အခန်း (၆၅-၆၆)
Vol. 7 Ch. 65-66
အခန်း။ ၆၅
ဦးလေးယဲ့က သံသယစိတ်ဖြင့် "...မင်း ငါ့ကို အမှန်အတိုင်း ပြောမနေဘူးလို့ပဲ အမြဲခံစားနေရတယ်။ မင်းမှာ တကယ်ပဲ နတ်ဘုရားတစ်ပါးလို မြင်နိုင်စွမ်းရှိနေတာလား ဒါဆိုရင်တော့ အိပ်မက်ဆိုး နာကြည်းမှုမိခင်ကို မင်း သေချာပေါက် ရှာတွေ့နိုင်မှာပဲ"
ရွှီရန်က ဘာမှပြန်မပြောတော့ဘဲ သစ်ရွက်တစ်ရွက်ကို ဆွဲခြွေကာ ပါးစပ်ဖြင့် ကိုက်ထားလိုက်ပြီး သစ်ပင်ပင်စည်ကို ပျင်းရိစွာ မှီထားလိုက်သည်။ ဝင်လုဆဲဆဲ နေရောင်ခြည်၏ နောက်ဆုံးအလင်းတန်းများသည် သူ့အပေါ်သို့ ကျရောက်နေပြီး သူ့ကို ကြည့်ရသည်မှာ အလွန်ပင် စိတ်အေးလက်အေး ရှိနေပုံရသည်။
"ခဏနေရင် မြို့ထဲကို ပြန်ကြမယ်။ ညစာစားပြီးတာနဲ့ ညဘက် မြို့ထဲမှာ လှည့်လည်ရှာဖွေကြတာပေါ့"
ယဲ့ဖျင် အနည်းငယ် အံ့အားသင့်သွားသည်။
"မင်း အိပ်မက်ဆိုး နာကြည်းမှုမိခင်ကို တကယ်ပဲ ရှာတွေ့နိုင်မယ်လို့ ယုံကြည်ချက် ရှိလို့လား"
ရွှီရန်က ခေါင်းခါပြသည်။
"ယုံကြည်ချက်တော့ မရှိပါဘူး"
"စမ်းကြည့်ရုံပါပဲ။ တကယ်လို့ ရှာမတွေ့ရင်တောင် အနည်းဆုံးတော့ ငါ အစွမ်းကုန် ကြိုးစားခဲ့တယ်ဆိုတာ ကျောင်းအုပ်ကြီးကို ပြန်ပြောလို့ ရတာပေါ့"
"ကဲ... မြို့ထဲပြန်ကြရအောင် ဦးလေးယဲ့"
ခေတ္တမျှ အနားယူပြီးနောက် ရွှီရန်သည် အပြန်ခရီးကို စတင်လိုက်သည်။ သူသည် မိုးကုပ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားသော သိမ်းငှက်တစ်ကောင်အလား အလွန်လျှင်မြန်စွာ ပြေးထွက်သွားတော့သည်။
ယဲ့ဖျင်က ချီးကျူးလိုက်သည်။
"ဒီလောက်ငယ်ငယ်လေးနဲ့ တက်ကြွလှချည်လား"
ညအချိန်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ နာရီဝက်အတွင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်အတိကျသွားပြီး ကောင်းကင်ယံတွင် နီမြန်းသော လခြမ်းကွေးလေးတစ်ခုသာ တွဲလွဲခိုနေတော့သည်။ မူလက ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်နေပြီး ပိုးမွှားသံများနှင့် ဝေးကွာသောနေရာမှ ဇီးကွက်အော်သံများကိုသာ ကြားနေရသည်။
