← Chapters

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း။ ၆၇

ထိုလူလေးဦး၏ လည်ပင်းမှ ဒဏ်ရာများမှာ မျက်စိရှေ့တင် သိသိသာသာ ပြန်လည်ကျက်သွားတော့သည်။

"နတ်ဘုရား ခြေလှမ်းလက်ဖွဲ့ ဒိုင်းလွှားလက်ဖွဲ့"

သူတို့လေးဦးသည် သုတို့ကိုယ်ပေါ်သို့ လက်ဖွဲ့များကို အလုအယက် ကပ်လိုက်ကြပြီး ထွက်ပြေးရန် ပြင်ကြတော့သည်။ သို့သော် ထိုခဏမှာပင်...

ယဲ့ဖျင်၏ စိတ်ဝိညာဉ်စွမ်းအားမှာ တောင်ကြီးတစ်လုံးအလား ရုတ်တရက် ကျရောက်လာပြီး သူတို့လေးဦးကို ဖိနှိပ်လိုက်သည်။ ဂုန်းဆိုသော အသံနှင့်အတူ သူတို့အားလုံး ဒူးထောက်ကျသွားပြီး ဒူးဆစ်အရိုးများပါ ကြေမွသွားတော့သည်။

"အားးးးး"

မမြင်ရသော အားအင်တစ်ခု၏ ဖိနှိပ်မှုကြောင့် သူတို့၏ ရုပ်ဆိုးလှသော မျက်နှာများမှာ မြေပြင်နှင့် တင်းတင်းကျပ်ကျပ် ကပ်သွားကာ အသွင်သဏ္ဌာန်ပင် ပျက်ယွင်းသွားရသည်။ သူတို့သည် လုံးဝ ထိတ်လန့်သွားကြသည်။

နုနယ်လှသော ကလေးငယ်တစ်ဦးကပင် သူတို့ကို ဒုက္ခပေးနိုင်နေပြီဖြစ်ရာ ယခု သူ၏နောက်ကွယ်မှ တောင်ကြီးတစ်လုံးအလား အရှိန်အဝါကြီးမားသော ပုဂ္ဂိုလ်ကြီး ပေါ်လာချိန်တွင်မူ... သူတို့အတွက် မျှော်လင့်ချက် လုံးဝ မရှိတော့ပေ။

"အထက်နတ်ဘုရား... ကျွန်တော်တို့ကို ကယ်ပါဦး"

"ကျွန်တော်တို့က အရှင်ဘုရားရဲ့ သစ္စာရှိ နောက်လိုက်တွေပါ"

"အရှင်ဘုရားပဲ ကျွန်တော်တို့ကို လမ်းဖွင့်ပေးနိုင်ပါတယ်... အားးး"

သူတို့သည် ရူးသွပ်စွာ အော်ဟစ်အကူအညီတောင်းနေကြသော်လည်း သူတို့ကို ကြိုဆိုနေသည်မှာ ကယ်တင်ခြင်းမဟုတ်ဘဲ အသွင်ကူးပြောင်းခြင်းသာ ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်များမှာ ရုတ်တရက်ပင် မမ်မီရုပ်ကြွင်းများအဖြစ် ခြောက်ကပ်သွားပြီး သူတို့၏ ရင်ဘတ်ထဲမှ တောက်ပသော သွေးနီရောင် စွမ်းအင်လုံးလေးခုမှာ လျှို့ဝှက်ဆန်းကြယ်သော ရုပ်တုအတွင်းသို့ စီးဝင်သွားတော့သည်။

ထိုရုပ်တုမှာ ပြင်းထန်စွာ တုန်ခါလာပြီးနောက် ရွှေရောင်မျက်လုံးကြီးမှာ ရုတ်တရက် ပွင့်လာသည်

"ငါ့ရဲ့ နတ်ဘုရားပုံရိပ်ကို မြင်ရပါလျက်နဲ့ ဘာလို့ မကိုးကွယ်ကြတာလဲ"

ယဲ့ဖျင်သည် ပုံရိပ်ကို ဖော်ပြလိုက်ကာ ရုပ်တု၏ ဖုံးကွယ်ထားသော အသွင်ကို စူးစိုက်ကြည့်ရင်း "တိုက်ခိုက်နိုင်စွမ်းမရှိဘဲ နတ်ဘုရားဟန်ဆောင်နေတဲ့ မင်းကများ... ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားလို့ ခေါ်ဝံ့သေးတယ်လား"

"မင်း အခုပဲ ထွက်လာပြီး အသေခံမလား ဒါမှမဟုတ် ငါကပဲ မင်းကို ဖုန်မှုန့်ဖြစ်အောင် ချေမှုန်းပေးရမလား"

ရုပ်တု၏ မျက်လုံးများမှာ ပြောင်းလဲသွားပြီး ယဲ့ဖျင်ကို နာကြည်းစွာ စိုက်ကြည့်နေသည်။

"ငါ့ရဲ့ နတ်ဘုရားကို စော်ကားသူ မှန်သမျှ သေရမယ်"

ယဲ့ဖျင်က နှာခေါင်းရှုံ့လိုက်ရင်း "မင်းက စကားပဲ တတ်တာလား"

ထိုသို့ပြောပြီး သူ၏လက်ကို မြှောက်လိုက်ရာ မီတာဝက်ခန့်ရှိသော အဖြူရောင် အလင်းလုံးကြီးတစ်ခုမှာ ကျောက်ခန်းအတွင်း၌ နေ့ခင်းဘက်အလား တောက်ပသွားသည်။ ထိုသန့်စင်ခြင်း အလင်းတန်းသည် ရုပ်တုထံသို့ အလင်းနှုန်းဖြင့် ပြေးထွက်သွားတော့သည်။

ရုပ်တုမှာ မရုန်းမကန်ဘဲ ယဲ့ဖျင်နှင့် ရွှီရန်ကိုသာ နာကြည်းစွာ စိုက်ကြည့်နေသည်။

"ဘုန်း"

