အခန်း (၇၇-၇၈)
Vol. 8 Ch. 77-78
အခန်း။ ၇၇
ဒီလို ပုန်းလျှိုးကွယ်လျှိုး နည်းဗျူဟာမျိုးနဲ့ဆိုရင် သတိထားရုံနဲ့ ဘာအန္တရာယ်မှ ရှိနိုင်မှာမဟုတ်ဘူး အင်း...
ဦးလေးရီသည် စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးမိနေသည်။
သူသည် စက္ကူရုပ်ရွှီရန်ကို ပွေ့ချီကာ လူအုပ်ထဲသို့ ပြန်လာပြီး သူ့နောက်တွင် ချထားလိုက်သည်။ ထို့နောက် တင်ပျဉ်ခွေထိုင်ကာ ကျောက်စိမ်းပုလွေကို ဆက်လက်မှုတ်ထုတ်နေတော့သည်။
ဝိညာဉ်စွမ်းအား ပန်းပွင့်ချပ်လေးများသည် ကလေးငယ်များ၏ နဖူးပြင်ထက်သို့ ကြွေကျသွားပြီး စင်ကြယ်သောအဖြူရောင်အလင်းတန်းများသည် အိပ်မက်ဆိုးအမျှင်တန်းများတစ်လျှောက် ပျံ့နှံ့သွားကာ ခရမ်းစိမ်းရောင် အိပ်မက်ဆိုးများ၏ ကျူးကျော်မှုကို ခုခံတားဆီးပေးနေသည်။
ရွှီရန်သည် ပန်းပွင့်ချပ်များကို ရှောင်တိမ်းရင်း လျှပ်စီးခြေလှမ်း သုံးထောင်နှင့် တိမ်ပေါ်ပျံလွှားခြင်းစွမ်းရည်များကို အသုံးပြုကာ အထပ်မြင့်အဆောက်အအုံများ၏ ခေါင်မိုးများပေါ်မှတစ်ဆင့် ခုန်ပျံကျော်လွှားသွားသည်။
"သန့်စင်ရေးအဖွဲ့ သာမန်အဖွဲ့ဝင်တွေအားလုံး အရမ်းဝေးဝေးမသွားကြနဲ့ ရေမြောင်းဝတွေကို စောင့်ကြည့်ပြီး အဲဒီက ထွက်လာတဲ့ အမည်းရောင်အငွေ့တွေကို သန့်စင်ပစ်ကြ။ အဲဒါတွေက ရန်ငြိုးဝိညာဉ်တွေကို မွေးဖွားပေးတဲ့ ဝိညာဉ်စွမ်းအင်တွေပဲ"
"သန့်စင်ရေးအဖွဲ့ရဲ့ ထိပ်တန်းတိုက်ခိုက်ရေးအဖွဲ့ ၂၀... မင်းတို့က မြို့အနှံ့ပတ်ပြီး လူနေအိမ်တွေထဲမှာ ပေါ်လာတဲ့ ရန်ငြိုးဝိညာဉ်တွေကို ရှင်းထုတ်ရမယ် မြန်မြန်လုပ်ကြ"
"ရန်ငြိုးဝိညာဉ်တွေကို သတ်ရတာ မခက်ဘူး။ အဓိကက ခေါင်းပေါ်က မိစ္ဆာကြီးပဲ"
"သူက အချိန်တွေ ရေတွက်နေပြီ..."
"ကယ်ကြပါဦး... အီးဟီး..."
"တောက် ငါတို့ နောက်ကျသွားပြီ ဒီရန်ငြိုးဝိညာဉ်က ရူးသွပ်နေတာပဲ တောက်... တောက် ငါတို့ရောက်လာတော့ ကောင်မလေးက သေနေတာ ဆယ်မိနစ်မကတော့ဘူး"
သန့်စင်ရေးအဖွဲ့ဝင် ကျင့်ကြံသူများ၏ မျက်လုံးများမှာ သွေးတက်နေကြသည်။
ရင်ဘတ်ထဲသို့ အထိုးခံထားရသော ကောင်မလေးတစ်ဦး၏ ရုပ်အလောင်းကို သန့်စင်ရေးအဖွဲ့က သယ်ထုတ်လာသည်။ မူလက ကြိုးဆွဲရုပ်သဖွယ် ထိန်းချုပ်ခံထားရသော သူမသည် မသေဆုံးမီတွင် မျက်လုံးများကို အတင်းအကျပ် ပြူးကျယ်စွာ ဖွင့်ကြည့်ခဲ့ပုံရပြီး သေဆုံးသွားချိန်မှာပင် မျက်လုံးများ ပိတ်မသွားခဲ့ပေ။
"ဒါက..."
ရွှီရန် မျက်မှောင်ကြုတ်လိုက်မိသည်။
"ဘတ်စ်ကားပေါ်မှာ... ငါ့ကို ပန်းနီလေး ပေးခဲ့တဲ့ ညီမလေးပဲ..."
"သေသွားပြီလား"
ရွှီရန်၏ ရင်ထဲတွင် ဖော်ပြမတတ်အောင် နာကျင်သွားသည်။
သူတို့သည် တစ်ခါမျှ စကားပင် မပြောဖူးဘဲ ခဏတာ ဆုံတွေ့ခဲ့ရသူများသာ ဖြစ်သော်လည်း ထိုညီမလေး၏ အမည်ကိုပင် ရွှီရန် မသိသော်လည်း... သူမ ပေးခဲ့သည့် ပန်းနီလေးဆုလာဘ်က သူ့စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲကျန်နေခဲ့သည်။
ရွှီရန် သူ၏အိတ်ကပ်ထဲမှ စက္ကူခေါက်လေးကို ထုတ်ကြည့်လိုက်သည်။
၎င်းပေါ်တွင် ပန်းနီလေး အပွင့်သုံးဆယ်ကျော်ဖြင့် အလှဆင်ထားဆဲဖြစ်ပြီး ပန်းပွင့်လေးတိုင်းမှာ ပြုံးနေသည့် မျက်နှာလေးများအလား။
"မနေ့ကမှ ကြင်နာတတ်ပြီး ချစ်ဖို့ကောင်းတဲ့ ညီမလေးက ဒီနေ့တော့ အလောင်းဖြစ်သွားပြီ..."
