အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
အခန်း။ ၅၉
[ကိုယ်စားလှယ် လှည့်ကွက်: မိမိထံသို့ ကျရောက်လာမည့် သေစေနိုင်သော တိုက်ခိုက်မှုများကို စက္ကူရုပ်ထံသို့ လွှဲပြောင်းပေးခြင်းဖြင့် အသက်ဘေးမှ ကင်းလွတ်စေနိုင်သည်]
[မျက်ဝန်းနက် ရတနာစွမ်းရည်: ရန်သူ၏ တိုက်ခိုက်မှု အလေ့အထနှင့် လှုပ်ရှားမှုလမ်းကြောင်းများကို ကြိုတင်ဖောက်ထွင်းမြင်နိုင်သဖြင့် ရန်သူ၏ အားနည်းချက်ကို အငိုက်ဖမ်း၍ တိုက်ခိုက်နိုင်သည်]
[ဖိအားအတု ဖန်တီးခြင်း: မိမိမြင်ဖူးသမျှသော အစွမ်းထက် သတ္တဝါတို့၏ ကြောက်မက်ဖွယ် အငွေ့အသက်နှင့် ဖိအားပေးနိုင်စွမ်းတို့ကို ပုံတူကူးယူ၍ ပြန်လည်ထုတ်လွှတ်နိုင်သည်]
တတိယအဆင့်သို့ ရောက်ရှိသွားသော ထူးခြားစွမ်းရည်များကို ကြည့်ရင်း ရွှီရန်မှာ အတိုင်းအထက်အလွန် ကျေနပ်နေတော့သည်။
မိမိကိုယ်ကိုယ် စည်းကမ်းရှိခြင်းသည် အမျိုးသားတစ်ဦးအတွက် အကောင်းဆုံးသော အလှပြင်ဆေးပင်။
အမျိုးသမီးတစ်ဦးက မင်းကို သစ္စာဖောက်နိုင်သော်လည်း စည်းကမ်းရှိမှုကမူ မင်းကို မည်သည့်အခါမျှ စိတ်ပျက်စေမည်မဟုတ်ပေ။
မွေးဖွားချိန်မှ ယခု အသက် ၆ နှစ်နှင့် ၅ လအထိ သူ၏ ချီစွမ်းအင်တန်ဖိုးမှာ ထိတ်လန့်ဖွယ်ကောင်းသော ၁၉,၄၂၄ မှတ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဤတန်ဖိုးမှာ ပါရမီရှင်ဆိုသည့် စကားလုံးထက်ပင် ကျော်လွန်နေပြီဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်၏ အလင်းရောင်ဟု တင်စားခံရသော အာဒမ်ပင်လျှင် အသက် ၆ နှစ်အရွယ်၌ ၃,၅၀၀ မှတ်သာ ရှိခဲ့သောကြောင့်ဖြစ်သည်။
ရွှီရန်တန်ဖိုး၏ ငါးပုံတစ်ပုံတောင် မရှိပေ။ အာဒမ်က လူသားမျိုးနွယ်၏ အလင်းရောင်ဆိုလျှင် ရွှီရန်မှာ နတ်ဘုရားငယ်တစ်ပါးပင် ဖြစ်နေ၏။
သို့သော် ရွှီရန်အင်အားကို ချီစွမ်းအင်တန်ဖိုးတစ်ခုတည်းဖြင့် တိုင်းတာမည်ဆိုလျှင် ရေခဲတောင်၏ အဖျားပိုင်းကိုသာ မြင်ရခြင်းဖြစ်လိမ့်မည်။ သူ၏ တကယ့်အစွမ်းမှာ ကိုယ်
ရောင်ဖျောက်ခြင်း၊ နှလုံးခုန်သံနှင့် အငွေ့အသက်ကို ဖျောက်ပုန်းခြင်း၊ ဖိအားတုဖန်တီးခြင်း၊ စက္ကူဝိညာဉ်ဖြင့် ချည်နှောင်ခြင်းနှင့် လက်နက်ပစ်လွှတ်ခြင်း စသည့် ပညာရပ်အားလုံးကို ပေါင်းစပ်အသုံးချနိုင်စွမ်းပင်။
ဤပညာရပ်များအားလုံးကို ပေါင်းစပ်လိုက်လျှင် ချီစွမ်းအင်တန်ဖိုး ၃၀,၀၀၀ ရှိသော ကျွမ်းကျင်သူတစ်ဦးကိုပင် စိုက်ထုတ်စရာမလိုဘဲ လုပ်ကြံသတ်ဖြတ်နိုင်ပေသည်။
"ဟက်... အခုတော့ ငါ့ရဲ့ စိုးရိမ်စိတ်တွေ ၉၈ ရာခိုင်နှုန်းလောက် ပျောက်ကွယ်သွားပြီ"
ရွှီရန်သည် စိတ်လက်ပေါ့ပါးလန်းဆန်းစွာဖြင့် အကြောဆန့်လိုက်ပြီး အိပ်စက်အနားယူခဲ့သည်။
