အခန်း (၂၇၈)
Vol. 25 Ch. 278
ယခုအခါ သူတို့နှစ်ဦးမှာ လက်တွေ့တွင် လင်မယားအရာ မြောက်သွားပြီဖြစ်သဖြင့် လင်းပိုင်ဖန်က ပိုင်ဇူကို ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ကာ မိဖုရားအဖြစ် တရားဝင် နန်းတင်လိုခဲ့သည်။
သို့သော် ပိုင်ဇူက ငြင်းဆန်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မိဖုရား ဖြစ်လာပါက နန်းတော်ထဲတွင်သာ အချိန်အတော်များများ ကုန်ဆုံးရမည် ဖြစ်ပြီး သူမ လုပ်ချင်သည့် ကိစ္စအတော်များများကို လုပ်ဆောင်နိုင်တော့မည် မဟုတ်သောကြောင့်ပင် ဖြစ်သည်။
လင်းပိုင်ဖန်ကလည်း သဘောတူကာ ခေါင်းညိတ်လိုက်သည်။ မဟာရှနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသေးသလို ချီဖွဲ့တည်ခြင်း အဆင့်ရှိလှသော ပိုင်ဇူကဲ့သို့ ကျွမ်းကျင်သည့် လုပ်ကြံသတ်ဖြတ်သူ တစ်ဦး၏ အကူအညီမှာလည်း မရှိမဖြစ် လိုအပ်လှသည်။
သို့သော် သူသည် ကတိတစ်ခုကို တောင်းဆိုခဲ့သည် - တစ်နေ့တွင် သူတို့၌ သားသမီး ရလာခဲ့လျှင် သူမသည် နန်းတော်ထဲသို့ဝင်ကာ မိဖုရားအဖြစ် ခံယူရမည်ဟူ၍ ဖြစ်သည်။
ရက်အနည်းငယ်အတွင်း လင်းပိုင်ဖန်မှာ အလွန်ပင် ပျော်ရွှင်နေသဖြင့် ပူပန်မှုအားလုံးကိုပင် မေ့လျော့နေခဲ့သည်။
ထိုစဉ် နန်းမြို့ရိုးပေါ်မှ ရင်းနှီးနေသော ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့သည် - “ ငတုံး ဧကရာဇ်လေး... တစ်လတောင် ရှိသွားပြီပဲ။ ငါ့ကို လွမ်းနေပြီလား”
လင်းပိုင်ဖန်မှာ ဝမ်းသာသွားပြီး - “ယောင်ယောင်... မင်း ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ”
ထိုသူမှာ အခြားသူမဟုတ်၊ မိစ္ဆာဂိုဏ်း၏ မြင့်မြတ်သမီးတော် ‘ယောင်ယောင်’ပင် ဖြစ်သည်။ သူမသည် လွင့်မျောနေသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး လင်းပိုင်ဖန်ရှေ့သို့ သာသာယာယာ ဆင်းသက်လာခဲ့သည်။ သူမက နှုတ်ခမ်းလေးကို စူလိုက်ကာ - “ကျွန်မရဲ့ ဆရာက ကျွန်မကို တောင်ပေါ်ကနေ မောင်းချလိုက်လို့ အခု သွားစရာ မရှိတော့ဘူး။ ရှင် ကျွန်မကို ခိုလှုံခွင့် ပေးနိုင်မလား”
လင်းပိုင်ဖန်က မကျေနပ်သလိုဖြင့် - “ယောင်ယောင်... မင်းကလည်း အထူးအဆန်းတွေ လုပ်နေပြန်ပြီ။ ငါတို့က အတူတူ တိုက်ပွဲဝင်ခဲ့ပြီး၊ အတူတူ စီးပွားရေးတွေ လုပ်ခဲ့တဲ့ သူတွေပဲလေ။ ငါတို့ ဆက်ဆံရေးက ရှင်းနေတာပဲဟာကို။ မင်းအတွက် ဒီနေရာက အမြဲတမ်း ကြိုဆိုနေမှာပါ။ မင်းလာတာကို ငါက ပိုတောင် ဝမ်းသာသေးတယ်”
