← Chapters

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း။ ၈၃

ကောင်းယွမ်သည် သွေးစုပ်အသားစိုင်အသိုက်တစ်ခုလုံးကို အသေးစိတ်စစ်ဆေးပြီးနောက် "ဒီနေရာက တစ်ခုခုတော့ လွဲနေပြီ။ အလင်းဓာတ်အခြေခံအရိုးပိုင်ဆိုင်ထားတဲ့ ထိပ်သီးပညာရှင်တစ်ယောက်ယောက်များလား" ဟု ရေရွတ်လိုက်သည်။

ကျောက်ရင်းက လက်ခါယမ်းလျက် ငြင်းပြောလိုက်သည်။

"အလင်းဓာတ်အခြေခံအရိုးရှိတဲ့ ထိပ်သီးပညာရှင်ဆိုလို့ ငါးယောက်ပဲ ရှိတာ။ သူတို့အားလုံးက ကြယ်တာရာစစ်မြေပြင်မှာ ပိတ်မိနေကြတာလေ။ ဘယ်လိုမှ ထွက်လာနိုင်မှာ မဟုတ်ဘူး"

ကောင်းယွမ်: "ဒါဆို အိမ်မက်ဆိုးမိခင်က ငါတို့ လာသတ်တော့မယ်ဆိုတာ သိလို့ ကြိုတင်ထွက်ပြေးသွားတာများလား"

"မဖြစ်နိုင်တာ သူ ထွက်ပြေးသွားရင်တောင် ညစ်ညမ်းမှု အစအနတစ်ခုခုတော့ ကျန်ခဲ့ရမှာပေါ့။ ဒါပေမဲ့ အခုအခြေအနေက ဒီမြေအောက်လိုဏ်ခေါင်းထဲမှာ အိမ်မက်ဆိုးမိခင်ရဲ့ ညစ်ညမ်းမှုက လုံးဝကို မရှိတော့တာပဲ။ လေထဲမှာ ပျောက်ကွယ်သွားသလိုမျိုး ဖြစ်နေတာ..."

သူတို့နှစ်ဦး ဇဝေဇဝါဖြစ်နေစဉ်မှာပင် ဟွမ်လျန်က ကြမ်းပြင်ပေါ်ရှိ စက္ကူစအချို့ကို သတိပြုမိသွားသည်။ သူသည် စက္ကူစ သုံးလေးစကို ကောက်ယူလိုက်ပြီး "ဒါကို ကြည့်ကြစမ်းဦး မင်းတို့ ဘာလို့ ထင်သလဲ" ဟု မေးမြန်းလိုက်သည်။

သုံးဦးသား ခေါင်းချင်းရိုက်၍ စစ်ဆေးကြည့်ကြရာ "သေချာတော့ မသိဘူး။ ဒီစက္ကူစတွေပေါ်မှာ ထူးခြားတဲ့ စွမ်းအင်တုန်ခါမှုတွေ ရှိနေတယ်။ ဝိညာဉ်လက်နက်တစ်ခုခုရဲ့ အစိတ်အပိုင်းတွေနဲ့ တူတယ်" ဟု ကောက်ချက်ချလိုက်ကြသည်။

ဟွမ်လျန်က အသားစိုင်အသိုက်တစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုရင်း "ငါ ခန့်မှန်းရသလောက်တော့ ဒီနေရာမှာ ဝိညာဉ်လက်နက် အစုအဝေးတစ်ခုက အိမ်မက်ဆိုးမိခင်နဲ့ တိုက်ပွဲဖြစ်ပွါးခဲ့ပုံပဲ။ အဲဒီလက်နက်တွေက နောက်ဆုံးမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပြီး အိမ်မက်ဆိုးမိခင်ကတော့ ဘယ်ကို ရောက်သွားမှန်း မသိရတော့ဘူး..."

ကျောက်ရင်း: "ဟင်"

ကောင်းယွမ်: "ဟင်"

"တိုက်ပွဲ ဖြစ်ပွားခဲ့တာလား"

"ငါတို့ ဘာမှ မခံစားလိုက်ရပါလား"

"တိုက်ပွဲဖြစ်တယ်ဆိုရင် စွမ်းအင်တုန်ခါမှုတွေ ရှိရမှာပေါ့။ အိမ်မက်ဆိုးမိခင်ဆိုတာ သာမန်နတ်ဆိုးမဟုတ်ဘူး။ ငါတို့ သုံးယောက် အစွမ်းကုန်တိုက်ရင်တောင် ပေါက်ကွဲသံက ကီလိုမီတာ အတော်များများအထိ ပဲ့တင်ထပ်နေမှာပဲ။ ဒုံးကျည်တစ်စင်း ပေါက်ကွဲသလိုမျိုး ဖြစ်နေမှာ"

ကျောက်ရင်းနှင့် ကောင်းယွမ်တို့သည် အကြီးအကျယ် ဇဝေဇဝါဖြစ်နေကြပြီး သူတို့၏မျက်နှာထက်တွင်လည်း နားမလည်နိုင်သည့် အရိပ်အယောင်များ အထင်သားပေါ်လွင်နေသည်။