အိပ်မက်ကမ္ဘာသည် အေးချမ်းလှသည်။ တစ်ခါမျှ အိပ်မက်မမက်ဖူးသော ရွှီရန်သည် ယခုမူ အိပ်မက်တစ်ခုကို စတင်မြင်မက်နေ၏။
သူ၏ အမြင်အာရုံမှာ ဝေဟင်ထက်တွင် လွင့်မျောနေပြီး အောက်ဘက်တွင်မူ ရင်းနှီးလှသော အာဇာနည်မိသားစုများ၏ လူနေတိုက်တန်းကြီးကို မြင်နေရသည်။ အမြဲတမ်း အေးချမ်းလှသော ထိုနေရာသည် ယခုမူ စူးရှသော အချက်ပေးသံများနှင့်အတူ တုန်ခါနေပြီး မြို့သူမြို့သားများမှာ ကလေးများကို ချီပိုးကာ ရုန်းရင်းဆန်ခတ် ထွက်ပြေးနေကြသည်။
"လူတွေကို အမြန်ရွှေ့ပေးကြ လူတွေကို အမြန်ရွှေ့"
"အနက်ရောင် မြူခိုးတွေ အဲဒါတွေကို အမြန်ရှင်းထုတ် တခြားနေရာကို မပြန့်စေနဲ့"
"ဘာရပ်ကြည့်နေတာလဲ အမြန်ပြေးတော့လေ"
ကျင့်ကြံသူတစ်ဦးက ပြတ်သားစွာ အမိန့်ပေးနေသည်။
"ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် ဆရာ"
ကောင်လေးတစ်ဦးက ခေါင်းညိတ်ပြလျက် ဝှီးချဲတစ်ခုကို အတင်းတွန်းကာ ပြေးထွက်လာသည်။ ဝှီးချဲပေါ်တွင် မကျန်းမမာဖြစ်နေသော မိန်းကလေးတစ်ဦးမှာ လက်ရန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူမ၏ ဖြူဖျော့ဖျော့ ဆံပင်တိုလေးများမှာ လေထဲတွင် လွင့်ပျံနေသည်။
ဝေဟင်ထက်မှ ရွှီရန် မျက်မှောင်ကြုတ်လိုက်မိသည်။
ဒီကောင်လေးရဲ့ အသွင်အပြင်က ငါနဲ့ တစ်ပုံစံတည်းပါလား။
ပြီးတော့ ဝှီးချဲပေါ်က မိန်းကလေးကလည်း လျူလီနဲ့ ၈၀ ရာခိုင်နှုန်းလောက် တူနေတယ်။ ဒါပေမဲ့ သူက အားနည်းဖြူဖျော့နေပြီး ဝှီးချဲပေါ်မှာ ထိုင်နေရတယ်။ ရောဂါတစ်ခုခု ခံစားနေရသလိုပဲ... အဲဒီလိုဖြစ်နေတာတောင် သူမက အရမ်းကို အကောင်းမြင်တတ်ပြီး မျက်နှာလေးက ပြုံးရွှင်နေတုန်းပဲ။
အကြောင်းရင်းမရှိဘဲ ထိုမိန်းကလေးကို မြင်လိုက်ရုံဖြင့် ရွှီရန်နှလုံးသားမှာ ထိန်းမနိုင်သိမ်းမရ နာကျင်သွားရသည်။ သို့သော် ပြန်စဉ်းစားကြည့်လျှင် တစ်ခုခု မှားယွင်းနေသည်ကို သူ သတိပြုမိလိုက်သည်။
ငါ အသက် ၂ နှစ်အရွယ်တည်းက လျူလီနဲ့အတူ ဒီတိုက်တန်းကနေ ထွက်လာပြီး နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းမှာ အေးအေးချမ်းချမ်း နေခဲ့တာ ၄ နှစ်တောင် ရှိပြီပဲ။
လျူလီက ဝှီးချဲပေါ်မှာ ထိုင်နေရပြီး ဖျားနာနေဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။
ပြီးတော့ အဲဒီကောင်လေးက အသက် ၁၄ နှစ်လောက် ရှိနေပြီ။ သူ့ရဲ့ ချီစွမ်းအင်က တောင်တန်းအဆင့်ထက်တောင် သေချာပေါက် သာလွန်နေမှာပဲ။ ဒီလောက် သနားစရာကောင်းတဲ့ ပုံစံမျိုးနဲ့ ဘာလို့ ထွက်ပြေးနေရမှာလဲ။ ငါ ရွှီရန်က ဒီလောက်အထိတော့ မညံ့ဖျင်းနိုင်ပါဘူး။
ရွှီရန်သည် အောက်ဘက်က မြင်ကွင်းကို အေးစက်စွာ စောင့်ကြည့်နေလိုက်သည်။
"ဇီး... ဇီး..."
