အခန်း (၅၃၄၆-၅၃၅၀)
Vol. 271 Ch. 5346-5350
Chapter 5346
"ဘာမှစိုးရိမ်စရာ မလိုဘူး...အခုစေလွှတ်လိုက်တဲ့ ရှောင်မိသားစုဝင်တချို့က သံတမန်တွေအနေနဲ့ ဆောင်ရွက်ရုံသက်သက်ပဲ... သူတို့က ငါ့ရဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုနေတာ..."
ရှောင်ထျန်းယွမ်က ဂရုမစိုက်ဟန်ဖြင့် ပြောဆိုသည်။
"သူတို့ကို တစ်ယောက်ယောက်ကများ ထိရဲမယ်ဆိုရင်... ဒီအဘိုးအိုကို ရန်စတာနဲ့ အတူတူပဲ... ဒီအဘိုးအို အပြင်ကို ထွက်တာနဲ့ အဲ့ဒီလူတွေကို အရင်ဆုံး ဖျက်ဆီးပစ်မယ်..."
"ဘိုးဘေးရဲ့မှော်စွမ်းအားက ပြိုင်ဘက်ကင်းတယ်... အဲ့ဒီလူတွေက ကြက်တွေ ခွေးတွေလိုပါပဲ... တိုက်ခိုက်မှုတစ်ခုကိုတောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး..."
"ဘိုးဘေး... အမိန့်ပေးပါ... ကျွန်တော်တို့ အပြင်ကိုထွက်သွားပြီးရင် ဘယ်သူ့ကို အရင်ဆုံး ဖျက်ဆီးပစ်ရမလဲ..."
မရေမတွက်နိုင်သော ရှောင်မိသားစုဝင်များ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေကြ၏။
"စိတ်ကို လျှော့ထားစမ်းပါ... ရှောင်မိသားစု ငြိမ်သက်နေတာ ကြာပြီဆိုတော့... ဒီလောကကြီးမှာ ရှောင်မိသားစုကို မှတ်မိနေတဲ့လူ ဘယ်နှစ်ယောက်လောက် ရှိသေးလဲဆိုတာ ဒီအဘိုးအိုက အရင်ဆုံး ကြည့်ချင်သေးတယ်..."
ရှောင်ထျန်းယွမ်၏အကြည့်များသည် တည်ငြိမ်နေပြီး သူ၏အစီအစဥ်များကို အကောင်အထည်ဖော်ရန် လောကြီးခြင်း မရှိသည့်အပြင် နှေးကွေးခြင်းလည်း မရှိချေ။
သူသည် အထွတ်အထိပ်အမိန့်တော် အမြောက်အများကို ထုတ်ပြန်ပြီးဖြစ်သည်။ ရှောင်ထျန်းယွမ်သည် သူ စေလွှတ်လိုက်သော ရှောင်မိသားစုဝင်များမှ ပြသလိုက်သည့် စွမ်းအားဖြင့် လူများအားလုံးကို ထိတ်လန့်တုန်လှုပ်စေပြီး သူတို့အားလုံး၏စိတ်နှလုံးသားထဲသို့ ကြောက်ရွံ့မှုများကို ရိုက်သွင်းနိုင်မည်ဟု ယုံကြည်ထားပေ၏။
သူ့ကို အညံ့ခံလိုသူများအတွက်မူ ဆွေးနွေးရလွယ်ကူပေလိမ့်မည်။
သို့သော် တစ်စုံတစ်ယောက်က ခေါင်းမာပြီး သူ့ကို ဆန့်ကျင်မည်ဆိုပါက ရှောင်ထျန်းယွမ် ကိုယ်တိုင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည့်အချိန်၌ ထိုလူ ပြန်ပေးဆပ်ရမည့် အချိန်ပင်။
"လူကြီးမင်းတို့... ကျွန်တော် သွားလို့ရပြီလား..."
အစောပိုင်းက ရှောင်မိသားစု၏ဖမ်းဆီးခြင်းကို ခံခဲ့ရသူသည် ယခုအချိန်၌ ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်လှုပ်ချောက်ချားနေလေပြီ။
သူသည် ရှောင်မိသားစု၏လျှို့ဝှက်ချက်ကို ကြားသိခဲ့ရပြီး ဤသည်က သူ၏စိတ်နှလုံးသားထဲသို့ မိုးကြိုးပစ်ခတ်လိုက်သကဲ့သို့ ခံစားလိုက်ရကာ သူ၏နားကိုပင် မယုံနိုင်အောင် ဖြစ်နေမိပေ၏။
ဤရှောင်မိသားစုဝင်များသည် လုံးလုံးလျားလျား ရူးသွပ်နေကြလေပြီ။ ထိုလူသည် ကျောချမ်းသွားပြီး အရူးတစ်သိုက်ကြားသို့ ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရကာ မသိနိုင်သော အန္တရာယ်များက သူ့အတွက် အချိန်မရွေး ပေါ်ပေါက်လာနိုင်သည်။
ရှောင်ချင်းက ရုတ်တရက် ပြုံးလိုက်ပြီး ပြောဆိူသည်။
"နင်က ရှောင်မိသားစုအတွက် အကျိုးဆောင်မှုတစ်ခု ပြုလုပ်ပေးခဲ့တာပဲ... ငါတို့က ကျေးဇူးတင်စကား ပြောမလို့ပါ..."
ထိုသူသည် အလွန်ကြောက်လန့်သွားပြီး သူ၏လက်များကို အကြိမ်ကြိမ်ဝှေ့ယမ်းကာ ငြင်းဆန်လိုက်သည်။
"မလိုပါဘူး... ခင်ဗျားတို့ရဲ့ အလုပ်ကိုသာ ဆက်လုပ်ကြပါ...ကျွန်တော်ကို အရင်ဆုံး သွားခွင့်ပြုပါအုံး..."
ထိုသို့ ပြောဆိုပြီးနောက် သူသည် ထိုနေရာတွင် ဆက်မနေရဲတော့ဘဲ ထွက်ခွာသွားရန် နောက်သို့လှည့်လိုက်၏။
သူ၏နောက်တွင် ရှောင်မိသားစုဝင်တစ်စုက လမ်းပိတ်ရပ်လိုက်ကြသည်။
"ငါတို့ရှောင်မိသားစုရဲ့ ကျေးဇူးတင်မှုကို... လက်ခံလို့ ပြောရင် လက်ခံလိုက်ပေါ့... ငြင်းဆန်ဖို့သတ္တိကို နင့်ကို ဘယ်သူက ပေးလိုက်တာလဲ..."