သို့သော် ရုတ်တရက် ရွှီရန်ပုံရိပ်မှာ လှုပ်ခါသွားပြီး မှောင်ရိပ်ထဲတွင် ကိုယ်ရောင်ဖျောက်ကာ သစ်ပင်များကြား၌ သတိကြီးစွာ ပုန်းကွယ်လိုက်သည်။ သူသည် အဝေးတစ်နေရာသို့ စိုက်ကြည့်နေမိသည်။
ထူးဆန်းသော လှုပ်ရှားမှုများရှိသည့် သံသယဖြစ်ဖွယ် လူမည်းရိပ် လေးခုသည် အိတ်သုံးအိတ်ကို သယ်ဆောင်လျက် မြက်ခင်းပြင်ပေါ်တွင် လျင်မြန်စွာ ဖြတ်သန်းသွားကြသည်။
"ဟဲ... ဟဲ... မြို့ထဲက ကင်းလှည့်တာတွေ ဘယ်လောက်ပဲ တင်းကျပ်ပါစေ။ ငါတို့မှာ နတ်ဘုရားပေးတဲ့ မှော်လက်ဖွဲ့တွေ ရှိတာပဲ။ ကလေးအနည်းငယ်လောက် ဖမ်းရတာ ဘာမှ မခက်ပါဘူး"
"နတ်ဘုရား ခြေလှမ်းလက်ဖွဲ့၊ အသံလုံလက်ဖွဲ့၊ သွေးနဲ့စွမ်းအင် မြှင့်တင်တဲ့ လက်ဖွဲ့... အားလုံးက ပစ္စည်းကောင်းတွေချည်းပဲ ဟဲ... ဟဲ..."
"ပူဇော်ဖို့အတွက် ကလေးတွေ များများဖမ်းနိုင်သရွေ့ ငါတို့အားလုံး မကြာခင် တောင်တန်းအဆင့် ကျင့်ကြံသူတွေ ဖြစ်လာတော့မှာ ငါတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ဆိုတာ လွယ်လွယ်လေးပဲ"
ထိုလေးဦးမှာ အချင်းချင်း တိုးတိုးဖော်ဖော်ဖြင့် တက်ကြွစွာ စကားပြောနေကြသည်။
ယဲ့ဖျင်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ အနီးအနားတွင် ပုန်းကွယ်ကာ ချောင်းနားထောင်နေသော ရွှီရန်မျက်ဝန်းများမှာမူ တောက်ပသွားတော့သည်။
ကလေးသူခိုး ဂိုဏ်းနဲ့ တိုးတာပဲလား။ ကောင်းပြီလေ... ငါသာ အဖမ်းခံရတဲ့ဟန် ဆောင်လိုက်ရင် ဒုတိယအကြိမ်မြောက် ပြန်ပေးဆွဲခံရခြင်းတာဝန်ကို အလွယ်တကူ ပြီးမြောက်သွားနိုင်မလား။
စနစ်ရဲ့ ဟာကွက်ကို အသုံးချပြီး ဒုတိယအကြိမ်မြောက် အဖမ်းခံရခြင်း တာဝန်ကို ပြီးမြောက်အောင် လုပ်လိုက်မယ်ဆိုရင် နောက်နောင် ဒါအတွက် အမြဲတမ်း သတိထားနေစရာ မလိုတော့ဘူး။
တကယ့်ကို ကောင်းမွန်တဲ့ အကြံစည်ပဲ မဟုတ်ဘူးလား။