ဤမြေအောက်ကမ္ဘာတွင် အမှန်တကယ် မည်သည့်အရာများ ဖြစ်ပျက်ခဲ့တာလဲဆိုသည်ကို သူတို့ စိတ်ကူးပင် မယဉ်နိုင်ကြတော့ပေ။

အသာစီးရနေသည့်ပုံပေါ်သော အိမ်မက်ဆိုးနာကြည်းမှုမိခင်သည် ညစ်ညမ်းမှု အစအနလေးမျှပင် မချန်ထားဘဲ ဘယ်လိုကြောင့် ရုတ်တရက် ပျောက်ကွယ်သွားရတာလဲ။

ဟွမ်လျန်က မျက်မှောင်ကြုတ်လျက် "ငါ အစ်ကိုဖိန်ကို မေးကြည့်မယ်။ အစ်ကိုဖိန် တစ်ခုခုတော့ သိမှာပဲ။ စောစောက သူ တစ်ခုခုကို လျှို့ဝှက်ထားသလိုမျိုး ထူးထူးဆန်းဆန်း လုပ်နေတာ" ဟု ပြောဆိုကာ ဆက်သွယ်ရေးကိရိယာကို နှိပ်လိုက်သည်။

"အစ်ကိုဖိန်... ကျွန်တော်တို့ အိမ်မက်ဆိုးမိခင် ပုန်းနေတဲ့ မြေအောက်အသိုက်ကို ရောက်နေပြီ"

ယဲ့ဖျင်က: "အေး... ဒါဆို မင်းတို့ အိမ်မက်ဆိုးမိခင်ကို သတ်လိုက်ပြီလား။ အခုတော့ ဘာမှ စိုးရိမ်စရာမရှိတော့ဘူး။ မြန်မြန်ဆန်ဆန်နဲ့ ပြတ်ပြတ်သားသားသာ သတ်ပစ်လိုက်တော့။ ဒါက မင်းတို့အတွက် အလွန်လွယ်ကူတဲ့ ကိစ္စပဲဟာ"

ဟွမ်လျန် ခဏမျှ တိတ်ဆိတ်သွားပြီးမှ….

"မဟုတ်ဘူး... မဟုတ်ဘူး အစ်ကိုဖိန်။ ကျွန်တော်တို့ မြေအောက်အသိုက်ကို ရောက်တဲ့အချိန်မှာ ဘာမှမရှိတော့ဘဲ ဟောင်းလောင်းပေါက်ကြီး ဖြစ်နေတာ။ အိမ်မက်ဆိုးမိခင်ကိုလည်း မတွေ့ရသလို ညစ်ညမ်းမှု အစအနလေးတောင် မကျန်ခဲ့ဘူး... ဘာတွေ ဖြစ်ကုန်တာလဲ"

ယဲ့ဖျင်က လက်နှစ်ဖက်ကို ဘေးသို့ဖြန့်လျက် "မင်းက ငါ့ကို မေးနေတာလား။ ငါကတော့ တောင်ပေါ်မှာ အိမ်မက်ဆိုးမိခင်နဲ့ အင်အားချင်း အပြန်အလှန် ထိန်းချုပ်နေတာလေ။ မြေအောက်မှာ ဘာတွေဖြစ်နေသလဲဆိုတာ ငါလည်း မသိဘူး"

ကျောက်ရင်းက ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။

"အစ်ကိုဖိန်... အစ်ကို တိတ်တဆိတ်နဲ့ နတ်ဘုရားသတ်အဖွဲ့ကို ငှားလိုက်တာလား။ ဒီနေရာက အိမ်မက်ဆိုးမိခင်ရဲ့ သွေးစုပ်အသားစိုင်အသိုက် ဖြစ်တာတော့ သေချာတယ်။ ဒါပေမဲ့ ညစ်ညမ်းမှု လုံးဝမရှိတာကတော့ ထူးဆန်းနေတယ်"

ယဲ့ဖျင်က အံ့အားသင့်သွားပြီး "ဟင် နတ်ဘုရားသတ်အဖွဲ့ ဟုတ်လား။ ငါ ဘယ်အဖွဲ့ကိုမှ မငှားထားပါဘူး။ ကြယ်တာရာစစ်မြေပြင်ကလည်း အခြေအနေ တင်းမာနေတာဆိုတော့ ဘယ်သူ့ကိုမှ အင်အားထုတ်ပေးနိုင်မှာ မဟုတ်ဘူး..."

"နေဦး... မင်း အခု ဘာပြောလိုက်တာလဲ။ ညစ်ညမ်းမှု အစအနတောင် မကျန်ဘူး ဟုတ်လား မဖြစ်နိုင်တာ"

ယဲ့ဖျင်၏ တုန်လှုပ်ချောက်ချားနေသော အသံကို ကြားရသောအခါ ပညာရှင်သုံးဦးမှာ ဆွံ့အသွားကြပြီး "ဒါဆို အစ်ကိုတောင်မှ ဘာဖြစ်ခဲ့သလဲဆိုတာ မသိဘူးပေါ့ ဟုတ်လား" ဟု ပြန်လည်မေးမြန်းလိုက်ကြတော့သည်။

