အခန်း (၅၃၆၁-၅၃၆၅)
Vol. 271 Ch. 5361-5365
Chapter 5361
မျှော်စင်အတွင်းမှ စူးရှသော အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။
ဓားချီစွမ်းအားများ၏လွှမ်းမိုးမှုအောက်တွင် မျှော်စင်အတွင်း၌ ပုန်းအောင်းနေသော မရေမတွက်နိုင်သော သရဲတစ္ဆေဝိညာဥ်များသည် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ဤဓားနှစ်လက်တွင် တစ်လက်သည် ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ် မြတ်နိုးတန်ဖိုးထားသော ဓားဖြစ်ပြီး တခြားတစ်လက်သည် လူသားဧကရာဇ်၏အထိမ်းအမှတ်သင်္ကေတပင်။ မသေမျိုးအဆင့် မှော်လက်နက် အပိုင်းအစများဖြင့် ပြုပြင်ပြီးနောက် ထိုအရာများသည် အထွတ်အထိပ် အခြေအနေသို့ ပြန်လည်၍ရောက်ရှိနေလေပြီ။ ထိုမှော်လက်နက်များ၏အရှိန်အဝါသည် နက်နဲသိမ်မွေ့ပြီး တားဆီးမရနိုင်သော စွမ်းအားဖြင့် ရှေ့သို့တိုးဝင်သွားပေ၏။
"ငါ့မှာ အမြှောက်စာတွေ မရေမတွက်နိုင်အောင် ရှိတယ်... မင်း ငါ့ကို ထိခိုက်အောင် လုပ်နိုင်မှာမဟုတ်ဘူး..."
ရှေးဟောင်းငရဲနယ်မြေ၏မျှော်စင်သည် အနည်းငယ် တုန်ခါသွားပြီး အကန့်အသတ်မဲ့သော အနက်ရောင်အရိပ်များ အတွင်းမှ ထွက်ပေါ်လာသည်။
ထိုမျှော်စင်အတွင်း၌ မရေမတွက်နိုင်သော ယင်ဝိညာဉ်များနှင့် အငြိုးကြီးသရဲတစ္ဆေများ ပိတ်မိနေကြသည်။ နှစ်ပေါင်းသောင်းနှင့်ချီ ကြာမြင့်သည်အထိ သူတို့သည် ဤမှောင်မိုက်ပြီး နေရောင်မရသောနေရာတွင် ချုပ်နှောင်ခံထားရကာ ထွက်ပေါက်မရှာနိုင်ခဲ့ကြချေ။ ယခုအချိန်၌ မျှော်စင်တံခါးကြီး ရုတ်တရက် ပွင့်သွားလေပြီ။ ပြင်ပတွင် အန္တရာယ် ရှိကြောင်း သိရှိထားသည့်တိုင် ဤသရဲတစ္ဆေစိတ်ဝိညာဉ်များသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ပြေးထွက်လာကြ၏။
ဤမသေမျိုးအဆင့် မှော်လက်နက်နှစ်ခုသည် ထိုကဲ့သို့ အရာများကို မည်သည်ကြောင့် ဂရုစိုက်မည်နည်း။ ထိုဓားနှစ်လက်၏ဓားသွားများသည် ပြိုင်ဘက်ကင်းလောက်အောင် ထက်ရှပြီး လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖြတ်တောက်သွားသည်။
"မင်းတို့ လှုပ်ရှားဖို့ မလိုသေးဘူး..."
လုယွီသည် မသေမျိုးအဆင့် မှော်လက်နက်များကို တားဆီးလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏စိတ်ဆန္ဒကို ရှေးဟောင်းငရဲနယ်မြေ အတွင်းသို့ ပို့လွှတ်လိုက်ရာ အစွမ်းထက်သော စိတ်ဝိညာဉ်တစ်ခု ချက်ချင်းထွက်ပေါ်လာသည်။
"ကောင်စုတ်လေး... မင်းက ကောင်းကင်အုပ်စိုးသူ အရှင်သခင် ဖြစ်လာရုံနဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့... ငါက ကောင်းကင်အုပ်စိုးသူ အရှင်သခင်တွေ အများကြီးကို မြင်တွေ့ဖူးတယ်... ဒါပေမဲ့ သူတို့လည်း သရဲတစ္ဆေဧကရာဇ် ရဲ့ရှေ့မှာ ခေါင်းငုံ့ရတာပဲ..."
ရှေးဟောင်းငရဲနယ်မြေသည် ရှည်လျားစွာ အော်ငေါက်လိုက်ပြီး အစွမ်းထက်သော စိတ်ဝိညာဉ်တစ်ခု မျှော်စင်မှ ပွင့်အံ့ထွက်လာကာ ချက်ချင်းတိုက်ခိုက်လိုက်သည်။
ထိုစိတ်ဝိညာဉ်သည် ဝေဝါးသွားပြီး တဖြည်းဖြည်း အေးစက်သော မျက်နှာအမူအယာရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးအသွင်သို့ ပြောင်းလဲသွားသည်။ သူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လေထုထဲတွင် လျှောက်လှမ်းနေသည်။ သူသည် ရှေးဟောင်းငရဲနယ်မြေ၏စိတ်ဆန္ဒဖြင့် အတင်းအကြပ် ပြောင်းလဲဖန်တီးထားသော သရဲတစ္ဆေဧကရာဇ် ဖြစ်ပြီး လုယွီ၏စိတ်ထဲသို့ စေလွှတ်လိုက်ခြင်းပင်။
စိတ်ဝိညာဉ်ချင်းသက်သက် ထိပ်တိုက်တွေ့ဆုံမှု စတင်လေပြီ။
ဤသည်မှာ အန္တရာယ်အရှိဆုံး တိုက်ခိုက်မှုပုံစံပင်။ ရှုံးနိမ့်သော မည်သူမဆို သူ၏စိတ်ဝိညာဉ် ကြေမွှပျက်စီးသွားပြီး တခြားတစ်ဖက်၏ ရုပ်သေးရုပ် ဖြစ်လာပေလိမ့်မည်။
"သူတို့က သရဲတစ္ဆေဧကရာဇ်ကို အသိအမှတ်ပြုတာပါ... မင်းကို မဟုတ်ဘူး..."
လုယွီ၏မျက်လုံးများ အေးစက်တင်းမာနေပြီး သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ရှေးဟောင်းသရဲတစ္ဆေဧကရာဇ်တောင်မှ ကောင်းကင်ဘုံဥပဒေသတွေကို လိုက်နာပြီးတော့ သေမျိုးလောကရဲ့အရာတွေကို မထိပါးဘူး... မင်းလို သာမန်လက်နက်စိတ်ဝိညာဉ်လေးက တားမြစ်ချက်တွေကို ထိပါးပြီး ကိုယ့်သေလမ်းကိုယ် ရှာရဲတယ်ပေါ့..."