ရှောင်ချင်းက အနောက်ဘက်မှနေ၍ အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သည်။
အေးစက်သော ငရဲချီစွမ်းအင်တစ်ရပ်သည် ရှောင်ချင်း၏ခန္ဓာကိုယ်မှ ချက်ချင်းထွက်ပေါ်လာပေ၏။
သူမ၏ ရှည်လျားသော အနက်ရောင်ဆံပင်များသည် လေတိုက်ခတ်မှုနှင့်အတူ လူးလွန့်နေပြီး ကျောချမ်းဖွယ်ရာ အရှိန်အဝါများကို ထုတ်လွှတ်ထားသည်။ ထို့နောက် သေးငယ်ပြီး ပါးလှပ်သော အရိပ်မည်းတစ်ခုသည် ရှောင်ချင်း၏ကျောဘက်မှ တွားသွားထွက်ပေါ်လာပြီး သွေးအရှိန်အဝါများ ပျံ့နှံ့လာကာ လူအများကို တုန်လှုပ်ချောက်ချားသွားစေသည်။
ဤသည်မှာ ဖရိုဖရဲဆံပင်များရှိသော မကောင်းဆိုးရွား သရဲတစ္ဆေတစ်ကောင်ဖြစ်ပြီး မျက်လုံးများသည် အဖြူရောင်မရှိဘဲ လုံးလုံးလျားလျား နက်မှောင်နေကာ အစွယ်များကို လှစ်ဟထားပြီး ယုတ်မာကောက်ကျစ်စွာ ပြုံးနေသည်။
ရှောင်မိသားစု၏ပင်မခန်းမဆောင်အတွင်း၌ မကြာမီမှာပင် သွေးပျက်ဖွယ်ရာ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။ ထိုလူ၏ သနားညှာတာရန် တောင်းပန်သံများနှင့် နာကျင်စွာ အော်ဟစ်သံများသည် တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး နောက်ဆုံးတွင် အရိုးများကို ဝါးစားနေသည့်အသံသာ ကျန်ရစ်တော့သည်။
လက်ရှိနေရာတွင် ရှိနေကြသော ရှောင်မိသားစုဝင်များအားလုံးသည် ထိုမြင်ကွင်းများကို ကြိမ်ဖန်များစွာ မြင်တွေ့နေကျဖြစ်သကဲ့သို့ တည်ငြိမ်သော အမူအယာများ ရှိနေကြ၏။
သတ်ဖြတ်ခြင်း ပြီးဆုံးသွားချိန်၌ ရှောင်ချင်းက ကုလားထိုင်ပေါ်သို့ ဖြည်းညှင်းစွာ ပြန်ထိုင်လိုက်သည်။
ဖရိုဖရဲဆံပင်များနှင့် မကောင်းဆိုးရွားသရဲတစ္ဆေသည်လည်း ပျောက်ကွယ်သွားခဲ့လေပြီ။
သို့သော် ရှောင်ချင်း၏မျက်နှာပေါ်တွင် ပန်းရောင်သမ်းသော အရိပ်အယောင်တစ်ရပ် ဖြတ်သန်းသွားပြီး ကြီးမားသော အာဟာရဓာတ်ကို ရရှိလိုက်သည့်အလား သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှ စိုပြေပြီးတောက်ပသော အရှိန်အဝါကို ထုတ်လွှတ်ထားသည်။
"အပြင်ကို လွှတ်လိုက်တဲ့ လူတွေက ဘာလို့ ပြန်မလာသေးတာလဲ... ချင်းအာ... သမီး ကိုယ်တိုင် သွားကြည့်လိုက်..."
ရှောင်ချွမ်က ရုတ်တရက် တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုသည်။
ရှောင်ချင်းက အေးစက်စက် ရယ်မောလိုက်ပြီး တုံ့ပြန်သည်။
"အဖေ.. အပြင်က အမှိုက်တွေအတွက် သမီးကိုယ်တိုင် ဘာလို့သွားရမှာလဲ... မိသားစုထဲမှာ အကြာကြီး ပိတ်မိနေတဲ့ မိသားစုဝင်တချို့က ရုတ်တရက်ကြီး အပြင်ထွက်ခွင့်ရတော့ ပျော်လွန်းလို့ ရူးနေကြတာ ဖြစ်မှာပါ... သမီးက လူတစ်ယောက်လောက် လွှတ်လိုက်ပြီးတော့ အပြင်လောကကို ငြိမ်သက်သွားအောင် လုပ်ခိုင်းလိုက်ပါ့မယ်..."
"ဝုန်း..."
ထိုအချိန်မှာပင် ရှောင်မိသားစု ပင်မခန်းမဆောင်၏အပြင်ဘက်၌ နားကွဲလုမတတ် ကျယ်လောင်သော မြည်ဟီးသံကြီးတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ကျယ်လောင်သော အသံနှင့်အတူ ပြင်းထန်သော တုန်ခါမှုတစ်ခုသည် အဝေးမှ ရောက်ရှိလာပြီး မိုးနှင့်မြေကို တုန်ခါသွားစေပေ၏။
Chapter 5347
"ဘာဖြစ်တာလဲ..."
ပင်မခန်းမကြီးအတွင်းရှိ လူများအားလုံး ထိတ်လန့်သွားကြပြီး ပြင်ပသို့ အလျင်အမြန် လှည့်ကြည့်လိုက်ကြသည်။
သို့သော် ဤအချိန်အခိုက်အတန့်တွင် ပင်မခန်းမ၏တံခါးများသည် အနက်ရောင်ပုံရိပ်တချို့၏တိုက်ခိုက်ခြင်းကြောင့် ပွင့်ထွက်သွားပေ၏။ စူးရှသော အော်ဟစ်သံများနှင့်အတူ ထိုအနက်ရောင်ပုံရိပ်များသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားကြသည်။
ထိုအချိန်မှသာ ခန်းမအတွင်းရှိလူများက လွင့်ထွက်လာသူများသည် အပြင်ဘက်၌ စောင့်ကြပ်ရန် တာဝန်ယူထားသော ရှောင်မိသားစုဝင်များ ဖြစ်ကြောင်း သတိပြုမိကြသည်။ ဤအချိန်၌ ထိုရှောင်မိသားစုဝင်များသည် အရိုးများကျိုးကြေကာ မြေပြင်ပေါ်တွင် လဲလျောင်းပြီး မရပ်မနား ညည်းတွားအော်ဟစ်နေကြသည်။
အပြင်ဘက်တွင် ဖုန်မှုန့်များနှင့်မီးခိုးငွေ့များ နေရာအနှံ့အပြား၌ ထွက်ပေါ်နေသည်။ ရှောင်မိသားစု၏အစောင့်များအားလုံးသည် မြေပြင်ပေါ်တွင် လဲကျနေကြပြီး မည်သူမျှ မတ်တတ်ရပ်နိုင်ခြင်း မရှိကြချေ။ ထိုမီးခိုးငွေ့များနှင့်ဖုန်မှုန့်များကြားတွင် နဂါးနက်ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် တည်ကြည်လေးနက်သော အမူအယာဖြင့် မတ်တတ်ရပ်နေသည်။ သူသည် အေးစက်စက်မျက်လုံးများဖြင့် လူများအားလုံးကို ဝေ့ဝိုက်၍ကြည့်ရှုလိုက်သည်။
အရပ်မျက်နှာအဘက်ဘက်၌ အေးစက်စက် ငရဲချီစွမ်းအင်များ ပျံ့လွင့်နေပြီး ရှောင်အိမ်တော်ရှိလေထုသည် အမြဲတစေ အုံ့မှိုင်းအေးစက်သော အခြေအနေတွင် ရှိနေတတ်သည်။
လုယွီသည် ကောင်းကင်နှင့်မြေပြင်ကြားတွင်ရှိသည့် သက်ရှိများအားလုံးကို ထိန်းချုပ်ထားသော အရှင်သခင်တစ်ပါးအလား အမှောင်ထုအတွင်း၍ လျှောက်လှမ်းလာပေ၏။
"လုယွီ... နင်ပါလား..."