ယဲ့ဖျင်မှာ ပြောစရာစကားလုံးများ ပျောက်ဆုံးနေဟန်ဖြင့် တိတ်ဆိတ်သွားတော့သည်။

သူသည် တစ်စုံတစ်ခုကို ရိပ်မိနေသကဲ့သို့ ရှိသော်လည်း အမှန်တကယ်တွင်မူ ဘယ်လိုမျှ အတိအကျ သိရှိခြင်းမရှိပေ။

ဤသည်မှာ ရှောင်ရန်၏ လက်ချက်ဖြစ်နိုင်သည်ဟု သူ ခန့်မှန်းမိသော်လည်း ရှောင်ရန်က ဘယ်လိုသော နည်းလမ်းမျိုးဖြင့် လုပ်ဆောင်သွားခဲ့သည်ကိုမူ ယဲ့ဖျင်အနေဖြင့် စဉ်းစား၍မရနိုင်အောင် ဖြစ်နေရသည်။

"မင်းတို့ ပြောတာ တကယ်ပဲလား။ အိမ်မက်ဆိုးနာကြည်းမှုမိခင် သေသွားပြီပေါ့... ညစ်ညမ်းမှု အစအနလေးတောင် မကျန်ခဲ့ဘူးဆိုတာ သေချာလား"

ယဲ့ဖျင်က မယုံကြည်နိုင်ဟန်ဖြင့် မေးမြန်းလိုက်သည်။

ဟွမ်လျန်ကလည်း ခေါင်းညိတ်၍ အတည်ပြုပေးလိုက်သည်။

"ဒီနေရာက အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာကြည့်ရသလောက်တော့ အိမ်မက်ဆိုးမိခင်ဟာ သေဆုံးသွားတာ သေချာပါတယ်။ တကယ့်ကို ပြောင်ပြောင်စင်စင်နဲ့ အပြီးတိုင် သုတ်သင်ခံလိုက်ရတာပါပဲ"

ထိုစကားကို ကြားရသောအခါ ယဲ့ဖျင်သည် သက်ပြင်းရှည်ကြီးတစ်ချက်ကို လေးလံစွာ ချလိုက်မိသည်။

"အမှန်အတိုင်း ပြောရရင် ငါလည်း ဘာမှမသိဘူး... မင်းတို့ တကယ်ပဲ သိချင်တယ်ဆိုရင်တော့ ခဏနေရင် မူကြိုကျောင်းကို လာခဲ့ကြ။ အဲဒီကျမှ ဘယ်လိုနည်းလမ်းနဲ့ သုတ်သင်သွားသလဲဆိုတာကို ရှာဖွေကြည့်ကြတာပေါ့။ ဒါနဲ့... ငါ မင်းတို့ကို ရှာခိုင်းထားတဲ့ ကိုယ်ဖျောက်ထားတဲ့ ကလေးကိုရော တွေ့ခဲ့ကြသေးလား"

ပညာရှင် သုံးဦးစလုံးမှာ ဝေခွဲမရဖြစ်စွာဖြင့် ခေါင်းခါပြလိုက်ကြသည်။

"မတွေ့ပါဘူး ကိုယ်ဖျောက်ထားတဲ့ ကလေးမျိုး ကျွန်တော်တို့ တစ်ယောက်မှ မမြင်ခဲ့ရဘူး"

ထိုစဉ် ဟွမ်လျန်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားပြီး "နေဦး... ကိုယ်ပျောက်

အတတ်လား အဲဒါ ဘယ်လိုမျိုး ကောင်းကင်ဘုံကိုတောင် အန်တုနိုင်တဲ့ ဘယ်လိုအခြေခံအရိုးမျိုးလဲဗျာ" ဟု အံ့ဩတကြီး မေးမြန်းလိုက်သည်။

ယဲ့ဖျင်မှာ ထိုမေးခွန်းကို ပြန်လည်ဖြေကြားရန် အချိန်မရလိုက်ပေ။ သူသည် ရုတ်တရက် စိုးရိမ်ပူပန်မှုများ ဝင်ရောက်လာပြီး "မင်းတို့ မတွေ့ခဲ့ဘူး ဟုတ်လား အန္တရာယ်တစ်ခုခုများ ကြုံနေရပြီလား။ မြန်မြန်... မင်းတို့ရဲ့ ဝိညာဉ်စွမ်းအားတွေကို သုံးပြီး သေချာ ရှာဖွေကြစမ်း" ဟု အလန့်တကြား အမိန့်ပေးလိုက်သည်။

အိမ်မက်ဆိုးမိခင်၏ ပြဿနာမှာ ပြေလည်သွားခဲ့ပြီ ဖြစ်သော်လည်း ရွှီရန်သာ အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရလျှင် သို့မဟုတ် ရန်သူနှင့်အတူ အသက်ပါ ပေးလိုက်ရလျှင်မူ ဆုံးရှုံးမှုမှာ အလွန်တရာ ကြီးမားပေလိမ့်မည်။

"ဒါပေမဲ့ ရှောင်ရန်ရဲ့ စွမ်းရည်က တကယ့်ကို ထူးခြားတာပဲ။ ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး"

ယဲ့ဖျင်သည် သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်စဉ်မှာပင် သူ၏ဖုန်းမှာ ဆက်တိုက်ဆိုသလို မြည်လာတော့သည်။ သူ ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီးမှ စိတ်အေးသွားဟန်ဖြင့် လျှော့ချလိုက်သည်။