ဤသည်မှာ လုယွီ၏စိတ်နှလုံးသားထဲမှ တားမြစ်ချက်တစ်ခုပင်။
ရှေးဟောင်းခေတ်အချိန်ကာလတွင် ကောင်းကင်ဥပဒေသများသည် အင်မော်တယ်များကို ချည်နှောင်ထားသော်လည်း လက်ရှိအချိန်ကာလတွင် ထိုကဲ့သို့ ချည်နှောင်မှုများ မရှိတော့ချေ။
မသေမျိုးအဆင့် မှော်လက်နက်များသည် ရှေးဟောင်းခေတ်အချိန်ကာလမှ လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်မည်ဟု လုယွီက ယုံကြည်ထားသည်။ သို့ရာတွင် အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ မှော်လက်နက်အများစုသည် သူတို့၏လက်နက်စိတ်ဝိညာဉ်များ ပျောက်ကွယ်သွားခြင်း သို့မဟုတ် အသစ်စက်စက် လက်နက်စိတ်ဝိညာဉ်လေးများကိုသာ မွေးဖွားပေးခြင်းတို့သာ ပြုလုပ်နိုင်တော့သည်။
ရှေးဟောင်းငရဲနယ်မြေကဲ့သို့ ကောက်ကျစ်ပြီး အတွေ့အကြုံရှိသော ရှေးဟောင်းလက်နက်စိတ်ဝိညာဉ်တစ်ခုသည် အလွန် ရှားပါးပေ၏။
သတ်ဖြတ်ခြင်းကို နှစ်သက်ပြီး စည်းကမ်းမရှိသော ဤရှေးဟောင်းမွန်းစတားသာ လွတ်မြောက်သွားပါက နေရာအနှံ့အပြား၌ ပျက်စီးခြင်းများနှင့် ဝမ်းနည်းပူဆွေးမှုများကို သေချာပေါက် ဖြစ်ပေါ်စေလိမ့်မည်။
ဤအရာကို လုယွီ မမြင်ချင်ပေ။
"ငရဲကိုးထပ်... ထာဝရ ပျက်သုဉ်းခြင်း..."
ရှေးဟောင်းငရဲနယ်မြေက အော်ဟစ်လိုက်ရာ သူ၏အသံတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။
သူ၏အသိစိတ်ထဲရှိ သရဲတစ္ဆေဧကရာဇ်၏ပုံရိပ်ယောင်သည် သူ၏အနောက်တွင် အလင်းဘီးတစ်ခုကို ရုတ်တရက် ထုတ်ဖော်လိုက်သည်။ ထိုအလင်းဘီးကြီး၏လှည့်ပတ်မှုတိုင်းတွင် ချီးမွမ်းသံများနှင့်မန္တန်ရွတ်ဆိုသံများ ပဲ့တင်ထပ်နေပြီး ကြီးမားကျယ်ပြန့်ကာ အကန့်အသတ် မရှိချေ။ သရဲတစ္ဆေပုံရိပ်များသည် ပတ်ဝန်းကျင်တွင် ထူထပ်သိပ်သည်းစွာ ပေါ်လာပြီး စစ်မှန်သော နတ်ဘုရားများကို မော့ကြည့်နေသည့်အလား သရဲတစ္ဆေဧကရာဇ်၏ရှေ့တွင် ဒူးထောက်နေကြ၏။
ဤသည်မှာ ရှေးဟောင်းငရဲနယ်မြေက သရဲတစ္ဆေဧကရာဇ်၏ ဓမ္မပုံရိပ်ယောင်ကို သရုပ်သကန်ထင်ဟပ်စေဖြင်းပင်။ မြေအောက်လောက၏ အရှင်သခင်အနေဖြင့် သရဲတစ္ဆေဧကရာဇ်သည် မဟာမိုးကောင်းကင် ရွှေအင်မော်တယ်တစ်ပါးနှင့် ညီမျှသော တည်ရှိမှုကြီးဖြစ်ပြီး အလွန်မြင့်မားသော အဆင့်အတန်း ရှိသည်။
ထိုကဲ့သို့ အစွမ်းထက်သော တည်ရှိမှုတစ်ခုကို သရုပ်သကန်ထင်ဟပ်စေခြင်းကြောင့် ထိုစိတ်ဝိညာဉ်တိုက်ခိုက်မှု၏ပြင်းထန်မှုကို မှန်းဆကြည့်နိုင်သည်။
မျက်စိတစ်မှိတ်အတွင်မှာပင် အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်သည် လုယွီထံသို့ ပြေးဝင်လာပြီး ပတ်ဝန်းကျင်သည် ရက်စက်ကြမ်းတမ်းသော ငရဲနယ်မြေအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားသည်။
သို့ရာတွင် လုယွီသည် တည်ငြိမ်နေဆဲပင်။ သူ၏စိတ်ဝိညာဉ်သည် ပျံ့လွင့်သွားသော်လည်း သူသည် မည်သည့် အစွမ်းထက်တည်ရှိမှုကိုမျှ သရုပ်သကန်ထင်ဟပ်စေခြင်း မရှိချေ။ သူသည် သူ၏ကိုယ်ပိုင်စိတ်ဆန္ဒကိုသာ အခြေခံပြီး ဝိညာဉ်ချင်းထိပ်တိုက်တွေ့ဆုံမှုကို ရင်ဆိုင်လိုက်သည်။
"ရှေးဟောင်းခေတ်ကာလက အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေ အားလုံး သေကုန်ကြပြီ... လူသားဧကရာဇ်လို အစွမ်းထက်ပုဂ္ဂိုလ်တွေတောင် ထာဝရ မတည်မြဲနိုင်ခဲ့ဘူး... အတိတ်က တည်ရှိမှုကြီးတွေ ပျောက်ကွယ်သွားတာ အချိန်ကြာခဲ့ပြီ... အခု ဒါက ငါ့ရဲ့ကမ္ဘာကြီးပဲ..."
Chapter 5362
လုယွီ၏စိတ်ဆန္ဒသည် အလွန်ခိုင်မာပေ၏။ သူသည် သရဲတစ္ဆေဧကရာဇ်၏စိတ်ဝိညာဉ်နှင့် ထိပ်တိုက်တွေ့ဆုံရန်အတွက် သူ၏ကိုယ်ပိုင်စိတ်ဝိညာဉ်ကို အသုံးပြုရန် ရည်ရွယ်ထားသည်။
ဤသည်မှာ အလွန်အန္တရာယ်များသော လုပ်ရပ်တစ်ခုပင်။
အမှန်အားဖြင့် ကောင်းကင်ဘုံဧကရာဇ် လူသားဧကရာဇ် သို့မဟုတ် အမတ်ကြီးချွယ်ကဲ့သို့ ပုဂ္ဂိုလ်များကို ဆင့်ခေါ်ခြင်းဖြင့် သရဲတစ္ဆေဧကရာဇ်ကို တိုက်ရိုက်ယှဉ်ပြိုင်နိုင်သည်။ သို့ရာတွင် ဤကဲ့သို့ အစွမ်းထက်သော စိတ်ဝိညာဉ်ချင်း တိုက်ခိုက်နိုင်သည့် အခွင့်အရေးသည် အလွန်ရှားပါးလှ၏။
တခြားသူများကို ဆင့်ခေါ်ခြင်းဖြင့် သူသည် ယာယီအောင်ပွဲခံနိုင်လျှင်ပင် နောက်ပိုင်းတွင် အတိတ်က အစွမ်းထက်ပုဂ္ဂိုလ်များ၏လောင်းရိပ်အောက်မှ ရုန်းထွက်နိုင်တော့မည် မဟုတ်ချေ။
လုယွီသည် ကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်လှမ်းခဲ့စဉ်တွင် မရေမတွက်နိုင်သော အစွမ်းထက်ပုဂ္ဂိုလ်များ၏ အမွေအနှစ်များကို စုပ်ယူခဲ့သည်။ ပထမဆုံးမှာ သရဲတစ္ဆေဧကရာဇ် ဖြစ်ပြီးနောက် အမတ်ကြီးချွယ် ကောင်းကင်ဘုံဧကရာဇ်နှင့် လူသားဧကရာဇ်ကဲ့သို့ တခြားအစွမ်းထက်ပုဂ္ဂိုလ် အမြောက်အများလည်း ရှိခဲ့သည်။ သူသည် ဗုဒ္ဓဂိုဏ်း၏နည်းလမ်းများကိုပင် ကျင့်ကြံခဲ့ဖူးသည်။
သို့သော် လုယွီသည် ရှေးရိုးစွဲနည်းလမ်းတစ်ခုတည်းတွင် ကန့်သတ်မထားဘဲ သူသည် သူကိုယ်တိုင်ပိုင်ဆိုင်သော လမ်းကြောင်းတစ်ခုကို အမြဲတစေ လျှောက်လှမ်းချင်ခဲ့သည်။
လုယွီ၏ အတိတ်ဘဝသည် ခေတ်အဆက်ဆက် ပြိုင်ဘက်ကင်းသော ဧကရာဇ်ကျိုးထျန်းယင် ကဲ့သို့သော တည်ရှိမှုကြီးတစ်ခုပင်။
သို့သော် လုယွီသည် ထိုမှတ်ဉာဏ်များကို မလိုချင်ဘဲ သူ၏အတိတ်ဘဝနှင့် ရှင်းလင်းသော စည်းတစ်ခု ခြားထားရန် ဆန္ဒရှိသည်။ ဤဘဝနှင့်ဤကမ္ဘာတွင် သူသည် သူကိုယ်တိုင်သာ ဖြစ်ပေလိမ့်မည်။
"ငါ့ရဲ့စိတ်ဆန္ဒက အကန့်အသတ်မရှိ ကြီးမားကျယ်ပြန့်ပြီးတော့ နေနဲ့လကို ဝါးမျိုနိုင်စွမ်း ရှိတယ်..."