ထိုမြင်ကွင်းမှာ ရုပ်မြင်သံကြားဟောင်းကြီးတစ်ခုကဲ့သို့ အစက်အပြောက်များဖြင့် ဝေဝါးသွားခဲ့သည်။ မြင်ကွင်းက ပြန်လည်ကြည်လင်လာသော အခါတွင်မူ...
ကောင်လေးနှင့် မိန်းကလေးမှာ ဘေးကင်းရာဇုန်တစ်ခုအတွင်း ပုန်းကွယ်နေကြသည်။
ဝှီးချဲတွန်းလာသည့် ကောင်လေး၏ ပုခုံးတွင် ကြီးမားသော ဒဏ်ရာတစ်ခု ရထားပြီး သူနာပြုတစ်ဦးက ပတ်တီးစည်းပေးနေသည်။
"နာနေလား"
"မနာပါဘူး"
ဝှီးချဲပေါ်မှ မိန်းကလေးက နာကျင်စွာဖြင့် မျက်မှောင်ကြုတ်လျက် "အရမ်းနာနေမှာ သေချာပါတယ်"
"တကယ်ပါ... မနာပါဘူး"
မိန်းကလေးက နှုတ်ခမ်းဆူလိုက်ပြီး "ခေါင်းမာလိုက်တာ။ ဟူး... ကျွန်မတို့ကို ကယ်ထုတ်ပေးခဲ့တဲ့ ဆရာ လီစုန်းလင်းတစ်ယောက် ဘယ်လိုနေမလဲ မသိဘူးနော်..."
သူမကိုယ်တိုင် ဒုက္ခရောက်နေချိန်မှာပင် သူမ၏ ကြင်နာတတ်သော နှလုံးသားက အခြားသူများအတွက် စိုးရိမ်ပေးနေဆဲပင်
ရုတ်တရက် ရိပ်ကနဲ အရိပ်တစ်ခုက ကောင်လေးအပေါ် လွှမ်းမိုးသွားသည်။
"သူပဲ ဒီကောင်ပဲ။ သူ့ကိုကယ်ဖို့ ငါတို့ကပ္ပတိန်က မီးခိုးယာရှာနဲ့ အသည်းအသန် တိုက်ခိုက်ခဲ့တာ။ နောက်ဆုံးတော့ ကပ္ပတိန် ရင်ဘတ်ကို အထိုးခံရပြီး ပွဲချင်းပြီး သေသွားခဲ့ရတယ်"
ဒေါသများ ပြည့်နှက်နေသော ထိုထွားကျိုင်းသည့် အရိပ်ကြီးသည် ကောင်လေးကို မြေပြင်မှ တစ်ပေခွဲခန့်အထိ မတင်လိုက်သည်။ ဒေါသများကို ပေါက်ကွဲပစ်တော့မည့်ဟန် ပြင်နေသော်လည်း နောက်ဆုံးတွင် စိတ်ကို ပြန်ထိန်းကာ မျက်ဝန်းများ နီမြန်းလျက် ကောင်လေးကို ပြန်ချပေးလိုက်သည်။
"တောက်"
သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် လေးလံသော ခြေလှမ်းများဖြင့် နောက်ဆုတ်သွားတော့သည်။
ကောင်လေးမှာမူ ခေါင်းကို အသာအယာ ငုံ့လျက် တိတ်ဆိတ်နေလေသည်။ ဝှီးချဲပေါ်မှ မိန်းကလေးမှာ ကောင်လေးအနားသို့ အတင်းတိုးကပ်သွားပြီး သူ၏မျက်နှာကို ပွေ့ဖက်လိုက်ကာ "အစ်ကို..."
