အခန်း (၂၇၀)
Vol. 25 Ch. 270
ဤတိုက်ပွဲသတင်းမှာ အလျင်အမြန်ပင် ပျံ့နှံ့သွားပြီး လူတိုင်းကို တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။
“နောက်ဆုံးတော့လည်း အနိုင်ရရှိသူက မဟာရှပါပဲ”
“ ဓားအဖိုးအိုရဲ့ ဒဏ်ရာတွေက ပြန်ကောင်းသွားရုံတင် မကဘူး၊ အရင်ကထက်တောင် ပိုပြီး အစွမ်းထက်လာသေးတယ်။ သူ ဘယ်လိုများ လုပ်လိုက်တာလဲ? သေလူကို ပြန်ရှင်စေတဲ့ နတ်ဆေးတစ်မျိုးမျိုးကို သောက်လိုက်တာများလား”
“ဓားတစ်ချက်တည်းနဲ့တင် ချီဖွဲ့တည်ခြင်းအဆင့် အယောက်ပေါင်းများစွာကို သတ်ပစ်လိုက်တာက၊ အောင်ပွဲကို အပြတ်အသတ် သိမ်းပိုက်လိုက်တာပဲ”
“အခုတော့ မဟာဖုန်းမင်းဆက်ကတော့ ဘေးဒုက္ခရောက်ပြီပဲ၊ မဟာရှစစ်တပ်က သူတို့ရဲ့ ခုခံရေးစည်းတွေကို ဖောက်ထွက်သွားပြီ”
“မဟာရှဟာ အရင်အတိုင်းပဲ အစွမ်းထက်မြဲပါပဲလား”
ဤသတင်းကို ကြားလိုက်ရသောအခါ မဟာရှနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများမှာ အလွန်အမင်း ထိတ်လန့်သွားကြသည်။ မူလကမူ မဟာရှနှင့် မဟာဖုန်းတို့ တိုက်ခိုက်ရင်း အင်အားချည့်နဲ့သွားချိန်တွင် မဟာရှထံမှ နယ်မြေအချို့ကို ဝိုင်းဝန်းဖဲ့ယူရန် သူတို့ ကြံစည်ထားခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ဓားအဖိုးအိုသည် ဒဏ်ရာမှ ပြန်ကောင်းလာရုံတင် မကဘဲ ပို၍ပင် အစွမ်းထက်လာကာ မဟာရှကို အောင်ပွဲရအောင် ကျောထောက်နောက်ခံ ပေးခဲ့လိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။ ယခုမူ သူတို့သည် နောက်ထပ် မဟာဖုန်းမင်းဆက်ကဲ့သို့ အဖြစ်မျိုး မကြုံချင်သဖြင့် တစ်ဦးမျှ မလှုပ်ရှားရဲကြတော့ချေ။
“မဟာရှက တကယ်ကို ရင်ဆိုင်ဖို့ မလွယ်ဘူးပဲ၊ လောလောဆယ် စစ်တပ်ကို ပြန်ရုပ်ထားလိုက်ဦး”
“နောက်ထပ် အခွင့်အရေးတစ်ခုကိုပဲ ထပ်စောင့်ကြည့်ကြတာပေါ့”
……
ထိုအချိန်တွင် မဟာဖုန်း၏ စစ်သည်တစ်သန်းမှာ ဖမ်းဆီးခြင်းခံထားရပြီး သူတို့၏ သိုင်းပညာရှင်များလည်း ရှုံးနိမ့်ကာ ထွက်ပြေးကုန်ကြပြီဖြစ်သည်။ မဟာဖုန်းအနေဖြင့် ထိရောက်သော ခုခံမှုမျိုးကို မပြုလုပ်နိုင်တော့ချေ။
မဟာရှ၏ စစ်သည် ၅ သိန်းမှာ မြို့များကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ကာ ရှေ့သို့ ချီတက်လာခဲ့ကြသည်။ သိမ်းပိုက်ရရှိသော မြို့များမှ လုယူရရှိသည့် ရွှေ၊ ငွေ၊ ရတနာများနှင့် စားနပ်ရိက္ခာများကို လှည်းတန်းကြီးများဖြင့် မဟာရှနိုင်ငံသို့ ပြန်လည်သယ်ဆောင်နေကြရာ အကျိုးအမြတ်မှာ အလွန်ပင် ကြီးမားလွန်းလှသည်။
လင်းပိုင်ဖန်ကမူ ကိစ္စရပ်များကို တိတ်တဆိတ် စီစဉ်နေလေသည်။
“မဟာဖုန်းမင်းဆက်ရဲ့ နိုင်ငံတော်အင်အားက မဟာရွှယ်ထက် သုံးပုံတစ်ပုံလောက် ပိုတောင့်တင်းတယ်ဆိုတာ အမှန်ပဲ။ မြေပေါ်မြေအောက် သယံဇာတတွေက မဟာရွှယ်ထက် အများကြီး ပိုများတယ်။ ဒီတစ်ခါတော့ ငါ အဝကြိတ်ရတော့မှာပဲ၊ ဟီးဟီး…”