အလင်းတန်းမှာ ရုပ်တုကို ချေမှုန်းလိုက်ပြီး ပြင်းထန်သော စွမ်းအင်ကြောင့် တောင်အတွင်း၌ အပြင်ဘက်သို့ ပေါက်ထွက်သွားသော ဥမင်လိုဏ်ခေါင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ အပြင်ဘက်မှ လနီရောင်မှာ ဂူအတွင်းသို့ ငုံ့ကြည့်နေသကဲ့သို့ ဖြစ်နေသည်။

"ငါ့ရဲ့ နတ်ဘုရားကို စော်ကားသူ မှန်သမျှ သေရမယ်"

ရုပ်တုမှာ အမှုန့်ဖြစ်သွားပြီး အမည်းရောင် ညစ်ညမ်းမှုများအဖြစ် ပြောင်းလဲသွားသည်။ ပျက်စီးသွားသည့်တိုင် ရုပ်တုထံမှ ကြောက်လန့်မှု မရှိဘဲ ယုတ်မာသော ရယ်သံများမှာ ဂူအတွင်း ပဲ့တင်ထပ်နေဆဲဖြစ်သည်။

"ငါ့ရဲ့ တာဝန် ပြီးဆုံးသွားပြီ။ မင်း ငါ့ကို ဖျက်ဆီးနိုင်လည်း ဘာဖြစ်လဲ ဒါက ရုပ်တုတစ်ခုပဲ ရှိသေးတာ။ ငါ့ရဲ့ နတ်ဘုရားက ရုပ်နာမ်ကင်းမဲ့သွားပြီ။ ငါ့ရဲ့ လက်ဖွဲ့တွေက သတ္တဝါပေါင်း ကုဋေကုဋာကို အကျိုးပြုပြီး ငါ့နတ်ဘုရားက အမြင့်ဆုံးနေရာကို ရောက်သွားလိမ့်မယ်"

ရွှီရန် မျက်မှောင်ကြုတ်လိုက်သည်။

"တကယ့်ကို မောက်မာတာပဲ"

ယဲ့ဖျင်က သက်ပြင်းချကာ "သူပြောတာလည်း မမှားဘူး။ သူ့ရဲ့ လက်ဖွဲ့တွေက တကယ့်ကို ကြောက်စရာကောင်းတယ်။ ခြေလှမ်းလက်ဖွဲ့က သာမန်လူတွေကို တောင်တန်းအဆင့်နဲ့ အရှိန်တူအောင် လုပ်ပေးနိုင်တယ် ဒဏ်ရာပျောက်လက်ဖွဲ့က လည်ပင်းပြတ်တာကိုတောင် ချက်ချင်း ပြန်ဆက်ပေးနိုင်တယ်"

"ကျင့်ကြံသူတွေက တစ်ဘဝလုံး ကြိုးစားမှ ရနိုင်တာတွေကို ကလေးအနည်းငယ် ပူဇော်ရုံနဲ့ ရနိုင်တယ်ဆိုတော့... ဘယ်လောက်တောင် များပြားတဲ့ ကျင့်ကြံသူတွေက သူတို့ရဲ့ အသိတရားကို စွန့်လွှတ်ပြီး ဒီနတ်ဘုရားဆိုးရဲ့ နောက်လိုက်တွေ ဖြစ်ကုန်ကြမလဲ"

ရွှီရန်က ဘာမှပြန်မပြောဘဲ မမ်မီဖြစ်သွားသော အလောင်းများထံမှ လက်ဖွဲ့အချို့ကို ကောက်ယူစစ်ဆေးလိုက်သည်။

ယဲ့ဖျင်၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။

"ရွှီရန်လေး... မင်း ဘာလုပ်မလို့လဲ အဲဒါတွေကို သုံးကြည့်ဖို့တော့ မစဉ်းစားနဲ့နော်"

ရွှီရန်က တည်ငြိမ်စွာ ပြုံးလိုက်ပြီး "စိတ်မပူပါနဲ့ ဦးလေးယဲ့ ကျွန်တော် ဒါတွေကို လုံးဝ မသုံးပါဘူး။ ဒီလက်ဖွဲ့တွေကို စတွေ့ကတည်းက ကျွန်တော် ကြက်သီးတဖြန်းဖြန်း ထသွားတာအန္တရာယ်ရှိတယ်ဆိုတာ သိပါတယ်"

"ကျွန်တော် သိချင်တာက ဒီလက်ဖွဲ့တွေရဲ့ အလုပ်လုပ်ပုံ မူလသဘောတရားကိုပဲ။ လည်ပင်းပြတ်တာတောင် ချက်ချင်းပြန်ဆက်ပေးနိုင်တဲ့ ဒီလို အံ့မခန်း ကုသစွမ်းအားမျိုးကို နားလည်သွားရင် အဲဒီထဲက ဆိုးကျိုးတွေကို ဖယ်ထုတ်ပြီး ကျင့်ကြံသူတွေအတွက် အစုလိုက်အပြုံလိုက် ထုတ်လုပ်ပေးနိုင်ရင် အကောင်းဆုံး မဟုတ်ဘူးလား"

ယဲ့ဖျင်မှာ အံ့အားသင့်သွားရသည်။ ရွှီရန်၏ အတွေးအခေါ်မှာ တကယ့်ကို ထူးခြားလှသည်။ ဤနတ်ဘုရားဆိုးနှင့် ယှဉ်ပြိုင်ပြီး သူ၏ စွမ်းရည်များကို နည်းပညာအဖြစ် ပြောင်းလဲပစ်ရန် ကြံစည်နေတာလား။

"သတိထားဦးနော် ဒါတွေနဲ့ ထိတွေ့တာက နတ်ဘုရားဆိုးရဲ့ ညစ်ညမ်းမှုကို ခံရနိုင်တယ်"

"ကျွန်တော် သတိထားပါ့မယ်"