ကောင်လေးသည် ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုအလား အတော်ကြာအောင် ငြိမ်သက်နေပြီးမှ "ငါ ကျင့်ကြံသူတစ်ယောက် ဖြစ်ချင်တယ်။ ငါ ဘာလို့ ကျင့်ကြံသူတစ်ယောက် ဖြစ်လို့မရတာလဲ။ ငါ့မှာသာ အခြေခံအရည်အချင်းရှိရင် ဘယ်လောက်ကောင်းမလဲ"
ကောင်လေးသည် ဒေါသတကြီးဖြင့် ကြမ်းပြင်ကို ထုရိုက်နေပြီး သူ၏ မျက်နှာမှာလည်း နာကြည်းမှုများဖြင့် ရှုံ့တွနေတော့သည်။
"ဇီး... ဇီး..."
ရုပ်မြင်သံကြားဟောင်းကြီးတစ်ခုကဲ့သို့ မြင်ကွင်းမှာ တဖျတ်ဖျတ်လက်လျက် အစက်အပြောက်ဖြူဖြူများဖြင့် တစ်ဖန် ပြန်လည်ပြည့်နှက်သွားပြန်သည်။ နောက်ဆက်တွဲ မြင်ကွင်းများမှာ ဝေဝါးလာပြီး နေရာအချို့ ပြောင်းလဲသွားသည်ကို ခပ်ရေးရေးသာ မြင်ရတော့သည်။ ပုံရိပ်များကို ခွဲခြားရန် ပို၍ပင် ခက်ခဲလာ၏။
သို့သော် ရုတ်တရက်ဆိုသလို ရွှေဝါရောင်အလင်းတန်းတစ်ခုသည် သွေးကဲ့သို့ ရဲရဲနီသော အလင်းနှင့်ရောယှက်လျက် လင်းလက်လာပြီးနောက် မိန်းကလေးတစ်ဦး၏ နူးညံ့အေးချမ်းသော အသံလေး ထွက်ပေါ်လာသည်။
"အစ်ကို..."
ဘာဖြစ်သွားတာလဲ။
အရေးကြီးသော သတင်းအချက်အလက်ကို သေချာနားထောင်ရန် ပြင်လိုက်စဉ်မှာပင်...
"ဂွမ်း…"
အကြောင်းရင်းမရှိဘဲ ဖန်သားပြင်ကြီး တစ်စစီ ကွဲအက်သွားသကဲ့သို့ ပုံရိပ်များသည် အပိုင်းပိုင်းပြတ်ကာ လုံးဝ ပျောက်ကွယ်သွားတော့သည်။
"အား"
ရွှီရန် ထိတ်လန့်တကြား နိုးလာပြီး ကုတင်ပေါ်တွင် မတ်မတ်ထိုင်မိလျက်သား ဖြစ်သွားသည်။ လက်နှစ်ဖက်က နာကျင်နေသော ရင်ဘတ်ကို တင်းတင်းဆုပ်ကိုင်ထားပြီး အသက်ကို ပြင်းပြင်းရှူနေရသည်။
ဒါ ဘာကြီးလဲ။
အသက် ၁၄ နှစ်အရွယ် ငါလား။
ဝှီးချဲပေါ်က လျူလီလား။
ဒုက္ခရောက်ပြီး ထွက်ပြေးနေရတယ်... အခြေခံအရည်အချင်း မရှိလို့ ကျင့်ကြံလို့ မရဘူးတဲ့လား...
ဒါ ဘယ်လိုမျိုး အဓိပ္ပာယ်မရှိတဲ့ အိပ်မက်လဲ။
ရွှီရန် ဇဝေဇဝါဖြစ်လျက် "ဒါက အိပ်မက်ဆိုတာ သေချာပေမဲ့ မြင်ကွင်းတိုင်းက တကယ့်အစစ်အမှန်အတိုင်းပဲ။ အကြိမ်ကြိမ် ပြန်တွေ့ကြုံနေရသလို ခံစားရတယ်"
"နောက်ဆုံးက အရေးကြီးတဲ့ စကားကိုလည်း သေချာမကြားလိုက်ရဘူး ဘာတွေ ဖြစ်ခဲ့တာလဲ"
"ငါ့နှလုံးသားက ဘာလို့ ဒီလောက်တောင် ထိန်းမနိုင်သိမ်းမရ နာကျင်နေရတာလဲ..."