ရွှီရန်သည် သူ၏ ထိုးထွင်းဉာဏ်ကို သူ့ဘာသာပင် အလွန်အံ့ဩမိသွားပြီး တကယ့်ကို ထက်မြက်လွန်းသည်ဟု ခံစားလိုက်ရသည်။
"ဦးလေးယဲ့ ကျွန်တော် သူတို့အဖမ်းခံရသလို ဟန်ဆောင်ပြီး သူတို့ရဲ့ စခန်းအထိ လိုက်သွားမယ်။ ဦးလေးက နောက်ကနေ တိတ်တဆိတ် လိုက်ခဲ့ပြီး အကုန်လုံးကို တစ်ခါတည်း အမြစ်ပြတ် ဖမ်းကြတာပေါ့ ဘယ်လိုလဲ"
ယဲ့ဖျင်က ဇဝေဇဝါဖြစ်သွားသည်။
"ဘာလို့ အဖမ်းခံရတဲ့ဟန် ဆောင်မှာလဲ နောက်ကနေပဲ တိတ်တဆိတ် လိုက်သွားလို့ မရဘူးလား။ မင်းရဲ့ ကိုယ်ရောင်ဖျောက်အတတ်နဲ့ ငါ့ရဲ့ အငွေ့အသက်ဖျောက်တဲ့ နည်းစနစ်တွေရှိရင် ကျောက်တိုင်အဆင့်အနှောင်းပိုင်းလောက်ပဲရှိတဲ့ ဒီကောင်တွေ ငါတို့ကို ဘယ်လိုမှ ရှာတွေ့မှာ မဟုတ်ဘူး"
"ဒါကလည်း မင်းရဲ့ လေ့ကျင့်ရေး ကစားကွက်တစ်ခုပဲလား"
"ဘာပဲဖြစ်ဖြစ်... ကျွန်တော်ပြောသလိုပဲ လုပ်ပေးပါ"
ရွှီရန်က ထပ်မရှင်းပြတော့ဘဲ ချုံပုတ်ထဲမှ အပြေးအလွှား ထွက်လာကာ အော်ဟစ်အကူအညီတောင်းလိုက်သည်။
"ကယ်ကြပါဦး ဒီမှာ ခရစ္စတယ်သားရဲကြီးရှိလို့ ခရစ္စတယ်သားရဲကြီးပါ"
လူမည်းရိပ် လေးခု၏ ကောက်ကျစ်သော မျက်လုံးများသည် ရွှီရန်ထံသို့ ချက်ချင်း ကျရောက်လာတော့သည်။
"ဟဲ... ဟဲ... ဒီမှာ နုနုနယ်နယ် ကလေးလေးတစ်ယောက် ပါလားဟေ့ ဖမ်းလိုက်စမ်း ပူဇော်ဖို့အတွက် ခေါ်သွားမယ်"
ယိမ်းထိုးနေသော လနီရောင်အောက်တွင် ထိုလူမည်းရိပ် လေးခုသည် ယုတ်မာသော အပြုံးများကို ပြိုင်တူ ပြုံးလိုက်ကြသည်။
"ဝှစ်... ဝှစ်... ဝှစ်..."
ရွှီရန်ရဲ့ နောက်ကြောင်းကိုတောင် မမေးမြန်းတော့ဘဲ သူတို့သည် ရွှီရန်ကို လျင်မြန်စွာ တင်းတင်းကျပ်ကျပ် ချည်နှောင်လိုက်ကြသည်။
သူတို့၏ ချည်နှောင်သည့် နည်းစနစ်မှာ အဆင့်မြင့်လှသည်။ မတော်တဆမှုများ မဖြစ်စေရန်အတွက် ရွှီရန်ပါးစပ်ထဲသို့ အဝတ်စတစ်ခု ထည့်ဆို့ကာ ခိုင်ခံ့သော အိတ်တစ်အိတ်ထဲသို့ပါ ထည့်လိုက်ကြသည်။
"သေချာ ချည်ထားစမ်း။ နတ်ဘုရားတွေက ဒီလို နုနုနယ်နယ် ကလေးတွေကို သဘောကျတာကွ ဟဲ... ဟဲ..."
ယခုအခါတွင်မူ...