ရွှီရန်သည် အာရုံစူးစိုက်လိုက်ကာ ဖယောင်းတိုင်မီးရောင်အောက်တွင် လက်ဖွဲ့တစ်ခုကို မြှောက်၍ အသေအချာ စတင်လေ့လာနေတော့သည်။

အဆင့်မြင့် နားလည်သဘောပေါက်မှုနှင့် အသေအချာ အကဲခတ်ခြင်းတို့ကို အသုံးပြုကာ နှစ်

မိနစ်၊ သုံးမိနစ်ခန့် စူးစိုက်လေ့လာပြီးနောက် ရွှီရန် ခေါင်းမူးနောက်နောက် ဖြစ်လာသည်။

ငါ့ရဲ့ အဆင့်မြင့် နားလည်သဘောပေါက်မှုနဲ့တောင် ဒါကို လုံးဝ နားမလည်နိုင်ဘူးလား။

ရွှီရန်က ဤအခြေအနေကို စိတ်ဝင်စားစရာကောင်းသော စိန်ခေါ်မှုတစ်ခုအဖြစ် သတ်မှတ်

လိုက်သည်။

"စိန်ခေါ်မှု ရှိတာပေါ့... ကောင်းတယ် ကောင်းတယ်"

သူက ပြောပြောဆိုဆိုနှင့် လက်ဖွဲ့ကို ခေါက်ကာ အိတ်ကပ်ထဲသို့ ထည့်ရန် ပြင်လိုက်သည်။

ယဲ့ဖျင်က ရွှေရောင်လက်ဖွဲ့များကို အမြန်သိမ်းယူလိုက်ပြီး "ဒါတွေကို မင်းဆီမှာ ထားလို့မဖြစ်ဘူး။ ငါပဲ သိမ်းထားလိုက်မယ် ပြီးမှ သုတေသနဌာနကို လွှဲပေးရမယ်"

ရွှီရန်: "... ကျွန်တော့်ကို တစ်ခုလောက် ပေးပါလား..."

ယဲ့ဖျင်က တင်းမာစွာ ငြင်းပြောလိုက်သည်။

"ဒါကိုတော့ မင်းကို ပေးလို့မရဘူး နတ်ဘုရားဆိုးရဲ့ ညစ်ညမ်းမှုက ကစားစရာ မဟုတ်ဘူး။ တကယ်လို့ တစ်ခုခုဖြစ်သွားရင် ငါတာဝန်မယူနိုင်ဘူး မင်း ဒီလိုညစ်ညမ်းမှုတွေကို ခုခံနိုင်စွမ်းရှိတဲ့အထိ သန်မာလာတဲ့အခါကျမှ သုတေသနလုပ်ဖို့ ငါပြန်ပေးမယ် ဟုတ်ပြီလား"

ရွှီရန်က သူ၏ နားထင်ကို ပွတ်လိုက်ရင်း "ဦးလေးပြောတာလည်း ဟုတ်ပါတယ်။ မိနစ်ပိုင်းလောက်ပဲ လေ့လာရသေးတယ်။ ကျွန်တော် တော်တော်လေး အိပ်ငိုက်လာသလိုပဲ။ ဒီလက်ဖွဲ့က တကယ်ကို ထူးဆန်းတာပဲ"

"စာအုပ်ပေါင်း သောင်းနဲ့ချီပြီး ထပ်ဖတ်ပြီးမှပဲ ဒါကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ပြန်စဉ်းစားတော့မယ်"

ရွှီရန်က လွယ်လွယ်ကူကူပင် ခေါင်းညိတ်လက်ခံလိုက်ပြီး ထပ်မံ၍ အတင်းအကျပ် မတောင်းဆိုတော့ပေ။

ယဲ့ဖျင်က ပြုံးလိုက်သည်။ ရွှီရန်ပြောသော စာအုပ်ပေါင်း သောင်းနဲ့ချီဖတ်ခြင်းဆိုသည်မှာ ဘာကိုဆိုလိုမှန်း သူနားမလည်သော်လည်း သူသည် ထူးဆန်းသော ပိုးအိတ်တစ်အိတ်ကို ထုတ်ကာ လက်ဖွဲ့များကို ၎င်းအတွင်းသို့ ထည့်လိုက်သည်။

လက်ဖွဲ့များ အိတ်အတွင်းသို့ ရောက်သွားသည်နှင့် ရွှီရန်ကို ကြက်သီးထစေခဲ့သော အန္တရာယ်အငွေ့အသက်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

ရွှီရန် အံ့ဩသွားရသည်။ ဦးလေးယဲ့က စိတ်ရှည်လက်ရှည် ရှင်းပြပေးသည်။

"ဒါကို ကပ်ပါးအိတ်လို့ ခေါ်တယ်။ နတ်ဘုရားဆိုးတွေရှိတဲ့ ဂြိုဟ်ပေါ်က သန်းပုရွက်ဆိတ်ဆိုတဲ့ အင်းဆက်တွေ ထုတ်တဲ့ သွေးမျှင်တွေနဲ့ လုပ်ထားတာ။ ဒီအင်းဆက်တွေက နတ်ဘုရားဆိုးတွေရဲ့ သားရဲတွေပေါ်မှာ ကပ်ပါးနေထိုင်ကြတာဆိုတော့ သူတို့ရဲ့ သွေးမျှင်တွေက ညစ်ညမ်းမှုတွေကို တစ်စုံတစ်ရာအထိ တန်ပြန်ခုခံပေးနိုင်တယ်"

"ညစ်ညမ်းနေတဲ့ ပစ္စည်းတွေကို ကိုင်တွယ်တဲ့အခါ ဒါကို သုံးကြတာပဲ။ အခု ဒီအိတ်ထဲ ထည့်လိုက်ပြီဆိုတော့ ဒီညစ်ညမ်းမှုတွေက ငါ့အတွက် အန္တရာယ်မရှိတဲ့ အဆင့်အထိ လျော့ကျသွားပြီ"

