← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း။ ၆၃

"လီစုန်းလင်းက နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းက ပါရမီရှင်ကလေးနဲ့ တကယ်ပဲ သိတာလား"

အလေးမနေကြသော ကျင့်ကြံသူများသည် လေ့ကျင့်ရေးကိရိယာများကို တစ်ယောက်ပြီးတစ်ယောက် ချလိုက်ကြသည်။

သူတို့သည် လီစုန်းလင်းကို စိုက်ကြည့်ရင်း "ငါကြားဖူးတာတော့ နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းက ပါရမီရှင်တွေအားလုံးက ထိပ်တန်း ရွှေရောင်အခြေခံအရည်အချင်း ပိုင်ရှင်တွေချည်းပဲတဲ့။ အနာဂတ်မှာ ကမ္ဘာ့အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေ ဖြစ်လာကြမယ့်သူတွေလေ"

"ဒါနဲ့... လီစုန်းလင်းက ဒီလိုမျိုး လက်လှမ်းမမီတဲ့ ပုဂ္ဂိုလ်ကြီးတွေနဲ့ ဘယ်လိုလုပ် သိနေရတာလဲ"

"ဘယ်သူသိမှာလဲ"

"ဒီလို ပုဂ္ဂိုလ်မျိုးနဲ့ သိခွင့်ရတာ ဘဝဆက်တိုင်း ကုသိုလ်ထူးခဲ့လို့ပဲ ဖြစ်ရမယ်။ လီစုန်းလင်းတော့ ကံကောင်းတော့မှာပဲ"

သာမန်အဆင့်သာရှိသော ဤကျင့်ကြံသူများအတွက်မူ သုတ်သင်ရေးတပ်ဖွဲ့၏ တပ်ခွဲမှူးတစ်ဦးသည်ပင် အမိန့်ပေးပိုင်ခွင့်ရှိသည့် လူကြီးတစ်ဦးဖြစ်သည်။ သုတ်သင်ရေးတပ်ဖွဲ့ အဆင့်ဆင့်ရှိ အဖွဲ့ဝင်များမှာ သူတို့ မော့ကြည့်ရမည့်သူများ ဖြစ်ကြသည်။

အထွေထွေခေါင်းဆောင် ဟဲစီဖန်း ဆိုလျှင်မူ သူတို့အတွက် တကယ့်ကို အရှိန်အဝါကြီးမားလှသည့် ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ပေသည်။ ခေါင်းဆောင်ဟဲက တစ်ချက်ကြည့်ပေးရုံ တစ်ဆင့်မြှင့်ပေးရုံ သို့မဟုတ် အရင်းအမြစ်အချို့ ခွဲဝေပေးရုံဖြင့်ပင် သူတို့အတွက် ကြီးမားသော အခွင့်အလမ်းကြီး ဖြစ်နေပြီဖြစ်သည်။

သို့သော် ယခု လီစုန်းလင်း သိနေသည်မှာ နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းမှ ပါရမီရှင်ကလေး ဖြစ်နေသည်။

ထိုသို့သောလူမျိုးမှာ ခေါင်းဆောင်ဟဲထက်ပင် ပိုမိုကြီးကျယ်သော ပုဂ္ဂိုလ်မျိုး ဖြစ်၏။ ထိုကလေး၏ စကားတစ်ခွန်းသည် လူတစ်ယောက်၏ ကံကြမ္မာကို ကောင်းကင်ဘုံအား ဆန့်ကျင်၍ပင် ပြောင်းလဲပစ်နိုင်သည်။

အချင်းချင်း ဝိုင်းဝန်းဆွေးနွေးနေကြစဉ် လီစုန်းလင်းမှာမူ မူးနောက်နောက်ဖြင့် အမြန်ဆုံး အအေးခံရေချိုးကာ အဝတ်အစားအသစ်လဲလျက် စိုးရိမ်စိတ်အပြည့်ဖြင့် ကင်းလှည့်အစောင့်နောက်သို့ လိုက်ပါသွားခဲ့သည်။

လမ်းခုလတ်တွင်...

လီစုန်းလင်းနှင့် ကင်းလှည့်အစောင့်တို့သည် ဟဲစီဖန်းနှင့် လုယာတို့နှင့် ဆုံမိကြသည်။ ဟဲစီဖန်းမှာ ကျင်းမြို့တော်၏ တတိယအဆင့် အာဏာရှိသူနှင့် သုတ်သင်ရေးတပ်ဖွဲ့၏ အထွေထွေခေါင်းဆောင်ဖြစ်ပြီး လုယာမှာ ကျောင်းအုပ်ကြီး လူမေစီး၏ သူငယ်ချင်း အလင်းဓာတ်အခြေခံပိုင်ရှင်နှင့် အထွေထွေစီမံခန့်ခွဲရေးရုံး၏ အကြီးအကဲတစ်ဦး ဖြစ်သည်။

ထိုသို့သော ပုဂ္ဂိုလ်ကြီးနှစ်ဦးကို မြင်လိုက်ရသောအခါ လီစုန်းလင်းသည် မတ်မတ်ရပ်၍ အလေးပြုလိုက်သည်။