"အိမ်မက်ဆိုးနာကြည်းမှုမိခင်... အိမ်မက်ဆိုးနာကြည်းမှုမိခင်။ အိမ်မက်ဆိုးနာကြည်းမှုမိခင် ဟက်…"
ရွှီရန်သည် ထိုညီမလေး၏ ရုပ်အလောင်းကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီး သူ၏မျက်ဝန်းများမှာ ရေခဲတောင်ကြီးတစ်ခုနှင့် ပေါင်းစပ်သွားသည့်အလား အေးစက်လှသည်။
သူသည် အေးစက်လှသော လေထုကို အဆုတ်ဝအောင် ရှူသွင်းလိုက်ပြီး တည်ငြိမ်သော မျက်နှာပေးဖြင့် လမ်းဘေးတစ်နေရာသို့ ခပ်ဖွဖွ ဆင်းသက်လိုက်သည်။
သူ၏ရှေ့ မလှမ်းမကမ်းတွင် အဖုံးပွင့်နေသော ရေမြောင်းတစ်ခုရှိနေပြီး ၎င်းအတွင်းမှ ဝိညာဉ်အငွေ့အသက်များဖြစ်သည့် အမည်းရောင်အငွေ့များ လိပ်တက်နေသည်။ ကျင့်ကြံသူအချို့သည် ထိုမြောင်းဝအနီးတွင် ဝပ်နေကြပြီး အချို့က အသင့်အနေအထားဖြင့် စောင့်ကြည့်နေကာ အချို့မှာမူ ချွေးတဖြဖြဖြင့် သန့်စင်ရေးဂါထာများကို အဆက်မပြတ် ရွတ်ဖတ်နေကြသည်။
ရွှီရန်သည် ထိုသူများ၏နောက်သို့ တိတ်တဆိတ် လျှောက်သွားပြီး ပျားငယ်နံပါတ်တစ်ကို မြောင်းထဲသို့ ပစ်ထည့်လိုက်သည်။ အလွန်ပင် ပုန်းလျှိုးကွယ်လျှိုး ရှိလှသော ပျားငယ်လေးသည် ဝဲပျံရင်း ရေမြောင်းအတွင်းသို့ ဝင်ရောက်သွားတော့သည်။
"အမြင်အာရုံ ပြောင်းလဲမယ်"
ရွှီရန် စိတ်ထဲမှ အမိန့်ပေးလိုက်သည်နှင့် မြေအောက်မြင်ကွင်းကို သူ မြင်လိုက်ရသည်။
ကလေးငယ်များသည် တစ်ဦးပြီးတစ်ဦး နောက်စေ့တွင် ခရမ်းစိမ်းရောင် အိပ်မက်ဆိုးအမျှင်တန်းများဖြင့် ချိတ်ဆက်ခံထားရပြီး ကြိုးဆွဲရုပ်များအဖြစ် ပြောင်းလဲကာ နာကျင်စွာ မျက်လုံးမှိတ်လျက် လေထဲတွင် ကွေးကွေးလေး လွင့်မျောနေကြသည်။
သူတို့အားလုံးသည် ခရမ်းစိမ်းရောင်အမျှင်တန်းများဖြင့် အတူတကွ ချည်နှောင်ခံထားရပြီး လူသားဒိုင်းများအဖြစ် အတင်းအကျပ် အသုံးချခံနေရခြင်းဖြစ်သည်။ အကယ်၍ မြေအောက်အနက်ပိုင်းရှိ အိမ်မက်ဆိုးနာကြည်းမှုမိခင်ကို ရှာဖွေချင်ပါက ဤလူသားဒိုင်းများကို အရင်ဖျက်ဆီးရမည်ဖြစ်ပြီး ထိုသို့ပြုလုပ်လျှင် ကလေးများအားလုံး သေဆုံးသွားမည်ဖြစ်သည်။
၎င်းအပြင် စေးကပ်နေသော အနက်ရောင် ဆီကွက်ကြီးများမှာ လှုပ်ရှားနေပြီး အမည်းရောင်အငွေ့များကို အဆက်မပြတ် ထုတ်လွှတ်နေသည်။ ထိုအငွေ့များမှာ အစုလိုက်အပြုံလိုက် အထက်သို့ တက်သွားပြီး ရေမြောင်းဝမှတစ်ဆင့် အပြင်သို့ ပျံ့လွင့်သွားကြသည်။
ထိုအနက်ရောင်ဆီကွက်များထဲမှနေ၍ ပြူးကျယ်သောမျက်လုံးများ၊ ငှက်ခေါင်း၊ ငှက်နှုတ်သီးနှင့် မျောက်ကဲ့သို့ ပိန်လှီသော ခန္ဓာကိုယ်ရှိသည့် ရန်ငြိုးဝိညာဉ်များသည် တစ်ကောင်ပြီးတစ်ကောင် ရုန်းထွက်လာကြသည်။
သူတို့သည် အနက်ရောင်ဆီကွက်များထဲတွင် လူးလှိမ့်နေပြီး ဝိညာဉ်စွမ်းအင်များကို တစတစ ဝါးမြိုနေကြရာ သူတို့၏ ပြာနှမ်းနှမ်း အသားအရေမှာ ပို၍ မှောင်မည်းလာပြီး ပိုမိုအစွမ်းထက်သော အရာတစ်ခုအဖြစ် အသွင်ပြောင်းလဲတော့မည့်အလား ရှိနေသည်။
"လှည့်ကွက်တွေကလည်း စုံနေတာပဲ တစ်ဖက်က ကလေးသုံးသိန်းကို ဓားစာခံလုပ်ထားပြီး နောက်တစ်ဖက်ကလည်း ရန်ငြိုးဝိညာဉ်တွေကို လွှတ်ပြီး ရှုပ်ထွေးအောင် လုပ်နေတာပေါ့... ဒါပေမဲ့ မင်း ဘယ်လိုပဲ လှည့်စားလှည့်စား ဒီနေ့တော့ မင်း အမှုန့်ဖြစ်စေရမယ်။ ဒါက အဲဒီညီမလေးအတွက် ကလဲ့စားချေတာပဲ"
ရွှီရန် အာရုံစူးစိုက်လိုက်သည်။ သူသည် ကိုယ်ပျောက်အတတ်ဖြင့် ရေမြောင်းအတွင်းသို့ နံရံကိုကပ်ကာ တွားဆင်းသွားပြီး ရန်ငြိုးဝိညာဉ်များ၏ အထက်တွင် တွယ်ကပ်နေလိုက်သည်။
သူသည် အိတ်ကပ်ထဲမှ စက္ကူခေါက်ကို ထုတ်ယူကာ ပန်းနီလေးများကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေမိသည်။
"ဟူး..."