ရှောင်ချင်းက ရုတ်တရက် စူးရှစွာ အော်ဟစ်လိုက်သည်။
အတိတ်တွင် လုယွီသည် ရှောင်မိသားစုထံမှ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို လုယူသွားခဲ့ပြီး ရှောင်ချင်း၏မာန်မာနကို ရိုက်ချိုးခဲ့သည်။
ထိုကိစ္စမတိုင်မီက ရှောင်ချင်းသည် မျိုးဆက်သစ်လူငယ်များကြားတွင် သူမသည် ထိပ်သီးပါရမီရှင်ဖြစ်ပြီး သူမနှင့် သက်တူရွယ်တူများကြားတွင် သူမကို မည်သူမျှ မယှဉ်နိုင်ဟု အမြဲတစေ ယုံကြည်ခဲ့သည်။
သို့သော် လုယွီနှင့် တွေ့ဆုံပြီးနောက် သူမ မည်မျှထိ ကျရှုံးခဲ့ရသည်ကို ရှောင်ချင်း နားလည်လိုက်သည်။ အထူးသဖြင့် ပြင်ပလောကမှ ရှောင်မိသားစုထံသို့ ရောက်ရှိလာသော နောက်ဆုံးသတင်းအရ ထိုအချိန်က လုယွီသည် တာယွီအင်ပါယာ၏ ထိပ်သီးကျောင်းတော်သား အဖြစ် အောင်မြင်ခဲ့ပြီး သူ၏ကျော်ကြားမှုသည် အလွန်မြင့်မားသွားခဲ့ရာ ရှောင်ချင်း၏မာနကြီးသော နှလုံးသားကို နက်ရှိုင်းစွာ ထိခိုက်စေခဲ့ပေ၏။
"ကောင်းတယ်... အရမ်းကောင်းတယ်... နင်က တစ်ယောက်တည်း ဝင်လာရဲတယ်ဆိုတော့ သတ္တိကောင်းလှချည်လား..."
ရှောင်ချင်း၏မျက်နှာအမူအယာသည် ရှုံ့မဲ့နေပြီး လုယွီကို လက်ညှိုးညွှန်ကာ စူးရှစွာ အော်ဟစ်လိုက်သည်။
"သူ့ကို သတ်ပစ်စမ်း..."
ရှောင်ချင်း ပြောနေရန်ပင်မလိုဘဲ ရှိနေကြသော ရှောင်မိသားစုဝင် အမြောက်အများအပြားသည် ကြောက်မက်ဖွယ်ကောင်းသော ရန်သူကို ရင်ဆိုင်နေကြလေပြီ။
အေးစက်ပြီး မှောင်မိုက်သော အရှိန်အဝါတစ်ရပ်သည် ရှောင်မိသားစုဝင်များထံမှ ထွက်ပေါ်လာပြီး နှစ်ပေါင်းများစွာ ကြာမြင့်သော ငရဲနယ်မြေအောက်မှ တွားသွားထွက်ပေါ်လာသည့်အလား အလွန်ထူးဆန်းကာ အံ့အားသင့်ဖွယ်ကောင်းပေ၏။
ထို့ပြင် ဝေဝါးသော အနက်ရောင်ပုံရိပ်တစ်ခုသည် ရှောင်မိသားစုဝင်တစ်ဦးစီ၏ နံဘေးတွင် ထွက်ပေါ်လာပြီး သူတို့၏အပေါ်၌ ပျံဝဲနေသည်။ ထိုအနက်ရောင်ပုံရိပ်များသည် မကောင်းဆိုးရွားသရဲတစ္ဆေများနှင့်တူညီသော ရုပ်ဆိုးသည့် မျက်နှာများ ရှိကြသော်လည်း ရှောင်မိသားစုအတွက် အစွမ်းထက်သော မှော်စွမ်းအားများကို မြှင့်တင်ပေးနေကြသည်။ လူအမြောက်အများ၏စွမ်းအားများ တပြိုင်နက်တည်း ပွင့်အံ့ထွက်လာပြီး အားကောင်းသော မှော်စွမ်းအားတစ်ရပ်က မိုးကောင်းကင်ယံသို့ ချက်ချင်းမြင့်တက်သွားသည်။
"ဝုန်း..."
သို့သော် ဤမျှများပြားသောလူများ၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရချိန်တွင် လုယွီ၏မျက်နှာအမူအယာသည် လုံးလုံးလျားလျား ပြောင်းလဲသွားခြင်း မရှိချေ။
သူသည် သူ၏လက်ကို မြှောက်လိုက်ပြီး ရိုက်နှက်လိုက်၏။ သူ၏လက်ဝါးရိုက်ချက်သည် ကြမ်းတမ်းသော စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ရုတ်တရက် ပွင့်အံ့ထွက်လာကာ ကျားတစ်ကောင်၏ဟိန်းဟောက်သံများ ခပ်သဲ့သဲ့ပါဝင်နေသည်။
သိုင်းပညာအင်မော်တယ်ခွန်အားနှင့် ကောင်းကင်အုပ်စိုးသူစွမ်းအားတို့ ပေါင်းစပ်ထားသော စွမ်းအားသည် မည်မျှထိ ကြီးမားကျယ်ပြန့်သနည်း။ အစစ်အမှန် နဂါးတစ်ကောင်၏စွမ်းအားဖြင့် တွက်ချက်လျှင်ပင် ထိုအရာသည် ဝိုးတဝါး ကိန်းဂဏန်းတစ်ခုသာ ဖြစ်ပေလိမ့်မည်။
"ဝုန်း..."
ကြီးမားသော အသံကြီးသည် တိမ်တိုက်များကို တုန်ခါသွားစေပြီး ရှောင်မိသားစု၏ပင်မခန်းမတစ်ခုလုံး ချက်ချင်းပြိုကျသွားတော့သည်။
ရှောင်မိသားစုခွဲမှ အကြီးအကဲများနှင့် ခေါင်းဆောင်များသည် လုယွီ၏ရှေ့တွင် သူတို့ ရရှိထားသော စွမ်းအားကို ထုတ်မသုံးနိုင်ခင်မှာပင် ချက်ချင်းပျက်စီးသွားကြရသည်။
အစွမ်းထက်သော လက်ဝါးစွမ်းအားသည် အရပ်မျက်နှာအဘက်ဘက်သို့ ဖြတ်သန်းသွား၏။ ထိုအရာ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ကျိုးပဲ့နေသော အရိုးများနှင့် သွေးစသွေးနများ ရှိနေသည်။ ရှောင်မိသားစုမှ အစွမ်းထက် ပုဂ္ဂိုလ်များသည် ဤအချိန်အခိုက်အတန့်တွင် ချက်ချင်းသေကြေပျက်စီးသွားကြသည်။
"ဘာ..."
ရှောင်မိသားစုမှ အစွမ်းထက်ကျင့်ကြံသူများအနက် လူဆယ်ယောက်ကျော်ခန့်သာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး သူတို့သည်လည်း ရှေ့ရှိမြင်ကွင်းကြောင့် ချက်ချင်းကြက်သေသေသွားကြသည်။
လုယွီသည် လှောင်အိမ်ထဲမှ သားကောင်ကဲ့သို့ ဖြစ်နေပြီဟု မှတ်ယူကာ မည်သို့ ကိုင်တွယ်ရမည်ကို သူတို့ ဆွေးနွေးနေခဲ့ကြခြင်းဖြစ်သည်။ လုယွီကို ပြန်တွေ့ရသည့်အချိန်၌ ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားဖြင့် ရောက်ရှိလာမည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။
"ငါ့ကို ရှာပြီးတော့ ထီးနန်းစွန့်လွှတ်စေချင်တယ်... အရည်အချင်းရှိတဲ့သူဆီမှာ အညံ့ခံစေချင်တယ်လို့ မင်းတို့ ပြောခဲ့တယ်မဟုတ်လား... အခု ငါ ဒီနေရာမှာ ရှိနေပြီလေ... ဘယ်သူက ရှေ့ထွက်ပြီး ငါနဲ့ ယှဉ်ပြိုင်ရဲလဲ..."
လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ သူ၏အသံသည် မိုးခြိမ်းသံအလား အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။
Chapter 5348
"နင်က ဘယ်လိုလုပ်ပြီး ဒီလောက်ထိ တိုးတက်လာရတာလဲ..."
ရှောင်ချင်းသည် ရူးသွပ်လုနီးပါး ဖြစ်နေပြီး သူမ၏မျက်လုံးများ သွေးရောင်လွှမ်းနေကာ သူမ၏လက်သည်းရှည်များသည် အသားထဲသို့ စိုက်ဝင်နေသော်လည်း လုံးဝသတိမထားမိချေ။
ရှောင်မိသားစုသည် ကံကြမ္မာကောင်းတစ်ခုကို ရရှိခဲ့ပြီး မိသားစုဝင်များအားလုံး များစွာတိုးတက်လာခဲ့ကြသည်။ မူလက ရှောင်ချင်းသည် ရည်မှန်းချက်ကြီးပြီး အမြင့်ကို မျှော်မှန်းခဲ့သော်လည်း လုယွီ၏ ရုတ်တရက် ထွက်ပေါ်လာမှုသည် သူမအား ရေအေးတစ်ပုံးနှင့် လောင်းချလိုက်သကဲ့သို့ ဖြစ်သွားစေသည်။ ဤသည်က သူမ၏စိတ်နှလုံးသားကို ထိခိုက်သွားစေပြီး အလွန်အမင်း တုန်လှုပ်ချောက်ချားသွားစေပေ၏။
သေဆုံးသွားသော ရှောင်မိသားစုဝင်များသည် ရှောင်မိသားစု၏ အဆင့်မြင့်အဖွဲ့ဝင်များပင်။ သူတို့သည် ရာထူးနှင့်အာဏာကို ပိုင်ဆိုင်ထားရုံသာမက အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကိုလည်း ပိုင်ဆိုင်ထားကြသည်။
သို့သော် ထိုကဲ့သို့ လူတစ်စုသည် လုယွီနှင့် ရင်ဆိုင်ရချိန်၌ လက်သီးတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်။
သူမ ဒေါသထွက်ပြီး မနာလိုဖြစ်မိကာ ဤှကိစ္စကို မလိုလားချေ။
မရေမတွက်နိုင်သော စိတ်ခံစားမှုများက သူမ၏စိတ်ထဲတွင် ရုတ်တရက် ဗလောင်ဆူလာသည်။ ရှောင်ချင်းသည် ချက်ချင်းဆိုသလိုပင် စိတ်လွတ်သွားပြီး ရူးသွပ်စွာ အော်ဟစ်လိုက်၏။
"နင်က ထီးနန်းကနေ အသာတကြည် ဆင်းပေးလိုက်သင့်တာ... ဒီအဓိပ္ပာယ်မရှိတဲ့စကားတွေကို ဘာလို့ပြောတာလဲ..."
ဝှစ်...
လုယွီသည် သူမနှင့်စကားပြောဆို၍ အချိန်ဖြုန်းမနေတော့ပေ။ သူသည် လက်ကိုမြှောက်လိုက်ရာ အင်မော်တယ်သုတ်သင်ခြင်း ဓားချီတစ်လှိုင်းသည် လေထဲတွင် ပျံဝဲနေသော ဖဲကြိုးဖြူတစ်ခုကဲ့အလား ပျံ့လွင့်သွားပြီး ရှောင်ချင်း၏ ဒူးခေါင်းကို ချက်ချင်းထိုးဖောက်သွားတော့သည်။
ရှောင်ချင်းက စူးရှနာကျင်စွာ အော်ဟစ်လိုက်သည်။ သူမသည် ရုတ်တရက် မြေပြင်ပေါ်သို့ ဒူးထောက်ရက်သားကျသွားပြီး မတ်တတ်မရပ်နိုင်တော့ချေ။
"တကယ်တော့ ငါက မင်းတို့ ရှောင်မိသားစုကို ငါ့ရဲ့မျက်လုံးထဲမှာ လုံးဝထည့်မထားခဲ့ဘူး... တော်ဝင်မြို့တော်ကို ငါ ရောက်လာတုန်းက မင်းတို့ကို အခွင့်အရေး ပေးချင်လို့ နောက်ဆုံးမှလာဖို့ ကြံရွယ်ထားခဲ့တယ်... ကံမကောင်းစွာနဲ့ မင်းတို့က အခွင့်အရေးကို အရမယူဘဲနဲ့ ငါ့ရဲ့မိသားစုကိုတောင် ခြိမ်းခြောက်ရဲကြတယ်...မင်းတို့က အသက်ရှင်ရတာကို ငြီးငွေ့နေကြပြီလား..."
လုယွီ၏အသံသည် တည်ငြိမ်ပြီး အေးစက်နေသော်လည်း လူအများကို ကျောရိုးတလျှောက် အေးစိမ့်သွားစေသည်။
မရေမတွက်နိုင်သော ရှောင်မိသားစုဝင် တပည့်များသည် နံဘေးပတ်ဝန်းကျင်မှ ပြေးထွက်လာကြ၏။ သို့ရာတွင် ဤစကားများကို ကြားလိုက်ရချိန်၌ သူတို့၏စိတ်နှလုံးသားများအတွင်းတွင် ကြောက်ရွံ့မှုတစ်ခု အလိုအလျောက် ပေါက်ဖွားလာပြီး လူအများစုသည် ခြေလှမ်းများကို ရပ်တန့်လိုက်ကြကာ ရှေ့သို့ လုံးဝမတိုးရဲကြတော့ချေ။
"ပုရွက်ဆိတ်လို ကောင်စုတ်... နင်က ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့... နင့်ကို သတ်ပစ်မယ်..."
ရှောင်ချင်း၏ဆံပင်များ ဖရိုဖရဲ ဖြစ်နေပြီး သူမ၏ နူးညံ့သိမ်မွေ့ကာ လှပသော မျက်နှာသည် ဤအချိန်အခိုက်အတန့်တွင် ရက်စက်ကြမ်းတမ်းပြီး ရှုံ့မဲ့နေပေ၏။
သူမ၏ မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းသော သွေးနီရောင်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားသည်။ ထို့နောက် အကန့်အသတ်မဲ့သော ငရဲချီစွမ်းအင်များသည် သူမ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားကာ မကောင်းဆိုးရွားသရဲတစ္ဆေတစ်ခုက သူမ၏ပခုံးပေါ်တွင် တိတ်တဆိတ် ဝပ်တွားနေသည်။
ဝှစ်.....
လုယွီသည် အပိုစကားများ ပြောမနေတော့ချေ။ သူသည် လက်ကို မြှောက်လိုက်ရာ အင်မော်တယ်သုတ်သင်ခြင်း ဓားချီတစ်လှိုင်း ပျံ့လွင့်သွားပြီး ပိန်လှီသော မကောင်းဆိုးရွားသရဲတစ္ဆေကို နှစ်ပိုင်းဖြစ်အောင် ချက်ချင်းပိုင်းဖြတ်လိုက်သည်။
ရှောင်ချင်းနှင့် မကောင်းဆိုးရွား သရဲတစ္ဆေတို့သည် သွေးဖြင့် ဆက်စပ်နေကြသည်။ ဤအချိန်တွင် မကောင်းဆိုးရွား သရဲတစ္ဆေ အသတ်ခံလိုက်ရသဖြင့် ရှောင်ချင်းသည်လည်း ထိခိုက်သွားပြီး သူမထံမှ စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"ရပ်လိုက်စမ်း..."
