← Chapters

အခန်း (၂၇၃)

Vol. 25 Ch. 273

အခန်း (၂၇၃)

Vol. 25 Ch. 273

“ဆရာတော်... ဆရာတော်ရဲ့ ခုခံမှုက တကယ်ကို အံ့မခန်းပါပဲ။ ဒါဟာ ဗုဒ္ဓဘာသာဂိုဏ်းရဲ့ ‘ရွှေခေါင်းလောင်း’ အတတ်ပညာလား” ဟု ဓားအဖိုးအိုက မေးလိုက်သည်။

ဘုန်းကြီးအိုကြီးက အနည်းငယ် ဂုဏ်ယူဝံ့ကြွားသော လေသံဖြင့် ပြန်ဖြေသည် - “ဒကာတော်က ဗဟုသုတ ကြွယ်ဝတာပဲ။ ဒီက နိမ့်ကျတဲ့ဘုန်းကြီးက ဗုဒ္ဓဂိုဏ်းရဲ့ ရွှေခေါင်းလောင်း အတတ်ပညာကို ကျင့်ကြံထားတာ မှန်ပါတယ်။ အခုဆိုရင် အဆင့် ၁၁ အထိ ရောက်နေပြီမို့ အောင်မြင်မှု အနည်းငယ်ရနေပြီလို့ ပြောလို့ရတာပေါ့”

ဓားအဖိုးအို၏ မျက်နှာ ပျက်သွားပြီး - “အဆင့် ၁၁ တောင် ရောက်နေပြီ ဟုတ်လား”

ရွှေခေါင်းလောင်းအတတ်ပညာကို ရိုးရိုးရှင်းရှင်းသာ ပြောဆိုလေ့ရှိသော်လည်း တကယ်တော့ ၎င်းမှာ ဗုဒ္ဓဂိုဏ်း၏ အဂုဏ်ယူရဆုံးသော ကိုယ်ခန္ဓာ ကျင့်စဉ်တစ်ခု ဖြစ်သည်။ ဤအတတ်မှာ သင်ယူရန် လွယ်ကူသော်လည်း အဆုံးအစထိ တတ်မြောက်ရန် အလွန်ခက်ခဲသည်။ စတင်ချိန်တွင် လွယ်ကူသော်လည်း အဆင့်မြင့်လေ ပို၍ ခက်ခဲလေဖြစ်သည်။

စုစုပေါင်း ၁၂ အဆင့်ရှိပြီး အဆင့်တစ်ခု ကျော်ဖြတ်တိုင်း ခန္ဓာကိုယ်မှာ ပိုမိုမာကျောတောင့်တင်းလာကာ အားနည်းချက်ဟူ၍ မရှိသလောက် ဖြစ်သွားသည်။ ဤအတတ်ပညာကို တည်ထောင်သည့်အချိန်မှစ၍ 'ဒါမို' ကဲ့သို့သော ထူးချွန်သည့် ပါရမီရှင်များသာ ဤသို့ အဆင့်မြင့် ပညာရပ်ကို အပြည့်အဝ တတ်မြောက်ဖူးပြီး အားနည်းချက်အားလုံးကို ဖယ်ရှားကာ မည်သည့် နတ်လက်နက်မှ မဖောက်နိုင်သော 'မဖျက်စီးနိုင်သော စိန်ခန္ဓာကိုယ်' ကို ရရှိကြသည်။ ထိုအဆင့်သို့ ရောက်လျှင် တိုက်ခိုက်နေစရာပင် မလိုတော့ဘဲ မည်သို့ပင် ခုတ်ခုတ်၊ မီးရှို့ရှို့၊ ရေနစ်နစ်၊ အဆိပ်ခတ်ခတ်... ဘယ်လိုမှ သတ်၍ မရတော့ပေ။

ယခု ဤဘုန်းကြီးအိုကြီးက အဆင့် ၁၁ အထိ ကျင့်ကြံထားပြီးပြီဆိုတော့ သူ ဘာကြောင့် ဒီလောက် အစွမ်းထက်နေရသလဲဆိုသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