ရွှီရန် သူ၏ နဖူးမှ အေးစက်နေသော ချွေးများကို သုတ်လိုက်သည်။ အချိန်ကို ကြည့်လိုက်ရာ နံနက် ၃ နာရီ ၂၀ မိနစ် တိတိရှိနေပြီ။ သူ ကုတင်ပေါ်မှ ဆင်းလိုက်သည်။ ပြတင်းပေါက်နားတွင် ရပ်လျက် ခြံထဲက သစ်ပင်များကို ငေးကြည့်နေမိသည်။
ရွှီရန် မျက်မှောင်ကို တင်းတင်းကြုတ်လိုက်ရင်း "တစ်ခုတော့ သေချာတယ် ဒါက လုံးဝ လက်တွေ့မဟုတ်ဘူး"
အခန်း။ ၆၀
"လျူလီနဲ့ ငါက နတ်ဘုရားတစ်ပိုင်းမူကြိုကျောင်းမှာ နေတာလေ။ ဆရာကြီး ၄ ယောက်ရယ် အစောင့်အရှောက် ၁၀၀ ကျော်ရယ်ရဲ့ ကာကွယ်မှုအောက်မှာ လုံခြုံရေးက အပြည့်ပဲ။ မီးခိုးယာရှာဆိုတဲ့ အမှိုက်က ဘာမို့လို့လဲ အလွယ်လေး သတ်ပစ်လို့ရတာကို"
"ဒါတင်မကသေးဘူး ငါက အသက် ၆ နှစ်နဲ့ ၅ လပဲ ရှိသေးတာတောင် ချီစွမ်းအင်တန်ဖိုးက ၁၉,၄၂၄ အထိ ရှိနေတာ။ တတိယအဆင့်ရောက်နေတဲ့ ထူးခြားစွမ်းရည်ကလည်း ၈ ခုတောင် ရှိတယ်။ ငါက ဘယ်လိုလုပ် အသုံးမကျတဲ့လူ ဖြစ်မှာလဲ"
"တစ်ဖက်မှာလည်း လျူလီက အသက် ၆ နှစ်နဲ့ ၃ လပဲ ရှိသေးပေမဲ့ ချီစွမ်းအင်က ၃,၇၀၀ တောင် ရှိနေတာ။ သူမက ဝှီးချဲပေါ် ရောက်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သူမရဲ့ အခြေခံအရည်အချင်းနဲ့ အလားအလာကလည်း ထူးကဲလွန်းလို့ ကျောင်းအုပ်ကြီးကိုယ်တိုင်က စစ်နတ်သမီးလို့တောင် အမည်ပေးထားတာ။ ငါတို့အားလုံးရဲ့ အနာဂတ်က အရမ်းတောက်ပနေတာပဲ"
"ခုနက အိပ်မက်က လုံးဝကို အဓိပ္ပာယ်မရှိတာပဲ။ ဟားဟား"
ရွှီရန်သည် ခပ်တိုးတိုး ရယ်မောလိုက်ရင်း ခေါင်းခါယမ်းကာ ကုတင်ပေါ်သို့ ပြန်တက်သွားတော့သည်။
တစ်ညတာ ကုန်လွန်သွားခဲ့သည်...
...
နောက်တစ်နေ့တွင် ရွှီရန် စောစောထလာခဲ့သည်။ သူသည် စက္ကူအရုပ်သစ်အချို့ကို ခေါက်ပြီးနောက် ၎င်းတို့ကို အသက်ဝင်စေရန် သူ၏သွေးကို အစက်ချကာ ပြုစုပျိုးထောင်လိုက်သည်။ ပြီးနောက် ထိုစက္ကူရုပ်များကို သူ၏အိတ်ကပ်ထဲသို့ ထည့်လိုက်ကာ ကျေနပ်အားရစွာဖြင့် ပုတ်လိုက်လေသည်။
နာမည်တစ်ခု သူ၏စိတ်ထဲတွင် လက်ကနဲ ပေါ်လာသည်။
လီစုန်းလင်း... သူက တကယ်တမ်း ဘယ်သူလဲဆိုတာ သွားကြည့်ရမလား။ အိပ်မက်ထဲမှာတော့ သူက ငါနဲ့ လျူလီကို ကယ်ဖို့ သူ့အသက်ကို စတေးခဲ့တာလေ...