"မင်္ဂလာပါ လူကြီးမင်းတို့"

လက်အောက်ငယ်သားများအပေါ် အမြဲတမ်း တင်းမာခက်ထန်လေ့ရှိသော ဟဲစီဖန်းသည် ယခုမူ လီစုန်းလင်း၏ ပုခုံးကို လှိုက်လှိုက်လှဲလှဲ ပုတ်လျက် "လီလေး... မင်း ဒီလို အဆင့်မြင့်တဲ့သူနဲ့ ဘယ်လိုလုပ် သိတာလဲ" ဟု မေးမြန်းလိုက်သည်။

လီစုန်းလင်းမှာ ကြောင်တောင်တောင်ဖြင့် "ကျွန်တော် မသိပါဘူး..."

ဟဲစီဖန်း "မင်း မသိဘူး ဟုတ်လား"

လီစုန်းလင်း "တကယ် မသိတာပါခင်ဗျာ။ ကျွန်တော်များ သူတို့ကို စော်ကားမိလို့လား မသိဘူး"

ဟဲစီဖန်းက ခေါင်းခါယမ်းလျက် "မင်းရဲ့ အကျင့်စာရိတ္တကို ငါသိပါတယ်။ မင်းက ကောင်းမှုတွေ အမြဲလုပ်တတ်တာပဲ။ အဲဒီလို ပုဂ္ဂိုလ်မျိုးကို စော်ကားမှာ မဟုတ်ပါဘူး"

လုယာကမူ လမ်းလျှောက်နေရင်း လီစုန်းလင်းကို အံ့ဩတကြီး ကြည့်နေမိသည်။

ရွှီရန်လေးက လီစုန်းလင်းနဲ့ ဘယ်လိုများ ပတ်သက်နေတာလဲ။ ယုတ္တိအရဆိုရင် မဖြစ်နိုင်ဘူး... မကြာမီမှာပင် သူတို့သည် ဧည့်ခန်းသို့ ရောက်ရှိလာပြီး လုယာက တံခါးကို အသာတွန်းဖွင့်

လိုက်သည်။

"ရွှီရန်လေး... အန်တီ့ဆီ လာလည်တာကို ဘာလို့ ကြိုမပြောတာလဲ"

ရွှီရန် ထရပ်လိုက်သည် "ဩော်... အန်တီလုပါလား။ အန်တီလုက ဒီမှာ တာဝန်ကျနေတာလား"

အန်တီလု "အန်တီက အနားယူခါနီး လူကြီးတစ်ယောက်ပါပဲကွယ်။ ဟားဟား ဒါနဲ့ မင်းက လီစုန်းလင်းကို ဘာလို့ လာရှာတာလဲ ဒီလူငယ်လေးက ဘာများ မှားထားလို့လဲ"

ရွှီရန်က အားနာစွာ ပြုံးလိုက်ပြီး "ဘာမှ မမှားပါဘူး အန်တီ။ ကျွန်တော်က လီစုန်းလင်းဆိုတဲ့လူ တကယ်ရှိမရှိ သိချင်ရုံတင်ပါ"

ဟဲစီဖန်း: "ဟင်"

အန်တီလု: "ဘာလဲ"

တကယ့်ကို ထူးဆန်းအံ့ဩဖွယ်ကောင်းလှသည့် စကားပင်...

အန်တီလုက လီစုန်းလင်းကို အသာအယာ တွန်းပို့လိုက်ပြီး "ကဲ... ရှေ့ကို သွားလေ။ ဟောဒါက လီစုန်းလင်း ဆိုတာပဲ" ဟု ပြောလိုက်သည်။

လီစုန်းလင်းသည် ဝေဝေဝါးဝါးဖြင့် ရွှီရန်ထံသို့ လျှောက်လှမ်းသွားသည်။ သူ၏ လှုပ်ရှားမှုများမှာ သတိကြီးစွာ ထားနေရသလို အမူအရာမှာလည်း စိုးရိမ်ပူပန်မှုများ ရှိနေသော်လည်း သူ၏ ထူထဲသော မျက်ခုံးများနှင့် မျက်လုံးကြီးများမှာ မရည်ရွယ်ဘဲ ဖြောင့်မတ်မှန်ကန်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

သို့သော် ရွှီရန်မျက်နှာကို မြင်လိုက်ရသောအခါ လီစုန်းလင်း၏ မျက်ဝန်းတွင် ဇဝေဇဝါဖြစ်မှုများ ပေါ်လာသည်။ လုံးဝ စိမ်းသက်နေ၏။ သူသည် ဤကဲ့သို့သော အရှိန်အဝါကြီးမားသည့် ပုဂ္ဂိုလ်မျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

"ဟို... မင်္ဂလာပါခင်ဗျာ"

ရွှီရန်က ခေါင်းညိတ်ပြလျက် လီစုန်းလင်းကို မိနစ်ဝက်နီးပါးခန့် အသေအချာ အကဲခတ်နေမိသည်။