လူမည်းရိပ် တစ်ယောက်ချင်းစီ၏ ပုခုံးပေါ်တွင် အိတ်အမည်း တစ်လုံးစီ ရှိနေပြီဖြစ်သည်။
"ဒီနေ့တော့ ကံကောင်းတာပဲဟေ့"
"နတ်ဘုရား ခြေလှမ်းလက်ဖွဲ့... သွားကြစို့"
ယဲ့ဖျင်မှာ ကြောင်ကြည့်နေမိသည်။
"နတ်ဘုရား ခြေလှမ်းလက်ဖွဲ့လား အတော်လေး မြန်တာပဲ"
သူသည် ရွှီရန်ထံတွင် တစ်စုံတစ်ရာ ဘေးအန္တရာယ် မကျရောက်စေရန်အတွက် နောက်မှ အမြန်လိုက်ပါသွားတော့သည်။
အိတ်အတွင်း၌ လေတိုးသံများကို နားထောင်ရင်း ရွှီရန်မျက်လုံးများမှာ တောက်ပနေသည်။ သူသည် စက္ကူခေါက်ပညာကို သုံး၍ ဤကြိုးများနှင့် အိတ်ကို ချက်ချင်း လှီးဖြတ်ကာ ထိုလူလေးဦးကို မျက်စိတစ်မှိတ်အတွင်း သတ်ပစ်နိုင်သော်လည်း သူ ထိုသို့ မလုပ်ခဲ့ပေ။
သူသည် သူတို့၏ စခန်းသို့သွားပြီး လျှို့ဝှက်ချက်များကို စုံစမ်းချင်နေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏ စကားဝိုင်းမှာ အလွန်ထူးဆန်းနေသောကြောင့် ဖြစ်သည်။ ကလေးများကို နတ်ဘုရားထံ ပူဇော်ခြင်းဖြင့် နတ်ဘုရား ခြေလှမ်းလက်ဖွဲ့၊ အသံလုံလက်ဖွဲ့နှင့် သွေးနှင့်စွမ်းအင် မြှင့်တင်သည့် လက်ဖွဲ့များကို ရရှိနိုင်သည်ဟု ပြောနေကြသည်။
ကျင်းမြို့တော် အနီးအနားမှာ နတ်ဘုရားတွေ ရှိနေတာလား။ အထွေထွေစီမံခန့်ခွဲရေးရုံးက ကျင့်ကြံသူတွေကရော ဒါကို ဘာလို့ မသိကြတာလဲ။
ပူဇော်သက္ကာတွေနဲ့ ရတနာလက်ဖွဲ့တွေကို လဲလှယ်နေတာဆိုရင်တော့ ဒါက တရားဝင်တဲ့ နတ်ဘုရား မဟုတ်တာ သေချာတယ်။
ထို့အပြင် ဤလက်ဖွဲ့များမှာ လက်ရှိ လူသားကျင့်ကြံမှုစနစ်ကတောင် မတီထွင်နိုင်သေးသည့် အရာများ ဖြစ်သည်။ သို့သော် ဤနတ်ဘုရားဆိုသူက သူတို့ကို ပေးသနားနိုင်နေသည်ပြောခြင်းမှာ...
ဘာတွေ ဖြစ်ပျက်နေတာလဲ
ဒါက အိပ်မက်ဆိုး နာကြည်းမှုမိခင်နဲ့များ ပတ်သက်နေမလား။
အခန်း။ ၆၆
"ဒါက အိပ်မက်ဆိုး နာကြည်းမှုမိခင်နဲ့တော့ ပတ်သက်မှာ မဟုတ်ဘူး..."
"အိပ်မက်ဆိုး နာကြည်းမှုမိခင်က ပုန်းလျှိုးကွယ်လျှိုးနေတတ်တဲ့ အမျိုးအစားဖြစ်ပြီး နတ်ဘုရားတစ်ပါးအဖြစ် သတ်မှတ်ခံရဖို့လည်း မတန်ဘူး"
"တကယ်လို့ နာကြည်းမှုမိခင်က နတ်ဘုရားအဆင့်ရှိတဲ့ သတ္တဝါဖြစ်နေရင်တောင် ဒီလူလေးယောက် ပူဇော်နေတဲ့ နတ်ဘုရားက သူမ ဖြစ်မှာမဟုတ်ဘူး။ တခြားတစ်ခုခုပဲ ဖြစ်ရမယ်..."
