အခန်း (၂၇၇)
Vol. 25 Ch. 277
ဤသတင်းသည် အိမ်နီးချင်းနိုင်ငံများနှင့် တစ်ကမ္ဘာလုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့သည်။
သူတို့သည် မဟာရှနိုင်ငံတွင် ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားကြောင်း ကြိုတင်သိရှိထားခဲ့ကြပြီး မဟာရှနိုင်ငံ ဒုက္ခလှလှ တွေ့မည့်အရေးကို လှောင်ပြောင်ရန် စောင့်ကြည့်နေခဲ့ကြခြင်းဖြစ်သည်။ သို့သော် လှောင်ပြောင်ခွင့် ရမည့်အစား သူတို့၏ ပါးစပ်ထဲသို့ ရှောက်သီးတစ်လုံး အတင်းထိုးထည့်ခံလိုက်ရသလို ချဥ်စုတ်သည့် ခံစားချက်မျိုးသာ ရရှိခဲ့ကြသည်။
“တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ငလျင်လှုပ်တာကို လူတစ်ရာတောင် မသေဘူး ဟုတ်လား”
“ပြီးတော့ နိုင်ငံရဲ့ ရေလမ်းကြောင်းတွေကလည်း အံ့ဖွယ်နည်းနဲ့ ချိတ်ဆက်သွားပြီး သယံဇာတတွေလည်း အများကြီး တွေ့တယ်ဆိုပဲ”
“အတုတွေပါကွာ၊ ကြားရတာ တော်တော် အတုအယောင် ဆန်တယ်။ ငါတော့ လုံးဝမယုံဘူး”
“ဘာတဲ့... ကံကြမ္မာရဲ့ သားတော် ဟုတ်လား။ အဓိပ္ပာယ်မရှိတာ။ ငါကိုယ်တိုင် သူတို့ရဲ့ အလိမ်အညာတွေကို ဖော်ထုတ်ပြမယ်”
သူတို့သည် အဖြစ်မှန်ကို စုံစမ်းရန် လူလွှတ်ခဲ့ကြသော်လည်း ရက်စက်လှသော အမှန်တရား တစ်ခုကိုသာ တွေ့ရှိခဲ့ကြရသည် - မဟာရှနိုင်ငံက ပြောသမျှ အားလုံးသည် အမှန်တရားများသာ ဖြစ်နေခဲ့သည်။
သေဆုံးသူဦးရေမှာ အမှန်တကယ်ပင် နည်းပါးလှပြီး ငလျင်ပမာဏနှင့် ယှဉ်လျှင် ပြောပလောက်သည့် ဆုံးရှုံးမှုပင် မရှိခဲ့ချေ။
နိုင်ငံတစ်ဝန်းရှိ မြစ်ချောင်းများမှာလည်း အမှန်တကယ် ချိတ်ဆက်သွားပြီး ရေလမ်းခရီးဖြင့် နိုင်ငံ၏ မည်သည့် နေရာကိုမဆို သွားလာနိုင်နေပြီ ဖြစ်သည်။
သတ္တုသယံဇာတများ တွေ့ရှိခဲ့သည် ဆိုသည်မှာလည်း အမှန်တကယ်ပင် ဖြစ်ပြီး မြို့များနှင့် ရေလမ်းကြောင်းများအနီးမှာပင် ရှိနေကြသည်။
အစစ်အမှန်တွေ။
အားလုံးက အမှန်တရားတွေပဲ။
လိမ်ညာလှည့်ဖျားထားသည့် စကားတစ်လုံးမှ မပါဝင်ချေ။