“ ဓားအဖိုးအို၊ ဒကာတော်... ကိုယ်တော်ကို အနည်းငယ်မျှတောင် ထိခိုက်အောင် မလုပ်နိုင်ပါဘူး။ ဒါကြောင့် အခုပဲ အရှုံးပေးလိုက်တာက ပိုကောင်းပါလိမ့်မယ်”

“စကားတွေ အများကြီး မပြောနဲ့ဦး၊ ကျုပ်ရဲ့ နောက်ထပ် ဓားချက်ကို ခံယူကြည့်လိုက်”

ဓားအဖိုးအိုသည် ဓားကို လက်နှစ်ဖက်ဖြင့် ထပ်မံဆုပ်ကိုင်လိုက်သော်လည်း ချက်ချင်း မတိုက်ခိုက်သေးပေ။ သူသည် စိတ်စွမ်းအား၊ ကိုယ်စွမ်းအားနှင့် သူ၏ ခွန်အား အားလုံးကို အထွတ်အထိပ်သို့ ရောက်အောင် စုစည်းကာ မိမိကိုယ်ကိုယ် အကောင်းဆုံးအခြေအနေ ရောက်မှသာ လှုပ်ရှားရန် ပြင်ဆင်နေသည်။

ဘုန်းကြီးအိုကလည်း မလောဘဲ တည်ငြိမ်စွာ စောင့်နေပေးသည်။ ကျန်ရှိသူများမှာလည်း တိတ်ဆိတ်စွာဖြင့် ဓားအဖိုးအို၏ ဒုတိယမြောက် ဓားချက်ကို စောင့်ကြည့်နေကြသည်။

လေပြေလေးတစ်ခု ဝေ့တိုက်သွားပြီး သစ်ရွက်ခြောက် အချို့ကို လွင့်ပါသွားစေကာ ပျောက်ကွယ်သွားသည်။ အမွှေးတိုင်တစ်တိုင် ကုန်ခါနီးအချိန်ခန့်တွင်မှ ဓားအဖိုးအို၏ ပြင်ဆင်မှုများ ပြီးဆုံးသွားပြီး ဒုတိယမြောက် ဓားချက်ကို ထုတ်ဖော်လိုက်တော့သည်။

“တောင်နဲ့ မြစ်ကို ပိုင်းဖြတ်တဲ့ ဓား”

ဤဓားချက်သည် ရှေ့ကတိုက်ကွက်ထက် သုံးဆခန့် ပိုမို အစွမ်းထက်လှသည်။ ထို့အပြင် ဓားဆန္ဒမှာလည်း ပိုမို ပြင်းထန်လှသဖြင့် လူတိုင်း၏ မျက်နှာများ ဖြူလျော်ကုန်ကြသည်။

“ဘယ်လောက် ပြင်းထန်လိုက်တဲ့ ဓားချက်လဲ”

“ခြေလှမ်းတစ်ရာ အကွာမှာ ရပ်နေတာတောင် ဓားဆန္ဒကြောင့် ဒဏ်ရာရတော့မလိုတောင် ခံစားနေရတယ်”

“ဒီဘုန်းကြီးအိုကြီး တောင့်ခံနိုင်ဦးပါ့မလား”

ဘုန်းကြီးအိုကြီးကလည်း “ကောင်းလိုက်တဲ့ ဓားပညာပဲ” ဟု ချီးကျူးလိုက်သော်လည်း နေရာကနေ မလှုပ်ဘဲ ရပ်မြဲအတိုင်း ရပ်နေဆဲပင်။

ဓားချက်က ဝုန်းခနဲ ကျရောက်သွားသည်။

“ဘုန်း…”

မြေပြင်ပေါ်တွင် နောက်ထပ် ကြီးမားလှသော ဓားအက်ကြောင်းကြီးတစ်ခု ထပ်ပေါ်လာခဲ့ပြန်သည်။

ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ လူတိုင်း အသေအချာ ကြည့်လိုက်ကြရာ ဘုန်းကြီးအိုကြီးမှာ ဝတ်ရုံလေး အနည်းငယ် စုတ်ပြဲသွားသည်မှလွဲ၍ ဘာမှမဖြစ်ဘဲ ရပ်နေသည်ကို မြင်လိုက်ရသည်။ ထွက်ပေါ်နေသော သူ၏ အသားအရေမှာ စိန်ကဲ့သို့ မာကျောနေပုံရသည်။ လူတိုင်းမှာ အံ့သြလွန်း၍ အသက်ရှူပင် မှားသွားကြရသည်။

“ဟူးး….”

“ဒီဘုန်းကြီးအိုကြီးက ပိုသန်မာနေတုန်းပဲ”

“ဒါတောင် ဘာမှမဖြစ်ဘူးဆိုတာ မယုံနိုင်စရာပဲ”

“သူက လူမဟုတ်ဘူး၊ မကောင်းဆိုးဝါးပဲ”

မဟာရှဘက်မှ စိတ်ဓာတ်များ ကျဆင်းနေကြသော်လည်း မဟာဖုန်းဘက်ကမူ တစ်ဖန် အောင်ပွဲခံလိုက်ကြပြန်သည်။ မဟာဖုန်းဧကရာဇ်ကတော့ တဟားဟား ရယ်မောနေပြီး - “ဆရာတော် ကျဲချန်က တကယ်ကို အစွမ်းထက်လွန်းတယ်၊ ငါတို့ ဒီပွဲတော့ နိုင်ပြီဟေ့။ စားဖိုဆောင်ကို အမြန် အမိန့်ပေးလိုက်စမ်း၊ ငါကိုယ်တော် အကြီးအကျယ်ကို အောင်ပွဲခံချင်တယ်”

မြို့ရိုးအောက်တွင်မူ ဘုန်းကြီးအိုကြီးက - “အောမီထောဖော။ ဒကာတော်မှာ နောက်ဆုံး တစ်ကွက်ပဲ ကျန်တော့တယ်” ဟု ဆိုလိုက်သည်။

ဓားအဖိုးအိုသည် အလွန်ပင် ကူရာမဲ့သလို ခံစားလိုက်ရသည်။ ဤဓားချက်မှာ သူထုတ်နိုင်သမျှ အပြင်းထန်ဆုံး သိုင်းကွက်ပင် ဖြစ်သည်။ သို့သော်လည်း တစ်ဖက်လူကို အနည်းငယ်မျှ မထိခိုက်နိုင်ခဲ့ချေ။

“သူ့ဝတ်ရုံကို နည်းနည်းစုတ်သွားအောင်ပဲ လုပ်နိုင်ခဲ့တာပေါ့”

ဤဘုန်းကြီးအိုကြီးမှာ တကယ်ကို ကြောက်စရာ ကောင်းလှသည်။ ဗုဒ္ဓဂိုဏ်းတွင်ဆိုလျှင် သူသည် ထိပ်တန်း ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်ရပေမည်။ ကောင်းကင်အဆင့် သိုင်းပညာရှင်ဆိုသည်မှာ တကယ်ကို ရင်ဆိုင်ရန် မလွယ်ကူပါတကား။

ဓားအဖိုးအိုသည် မျှော်လင့်ချက် ကုန်ဆုံးနေသော်လည်း အစရှိလျှင် အဆုံးရှိရမည်ဖြစ်ရာ တတိယမြောက် ဓားချက်ကို ထုတ်ရန် ပြင်ဆင်လိုက်သည်။

“ကောင်းပြီလေ။ ကျုပ်ရဲ့ နောက်ဆုံး ဓားချက်ကို ခံယူကြည့်စမ်း”

ဓားအဖိုးအိုသည် ဓားကို လက်နှစ်ဖက်ဖြင့် ထပ်မံကိုင်ကာ သူ၏ စိတ်ဝိညာဉ်နှင့် အစွမ်းရှိသမျှကို စုစည်း၍ တတိယမြောက် ဓားချက်ကို လွှဲလိုက်တော့သည်။

“ချွမ်…”

……

ထိုအချိန်တွင် မဟာရှနိုင်ငံ၏ မြို့တော်အတွင်း၌...