ရွှီရန်က ရုတ်တရက် သဘောပေါက်သွားသည်။

"ဩော်... စာအုပ်တွေထဲမှာ ဒါမျိုး ဖတ်ဖူးသလိုပဲ"

"မင်း တော်တော်များများ ဖတ်ထားတာပဲ"

ယဲ့ဖျင်က ချီးကျူးလိုက်ပြီး ရွှီရန်ပုခုံးကို ပုတ်ကာ "မင်း တကယ့်ကို အလုပ်ကြီးတစ်ခု လုပ်လိုက်တာပဲ။ ဒီကလေးသူခိုးဂိုဏ်းက တကယ့်ကို ကြောက်စရာကောင်းတဲ့ အလားအလာရှိနေတာ သူတို့သာ ကလေးတွေကို ဆက်ဖမ်းပြီး သွေးနဲ့စွမ်းအင် လက်ဖွဲ့တွေနဲ့ လဲနေမယ်ဆိုရင်... ကျင်းမြို့တော် အနားမှာ မကောင်းမှုမှန်သမျှ လုပ်ဝံ့တဲ့ တောင်တန်းအဆင့်ကျွမ်းကျင်သူ လေးယောက် ပေါ်လာတော့မှာ။ အိမ်ထောင်စုပေါင်း ရာနဲ့ချီပြီးလည်း ပျက်စီးသွားနိုင်တယ်"

"တခြားမြို့တွေမှာလည်း ဒီလိုလက်ဖွဲ့တွေပေးတဲ့ ရုပ်တုတွေ ရှိနေဦးမလားလို့ ငါသံသယဖြစ်မိတယ်။ ဒါကို ငါအထက်ကို တင်ပြလိုက်မယ်။ မြို့တိုင်းမှာ ရှင်းလင်းရေးလုပ်လိုက်ရင် ပြဿနာမဖြစ်ခင် ကြိုတင်ကာကွယ်နိုင်မှာပါ"

ဦးလေးယဲ့၏ စကားကို ကြားပြီးနောက် ရွှီရန်က အတွေးနက်သွားသည်။

ငါ တကယ်ပဲ အလုပ်ကြီးတစ်ခု လုပ်လိုက်တာလား

ချီးကျူးစကားတွေကြားမှာ ငါ ဘယ်လိုခံစားသင့်သလဲ ပုံမှန်ဆိုရင်တော့ ငါပျော်နေရမှာပေါ့။

သို့သော် သူသည် ရွှေရောင်အောင်မြင်မှု နတ်ဘုရားခန္ဓာအသွင်၏ ဖော်ပြချက်ကို တစ်ချက်

ကြည့်လိုက်သောအခါ …..

အင်း... ဒုတိယအကြိမ် ပြန်ပေးဆွဲခံရခြင်း တာဝန်က ပျောက်မသွားသေးဘူး။ ဒါက ဘာကိုပြသလဲဆိုတော့ စနစ်ရဲ့ ဟာကွက်ကို မရိုးမသား အသုံးချဖို့ ကြိုးစားတာက အလုပ်မဖြစ်ဘူးဆိုတာပါပဲ။ တကယ့်ကို ပြန်ပေးဆွဲခံရမယ့် အဖြစ်အပျက်မျိုး ကြုံလာရတဲ့အထိပဲ ငါ စိတ်ရှည်

လက်ရှည် စောင့်ရတော့မှာပေါ့

"ဟင်း..."

ရွှီရန်က ခပ်တိုးတိုး ရယ်လိုက်သည်။

ဒီဟာကွက်က အလုပ်မဖြစ်နိုင်ဘူးဆိုတာကို ငါ ကြိုတင်ခန့်မှန်းထားပြီးသားပါ။

ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက်မှာ မိန်းကလေးငယ် သုံးယောက်ကို ကယ်တင်နိုင်ခဲ့သလို ကျင်းမြို့တော်အတွက် အနာဂတ်မှာ ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်လာနိုင်တဲ့ အန္တရာယ်ကိုလည်း ကြိုတင်ရှင်းလင်းနိုင်ခဲ့တယ်။ သွယ်ဝိုက်တဲ့နည်းနဲ့ အိမ်ထောင်စုပေါင်း ရာနဲ့ချီကို ကယ်တင်ခဲ့တာဖြစ်လို့ စိတ်ကျေနပ်စရာ အောင်မြင်မှုတစ်ခုတော့ ရခဲ့တာပဲဟာ။

ယဲ့ဖျင်က လကို တစ်ချက်ကြည့်လိုက်ပြီး "တော်တော် နောက်ကျနေပြီ။ ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားနဲ့ ဒီကလေးမလေး သုံးယောက်ကို မြို့ထဲအရင် လိုက်ပို့ပေးမယ်"

ရွှီရန်: "ကောင်းပါပြီ ဦးလေး"

ပြောပြောဆိုဆိုနှင့်ပင် သူသည် ဦးလေးယဲ့ ဖောက်ထားခဲ့သော ဥမင်လိုဏ်ခေါင်းထဲမှ တိုက်ရိုက်ခုန်ထွက်လိုက်သည်။ ဦးလေးယဲ့ကလည်း ကလေးမလေး သုံးယောက်ကို စိတ်

ဝိညာဉ်စွမ်းအားဖြင့် မကာ ရွှီရန်နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။

မှိန်ပျပျ လနီရောင်အောက်တွင်...