ရွှီရန်၏ ရှည်လျားသော လက်ချောင်းလေးများသည် ပန်းနီလေးများပါသော စက္ကူကို လူရုပ်ပုံစံဖြစ်အောင် လျင်မြန်စွာ ခေါက်လိုက်သည်။
ထို့နောက်...
သူသည် လက်ချောင်းကို ကိုက်လိုက်ပြီး ထိုစက္ကူလူရုပ်ပေါ်သို့ သွေးများ သုတ်လိမ်းလိုက်သည်။
ထူးဆန်းသော စွမ်းအင်တစ်ခုသည် စက္ကူရုပ်ကို ဝိညာဉ်သွင်းပေးလိုက်သည့်အလား မြှောက်တင်လိုက်ပြီး လုံးလုံးကောက်ကောက်နှင့် ချစ်စရာကောင်းသော ကလေးငယ်တစ်ဦးအဖြစ် ပြောင်းလဲသွားစေသည်။
ပြောရလျှင် တတိယအစီအစဉ်၏ စက္ကူခေါက်အတတ်မှာ တကယ့်ကို နတ်ဘုရားအဆင့် စွမ်းရည်တစ်ခုပင်။ သူခေါက်လိုက်သော ကလေးငယ်ပုံရိပ်မှာ သွေး၏အစွမ်းဖြင့် ပေါင်းစပ်လိုက်သောအခါ အသက်ဝင်လှပြီး အစစ်နှင့်အတု ခွဲမရလောက်အောင် ဖြစ်သွားသည်။
သို့သော်လည်း ရုတ်တရက် ပေါ်လာသော ကလေးရုပ်ပုံရိပ်ကြောင့် ရန်ငြိုးဝိညာဉ်များမှာ ထိတ်လန့်သွားပြီး သူတို့၏ မျက်လုံးအားလုံးမှာ ထိုကလေးငယ်ဆီသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားကြသည်။
ရွှီရန်သည် တိရစ္ဆာန်ဘာသာစကား ကျွမ်းကျင်မှုနှင့် ဖိနှိပ်မှု အတုယူခြင်းစွမ်းရည်များကို ချက်ချင်း အသက်သွင်းလိုက်ပြီး ရန်ငြိုးဝိညာဉ်တို့၏ ဘာသာစကားနှင့် အငွေ့အသက်များကို အတုယူလိုက်သည်။
ထိုအခါ ရန်ငြိုးဝိညာဉ်များက ရုတ်တရက် နားလည်သွားကြသည်။
ဪ... ဒါက ငါတို့အဖွဲ့သားတွေက အပေါ်ကနေ ဓားစာခံတွေပစ်ချပေးလိုက်တာကိုး။
ကောင်းတယ် ကောင်းတယ် အပေါ်က တိုက်ပွဲမှာ ငါတို့ဘက်က အသာစီးရနေပုံပဲ။
ရန်ငြိုးဝိညာဉ်များမှာ ကျေနပ်ဂုဏ်ယူနေကြပြီး နောက်တစ်စက္ကန့်တွင် ထိုကြောက်မက်ဖွယ် ပြာနှမ်းနှမ်း ပုံရိပ်များသည် စက္ကူကလေးငယ်ဆယ်ဦးထံသို့ ပြေးဝင်သွားကြတော့သည်။
"ဟီးဟီး... ဟီးဟီး..."
"ငါတို့ ဓားစာခံတွေ ရပြီဟေ့"
ရန်ငြိုးဝိညာဉ်များသည် အရူးတပိုင်း တဟီးဟီးရယ်မောရင်း လူသားဒိုင်းတံတိုင်းကြီးဆီသို့ ချဉ်းကပ်သွားကြသည်။ တံတိုင်းရှေ့ရောက်သောအခါ ထူးဆန်းသော အော်ဟစ်သံများကို ထုတ်ဖော်လိုက်ကြသည်။
"အာလာလာ……….ဒါဒါ…..."