ဖုန်းခေါ်ဆိုသူမှာ ရွှီရန်ပင်။

ဖုန်း၏ အခြားတစ်ဖက်တွင်မူ ရွှီရန်သည် မြင့်မားသော အဆောက်အအုံတစ်ခုပေါ်၌ တစ်ဦးတည်း သီးခြားရပ်တည်နေသည်။ သူ၏အထက်တွင်မူ နီရဲသောလမင်းကြီးမှာ စိုးရိမ်ဖွယ်ရာ ဆွဲလဲနေပြီး ညဦးယံလေပြေမှာ သူ၏ဆံနွယ်များကို နောက်သို့ သပ်တင်ပေးနေသကဲ့သို့ တိုက်ခတ်နေသည်။ သူ၏ ချောမောသောရုပ်ရည်မှာ ထင်ရှားပေါ်လွင်နေပြီး အလွန်ပင် ငယ်ရွယ်နုပျိုသော အသွင်အပြင်ရှိသည်။

သူသည် လှေကားထစ်များ၌ ဝှက်ထားခဲ့သော သူ၏ စမတ်နာရီကို ပြန်လည်ယူဆောင်လာခဲ့ပြီးခြင်း ဖြစ်သည်။

"ဟေး... ဦးလေးယဲ့ တာဝန်ပြီးဆုံးပါပြီ။ ကျွန်တော် အခု မူကြိုကျောင်းကို ပြန်လာနေပြီ"

ယဲ့ဖျင်က စိုးရိမ်တကြီးဖြင့် "မင်းမှာ ဒဏ်ရာတစ်ခုခု ရသွားသေးလား" ဟု မေးမြန်းလိုက်သည်။

ရွှီရန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း "မရပါဘူး။ အိမ်မက်ဆိုးနာကြည်းမှုမိခင်ရဲ့ စွမ်းရည်က ကျွန်တော့်ရဲ့ သဘာဝစွမ်းအားနဲ့ တိုက်ရိုက်ဆန့်ကျင်ဘက် ဖြစ်နေလို့သာ တော်တော့တာ။ မဟုတ်ရင်တော့ သူမကို ရင်ဆိုင်ဖို့ ခက်ခဲပါလိမ့်မယ်" ဟု ရယ်မောကာ ပြန်လည်ဖြေကြားလိုက်သည်။

ယဲ့ဖျင်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။

"မင်း တစ်ယောက်တည်းနဲ့ အိမ်မက်ဆိုးမိခင်ကို အနိုင်တိုက်ခဲ့တာလား။ ပြီးတော့ သူမရဲ့ ညစ်ညမ်းမှုတွေအားလုံးကိုပါ ဖယ်ရှားပစ်ခဲ့တာပေါ့ ဟုတ်လား"

ရွှီရန်က အေးစက်စက် လေသံဖြင့် "သေချာတာပေါ့။ ဗုဒ္ဓမြတ်စွာကို အနောက်အရပ်အထိ ပို့ဆောင်ပေးလိုက်သလိုမျိုး ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့တာပါ။ တစ်စုံတစ်ရာ အကြွင်းအကျန်ရှိပြီး ပြာပုံထဲကနေ ပြန်လည်ရှင်သန်လာမှာမျိုး မလိုလားလို့ အကုန်အပြီးအစီးအနေနဲ့ လုံးဝဥဿုံ သန့်စင်ပေးလိုက်တာပါ" ဟု ပြောလိုက်သည်။

ယဲ့ဖျင်မှာ ပြောစရာစကားပင် မရှိတော့ဘဲ…

"တကယ့်ကို အံ့မခန်းပါပဲ မြန်မြန်ပြန်လာခဲ့တော့ မင်းအမေနဲ့ ကျောင်းအုပ်ကြီးတို့က မင်းအတွက် အရမ်းစိုးရိမ်နေကြတယ်"

ရွှီရန်၏ ရင်ထဲ၌ နွေးထွေးသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာပြီး "ကောင်းပါပြီ။ ကျွန်တော် အခု လာနေပါပြီ။ ဦးလေးတို့ကတော့ သူတို့ကို သတင်းကောင်းအရင် သွားပြောလိုက်ပါဦး" ဟု ပြောလိုက်သည်။

ယဲ့ဖျင်: "အေးအေး"

...

အခြားတစ်ဖက်ရှိ ဆက်သွယ်ရေးစက်တွင်မူ...

ဟွမ်လျန်၊ ကျောက်ရင်း နှင့် ကောင်းယွမ်တို့မှာ လုံးဝဥဿုံ မှင်သက်နေကြတော့သည်။

အခုလေးတင် သူတို့ ဘာကို ကြားလိုက်ရတာလဲ။

ကလေးငယ်တစ်ဦးရဲ့ အသံလား။

"နေဦး... အစ်ကိုဖိန် ဒါ ဘာတွေဖြစ်နေတာလဲ။ အိမ်မက်ဆိုးမိခင်ကို သုတ်သင်ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ထိပ်သီးပညာရှင်ဆိုတာ ကလေးတစ်ယောက်လား။ နုပျိုခြင်းအခြေခံအရိုးပိုင်ဆိုင်ထားသူလား"