အခြားနိုင်ငံများမှ ဧကရာဇ်များမှာ မနာလိုစိတ်ကြောင့် မျက်နှာများ စိမ်းဖန့်ကုန်ကြသည်။ ကျယ်ပြောလှသော နယ်မြေ၊ အပြန်အလှန် ချိတ်ဆက်နေသော ရေလမ်းကြောင်း၊ ပေါကြွယ်ဝလှသော သယံဇာတတွေနှင့် လူဦးရေ၊ ထို့အပြင် ထူးခြားလှသည့် ပထဝီဝင် အားသာချက်များကြောင့် မဟာရှသည် အင်ပါယာကြီး တစ်ခုအဖြစ် ထွန်းတောက်ရန် အခြေခံကောင်းများ ရရှိသွားခဲ့ပြီ ဖြစ်သည်။ အနာဂတ်တွင် မဟာရှသည် အရှိန်အဟုန်ဖြင့် တိုးတက်လာကာ ကိုယ်ပိုင်အင်ပါယာကို တည်ထောင်နိုင်တော့မည်မှာ အသေအချာပင် ဖြစ်သည်။
ကောင်းကင်ဘုံသည် ဤ ‘ မိုက်မဲလှတဲ့ ဧကရာဇ်’ ကို အလိုလိုက်လွန်းလှပြီး ကောင်းမွန်သည့်အရာအားလုံးကို ပုံအောကာ ပေးနေသယောင်ပင်။
အချို့သော ရည်မှန်းချက်ကြီးသည့် ဧကရာဇ်များက ဤရတနာမြေကို သိမ်းပိုက်ရန် စစ်တပ်စေလွှတ်ဖို့ စဉ်းစားခဲ့ကြသော်လည်း တဖန် ပြန်တွေးကြည့်သောအခါ ထိုအကြံကို လက်လျှော့လိုက်ကြသည်။ မဟာရွှယ်နှင့် မဟာဖုန်းတို့မှာ သူတို့အတွက် သင်ခန်းစာဖြစ်နေပြီး ထိုသူတို့၏ ခြေရာအတိုင်း မလိုက်ချင်ကြပေ။
ဤအချိန်တွင် အခြားနိုင်ငံမှ ဧကရာဇ်များ၏ မနာလိုမှုကို ခံနေရသော လင်းပိုင်ဖန်ကမူ ဟီရှန်း နှင့်အတူ မြို့တော်အနီးရှိ ရေလမ်းကြောင်းများကို လှည့်လည် ကြည့်ရှုနေရင်း သင်္ဘောကျင်းသို့ ရောက်ရှိလာခဲ့သည်။
လင်းပိုင်ဖန်က စတင်၍ မေးမြန်းလိုက်သည် - “အမတ်ဟီ... အခုဆိုရင် ငါတို့ နိုင်ငံရဲ့ ရေလမ်းကြောင်းတွေက အကုန်ဆက်နေပြီဆိုတော့ သင်္ဘောတွေရဲ့ လိုအပ်ချက်က အင်မတန် ကြီးမားလာလိမ့်မယ်။ လက်ရှိ သင်္ဘောကျင်းတွေရဲ့ ထုတ်လုပ်မှုက ဘယ်လိုအခြေအနေ ရှိသလဲ”
ဟီရှန်းက အသေးစိတ် ပြန်လည်တင်ပြခဲ့သည် - “အရှင်မင်းကြီးကို တင်ပြပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ လူအင်အားတွေ ဆက်တိုက် စုဆောင်းပြီး ထုတ်လုပ်မှုကို ချဲ့ထွင်ခဲ့ပါတယ်။ အခုဆိုရင် တစ်နှစ်ကို သင်္ဘောအစင်း ၂၀၀ ထုတ်ဖို့က ပြဿနာမရှိပါဘူး”
ဤသို့ပြောရင်း သူသည် အရှင်မင်းကြီး၏ အမြှော်အမြင်ကို အလွန်ပင် အံ့သြချီးကျူးမိနေသည်။ အစပိုင်းတွင် လင်းပိုင်ဖန်က သင်္ဘောကြီးတွေဆောက်ပြီး တစ်နှစ်ကို အစင်း ၂၀၀ ထုတ်ရန် ပြောခဲ့စဉ်က လူတိုင်းက ဒါဟာ မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခု၊ မလိုအပ်တဲ့ အရာတစ်ခုလို့ ထင်ခဲ့ကြသည်။ သို့သော် ယခု ပြန်ကြည့်သည့်အခါမှ မိမိတို့၏ အမြင်ကျဉ်းမြောင်းမှုသာ ဖြစ်ကြောင်း သိလိုက်ရသည်။