ထိုထူးဆန်းသော အသံများသည် ရေမြောင်းအတွင်း ပဲ့တင်ထပ်သွားပြီးနောက် လူသားဒိုင်းတံတိုင်းကြီးမှာ ဘေးသို့ အလျင်အမြန် လမ်းဖယ်ပေးလိုက်သည်။
ပိန်လှီသော လက်မောင်းများကို အထက်သို့ မြှောက်ကာ ရန်ငြိုးဝိညာဉ်များသည် ကလေးငယ်များကို ပွေ့ချီလျက် ကြောက်မက်ဖွယ် စာခြောက်ရုပ်များအလား မြေအောက်အနက်ပိုင်းဆီသို့ ခုန်ဆွခုန်ဆွဖြင့် ဝင်ရောက်သွားကြတော့သည်။
ပျားငယ်နံပါတ်တစ်ကလည်း နောက်မှ ကပ်လျက် လိုက်ပါသွားသည်။
ရွှီရန်သည် အလွန်တရာ လုံခြုံလှသော မြေအောက်ခံတပ်ကြီးကို အကဲခတ်နေမိသည်။
"အိမ်မက်ဆိုးနာကြည်းမှုမိခင် ဆိုတဲ့အတိုင်းပဲ အစွန်းကုန်ကို သတိကြီးတာပဲ"
ဘယ်လောက်တောင် သတိကြီးသလဲဆိုလျှင် သူမသည် မြေအောက် မီတာ ၅၀၀ ကျော် ၆၀၀ အနက်တွင် ပုန်းနေရုံတင်မကဘဲ လူသားတံတိုင်း ဆယ်ထပ်တောင် ချထားသေးသည်။
နျူကလီးယား တိုက်ခိုက်မှုဒဏ်ကို ကာကွယ်ရန် အနက်မှာ မီတာ ၅၀ သာ လိုအပ်သော်လည်း ဤမိစ္ဆာမက မီတာ ၆၀၀ အထိ ဆင်းသွားခြင်းမှာ မည်သည့် ပြင်းထန်သော တိုက်ခိုက်မှုကိုမဆို ခံနိုင်ရည်ရှိစေရန်ဖြစ်သည်။ ထို့အပြင် ကလေးငယ်များကို အသားဒိုင်းအဖြစ် သုံးထားခြင်းမှာ အလွန်ယုတ်မာပြီး ပါးနပ်လှပေရာ ဦးလေးရီတို့ ခေါင်းခဲနေရခြင်းမှာ မဆန်းတော့ပေ။
"ကံမကောင်းတာက ဘယ်လောက်ပဲ ပြည့်စုံတဲ့ အစီအစဉ်ဖြစ်ပါစေ။ အားနည်းချက်ကတော့ ရှိနေတာပါပဲ။ ကလေးတစ်ယောက်က ကိုယ်ပျောက်နိုင်ရုံတင်မကဘဲ ရန်ငြိုးဝိညာဉ်တွေရဲ့ အငွေ့အသက်ကိုပါ အတုယူနိုင်လိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ ထင်မှာမဟုတ်ဘူး... ဟက်။ မင်း ငါ့လက်ထဲမှာ သေဖို့ ကံပါလာပြီပဲ"
ရွှီရန်သည် အိမ်မက်ဆိုးနာကြည်းမှုမိခင်၏ အသားစိုင်အသိုက်ကြီးကို အနီးကပ် စစ်ဆေးလိုက်သည်။
ဂူတစ်ခုလုံးမှာ ရွံရှာဖွယ်ကောင်းလှသည်။ ဖြူဖွေးပြီး စေးကပ်နေသော အဆီခဲကြီးများဖြင့် ဖွဲ့စည်းထားကာ အသိုက်ပတ်ပတ်လည်တွင် ခရမ်းနက်ရောင် သွေးကြောကြီးများက မြွေများ ပိုးကောင်များအလား တလှုပ်လှုပ်ဖြင့် ပတ်ရစ်ထားသည်။
ဂူ၏ အလယ်ဗဟိုတွင်မူ ဖောင်းကားနေသော ပင်လယ်မျှော့ ကြီးသဖွယ် ခန္ဓာကိုယ်ကြီး လွင့်မျောနေပြီး သူမထံမှ ခရမ်းရောင် ချက်ကြိုးပေါင်း သောင်းနှင့်ချီ၍ ရူးသွပ်စွာ လိမ်တွန့်နေသည်။ ပြာနှမ်းနှမ်း အသားအရေရှိသော ဇွန်ဘီကလေးပေါင်းများစွာမှာလည်း စူးရှသော သွားများနှင့် လက်သည်းများကို ထုတ်ကာ သွေးရောင်လွှမ်းသော မျက်လုံးများ၊ ကြောက်မက်ဖွယ် လျှာကြီးများဖြင့် စုပြုံတိုးဝှေ့နေကြသည်။ သူတို့၏ သွေးစွန်းသော မျက်ဝန်းထောင်ပေါင်းများစွာမှာ ကြည့်ရသူကို ခြေဖျားလက်ဖျား တုန်ယင်သွားစေနိုင်သည့် အစွမ်းရှိသည်။
"မိခင်နတ်ဘုရားမကို ချီးမွမ်းပါတယ် အကောင်းဆုံး ကလေးငယ်တွေကို လာဆက်သတာပါ"
"မိခင်နတ်ဘုရားမကို ချီးမွမ်းပါတယ် အကောင်းဆုံး ကလေးငယ်တွေကို လာဆက်သတာပါ"
ရန်ငြိုးဝိညာဉ်များသည် စိတ်အားထက်သန်စွာ အော်ဟစ်ရင်း စက္ကူကလေးငယ် ဆယ်ဦးကို အိမ်မက်ဆိုးနာကြည်းမှုမိခင် ဆီသို့ ပစ်ပေးလိုက်ကြသည်။
"ဟင်"
ခရမ်းပြာရောင်သန်းနေသော မိစ္ဆာမ၏ မျက်နှာကြီးသည် ရုတ်တရက် မျက်လုံးများ ပြူးကျယ်ပွင့်လာပြီး ခရမ်းနက်ရောင် ချက်ကြိုးများသည် လေထုထဲသို့ တစ်ချောင်းပြီးတစ်ချောင်း ပျံတက်သွားသည်။ ထိုချက်ကြိုးများသည် ကလေးငယ်ဆယ်ဦး၏ ဦးခေါင်းများကို လှမ်း၍ ကိုက်ခဲလိုက်ပြီး ဝိညာဉ်စွမ်းအင်များကို စိမ့်ဝင်စေလိုက်ရာ စက္ကူရုပ်ပေါ်ရှိ ပန်းနီလေးများမှာ တောက်ပလာတော့သည်။
နောက်တစ်ခဏတွင် ပျော်ရွှင်မြူးထူးနေသော ရယ်သံကြီးသည် အသိုက်အတွင်း ပဲ့တင်ထပ်သွားသည်။
"ဟုတ်တယ်... ဟုတ်တယ်... ငါ့အတွက် ဒီလိုမျိုး သန့်စင်တဲ့ သွေးသားရှိတဲ့ ကလေးငယ်တွေ လိုအပ်တာ။ ဆက်ပြီး ဖမ်းခဲ့ကြ ဆက်ဖမ်းခဲ့ကြစမ်း"
"ဟုတ်ကဲ့ပါ မိခင်နတ်ဘုရားမ"
ရန်ငြိုးဝိညာဉ်များသည် ဝမ်းသာအားရ အော်ဟစ်ကာ မျောက်များအလား ကဆုန်ပေါက်၍ ထွက်ခွာသွားကြတော့သည်။