ဟုတ်တယ် အိပ်မက်ထဲကအတိုင်း တစ်ပုံစံတည်းပင်။ ခိုင်မာ၍ စင်ကြယ်သော မျက်ဝန်းများ တရားမျှတမှုနှင့် ပြည့်နှက်နေသော ပုံစံ။ တစ်ခုတည်းသော ကွာခြားချက်မှာ အိပ်မက်ထဲကထက် အနည်းငယ် ပို၍ ငယ်ရွယ်နေခြင်းသာ ဖြစ်သည်။

အိပ်မက်ထဲတွင် ထွက်ပြေးနေကြသော လူအုပ်ကြီးကို ဆန့်ကျင်ဘက်ပြု၍ ကြယ်တံခွန်တစ်ခုအလား ရွှီရန်ထံသို့ ပြေးဝင်လာခဲ့သူမှာ သူပင်။ သူသည် လက်နှစ်ဖက်ဖြင့် ဓားကို တင်းတင်းဆုပ်ကိုင်ကာ သူ၏ သေးငယ်သော ခန္ဓာကိုယ်ဖြင့် သုံးမီတာမြင့်သော မီးခိုးယာရှာမိစ္ဆာကြီး၏ နှလုံးသားကို ဖောက်ထုတ်မည့် တိုက်ခိုက်မှုကို တားဆီးပေးခဲ့သည်။ ထိုသို့ဖြင့် ဝှီးချဲတွန်း၍ ထွက်ပြေးနေသော ရွှီရန်အတွက် အချိန်ကို ဆွဲပေးခဲ့သည်။

ထို့နောက်တွင်မူ... သူ၏ ရင်ဘတ်မှာ အထိုးခံလိုက်ရပြီး သူရဲကောင်းဆန်စွာ အသက်စတေးခဲ့ရသည်။

ငါ လီစုန်းလင်းကို တစ်ခါမှ မတွေ့ဖူးဘူး။ ဒါပေမဲ့ ဒီလိုလူမျိုးကို ငါ အိပ်မက်မက်နိုင်ခဲ့တယ်။ သူ့အသက်ကို သိတယ် သူ့ရုပ်ရည်ကို သိတယ်။ အိပ်မက်က လက်တွေ့နဲ့ မကိုက်ညီသေးရင်တောင် ဒါက အရမ်းကို စစ်မှန်လွန်းတယ်...

ဒါက အိပ်မက်တစ်ခုပဲ ဖြစ်နေဦးတော့ ငါ သူ့ကို အခွင့်အရေးတစ်ခု လက်ဆောင်ပေးလိုက်မယ်။

ရွှီရန် စိတ်ထဲမှ ခေါင်းညိတ်လိုက်ပြီး ဟဲစီဖန်းကို လှည့်ကြည့်ကာ "လီစုန်းလင်းရဲ့ စရိုက်လက္ခဏာတွေအရဆိုရင် ခေါင်းဆောင်တို့ဘက်က သူ့ကို အရင်းအမြစ်တွေ အထူးခွဲဝေပေးလို့ ရမလား။ သူ ကုန်းမြင့်အဆင့် ဒါမှမဟုတ် တောင်တန်းအဆင့်အထိ ရောက်အောင် ကူညီပေးလို့ ရမလားခင်ဗျာ" ဟု မေးမြန်းလိုက်သည်။

ဒါက တကယ့်ကို ဝမ်းသာစရာ သတင်းပင်။

ဟဲစီဖန်းသည် စိတ်ထဲတွင် အလွန်အမင်း ပျော်ရွှင်သွားသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်မှုကို ထိန်းထားနိုင်ဆဲဖြစ်သည်။

"လီစုန်းလင်းက တကယ့်ကို ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ ထူးချွန်သူတစ်ယောက်ပါပဲ ပျိုးထောင်ပေးဖို့ ထိုက်တန်ပါတယ်။ ကျွန်တော်လည်း သူ့ကို အကဲခတ်နေတာ ကြာပါပြီ သူက လိုအပ်တဲ့ အချက်အလက်တွေ အကုန်ပြည့်စုံပါတယ်။ မကြာခင်မှာ သူ့ကို အလေးပေး လေ့ကျင့်ပေးတော့မှာပါ"

ပြောဆိုပုံ အတတ်ပညာကို ကြည့်ပါဦး။

သူသည် အကြောင်းမဲ့ တတိယအဆင့် အာဏာရှိသူ ဖြစ်လာခြင်း မဟုတ်ပေ။ စကားအလှအပများကို ကျွမ်းကျင်စွာ သုံးနှုန်းနိုင်သလို စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်မှာလည်း အထွတ်အထိပ်သို့ ရောက်နေသည်။

ရွှီရန်က ခပ်တိုးတိုး ရယ်မောလိုက်ရင်း "ဒါဆိုရင်တော့... ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဟဲ" ဟု ပြောလိုက်သည်။

လီစုန်းလင်း: "အာ... ဟို... ကျွန်တော်..."