ယဲ့ဖျင်က ခေါင်းခါယမ်းလျက် ရယ်မောလိုက်ပြီး "မဟုတ်ဘူး... မဟုတ်ဘူး။ သူက တုနှိုင်းမရတဲ့ ထိုးထွင်းဉာဏ်အခြေခံအရိုးပိုင်ဆိုင်ထားတဲ့ အရမ်းအစွမ်းထက်တဲ့ စွမ်းရည်ရှိတဲ့ ပါရမီရှင်ကလေး တစ်ယောက်ပါ" ဟု ပြန်ပြောလိုက်သည်။

အခန်း။ ၈၄

"သူ အိမ်မက်ဆိုးနာကြည်းမှုမိခင်ကို ဘယ်လိုနည်းနဲ့ နှိမ်နင်းလိုက်သလဲဆိုတာ ငါလည်း မသိဘူး။ ဒါပေမဲ့ သူကတော့ သူမကို သတ်နိုင်ဖို့ ခုနစ်ဆယ်ရာခိုင်နှုန်းလောက် သေချာတယ်လို့ပဲ ပြောပြီး တစ်ယောက်တည်း ထွက်သွားတာ။ တစ်နာရီအကြာမှာတော့ အိမ်မက်ဆိုးပိုးမျှင်တွေအားလုံး ပြတ်တောက်သွားခဲ့တယ်။ အဲဒီနောက်မှာတော့ မင်းတို့ပြောသလိုပဲ အိမ်မက်ဆိုးမိခင်က အစအနမကျန် ပျောက်ကွယ်သွားရုံတင်မကဘဲ ညစ်ညမ်းမှုအရိပ်အယောင်လေးတောင် မကျန်ခဲ့တော့ဘူး"

"အိမ်မက်ဆိုးမိခင်က တကယ့်ကို ပြောင်စင်အောင် သုတ်သင်ခံလိုက်ရတာပဲ။ ဒါက သူ့ရဲ့လက်ချက်ဖြစ်ဖို့ ကိုးဆယ့်ရှစ်ရာခိုင်နှုန်းလောက် သေချာနေပြီ"

ကျောက်ရင်း၊ ကောင်းယွမ်နှင့် ဟွမ်လျန်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး "ဗျာ..."

"ထိုးထွင်းသိမြင်မှုအခြေခံအရိုးနဲ့ တကယ့်ပါရမီရှင် ဟုတ်လား"

"မဖြစ်နိုင်တာ။ နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းမှာ အကြီးဆုံးကလေးကမှ ခုနစ်နှစ်ခွဲပဲ ရှိသေးတာ မဟုတ်လား။ သူတို့က ကျင့်စဉ်တွေကိုတောင် စတင်လေ့ကျင့်ရသေးတာ မဟုတ်ဘူး..."

ယဲ့ဖျင်က ထိုသုံးဦး၏စကားကို ကြားဖြတ်ပြောလိုက်သည်။

"ပါရမီရှင်တွေကို သာမန်လူတွေရဲ့ အတွေးနဲ့ လာပြီး မတိုင်းတာနဲ့။ သူက ကိုယ်ပိုင် ကိုယ်

ပျောက်မန္တန် ကိုတောင် ဖန်တီးနိုင်ခဲ့တာ မင်းတို့ရော လုပ်နိုင်သလား"

ကျောက်ရင်း: "...မလုပ်နိုင်တာတော့ အမှန်ပဲ။ ကိုယ်ပျောက်အတတ်ဆိုတာ အလွန်ခက်ခဲတဲ့အရာလေ။ ငါကတော့ အရိပ်သတ်ဖြတ်ခြင်း အခြေခံအရိုးကိုပဲ မြင်ဖူးထားတာ"

ယဲ့ဖျင်: "သူ့ရဲ့ ကိုယ်ပျောက်အတတ်က အရိပ်သတ်ဖြတ်ခြင်းထက် အများကြီး သာလွန်တယ်။ အဆင့်အတန်းချင်းကို မတူတာ"

ကောင်းယွမ်: "အစ်ကိုဖိန်... ကျွန်တော် မှတ်မိသလောက်တော့ ကျင်းမြို့တော် မူကြိုကျောင်းမှာ အချိန်အခြေခံအရိုးရှိလို့ အစ်ကိုက တစ်ညလုံး အိပ်ရေးပျက်ခံပြီး အစောင့်အရှောက်အဖြစ် ပြန်လာခဲ့တာ မဟုတ်လား"

"အခုတော့ အဲဒါထက်တောင် ပိုအစွမ်းထက်တဲ့ ထိုးထွင်းသိမြင်မှုအခြေခံအရိုးက ဘယ်လိုဖြစ်ပြီး ပေါ်လာရတာလဲ။ ငါတို့ ဟွာရှနိုင်ငံကြီး တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ အရှိန်အဝါနဲ့ နိုးထလာတော့မှာလား"

ယဲ့ဖျင်က ခပ်ဖျော့ဖျော့ ရယ်မောလိုက်သည်။

ဟွမ်လျန်၏ စပ်စုလိုစိတ်မှာလည်း အထွတ်အထိပ်သို့ ရောက်ရှိလာပြီး "မြန်မြန်... ဒီကိစ္စတွေကို မြန်မြန်လက်စသတ်ကြရအောင်။ ခဏနေရင် ထိုးထွင်းသိမြင်မှုအခြေခံအရိုးရဲ့ စတိုင်ကို သွားပြီး မျက်မြင်ကိုယ်တွေ့ ကြည့်ကြတာပေါ့" ဟု ပြောလိုက်သည်။

ထို့နောက်တွင် ထိုသုံးဦးမှာ လူစုခွဲကာ မြေအောက်၌ အလုပ်ရှုပ်နေကြတော့သည်။

တစ်ချိန်တည်းမှာပင် အခြားတစ်နေရာ၌...