မဟာရှသည် နယ်မြေချဲ့ထွင်ထားသည်မှာ မကြာသေးသလို လူဦးရေ သန်း ၃၀အထိ တိုးလာခဲ့ရာ ပြည်သူအများစုမှာ ငွေကြေးမရှိ၊ စားစရာမရှိဘဲ နိုင်ငံတော်ကို ပြန်လည်ထူထောင်ရန် လိုအပ်နေသည်။ ထို့ကြောင့် သူသည် ဤအခွင့်အရေးကို အသုံးချကာ မိမိကိုယ်ကိုယ် အရင်ချမ်းသာအောင် လုပ်လိုခြင်း ဖြစ်သည်။ မိမိကိုယ်တိုင် အရင် ကြွယ်ချမ်းသာမှသာ ပြည်သူများကိုလည်း ချမ်းသာအောင် လုပ်ပေးနိုင်မည် မဟုတ်ပါလော။
ရရှိသည့် အကျိုးအမြတ်များကြောင့် လင်းပိုင်ဖန် ပျော်ရွှင်နေသော်လည်း မဟာဖုန်းမင်းဆက်၏ နန်းတော်အတွင်းမှာမူ တစ်ခုလုံး ပျာယာခတ်နေကြသည်။
“ဒါတွေအားလုံး မင်းကြောင့်ပဲ”
မဟာဖုန်းဧကရာဇ်သည် မင်းသားရုံကျန်းကို ဒေါသတကြီးဖြင့် ကန်ကျောက်လိုက်ကာ ကြမ်းတမ်းစွာ ပြောဆိုလေသည် - “မင်းသာ မဟာရှကို တိုက်ဖို့ မမြှောက်ပင့်ခဲ့ရင် ဒီလိုအခြေအနေမျိုး ရောက်ပါ့မလား။ ငါတို့ စစ်သည်တစ်သန်း ဆုံးရှုံးခဲ့ရတယ်၊ သိုင်းပညာရှင်တွေလည်း အသေအပျောက်များခဲ့ရတယ်။ အခု ငါ့ရဲ့ စည်းစိမ်တွေနဲ့ နယ်မြေတွေကိုလည်း သူတို့ လုယူသွားကြပြီ။ ဒါတောင် မင်းက မျက်နှာပြောင်နဲ့ ပြန်လာရဲသေးတယ်ပေါ့လေ…”
ဆဲဆိုပြီးနောက်တွင်လည်း ဧကရာဇ်သည် ဒေါသ မပြေနိုင်သေးဘဲ မင်းသားကို ထပ်မံ ကန်ကျောက်နေတော့သည်။ မင်းသားရုံကျန်းမှာတော့ နာကျင်စွာ အော်ဟစ်နေရပြီး အလွန်ပင် မတရားသဖြင့် ခံစားနေရသည်။ သူ့အနေဖြင့် အကြံပေးခဲ့သည်မှာ မှန်သော်လည်း ဧကရာဇ်ကိုယ်တိုင်က သဘောတူခဲ့၍သာ ဤအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်း မဟုတ်ပါလော။ ယခု ရှုံးနိမ့်သွားသောအခါ အပြစ်အားလုံးက သူ့အပေါ်မှာသာ ပုံကျနေတော့သည်။
တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ သူသည်သာ အပြစ်တင်ခံရမည့်သူ ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ်က အပြစ်ခံယူလိမ့်မည် မဟုတ်သောကြောင့်ပင်။ အမှားမှန်သမျှမှာ လက်အောက်ငယ်သားများကြောင့်သာ ဖြစ်ရပေမည်။ ဧကရာဇ်ဆိုသည်မှာ နိုင်ငံ၏ အရှင်သခင်ဖြစ်၍ အမြဲတမ်း အမျှော်အမြင်ရှိပြီး ဘယ်တော့မှ မမှားနိုင်သောသူ မဟုတ်ပါလော။
“မှန်လှပါ... အရှင်မင်းကြီး ဆူတာ မှန်ပါတယ်၊ ဒါတွေအားလုံး ကျွန်တော်မျိုးရဲ့ အပြစ်တွေပါ၊ ကျွန်တော်မျိုး သေထိုက်ပါတယ်...” မင်းသားရုံကျန်းသည် ဦးတိုက်ကာ မိမိကိုယ်ကို ပါးရိုက်၍ တောင်းပန်နေရသည်။
ညီလာခံခန်းမအတွင်း သူ၏ ပါးရိုက်သံများက ဟိန်းထွက်နေလေသည်။ မင်းသား၏ ငိုယိုတောင်းပန်မှုကို မြင်လိုက်ရမှ မဟာဖုန်းဧကရာဇ်၏ ဒေါသမှာ အနည်းငယ် လျော့ပါးသွားတော့သည်။ သူသည် အမတ်ကြီးများကို ကြည့်ကာ - “အမတ်တို့... အခြေအနေကို မောင်မင်းတို့ သိကြတဲ့အတိုင်းပဲ။ ဘယ်လို ကောင်းမွန်တဲ့ ဗျူဟာတွေ ရှိကြလဲ”
“ဒီ... ဒီကိစ္စကတော့...” အမတ်များမှာ တစ်ဦးနှင့်တစ်ဦး ကြည့်နေကြသော်လည်း မည်သူမျှ အဖြေမပေးနိုင်ကြချေ။ အဘယ်ကြောင့်ဆိုသော် ဤအခြေအနေတွင် မည်သည့်ဗျူဟာမှ အလုပ်မဖြစ်နိုင်တော့သောကြောင့် ဖြစ်သည်။