ပုံရိပ်နှစ်ခုသည် တစ္ဆေများအလား အရှိန်အဝါဖြင့် ပြေးလွှားနေကြသည်။

နှစ်နာရီခန့်အကြာတွင် သူတို့နှစ်ဦး ကျင်းမြို့တော်သို့ ပြန်လည်ရောက်ရှိလာသည်။ ရွှီရန်သည် မြို့ရိုးပေါ်တွင် ရပ်နေရင်း သူ၏စိတ်ထဲတွင်မူ ထိုလျှို့ဝှက်ဆန်းကြယ်လက်ဖွဲ့များ အကြောင်းကိုသာ စဉ်းစားနေမိသည်။

'ဒီလက်ဖွဲ့တွေကို တီထွင်ခဲ့တဲ့ နတ်ဘုရားဆိုးက လူသားတွေကို အကျိုးပြုဖို့ ရည်ရွယ်ခဲ့တာ မဟုတ်တာတော့ သေချာတယ်။ ပေးဆပ်ရမယ့် တန်ဖိုးက အသက်နဲ့လဲရတာမျိုးလည်း ဖြစ်နိုင်တယ်'

'ဒါပေမဲ့ ခြောက်လအတွင်းမှာ တောင်တန်းအဆင့်ကျွမ်းကျင်သူ ဖြစ်လာနိုင်တယ်ဆိုတဲ့ ကြီးမားတဲ့ ဆွဲဆောင်မှုရှေ့မှာ လူတွေက သူတို့ရဲ့ ဆင်ခြင်တုံတရားကို လက်လွှတ်လိုက်ကြတာ များတယ်'

'ဒါကြောင့် ရှင်းလင်းရေးလုပ်တာက ယာယီဖြေရှင်းချက်ပဲ ဖြစ်လိမ့်မယ်။ နောက်ကွယ်က နတ်ဘုရားဆိုးကို အမြစ်ပြတ် သုတ်သင်နိုင်မှ ဒါမှမဟုတ် အန္တရာယ်ကင်းတဲ့ လက်ဖွဲ့တွေကို တီထွင်နိုင်မှပဲ ဒီပြဿနာက ပြေလည်မှာ'

'ဟုတ်ပါတယ်... အန္တရာယ်ကင်းတဲ့ လက်ဖွဲ့တွေက နတ်ဘုရားဆိုးရဲ့ လက်ဖွဲ့တွေလို ချက်ချင်း လက်ငင်း အစွမ်းမပြနိုင်ဘူးဆိုရင် ဒါကလည်း ပြဿနာကို လုံးဝ မဖြေရှင်းနိုင်ပြန်ဘူး'

'အဓိက အမြစ်ကို ဖြတ်ဖို့ဆိုရင်တော့ နတ်ဘုရားဆိုးကို သတ်ပစ်ဖို့ပဲ ရှိတော့တာပဲ...'

ရွှီရန် ခေါင်းခါလိုက်သည်။

ဘယ်ဘက်ကကြည့်ကြည့် ဒီလျှို့ဝှက်ဆန်းကြယ်လက်ဖွဲ့တွေက အနာဂတ်မှာ တကယ့်ကို ခေါင်းခဲစရာ ပြဿနာကြီးတစ်ခု ဖြစ်လာတော့မှာက အသေအချာပဲ။

ထိုသို့ တွေးတောရင်း သူ၏အကြည့်က ဦးလေးယဲ့ထံသို့ ရောက်သွားသည်။ ထိုအချိန်တွင် ဦးလေးယဲ့က ကလေးမလေး သုံးယောက်ကို မြို့စောင့်တပ်ထံသို့ လွှဲပြောင်းပေးနေသည်။

"ဒါတွေက ပြန်ပေးဆွဲခံထားရတဲ့ ကလေးတွေပဲ။ သူတို့ရဲ့ ဆွေမျိုးတွေကို သွားရှာပေးလိုက်ကြ"

မြို့စောင့်တပ်ခေါင်းဆောင်: "ဟုတ်ကဲ့ပါ ဆရာ"

အမိန့်များ ပေးပြီးနောက် ဦးလေးယဲ့သည် ရွှီရန်ဘေးသို့ ဆင်းသက်လာသည်။

"ဘယ်လိုလဲ... မင်း အနားယူချင်ပြီလား"

ရွှီရန်က သူ၏ စမတ်နာရီကို မြှောက်ကြည့်လိုက်ပြီး "အခု ည ၁၀ နာရီ ရှိပြီ။ ဘာကြောင့်လဲတော့ မသိဘူး။ ကျွန်တော် တော်တော်လေး ပင်ပန်းနေသလိုပဲ... လေးနာရီလောက် အရင်အိပ်

လိုက်ရမလား။ မနက် ၂ နာရီကျမှ ပြန်လှုပ်ရှားကြတာပေါ့"

ယဲ့ဖျင် လန့်သွားရသည်။

"ပင်ပန်းနေတယ် ဟုတ်လား ခန္ဓာကိုယ်က ပင်ပန်းတာလား ဒါမှမဟုတ် စိတ်ဓာတ်က ပင်ပန်းတာလား သွားပြီ... မင်း နတ်ဘုရားဆိုးရဲ့ ညစ်ညမ်းမှုကို ခံလိုက်ရတာတော့ မဟုတ်ပါဘူးနော် ငါ အန်တီလုကို အမြန်သွားခေါ်ပြီး မင်းကို သန့်စင်ပေးခိုင်းရမယ်"

အခန်း။ ၆၈

ရွှီရန် ခေါင်းညိတ်ပြလိုက်သည်။ သူ တကယ်ပဲ ထိခိုက်သွားတာ ဖြစ်နိုင်သည်။

ဘာပဲဖြစ်ဖြစ် ငါက ခြောက်နှစ်သားလေးပဲ ရှိသေးတာလေ။ လျှို့ဝှက်ဆန်းကြယ်တဲ့ လက်ဖွဲ့ကို မိနစ်အတော်ကြာအောင် စိုက်ကြည့်နေခဲ့တာဆိုတော့ ထိခိုက်နိုင်ခြေက ရာနှုန်းပြည့်နီးပါး ရှိနေတာ။ သန့်စင်မှုတစ်ခုခု လုပ်ဖို့ကတော့ တကယ်ကို လိုအပ်နေပြီ။

"အန်တီလုကို ခေါ်လိုက်ပါ..."