ရှောင်မိသားစု ခေါင်းဆောင် ရှောင်ချွမ်သည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ ဒေါသတကြီး အော်ငေါက်လိုက်ပြီး ကုလားထိုင်ကို လက်ဖြင့် ရိုက်ပုတ်ကာ ရုတ်တရက် မတ်တတ်ထရပ်ပြီး လုယွီထံသို့ ပြေးဝင်သွားသည်။
သူ၏အမြန်နှုန်းသည် မြန်ဆန်သော်လည်း လုယွီ၏အမြန်နှုန်းက ပို၍မြန်ဆန်ပေ၏။
"ဘုန်း..."
လုယွီသည် လက်ကိုမြှောက်လိုက်ပြီး ရှောင်ချင်း၏ခေါင်းပေါ်သို့ ဖိနှိပ်ကာ ပြင်းထန်စွာ အားစိုက်လိုက်သည်။ ရှောင်ချင်း၏ခေါင်းသည် ကြေမွသွားသော ဖရဲသီးတစ်လုံးအလား ချက်ချင်းပေါက်ကွဲသွားသည်။
သူမ၏စိတ်ဝိညာဉ်သည် ရုပ်ခန္ဓာကိုယ်နှင့်အတူ သေဆုံးသွားသည်။ လုယွီထံ၌ အမျိုးသမီးများအပေါ် ညှာတာလိုစိတ် လုံးဝမရှိပေ။ သူ၏ ပထမဆုံး လှုပ်ရှားမှုသည် သေစေနိုင်သော တိုက်ခိုက်မှုပင်။
ဒေါသတကြီး အော်ငေါက်သံတစ်သံ ပျံ့လွင့်လာပေ၏။ ရှောင်ချွမ်သည် သူ၏သမီးဖြစ်သူ မျက်စိရှေ့တွင် သေဆုံးသွားသည်ကို မြင်လိုက်ရသဖြင့် အဆုံးမဲ့ရူးသွပ်မှုထဲသို့ ကျရောက်သွားသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ငရဲချီစွမ်းအင်များသည် သူ့ကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားပြီး ရူးသွပ်နေသော နတ်ဆိုးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားသည့်အလားပင်။
ဝှစ်...
ပြင်းထန်သော ငရဲချီစွမ်းအင်များသည် အစွမ်းထက်သော လက်ဝါးရိုက်ချက်နှင့်အတူ လေထုကို ဖြတ်သန်းလာပြီး ရှေ့ရှိအရာအားလုံးကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်ချင်သကဲ့သို့ ဖြစ်နေသည်။
လုယွီသည် ကြောက်ရွံ့ခြင်း မရှိပေ။ သူ၏ရှေ့ရှိ ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် သူသည်လည်း လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
"အား..."
ရှောင်ချွမ်ထံမှ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။ သူ၏မှော်မန္တန်သည် လုံးလုံးလျားလျား ကျိုးပျက်သွားပေ၏။ သူ ထုတ်လွှတ်လိုက်သော နည်းစနစ်သည် လုယွီကို မထိခိုက်စေဘဲ သူသာလျှင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။
ရှောင်ချွမ်၏ရင်ဘတ်သည် ချိုင့်ဝင်သွားသည့်အလားပင်။ လုယွီ၏လက်သီးချက်သည် ကြီးမားသော စွမ်းအား ရှိပြီး ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုနိုင်ပေ၏။
သို့သော် ရုတ်ချည်းဆိုသလိုပင် ဝေဝါးသော ငရဲချီစွမ်းအင်လှိုင်းတစ်ရပ်က ရှောင်ချွမ်ကို လွှမ်းခြုံသွားလေ၏။ အမှောင်ထုထဲတွင် တောင့်တင်းသန်မာသော သရဲတစ္ဆေတစ်ကောင် ထွက်ပေါ်လာပြီး ရှောင်ချွမ်ကို အခိုင်အမာ ကာကွယ်လိုက်သည်။
Chapter 5349
"ဒါက မင်းတို့ရဲ့ အခြေခံအုတ်မြစ်ပဲလား..."
လုယွီ၏မျက်လုံးများတွင် စူးရှသော အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားပြီး ဂရုမစိုက်သောလေသံဖြင့် ပြောလိုက်သည်။
"မကောင်းဆိုးရွား သရဲတစ္ဆေတွေကို ဖိတ်ခေါ်ပြီးတော့ ပူးကပ်စေတဲ့ လုပ်ရပ်အတွက်....မင်းတို့က ပြန်ပေးဆပ်ရမှာကို မကြောက်ကြဘူးလား..."
လောကကြီးတွင် ကျင့်ကြံနည်းစနစ်များစွာ ရှိပြီး တာအိုလမ်းစဉ်များလည်း ပေါများကာ အရာအားလုံးကို ကျင့်ကြံကြသည်။
နတ်ဘုရားများကို ဆင့်ခေါ်ပြီး ပူးကပ်စေသူများ ရှိသကဲ့သို့ မကောင်းဆိုးရွား သရဲတစ္ဆေများကို ဆင့်ခေါ်ပြီး ပူးကပ်စေသူများလည်း ရှိကြ၏။
နတ်ဆိုးကျင့်ကြံသူတချို့သည် သရဲတစ္ဆေများနှင့် နတ်ဆိုးများကို မွေးမြူရန်အတွက် ရက်စက်ယုတ်မာသော နည်းစနစ်များကို အမြဲတစေ အသုံးပြုကြသည်။ သူတို့သည် အကျပ်အတည်းနှင့် ကြုံတွေ့ရသောအချိန်၌ သရဲတစ္ဆေများကို ဆင့်ခေါ်၍ ပူးကပ်စေသော နည်းစနစ်ကို လုပ်ဆောင်ကာ အစွမ်းထက်သော ရန်သူများကို ရှင်းလင်းရန် အဆုံးမဲ့စွမ်းအားကို ချက်ချင်းရရှိနိုင်ကြသည်။
ထိုနည်းစနစ်များသည် နက်နဲသိမ်မွေ့သော်လည်း သရဲတစ္ဆေများနှင့်နတ်ဆိုးများကို မွေးမြူသော နည်းလမ်းများသည် အလွန်ရက်စက်ယုတ်မာပြီး မိုးကောင်းကင်တာအိုကို ဖီဆန်ပေ၏။ ဤကဲ့သို့သော မှော်နည်းစနစ်များကို ကျင့်ကြံသော ကျင့်ကြံသူများသည် များသောအားဖြင့် ကောင်းမွန်သော အဆုံးသတ် မရှိကြချေ။
လုယွီသည် ဗဟုသုတ ကြွယ်ဝသူ ဖြစ်သဖြင့် ရှောင်မိသားစုမှ မည်သည့်နည်းလမ်းများကို အသုံးပြုနေသည်အား မြင်တွေ့နိုင်သည်။
မင်္ဂလာပွဲတွင် ပြဿနာရှာခဲ့သောလူမှ ပြသခဲ့သောစွမ်းအားမှာ ကိုယ်ပိုင်စွမ်းအား မဟုတ်ဘဲ သူ့ထံသို့ ပူးကပ်ရန် ဆင့်ခေါ်ထားသော သရဲတစ္ဆေတစ်ကောင်သာဖြစ်သည်။
ရှေးဟောင်းငရဲနယ်မြေအတွင်း၌ သရဲတစ္ဆေများနှင့် နတ်ဆိုးများသည် အဆုံးမရှိချေ။
ထိုနယ်မြေအတွင်း၌ မွေးမြူထားသော မကောင်းဆိုးရွား သရဲတစ္ဆေများသည် ရှေးခေတ်ကာလမှ ယခုအချိန်အထိ လက်ဆင့်ကမ်းဆင်းသက်လာခဲ့ကြခြင်းဖြစ်သည်။ ရှေးဟောင်းငရဲနယ်မြေအတွင်း၌ အစွမ်းထက်သော မကောင်းဆိုးရွား သရဲတစ္ဆေများ မည်မျှထိများများ ရှိနေသည်ကို ရေတွက်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။
"ငါ ထင်မထားမိဘူး..."