လုယွီက သူ၏စိတ်နှလုံးသားထဲတွင် တွေးလိုက်သည်နှင့် အကန့်အသတ်မရှိသော သူရဲကောင်း စိတ်ဆန္ဒတစ်ရပ်က သူ့ထံ၌ ရုတ်တရက် ထွက်ပေါ်လာသည်။
သူသည် ရှေးဟောင်းအလယ်ခေတ်မှ လက်ရှိခေတ်ကာလအထိ နှစ်ပေါင်းတစ်သောင်းတိတိ ဖြတ်သန်းပြီးနောက် သူ၏ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်လှမ်းနိုင်ခဲ့လေပြီ။ အစစ်အမှန်အင်မော်တယ် ဖြစ်လာမည့် လမ်းကြောင်းကို ပြန်လည်၍ ဆက်သွယ်ပေးပြီး ဖွင့်လှစ်ပေးနိုင်သူမှာ သူတစ်ယောက်တည်းသာ ရှိပေ၏။
စိတ်ဝိညာဥ်ချင်း ထိပ်တိုက်တွေ့ဆုံမှု စစ်မြေပြင်တွင် လုယွီ၏စိတ်ဝိညာဉ်သည် ကြီးမားသထက် ပို၍ကြီးမားလာပြီး တောက်ပလာကာ အလင်းနတ်ဘုရားတစ်ပါးအလား ပတ်ဝန်းကျင်နေရာနဝိုက်ကို လွှမ်းမိုးထားသည်။
သရဲတစ္ဆေဧကရာဇ်သည်လည်း ထပ်တူညီမျှ အစွမ်းထက်သော်လည်း လုယွီ၏ရှေ့တွင် သူသည် သေးငယ်သထက် ပို၍သေးငယ်လာပေ၏။
နတ်ဆိုးက တစ်ပေမြင့်လျှင် တာအိုက ဆယ်ပေမြင့်သည် မဟုတ်လော.....
အသက်ရှူချိန်အနည်းငယ် အတွင်းမှာပင် သရဲတစ္ဆေဧကရာဇ်၏ဓမ္မပုံရိပ်ယောင်သည် ခေါင်းတစ်လုံးစာ ပိုနိမ့်သွားသည်။
စိတ်ဝိညာဥ်ချင်း ထိပ်တိုက်တွေ့ဆုံမှုတွင် တစ်ဖက်၏စိတ်ဝိညာဉ်သည် တခြားတစ်ဖက်ထက် ခေါင်းတစ်လုံးစာ ပိုနိမ့်သွားပါက အရှိန်အဟုန်သည် ချက်ချင်းမလုံလောက်တော့ဘဲ အလွန်အန္တရာယ်ရှိနိုင်သည်။
နောက်ထပ်အချိန်တခဏတွင် သရဲတစ္ဆေဧကရာဇ်နှင့် လုယွီ၏စိတ်ဝိညာဉ်တို့သည် ပြင်းထန်စွာ တိုက်ခိုက်ကြတော့သည်။
သို့သော် ဤထိပ်တိုက်တွေ့ဆုံမှုအတွင်း၌ သူတို့နှစ်ဦးကြား ကွာခြားချက်ကို မြင်တွေ့နိုင်သည်။ သရဲတစ္ဆေဧကရာဇ်၏ ဓမ္မပုံရိပ်ယောင်သည် ကြေးမုံပြင်ထဲမှအရိပ် သို့မဟုတ် ရေထဲမှလမင်းကဲ့သို့ ချက်ချင်းအရည်ပျော်ပြီး ကြေမွှပျက်စီးသွားပေ၏။
"အား... မင်းရဲ့စိတ်ဝိညာဉ်က ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ အစွမ်းထက်နေတာလဲ..."
ရှေးဟောင်းငရဲနယ်မြေသည် သနားစဖွယ်ကောင်းသောအသံဖြင့် စူးရှစွာ အော်ဟစ်လိုက်ပြီး သူ့ထံတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ရှေးဟောင်းခေတ်အချိန်ကာလတွင် ကောင်းကင်အုပ်စိုးသူ အရှင်သခင်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်များကို သူ မမြင်ဖူးခဲ့ခြင်း မဟုတ်ချေ။ သို့ရာတွင် စိတ်ဝိညာဉ်စွမ်းအားနှင့် ပတ်သက်လာလျှင် လုယွီကဲ့သို့ လူမျိုးကို သူ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
ထိုတောက်ပသော ဓမ္မပုံရိပ်ယောင်သည် မိုးကောင်းကင်ယံမှ ပူပြင်းသော နေမင်းကြီးကဲ့သို့ ဖြစ်ပြီး လောကကြီးအတွင်းရှိ ယင်ဝိညာဉ်များနှင့်သရဲတစ္ဆေများအားလုံးကို အရည်ပျော်သွားစေနိုင်စွမ်း ရှိသည်။
လုယွီ၏ ယခုလက်ရှိ ကျင့်ကြံဆင့်ကို တခြားလူများ စိတ်ကူးယဥ်တွေးတောကြည့်၍ပင် မရနိုင်ချေ။
ရှေးဟောင်းကောင်းကင်ဘုံနန်းတော်တွင် ကောင်းကင်အုပ်စိုးသူ အရှင်သခင်များအတွက် ကိုယ်စားပြုသော ကမ္ပည်းပြားများ၌ လုယွီ၏ ကမ္ပည်းပြားသည် နံပါတ်တစ်နေရာတွင် ရှိနေသည်။
ဤသည်မှာ ကောင်းကင်နှင့်မြေပြင်ကြားရှိ မိုးကောင်းကင်တာအိုမှ လုယွီအပေါ် အသိအမှတ်ပြုမှုပင်။
ယွီဟွမ်တာထျန်းကျွင်း....