"ကောင်းပြီ ကောင်းပြီ... အခုချက်ချင်း ဆက်သွယ်လိုက်မယ်"

ဦးလေးယဲ့က ချက်ချင်းပင် ဖုန်းဆက်လိုက်သည်။ ခဏအကြာတွင် အန်တီလု ဟိုတယ်သို့ ရောက်ရှိလာပြီး အခန်းထဲဝင်လာသည်နှင့် ယဲ့ဖျင်ကို ဆူပူလေတော့သည်။

"မင်း ဘယ်လိုမျိုး အစောင့်အရှောက်လဲ နတ်ဘုရားဆိုးဆီကလာတဲ့ ညစ်ညမ်းမှုတွေက ဘယ်လောက် ထူးဆန်းတယ်ဆိုတာ မသိဘူးလား ရွှီရန်လေးကို ဒါမျိုးတွေနဲ့ တိုက်ရိုက်ထိတွေ့ခွင့် ပေးလိုက်ရတယ်လို့"

ဦးလေးယဲ့မှာ အပြစ်ရှိသလို ခံစားရသဖြင့် ခေါင်းငုံ့ထားရပြီး စကားတစ်ခွန်းမှ ပြန်မပြောဝံ့ပေ။ သူသည် ထိုအချိန်က ရွှီရန်ကို အလွန်အမင်း ယုံကြည်မိသွားပြီး ရွှီရန်သည် အမှန်တကယ်တွင် ညစ်ညမ်းမှုဒဏ်ကို ခုခံနိုင်စွမ်းမရှိသည့် ခြောက်နှစ်သားလေးသာ ဖြစ်သည်ကို မေ့လျော့သွားခဲ့ခြင်း ဖြစ်သည်။

သတိတစ်ချက်လွတ်သွားခြင်းက အမှားကြီးတစ်ခု ဖြစ်သွားခဲ့သည်။

"မော့ကြည့်စမ်း"

"မင်းက စုံစမ်းစစ်ဆေးရေးမှူး တစ်ယောက်ဖြစ်ပြီးတော့ ဒီလောက် အခြေခံကျတဲ့ သတိဝီရိယတောင် မရှိဘူးလား"

ယဲ့ဖျင်မှာ တုန်တုန်ရီရီဖြင့် ခေါင်းမော့လိုက်သည်။ အန်တီလုက ကျောင်းအုပ်ကြီးနဲ့ တစ်သက္ကရာဇ်တည်းဖြစ်ပြီး သူ့ကို ကလေးဘဝကတည်းက ကြည့်လာခဲ့သူဆိုတော့ မိဘတစ်ဦးလိုပင် ဖြစ်နေသည်။ အမှားလုပ်ထားမိသဖြင့် သူသည် ထိုင်ရမလို ရပ်ရမလိုဖြင့် အလွန်နေရခက်နေရှာသည်။

"ဒီသင်ခန်းစာကို သေချာမှတ်ထားစမ်း"

အန်တီလုက ဆူပူရင်းနှင့်ပင် တစ်ဖက်မှ သန့်စင်ခြင်းကျိန်စာကို ရွတ်ဖတ်လိုက်ရာ ရွှေရောင်အလင်းတန်းများ ရွှီရန်ခန္ဓာကိုယ်ထဲ စီးဝင်သွားသည်။

"ဘယ်လိုနေလဲ သက်သာသွားလား သက်သာရင်တော့ သန့်စင်မှုက အလုပ်ဖြစ်သွားပြီ။ အန်တီက ညစ်ညမ်းမှု အမျိုးအစား တော်တော်များများကို သန့်စင်ပေးနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုကလွဲလို့ပေါ့..."

ရွှီရန် မျက်ခွံများမှာ ပို၍လေးလံလာသည်။

"ပင်ပန်းနေတုန်းပဲ အားအင်တွေ ကုန်ခမ်းနေသလိုပဲ။ ဒါက စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှု ဖြစ်ရမယ်... ဦးလေးယဲ့ ဦးလေးရဲ့ ကျောက်စိမ်းပလွေကို ထုတ်ပြီး သုံးကြည့်ပါဦး"

ဦးလေးယဲ့က ခါးသက်သက် ပြုံးလိုက်ရင်း "ငါ့ရဲ့ ကျောက်စိမ်းပလွေက နတ်ဘုရားဆိုးရဲ့ ညစ်ညမ်းမှုကိုတော့ သိပ်မတားဆီးနိုင်ဘူး။ ဒါပေမဲ့ သရဲတစ္ဆေ စွမ်းအင်တွေကိုတော့ နှိမ်နင်းနိုင်ပါတယ်"

အန်တီလု: "အန်တီ့ရဲ့ အလင်းမှော်ပညာနဲ့တောင် သန့်စင်လို့မရဘူးလား ဒါကတော့ ဒုက္ခပဲ နောက်တစ်ခါ ထပ်စမ်းကြည့်ဦးမယ်"

သူမသည် သန့်စင်ခြင်းအလင်းတန်းများကို ဆက်တိုက် ထုတ်လွှတ်လိုက်သည်။ သို့သော် ရွှီရန်ပုံစံမှာ ထူးမခြားနားပင်။ အန်တီလု၏ မျက်နှာမှာ တည်ကြည်သွားသည်။

"ယဲ့ဖျင်... မင်းတော့ အကြီးအကျယ် ဒုက္ခပေးလိုက်ပြီ"

ရွှီရန်က လက်ဝှေ့ယမ်းပြလိုက်ရင်း "ရပါတယ် ဒါ ဦးလေးယဲ့ အပြစ်မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်က ဒီလက်ဖွဲ့တွေကို စူးစမ်းချင်လို့ ဇွတ်လုပ်ခဲ့တာ။ တကယ်တော့ ဘာမှ မဖြစ်ပါဘူး။ ကျွန်တော် ခဏလောက် အိပ်လိုက်ရင် ရသွားမှာပါ"

ရွှီရန်က သူတို့နှစ်ဦးကို ပြန်လည်နှစ်သိမ့်ပေးလိုက်သည်။

အန်တီလု: "ရွှီရန်လေး... မင်း အခု အိပ်လို့မဖြစ်ဘူး။ နတ်ဘုရားဆိုးရဲ့ ညစ်ညမ်းမှုဆိုတာ နောက်ပြောင်ရမယ့်အရာ မဟုတ်ဘူး"