အဘိုးအိုက ပြောလိုက်သည်။
"အဲဒီတုန်းက သူတော်စင်ရီရဲ့ မျက်နှာကို ထောက်ပြီး မင်းကို လွှတ်ပေးခဲ့တာ... အန္တရာယ် ဖြစ်လာမယ့် ကျားတစ်ကောင်ကို မွေးမြူနေမိတယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး... မင်းက နောက်ဆုံးတော့ ငါ အလေးအနက်ထားရမယ့် တည်ရှိမှုကြီးတစ်ခု ဖြစ်လာခဲ့ပြီပဲ..."
ရှောင်ထျန်းယွမ်သည် မတ်တတ်ရပ်လိုက်ရာ သူ၏အဖြူရောင်ဝတ်ရုံသည် လေမတိုက်ခတ်ဘဲ လှုပ်ရှားနေပေ၏။ သူသည် ခြေလှမ်းတစ်လှမ်း ရှေ့သို့လှမ်းလိုက်ရာ အနက်ရောင်ငရဲချီစွမ်းအင်များသည် ဒီရေအလား မြင့်တက်လာပြီး သရဲတစ္ဆေများ၏ငိုကြွေးသံများနှင့် ဝံပုလွေများ၏အူသံများ ပါဝင်နေသည်။
ပင်မခန်းမကြီး တစ်ခုလုံးသည် ရှောင်မိသားစု ဘိုးဘေး၏အရှိန်အဝါမှ လွှမ်းခြုံခြင်းကို ခံလိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ရပ် ဆင်းသက်လာသဖြင့် လူအများကို အသက်ရှူရ ခက်ခဲစေသည်။
ရှောင်ချွမ်သည် ဒေါသတကြီး ဖြစ်နေပြီး ရှုံမဲ့နေသောမျက်နှာဖြင့် လုယွီကို လက်ညှိုးထိုးကာ ပြောဆိုသည်။
"ဘိုးဘေး... ကျေးဇူးပြုပြီး ဝင်ရောက်ဆောင်ရွက်ပေးပါ... ချင်းအာအတွက် လက်စားချေဖို့ သူ့ကို သတ်ပေးပါ..."
ရှောင်ထျန်းယွမ်က မည်သည့်စကားမျှ ပြန်မပြောပေ။ ရှောင်ချင်းသည် သူ၏ရှေ့တွင် သေဆုံးသွားသည့်တိုင် သူ၏မျက်နှာပေါ်တွင် မည်သည့် ခံစားချက်အရိပ်အယောင်မျှ မရှိချေ။
သူ၏အဆင့်ထိ ကျင့်ကြံထားသူများသည် မဟာတာအိုကို မည်သို့ ကျင့်ကြံရမည် ထာဝရအသက်ကို မည်သို့ ရယူရမည် ဆိုသည်ကိုသာ စိတ်ထဲတွင် ထားရှိကြသည်။ စိတ်ခံစားမှု အားလုံးအတွက်မူ သူတို့သည် ထိုအရာများကိုလျစ်လျူရှုထားကြသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ ရှောင်မိသားစုသည် သူ၏တာအိုကို အောင်မြင်ရန်အတွက် အထောက်အပံ့မျှသာ ဖြစ်ပေ၏။
"နည်းစနစ်တွေ နဲ့... စွမ်းအားကို ထိန်းချုပ်နိုင်သရွေ့ အဲ့ဒါက ဖြောင့်မတ်သော လမ်းစဉ်ပဲ..."
ရှောင်ထျန်းယွမ်က ဂရုမစိုက်သော အမူအယာဖြင့် ပြောဆိုသည်။
"မင်း လာတာ ကောင်းပါတယ်... ငါက မင်းကို ရှာပြီး သတ်ပစ်မလို့ပဲ... ပြီးရင် မင်းရဲ့ အင်ပါယာ ငါ့ရဲ့အပိုင် ဖြစ်လာလိမ့်မယ်..."
သူ၏ခန္ဓာကိုယ်မှ ငရဲချီစွမ်းအင်များ တလိမ့်လိမ့်မြင့်တက်လာသည်။ ထူထပ်သိပ်သည်းပြီး အားကောင်းသော ငရဲချီစွမ်းအင်များသည် စုစည်းသွားပြီး ကောင်းကင်နှင့် မြေပြင်ကို ဝါးမျိုတော့မည့်အလား ကြီးမားကျယ်ပြန့်သော အရိုးစုကြီးတစ်ခု ဖြစ်ပေါ်လာသည်။
လုယွီ၏မျက်နှာအမူအယာသည် ပြောင်းလဲသွားခြင်းမရှိချေ။ သူသည် အသက်ပြင်းပြင်းရှိုက်ပြီး ရှေ့သို့ခြေတစ်လှမ်းတက်လိုက်သည်။
"ခင်ဗျားက ကျုပ်ကို ဒုက္ခပေးချင်တယ်ဆိုရင် တခြားအချိန်ဆိုရင် ကျုပ် လက်ခံနိုင်သေးတယ်... ဒါပေမဲ့ ကျုပ် လက်အောက်ကလူရဲ့ မင်္ဂလာပွဲရက်ကိုတော့ လုံးဝမရွေးချယ်သင့်ဘူး..."