လီစုန်းလင်း၏ အနေရခက်လှသော ရိုးသားမှုကို ဟဲစီဖန်းက ချက်ချင်းပင် ကြားဖြတ်ဟန့်တားလိုက်သည်။

"မြန်မြန်... သခင်လေးကို ကျေးဇူးတင်စမ်း"

လီစုန်းလင်း: "ကျေးဇူးတင်ပါတယ် သခင်လေးခင်ဗျာ"

ရွှီရန်က ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် နေရာမှ ထရပ်လိုက်ကာ

"အန်တီလု... ကျွန်တော် ကျင့်ကြံဖို့ အချိန်လုနေရလို့ပါ နောက်တစ်ခါမှ အန်တီ့ဆီ လာခဲ့ပါ့မယ်"

အန်တီလု: "ကျင့်ကြံမယ် မင်းအရွယ်နဲ့ ကျင့်ကြံတာက အန္တရာယ်အရမ်းများတယ်ကွယ် အစောင့်အရှောက် လိုအပ်လား"

ရွှီရန်က လက်ဝှေ့ယမ်းပြလျက် "စိတ်မပူပါနဲ့ အန်တီ ဦးလေးယဲ့ ကျွန်တော့်နောက်က ပါပါတယ်"

အန်တီလုက သူမ၏ မျက်ခုံးအစုံကို ပင့်လိုက်ကာ "ယဲ့လေး ပါတာလား... ဒါကြောင့်လည်း မင်း မူကြိုကျောင်းကနေ ထွက်လာနိုင်တာကိုး"

စုံစမ်းစစ်ဆေးရေးမှူးယဲ့လား။

ဟဲစီဖန်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ သူ၏စိတ်ထဲတွင် ရွှီရန်၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းမှာ နောက်ထပ် တစ်ဆင့် ထပ်မံမြင့်တက်သွားပြန်သည်။

စုံစမ်းစစ်ဆေးရေးမှူးယဲ့ကိုယ်တိုင် အနီးကပ် စောင့်ရှောက်ပေးနေရသူဆိုလျှင် နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်း၏ ထိပ်တန်း ပါရမီရှင်များသာ ဤကဲ့သို့သော ဆက်ဆံမှုကို ရရှိနိုင်မည်ပင်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ရွှီရန်၏ အနာဂတ်မှာ သူထင်ထားသည်ထက် များစွာ ပိုမိုတောက်ပနေပေတော့မည်။

နောင်တစ်ချိန်တွင် နတ်ဘုရားသတ် တပ်ဖွဲ့၏ ခေါင်းဆောင်ပင် ဖြစ်လာနိုင်ချေ ရှိသည်။

ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာ ပုံမှန်ဆိုလျှင် သူနှင့် ဆက်သွယ်ရန် လုံးဝမဖြစ်နိုင်သော်လည်း ယခုအခါ လီစုန်းလင်းကြောင့် မမြင်ရသော ဆက်နွှယ်မှုတစ်ခု ရှိသွားခဲ့သည်။

ကောင်းတယ်…. ကောင်းတယ်….

ဟဲစီဖန်းက လီစုန်းလင်းကို ကြည့်သည့် အကြည့်မှာ လက်အောက်ငယ်သားတစ်ဦးကို ကြည့်သည့် အကြည့်မှ တန်ဖိုးရှိသော လူတစ်ယောက်ကို ကြည့်သည့် အကြည့်သို့ ပြောင်းလဲသွားတော့သည်။

"ကျွန်တော် လိုက်ပို့ပါရစေ"

"မလိုပါဘူးခင်ဗျာ"

ရွှီရန်က လက်ဝှေ့ယမ်းပြကာ ငြင်းပြောလိုက်သည်။ သို့သော် ဟဲစီဖန်းကမူ အလွန်ပင် တက်ကြွနေဆဲဖြစ်ပြီး လီစုန်းလင်းကိုပါ ခေါ်ဆောင်လျက် ရွှီရန်ကို အထွေထွေစီမံခန့်ခွဲရေးရုံး အပြင်

ဘက်အထိ လိုက်လံ ပို့ဆောင်ပေးခဲ့သည်။

အခန်း။ ၆၄

ရွှီရန်၏ ပုံရိပ် ပျောက်ကွယ်သွားသည်အထိ လိုက်လံကြည့်ရှုပြီးနောက်...