"ဘာလို့လဲဆိုတော့ နာကြည်းမှုမိခင်က လက်ဖွဲ့လိုမျိုး စွမ်းရည်တွေကို တစ်ခါမှ မသုံးခဲ့ဖူးဘူးလေ။ ဒီစွမ်းရည်နှစ်ခုက တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်ပဲ"
ရွှီရန်သည် အိတ်ထဲ၌ အလေးအနက် ခွဲခြမ်းစိတ်ဖြာနေတော့သည်။
အမှန်စင်စစ် ထို နတ်ဘုရားဆိုသူမှာ ဘယ်သူလဲဆိုသည့်အချက်မှာ ပဟေဠိတစ်ခု ဖြစ်နေဆဲပင်။ လက်ရှိရရှိထားသော သတင်းအချက်အလက်များဖြင့် အဖြေထုတ်ရန် မဖြစ်နိုင်သေးသဖြင့် ရွှီရန်သည် မျက်စိမှိတ်ကာ အနားယူလိုက်သည်။
အမှန်အတိုင်း ပြောရလျှင် တစ်ဖက်လူ၏ ပုခုံးပေါ်တွင် ထမ်းခံရပြီး ယိမ်းထိုးနေသည်မှာ အသားခက်ရင်းခွင်ထဲ ရောက်နေသကဲ့သို့ အိပ်ချင်စရာ ကောင်းလှသည်။ ဦးလေးယဲ့ကလည်း နောက်ကပါနေသည်ဆိုတော့ ရွှီရန်မှာ အေးဆေးစွာပင် အိပ်ပျော်သွားတော့သည်။
"ဘုန်း"
သံသယဖြစ်ဖွယ် လူရိပ်လေးခုသည် သေချာစွာ ဖုံးကွယ်ထားသော တောင်ဂူတစ်ခုအတွင်းသို့ ဝင်ရောက်လာပြီး အိတ်များကို မြေပြင်ပေါ်သို့ ရိုင်းစိုင်းစွာ ပစ်ချလိုက်ကြသည်။ ဂူနံရံနှင့် အိတ်များပေါ်တွင် ဖယောင်းတိုင်မီးရောင်များမှာ ဟိုဟိုဒီဒီ လှုပ်ခါနေသည်။
"ဒီငတုံးကလေးကတော့ အိပ်တောင် ပျော်နေပါလား တကယ့် အရူးပဲ"
ထိုလေးဦးသည် ရွှီရန်ကို သေချာစွာ စစ်ဆေးနေကြသည်။ မျက်စိစွေပြီး ပါးစပ်ရွဲနေသော ခေါင်းဆောင်ဖြစ်သူက ဝေခွဲမရဟန်ဖြင့် "ဒီကလေးက ပြဿနာမရှိနိုင်ဘူး မဟုတ်လား" ဟု မေးသည်။
တြိဂံပုံ မျက်နှာရှိသော ဒုတိယခေါင်းဆောင်က "ဘာပြဿနာရှိမှာလဲ ဆင်းရဲတဲ့အိမ်က ဖြစ်မှာပေါ့။ အပြင်ထွက်ပြီး ခရစ္စတယ်သားရဲအသား ရှာစားမလို့ နေမှာပါ။ အရင်ကလည်း ဒီလိုကလေးမျိုး တစ်ဒါဇင်ကျော် ဖမ်းခဲ့တာပဲ မဟုတ်လား" ဟု စိတ်ချလက်ချ ပြောလိုက်သည်။
ခွေးလျှာနှင့်တူသော မျက်နှာရှိသူ တတိယမြောက်လူက တံတွေးထွေးရင်း "ဟဲ... သူက အပြင်မှာ တန်ခိုးအစွမ်းတွေ ရှာတွေ့မယ်များ ထင်နေတာလား။ သိုင်းဝတ္ထုတွေ ဖတ်တာ များသွားပုံရတယ်။ အပြင်မှာ ရှာတွေ့မှာက ငါတို့လို လူဆိုးတွေပဲရှိတာကွ"