လင်းပိုင်ဖန်သည် အသာအယာ ပြုံးလိုက်ကာ မြေပြင်ပေါ်မှ သစ်ကိုင်းခြောက်တစ်ခုကို ကောက်ယူပြီး ရှေ့သို့ ထိုးလိုက်သည့်ဟန် ပြုလုပ်လိုက်သည်။ ထိုအချိန်တွင် ကြင်ယာတော် ရောက်ရှိလာပြီး လင်းပိုင်ဖန်၏ ထူးဆန်းသော အပြုအမူကို ကြည့်ကာ နားမလည်နိုင်အောင် ဖြစ်နေသည်။

“အရှင်မင်းကြီး... ဘာလုပ်နေတာလဲဟင်”

“ဘာမှမဟုတ်ပါဘူး။ ငါ့အစီအစဉ်တွေကို လာရှုပ်နေတဲ့ အဘိုးကြီးတစ်ယောက်ကို သင်ခန်းစာ နည်းနည်းပေးဖို့ စဉ်းစားနေတာပါ”

လင်းပိုင်ဖန်သည် သစ်ကိုင်းကို လွှင့်ပစ်လိုက်ကာ ကြင်ယာတော်၏ ခါးသေးသေးလေးကို ဖက်လိုက်ပြီး ပြုံးလျက် - “အခုတော့ အားလုံး အဆင်ပြေသွားပါပြီ၊ ငါတို့ နန်းတွင်းဥယျာဉ်ထဲ လမ်းလျှောက်ရအောင်” ဟု ဆိုလိုက်သည်။ ကြင်ယာတော်မှာ လင်းပိုင်ဖန်၏ စကားနောက်ကွယ်က အဓိပ္ပာယ်ကို နားမလည်သော်လည်း အလိုက်သင့်လေး လိုက်ပါသွားတော့သည်။

……

ထိုအချိန်တွင် မဟာဖုန်းမြို့တော်၏ မြို့ရိုးအောက်၌ တတိယမြောက် ဓားချက် ရောက်ခါနီးတွင် ဆရာတော် ကျဲချန်၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။

သူ၏ ကိုယ်ပေါ်က အမွှေးအမျှင်များ ထောင်ထလာလေသည်။ ကျောဘက်မှနေ၍ စိမ့်တက်လာသော ထိတ်လန့်ဖွယ် ကောင်းလှသည့် အန္တရာယ် အငွေ့အသက်ကြီးကို သူ ခံစားလိုက်ရသည်။ ဤကဲ့သို့သော ကြောက်ရွံ့မှုမျိုးကို သူ တစ်ခါမျှ မကြုံဖူးခဲ့ချေ။

“လာစမ်း…. ရွှေခေါင်းလောင်း စိန်ခန္ဓာကိုယ်ိုယ”

သူသည် ခန္ဓာကိုယ်အတွင်းမှ အစွမ်းအားလုံးကို ထုတ်ကာ နတ်သိုင်းပညာရပ်ကို အသက်သွင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကဲ့သို့ ဝင်းလက်သွားသည်။ သို့သော်လည်း သူ၏ ရင်ထဲတွင် မလုံခြုံသေးဘဲ ကြောက်ရွံ့မှုက ရှိနေဆဲပင်။

ဆရာတော်မှာ အံကြိတ်ကာ ရောက်ရှိလာသော ဓားဆန္ဒကို ကြည့်ပြီး သူကိုယ်တိုင်ပင် အံ့သြသွားရလောက်အောင်ပင် ထွက်ပြေးလိုက်မိသည်။ သို့သော် ပို၍ အံ့သြစရာ ကောင်းသည်မှာ ထိုဓားဆန္ဒမှာ အရိပ်တစ်ခုကဲ့သို့ သူ့နောက်သို့ လိုက်ပါလာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်ကို ထိမှန်သွားခြင်းပင် ဖြစ်သည်။