မဟာရှဘက်မှ စစ်သည် ၅ သိန်းသာ စေလွှတ်ထားသော်လည်း ထိုစစ်တပ်မှာ သိုင်းပညာရှင်များဖြင့် ပြည့်နှက်နေသည်။ စစ်သည်များကို စိတ်ပြောင်းစေနိုင်သော စစ်သူကြီးသုံးဦး ရှိသလို၊ သူတို့၏ သိုင်းပညာရှင်များကို ရင်ဆိုင်နိုင်သော ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များစွာလည်း ပါဝင်နေသည်။ အဆိုးဆုံးမှာ မဟာရှသည် ဓားအဖိုးအိုကိုပါ စေလွှတ်ထားခြင်းပင် ဖြစ်သည်။ ထိုအဘိုးအိုမှာ နတ်ဓားကို ကိုင်ဆောင်ထားပြီး ကောင်းကင်အဆင့် သိုင်းပညာရှင်မှလွဲ၍ မည်သူမျှ သူ့ကို မတားဆီးနိုင်ချေ။
တိတ်ဆိတ်နေသော အမတ်များကို ကြည့်ကာ ဧကရာဇ်က ဒေါသတကြီးဖြင့် - “ဘာဖြစ်နေကြတာလဲ၊ အာဏာနဲ့ အကျိုးအမြတ်အတွက် လုကြတုန်းကတော့ တော်တော် စကားပြောကောင်းခဲ့ကြပြီး အခုကျမှ ဘာလို့ ဆွံ့အကုန်ကြတာလဲ။ မမေ့နဲ့ဦး... အဲဒီ မိုက်မဲတဲ့ ဧကရာဇ်က မျိုးနွယ်စုတွေကို အမုန်းဆုံးပဲ။ မဟာရွှယ်ရဲ့ တော်ဝင်မိသားစုဝင်တွေ ဘာဖြစ်ကုန်ကြသလဲဆိုတာ မင်းတို့အသိပဲ။ မဟာဖုန်းသာ ကျရှုံးသွားရင်၊ ငါသာ ကျဆုံးသွားရင် မင်းတို့လည်း အကုန်သေကြရမှာ၊ တစ်ယောက်မှ လွတ်မှာ မဟုတ်ဘူး”
လူတိုင်း၏ ရင်ထဲတွင် အေးစိမ့်သွားကာ ချွေးစေးများ ထွက်လာကြသည်။ မဟာရွှယ်မှ မျိုးနွယ်စုများမှာ တစ်ဦးမကျန် သုတ်သင်ရှင်းလင်းခြင်း ခံခဲ့ရသည်ကို သူတို့ ကောင်းကောင်းသိကြသည်။ သူတို့လည်း ထိုကဲ့သို့ အဖြစ်မျိုး မကြုံချင်ကြပေ။
အမတ်များက အခြေအနေကို သဘောပေါက်သွားသည်ကို မြင်သောအခါ ဧကရာဇ်၏ လေသံမှာ အနည်းငယ် ပျော့ပျောင်းသွားပြီး - “ဒါကြောင့် ငါတို့ အခု အာဃာတတွေ၊ သဘောထားကွဲလွဲမှုတွေကို ဘေးဖယ်ထားပြီး မဟာရှကို အစွမ်းကုန် စုပေါင်းရင်ဆိုင်ရမယ်။ ဒီတိုက်ပွဲကို နိုင်မှသာ ငါတို့ရဲ့ အရာအားလုံးနဲ့... ငါတို့ရဲ့ အသက်တွေကို ကာကွယ်နိုင်လိမ့်မယ်”
အမတ်တစ်ဦး ရှေ့သို့ ထွက်လာကာ - “အရှင်မင်းကြီး... ကျွန်တော်မျိုးတို့အတွက် အခု လက်ရှိ လုပ်နိုင်တဲ့ ဗျူဟာ တစ်ခုပဲ ရှိပါတယ်”
ဧကရာဇ်၏ မျက်လုံးများ တောက်ပသွားကာ - “ဘာဗျူဟာလဲ၊ အမတ်ကြီး၊ မြန်မြန် ပြောစမ်း”
“လောလောဆယ် မဟာရှစစ်တပ်ကို ခုခံနိုင်တဲ့ တစ်ဦးတည်းသော အင်အားကတော့ ကောင်းကင်အဆင့် သိုင်းပညာရှင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်မျိုးတို့ဘက်က ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦးကို ဖိတ်ခေါ်နိုင်မယ်ဆိုရင် အရာအားလုံး ပြေလည်သွားပါလိမ့်မယ်”
ဧကရာဇ်က စိတ်ဆိုးမာန်ဆိုးဖြင့် - “ဒါက သိသာနေတာပဲ မဟုတ်လား။ မဟာဖုန်းမှာသာ ကောင်းကင်အဆင့် သိုင်းပညာရှင်ရှိရင် ငါကိုယ်တော် ဒီလောက် စိုးရိမ်နေပါ့မလား”
“အရှင်မင်းကြီး... ကျွန်တော်မျိုး ဆိုလိုတာက အဲဒါ မဟုတ်ပါဘူး၊ အဓိပ္ပာယ်ကတော့...”