သွားကြည့်လိုက်တာပေါ့...
ရွှီရန်သည် ရုတ်တရက်ဆိုသလို ကိုယ်ရောင်ဖျောက်လိုက်ပြီး သူ၏ အငွေ့အသက်အားလုံးကို ဖုံးကွယ်လိုက်သည်။ ထို့နောက် ကိုယ်စားလှယ် စက္ကူရုပ်တစ်ခုကို ထုတ်လွှတ်လိုက်သည်။
"မေမေ သား ထမင်းသွားစားတော့မယ်"
မိခင်ဖြစ်သူမှာမူ ထူးခြားမှုကို သတိမပြုမိဘဲ "အေးအေး... ဂရုစိုက်သွားနော်။ မေမေ လိုက်မပို့တော့ဘူး" ဟု ပြန်ပြောသည်။
သူ တံခါးအပြင်သို့ ထွက်လာခဲ့သည်။ အစောင့်အရှောက်များမှာ ရွှီရန်နောက်မှ လိုက်ပါလာကြသည်။ ထိုအစောင့်အရှောက်များပင်လျှင် သူတို့ ကာကွယ်ပေးနေရသည့်အရာမှာ စက္ကူရုပ်တစ်ခုသာဖြစ်ကြောင်း သတိမထားမိကြပေ။
ကျောင်းအုပ်ကြီးကော ဒါကို ဖောက်ထွင်းမြင်နိုင်မလား ကြည့်ရသေးတာပေါ့။ သူသာ မြင်နိုင်တယ်ဆိုရင် ငါ့ရဲ့လေ့ကျင့်မှုက လိုသေးတယ်လို့ ဆိုရမယ်။
အစစ်အမှန် ရွှီရန်မှာမူ အစောင့်များနောက်မှ လိုက်ပါရင်း စိတ်ထဲမှ မှတ်ချက်ပြုနေသည်။
"ကျောင်းအုပ်ကြီး မင်္ဂလာနံနက်ခင်းပါ"
လမ်းခုလတ်တွင် စက္ကူရုပ်လေးက ကျောင်းအုပ်ကြီးကို ရင်းနှီးစွာ နှုတ်ဆက်လိုက်သည်။
ကျောင်းအုပ်ကြီးသည် လက်ကို နောက်ပစ်ကာ ရပ်နေပြီး စက္ကူရုပ်လေးကို တိတ်တဆိတ် အကဲခတ်နေသည်။ သူသည် အလွန်ပင် ဇဝေဇဝါဖြစ်နေဟန်ဖြင့် စက္ကူရုပ်လေးကို ပတ်၍ ကြည့်ရှုနေပြီး သူ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း အံ့ဩတုန်လှုပ်မှုသို့ ပြောင်းလဲသွားတော့သည်။
"မင်းရဲ့ နားလည်သဘောပေါက်မှုစွမ်းအားကို ဒီလိုနေရာမှာတောင် သုံးလို့ရတာလား။ ရွှီရန်လေး... ငါ မင်းကို ပိုပိုပြီးတော့တောင် ခန့်မှန်းရခက်လာပြီကွာ"
ကျောင်းအုပ်ကြီး၏ စကားကို ကြားပြီးနောက် ရွှီရန်မှာမူ ဆွံ့အသွားရသည်။
"..."