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ သူ၏ ရွှေခေါင်းလောင်းအတတ်မှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားတော့သည်။

“အား….” ဆရာတော်၏ နာကျင်လှသော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ ထိုအသံမှာ အလွန်ပင် စူးရှလှပြီး နားထောင်ရသူများပင် ရင်ကွဲမတတ် ခံစားရစေသည်။

လူတိုင်း ထိတ်လန့်သွားကြသည်။

“ဒါ… ဆရာတော်ရဲ့ အသံပဲ”

“သူ ဒီလောက် နာနာကျင်ကျင် အော်နေရတာ ဒဏ်ရာရသွားလို့လား”

“ ဓားအဖိုးအိုက သူ့ကို ထိခိုက်အောင် လုပ်နိုင်သွားတာလား”

ဓားအဖိုးအို ကိုယ်တိုင်လည်း အံ့သြမှင်သက်နေရသည်။ သူ၏ ဤဓားချက်က အစွမ်းထက်သည်မှာ မှန်သော်လည်း ရှေ့ကတိုက်ကွက်လောက် မပြင်းထန်ချေ။ ထိုမျှနှင့် ဘုန်းကြီးအိုကြီးကို ဒဏ်ရာရအောင် ဘယ်လိုလုပ်နိုင်မှာလဲ။ ဘာတွေ ဖြစ်ကုန်တာလဲ။ သူ မသိနိုင်တဲ့ တစ်စုံတစ်ခုများ ဖြစ်ပျက်သွားခဲ့ပြီလော။

ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ လူတိုင်း မြင်တွေ့လိုက်ရသည်မှာ ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ဦး၏ ဂုဏ်သိက္ခာများ ပျောက်ကွယ်နေသော ဆရာတော်ပင် ဖြစ်သည်။ သူသည် မြေပြင်ပေါ်တွင် သနားစဖွယ် လဲကျနေပြီး ဝတ်ရုံများမှာ လုံးဝ စုတ်ပြဲနေကာ ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း သွေးချင်းချင်းနီနေသော ဒဏ်ရာများ ပြည့်နှက်နေသည်။ သူ၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူလျော်နေကာ သွေးများလည်း အကြိမ်ကြိမ် အန်ထုတ်နေရသည်။

ဤမြင်ကွင်းက လူတိုင်း၏ သံသယကို အတည်ပြုပေးလိုက်လေသည်။

“ဆရာတော်က တကယ်ပဲ ဓားအဖိုးအိုရဲ့ လက်ချက်နဲ့ ဒဏ်ရာရသွားတာပဲ”

“ဒဏ်ရာကလည်း တော်တော် ပြင်းထန်ပုံရတယ်”

“ ဓားအဖိုးအိုရဲ့ အစွမ်းက တကယ့်ကို ကြောက်စရာပဲ”

မြို့ရိုးပေါ်မှ မဟာဖုန်းဧကရာဇ်မှာ ဒေါသတကြီးဖြင့် - “ဆရာတော် ကျဲချန်... ဘယ်လိုဖြစ်ရတာလဲ” ဟု အော်မေးလိုက်သည်။ အခြား အမတ်များကလည်း စိုးရိမ်တကြီးဖြင့် ဆရာတော်ကို ဝိုင်းမေးကြသည်။

“ဆရာတော်... အဆင်ပြေရဲ့လား”

“သမားတော် ခေါ်ပေးရမလား”

“အားလုံးရဲ့ စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီက နိမ့်ကျတဲ့ ဘုန်းကြီး အဆင်ပြေပါတယ်”