တစ်နိုင်ငံလုံး အနှံ့အပြားရှိ မြစ်ချောင်းများအတွက် သင်္ဘောအစင်း ၃၀၀၀ တောင် အနည်းဆုံး လိုအပ်နေခြင်း ဖြစ်သည်။ တစ်နှစ်လျှင် အစင်း ၂၀၀ ထုတ်လုပ်မှုမှာ အမှန်တကယ်ပင် မလုံလောက်ဘဲ မဟာရှ၏ တိုးတက်မှုကို ဆွဲထားသလို ဖြစ်နေသည်။
“ဒါနဲ့ အရှင်မင်းကြီး၊ မဟာရွှယ်ဘက်မှာလည်း ကျွန်တော်မျိုးတို့ထက် နည်းနည်းပိုသေးတဲ့ သင်္ဘောကျင်းတစ်ခု ရှိပါသေးတယ်။ အဲဒီကနေ တစ်နှစ်ကို အစင်း ၅၀ လောက် ထွက်နိုင်ပါတယ်။ ဒါဆိုရင် မဟာရှရဲ့ တစ်နှစ်စာ ထွက်ရှိမှုက အစင်း ၂၅၀ ဖြစ်သွားမှာပါ။ ဒါ့အပြင် သူတို့ဆီမှာ အရင်က ပင်လယ်ရပ်ခြား ကုန်သွယ်မှုတွေ လုပ်ခဲ့တဲ့ သင်္ဘောကြီး ၈၀၀ ကျော်လည်း ရှိနေပါသေးတယ်၊ အခုတော့ အဲဒါတွေအားလုံးက ကျွန်တော်မျိုးတို့ အပိုင် ဖြစ်သွားပါပြီ”
လင်းပိုင်ဖန်သည် ဤသတင်းကို ကြားရသောအခါ အလွန်ပင် အားရကျေနပ်သွားပြီး - “ကောင်းတယ်။ ဒါဆိုရင် ငါတို့ဆီမှာ သင်္ဘောကြီး အစင်း ၁၀၀၀ နီးပါး ရှိနေပြီပေါ့။ မဟာရှရဲ့ စီးပွားရေးကို မြှင့်တင်ဖို့ အဲဒါတွေကို အမြန်ဆုံး အသုံးချရမယ်”
“ဒါ့အပြင် ဟိုဘက်က သင်္ဘောကျင်းက သိပ်သေးလွန်းတယ်။ ဆက်ပြီး ချဲ့ထွင်လိုက်ပါ၊ နောက်နှစ်မှာ တစ်နှစ်ကို သင်္ဘောအစင်း ၁၀၀ ထွက်နိုင်အောင် ကြိုးစားရမယ်။ ဒါဆိုရင် မဟာရှအနေနဲ့ နောက်နှစ်မှာ သင်္ဘောကြီး အစင်း ၃၀၀ လောက် ဆောက်နိုင်လိမ့်မယ်”
“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး” ဟု ဟီရှန်းက နာခံလိုက်သည်။
“ပြီးတော့ ဘိလပ်မြေလမ်းတွေကိုလည်း လျစ်လျူမရှုနဲ့ဦး။ ငါတို့မှာ ရေလမ်းတင် မကဘူး၊ ကုန်းလမ်းပါ ရှိရမယ်။ ရေလမ်းရော ကုန်းလမ်းပါ တစ်နိုင်ငံလုံးမှာ အဆင်ပြေသွားပြီဆိုရင် ငါတို့ရဲ့ တိုးတက်မှုကို ဘယ်သူမှ တားလို့ရမှာ မဟုတ်တော့ဘူး”
“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”
လှည့်လည်ကြည့်ရှုပြီးနောက် လင်းပိုင်ဖန်သည် နန်းတော်သို့ ပြန်လာခဲ့သည်။ ထိုအချိန်တွင် အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သော ‘ပိုင်ဇူ’သည် လင်းပိုင်ဖန် ရှေ့တွင် ပေါ်လာခဲ့သည်။
“အရှင်မင်းကြီး”
လင်းပိုင်ဖန်က သူမကို စိတ်လှုပ်ရှားစွာဖြင့် ပွေ့ဖက်လိုက်ပြီး - “ပိုင်ဇူ... မင်း နောက်ဆုံးတော့ ပြန်လာပြီပေါ့”
ပိုင်ဇူ : “...”