မိနစ်နှစ်ဆယ်ခန့် အပြင်းအထန် ပြေးလွှားခဲ့သော ရွှီရန်သည် နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်း သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ရွှီရန်သည် ကိုယ်ဖျောက်ထားသည့် အခြေအနေဖြင့်ပင် အစားထိုးအရုပ်ရှိရာသို့ ဖျတ်ခနဲ ရောက်ရှိသွားပြီး အသိစိတ်ကို စုစည်းလိုက်သောအခါ အစားထိုးအရုပ်မှာ ကွယ်ပျောက်သွားတော့သည်။ ထို့နောက် သူသည် မျက်လုံးများကို ဖွင့်ကာ မတ်မတ်ထိုင်လိုက်သည်။

"နိုးလာပြီ"

သူ့အမေက ရွှီရန်ကို အမြန်ဖက်လိုက်ပြီး "သားလေး... အဆင်ပြေရဲ့လား။ ဒဏ်ရာရသွားသေးလား။ ဦးလေးယဲ့ဆီကနေ သားအဆင်ပြေတယ်လို့ ကြားရပေမဲ့ အမေကတော့ စိုးရိမ်နေတုန်းပဲ" ဟု ပြောလိုက်သည်။

ရွှီရန်က ကျေနပ်စွာ ပြုံးလိုက်ပြီး နူးညံ့သိမ်မွေ့သော လေသံဖြင့် သူ့အမေကို နှစ်သိမ့်လိုက်သည်။

"ဘာမှမဖြစ်ပါဘူး အမေရယ် သား ဘေးကင်းပါတယ်။ စိုးရိမ်မနေပါနဲ့တော့။ သူရဲကောင်းဆိုတာ သေချာပေါက် အောင်ပွဲနဲ့အတူ ပြန်လာရတာပဲ မဟုတ်လား"

ကျားမလေး၏ မျက်ဝန်းအစုံမှာ အားကျနှစ်သက်မှုများဖြင့် ဝင်းလက်နေပြီး "အစ်ကိုရန်... အစ်ကိုက တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ အရမ်းတော်တာပဲ" ဟု အော်ဟစ်လိုက်သည်။

မလှမ်းမကမ်းတွင်မူ မိခင်များသည် သူတို့၏ကလေးများကို ပွေ့ချီထားရင်း ရွှီရန်ဆီသို့ ဝိုင်းအုံလာကြသည်။

"သားငယ် ရွှီရန်... ကျေးဇူးအများကြီး တင်ပါတယ်ကွယ်"

"သားက ငါတို့ကလေးတွေကို နောက်တစ်ကြိမ် ကယ်တင်ပေးခဲ့တာပဲ"

မိခင်များ၏ မျက်ဝန်းအစုံမှာ နီမြန်းနေကြသည်။ ရွှီရန်မှာမူ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး "ဒါက ဘာမှမဟုတ်ပါဘူးဗျာ တကယ်ပါ... ဘာမှမဟုတ်ပါဘူး" ဟု ပြန်ပြောမိသည်။

မိခင်များကမူ "မဟုတ်တာ အဲဒါက တကယ့်ကို အန္တရာယ်များမှန်း ငါတို့သိတာပေါ့ ကျေးဇူးတင်ပါတယ်ကွယ်။ သားလေးက ငါတို့ရဲ့ သူရဲကောင်းပါပဲ" ဟု ဆိုကြသည်။

ကလေးငယ်များမှာလည်း ရွှီရန်၏ ရင်ခွင်ထဲသို့ အတင်းတိုးဝင်ရန် ကြိုးစားနေကြသည်။

"အစ်ကိုရန်..."

"အစ်ကိုရန်..."

ရွှီရန်က လက်ယမ်းပြလိုက်ရင်း "တကယ်ပဲ ဘာမှမဟုတ်ပါဘူး။ တကယ်တော့ အားလုံးက ဘေးကင်းပါတယ်။ ကလေးတွေလည်း ထိတ်လန့်သွားကြပုံပဲ။ သူတို့ရဲ့ ကြောက်စိတ်တွေကို ငါ နည်းနည်းလောက် ဖယ်ရှားပေးမယ်" ဟု ပြောကာ ကလေးတစ်ဦးချင်းစီထံသို့ သွား၍ ကြောက်ရွံ့မှု သန့်စင်ခြင်းကို လုပ်ဆောင်ပေးလိုက်သည်။

ကြောက်ရွံ့မှုများ သန့်စင်ပေးခြင်းခံရသော ကလေးငယ်များသည် တောက်ပသော မျက်ဝန်းများ၊ လန်းဆန်းသော အပြုံးများဖြင့် ရွှီရန်ကို ကြည့်နေကြတော့သည်။