ဆရာတော်မှာ တုန်တုန်ယင်ယင်ဖြင့် ထရပ်လိုက်ကာ အံ့သြနေသော ဓားအဖိုးအိုကို ဦးညွှတ်လိုက်ပြီး - “ အောမီထောဖော..။ ဓားအဖိုးအို.. ဒကာတော်ရဲ့ ဓားပညာက တကယ့်ကို ထူးကဲလှပါတယ်။ ဒီက နိမ့်ကျတဲ့ ဘုန်းကြီး အရှုံးပေးပါတယ်”

ထို့နောက် သူသည် မြို့ရိုးပေါ်သို့ ဝုန်းခနဲ ပြန်ခုန်တက်သွားပြီး နိုင်ငံနှစ်ခုကြားက ကိစ္စများတွင် နောက်ထပ် ပါဝင်တော့မည် မဟုတ်ကြောင်းကို ပြသလိုက်သည်။

မဟာဖုန်းဧကရာဇ်မှာ အလွန်ပင် ပျာယာခတ်သွားပြီး - “ဆရာတော်... ဘာလို့ အရှုံးပေးလိုက်ရတာလဲ။ ဆရာတော် အရှုံးပေးရင် မဟာဖုန်းတော့ သွားပြီ။ လိုအပ်ရင် ကတိကို ဖျက်လိုက်လို့ရပါတယ်။ ဆရာတော်က ကောင်းကင်အဆင့် သိုင်းပညာရှင်ပဲလေ၊ သူတို့က ဘာလုပ်နိုင်မှာမို့လို့လဲ”

ဆရာတော်က ခါးသီးစွာ ပြုံးလိုက်ရင်း - “အရှင်မင်းကြီး... အဲဒီလောက် မရိုးရှင်းဘူး။ ဒီက နိမ့်ကျတဲ့ ဘုန်းကြီး ဘာကြောင့် ဒဏ်ရာရသွားလဲဆိုတာ အရှင်မင်းကြီး သိရဲ့လား”

“ ဓားအဖိုးအို တိုက်လိုက်လို့ မဟုတ်ဘူးလား”

ဆရာတော်က - “သူက အစွမ်းထက်တာ မှန်ပေမဲ့ ကိုယ်တော်ကို ဒီလောက်ထိ ဖြစ်အောင် မလုပ်နိုင်ဘူး။ တကယ်တော့ ကိုယ်တော်ကို နောက်ထပ် ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ယောက်က တိုက်ခိုက်လိုက်တာပါ”

မဟာဖုန်းဧကရာဇ်မှာ ထိတ်လန့်သွားပြီး - “ဘာ။ ကောင်းကင်အဆင့် သိုင်းပညာရှင် နောက်တစ်ယောက်လား။ ဒီမှာ နောက်ထပ် ကောင်းကင်အဆင့် သိုင်းပညာရှင် ရှိနေသေးတာလား။ မဟာရှက စေလွှတ်လိုက်တာလား”

“ဒီမှာ နောက်ထပ် ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ယောက် တိတ်တဆိတ် ရှိနေတာတော့ အမှန်ပဲ။ ဒါပေမဲ့ မဟာရှနဲ့ ပတ်သက်မှု ရှိ၊ မရှိတော့ နိမ့်ကျတဲ့ ဘုန်းကြီး မသိပါဘူး။ ခုနက သူက တိတ်တဆိတ် ကူလိုက်လို့သာ ကိုယ်တော် ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာ ရသွားခဲ့တာ။ သူ ဘယ်လောက် အစွမ်းထက်သလဲဆိုတာ စဉ်းစားသာ ကြည့်ပါတော့”

“ဒီ... ဒီလိုလား” အမတ်များမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ မှင်သက်နေကြသည်။

ကောင်းကင်အဆင့် အချင်းချင်း ဘယ်လောက်အထိ ကွာခြားသလဲ ဆိုသည်ကို သူတို့ မသိသော်လည်း လူကိုယ်တိုင်ပင် မပေါ်ဘဲ တိတ်တဆိတ် ကူရုံဖြင့် ကျဲချန်ကို ဒဏ်ရာရစေနိုင်သည်ဆိုလျှင် ထိုသူ၏ အစွမ်းမှာ ဆရာတော်ထက် အများကြီး သာလွန်နေမည်မှာ မလွဲဧကန်ပင်။