ဤသည်မှာ လုယွီ၏ လက်ရှိဘွဲ့အမည်နာမပင်။
လုယွီသည် မဟာမိုးကောင်းကင် ရွှေအင်မော်တယ်အဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်သည်နှင့် သူသည် ကောင်းကင်ဘုံဧကရာဇ်၏အမွေအနှစ်ကို မှီခိုပြီး နောက်တစ်ဆင့်တက်လှမ်းကာ "ကျောက်စိမ်းဧကရာဇ်" ဟု ခေါ်ဆိုနိုင်ပြီး အင်မော်တယ်များကြားတွင် အထွတ်အထိပ် ဖြစ်လာနိုင်သည်။
လုယွီသည် မဟာမိုးကောင်းကင်ရွှေအင်မော်တယ်အဆင့်ထိ မကျင့်ကြံရသေးသော်လည်း သူ၏အင်မော်တယ်စွမ်းအားသည် သာမန် ကောင်းကင်အုပ်စိုးသူ အရှင်သခင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များထက် ကျော်လွန်နေလေပြီ။
ရှေးဟောင်းငရဲနယ်မြေသည် ယခင်က ကောင်းကင်အုပ်စိုးသူ အရှင်သခင်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်တချို့ကို မြင်ဖူးသည်ဟု တွေးထင်ခဲ့သော်လည်း သူ၏စိတ်နှလုံးသားထဲရှိ မာနတရားကပင် သူ့ကို ပြင်းထန်စွာ ကျဆုံးစေခဲ့ခြင်း ဖြစ်သည်။
"ပျက်စီးစမ်း..."
လုယွီ၏စိတ်ဆန္ဒသည် အာရုံစူးစိုက်လိုက်ပြီး သူ၏သတ်ဖြတ်လိုစိတ်များအားလုံးကို ရှေးဟောင်းငရဲနယ်မြေအပေါ်တွင် လွှမ်းခြုံလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း ဤလက်နက်စိတ်ဝိညာဉ်သည် စူးရှစွာ အော်ဟစ်လိုက်ပြီး သူ၏ စိတ်ဆန္ဒသည် ပြိုကွဲသွားကာ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်ချင်းထိပ်တိုက်တွေ့ဆုံမှု စစ်မြေပြင်သည် ချက်ချင်းပြိုလဲပျက်စီးသွားပေ၏။
သူ၏စ်ိတ်ဆန္ဒများ တဖြည်းဖြည်း ပျက်စီးစပြုလာသည်ကို မြင်တွေ့ချိန်၌ ရှေးဟောင်းငရဲနယ်မြေသည် အံ့ကြိတ်လိုက်ပြီး တံတားရှည်တစ်စင်းကို အတင်းအကြပ်ဖန်တီးလိုက်သည်။
ထိုတံတားသည် လုယွီကို ရှေးဟောင်းငရဲနယ်မြေမှ ခွဲခြားထားလိုက်ပြီး အကွာအဝေးကို ချက်ချင်းဆွဲဆန့်လိုက်၏။
Chapter 5363
"ငါ ထွက်သွားပြီးရင်... ငါ့ရဲ့ အဆုံးမဲ့တဲ့ လက်စားချေမှုကို စောင့်နေလိုက်စမ်း..."
ရက်စက်ကြမ်းကြုတ်သော အသံတစ်သံက ရှေးဟောင်းငရဲနယ်မြေထံမှ ထွက်ပေါ်လာသည်။ သူသည် စိတ်ဝိညာဉ်တိုက်ပွဲတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီးနောက် သူ ပြန်လည်ကောင်းမွန်လာရန် အချိန်ကြာမြင့်စွာ ယူရပေလိမ့်မည်။
စိတ်ဝိညာဉ်တိုက်ပွဲများတွင် အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။
အကယ်၍ လူတစ်ယောက်ကသာ လုယွီကို တိုက်ခိုက်နေခြင်း ဖြစ်ပါက ထိုလူသည် ယခုအချိန်တွင် စိတ်ဝိညာဉ်ပျက်စီးမှုကို ခံစားရပြီး ဉာဏ်ရည်မမီသော အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။ ရှေးဟောင်းငရဲနယ်မြေသည် မသေမျိုးအဆင့် မှော်လက်နက်ဖြစ်ပြီး လက်နက်စိတ်ဝိညာဉ်သည် မယုံနိုင်လောက်အောင် အစွမ်းထက်သောကြောင့်သာ အတင်းအကြပ် တောင့်ခံနိုင်ခဲ့ခြင်းဖြစ်သည်။
လူသားဧကရာဇ်ဓားနှင့် ထိုက်အမ်းဓားတို့သည်တုန်ခါနေကာ လိုက်လံဖမ်းဆီးရန် ဟန်ပြင်လိုက်ကြသည်။ သို့ရာတွင် ထိုတံတားသည် လုယွီ၏ လမ်းကြောင်းကို ပိတ်ဆို့ထားရုံသာမက မသေမျိုးအဆင့် မှော်လက်နက်နှစ်ခု၏ လမ်းကြောင်းကိုလည်း ပိတ်ဆို့ထားပေ၏။
ထိုမှော်လက်နက်နှစ်ခု မည်မျှထိ လျှင်မြန်စွာ ပျံသန်းပါစေ ရှေးဟောင်းငရဲနယ်မြေနှင့် အကွာအဝေးတစ်ခုကို အမြဲတစေ ထိန်းသိမ်းထားသကဲ့သို့ သို့မဟုတ် ပို၍ပင် ဝေးကွာသွားသကဲ့သို့ ဖြစ်နေသည်။
ဤသည်မှာ နီးကပ်သည်ဟု ထင်ရသော်လည်း မျက်စိတစ်မှိတ်အတွင်း လုယွီနှင့်ရှေးဟောင်းငရဲနယ်မြေတို့သည် မတူညီသော လေဟာနယ်နှစ်ခုတွင် တည်ရှိနေသကဲ့သို့ ဖြစ်နေသည်။
"သခင်... ကျွန်တော် မှတ်မိပြီ ထင်တယ်... ဒါကလည်း မှော်လက်နက်တစ်ခုပဲ..."
သေခြင်းရှင်ခြင်း သံလိုက်အိမ်မြှောင်သည် အချိန်တခဏကြာမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ မူလခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားကာ သံလိုက်အိမ်မြှောင်ပေါ်ရှိ လက်တံသည် မရပ်မနား လည်ပတ်နေပေ၏။
လေထုထဲတွင် အလင်းစက်အနည်းငယ် ထွက်ပေါ်လာပြီး ကြယ်မြေပုံအလား တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသည်။
ဤကြယ်အမှတ်များအားလုံး ချိတ်ဆက်သွားပြီးနောက် ရှေ့သို့သွားမည့် လမ်းကို လမ်းညွှန်ပြသနေသည့် လမ်းကြောင်းပြမြေပုံတစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။ ထိုတံတားဖြင့် ချိတ်ဆက်ထားသော နေရာနှစ်ခုသည် ချက်ချင်းဆိုသလိုပင် တစ်ခုတည်းအဖြစ် ပြန်လည်၍ ပေါင်းစပ်သွားပေ၏။
"အရမ်းတော်တယ်..."
ထိုမြင်ကွင်းကို မြင်တွေ့ချိန်၌ လုယွီသည် မချီးကျူးဘဲ မနေနိုင်တော့ချေ။
ဤမသေမျိုးအဆင့် မှော်လက်နက်သည် လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်သည်။ လုယွီသည် ဤနည်းစနစ်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သောကြောင့် မည်သို့ ချိုးဖျက်ရမည်ကို အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့သည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် သေခြင်းရှင်ခြင်း သံလိုက်အိမ်မြှောင်သည် အသစ်မွေးဖွားလာသော လက်နက်စိတ်ဝိညာဉ် ဖြစ်သော်လည်း အတိတ်က မှတ်ဉာဏ်များ၏ တစ်စိတ်တစ်ပိုင်းကို တဖြည်းဖြည်း ပြန်လည်နိုးထလာခဲ့သည်။
နေရာနှစ်ခု ချိတ်ဆက်သွားသဖြင့် လုယွီသည် ရှေးဟောင်းငရဲနယ်မြေ၏ရှေ့သို့ ချက်ချင်း ရောက်ရှိသွားပြီး ချိတ်ပိတ်ခြင်းမှော်မန္တန်တစ်ခုကို အသုံးပြုကာ ထိုအရာကို သူ၏လက်ဖြင့် မြဲမြံစွာ ဆုပ်ကိုင်လိုက်သည်။
"အား... သောက်ကျိုးနည်း ကောင်စုတ်လေး... အဲ့ဒီတုန်းက ငါ မင်းကို ဖျက်ဆီးပစ်ခဲ့သင့်တာ..."