"အခုတော့ ပြန်ပြီး အိပ်ကြတော့နော်။ ကလေးတွေ တော်တော် ပင်ပန်းနေကြပြီ"

ရွှီရန်က သူတို့ကို ပြန်လည်အနားယူရန် တိုက်တွန်းလိုက်သည်။ ကလေးငယ်များ၏ မိခင်များသည်လည်း ကျေးဇူးတင်စကားများ ထပ်မံပြောကြားကာ ထွက်ခွာသွားကြသည်။

ဖုန်းရန်နှင့် အခြားသူများ ရောက်ရှိလာပြီး "ရှောင်ရန်... ငါကတော့ မင်းကို အစွမ်းအထက်ဆုံးသူလို့ ဝန်ခံလိုက်ပြီ" ဟု ဆိုကြသည်။

ရွှီရန်: ""

ဘာကို ဆိုလိုတာလဲ။ အရင်က မယုံကြည်ခဲ့ကြဘူးလား။

ကျူးကော့ဟွမ်ကျင်း၏ လေသံမှာလည်း စိတ်လှုပ်ရှားနေပုံရသည်။

"ငါတို့ အခုတော့ နားလည်သွားပြီ။ အစွမ်းအထက်ဆုံးဆိုတာ ရက်စက်ကြမ်းကြုတ်နေတာ ဒါမှမဟုတ် တခြားလူတွေကို ထိုးကြိတ်နေတာမျိုး မဟုတ်ဘူး။ အားလုံးကို ကာကွယ်ပေးနိုင်တာ။ အခက်အခဲတွေကြားမှာ မားမားမတ်မတ် ရပ်တည်ပေးနိုင်တဲ့ သူရဲကောင်းဖြစ်တာကမှ တကယ့် အစွမ်းအထက်ဆုံးပဲ"

ပါရမီရှင် ကလေးငယ်များစွာက ခေါင်းညိတ် ထောက်ခံကြသည်။

"အရင်က ငါတို့ ရှောင်ရန့်ဆီကနေ ကိုယ်ခံပညာတွေကိုပဲ သင်ယူခဲ့ရတာ။ ဒါပေမဲ့ ဒီညမှာတော့ အဲဒါထက် ပိုမြင့်မားတဲ့ အမှန်တရားတွေကို သင်ယူလိုက်ရတယ်"

သူတို့၏ နောက်ဘက်တွင်မူ သေးငယ်သော ခန္ဓာကိုယ်ရှိသော်လည်း ထည်ဝါလှသော သူရဲကောင်းစိတ်ဓာတ်ရှိသည့် သားဖြစ်သူကို ကြည့်ကာ မိခင်ဖြစ်သူမှာ လှည့်၍ မျက်ရည်သုတ်နေမိသည်။

ဤသည်မှာ သူမ၏ ရင်သွေးလေးပင်။ သူမ ကိုယ်တိုင် မွေးဖွားခဲ့ရသော သားရတနာလေးပင်။

ရွှီရန်မှာမူ ဘာပြန်ပြောရမှန်းမသိဘဲ တိတ်ဆိတ်နေမိတော့သည်။

ဖုန်းရန်၊ ကျူးကော့ဟွမ်ကျင်းနှင့် အခြားသူများ၏ ထူးဆန်းသော အတွေးအမြင်များကြောင့် ရွှီရန်မှာ ကြောင်တောင်တောင် ဖြစ်နေရသည်။

သူသည် မိခင်ဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဦးလေးယဲ့နှင့် ကျောင်းအုပ်ကြီးတို့ထံသို့ အကြည့်လွှဲလိုက်သည်။

ကျောင်းအုပ်ကြီးက "သူတို့ရဲ့ နားလည်မှုက မမှားပါဘူး။ အင်အားအကြီးဆုံး စွမ်းပကားဆိုတာ ကာကွယ်ပေးနိုင်ခြင်းပဲ။ ရှောင်ရန်... မင်းက အခုတော့ ငြင်းပယ်လို့မရတဲ့ ဆရာတစ်ဦး ဖြစ်သွားပြီ" ဟု ပြောလိုက်သည်။

ယခုအခိုက်အတန့်တွင် ကျောင်းအုပ်ကြီးမှာ အတော်ပင် စိတ်လှုပ်ရှားနေမိသည်။ မူလက ထိုးထွင်းသိမြင်မှုအခြေခံအရိုးသည် နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းသို့ ဝင်ခွင့်ရရန် မဖြစ်

နိုင်ပေ။

သို့သော် ကျောင်းအုပ်ကြီးသည် ရွှီရန်ကို သူ၏ အရိုက်အရာကို ဆက်ခံမည့်သူအဖြစ် သတ်မှတ်လိုသောကြောင့် အထူးအခွင့်အရေးများပေးကာ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ထိုးထွင်းသိမြင်မှုအခြေခံအရိုးက ဤမျှအထိ ထိတ်လန့်စရာကောင်းလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