လင်းပိုင်ဖန်က ဆက်လက်၍ - “မင်း ပျောက်သွားတာ တစ်လကျော်ပြီ၊ ဘာသတင်းမှလည်း မကြားရဘူး။ ငါ မင်းကို အရမ်းလွမ်းနေတာ၊ မင်း ပြန်မလာတော့ဘူးတောင် ထင်နေတာ”
ပိုင်ဇူ : “...”
“ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် မင်းပြန်လာတာ ကောင်းပါတယ်။ ငါ မင်းမရှိဘဲ မနေနိုင်ဘူး”
လင်းပိုင်ဖန်က သူမကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး - “ငါ မင်းကို အဆုံးရှုံးမခံနိုင်ဘူး”
ပိုင်ဇူ : “...”
ပိုင်ဇူမှာ မတတ်နိုင်သည့်အဆုံး မျက်လုံးကို အသာလှန်လိုက်သည်။ လွမ်းနေတယ် ဟုတ်လား။ ကြည့်ရတာ အခွင့်ကောင်းယူနေတာ သိသာလွန်းသည်။
“ဝှစ်” ခနဲ အသံနှင့်အတူ ပိုင်ဇူသည် ဓားကို ဆွဲထုတ်လိုက်ကာ လင်းပိုင်ဖန်၏ လည်ပင်းသို့ တေ့လိုက်သည်။
လင်းပိုင်ဖန်မှာ တုန်တုန်ရင်ရင်ဖြင့် - “ပိုင်ဇူ... မင်း တကယ်ကြီးလား”
နောက်ထပ် “ဝှစ်” ခနဲ အသံနှင့်အတူ ပိုင်ဇူက ဓားကို အိမ်ထဲပြန်ထည့်လိုက်ပြီး စိတ်တိုတိုဖြင့် - “ကျွန်မသာ ဒီလိုမလုပ်ရင် အရှင်မင်းကြီးက လွှတ်ပေးမှာ မဟုတ်ဘူးလေ”
လင်းပိုင်ဖန် : “...”