ဟဲစီဖန်းသည် လီစုန်းလင်း၏ ပုခုံးကို လှည့်၍ပုတ်ကာ "မင်းရဲ့ ကိုယ်ကျင့်တရားက တကယ့်ကို ချီးကျူးဖို့ကောင်းတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးကတောင် မင်းကို လာပြီး ဂရုစိုက်ပေးတယ်ဆိုတာ မင်းက အရေးကြီးတဲ့ တာဝန်တွေကို ပေးအပ်ဖို့ ထိုက်တန်တယ်ဆိုတာ ပြနေတာပဲ။ စိတ်ချပါ... သုတ်သင်ရေးတပ်ဖွဲ့က မင်းအတွက် အရင်းအမြစ်တွေ ပိုပြီး ထောက်ပံ့ပေးမယ်"

"မပေါ့ဆနဲ့ဦး တတ်နိုင်သမျှ အမြန်ဆုံး ကုန်းမြင့်အဆင့်ကို ရောက်အောင် ကြိုးစားစမ်း"

လီစုန်းလင်း: "အရင်းအမြစ်တွေ ခွဲဝေပေးမယ်ဆိုတာ... ဒါက သင့်တော်ပါ့မလားခင်ဗျာ"

ဟဲစီဖန်းက တည်ကြည်စွာဖြင့် "ဘာမသင့်တော်စရာ ရှိလဲ ငါက အဖွဲ့ထဲက လူတွေကို အမြဲတမ်း စောင့်ကြည့်နေတာ။ မင်းက မနေ့ကတင် စစ်ဆေးမှု အောင်မြင်သွားတာလေ။ အခုက တရားဝင် အကြောင်းကြားစာ ထုတ်ပြန်လိုက်တာပဲ" ဟု ပြောလိုက်သည်။

လီစုန်းလင်းသည် မတ်မတ်ရပ်လျက် "နားလည်ပါပြီ ခေါင်းဆောင် ကျွန်တော် နှစ်ဆပိုပြီး ကြိုးစားပါ့မယ်"

...

နေမင်းသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

ရွှီရန်သည် မြို့ပြင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လူသူကင်းမဲ့သော တောရိုင်းမြေပြင်တွင် ရွှီရန်သည် အလွန်လျှင်မြန်သော အရှိန်ဖြင့် ရှေ့သို့ ပြေးထွက်နေသည်။

လျှပ်စီးခြေလှမ်း သုံးထောင် တိုးတက်မှု +၁...

လျှပ်စီးခြေလှမ်း သုံးထောင် တိုးတက်မှု +၁...

ယဲ့ဖျင်မှာ အံ့အားသင့်နေရသည်။

"ဟင် ဒီအရှိန်က ကိုယ်ခံပညာ အဆင့်မြင့်နည်းစနစ်တွေနဲ့တောင် ယှဉ်လို့ရနေပြီပဲ။ ကလေး... မင်း ဘာတွေများ ထပ်ဖုံးကွယ်ထားသေးတာလဲ"

"နားလည်သဘောပေါက်မှု အခြေခံဆိုတာ တကယ့်ကို အစွမ်းစုံတာပဲလား"

ယဲ့ဖျင်သည် ရွှီရန်ကို ပိုပိုပြီး ခန့်မှန်းရခက်လာသည်။ ရွှီရန် မီတာတစ်ရာကျော်အကွာသို့ ချက်ချင်းရောက်သွားသည်ကို မြင်သောအခါ သူသည်လည်း ကိုယ်ခံပညာကို သုံး၍ အမှီလိုက်ခဲ့ရသည်။

"ရွှီရန်လေး... မင်း တောထဲမှာ ဘာလုပ်မလို့လဲ"

"ခရစ္စတယ်သားရဲ အချို့ကို ဖမ်းပြီး နည်းပညာအသစ်လေးတွေ စမ်းကြည့်မလို့ပါ ဦးလေး"

ယဲ့ဖျင် လုံးဝ နားမလည်နိုင်ဘဲ "နည်းပညာတွေ စမ်းမယ်"

"ဟုတ်တယ်။ သူတို့ကို အမဲလိုက်ရင်းနဲ့ စမ်းသပ်ကြည့်မှာ"

ရွှီရန်သည် တောနက်ထဲတွင် ကိုယ်ရောင်ဖျောက်ထားပြီး ခရစ္စတယ်သားရဲထံသို့ တိတ်တဆိတ် ချဉ်းကပ်သွားသည်။ သူ၏ မျက်ဝန်းများကို စုစည်းလိုက်ကာ လက်မောင်းကို အသာအယာ ခါလိုက်ရာ စက္ကူခေါက် ပျံလွှားဓားသည် လျှပ်စီးတန်းတစ်ခုအလား ပြေးထွက်သွားတော့သည်။

တိတ်ဆိတ်နေသော တောအုပ်အတွင်း လေခွဲသံမှာ စူးရှစွာ ထွက်ပေါ်လာသည်။

ကုန်းမြင့်အဆင့်သို့ စတင်ဝင်ရောက်ခါစ ခရစ္စတယ်သားရဲသည် ရုတ်တရက် ခေါင်းမော့လိုက်သည်။ ၎င်း၏ ခြေလက်များကို ကွေးညွတ်ကာ အန္တရာယ်မှ လွတ်အောင် ခုန်ရှောင်ရန် ပြင်သော်လည်း ပါးလွှာသော ဓားသွားမှာ ၎င်း၏ မျက်စိရှေ့တွင် လျှပ်စီးတန်းအလား ကြီးမားလာသည်။

"ဖတ်"

သားရဲ၏ လည်ပင်းမှာ ပြတ်တောက်သွားပြီး သွေးများ ကောင်းကင်သို့ ပန်းထွက်သွားတော့သည်။

ကုန်းမြင့်အဆင့် ခရစ္စတယ်သားရဲသည် စူးရှစွာ အော်ဟစ်လျက် မြေပြင်ပေါ်တွင် လူးလိမ့်နေပြီး ၎င်း၏ အပြာနုရောင် အရိုးအတက်များပါသော ခြေလက်များမှာ မြေကြီးနှင့် မှော်ပင်များကို ကုတ်ခြစ်နေတော့သည်။

ဤကဲ့သို့ သန့်ရှင်းမြန်ဆန်လှသော မြင်ကွင်းကို မြင်လိုက်ရသောအခါ...