ရှေးဟောင်းငရဲနယ်မြေသည် လုံးလုံးလျားလျား ရူးသွပ်နေလေပြီ။
ကောက်ကျစ်သော ယုန်တစ်ကောင်တွင် တွင်းသုံးတွင်း ရှိတတ်သည်။ ဤသည်မှာ သူ ကြိုတင် ပြင်ဆင်ထားသော ထွက်ပြေးရန် လမ်းကြောင်းပင်။ သူ ထွက်ပြေးတော့မည့်ဆဲဆဲတွင် ယခင်က သူ အရေးမစိုက်ခဲ့သော သေခြင်းရှင်ခြင်း သံလိုက်အိမ်မြှောင်ကြောင့် သူ၏အကြံအစည်များ ပျက်စီးသွားခဲ့ရသည်။
ဤမသေမျိုးအဆင့် မှော်လက်နက်နှစ်ခုလုံးသည် သရဲတစ္ဆေဧကရာဇ်၏လက်နက်များဖြစ်သဖြင့် သေခြင်းရှင်ခြင်း သံလိုက်အိမ်မြှောင်သည် ရှေးဟောင်းငရဲနယ်မြေ၏ လျှို့ဝှက်ချက်များစွာကို သိရှိထားသည်။ ထိုအရာသည် အရေးကြီးသော အချိန်အခိုက်အတန့်တွင် ရှေးဟောင်းငရဲနယ်မြေကို အန္တရာယ်အတွင်းသို့ ကျရောက်သွားစေခဲ့သည်။
"ဒီလောကကြီးမှာ 'တကယ်လို့' ဆိုတာ မရှိဘူး... ရှည်လျားတဲ့ ရှေးခေတ်ကာလကို ဖြတ်သန်းပြီး အခုအချိန်ထိ အသက်ရှင်နိုင်ခဲ့တဲ့ မင်းရဲ့ စွမ်းရည်က လုံလောက်နေပြီ..."
လုယွီ၏မျက်မှာအမူအယာ အေးစက်တင်းမာနေသည်။ သူသည် ရှေ့သို့တက်လိုက်ပြီး သူ၏လက်ကို မြှောက်ကာ ရှေးဟောင်းငရဲနယ်မြေ၏ လက်နက်စိတ်ဝိညာဉ်ကို ဖျက်ဆီးလိုက်သည်။
မျှော်စင်သည် အနည်းငယ် တုန်ခါသွားပြီး အနက်ရောင်အလင်းတန်းများသည် တောက်ပစွာ ထွက်ပေါ်လာကာ ရှေးဟောင်းငရဲနယ်မြေသည် သူ၏နောက်ဆုံးမလိုလားမှုများကို ထုတ်လွှတ်ပြီး နောက်ဆုံးတွင် ပျက်သုဉ်းသွားပေ၏။
ရှေးဟောင်းခေတ်ကာလမှ လက်ဆင့်ကမ်းဆင်းသက်လာခဲ့ပြီး လျှို့ဝှက်ချက်များစွာ ပါဝင်သော ထိုကဲ့သို့ မသေမျိုးအဆင့် မှော်လက်နက်တစ်ခုသည် နောက်ဆုံးတွင် မာန်မာနကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။
မျှော်စင်ကို သူ၏လက်ထဲတွင် ဆုပ်ကိုင်လိုက်ပြီးနောက် လုယွီ၏စိတ်ဝိညာဉ်သည် ထိုအရာအတွင်းသို့ ချက်ချင်းဝင်ရောက်သွားသည်။
ကြီးမားကျယ်ပြန့်သော ဖိအားတစ်ရပ် ချက်ချင်းကျဆင်းလာသဖြင့် လုယွီသည် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။
ဤမသေမျိုးအဆင့် မှော်လက်နက်သည် သေခြင်းရှင်ခြင်း သံလိုက်အိမ်မြှောင်နှင့် မတူညီချေ။ ဤသည်မှာ သရဲတစ္ဆေဧကရာဇ်၏ အဓိကမှော်လက်နက် ဖြစ်ပြီး မယုံနိုင်လောက်အောင် အစွမ်းထက်သည်။
မျှော်စင်အတွင်း၌ မရေမတွက်နိုင်သော ယင်ဝိညာဉ်များနှင့် သရဲတစ္ဆေများလည်း ပုန်းအောင်းနေကြ၏။ သူတို့သည် ရှေးဟောင်းငရဲနယ်မြေအတွင်း၌ လှည့်လည်သွားလာနေပြီး ရံဖန်ရံခါ ညည်းညူသံများနှင့် ထူးဆန်းသော အော်ဟစ်သံများကို ထုတ်လွှတ်နေကြသည်။
ဤယင်ဝိညာဉ်များကို လစ်လျူရှုပြီး လုယွီသည် သူ၏အာရုံစိုက်မှုကို အကြွင်းအကျန်စိတ်ဝိညာဥ်များအပေါ်သို့ စူးစိုက်လိုက်သည်။
ထိုအရာများသည် ရှေးဟောင်းငရဲနယ်မြေ၏ လက်နက်စိတ်ဝိညာဉ်မှ ချန်ထားခဲ့သော အရာများပင်။
ဤလက်နက်စိတ်ဝိညာဉ်သည် အချိန်ကြာမြင့်စွာ လက်ဆင့်ကမ်းဆင့်သက်လာခဲ့ပြီး မွန်းစတားအိုကြီးအဆင့် တည်ရှိမှုကြီးတစ်ခု ဖြစ်နေလေပြီ။ သူ၏မှတ်ဉာဏ်အပိုင်းအစများသည် မယုံနိုင်လောက်အောင် ရှုပ်ထွေးပြီး တိမ်တိုက်ပင်လယ်တစ်ခုအလား လုယွီ၏စိတ်ထဲသို့ တပြိုင်နက်တည်း တိုးဝင်လာသည်။
ဘုန်း...