ကောင်းပြီလေ... တန်းပြီး အမြင်ခံလိုက်ရတာပဲ။
အခြေခံအဆင့် စက္ကူဝိညာဉ် ချည်နှောင်ခြင်းအတတ်သည် ယွဲ့အဆင့်အောက်က ကျင့်ကြံသူတွေကို လှည့်စားနိုင်သော်လည်း ယွဲ့အဆင့်နှင့် အထက်က ကျင့်ကြံသူများကိုမူ မလှည့်စားနိုင်ပေ။
ဒါက အခြေခံအဆင့် စက္ကူဝိညာဉ်အတတ်ရဲ့ အကန့်အသတ်ပဲ။
ယွဲ့အဆင့်နဲ့ အထက်က လူတွေရှေ့မှာတော့ ဒီအတတ်နဲ့ သွားပြီး ဟန်မလုပ်မိစေဖို့ပဲ။
ရွှီရန် စိတ်ထဲမှ ခေါင်းငြိမ့်လိုက်သည်။
ထို့နောက် စက္ကူရုပ်လေးက စကားပြောလာသည်။
"အစောင့်အစ်မ ကျွန်တော့်ကို အဝေးကနေ ခဏစောင့်ပေးပါဦး။ ကျောင်းအုပ်ကြီးနဲ့ သီးသန့်ပြောစရာလေး ရှိလို့ပါ"
အမျိုးသမီးအစောင့်မှာ မျက်ခုံးပင့်သွားပြီး ကျောင်းအုပ်ကြီးကို တစ်ချက်ကြည့်လိုက်သည်။ ကျောင်းအုပ်ကြီးက ခေါင်းငြိမ့်ပြမှသာ သူမသည် လှည့်ထွက်သွားပြီး မီတာ ၂၀၀ ခန့်အကွာတွင် ကျောပေး၍ ရပ်နေပေးသည်။
ထိုစဉ် မီတာ ၁၀၀ ကျော်အကွာရှိ သစ်ပင်ကြီးတစ်ပင်၏ နောက်ကွယ်တွင်...
အစစ်အမှန် ရွှီရန်သည် သူ၏ကိုယ်ခံပညာကို အသုံးပြကာ ကျောင်းအုပ်ကြီးရှေ့သို့ ခုန်ပျံထွက်ရန် ပြင်လိုက်သည်။ သို့သော် မမျှော်လင့်ဘဲ တည်ငြိမ်သော လက်တစ်ဖက်က သူ၏ပုခုံးပေါ်သို့ အသာအယာ ကျရောက်လာသည်။
ရွှီရန်: "... ငါ့ရဲ့ ကိုယ်ရောင်ဖျောက်အတတ်ကို အာရုံခံမိသွားပြီ"
သူ လှည့်ကြည့်လိုက်ရာ သက်လတ်ပိုင်းအရွယ် အမျိုးသား ယဲ့ဖျင် ဖြစ်နေသည်။ ယခုအခါ ယဲ့ဖျင်သည် ကိုယ်ရောင်ပြန်ပေါ်လာသော ရွှီရန်ကို ကြည့်ကာ အံ့ဩတုန်လှုပ်နေသည်။
"ကလေး... မင်း... မင်း ဘယ်လိုလုပ် ပျောက်ကွယ်သွားတာလဲ မင်းရဲ့ အခြေခံအရည်အချင်းကနေ စွမ်းရည်အသစ်တစ်ခု ထပ်ရလာတာလား"
ယဲ့ဖျင်သည် စူးစမ်းလိုစိတ်အပြည့်ဖြင့် ရွှီရန်ကို ချီမကာ ကျောင်းအုပ်ကြီးရှိရာသို့ ခေါ်လာခဲ့သည်။ နောက်ထပ် ရွှီရန်တစ်ဦးကို မြင်လိုက်ရသောအခါ သူ၏မျက်နှာမှာ ပို၍ပင် ထူးဆန်းသွားတော့သည်။
"ဒါ ဘာကြီးလဲ ကိုယ်ရောင်ဖျောက်တာရော ကိုယ်ပွားတာရောလား ကလေး... မင်းရဲ့ အခြေခံအရည်အချင်းက တကယ်တမ်း ဘာကြီးလဲ"
ကျောင်းအုပ်ကြီးလည်း ဇဝေဇဝါဖြစ်နေသည်။
"ဒါက နားလည်သဘောပေါက်မှု အခြေခံရဲ့ စွမ်းရည်လား"