ယဲ့ဖျင်မှာ အကြီးအကျယ် တုန်လှုပ်သွားရသည်။

"တစ်ခုခုတော့ မှားနေပြီ ဒါက တကယ်ပဲ ခြောက်နှစ်သားလား"

ရွှေရောင်အခြေခံအရည်အချင်းရှိသည့် ပါရမီရှင်ပင် ဖြစ်စေဦးတော့ အသက် ၈ နှစ်မတိုင်မီမှာ ထူးခြားစွမ်းအားရှိသော ကလေးတစ်ဦးမျှသာ ဖြစ်သင့်သည်။ မီတာ ၄၀၀ ကျော် အကွာအဝေးမှနေ၍ ပျံလွှားဓားကို ပစ်လွှတ်ကာ ကုန်းမြင့်အဆင့် ခရစ္စတယ်သားရဲကို သတ်ပစ်ဖို့ဆိုသည်မှာ မဖြစ်နိုင်သောအရာပင်

ကျူးယွီဟန်ကို ကြည့်ပါက သူမသည် ကျောက်တိုင်အဆင့်ကျွမ်းကျင်သူများ၏ လှုပ်ရှားမှုကို နှေးကွေးအောင် ပြုလုပ်နိုင်သော်လည်း ကုန်းမြင့်အဆင့်ကိုမူ မတတ်နိုင်ပေ။ ထိုအဆင့်အတန်း ကွာခြားချက်မှာ အလွန်ပင် ကြီးမားလွန်းလှသည်။

ဒါပေမဲ့ ရွှီရန်က ဘာလုပ်လိုက်တာလဲ။ တစ်ချက်တည်းနဲ့ လည်ပင်းကို လှီးဖြတ်လိုက်တာလေ။

သွေးနှင့်စွမ်းအင် ၃,၀၀၀ ကျော်ရှိသော ခြောက်နှစ်သားလေးက သွေးနှင့်စွမ်းအင် ၁၅,၀၀၀ ခန့်ရှိမည့် ကုန်းမြင့်အဆင့် သားရဲကို ဓားတစ်ချက်တည်းဖြင့် သတ်ပစ်လိုက်ခြင်းမှာ... တကယ့်ကို အဓိပ္ပာယ်မရှိလောက်အောင် ထူးဆန်းလွန်းလှပေသည်။

အကယ်၍ သူ့မျက်စိဖြင့် တပ်အပ်မမြင်ခဲ့ရပါက အသက်ရှစ်နှစ်အောက် ကလေးငယ်တစ်ဦးသည် ဤကဲ့သို့ သဘာဝတရားကို ဆန့်ကျင်သော ကိစ္စရပ်မျိုးကို လုပ်ဆောင်နိုင်သည်ဟု ယဲ့ဖျင် မည်သို့မျှ ယုံကြည်နိုင်မည်မဟုတ်ပေ။

စကြဝဠာ နိယာမတွေရဲ့ ချုပ်ကိုင်မှုတွေက ဘယ်ရောက်ကုန်တာလဲ။

နယူးတန်သည် ခေတ်သစ်ကို မအုပ်ချုပ်နိုင်တော့သည့်တိုင် စကြဝဠာ၏ စည်းမျဉ်းများကပါ မတားဆီးနိုင်တော့ဘူးလား။

ယဲ့ဖျင်သည် ထိုကလေးငယ်၏ ကျောပြင်ကို ကြည့်ကာ မှင်သက်နေမိတော့သည်။

ရွှီရန်မှာမူ အေးဆေးတည်ငြိမ်စွာဖြင့် ခရစ္စတယ်သားရဲ၏ အလောင်းရှေ့တွင် ရပ်နေသည်။

'ဝိညာဉ်ဖမ်းယူခြင်း'

ရွှီရန်သည် ကုန်းမြင့်အဆင့် ခရစ္စတယ်သားရဲ၏ ဝိညာဉ်ကို စက္ကူခေါက် ပျံလွှားဓားအတွင်းသို့ ထည့်သွင်းလိုက်ရာ အပြာနုရောင် အလင်းတန်းများမှာ ဓားသွားအတွင်းသို့ စီးဝင်သွားတော့သည်။