ဆရာတော်က ဆက်ပြောလိုက်သည် - “အဲဒီ ကောင်းကင်အဆင့် သိုင်းပညာရှင်က တကယ့်ကို သန်မာလွန်းတယ်။ ကမ္ဘာပေါ်မှာ အဆင့် ၂၀ အတွင်း ရှိမယ့် သူပဲ။ မဟာရှအနေနဲ့ ဒီလောက် အစွမ်းထက်တဲ့သူကို ဖိတ်ခေါ်နိုင်စွမ်း ရှိမှာမဟုတ်ဘူး။ သူက ဒီအတိုင်း လမ်းကြုံလို့ ဖြတ်သွားရင်း ကိုယ်တော်တို့လုပ်တာကို သဘောမကျလို့ သင်ခန်းစာပေးလိုက်တာ ဖြစ်မှာပါ။ ကိုယ်တော်တို့သာ ဆက်ပြီး ခေါင်းမာနေရင် အဲဒီ စီနီယာကြီးကို ဒေါသထွက်အောင် လုပ်မိသလိုဖြစ်ပြီး အကျိုးဆက်က ခန့်မှန်းရခက်ပါလိမ့်မယ်။ အောမီထောဖော…”

လူတိုင်း၏ မျက်နှာများမှာ လေးနက်သွားကြသည်။ ဆရာတော် ကျဲချန် ပြောတာ မှန်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ရန်မစမိတာ အကောင်းဆုံးပင် ဖြစ်သည်။

မဟာဖုန်းဧကရာဇ်က အသည်းအသန်ဖြင့် - “ဒါပေမဲ့ ဆရာတော်... ကျွန်တော်တို့ကို ကူညီပါဦး။ မဟာရှက ရက်စက်လွန်းတယ်၊ ကျွန်တော်တို့ကို ချန်ထားမှာ မဟုတ်ဘူး။ ကျွန်တော်က ဗုဒ္ဓဂိုဏ်းကို အကျိုးကျေးဇူးတွေ အများကြီး ပေးထားတာပါ၊ ကျွန်တော် သေသွားခဲ့ရင် ဆရာတော်တို့လည်း ဘာမှရမှာ မဟုတ်ဘူး”

ဆရာတော်က ခဏစဉ်းစားပြီးနောက် ဓားအဖိုးအိုကို ပြောလိုက်သည် - “ဒကာတော်တို့ နိုင်သွားပြီမို့ နိမ့်ကျတဲ့ ဘုန်းကြီးက အရှုံးကို လက်ခံပါတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံက သက်ရှိတွေကို တန်ဖိုးထားတယ်၊ ဒါကြောင့် အသတ်အဖြတ်တွေကို ထပ်မလုပ်ဘဲ သူတို့ရဲ့ အသက်တွေကို ချန်ထားပေးဖို့ တောင်းပန်ချင်ပါတယ်”

“ဆရာတော်က အရှုံးကို လက်ခံတယ်ဆိုရင် ကျုပ်တို့ကလည်း အကြောင်းပြချက်မရှိဘဲ မရက်စက်ပါဘူး

မဟာရှရဲ့ ကိုယ်စားပြုအဖြစ် ဓားအဖိုးအိုက ဆိုလိုက်သည် - “သူတို့သာ ဝင်မရှုပ်ဘူးဆိုရင် ကျုပ်တို့လည်း ထပ်ပြီး မသတ်ချင်တော့ပါဘူး”

“ အောမီထောဖော..၊ ကောင်းလေစွ.. ကောင်းလေစွ..” ဟု ဆရာတော်က ခေါင်းညိတ်ကာ ဆိုလိုက်သည်။

All Chapters