စိတ်ဝိညာဉ်စွမ်းအားတစ်ရပ်သည် လုယွီ၏ဒန်တျန်ထဲသို့ ဝင်ရောက်သွားပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးရှိ မရီဒါန်းများသည် မိုးကောင်းကင်ယံသို့ ပျံသန်းသွားသော ရွှေနဂါးတစ်ကောင်အလား အလင်းတန်းများ တပြိုင်နက်တည်းထွက်ပေါ်လာသည်။
ရုတ်ချည်းဆိုသလိုပင် လုယွီက ရှေ့သို့ လက်သီးတစ်ချက်ထိုးလိုက်ရာ နဂါးဟိန်းသံတစ်သံက လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။
ရှောင်ချွမ်နှင့်တခြားလူများသည် အန္တရာယ် နီးကပ်လာသည်ကို ခံစားလိုက်ရသဖြင့် လျှင်မြန်စွာ ဆုတ်ခွာလိုက်ကြသော်လည်း အချိန်နှောင်းသွားခဲ့လေပြီ။ လုယွီ၏လက်သီးချက်သည် အလွန်မြန်ဆန်ပြီး လက်သီးစွမ်းအားသည် လွှမ်းမိုးချုပ်ကိုင်နိုင်ကာ ရှေ့ရှိ အရာအားလုံးကို ခွဲခြားခြင်းမရှိဘဲ တိုက်ခိုက်လိုက်သည့်အလားပင်။ ရှောင်ချွမ်နှင့် ရှောင်မိသားစုကျင့်ကြံသူ အမြောက်အများသည် သေကြေပျက်စီးသွားကြ၏။
အတိတ်တွင် ရှောင်ချွမ်သည် ဗာမီလီယန်စစ်စခန်း၏တပ်မှူးဖြစ်ပြီး လုယွီ၏အထက်လူကြီး ဖြစ်ခဲ့သည်။ သို့ရာတွင် ယခုအချိန်၌ သူသည် လုယွီ၏လက်သီးတစ်ချက်ကိုပင် တောင့်မခံနိုင်ဘဲ ချက်ချင်းသေဆုံးသွားခဲ့ရသည်။
ရှောင်မိသားစုဘိုးဘေး ရှောင်ထျန်းယွမ် အတွက်မူ သူ ဆင့်ခေါ်ခဲ့သော ငရဲချီစွမ်းအင်အရိုးစုကြီးသည် လုံးလုံးလျားလျား ကြေမွှပျက်စီးသွားသည်။ ထိုအရာသည် လေထုထဲတွင် ပျော်ဝင်သွားပြီး အရိပ်အယောင် တစိုးတစိမျှ မကျန်ရစ်တော့ပေ။
"ဒါက ဘယ်လို စွမ်းအားမျိုးလဲ..."
ရှောင်ထျန်းယွမ်၏မျက်နှာအမူအယာ မသိမသာ ပျက်ယွင်းသွားသည်။ သူသည် ရှေးဟောင်းငရဲနယ်မြေ၏ ထောက်ပံ့မှုကို ရရှိထားကာ တာအိုသခင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ထားသော်လည်း လုယွီ ထိုးနှက်လိုက်သော လက်သီးချက်၏စွမ်းအားသည် သူ့ထက် သာလွန်နေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။
"ခင်ဗျား အရင်တုန်းက အရမ်း မာနကြီးနေခဲ့တယ် မဟုတ်လား... ခင်ဗျား မာနကြီးရတဲ့ အခြေခံအုတ်မြစ်ကို ကြည့်ကြသေးတာပေါ့..."
လုယွီသည် မညှာမတာ ဖိအားပေးလိုက်ပြီး နောက်ထပ် လက်သီးတစ်ချက် ထိုးနှက်လိုက်ရာ ပြင်းထန်သော စွမ်းအင်များ ပျံ့လွင့်လာသည်။
Chapter 5350
လုယွီ၏စွမ်းအားများ ပွင့်အံ့ထွက်လာပြီး ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေသည်။
ကောင်းကင်အုပ်စိုးသူအဆင့် စွမ်းအားကို ဘေးဖယ်ထားလျှင်ပင် သိုင်းပညာအင်မော်တယ် မဟာအောင်မြင်မှုအဆင့် ရုပ်ခန္ဓာကိုယ်ခွန်အားသက်သက်ဖြင့်ပင် တလိမ့်လိမ့်ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ စွမ်းအင်များသည် မီးတောင်ပေါက်ကွဲသည့်အလားပင်။
"ဘုန်း..."
သူတို့နှစ်ယောက်သည် နောက်ထပ်တစ်ကြိမ် အပြန်အလှန် တိုက်ခိုက်လိုက်ကြရာ လေထုကို အက်ကွဲသွားစေပြီး ကြောက်မက်ဖွယ်ရာ လေဟာနယ်အက်ကွဲကြောင်းများကို ကျန်ရစ်စေခဲ့သည်။
သူတို့၏ပတ်ဝန်းကျင်ရှိ ခိုင်မာတောင့်တင်းသော အဆောက်အအုံများသည် ထိုတိုက်ပွဲ၏ နောက်ချန်အားလှိုင်းများမှ ရိုက်ခတ်မှုကို တောင့်မခံနိုင်ဘဲ ပြိုလဲပျက်စီးကာ မြေပြင်ပေါ်တွင် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
"ဝုန်း..."
လုယွီ၏ နောက်ထပ်လက်သီးတစ်ချက်ဖြင့် ရှောင်ထျန်းယွမ်သည် ခြေလှမ်းများစွာ ဆက်တိုက်ဆုတ်ခွာလိုက်ရပြီး သူ၏ပါးစပ်မှ သွေးများ ယိုစီးကျလာကာ သူ၏မျက်နှာ အလွန်အမင်းဖြူဖျော့သွားသည်။
သူသည် တာအိုသခင်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း လုယွီနှင့် ထိတွေ့ရချိန်၌ အမှန်တကယ်ကို ဖိနှိပ်ခံလိုက်ရပြီး ခြေတစ်လှမ်းချင်း ဆုတ်ခွာရန် ဖိအားပေးခံခဲ့ရသည်။ ဤအရာက ရှောင်ထျန်းယွမ်ကို တုန်လှုပ်စေသည့်အပြင် ဒေါသလည်း ထွက်စေသည်။
"ခင်ဗျား ထွက်လာတဲ့အချိန်ကျရင် ခင်ဗျား သတ်ချင်တဲ့သူကို သတ်နိုင်တယ်... ဘာကိုမှ မကြောက်ဘူးလို့ ခုဏကပဲ ပြောခဲ့တယ် မဟုတ်လား... ကျုပ် အခု ဒီနေရာကို ရောက်နေပြီလေ... ခင်ဗျားက ကျူပ်ကို ဘာလုပ်နိုင်မှာလဲ..."
လုယွီသည် ပြိုင်ဘက်ကင်းသော အနေအထားသို့ ပြောင်းလဲသွားပြီး သူ၏ဆံပင်နက်များသည် ပခုံးပေါ်သို့ ဖြာကျနေကာ အော်ငေါက်သံတစ်သံနှင့်အတူ ရှေ့သို့ နောက်တစ်ကြိမ် ပြေးဝင်သွားသည်။
"ကောင်စုတ်လေး... မင်းက သေလမ်းရှာနေတာပဲ..."
ရှောင်ထျန်းယွမ်သည်လည်း ဒေါသထွက်သွားပေ၏။
သူသည် ရှောင်မိသားစု၏ ဘိုးဘေးဖြစ်ပြီး ယခင်က သူသည် မြို့စားတစ်ဦးပင်။ သူ့ကို မြင်တွေ့သူတိုင်း အလေးထား၍ ဆက်ဆံခဲ့ရသည်။
ယခုအချိန်၌ လုယွီကဲ့သို့ ဂျူနီယာတစ်ဦး၏ ဖိနှိပ်ခြင်းနှင့် ရိုက်နှက်ခြင်းကို ခံရသဖြင့် ရှောင်ထျန်းယွမ်သည် ဂုဏ်သိက္ခာ ကျဆင်းသည်ဟု ခံစားရပြီး သူ၏ရင်ထဲတွင် လောင်ကျွမ်းနေသော ဒေါသများဖြင့် ပြည့်နှက်နေသည်။ သူသည် လုယွီကို ယခုချက်ချင်း အရှင်လတ်လတ်ဆုတ်ဖြဲကာ သတ်ဖြတ်လိုပေ၏။
"ဘုန်း..."