"ဓားရဲ့ မာကျောမှုနဲ့ ထက်မြက်မှုက သိသိသာသာ မြင့်တက်လာတာပဲ။ ဒါ့အပြင် ဒဏ်ရာရသွားရင်တောင် စွမ်းအင်တွေကို စုပ်ယူပြီး ပြန်လည်ပြုပြင်နိုင်စွမ်း ရှိသွားပြီ။ ပိုပြီး ထူးခြားတာက ဓားကို ပစ်လွှတ်လိုက်တဲ့အခါ လမ်းကြောင်းကို ကိုယ်တိုင်ထိန်းချုပ်ပြီး ရန်သူနောက်ကို လိုက်လံတိုက်ခိုက်နိုင်တာပဲ"

ရွှီရန်သည် ပထမတော့ အံ့အားသင့်သွားသော်လည်း နောက်ပိုင်းတွင် အလွန်ဝမ်းသာသွားသည်။

တတိယအဆင့်ရှိ စက္ကူဝိညာဉ် ချည်နှောင်ခြင်းအတတ်မှာ အံ့ဩစရာ မရှိတော့ပေ။ ပစ်လွှတ်လိုက်သည့် ဓားက ရန်သူကို လိုက်လံပစ်မှတ်ထား တိုက်ခိုက်နိုင်ခြင်းမှာ ပြိုင်ဘက်အတွက် အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှပေသည်။

ငါ ဝိညာဉ်တွေ အများကြီး ထပ်ဖမ်းဖို့ လိုတယ်။

ရွှီရန်က တောက်ပစွာ ပြုံးလိုက်ပြီး တောအုပ်အတွင်း သိမ်းငှက်တစ်ကောင်အလား ပျံသန်းလှုပ်ရှားနေသည်။ ခြောက်မိနစ်ခန့်အကြာတွင် ငှက်ပုံသဏ္ဌာန် ကုန်းမြင့်အဆင့် ခရစ္စတယ်သားရဲတစ်ကောင်မှာ သူ၏ ပျံလွှားဓားချက်ဖြင့် လဲကျသွားပြီး ၎င်း၏ ဝိညာဉ်မှာ စက္ကူလင်းနို့ရုပ်အတွင်းသို့ ရောက်ရှိသွားတော့သည်။

"လှုပ်ရှားမှု လျင်မြန်မှုက ၃၀ ရာခိုင်နှုန်း တိုးလာတယ်။ ကင်းလှည့်နိုင်တဲ့ အကွာအဝေးလည်း ပိုဝေးသွားပြီ။ အရင်က ငါ့ပတ်ဝန်းကျင် မီတာ ၅၀၀ အတွင်းမှာပဲ ပျံသန်းနိုင်ပေမယ့် အခုတော့ မီတာ ၁,၀၀၀ အထိ ရောက်သွားပြီ။ သံသယဖြစ်ဖွယ် အရာတွေကို တွေ့တာနဲ့ အလိုအလျောက် သတိပေးချက် ထုတ်ပြန်ပေးတဲ့ စနစ်လည်း ပါဝင်လာပြီ"

တကယ့်ကို အံ့ဩစရာကောင်းလှသည်။

ဒါဆိုရင်တော့ ငါ့ရဲ့ ကိုယ်တိုင်လေ့ကျင့်ရေး စနစ်ကို စတင်တော့မယ်။

ရွှီရန်က ခပ်ပြုံးပြုံးဖြင့် တောအုပ်အတွင်း ကူးလူးပျံသန်းနေသည်။ ခရစ္စတယ်သားရဲတစ်ကောင်နှင့် ဆုံတိုင်း ဓားတစ်ချက်တည်းဖြင့် လည်ပင်းကို အသာအယာ လှီးဖြတ်ကာ သုတ်သင်နေတော့သည်။

ဝိညာဉ်ဖမ်းယူခြင်း +၁...

ဝိညာဉ်ဖမ်းယူခြင်း +၁...

ဝိညာဉ်ဖမ်းယူခြင်း +၁...

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ အဓိက စက္ကူရုပ်အခု ၅၀ လုံး ဝိညာဉ်ဖမ်းယူမှု ပြီးမြောက်သွားချိန်တွင် ရွှီရန်သည် တောအုပ်တစ်ခုလုံးကို ရှင်းလင်းပြီးသား ဖြစ်နေပြီဖြစ်သည်။

"သွေးနှင့်စွမ်းအင် ၄၀,၀၀၀ ရှိတဲ့ ခရစ္စတယ်သားရဲ ဝိညာဉ်ကို ငါ့ရဲ့ အစွမ်းအထက်ဆုံး ဓားပုစဉ်းရင်ကွဲဆီ ပူဇော်လိုက်တာဆိုတော့... တကယ့်ကို အနှိုင်းမဲ့သွားပြီပဲ"