မီတာ ၆၀၀ အကွာတွင် ရှိနေပြီး အရာအားလုံးကို စောင့်ကြည့်နေသော ရွှီရန်၏ မျက်နှာထက်
တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ငါ ထင်တဲ့အတိုင်းပဲ... ဒီ အိမ်မက်ဆိုးနာကြည်းမှုမိခင်က ကလေးငယ်တွေအပေါ် ရူးသွပ်လောက်အောင် စွဲလန်းနေတာပဲ"
ထိုစွဲလန်းမှုက ဘယ်ကနေ မြစ်ဖျားခံသလဲဆိုတာကိုတော့ ရွှီရန် မသိပေ။
ဒီမိစ္ဆာမက အတိတ်ဘဝတုန်းက ယဇ်ပူဇော်တဲ့ ပုရောဟိတ်တစ်ယောက်ယောက်ရဲ့ ဝင်စားမှုလား။
ဘာပဲဖြစ်ဖြစ် ရလဒ်အရဆိုလျှင် ကလေးငယ် သောင်းနှင့်ချီကို သူမက ဇွန်ဘီကလေးများအဖြစ် ပြုပြင်ပြောင်းလဲခဲ့ပြီးဖြစ်သည်။ သူမ ရူးသွပ်လာလျှင် "ကလေးတို့ ပြန်လာကြ... ငါ့ဆီကို ပြန်လာကြစမ်း..." ဟု အဆက်မပြတ် အော်ဟစ်လေ့ရှိသည်။
အကယ်၍ သူမသာ ဤမျှအထိ စွဲလန်းခြင်းမရှိခဲ့လျှင် ရွှီရန်လည်း ဤ တစ်ကိုယ်တော် သုတ်သင်ရေး အစီအစဉ်ကို စဉ်းစားမိမည်မဟုတ်ပေ။
ဒါပေမဲ့ အခုတော့... သူမကို တစ်ယောက်တည်းနဲ့ သတ်ပစ်လို့ ရပြီ။
ရွှီရန်သည် စိတ်ထဲမှ အေးစက်စွာ လှောင်ပြောင်ရင်း လက်ချောင်းကို ကိုက်ကာ ရေမြောင်းထဲတွင် ကလေးငယ် ပုံရိပ်များကို တစ်ခုပြီးတစ်ခု ဖန်တီးလိုက်သည်။ စုစုပေါင်း ကလေးပုံရိပ် ၃၀ ခန့်ကို ပစ်ချပေးပြီးနောက် ရွှီရန်သည် တခြားရေမြောင်းတစ်ခုဆီသို့ တိတ်တဆိတ် ကူးပြောင်းသွားပြန်သည်။
ရေမြောင်းဝတွင် စိတ်မရှည်စွာ စောင့်နေကြသော ရန်ငြိုးဝိညာဉ်များက "ဘာဖြစ်တာလဲ အပေါ်က အဖွဲ့သားတွေ ဘာလို့ ဓားစာခံတွေ ထပ်ချမပေးတော့တာလဲ" ဟု မေးမြန်းနေကြသည်။
"ခဏလောက် ထပ်စောင့်ကြည့်ရအောင်"
...
ထိုအချိန်တွင် တခြားသော ရေမြောင်းဝတစ်ခုတွင် ရွှီရန်သည် ကျွမ်းကျင်စွာပင် စက္ကူခေါက်
ခြင်း၊ သွေးသုတ်လိမ်းခြင်းများကို ပြုလုပ်နေသည်။ ထို့နောက် ကလေးပုံရိပ်များကို မြောင်းထဲသို့ ပစ်ချလိုက်သည်။
ရန်ငြိုးဝိညာဉ်တို့၏ ဘာသာစကားနှင့် အငွေ့အသက်များကိုလည်း အတုယူလိုက်သေးသည်။
အသွင်ပြောင်းနေသော ရန်ငြိုးဝိညာဉ်များသည် ကလေးငယ်များကို မြင်လိုက်ရသောအခါ ကြောက်မက်ဖွယ်ကောင်းအောင် ရယ်မောလိုက်ကြသည်။
"ကောင်းတယ်... ကောင်းတယ် မိခင်နတ်ဘုရားမ မကြာခင် နိုင်တော့မယ်။ ငါတို့ဘက်က အသာစီးရနေပြီ မြန်မြန်... ဒါတွေကို မိခင်နတ်ဘုရားမဆီ သွားဆက်သကြစို့"
သူတို့သည် ကလေးပုံရိပ်များကို ပွေ့ချီကာ အသားစိုင်အသိုက်ကြီးဆီသို့ အရူးတပိုင်း ပြေးသွားကြတော့သည်။
အိမ်မက်ဆိုးနာကြည်းမှုမိခင်မှာတော့ အတိုင်းထက်အလွန် ဝမ်းမြောက်နေလေသည်။
မိနစ် ၂၀ လွန်သွားသည်...
မိနစ် ၄၀ လွန်သွားသည်...
တစ်နာရီခန့် ကြာပြီးနောက်တွင် ရွှီရန်သည် တစ်စက္ကန့်လျှင် ကလေးတစ်ဦးနှုန်းဖြင့် စက္ကူကလေးငယ် ပေါင်း ၃,၀၀၀ ခန့်ကို ဖန်တီးခဲ့ပြီးဖြစ်သည်။
စက္ကူကလေးငယ် ၃,၀၀၀ ကို အိမ်မက်ဆိုးနာကြည်းမှုမိခင်၏ အသိုက်အတွင်းသို့ ယဇ်ပူဇော်ပြီးဖြစ်သည်...
ရွှီရန်၏ သွေးများ စွန်းထင်နေသော ထိုစက္ကူရုပ်များမှာ အလွန်ပင် အသက်ဝင်လှသဖြင့် အိပ်မက်ဆိုးမိစ္ဆာမသည် ဘာကိုမျှ ရိပ်မိခြင်းမရှိဘဲ အကောင်းဆုံးသော ကလေးငယ်များကို ရရှိနေသည်ဟုသာ ထင်မှတ်နေသည်။
သူမသည် ဤထူးခြားသော ပူဇော်သက္ကာများကို အလွန်ပင် နှစ်ခြိုက်စွာ စုပ်ယူနေတော့သည်။
မှောင်မည်းနေသော မြေအောက်ကမ္ဘာထဲတွင် တစ်နာရီတိုင်တိုင် ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့သော ရွှီရန်သည် စိတ်ထဲမှနေ၍ တိတ်တဆိတ် ရေရွတ်လိုက်သည်။
"စက္ကူကလေးငယ် ၃,၀၀၀ ဆိုရင်တော့ လုံလောက်ပြီ ထင်တာပဲ... ဟုတ်တယ်မလား"
အခန်း။ ၇၈
"လုံလောက်တာထက်တောင် ပိုသေးတယ်။ ယွဲ့နယ်ပယ်ကျင့်ကြံသူတစ်ယောက်ရဲ့ အမြင့်ဆုံး ချီစွမ်းအင်က ဆယ်သန်းထက် မပိုဘူး။ အိမ်မက်ဆိုးနာကြည်းမှုမိခင်က နတ်ဘုရားတစ်ပါး ဖြစ်နေရင်တောင် သူ့ရဲ့ စွမ်းအင်ပမာဏဟာ သန်းတစ်ရာထက် ကျော်လွန်မှာ မဟုတ်ဘူး..."