စတုတ္ထမြောက်လူက ရယ်မောကာ "မဟုတ်ဘူးလေ... တန်ခိုးအစွမ်းတွေ ရှာတွေ့နိုင်ပါတယ်။ ဒီကလေးတွေက ငါတို့အတွက် တန်ခိုးအစွမ်းတွေပဲပေါ့ ဟီးဟီး"
ထိုလေးဦးသည် ထူးဆန်းသော ရယ်သံများကို ပြိုင်တူထုတ်လိုက်ကြရာ ဂူနံရံပေါ်ရှိ သူတို့၏ အရိပ်များမှာလည်း အောင်နိုင်သူများအလား တုန်ခါနေကြသည်။
"ပူဇော်သက္ကာတွေကို လေကောင်းလေသန့် နည်းနည်းပေးလိုက်ကြရအောင်"
သူတို့သည် အိတ်ကို ဖြေလိုက်ကြရာ အကြည့်ချင်း ဆုံမိလိုက်သော ရွှီရန်ထံသို့ သူတို့၏ နက်မှောင်သော မျက်ဝန်းများမှ ယုတ်မာသော အလင်းတန်းများ ကျရောက်လာသည်။
"အသက်ရှင်နေတုန်းပဲ အဆင့်မြင့် ပူဇော်သက္ကာပဲ။ အထူးသဖြင့် ဒီလို အသားနုနုကလေးကို အထက်နတ်ဘုရားက သေချာပေါက် သဘောကျမှာ"
"ငါတို့ ပူဇော်သက္ကာ အခု ၂၀ ဆက်တိုက် လုပ်ခဲ့ပြီးပြီ။ အထက်နတ်ဘုရားက သေချာပေါက် ကျေနပ်ပြီး သွေးနှင့်စွမ်းအင် မြှင့်တင်သည့် လက်ဖွဲ့ကို ပေးတော့မှာ။ ငါတို့လက်ထဲ ရောက်ခါနီးပြီဟေ့"
တတိယမြောက်လူက ရူးသွပ်စွာ တဟီးဟီး ရယ်မောရင်း "သွေးနဲ့စွမ်းအင် လက်ဖွဲ့... ဟီးဟီး... ငါ့ရဲ့ လက်ဖွဲ့ကြီး သွေးနဲ့စွမ်းအင် ၁၀,၀၀၀ တိုးလာမှာကွ"
"လက်ဖွဲ့တစ်ချက်က သွေးနဲ့စွမ်းအင် တန်ဖိုး ၁၀,၀၀၀ ပေးတယ်။ လတိုင်း တစ်ခုစီ လဲလို့ရတယ်ဆိုတော့... နောက်ခြောက်လဆိုရင် ငါတို့ ညီအစ်ကိုလေးယောက်လုံး တောင်တန်းအဆင့် ကျွမ်းကျင်သူတွေ ဖြစ်ပြီပေါ့"
တတိယလူက သူ၏ နှုတ်ခမ်းကို လျှာဖြင့် ရူးသွပ်စွာ သပ်လိုက်ရာ သူ၏ မျက်လုံးများမှာ အစိမ်းရောင် တောက်လာသည်။
ခေါင်းဆောင်ဖြစ်သူက သတိပေးလိုက်သည်။
"ညီလေး... လောဘမကြီးနဲ့ စိတ်လည်း မလောနဲ့ ဒီတစ်ခါပြီးရင် ငါတို့ ခဏ ငြိမ်နေကြရမယ်"
"မှတ်ထား... ကျင်းမြို့တော်ရဲ့ စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့က အပျော့အညံ့တွေ မဟုတ်ဘူး။ ငါတို့ အမိခံရရင် နေရာတင် အသတ်ခံရမှာ"
တြိဂံမျက်နှာနှင့် ဒုတိယလူကလည်း ထောက်ခံလိုက်သည်။