ထို့နောက် နှစ်ဦးသား ထိုင်လိုက်ကြပြီး ပိုင်ဇူက သူမ ပျောက်ကွယ်နေခဲ့သည့် ရက်များအတွင်း ဘာတွေ လုပ်နေခဲ့သလဲဆိုသည်ကို ရှင်းပြခဲ့သည်။ သူမသည် ရန်သူအားလုံးကို သတ်ဖြတ်ပြီးနောက် မိသားစုဝင်များ၏ အုတ်ဂူများကို ပြောင်းရွှေ့ရန် အလုပ်ရှုပ်နေခဲ့ခြင်း ဖြစ်သည်။ သူမသည် မိဘများ၏ အရိုးပြာများကို မဟာရှမြို့တော်အနီးရှိ ‘ဖုန်းရွှေ’ ကောင်းသော နေရာတစ်ခုသို့ ပြောင်းရွှေ့ခဲ့ရာ သူမအနေဖြင့် မကြာခဏ သွားရောက်ကန်တော့နိုင်မည် ဖြစ်သည်။
“အရှင်မင်းကြီး... ကျွန်မရဲ့ ကလဲ့စားချေမှုက ပြီးဆုံးသွားပြီ၊ ဒီလောကမှာ ကျွန်မ ဂရုစိုက်ရမယ့်သူလည်း မရှိတော့ပါဘူး။ အခုကစပြီး ကျွန်မရဲ့ အသက်ကို အရှင်မင်းကြီးအတွက်ပဲ ပေးပါတော့မယ်။ အရှင်မင်းကြီးကို ရန်ပြုမယ့်သူမှန်သမျှ ကျွန်မရဲ့ အလောင်းကို ကျော်သွားမှ ရပါလိမ့်မယ်” ဟု ပိုင်ဇူက လေးနက်စွာ ဆိုလိုက်သည်။
လင်းပိုင်ဖန်က ကျယ်လောင်စွာ - “ပိုင်ဇူ... မင်း ဘာတွေ လျှောက်ပြောနေတာလဲ။ ဘယ်သူက မင်းမှာ ဘယ်သူမှ မရှိဘူးလို့ ပြောလဲ။ မင်းမှာ ငါရှိတယ်လေ”
ပိုင်ဇူ၏ ရင်ထဲတွင် တုန်လှုပ်သွားရပြီး - “အရှင်မင်းကြီး...”
လင်းပိုင်ဖန်က ပိုင်ဇူ၏ ပုခုံးလေးနှစ်ဖက်ကို ဆုပ်ကိုင်ကာ - “ငါက မင်းရဲ့ မိသားစုဝင်တင် မကဘူး၊ မင်းရဲ့ ချစ်သူ၊ မင်းရဲ့ အချစ်ဆုံးသူ၊ မင်းဘဝမှာ မရှိမဖြစ်တဲ့ ယောက်ျားလည်း ဖြစ်တယ်”
ပိုင်ဇူ : “...”
“ဒါကြောင့် အနာဂတ်မှာ အဲဒီလို စိတ်မချမ်းသာစရာ စကားတွေ မပြောနဲ့တော့။ ငါ အဲဒါတွေ မကြားချင်ဘူး”
ပိုင်ဇူမှာ မရယ်ဘဲ မနေနိုင်တော့ပေ။ သူမ စိတ်လှုပ်ရှားခါနီးမှ နောက်ဆုံးစကားတွေကြောင့် အကုန်ပျက်ကုန်တော့သည်။ ဘာတွေလဲ... ချစ်သူတွေ ဟုတ်လား၊ အချစ်ဆုံးသူတွေတဲ့လား၊ မရှိမဖြစ်တဲ့ ယောက်ျားဆိုပါလား..။ တော်တော် စကားတတ်ပြီး ပလီပလာ နိုင်လှသည်။ သို့သော် သူမ ရင်ထဲတွင်တော့ နွေးထွေးမှုကို ခံစားလိုက်ရသည်။ အရှင်မင်းကြီးသည် သူ့နည်းသူ့ဟန်ဖြင့် သူမကို စိတ်ပျော်အောင် လုပ်ပေးနေခြင်းဖြစ်သည်။ အရှင်မင်းကြီးနှင့် အတူ ရှိနေရသည်မှာလည်း ပျော်စရာကောင်းလှသည်။ အနာဂတ်မှာ ထင်သလောက် ဆိုးမှာမဟုတ်ဘူးလို့ သူမ တွေးလိုက်မိသည်။
ထိုအချိန်တွင် လင်းပိုင်ဖန်က မျက်စိတစ်ဖက်မှိတ်ပြကာ - “ပိုင်ဇူ... မင်း ငါ့ကို ကတိပေးထားတာ မှတ်မိလား။ ငါ မင်းရဲ့ ကလဲ့စားချေမှုကို ကူညီပေးရင် မင်းက... ဟဲဟဲ..”