ဦးလေးယဲ့: "ဟုတ်တယ် ရွှီရန်လေး... ခဏလောက် ထိန်းထားပါဦး။ ငါတို့ နည်းလမ်းတစ်ခုခု စဉ်းစားပါ့မယ်။ သန့်စင်ပေးနိုင်မယ့် တခြားလူတစ်ယောက်ကို ငါသွားခေါ်ပေးမယ်"

ရွှီရန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူ၏ မျက်ဝန်းများတွင် ယုံကြည်ချက်အပြည့် ရှိနေသည်။ သူ၏ ဝှက်ဖဲဖြစ်သော သန့်စင်ပြီးသော ဝိညာဉ်ခန္ဓာရှိနေသည်ကို မေ့လို့မရပေ။ [သန့်စင်ပြီးသော ဝိညာဉ်ခန္ဓာ (ရွှေရောင်အောင်မြင်မှု)]: ကံကောင်းခြင်း +၃၀ မှတ်]

[အဆိပ်အတောက်များ၊ ညစ်ညမ်းမှုများနှင့် ဝိညာဉ်ဆိုးများ ခန္ဓာကိုယ်အတွင်း ကျူးကျော်လာပါက သင့်ခန္ဓာကိုယ်မှ ၎င်းတို့ကို အလိုအလျောက် ဖြည်းညင်းစွာ သန့်စင်ပေးလိမ့်မည်]

ရက်ပေါင်း ခြောက်ရာကျော်ကြာအောင် ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရမှုရဲ့ ရလဒ်ဖြစ်တဲ့ ဒီ ရွှေရောင်ဒဏ္ဍာရီအောင်မြင်မှုက တကယ့်ကို အစွမ်းထက်တာပဲ။

ဤအစွမ်းသည် ညစ်ညမ်းမှုများကို တန်ပြန်ရန်အတွက် သီးသန့်တည်ရှိနေခြင်းပင်။

သူ၏ ရွှေရောင်အောင်မြင်မှုကို စိတ်အာရုံဖြင့် တစ်ချက်ကြည့်ရှုပြီးနောက် ရွှီရန်က ယုံကြည်

ချက်အပြည့်ဖြင့် ပြုံးလိုက်ကာ "ရပါတယ် ကျွန်တော့်ကို ယုံလိုက်ပါ။ နိုးလာတာနဲ့ အိပ်မက်ဆိုး နာကြည်းမှုမိခင်ကို ဆွဲထုတ်ပြီး အပျော်သဘောနဲ့ သတ်ပစ်ကြတာပေါ့" ဟု ပြောလိုက်သည်။

ထိုသို့ပြောကြားပြီးနောက် ရွှီရန်သည် ချက်ချင်းဆိုသလို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။ အိပ်ပျော်သွားသည်နှင့်တစ်ပြိုင်နက် သဘာဝအလျောက် နှစ်ခြင်းခံယူမှု သုံးကြိမ်တိုင်တိုင် ပြုလုပ်ထားသော သူ၏ခန္ဓာကိုယ်သည် အနားယူခြင်း၏ အကောင်းဆုံးအခြေအနေသို့ ရောက်ရှိသွား၏။ စိတ်ဝိညာဉ်စွမ်းအားကို အနည်းငယ်သာ သုံးစွဲသော်လည်း စွမ်းအင်ပြန်လည်ဖြည့်တင်းမှုတွင်မူ အထိရောက်ဆုံး ဖြစ်နေသည်။

ခန္ဓာကိုယ်အတွင်း၌ နတ်ဘုရားဆိုး၏ ညစ်ညမ်းမှုများ ရှိနေသည်ကို ခံစားမိသည်နှင့် သန့်စင်ပြီးသော ဝိညာဉ်ခန္ဓာသည် ဒေါသတကြီးဖြင့် အစွမ်းကုန် စတင်အလုပ်လုပ်တော့သည်။ သန့်စင်ပြီးသော စွမ်းအင်များသည် နတ်ဘုရားဆိုး၏ ညစ်ညမ်းမှုများကို အပြင်းအထန် လိုက်လံနှိမ်နင်းကြသည်။ ရွှီရန်၏ ခန္ဓာကိုယ်မှ ဖျော့တော့သော အလင်းတန်းလေးများ ထွက်ပေါ်လာပြီး သူ၏ နဖူးပြင်မှ သေးငယ်သော အမည်းစက်လေးများ လွင့်ထွက်သွားတော့သည်။

အဆိုပါ အမည်းစက်လေးများ လွင့်ထွက်နှုန်းမှာ မမြန်သကဲ့သို့ မနှေးလှဘဲ တစ်မိနစ်လျှင် တစ်စက်နှုန်းခန့် ရှိသည်။ သာမန်လူများအတွက် သတိပြုမိရန် ခက်ခဲသော်လည်း အန်တီလုနှင့် ဦးလေးယဲ့တို့ကမူ ၎င်းကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ သူတို့နှစ်ဦးစလုံး အံ့ဩလွန်းသဖြင့် တစ်ဦးကိုတစ်ဦး ကြောင်အစွာကြည့်နေမိသည်။

"ရွှီရန်ခန္ဓာကိုယ်က အိပ်နေရင်းနဲ့ နတ်ဘုရားဆိုးရဲ့ ညစ်ညမ်းမှုတွေကို အလိုအလျောက် သန့်စင်ပေးနေတာလား"

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ခန္ဓာကိုယ်က အလိုအလျောက် သန့်စင်ဖို့ဆိုတာ ရှားပါးတဲ့ အလင်းဓာတ်အခြေခံအရည်အချင်းရှိမှ ဖြစ်နိုင်တာလေ"

