆင့် ကျင့်ကြံသူရဲ့ စိတ်ဆန္ဒက တကယ်ကို သာမန် မဟုတ်ဘူးပဲ”

သူက အလွန်အမင်း အံ့အားသင့်နေခဲ့၏။

ထိုအတွက်ကြောင့် ဤအဆင့်ကို ကျော်ဖြတ်ဖို့ ဆိုသည်မှာ သူ့အတွက် မဖြစ်နိုင်တော့ပေ။

သူက ဤအထပ်မှ လူသားဧကရာဇ်၏ မျက်နှာကိုပင် မမြင်ရသေးဘဲ ၎င်း၏ စိတ်ဆန္ဒကနေ ဆင့်ကဲ ပြောင်းလဲလာသော ဓားအလင်း လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။

“ဒီအဆင့်က အရမ်းကို ကြောက်ဖို့ကောင်းတယ်.. နည်းနည်းလေးပေါ့ဆမိတာနဲ့ ဒီနေရာမှာတင် ကျဆုံးသွားနိုင်တယ်.. ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ ထိုးဖောက်မှု ရလဒ်တွေအရတော့ ပထမနေရာမှာ ရှိနေဖို့က လုံလောက်တာထက်တောင် ပိုနေလောက်ပါပြီ”

ထိုသို့ တွေးမိလိုက်သည်နှင့် ကျန်းရွမ်၏ မျက်ဝန်းများသည် အနည်းငယ် လင်းလက်သွားခဲ့သည်။

အဆုံးသတ်တွင် သူက လက်လျှော့ရန် ရွေးချယ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လူသားဧကရာဇ် မျှော်စင်၏ အထပ် ငါးဆယ်မြောက်ကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

“လူသားဧကရာဇ်မျှော်စင်ရဲ့ အထပ်ငါးဆယ်မြောက်ကနေ ကျန်းရွမ် ထွက်လာပြီဟေ့”

“လူသားဧကရာဇ်မျှော်စင် တစ်ခုလုံးမှာ ခြောက်ဆယ့်တစ်ထပ်ပဲရှိတယ်.. ကျန်းရွမ်က အထပ်ငါးဆယ်မြောက်အထိ ထိုးဖောက်နိုင်ခဲ့တယ် ဆိုတော့ တကယ်ကို ကြောက်စရာပဲ"

"ဒါနဲ့ ကျန်းချန် ဆိုတဲ့ကောင်က လူသားဧကရာဇ်မျှော်စင်ကနေ အခုထိ ထွက်မလာသေးပါလား”

“သူလည်း လေးဆယ့်ကိုးထပ်မြောက်ကို လင်းစေခဲ့တယ်.. သူ ကျန်းရွမ်ကို ကျော်တက်သွားမယ်လို့ မင်းတို့ထင်လား”

“ဒါတော့ မဖြစ်နိုင်ဘူးထင်တယ်”

“...........”

လူသားဧကရာဇ်မျှော်စင်ကနေ ကျန်းရွမ် ထွက်လာသည်ကို မြင်သည်နှင့် ရင်ပြင်မှ ကျင့်ကြံသူများသည် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ကြပြီး ဆွေးနွေး ပြောဆိုနေခဲ့ကြသည်။

ပတ်ဝန်းကျင်မှ စကားသံများကိုကြားလျှင် ကျန်းရွမ်သည် လူသားဧကရာဇ်မျှော်စင် ဆီသို့ လှမ်းကြည့်လိုက်ရာ လေးဆယ့်ကိုးထပ်မြောက်တွင် ဒုတိယမြောက် အလင်းစက် တစ်ခု လင်းလက်နေသည်ကို တွေ့လိုက်ရ၏။

“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ကျန်းရွမ်၏ မျက်နှာထက်တွင် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်နေသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

လူသားဧကရာဇ်မျှော်စင်၏ လေးဆယ့်ကိုးထပ်မြောက် အဆင့်ကို ဖြတ်ကျော်ခဲ့သောကြောင့် သူ့အနေဖြင့် ပထမနေရာတွင် ရှိနေရန် လုံလောက်တာထက်ပင် ပိုနေသည်ဟု ထင်ထားခဲ့သည်။

သို့သော်လည်း ကျန်းချန် ဆိုသောကောင်က သူနှင့်တန်းတူ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ကျန်းချန် မည်သူမည်ဝါ ဖြစ်ကြောင်း စဥ်းစားမိလိုက်လျှင် ကျန်းရွမ်၏ အမူအရာသည် ချက်ချင်းဆိုသလိုပင် အလွန်တရာ သုန်မှုန်သွားခဲ့၏။

ထိုကောင်လေးသည် သူ လူသားဧကရာဇ် ရာထူးကို ရရှိရန် အတွက် အမှန်တကယ်ပင် အကြီးမားဆုံး အတားအဆီး ဖြစ်လာခဲ့ချေပြီ။

အခန်း(၂၂၈၆)ပြီး၏။

All Chapters