“အရှင်မင်းကြီး... ကျွန်မ မမေ့ပါဘူး”
ပိုင်ဇူက လေးနက်စွာဖြင့် - “ကျွန်မ ပြောခဲ့ပါတယ်။ မဟာရွှယ်ဧကရာဇ်ကို သတ်ပြီး မဟာရွှယ်နိုင်ငံကို ဖျက်ဆီးပေးမယ်ဆိုရင် ကျွန်မဘဝကို အရှင်မင်းကြီးကို ပေးအပ်ပါမယ်၊ အရှင်မင်းကြီး ဘာပဲခိုင်းခိုင်း လုပ်ပါမယ်လို့ ပြောခဲ့ပါတယ်”
“ပိုင်ဇူ... ငါ ပြောနေတာ အဲဒါမဟုတ်ဘူး။ တခြား ကတိတစ်ခုကို ပြောနေတာ။ သေသေချာချာ ပြန်စဉ်းစားကြည့်ဦး” လင်းပိုင်ဖန်က ဆက်တိုက် မျက်စိမှိတ်ပြနေသည်။
ပိုင်ဇူ၏ မျက်နှာမှာ အနည်းငယ် ပျာယာခတ်သွားပြီး မသိချင်ယောင်ဆောင်ကာ - “ဒါအပြင် တခြားဘာရှိသေးလို့လဲ”
“ရှိတာပေါ့... ထပ်ပြီး စဉ်းစားကြည့်ဦး”
“ကျွန်မ တကယ် မမှတ်မိတော့ဘူး။ အဲဒါကိုပဲ ထားလိုက်ပါတော့” ပိုင်ဇူ၏ ရင်ခုန်သံများ မြန်လာပြီး ထွက်ပြေးချင်စိတ် ပေါ်လာသည်။
လင်းပိုင်ဖန်က အသည်းအသန်ဖြင့် - “ဘယ်လိုဖြစ်ပြီး ထားလိုက်ရမှာလဲ။ တခြားဟာတွေ မေ့ရင်မေ့၊ ဒီလိုကိစ္စမျိုးကိုတော့ မေ့လို့မရဘူး”
ပြောပြောဆိုဆိုဖြင့် သူသည် ပိုင်ဇူကို ပွေ့ချီကာ အိပ်ဆောင်ဆီသို့ အပြေးသွားတော့သည်။
ပိုင်ဇူမှာ ပျာယာခတ်သွားပြီး - “အရှင်မင်းကြီး... ဘာလုပ်ဖို့ ကြံနေတာလဲ”
လင်းပိုင်ဖန်က တိုးတိုးလေး ပြောလိုက်သည် - “ဒီလောက်တောင်မှ မမှတ်မိနိုင် ဖြစ်နေမှတော့... ဆန်ကို စင်အောင်ဖွတ်ပြီး ထမင်းချက်ပစ်လိုက်ရုံပေါ့။ ဒါဆိုရင် မင်း နောက်ဆို ငြင်းလို့မရတော့ဘူးလေ”
ပိုင်ဇူမှာ ခဏလောက် ရုန်းကန်ခဲ့သော်လည်း နောက်ဆုံးတွင် လက်လျှော့လိုက်တော့သည်။ သူမဘဝမှာ အခြားမည်သူ့ကိုမှ ချစ်တော့မည်မဟုတ်ဟု တွေးလိုက်ရင်း အလိုက်သင့်လေး ငြိမ်သက်သွားခဲ့သည်
ထိုနေ့ညမှာ လင်းပိုင်ဖန် အတွက်မူ အလွန်ပင် ပျော်ရွှင်စရာကောင်းပြီး အိပ်မပျော်နိုင်သော ညတစ်ည ဖြစ်ခဲ့လေတော့သည်။