အန်တီလု လုံးဝ နားမလည်နိုင်တော့ပေ။ သူမ၏ မှတ်ဉာဏ်အတွင်း၌မူ အလင်းဓာတ်အခြေခံပိုင်ရှင် ကျင့်ကြံသူများသာ ကျူးကျော်လာသည့် နတ်ဘုရားဆိုး၏ ညစ်ညမ်းမှုကို အလိုအလျောက် ဖယ်ရှားနိုင်ခြင်းပင်။

မီးဓာတ်၊ လျှပ်စီးဓာတ်၊ ရေဓာတ် သို့မဟုတ် စိတ်ဝိညာဉ်ဓာတ် ပိုင်ရှင်များပင်လျှင် သန့်စင်မှုပြုလုပ်ရန် လိုအပ်သည်။

ရွှီရန်ကဲ့သို့ ကိုယ်တိုင်သန့်စင်နိုင်ခြင်းမှာ ယုတ္တိမရှိပေ။

သူက နားလည်သဘောပေါက်မှု အခြေခံအရည်အချင်းပိုင်ရှင်လို့ ပြေဋထားတာ မဟုတ်ဘူးလား။

နားလည်သဘောပေါက်မှုနဲ့ ခန္ဓာကိုယ်အလိုအလျောက် သန့်စင်မှုက ဘယ်လိုမျိုး ပတ်သက်နေတာလဲ။

အန်တီလု၏ ဦးနှောက်အတွင်း အတွေးများ ရှုပ်ထွေးနေပြီး မည်သို့မျှ ကျိုးကြောင်းဆီလျော်သော အဖြေကို မထုတ်ဖော်နိုင်တော့ပေ။

"ယဲ့ဖျင်... မင်းရော သိလား ရွှီရန်ရဲ့ ဒီကိုယ်တိုင်သန့်စင်နိုင်တဲ့ အစွမ်းက ဘယ်ကလာတာလဲ"

ယဲ့ဖျင်က ပုခုံးတွန့်ပြလိုက်ကာ "ကျွန်တော်လည်း မသိဘူး။ ဒါပေမဲ့ ဒါက ရွှီရန် ဖြစ်နေတဲ့အတွက်... တစ်နည်းနည်းနဲ့တော့ ဒါက ကျိုးကြောင်းဆီလျော်တယ်လို့ ကျွန်တော် ထင်တာပဲ" ဟု ပြောလိုက်သည်။

သူ၏ ကိုယ်ခံပညာအရှိန်က သွေးနှင့်စွမ်းအင် ၆၀,၀၀၀ ရှိသော ကျင့်ကြံသူနှင့် တူညီနေခြင်း၊ သွေးနှင့်စွမ်းအင် ၅၀,၀၀၀ ရှိသော ကျင့်ကြံသူ လေးဦးကို တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့ခြင်း စသည်တို့မှာ အခြား ခြောက်နှစ်သားတစ်ဦးတွင် မဖြစ်နိုင်သော်လည်း ရွှီရန်တွင်မူ သူ၏ ပါရမီကြောင့်သာ ဖြစ်ရမည်ပင်။

အန်တီလုကမူ "ကျိုးကြောင်းဆီလျော်တယ် ဟုတ်လား။ ဒါက သိသိသာသာကို နိယာမတွေကို ချိုးဖောက်နေတာလေ" ဟု တုံ့ပြန်သည်။

ယဲ့ဖျင်က သဘာဝကျသော အမူအရာဖြင့် "ရွှီရန်အခြေအနေမှာတော့ နိယာမတွေကို ချိုးဖောက်နေတာကပဲ ကျိုးကြောင်းဆီလျော်မှု ဖြစ်နေတာ မဟုတ်ဘူးလား"

အန်တီလု မျက်ခုံးပင့်လိုက်ကာ "အင်း... မင်းပြောတာလည်း ဟုတ်သားပဲ" ဟု ဝန်ခံလိုက်သည်။

နှစ်နာရီခန့် အချိန်ကုန်ဆုံးသွားသောအခါ အန်တီလုက ဝမ်းသာအားရ ပြောလိုက်သည်။

"သူ့ခန္ဓာကိုယ်က တကယ်ပဲ အဆိပ်အတောက်တွေကို ဖြည်းဖြည်းချင်း ဖယ်ရှားပေးနေပြီ။ သူ့နဖူးကထွက်တဲ့ အမည်းရောင်အငွေ့တွေက နည်းသွားပြီ။ အသက်ရှူတာလည်း ပိုပြီး မှန်လာပြီ။ ဒါက ညစ်ညမ်းမှုတွေ ကုန်သလောက် ရှိနေပြီဆိုတဲ့ သဘောပဲ"

ယခုမှသာ အန်တီလု သက်ပြင်းချနိုင်တော့သည်။

"ကံကောင်းလို့ ရွှီရန်ခန္ဓာကိုယ်က ထူးခြားနေတာ။ တကယ်လို့ တစ်ခုခုသာ ဖြစ်သွားရင် ကျောင်းအုပ်ကြီး မင်းကို သတ်အောင် ရိုက်တာ ခံရတော့မှာ"

ယဲ့ဖျင်က အပြစ်ရှိသူပမာ ကျုံ့ကျုံ့လေး ထိုင်နေရင်း "ကျွန်တော် မှားမှန်းသိပါပြီ အန်တီလု ဒီတစ်ခါတော့ ကျောင်းအုပ်ကြီးကို မပြောပါနဲ့ဦး။ နောက်နောင်ကျရင် အဆပေါင်း တစ်သောင်းလောက် ပိုပြီး သတိထားပါ့မယ်" ဟု ကတိပေးရှာသည်။

အန်တီလုက ယဲ့ဖျင်ကို တစ်ချက်စိုက်ကြည့်ကာ မည်သည့်အရာမျှ ထပ်မံမပြောတော့ဘဲ ရွှီရန် နိုးလာမည့်အချိန်ကို အိပ်ရာဘေးတွင် တိတ်တဆိတ် ထိုင်စောင့်နေတော့သည်။

All Chapters