သူ၏မျက်စိရှေ့တွင် အကန့်အသတ်မရှိသော ယင်ငရဲနယ်မြေ ထွက်ပေါ်လာသည်။
လက်ရှိမြေအောက်လောကနှင့် မတူဘဲ ဤနေရာသည် မှောင်မိုက်နေသော်လည်း စည်းစနစ်ကျနသော အရိပ်အယောင်တစ်ရပ်ဖြင့် ပြည့်နှက်နေသည်။
သောင်းနှင့်ချီသော သရဲတစ္ဆေများသည် မှောင်မိုက်သော လမ်းမရှည်ကြီးပေါ်တွင် လျှောက်လှမ်းနေပြီး သရဲတမန်တော်များနှင့်အတူ စနစ်တကျ ရွေ့လျားနေကြသည်။ မမြင်ရသော နေရာတစ်နေရာတွင် သူတို့အားလုံးကို ချည်နှောင်ထားသော သံကြိုးတစ်မျိုး ရှိနေပေ၏။
Chapter 5364
နောက်ပိုင်းတွင် ရှေးဟောင်းနတ်ဆိုးများသည် ကောင်းကင်ဘုံအလွန်မှ ရောက်ရှိလာပြီး ထိုအကြောင်းအရင်းကြောင့် ငရဲနယ်မြေသည်လည်း ပျက်စီးသွားခဲ့သည်။
ရှေးဟောင်းငရဲနယ်မြေ၏ လက်နက်စိတ်ဝိညာဉ်သည် ဤအချိန်တွင် အသိစိတ် နိုးထလာခဲ့ပေ၏။ သူသည် ရှေးဟောင်းနတ်ဆိုးများ၏ ထိန်းချုပ်မှုမှ လွတ်မြောက်ရန် အခွင့်အရေး ယူခဲ့ပြီး ပုန်းအောင်းနေခဲ့ရာ နောက်ဆုံးတွင် လက်ရှိခေတ်ကာလအထိ အသက်ရှင်နိုင်ခဲ့သည်။
ရှေးဟောင်းငရဲနယ်မြေ ထွက်ပြေးစဉ်က အသုံးပြုရန် ရည်ရွယ်ခဲ့သော တံတားကို "နိုင်းဟယ်တံတား" ဟု ခေါ်သည်။
ဤသည်မှာ မုန့်ဖော်၏မှော်လက်နက်ပင်။
နိုင်းဟယ်တံတားသည် အချိန်နှင့်လေဟာနယ် ဥပဒေသများနှင့် ပြန်လည်ဝင်စားခြင်း ဥပဒေသများကို ပိုင်ဆိုင်သော အထွတ်အထိပ် မှော်ရတနာတစ်ခုပင်။ ရှေးဟောင်းခေတ်ကာလတွင် လူများသည် သေဆုံးပြီးနောက် ပြန်လည်ဝင်စားခြင်းကို ရှာဖွေရန် နိုင်းဟယ်တံတားကို ဖြတ်ကူးကြရသည်။
ကံမကောင်းစွာဖြင့် နိုင်းဟယ်တံတားသည် ရှေးဟောင်းငရဲနယ်မြေ၏ ပိုင်ဆိုင်မှုတွင် မရှိပေ။ သူ ထုတ်ဖော်အသုံးပြုလိုက်သော အရာသည် ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်ပြီး လေဟာနယ်ဥပဒေသများကိုသာ ပိုင်ဆိုင်ထားသည်။
"နိုင်းဟယ်တံတားကို ဘယ်နေရာမှာမှ မတွေ့ရဘူး... ဒါပေမဲ့ ကြည့်ရတာတော့ ဒီမုန့်ဖော်က အဲဒီတုန်းက မြေအောက်လောကမှာ ထူးခြားတဲ့ ရာထူးတစ်ခု ရယူထားပုံရတယ်..."
လုယွီက ရေရွတ်လိုက်ပြီး တခြားမှတ်ဉာဏ်အပိုင်းအစတစ်ခုကို ထပ်မံ၍ ကြည့်ရှုလိုက်သည်။
ဤသည်မှာ ရှေးဟောင်းငရဲနယ်မြေက ရှောင်မိသားစုကို မည်သို့ လှည့်စားခဲ့သည်ဆိုသော အကြောင်းအရာပင်။
ထိုအရာသည် လတ်တလောမှတ်ဉာဏ်များ ဖြစ်သောကြောင့် ဤမှတ်ဉာဏ်အပိုင်းအစသည် အထူးတလည် ထင်ရှားနေပေ၏။
ထိုအကြောင်းအရာကို ကြည့်ရှုပြီးနောက် လုယွီက မျက်မှောင်ကြုတ်လိုက်ပြီး အကန့်အသတ်မရှိသော ဒေါသများ သူ၏စိတ်အတွင်း၌ ရုတ်တရက် မြင့်တက်လာသည်။
"ရှောင်မိသားစု... မင်းတို့ သေသင့်တယ်..."
လုယွီ၏မျက်လုံးများ အနီရောင်သို့ ပြောင်းလဲသွားသည်။
သူသည် ရုတ်တရက် အနောက်ဘက်တောင်ထဲသို့ ပြေးဝင်သွားပြီး မိုးကြိုးပစ်ခတ်သကဲ့သို့ လျှင်မြန်ပြင်းထန်သော လက်သီးတစ်ချက်ကို ထိုးနှက်လိုက်သည်။
အစွမ်းထက်သော စွမ်းအားတစ်ရပ် ရုတ်တရက် ပွင့်အံ့ထွက်လာသည်။ ကြောက်မက်ဖွယ် စွမ်းအားတစ်ရပ်သည် ရှေ့သို့တိုးဝင်သွားပြီး လုယွီ၏ရှေ့ရှိ ကျောက်တုံးများကို ကြေမွှပျက်စီးသွားစေသည်။
ကျိုးပဲ့သွားသော တောင်စောင်းသည် တုန်ခါသံကြီးနှင့်အတူ ပြိုကျသွားပြီး နက်ရှိုင်းသော လှိုဏ်ဂူတစ်ဂူက လုယွီ၏ရှေ့တွင် ထွက်ပေါ်လာသည်။
ထိုနေရာတွင် မိန်းကလေးတစ်ယောက်၏ အားနည်းသော ခန္ဓာကိုယ်ကို သံကြိုးအမြောက်အများဖြင့် ချည်နှောင်ထားသည်။ သူမ၏ ရှည်လျားသော ဆံပင်များသည် ပြန့်ကျဲနေပြီး သူမ၏ပိန်လှီသော မျက်နှာကို ဖုံးအုပ်ထားသည်။ သူမသည် ရှောင်မိသားစု၏ ဒုတိယသခင်မလေး ရှောင်လင်းအာပင်။
ရှေးဟောင်းငရဲနယ်မြေ၏ မှတ်ဉာဏ်ထဲတွင် သူ ရှောင်မိသားစုကို မည်သို့ ထိန်းချုပ်ခဲ့သည်အား လုယွီ မြင်တွေ့ခဲ့ရသည်။
ရှေးဟောင်းငရဲနယ်မြေသည် အပြစ်များ နက်ရှိုင်းစွာ ရှိနေပြီး အပြင်ထွက်ပါက မိုးကောင်းကင်တာအို၏အပြစ်ပေးမှုကို လွယ်လင့်တကူ ခံစားရနိုင်သဖြင့် သူသည် သူ့ကိုယ်သူ ထားရှိရန် သင့်လျော်သော "အခွံ"တစ်ခုကို ရွေးချယ်ခဲ့သည်။
ဤ "အခွံ"မှာ ရှောင်လင်းအာပင်။
လုယွီ ရှောင်မိသားစုသို့ ပထမဆုံး ရောက်ရှိစဉ်က ဤအပြစ်ကင်းပြီး ရွှင်လန်းသော မိန်းကလေးသည် သူ့အပေါ် နက်ရှိုင်းသော လေးစားမှုကို ထားရစ်ခဲ့သည်။
စကားပြောထက်မြက်ပြီး ယုတ်မာသော ရှောင်ချင်းနှင့် မတူဘဲ သူမ၏ညီမဖြစ်သူ ရှောင်လင်းအာသည် ပို၍အသိဉာဏ်ရှိပြီး နူးညံ့သိမ်မွေ့ပုံရသည်။
ရှောင်မိသားစုတစ်စုလုံးတွင် လုယွီနှင့် ရန်သူမဖြစ်ခဲ့သည့် တစ်ဦးတည်းသောလူမှာ သူ၏ရှေ့ရှိ ရှောင်လင်းအာသာဖြစ်သည်ဟု ပြောနိုင်သည်။
သို့သော် ထိုမိန်းကလေးသည် ရှေးဟောင်းငရဲနယ်မြေ၏ ရက်စက်စွာ နှိပ်စက်မှုကို ခံခဲ့ရသည်။ မသေမျိုးအဆင့် မှော်လက်နက်၏ ပူးကပ်ခြင်း ပြီးဆုံးသွားသည့် အချိန်အခိုက်အတန့်တွင် ထိုနူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သော မိန်းကလေးသည် အသက်မရှိတော့ချေ။
သူမ၏ရုပ်အလောင်းပင်လျှင် အနားယူနိုင်ခြင်း မရှိဘဲ ဤနက်ရှိုင်းသော တောင်တန်းထဲတွင် ချုပ်နှောင်ထားခြင်းခံရကာ နေရောင်ခြည်ကို နောက်ထပ်တစ်ကြိမ် ပြန်မမြင်နိုင်တော့ချေ။
ထိုရက်စက်ယုတ်မာသော လုပ်ရပ်ကို ပြုလုပ်ခဲ့သူများမှာ သူမ၏အချစ်ဆုံး ဖခင်နှင့် အစ်မတို့သာ ဖြစ်ကြသည်။
လုယွီသည် သံကြိုးများကို ချိုးဖျက်ပြီး မိန်းကလေး၏အလောင်းကို ပွေ့ချီကာ သယ်ထုတ်လာခဲ့သည်။
အပြင်ဘက်တွင် ရှောင်မိသားစုဝင်များသည် ထွက်ပြေးရန် ပြင်ဆင်နေကြသော်လည်း ကြိုတင်၍ ရောက်ရှိနေသော မဟာချင် တော်ဝင်အစောင့်တပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ပြန်လည် ခေါ်ဆောင်လာခြင်း ခံခဲ့ရသည်။
"အရှင်ဧကရာဇ်... ကျွန်တော်တို့ မှားမှန်း သိပါပြီ... ကျွန်တော်တို့ရဲ့အမှားတွေကို ဝန်ခံပါတယ်... ရှောင်မိသားစုက မဟာချင်အင်ပါယာကို အညံ့ခံပါ့မယ်..."