"ခေါင်းဆောင် ပြောတာမှန်တယ်။ ငါတို့မှာ အချိန်တွေ အများကြီး ရှိပါသေးတယ်။ ဆက်တိုက်ကြီး မလုပ်နဲ့။ စုံစမ်းစစ်ဆေးရေးသမားတွေ ပေါ့သွားတဲ့အထိ စောင့်ပြီးမှ ပြန်စကြတာပေါ့။ ဘေးကင်းဖို့က အဓိကပဲ"
တတိယလူက သူ၏ သွားရည်များကို သုတ်လိုက်ရင်း "ခေါင်းဆောင်နဲ့ ဒုတိယကိုကြီး ပြောတာ မှန်ပါတယ် ဟီးဟီး"
စတုတ္ထမြောက်လူက အလျင်စလို တိုက်တွန်းလိုက်သည်။
"မြန်မြန်လုပ်ကြရအောင် အစ်ကိုတို့ ပူဇော်ပွဲ စကြစို့ ငါတော့ သွေးနဲ့စွမ်းအင် လက်ဖွဲ့ကို သုံးချင်လှပြီ"
တြိဂံမျက်နှာနှင့် ဒုတိယလူကလည်း "ငါလည်း ယားကျိကျိ ဖြစ်နေပြီ။ ဒီလက်ဖွဲ့ကို မသုံးရတာ ကြာတော့ တစ်ကိုယ်လုံး ခြပုရွက်တွေ တက်နေသလိုပဲ ခံစားနေရတယ်" ဟု ထပ်လောင်းပြောလိုက်သည်။
"ကောင်းပြီ... အထက်နတ်ဘုရားဆီ ပူဇော်ပြီး လက်ဖွဲ့တွေကို သွားယူကြတာပေါ့"
မျက်စိစွေပြီး ပါးစပ်ရွဲနေသော ခေါင်းဆောင်ဖြစ်သူက သူ၏လျှာဖြင့် နှုတ်ခမ်းကို လျက်ကာ ညီအစ်ကိုများကို ဦးဆောင်၍ ပူဇော်သက္ကာလေးခုကို ဂူ၏ အနက်ရှိုင်းဆုံးနေရာသို့ တရွတ်တိုက် ဆွဲခေါ်သွားတော့သည်။
အခြားဂူများနှင့်မတူဘဲ ဤနေရာတွင် သူတို့သည် တောင်အတွင်း၌ ၃ မီတာပတ်လည်ခန့်ရှိသော သီးသန့်ကျောက်ခန်းတစ်ခုကို ထွင်းထုထားသည်။ ကျောက်ခန်း၏ အရှေ့ဘက်နံရံတွင် ဘုရားကျောင်းဆောင်ငယ်တစ်ခုကို ထပ်မံထွင်းထုထားပြီး...
၎င်းအတွင်း၌ နတ်ဘုရားရုပ်တု တစ်ခု ရှိနေသည်။
ရုပ်တု၏အရောင်မှာ အနီရင့်ရောင်ဖြစ်ပြီး တစ်ကိုယ်လုံးတွင် တောက်ပသော ရွှေရောင်လက်ဖွဲ့များ ကပ်ထားသည်။ ရုပ်တု၏ မျက်နှာထားမှာ အေးချမ်းတည်ငြိမ်နေသော်လည်း ထိုသူ၏ အနည်းငယ် ပြုံးယောင်သန်းနေသော အမူအရာမှာ ဖော်ပြမတတ်အောင်ပင် ထူးဆန်းခြောက်ခြားဖွယ် ကောင်းလှသည်။
ရွှီရန်သည် အသံမထွက်ဘဲ ကြိုးများကို ချက်ချင်းဖြတ်တောက်လိုက်သည်။ သူသည် စူးစမ်းလိုစိတ်ဖြင့် ရုပ်တုနှင့် ၎င်းတွင်ကပ်ထားသော လက်ဖွဲ့များကို ကြည့်လိုက်သည်။
ရွှေရောင်လက်ဖွဲ့များပေါ်တွင် သွေးရောင်လိုင်းများရှိပြီး ၎င်းတို့မှာ လက်ဖွဲ့ပေါ်တွင် တွားသွားနေသော မြွေများအလား ကြောက်မက်ဖွယ်ကောင်းလှသည်။
ထိုခဏမှာပင်...