ကျောင်းအုပ်ကြီးက ကျေနပ်စွာ ပြုံးပြရင်း "ဒါနဲ့ မင်း တကယ်ပဲ အဆင်ပြေရဲ့လား။ မင်းရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို သေချာ ပြန်ပြီး အာရုံခံကြည့်ပါဦး။ ညစ်ညမ်းမှု အကြွင်းအကျန်တွေများ ခံစားနေရသေးလား" ဟု မေးမြန်းလိုက်သည်။

ရွှီရန်က ခေါင်းခါယမ်းကာ "တကယ်ပါ။ လုံးဝကို အဆင်ပြေပါတယ်။ ဒါနဲ့ အစ်မချင်းဟုန်၊ အန်တီလုနဲ့ တခြားဆရာ နှစ်ယောက်ရော ဘယ်ရောက်ကုန်ကြတာလဲ" ဟု ပြန်မေးလိုက်သည်။

ကျောင်းအုပ်ကြီးက ရွှီရန်၏ ပခုံးကို အသာအယာ ပုတ်ရင်း သေချာစွာ အာရုံခံကြည့်လိုက်ပြီးမှ "ဩော်... သူတို့က တခြားအစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ဖို့ သွားကြတာလေ။ အကယ်၍ နောက်ထပ် နှစ်နာရီကြာတဲ့အထိ အိမ်မက်ဆိုးမိခင်က ငါတို့ကို ဆက်ပြီး ခြိမ်းခြောက်နေဦးမယ်ဆိုရင် သူတို့က အင်အားသုံးပြီး သုတ်သင်ဖို့ လုပ်ဆောင်ကြမှာ။ သေချာတာပေါ့... အဲဒီလို အင်အားသုံး သတ်ဖြတ်တာက နာကျင်စရာကောင်းတဲ့ အထိအခိုက် အကျဆုံးတွေ ရှိလာနိုင်တယ်။ အိမ်မက်ဆိုးမိခင်ရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုကို သေချာပေါက် ဖြစ်စေမှာဆိုတော့ ပထမဆုံး အပြင်းအထန် ဒဏ်ရာရမယ့်သူတွေက... ငါတို့ကျောင်းက ပါရမီရှင် ကလေးတွေပဲ ဖြစ်လိမ့်မယ်"

"ကံကောင်းတာက မင်းက အံ့ဩစရာကောင်းတဲ့ အစီအစဉ်တစ်ခုကို ထုတ်ဖော်နိုင်ခဲ့တာပဲ။ မင်းရဲ့ အစီအစဉ်ကြောင့် ထိခိုက်မှုတွေ အနည်းဆုံးဖြစ်သွားသလို ကျောင်းက ပါရမီရှင်ကလေး တစ်ယောက်မှလည်း ဆုံးရှုံးမှု မရှိခဲ့ဘူး"

ကျောင်းအုပ်ကြီးက တဟားဟား ရယ်မောလိုက်ပြီး "ကောင်းတယ်... ကောင်းတယ်။ တကယ့်ကို ငါ့ရဲ့ ထူးချွန်တဲ့ တပည့်လေးပဲ"

"အခုတော့ အိမ်မက်ဆိုးမိခင်ကိုလည်း နှိမ်နင်းပြီးပြီဆိုတော့ မင်းရဲ့ အစီအစဉ်လေးကို ငါတို့ကို ပြောပြလို့ ရမလား။ ငါ တကယ်ကို သိချင်နေပြီ"

ထိုစကားကို ကြားသောအခါ ကျားမလေးက သူမ၏ တောက်ပသော မျက်ဝန်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း "ဟုတ်တယ်... ဟုတ်တယ်။ သိချင်တယ်... သိချင်တယ်" ဟု အော်ဟစ်လိုက်သည်။

ဘေးနားရှိ ဦးလေးယဲ့၏ မျက်လုံးများကလည်း ချက်ချင်းပင် စူးစိုက်သွားပြီး "ပြောပြလို့ ရမလား။ ငါလည်း စပ်စုချင်နေပြီ" ဟု ပြောလိုက်သည်။

ရွှီရန် ခေတ္တမျှ စဉ်းစားလိုက်ပြီး "ပြောပြလို့ ရပါတယ်။ တကယ်တော့ အစီအစဉ်က သိပ်ပြီး မရှုပ်ထွေးပါဘူး..."

ထိုအခိုက်အတန့်တွင်...

ယဲ့ဖျင်၏ ဆက်သွယ်ရေးစက်မှ အသံထွက်ပေါ်လာသည်။

"ငါတို့ကို စောင့်ဦး။ ငါတို့လည်း သိချင်တယ်။ ငါးမိနစ်လောက်ပဲ စောင့်ပါ။ ငါးမိနစ်အတွင်း နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းကို ငါတို့ ရောက်လာခဲ့မယ်"

ဘယ်သူက မစပ်စုဘဲ နေနိုင်မှာလဲ။

အသက် ခြောက်နှစ်အရွယ်နှင့် အိမ်မက်ဆိုးနာကြည်းမှုမိခင်ကို နှိမ်နင်းနိုင်ခြင်းမှာ အံ့ဖွယ်

တစ်ပါးပင်။ ထို့ထက် ပို၍ထူးခြားသည်မှာ ညစ်ညမ်းမှုများကိုပါ လုံးဝဥဿုံ သန့်စင်ပစ်နိုင်ခြင်းပင်။

All Chapters