"စက္ကူကလေးငယ် သုံးထောင်ဆိုတာ သူ့ကို သတ်ပစ်ဖို့ လုံလောက်တာထက် ပိုပါတယ်။ နောက်တစ်ဆင့်ကတော့... အိမ်မက်ဆိုးနာကြည်းမှုမိခင် ဆီကနေ အားနည်းချက်တစ်ခု ပေါ်လာဖို့ တိတ်တဆိတ် စောင့်ရုံပဲ"
"မကြာခင် အားနည်းချက် ပေါ်လာတော့မယ်။ သူက အသွင်ပြောင်းနေတာဆိုတော့ အရေးကြီးတဲ့ အလှည့်အပြောင်း အချိန်ကို မကြာခင် ရောက်လာတော့မှာ။ အဲဒီအချိန်က သူ့ရဲ့ နိဂုံးပဲ"
သူ့ကို ကလေးတစ်ယောက်က သေချာ စီစဉ်ညွှန်ကြားထားပြီးပြီဆိုတာကို အိမ်မက်ဆိုးနာကြည်းမှုမိခင်ကတော့ အခုထိ မသိသေးပေ။
ထိုကလေးငယ်သည် အိမ်မြှောင်တစ်ကောင်ကဲ့သို့ အသားစိုင်အသိုက်ကြီးဆီသို့ တစ်လက်မချင်း တွားသွားနေသည်။
ကိုယ်ပျောက်အတတ်၊ သေဟန်ဆောင်ခြင်းနှင့် ဖိနှိပ်မှု အတုယူခြင်းကဲ့သို့သော နတ်ဘုရားအဆင့် စွမ်းရည်များကို အသုံးပြုထားသဖြင့် ရွှီရန်သည် မည်သူမျှ သတိမပြုမိနိုင်သော ထူးခြားမှုမရှိသော ကိုယ်ပျောက်ရန်ငြိုးဝိညာဉ်တစ်ကောင်အဖြစ် ပြောင်းလဲနေသည်။
ဆယ်မိနစ်တိုင်း တစ်ကြိမ် အိမ်မက်ဆိုးနာကြည်းမှုမိခင်က သူမ၏ ဝိညာဉ်စွမ်းအားဖြင့် ပတ်ဝန်းကျင်ကို ကြည့်သော်လည်း ရွှီရန် ရှိနေခြင်းကို မတွေ့ရှိနိုင်ပေ။
"တကယ့်ကို သတိကြီးတာပဲ... တခြား ကျင့်ကြံသူတစ်ယောက်ယောက်သာ တိတ်တဆိတ် ခိုးဝင်လာရင် ချက်ချင်း အမိခံရမှာ သေချာတယ်။ ဒါပေမဲ့ ငါက မွေးကတည်းက စည်းကမ်းတကျနဲ့ နတ်ဘုရားအဆင့် စွမ်းရည် ဒါဇင်ဝက်လောက်ကို လေ့ကျင့်ထားတဲ့သူလေ"
"ဟက်... မင်းကို ဒုက္ခပေးဖို့ ငါ မွေးဖွားလာတာပဲ"
ရွှီရန် ခပ်ဖွဖွ ပြုံးလိုက်သည်။
သူသည် အိမ်မက်ဆိုးနာကြည်းမှုမိခင်ကို နည်းဗျူဟာအရ အထင်အမြင်သေးခြင်းသာ ဖြစ်သည်။
လက်တွေ့တွင်မူ သူ၏ စိတ်နှလုံးမှာ လှုပ်ရှားလျက်ရှိသည်။ အကယ်၍ သူသာ စည်းကမ်းတကျ ကြိုးစားအားထုတ်ခဲ့ခြင်း မရှိပါက ယနေ့ကဲ့သို့သော အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာတွေ့လိမ့်မည် မဟုတ်ပေ။
ကံကောင်းစွာဖြင့် သူသည် သူ့ကိုယ်သူစိတ်ပျက်အောင် မလုပ်ခဲ့ပေ။ မွေးဖွားပြီးကတည်းက ၂၃၂၈ ရက်တိုင်တိုင် သူသည် နတ်ဘုရားတစ်ပါးကို သတ်ဖြတ်ရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။
"ဒါပေမဲ့... ငါ့ရဲ့ နတ်ဘုရားအဆင့် စွမ်းရည်တွေက နတ်ဘုရားတွေကိုပဲ ရည်ရွယ်ပြီး ဖြစ်တည်လာတာနဲ့ တူနေတယ်"
"အထူးသဖြင့် စက္ကူရုပ် ဝိညာဉ်ဆက်သွယ်ခြင်းကျင့်စဉ်က ဝိညာဉ်သတ္တဝါတွေကို သုတ်သင်ဖို့အတွက်ကိုပဲ မွေးဖွားလာတာနဲ့ တူတယ်"
"ဒါက တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူး။ ငါ့ရဲ့ မှော်စွမ်းအင်တွေက ဒီလောက်အထိ တိကျတဲ့ ပစ်မှတ်တွေ ရှိနေတာရယ် ငါကိုယ်တိုင်လည်း ပထမဆုံးနေ့ကတည်းက တစ်ရက်မှ မနားဘဲ ဒီလောက်အထိ စည်းကမ်းတကျ လေ့ကျင့်နေမိတာရယ်ရဲ့ နောက်ကွယ်မှာ ထူးခြားတဲ့ အကြောင်းရင်းတစ်ခုခု ရှိရမယ်"
သူသည် သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
ရွှီရန်၏ စိတ်ထဲတွင် အဖြေတစ်ခု ပေါ်ထွက်လာသကဲ့သို့ ရှိသော်လည်း ထိုအဖြေမှာ ရှင်းလင်းပြတ်သားခြင်း မရှိသေးဘဲ အနာဂတ်တွင်မှသာ အတည်ပြုနိုင်မည်ဖြစ်သည်။