အသက်ရှင်ကျန်ရစ်သော အကြီးအကဲများနှင့် မိသားစုဝင်များသည် ကြောက်လန့်နေကြပြီး သနားညှာတာပေးရန် ထပ်ခါတလဲလဲ တောင်းပန်နေကြသည်။
လက်ရှိနေရာတွင် ရှောင်မိသားစုဝင်များ သောင်းနှင့်ချီ၍ ရှိနေသည်။
နှစ်ပေါင်းများစွာ မျိုးဆက်များပြန့်ပွားကာ ကြီးထွားလာပြီးနောက် ရှောင်မိသားစု၏မိသားစုခွဲများအားလုံး ပေါင်းစပ်လိုက်ချိန်၌ ကြီးမားသော အင်အားစုကြီးတစ်ခု ဖြစ်လာခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
"ဥပဒေက လူတိုင်းကို အပြစ်မပေးနိုင်ပါဘူး... သူက ငါတို့ကို အခက်တွေ့အောင် လုပ်မှာ မဟုတ်ဘူး..."
လူတချို့သည် မျှော်လင့်ချက်အနည်းငယ်ဖြင့် တီးတိုးရေရွတ်လိုက်ကြသည်။
ရုတ်ချည်းဆိုသလိုပင် သူတို့သည် လုယွီ၏ ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။
ရှောင်လင်းအာ၏ခန္ဓာကိုယ်သည် သွေးများဖြင့် စိုရွှဲနေပြီး သူမသည် ငယ်စဉ်က အနှီးဖြင့် ထုပ်ပိုးခံရသည့်အလား လုယွီ၏ရင်ခွင်ထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေသည်။
လူများအားလုံး တိတ်ဆိတ်သွားကြသည်။ လူအများစု၏မျက်နှာများ ဖြူဖျော့သွားကြပြီး သူတို့ ပြုလုပ်ခဲ့သော အတိတ်က အမှားများ ရုတ်တရက် ဖွင့်ချခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။
"လူတွေ မတရားတာ လုပ်ရင်... ကောင်းကင်ဘုံက သေချာပေါက် အပြစ်ပေးလိမ့်မယ်..."
လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး ဂရုမစိုက်သောလေသံဖြင့် ပြောဆိုသည်။
"မင်းတို့ ပြန်ပေးဆပ်ရမယ်..."
Chapter 5365
လုယွီသည် ပြင်းထန်သော တိုက်ပွဲတစ်ပွဲကို ဖြတ်သန်းခဲ့ရုံသာ ရှိသေးသဖြင့် သူ၏သတ်ဖြတ်လိုစိတ်ကို ထိန်းချုပ်၍ မရသေးပေ။ ဤစိတ်ဆန္ဒသည် နှစ်ပေါင်းသောင်းနှင့်ချီ၍ ပြောင်းလဲခြင်း မရှိသော ရေခဲတုံးကဲ့သို့ အေးစိမ့်နေပြီး လူအများကို ကြောက်ရွံ့မှုကြောင့် တုန်ရီသွားစေသည်။
ရှောင်မိသားစုဝင်များအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
လုယွီသည် သူတို့နှင့်နောက်ပြောင်နေခြင်း မဟုတ်ကြောင်း သူတို့ ရုတ်တရက် နားလည်သဘောပေါက်လိုက်ကြသည်။
လုယွီ ထီးနန်းတက်လာစဥ်ကတည်းက သူ လုပ်သမျှ အရာအားလုံးသည် တစ်ဖက်လူ၏ နောက်ခံကို ထည့်မတွက်ဘဲ လျင်မြန်ပြတ်သားခဲ့သည်။
ဤသည်မှာ အလောင်းကောင်များ ပြည့်နေသော သွေးပင်လယ်ထဲမှ အမှန်တကယ် ထွက်ပေါ်လာသော ဧကရာဇ်တစ်ပါးဖြစ်ပြီး သံမဏိကဲ့သို့ ခိုင်မာသော စိတ်ဆန္ဒကို ပိုင်ဆိုင်ထားကာ တခြားအရာများကို လုံးလုံးလျားလျား လျစ်လျူရှုထားလေ၏။
"အရှင်ဧကရာဇ်... ကျွန်တော်တို့က ဒီကိစ္စကို မသိပါဘူး... အရာအားလုံးကို ဘိုးဘေးနဲ့ မိသားစုခေါင်းဆောင်က ဆုံးဖြတ်ခဲ့တာပါ..."
"ဟုတ်ပါတယ်... ကျွန်တော်တို့လည်း သားကောင်တွေပါပဲ... ဒုတိယသခင်မလေးအပေါ် ဒီလိုမျိုး ဖြစ်ပျက်တာကို ကျွန်တော်တို့လည်း မမြင်ချင်ခဲ့ပါဘူး..."
ရှောင်မိသားစုမှ အကြီးအကဲအမြောက်အများသည် သူတို့ကိုယ်သူတို့ ကာကွယ်၍ ပြောဆိုလိုက်ကြသည်။ ထိုစကားများကိုကြားချိန်၌ တခြားရှောင်မိသားစုဝင်များလည်း သူတို့၏ စကားများကို ထောက်ခံပြောဆိုကြသည်။
"ငါက အဲ့ဒီလောက်ထိ အရူးလုပ်လို့ လွယ်မယ်လို့ မင်းတို့က ထင်နေကြတာလား..."
လုယွီ၏မျက်လုံးများသည် အေးစက်တင်းမာနေပြီး ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ ကြည့်လိုက်၏။
ဤရှောင်မိသားစုဝင်များသည် သရဲတစ္ဆေဝိညာဥ်များနှင့် အနည်းနှင့်အများ ဆက်စပ်မှု ရှိကြောင်း သူ မြင်တွေ့ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ရှောင်လင်းအာသည် ရှေးဟောင်းငရဲနယ်မြေ၏ ပူးကပ်ခြင်းကို ခံခဲ့ရပြီး သူ၏ ရုပ်သေးရုပ် ဖြစ်လာခဲ့သည်။ ဤကိစ္စကို မည်သူတစ်ဦးတစ်ယောက်မျှ မသိသည်မှာ မဖြစ်နိုင်ချေ။
လူအများစုသည် ဤကိစ္စကို ထုတ်မပြောလိုကြခြင်းသာဖြစ်သည်။
အကျိုးအမြတ်တစ်ခုက လူအများစု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့်အချိန်၌ လူတစ်ဦးတစ်ယောက်၏ စွန့်လွှတ်အနစ်နာခံမှုသည် အရေးမပါတော့ချေ။
လောဘ ယုတ်မာမှု ကိုယ်ကျိုးဆန်သော ဆန္ဒများ... ထိုအရာအားလုံးသည် ဟန်ဆောင်ကောင်းသော မျက်နှာများအောက်တွင် ပုန်းအောင်းနေကြပြီး လူအများကို ပျို့အန်ချင်စိတ် ဖြစ်စေသည်။
"ရှောင်ထျန်းယွမ်နဲ့ ရှောင်ချွမ် သေသွားပြီဆိုတော့... ဒီအကြွေးကို မင်းတို့ ပြန်ဆပ်ရမယ်..."
လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ပတ်ဝန်းကျင်ရှိ မဟာချင် တော်ဝင်အစောင့်တပ်ဖွဲ့သည် ကျားများနှင့်ဝံပုလွေများကဲ့သို့ ပြေးဝင်သွားပြီး ရှောင်မိသားစုဝင်များအားလုံးကို ချုပ်နှောင်လိုက်ကြသည်။
"ဒါ မကောင်းတော့ဘူး...သူက တကယ်ကြီး ငါတို့ကို ဖမ်းချုပ်တော့မယ်..."
"တိုက်ခိုက်ပြီး ထွက်ပြေးကြတော့... မဟာချင်အင်ပါယာကနေ ထွက်ပြေးကြရအောင်..."
လက်ရှိနေရာတွင် ရှိနေကြသော ရှောင်မိသားစုဝင်များသည် အန္တရာယ်နှင့် ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း ချက်ချင်းနားလည်သဘောပေါက်လိုက်ကြသည်။
သူတို့၏ခန္ဓာကိုယ်များမှ အေးစက်သော ငရဲချီစွမ်းအင်များကို ထုတ်လွှတ်လိုက်ပြီး သူတို့သည် သရဲတစ္ဆေဝိညာဉ်များကို ချက်ချင်းပူးကပ်စေကာ ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြ၏။
လုယွီက ထိုအရာအားလုံးကို မြင်တွေ့လိုက်ရသည်နှင့် ခြေတစ်လှမ်း ရှေ့တိုးလိုက်ပြီး ခက်ထန်တင်းမာစွာ အော်ဟစ်လိုက်သည်။
"သရဲတစ္ဆေဝိညာဉ်တွေကို ပူးကပ်ခိုင်းရဲတဲ့ ဘယ်သူမဆို သေရမယ်..."
ကောင်းကင်ကိုးထပ်မှ အင်မော်တယ်များထက် ကျော်လွန်သော အထွတ်အထိပ် အရှိန်အဝါတစ်ရပ်သည် ရှောင်မိသားစုဝင်များ၏ခေါင်းပေါ်သို့ ရုတ်တရက် ကျရောက်လာသည်။ သူတို့ကို ပူးကပ်ရန် အသင့်ဖြစ်နေသော သရဲတစ္ဆေဝိညာဥ်များသည် အော်ဟစ်သံများနှင့်အတူ အနက်ရောင်မီးခိုးငွေ့များအဖြစ်သို့ ပြောင်းလဲသွားပြီး တစ်ကောင်ပြီးတစ်ကောင် ထွက်ခွာသွားကြ၏။
ဤသရဲတစ္ဆေဝိညာဥ်များသည် သဘာဝရန်သူနှင့် ရင်ဆိုင်ကြုံတွေ့လိုက်ရသည့်အလားပင်။
လုယွီ ထုတ်လွှတ်လိုက်သော ဖိနှိပ်ချုပ်ကိုင်နိုင်မှု အရှိန်အဝါသည် သူတို့ကို ကြောက်ရွံ့သွားစေသည်။ တစ်စုံတစ်ယောက်ကို ပူးကပ်ရန် မဆိုထားနှင့် သူတို့သည် ဤနေရာတွင် နောက်ထပ်အချိန်တခဏမျှပင် မနေချင်ကြတော့ချေ။
ဤသရဲတစ္ဆေဝိညာဉ်များ ဖယ်ခွာသွားသည်နှင့်အမျှ မရေမတွက်နိုင်သော ရှောင်မိသားစုဝင်များသည် မကြုံစဖူးအားနည်းမှုကို ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
ဤသည်မှာ သရဲတစ္ဆေဝိညာဉ်များကို ပူးကပ်စေခြင်း၏ဆိုးကျိုးပင်။
သူတို့၏စွမ်းအားများအားလုံးသည် သူတို့ကို ပူးကပ်နေသော သရဲတစ္ဆေဝိညာဉ်များထံမှ လာခြင်းဖြစ်သည်။ ယခုချိန်၌ ဤသရဲတစ္ဆေဝိညာဉ်များ ဖယ်ခွာသွားသဖြင့် သူတို့သည် စွမ်းအားအရင်းအမြစ်ကို ဆုံးရှုံးသွားကြပြီး သူတို့၏ လက်ရှိစွမ်းအားသည် ယခင်ကထက်ပင် များစွာ လျော့နည်းသွားပေ၏။
"မဖြစ်ဘူး... ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်နိုင်မှာလဲ... ငါတို့ ပိုင်ဆိုင်ထားတဲ့ စွမ်းအားက ရှေးဟောင်းခေတ်ကာလရဲ့ ရှေးဟောင်းအမွေအနှစ်ကနေ ရတာလေ..."
လူအများစုသည် ဤရလဒ်ကို လက်မခံလိုကြဘဲ နားကွဲလုမတတ် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
အတိတ်တွင် ရှေးဟောင်းငရဲနယ်မြေသည် ရှောင်မိသားစုတွင် ထွက်ပေါ်လာချိန်၌ ၎င်းက ရှောင်မိသားစုကို သူ၏မူရင်းဇစ်မြစ်အကြောင်း သူကိုယ်တိုင် ပြောပြခဲ့သည်။
ရှေးခေတ်ကာလမှ လက်ဆင့်ကမ်းလာသော ရှေးဟောင်းတည်ရှိမှုတစ်ခုသည် ရှောင်မိသားစုမှ လူအများစု၏ယုံကြည်မှုကို ရရှိခဲ့ပြီး ရှောင်မိသားစုဝင် အမြောက်အများက ဒဏ္ဍာရီတစ်ခုအဖြစ်ပင် သတ်မှတ်ခဲ့ကြသည်။
ယခုအချိန်၌ ထိုဒဏ္ဍာရီသည် ပျက်စီးသွားခဲ့လေပြီ။
သူတို့သည် လုယွီ၏ပြိုင်ဘက်ကင်း အရှိန်အဝါကို မြင်တွေ့လိုက်ရသည်။
"အရှင်ဧကရာဇ်... ကျွန်တော်တို့ မှားမှန်း သိပါပြီ... ကျွန်တော်တို့ ရှောင်မိသားစုက ပိုင်ဆိုင်မှုတွေအားလုံးကို ထုတ်ပေးပြီးတော့ အရှင်ဧကရာဇ်ကို ဆက်သပါ့မယ်..."
ဤအခြေအနေသို့ ရောက်လာချိန်တွင် ရှောင်မိသားစု အကြီးအကဲများသည် နောက်ဆုံးတွင် ထိတ်လန့်သွားပြီး လုယွီကို သနားညှာတာပေးရန် စတင်၍ တောင်းပန်လိုက်ကြသည်။
မည်သို့ပင်ဆိုစေကာမူ စည်းစိမ်ဥစ္စာနှင့်အခွင့်အာဏာများအားလုံးသည် သူတို့၏အသက်လောက် အရေးမကြီးချေ။
Thank For Reading.