ကျန်ရှိသော ရှင်းပြချက်တွေကို နားထောင်ပြီးနောက် မဟာဖုန်းဧကရာဇ်သည် အလေးအနက် စဉ်းစားကာ နောက်ဆုံးတွင် ခက်ခဲစွာဖြင့် သဘောတူ ခေါင်းညိတ်လိုက်လေတော့သည်။
……
တစ်ဖက်တွင်လည်း မဟာရှစစ်တပ်မှာ မြောက်ဘက်သို့ အရှိန်အဟုန်ဖြင့် ချီတက်လာနေပြီး အောင်မြင်မှုများစွာကို ရရှိနေသည်။ တစ်ပတ်မပြည့်ခင်မှာပင် မဟာဖုန်းနယ်မြေ၏ ထက်ဝက်ကျော်မှာ ကျရှုံးသွားခဲ့ပြီး၊ လုယူရရှိသော ရွှေ၊ ငွေ၊ ရတနာများမှာ ငွေတေး ၈ သန်းခန့် ရှိနေကာ စားနပ်ရိက္ခာများမှာလည်း ရေတွက်၍ မရနိုင်လောက်အောင် များပြားလှသည်။
စစ်တပ်တစ်ခုလုံးမှာ စိတ်ဓာတ်များ တက်ကြွနေကြပြီး မဟာဖုန်း၏ မြို့တော်ဆီသို့ ချီတက်နေကြသည်။
ကောင်းကင်စစ်သူကြီးသည် အဝေးက မြို့တော်ကြီးကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည် - “ညီလေးတို့... ငါတို့ မဟာဖုန်းမြို့တော်ကို ရောက်တော့မယ်။ ဒီမြို့ကိုသာ သိမ်းပိုက်နိုင်ရင် ရွှေ၊ ငွေ၊ ရတနာ သန်းပေါင်းများစွာနဲ့ ရိက္ခာတွေ အများကြီး ရလိမ့်မယ်၊ အဲဒါဆို အရှင်မင်းကြီးကို အစီရင်ခံဖို့ လုံလောက်ပြီ”
“အစ်ကိုကြီးကလည်း သိပ်ပြီး အားမရစရာပဲ။ မြို့တော်ကို သိမ်းရုံနဲ့ ဘယ်ရမလဲ။ မဟာဖုန်း နယ်မြေတစ်ခုလုံးကို သိမ်းပိုက်လိုက်ကြရအောင်။ အရှင်မင်းကြီးက အမြဲတမ်း ရက်ရောတဲ့သူဆိုတော့ ကျွန်တော်တို့ကို ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ဘူး”
“အစ်ကိုကြီး... ဒီတစ်ခါတော့ ကျွန်တော် ညီအငယ်ဆုံးဘက်ကပဲ” မြေပြင်စစ်သူကြီးကလည်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ကျန်ရှိသော သိုင်းပညာရှင်များကလည်း ထိုညီအစ်ကို သုံးဦးကို ကြည့်ကာ ပြုံးနေကြသည်။ ဤတိုက်ပွဲကို တိုက်ရသည်မှာ လွယ်ကူရုံတင်မကဘဲ ရရှိသည့် အကျိုးအမြတ်ကလည်း အလွန်ပင် ကြီးမားလှသည်။ ပြန်ရောက်သွားလျှင် အရှင်မင်းကြီးသည် သေချာပေါက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကာ သူတို့ကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေလိမ့်မည်။