မျက်စိတစ်မှိတ်အတွင်း လုယွီသည် ရှောင်ထျန်းယွမ်၏ရှေ့သို့ ရောက်ရှိလာပြီး မိုးကြိုးကဲ့သို့ လျှင်မြန်ပြင်းထန်သော လက်ဝါးရိုက်ချက်တစ်ချက်ကို ထုတ်လွှတ်လိုက်သည်။
ပြင်းထန်သော လက်ဝါးရိုက်ချက်သည် လေထုထဲတွင် ရွှေရောင်အလင်းတန်းတစ်တန်းကို ထင်ဟပ်သွားစေပြီး ရှောင်ထျန်းယွမ်၏ခန္ဓာကိုယ်ကို ပြင်းထန်စွာ ရိုက်ခတ်သွားသည်။ အရိုးများ ကျိုးပဲ့သွားသော အသံများနှင့်အတူ ရှောင်ထျန်းယွမ်သည် စူးရှနာကျင်စွာ အော်ဟစ်ပြီး ပြင်းထန်စွာ လွင့်ထွက်သွားတော့သည်။
အနက်ရောင် ငရဲချီစွမ်းအင်များသည် ရှောင်ထျန်းယွမ်ကို ရုတ်တရက် ဖုံးလွှမ်းသွားသည်။
ဤငရဲချီစွမ်းအင်များသည် သူ၏ခန္ဓာကိုယ် အနှံ့အပြားသို့ ပျံ့နှံ့သွားပြီး အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ရှောင်ထျန်းယွမ်၏ ဒဏ်ရာအားလုံးကို အမှန်တကယ် ကုသပေးလိုက်ကာ သူ့ကို အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိစေခဲ့သည်။
ပြင်းထန်သော သွေးနံ့တစ်ခုသည် ရှောင်အိမ်တော်၏နက်ရှိုင်းသော နေရာမှ ထွက်ပေါ်လာသည်။
မမြင်နိုင်သော စွမ်းအားတစ်ရပ်သည် ရှောင်ထျန်းယွမ်၏ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး သူသည် လျှို့ဝှက်နည်းစနစ်တစ်ခုကို အဆက်မပြတ် အသုံးပြုနေသည့်အလား အမြဲတစေ အထွတ်အထိပ် အခြေအနေတွင် ရှိနေသည်။
"ကောင်းပြီ... ဒီအဘိုးကြီးက မင်းကို လျှော့တွက်ခဲ့မိတယ်... မင်းက ဒီနှစ်တွေအတွင်းမှာ အပြင်လောကမှာ ကံကြမ္မာကောင်းတွေ အများကြီး ရခဲ့တာ ဖြစ်မယ်... မင်း ကျိုးမိသားစုကို သုတ်သင်လိုက်တယ်လို့ ဒီအဘိုးကြီး ကြားခဲ့ပေမယ့်... အစကတော့ အပြင်လောကက ကောလာဟလတွေလို့ပဲ ထင်ခဲ့တာ... မင်းက တကယ်ပဲ ဒီလို စွမ်းအားမျိုးကို ပိုင်ဆိုင်ထားတာကိုး..."
ရှောင်ထျန်းယွမ်က လုယွီကို စိုက်ကြည့်ရင်း တည်ငြိမ်စွာ ပြောဆိုသည်။
"ဘာလို့ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ... ခင်ဗျားက အရမ်း မာနကြီးနေမှတော့... ခင်ဗျားကို မာနကြီးစေတဲ့ အင်အားကို ထုတ်ပြစမ်း..."
လုယွီက ရှောင်ထျန်းယွမ်ကို ထိပ်တိုက်ရင်ဆိုင်ပြီး နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။ သူ၏ အစွမ်းထက်သော ခန္ဓာကိုယ်အတွင်း၌ သောင်းနှင့်ချီသော အစစ်အမှန်နဂါးများ ပုန်းအောင်းနေသည့်အလားပင်။ သူ၏လက်သီးစွမ်းအား ပွင့်အံ့ထွက်လာတိုင်း နဂါးဟိန်းသံသဲ့သဲ့ကို ကြားနေရသည်။
ရှောင်ထျန်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ လုယွီ၏ ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် သူသည် ရှောင်တိမ်းရန်သာ ရွေးချယ်နိုင်ပြီး ထပ်ခါတလဲလဲ ဆုတ်ခွာနေရသည်။
ကံမကောင်းစွာဖြင့် ခံစစ်အနေအထားကို ယူထားသော်လည်း သူသည် လုယွီ၏ ပြိုင်ဘက် မဟုတ်ဘဲ သူ၏လက်နှစ်ဖက် ကျိုးကြေလုနီးပါး ဖြစ်နေလေပြီ။
"အား..."
ရှောင်ထျန်းယွမ်သည် ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်ပြီး လုယွီကို ဖိနှိပ်ရန်အတွက် တာအိုသခင်၏ အထွတ်အထိပ် မှော်စွမ်းအားကို အသုံးပြု၍ ပေတစ်သောင်းခန့်ကြီးမားကျယ်ပြန့်သော လက်ဝါးပုံရိပ်ယောင်ကြီးကို ဆင့်ခေါ်လိုက်သည်။
သို့သော် နတ်ဆိုးက တစ်ပေမြင့်လျှင် တာအိုသည် ဆယ်ပေမြင့်သည် မဟုတ်လော။ သူ၏တိုက်ခိုက်မှုသည် ရက်စက်ကြမ်းတမ်းသော်လည်း လုယွီက ပို၍ရက်စက်ကြမ်းတမ်းပေ၏။ ထိုက်ယွမ်လက်ဝါး၏ အထွတ်အထိပ် ရွှေရောင်အလင်းတန်းများဖြင့် သူသည် ရှောင်ထျန်းယွမ်၏လက်ဝါးရိုက်ချက်ကို ချက်ချင်း ဖုံးအုပ်လိုက်ပြီး မြေကြီးထဲသို့ နက်ရှိုင်းစွာ ရိုက်ချလိုက်သည်။
ဘုန်း...
မျက်စိတစ်မှိတ်အတွင်း ရှောင်အိမ်တော်၏ မြေပြင်တပြင်လုံး တုန်ခါသွားသည်။ အိမ်တော်အတွင်းရှိ မရေမတွက်နိုင်သော အဆောက်အအုံများသည် ချက်ချင်းပြိုကျသွားကြ၏။
တခြားလူများသည် ထိုလူနှစ်ဦးကြားရှိ ထိပ်တိုက်တိုက်ခိုက်မှုကို အနည်းငယ်မျှ ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိကြပေ။ ရှောင်မိသားစုတွင် ထိပ်သီးကျင့်ကြံသူ အမြောင်အများအပြား ရှိသော်လည်း သူတို့သည် အဝေးမှသာ ကြည့်ရှုနိုင်ကြသည်။ သူတို့သည် တိုက်ပွဲနေရာနှင့် အနည်းငယ်နီးကပ်သွားလျှင်ပင် ပြင်းထန်သော လေပြင်းများကြောင့် အမှုန်အမွှားများအဖြစ် ကြေမွှပျက်စီးသွားပေလိမ့်မည်။
မီးခိုးများနှင့်ဖုန်မှုန့်များ ပျက်ပြယ်သွားချိန်၌ ရှောင်ထျန်းယွမ်သည် အဆောက်အအုံအပျက်အစီးများကြားတွင် လဲလျောင်းနေကာ သူ၏ခန္ဓာကိုယ်၌ သွေးများစိုရွှဲနေသည်ကို လူအများက မြင်တွေ့လိုက်ရသည်။