"ဟင်"
ဘာမှမလုပ်ဘဲ စောင့်ဆိုင်းနေရင်းမှ ရွှီရန် ရုတ်တရက် အာရုံစူးစိုက်လိုက်ပြီး အိမ်မက်ဆိုးနာကြည်းမှုမိခင်ကို လှမ်းကြည့်လိုက်သည်။
အသားစိုင်အသိုက်ကြီးအတွင်းရှိ အိမ်မက်ဆိုးနာကြည်းမှုမိခင်ထံမှ စည်းချက်ကျကျ နှလုံးခုန်သံကြီးတစ်ခု ထွက်ပေါ်လာသည်။
နှလုံးခုန်သံတိုင်းမှာ စစ်ဗုံတီးသံကဲ့သို့ပင်။
အရပ်မျက်နှာအနှံ့မှ ခရမ်းစိမ်းရောင် အလင်းစက်ပေါင်းများစွာသည် ပိုးစုန်းကြူးများအလား တိုးထွက်လာပြီး အိမ်မက်ဆိုးနာကြည်းမှုမိခင်ဆီသို့ စုပြုံရောက်ရှိလာကြသည်
ထိုခရမ်းစိမ်းရောင် အလင်းစက်များသည် ဆီကဲ့သို့ စေးကပ်သော အရာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အိမ်မက်ဆိုးနာကြည်းမှုမိခင်ကို လွှမ်းခြုံထားလိုက်သည်။ သူမသည် ထူးဆန်းသော အလင်းပိုးအိမ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ခရမ်းစိမ်းရောင် ဓာတ်ရောင်ခြည်များကို အဆက်မပြတ် ထုတ်လွှတ်နေသည်။ ထိုခရမ်းစိမ်းရောင် အရည် များမှာလည်း အဆက်မပြတ် စိမ့်ထွက်နေသဖြင့် ကြည့်ရသူကို ခေါင်းမူးဝေသွားစေသည်။
"ဟဲဟဲ... အဆုံးအဖြတ် အခိုက်အတန့်ကို ရောက်ပြီပေါ့လေ"
ပျားငယ်နံပါတ်တစ် ပေးပို့သော အမြင်အာရုံအရ အိမ်မက်ဆိုးနာကြည်းမှုမိခင်၏ သက်ရှိအဆင့်အတန်းမှာ သိသိသာသာ မြန်ဆန်သော အရှိန်ဖြင့် မြင့်တက်လာနေသည်။
အသိဉာဏ်မရှိသော ဇွန်ဘီကလေးများပင်လျှင် ဉာဏ်ရည်အချို့ စတင်ရရှိလာကြသည်။ သူတို့သည် အိမ်မက်ဆိုးနာကြည်းမှုမိခင်ဘေးသို့ ဖြည်းညင်းစွာ ပျံသန်းသွားကြပြီး သူမကို ဒိုင်း အဖြစ် ကာကွယ်ရန် ခန္ဓာကိုယ်ပေါ်သို့ တွားတက်သွားကြသည်။
"မိခင်နတ်ဘုရားမ... မိခင်နတ်ဘုရားမကို ကာကွယ်မယ်..."
"မိခင်နတ်ဘုရားမ... မိခင်နတ်ဘုရားမကို ကာကွယ်မယ်..."
စူးရှသော ကလေးငိုသံများမှာ ထူးဆန်းသော မှော်စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး နားထောင်ရသူကို ပျို့အန်ချင်စိတ် ဖြစ်ပေါ်စေသည်။
ရွှီရန် အာရုံစူးစိုက်လိုက်ပြီး စက္ကူကလေးငယ် သုံးထောင်ကို အိမ်မက်ဆိုးနာကြည်းမှုမိခင် ဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်ခိုင်းလိုက်သည်။ သူတို့သည်လည်း သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ဝပ်တွားလျက် "မိခင်နတ်ဘုရားမ... မိခင်နတ်ဘုရားမကို ကာကွယ်မယ်..." ဟု လိုက်အော်နေကြသည်။
အိမ်မက်ဆိုးနာကြည်းမှုမိခင် မှာမူ ဘာကိုမျှ သံသယမရှိပေ။
"ကောင်းတယ်... ကောင်းတယ်... ငါ့ကို ကာကွယ်ကြစမ်း။ ငါ နတ်ဘုရားတစ်ပါး ဖြစ်လာတော့မယ်"
"မင်းတို့လည်း... ငါ့ရဲ့ နတ်ဘုရားနိုင်ငံတော်ထဲမှာ ထာဝရရှင်သန်ပြီး ပျော်ရွှင်ကြရလိမ့်မယ်"
မိစ္ဆာမသည် ရူးသွပ်စွာ ရယ်မောလိုက်သည်။ ထိုရယ်သံထဲတွင် ဝိညာဉ်အနက်ရှိုင်းဆုံးမှ လာသော ကျေနပ်သာယာမှုများ ပါဝင်နေသည်။
"တကယ်ကို ရယ်ရတယ်"
ရွှီရန်သည် မည်သည့်ခံစားချက်မျှ မဖော်ပြဘဲ စက္ကူရုပ် သုံးထောင်လုံးကို အာရုံခံကြည့်
လိုက်သည်။ စက္ကူရုပ်တိုင်းသည် အိမ်မက်ဆိုးနာကြည်းမှုမိခင်၏ ခန္ဓာကိုယ်ပေါ်တွင် အကွာအဝေးမရှိ ထိကပ်နေကြပြီဖြစ်ရာ...