ရွှီရန်သည် ခြေဖျားမှသည် ခေါင်းအထိ စိမ့်တက်သွားသော ထိတ်လန့်မှုကို ခံစားလိုက်ရသည်။
အန္တရာယ်
ဤအန္တရာယ်မှာ သာမန်သားရဲတစ်ကောင်နှင့် ရင်ဆိုင်ရသကဲ့သို့ မဟုတ်ဘဲ နှစ်ပေါင်းထောင်ချီကြာသော ရေခဲဝိညာဉ်တစ်ခုက ကျောပြင်ကို ကပ်လျက် အအေးဓာတ်ဖြင့် မှုတ်ထုတ်နေသကဲ့သို့ ယုတ်မာညစ်ထေးလှသည်။
ရွှီရန် အံ့အားသင့်သွားရသည်။
"မင်းတို့က ကလေးတွေကို ဖမ်းပြီး ဒီအရာဆီ ပူဇော်တယ် ဒါကလည်း မင်းတို့ကို လက်ဖွဲ့တွေ ပြန်ပေးတယ်ပေါ့"
ခေါင်းဆောင်ဖြစ်သူမှာ မှင်သက်သွားပြီးနောက် သူ၏မျက်နှာတွင် ယုတ်မာရူးသွပ်သော အမူအရာများ ဖုံးလွှမ်းသွားသည်။
"ဘာလဲ... မင်းက အကြောင်းရင်းကို သိပြီးမှ သေချင်တာလား စိတ်ကူးမယဉ်စမ်းနဲ့ မကြာခင် အထက်နတ်ဘုရား ထွက်လာပြီး မင်းရဲ့ အသားတွေကို ဝါးစားတော့မှာ။ မင်းရဲ့ အရိုးတွေကို တစ်စစီ ကိုက်ဖြတ်စားသောက်တာကို ခံစားရတော့မှာကွ"
"အခု ငါတို့ အထက်နတ်ဘုရားကို မင်းရှေ့ကို ပင့်ဖိတ်တော့မယ်... မင်းမသေခင် နောက်ဆုံးအကြိမ် မြင်သွားရအောင်လို့ပေါ့..."
သူ၏စကားပင် မဆုံးသေးခင်...
ဓားပုစဉ်းရင်ကွဲ အမှတ် ၁ သည် လျှပ်စီးအလား ပြေးထွက်သွားတော့သည်။
ခေါင်းဆောင်၏ လည်ပင်းမှာ ချက်ချင်း အလှီးခံလိုက်ရပြီး လက်ချောင်းများကြားမှ သွေးများ ပန်းထွက်လာသည်။
"ခေါင်းဆောင်"
"ကိုကြီး"
ဘာဖြစ်သွားမှန်း မသိလိုက်သော ကျန်ညီအစ်ကို သုံးဦးမှာ အနောက်သို့ အလန့်တကြား ဆုတ်ခွာသွားပြီး ဒဏ်ရာပြင်းထန်စွာ ရထားသော ခေါင်းဆောင်ကို ကာကွယ်လိုက်ကြသည်။
ခေါင်းဆောင်ဖြစ်သူသည် မယုံကြည်နိုင်သော မျက်လုံးများဖြင့် ရွှီရန်ကို စိုက်ကြည့်ရင်း "မင်း... မင်းက ဘယ်လိုလုပ် ငါ့ကို သတ်လိုက်တာလား တကယ့်ကို မြန်တဲ့ ဓားချက်ပဲ"
ရွှီရန်က ခပ်အေးအေး ပြုံးလိုက်ကာ "ဟုတ်တယ်... ငါ့ဓားက တကယ်ကို မြန်တယ်" ဟု ပြောလိုက်သည်။
နောက်တစ်စက္ကူန့်တွင်...
ဒုတိယ၊ တတိယနှင့် စတုတ္ထမြောက် လူများမှာလည်း သူတို့၏ လည်ပင်းများကို ပြိုင်တူ ဆုပ်ကိုင်လိုက်ကြရသည်။
"ဟားဟားဟာ……"
"ဟားဟားဟား…."
သူတို့၏ လည်ချောင်းများမှ သွေးများ ပန်းထွက်နေသော်လည်း တုန်တုန်ရင်ရင်ဖြင့် သူတို့၏ အိတ်ကပ်ထဲမှ တောက်ပသော ရွှေရောင်လက်ဖွဲ့တစ်ခုစီကို ထုတ်ကာ လည်ပင်းတွင် ကပ်လိုက်ကြသည်။
"ဒဏ်ရာပျောက်ကင်းစေတဲ့ လက်ဖွဲ့"