ရွှီရန်က လက်နှစ်ဖက်ကို ဘေးသို့ဆန့်ကာ အားကိုးရာမဲ့ဟန်ဖြင့် "ဒါကို စွမ်းရည်အသစ်လို့ပဲ သတ်မှတ်လိုက်ပါ... ကျွန်တော် ကျောင်းအုပ်ကြီးနဲ့ စမ်းသပ်ကြည့်ချင်လို့ပါ။ ဒါပေမဲ့ ဒီလောက်အမြန် အာရုံခံမိသွားလိမ့်မယ်လို့ မထင်ထားဘူး။ ကြည့်ရတာ ကျွန်တော့်ရဲ့ လှည့်စားမှုနဲ့ ဖျောက်ကွယ်မှုက ယွဲ့အဆင့်အောက်က ကျင့်ကြံသူတွေအပေါ်မှာပဲ အလုပ်ဖြစ်ပုံရတယ်" ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျောင်းအုပ်ကြီးနှင့် ယဲ့ဖျင်တို့မှာ မှင်သက်သွားကြသည်။
"ဒီလောက်ငယ်ငယ်လေးနဲ့ ယွဲ့အဆင့်အောက်က ကျင့်ကြံသူတွေကို လှည့်စားနိုင်တယ် ဟုတ်လား"
"ဟုတ်တယ် ခုနက တောင်တန်းအဆင့်အစောင့်အစ်မတောင် ဘာမှ သတိမထားမိဘူးလေ"
ကျောင်းအုပ်ကြီးနှင့် ယဲ့ဖျင်တို့ အချင်းချင်း ကြည့်လိုက်ကြသည်။
"ဒါက နားလည်သဘောပေါက်မှု အခြေခံလား တစ်ခုခုတော့ ထူးဆန်းနေတယ်... သေချာတာကတော့ ဒါက ရိုးရိုးနားလည်သဘောပေါက်မှုတော့ မဟုတ်ဘူး။ တစ်ခုခုကို တီထွင်ဖန်တီးနိုင်တဲ့ စွမ်းအားမျိုး ဖြစ်နိုင်တယ်..."
သူတို့နှစ်ဦးမှာ အလေးအနက် ခွဲခြမ်းစိတ်ဖြာနေကြသည်။ ရွှီရန်ကမူ ခပ်တိုးတိုး ရယ်မောရင်း စိတ်ထဲမှ ကျေနပ်နေမိသည်။
ရူးလိုက်ကြတာ ငါ့မှာ အကူအညီစနစ်ရှိတာကိုး။
အမှန်စင်စစ် သူ ထိုသို့ ထုတ်ပြောမည်မဟုတ်ပေ။ သူက သူ၏ နောက်ထပ်ရည်ရွယ်ချက်တစ်ခုကိုသာ ပြောပြလိုက်သည်။
"ကျောင်းအုပ်ကြီး ကျွန်တော် ကျင်းမြို့တော်ထဲကို တစ်ယောက်တည်း သွားလည်ချင်လို့ ခွင့်ပြုပေးနိုင်မလား"
ကျောင်းအုပ်ကြီးက စူးစမ်းလိုစိတ်ဖြင့် "မင်းက အပြင်မှာ သွားပြီး လေ့ကျင့်ချင်လို့လား ဘယ်လောက်ကြာမှာလဲ"
"ငါးရက် ခြောက်ရက်လောက်ပါပဲ။ ချက်ချင်း ပြန်လာခဲ့ပါ့မယ်"
ကျောင်းအုပ်ကြီး၏ မျက်နှာမှာ ချက်ချင်း တည်ကြည်သွားသည်။
"မရဘူး မင်းက အသက် ၈ နှစ်တောင် မပြည့်သေးဘူး။ ဘာလေ့ကျင့်ခန်းလဲ မူကြိုမှာပဲ နေစမ်းပါ။ ကောင်းကောင်းစား ကောင်းကောင်းသောက်ပြီး အနားယူ"
ရွှီရန်: "..."
ကောင်းပြီလေ... ကြည့်ရတာ အပြင်ထွက်ဖို့ကတော့ မဖြစ်နိုင်သေးဘူးပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး အိပ်မက်နဲ့ လက်တွေ့က ဘာမှမှ မဆိုင်တာ။
ငါ့ရဲ့ လက်ရှိစွမ်းရည်တွေနဲ့သာ စည်းကမ်းတကျ ဆက်ပြီး လေ့ကျင့်သွားမယ်ဆိုရင် အိပ်မက်ထဲက အဖြစ်အပျက်တွေ တစ်ခုမှ ဖြစ်လာမှာ မဟုတ်ဘူး။ တစ်ခုမှ ဖြစ်မလာစေရဘူး။
ရွှီရန်သည် စိတ်ကို စုစည်းလိုက်ပြီး သူ၏မျက်ဝန်းများမှာ ယုံကြည်မှုများဖြင့် တောက်ပနေတော့သည်။
"ငါ... အရာအားလုံးကို အမှုန့်ခြေပစ်မယ်"