ရွှီရန်သည် သူ၏ လေ့ကျင့်ရေးကို ရပ်နားလိုက်သည်။

သူသည် ဓားပုစဉ်းရင်ကွဲ၏ စွမ်းအားကို ခံစားကြည့်ရင်း ကျေနပ်အားရနေမိသည်။ တစ်ချိန်က သူ့နောက်မှ လိုက်ပါရင်း သရဲတစ္ဆေ ၈ ကောင်ကို သတ်ဖြတ်ပေးခဲ့ပြီး ရေကန်အောက်ခြေက ဝိညာဉ်ဆိုးတွေကို ရှင်းလင်းပေးခဲ့သည့် ထိုဓားပုစဉ်းရင်ကွဲသည် ဝိညာဉ်စွမ်းအား ရရှိပြီးနောက်တွင် အံ့မခန်း အစွမ်းထက်လာခဲ့ပြီ ဖြစ်သည်။ ယခုအခါ ၎င်းသည် သွေးနှင့်စွမ်းအင် ၈၀,၀၀၀ အထိရှိသော သားရဲများနှင့် ဝိညာဉ်ဆိုးများကိုပင် အမဲလိုက်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

"တကယ်ကို အနိုင်မရနိုင်တဲ့ စွမ်းအားပဲ။ အခုကစပြီး မင်းကို ဓားပုစဉ်းရင်ကွဲ အမှတ် ၁ လို့ ခေါ်မယ်"

ရွှီရန်က ခပ်တိုးတိုး ပြုံးလိုက်သည်။

ယနေ့၏ လေ့ကျင့်မှုသည် အလွန်ပင် စိတ်လှုပ်ရှားစရာကောင်းပြီး ရလဒ်ကောင်းများစွာ ရရှိခဲ့သည်။ ခန့်မှန်းခြေအားဖြင့် သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ အနည်းဆုံး ဆယ်ဆမက မြင့်တက်လာခဲ့ချေပြီ။

"ဒီလောက်အထိ စိတ်ကျေနပ်မှုမျိုး မခံစားရတာ ကြာပြီပဲ"

ရွှီရန်သည် သစ်ပင်ပင်စည်ကို မှီကာ ခေတ္တမျှ အနားယူလိုက်သည်။

ယဲ့ဖျင်: "ရွှီရန်လေး... မင်း တကယ်တမ်း ဘာတွေလုပ်နေတာလဲ။ ငါ လုံးဝကို နားမလည်နိုင်တော့ဘူး။ သားရဲတွေကို သတ်ပြီးတဲ့အခါတိုင်း မင်း သူတို့ရဲ့ ဝိညာဉ်စွမ်းအားတွေကို ဖမ်းယူနေသလိုပဲ..."

ရွှီရန်: "ဒါက နားလည်သဘောပေါက်မှုကနေ ရလာတဲ့ နည်းလမ်းတစ်ခုပါပဲ။ ကျွန်တော် ရှင်းပြပေးဖို့ လိုမလား"

ယဲ့ဖျင်က ခေါင်းခါယမ်းလိုက်သည်။

"နောက်ထပ် ရှည်လျားလှတဲ့ စာတမ်းကြီးတစ်စောင်ကို ဖတ်ပြဦးမလို့လား ဒါဆိုရင်တော့ ထားလိုက်ပါတော့"

ရွှီရန်က ပုခုံးတွန့်ပြလိုက်ရင်း "ဒါနဲ့ ဦးလေးယဲ့... ဦးလေးက ဝိညာဉ်ကို မမြင်ရဘူးလား"

ယဲ့ဖျင်၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသည်။

"ဝိညာဉ်စွမ်းအား စုစည်းနေတဲ့ အစုအဝေးတစ်ခုကိုတော့ ခံစားလို့ရတယ်။ ဒါပေမဲ့ ဝေဝါးနေတဲ့ စွမ်းအင်ခန္ဓာတစ်ခုလိုပဲ။ မင်းက အဲဒီစွမ်းအင်ကို စက္ကူရုပ်ထဲ ထည့်လိုက်တာနဲ့ အဲဒီစွမ်းအင်တွေက ပျောက်ကွယ်သွားတာပဲလေ..."

"ဝေဝါးနေတဲ့ စွမ်းအင်ခန္ဓာ ဟုတ်လား။ ဝိညာဉ်ရဲ့ မျက်နှာအသွင်အပြင်တွေနဲ့ ခြေလက်တွေကို ဦးလေး မမြင်ရဘူးလား"

ယဲ့ဖျင်သည် ရုတ်တရက် ကြက်သီးမွေးညင်းများ ထသွားရသည်။

"မင်း... မင်းကတော့ အဲဒီစွမ်းအင်စုကြီးရဲ့ မျက်နှာနဲ့ ခြေလက်တွေကို မြင်နေရတာလား။ ငါ့ကို လာမခြောက်ပါနဲ့ကွာ နောက်ဆုံးပေါ် သုတေသနရလဒ်တွေအရဆိုရင် နတ်ဘုရားတစ်ပါး ဖြစ်လာတဲ့အခါမှပဲ ဝိညာဉ်ခန္ဓာကိုယ်ရဲ့ မျက်နှာအသွင်အပြင်တွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်မှာတဲ့"

ရွှီရန်က ခပ်တိုးတိုး ရေရွတ်လိုက်ရင်း မသိမသာပင် လိမ်ပြောလိုက်သည်။

"ကျွန်တော်လည်း မမြင်ရပါဘူး"

All Chapters