လက်ညှိုးကိုပင် မမြင်ရလောက်အောင် မှောင်မည်းနေသော မြေအောက်ကမ္ဘာတွင် ကိုယ်ပျောက်နေသော ရွှီရန်သည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏မျက်နှာထက်တွင် အလွန်တရာ ကြင်နာလှသော အပြုံးတစ်ခု ပေါ်လာသည်။
"စတိုက်တော့"
သူ စိတ်ထဲက ခိုင်းစေလိုက်သည်နှင့် တစ်ပြိုင်နက်... စက္ကူကလေးငယ် သုံးထောင်၏ လက်မောင်းများသည် အမည်းရောင် ဓားသွားများအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး ရှေ့သို့ တစ်ညီတစ်ညွတ်တည်း ပိုင်းဖြတ်လိုက်ကြတော့သည်။
စက္ကူကလေးငယ် သုံးထောင်သည် အိမ်မက်ဆိုးနာကြည်းမှုမိခင်၏ ခန္ဓာကိုယ်ကို မညှာမတာ ပိုင်းဖြတ်ကာ ခြေမွှပစ်လိုက်ကြသည်။
လွန်ခဲ့သော တစ်နှစ်က ဒုတိယအဆင့် စက္ကူရုပ်ဝိညာဉ်ဆက်သွယ်ခြင်းကျင့်စဉ်သည် အဆင့်
မြင့် ရန်ငြိုးဝိညာဉ်တစ်ကောင်ကို တစ်ချက်တည်းဖြင့် အပြတ်ရှင်းနိုင်ခဲ့သည်။
ယခု တစ်နှစ်အကြာတွင်မူ ရွှီရန်၏ စက္ကူခေါက်အတတ်မှာ တတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဝိညာဉ်သတ္တဝါများအပေါ် တားဆီးနိုင်စွမ်းနှင့် ဖျက်ဆီးနိုင်စွမ်းမှာ အဆပေါင်း ရာနှင့်ချီ၍ မြင့်တက်လာခဲ့ပြီဖြစ်သည်။
ခရမ်းစိမ်းရောင် အလင်းပိုးအိမ်ကြီးမှာ စုတ်ပြတ်သွားပြီး အိပ်မက်ဆိုးကဲ့စားချေမိခင်၏ ခန္ဓာကိုယ်ပေါ်တွင် ထောင်နှင့်ချီသော ဓားဒဏ်ရာများ ဗရပွ ဖြစ်သွားတော့သည်။ ဒဏ်ရာများထဲမှ ထူးဆန်းပြီး စေးကပ်လှသော ဆီကွက်ကြီးများ စိမ့်ထွက်လာသည်...
အိမ်မက်ဆိုးနာကြည်းမှုမိခင်: "..."
သူမသည် နာကျင်မှုကို ခံစားရသော်လည်း ဂရုမစိုက်မိပေ။
ယခုကဲ့သို့ အသွင်ပြောင်းလဲခြင်း၏ အဆုံးအဖြတ် အချိန်နာရီတွင် နာကျင်မှုအချို့ ရှိနေခြင်းမှာ သဘာဝကျသည်။
ဒါက နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်လှမ်းဖို့အတွက် ခံစားရတဲ့ ကြီးထွားမှုဆိုင်ရာ နာကျင်မှုပဲ။
စကြာဝဠာတစ်ခွင်လုံးတွင် နာကျင်မှုမရှိသော သားဖွားခြင်းဟူ၍ မရှိသကဲ့သို့ နာကျင်မှုမရှိဘဲ ပိုးအိမ်ခွဲထွက်၍ နတ်ဘုရားအဖြစ် အသွင်ပြောင်းလဲခြင်းဆိုသည်မှာလည်း မရှိနိုင်ပေ။
နတ်ဘုရားအဆင့်သို့ တက်လှမ်းရန်အတွက်ဆိုလျှင် မတွေးဝံ့စရာ နာကျင်မှုများကို ကြံ့ကြံ့ခံရမည်ဖြစ်သည်။
"နာကျင်မှုတွေ... ပိုပြီး ပြင်းပြင်းထန်ထန် လာစမ်းပါ။ ဒီနာကျင်မှုတွေကြားကနေပဲ ငါက နိဗ္ဗာန်ရောက်သလို အဆင့်မြင့်သွားရမယ် ဟီးဟီး ဟီးဟီး"
"ဟင် ဘာတုံ့ပြန်မှုမှ မရှိဘူးလား"
ရွှီရန်၏ စိတ်နှလုံးမှာ အောက်ခြေသို့ ထိုးကျသွားသည်။ ဤအစီအစဉ်ကို မလုပ်ဆောင်မီ သူ၏စိတ်ထဲတွင် ဖြစ်နိုင်ခြေပေါင်းများစွာကို အကြိမ်ပေါင်း ရာနှင့်ချီ၍ လေ့ကျင့်တွက်ချက်ခဲ့ဖူးသည်။
သို့သော် အိမ်မက်ဆိုးနာကြည်းမှုမိခင်က ဘာမှမဖြစ်သလို နေနိုင်လိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။ သူမသည် ထိခိုက်မှုမရှိသည့်အပြင် ယုံကြည်မှုအပြည့်နှင့် တိုက်ခိုက်လိုစိတ် ထက်သန်နေသော ရယ်သံများကိုပင် ထုတ်ဖော်နေသေးသည်။
"ငါ့အစီအစဉ် ကျရှုံးတော့မှာလား"
ရွှီရန် မျက်မှောင်ကို တင်းတင်းကြုတ်လိုက်သည်။
သူ၏ စိတ်ဆန္ဒကို ပြင်းပြင်းထန်ထန် နှိုးဆော်လိုက်သည်
ဘာပဲဖြစ်ဖြစ်... ကျရှုံးခဲ့ရင်တောင် မင်းရဲ့အရေခွံကိုတော့ တစ်လွှာချင်း လှန်ပစ်ခဲ့ရမယ်။
ထိုခဏမှာပင် စက္ကူကလေးငယ် သုံးထောင်သည် အိမ်မက်ဆိုးနာကြည်းမှုမိခင်၏ အသားစိုင်များကို ရက်ရက်စက်စက် ဆွဲဖြဲပစ်လိုက်ကြပြီး ကြောက်မက်ဖွယ် သွေးစုပ်ဖုတ်ကောင်များအဖြစ် ပြောင်းလဲကာ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို ရူးသွပ်စွာ ဝါးမြိုပစ်လိုက်ကြတော့သည်။