“အဲဒါတော့ ဟုတ်တယ်” ယောင်ယောင်က ဝမ်းသာအားရ ပြုံးလိုက်သည်။
လင်းပိုင်ဖန်က ယောင်ယောင်၏ ပုခုံးလေးကို ကိုင်ကာ လေးနက်စွာ ပြောလိုက်သည် - “ယောင်ယောင်... မင်း တစ်ခုတော့ မှတ်ထားရမယ်”
လင်းပိုင်ဖန်၏ တည်ကြည်ပြီး တောက်ပနေသော မျက်ဝန်းများကို ကြည့်ကာ ယောင်ယောင်၏ ရင်ထဲတွင် တုန်လှုပ်သွားရပြီး ပါးပြင်လေးများ နီမြန်းလာခဲ့သည်။ သူမက တိုးတိုးလေး မေးလိုက်သည် - “ဘာ... ဘာလဲဟင်”
“မင်း ဘယ်နေရာမှာပဲ ရှိနေရှိနေ၊ ငါ့ရဲ့ မိဖုရားနန်းဆောင် ထဲမှာတော့ မင်းအတွက် နေရာတစ်ခု အမြဲတမ်း ရှိနေမှာပါ”
ယောင်ယောင် : “...”
ခဏအကြာတွင် -
လင်းပိုင်ဖန် : “အား... အား... အား... နာတယ်”
“ရှင်ကတော့ တကယ်ကို ကောင်းကောင်းမွန်မွန် စကားမပြောတတ်ဘူးလား။ တစ်နေကုန် အဲဒီလို ကိစ္စတွေကလွဲလို့ တခြားဟာ မတွေးနိုင်ဘူးလား” ဟု ယောင်ယောင်က ဒေါသတကြီး ပြောလိုက်သည်။
လင်းပိုင်ဖန်က မတရားသဖြင့် ခံရသလို မျက်နှာထားဖြင့် - “ယောင်ယောင်... မင်း အထင်လွဲနေပြီ။ ငါက အဲဒီလောက်အထိ အပေါ်ယံကြည့်တဲ့သူလို့ တကယ် ထင်နေတာလား”
“မဟုတ်လို့လား” ဟု ယောင်ယောင်က ပြန်ပက်လိုက်သည်။
“လုံးဝကို မဟုတ်ဘူး”
လင်းပိုင်ဖန်က စိတ်အားထက်သန်စွာ - “ငါက လုံးဝကို အပေါ်ယံကြည့်တဲ့သူ မဟုတ်ဘူး။ ငါက မင်းရဲ့ ရုပ်ရည်တင်မကဘူး၊ မင်းရဲ့ စိတ်နေစိတ်ထားနဲ့ မင်းနဲ့ပတ်သက်သမျှ အရာအားလုံးကို နှစ်သက်တာ”
ယောင်ယောင်မှာ စိတ်လှုပ်ရှားသွားပြီး - “ရှင်... ငတုံးဧကရာဇ်လေး...”
လင်းပိုင်ဖန်က စွဲစွဲလမ်းလမ်းဖြင့် ဆက်ပြောသည် - “ငါ့အတွက်တော့ မင်းဟာ နှင်းဆီတစ်ပွင့်လိုပဲ။ လှပပြီး ဆွဲဆောင်မှုရှိသလို ဆူးတွေရှိပေမဲ့လည်း ရယူဖို့ မတွန်းလှန်နိုင်ခဲ့ဘူး။ မင်းအကြောင်းကို အပြင်ရော အတွင်းပါ သေသေသေချာချာ ပိုပြီး သိချင်မိတယ်...”
ယောင်ယောင်မှာ ရှက်လွန်းသဖြင့် ခေါင်းကို ငုံ့ထားမိပြီး - “အရှင်မင်းကြီး... ရှင်…”
“ဒါဆိုရင် ငါတို့ ဘယ်တော့လောက် ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း စကားပြောကြမလဲ”
ယောင်ယောင် : “...”
“မင်း ဘာမှမပြောရင် ဒါဟာ တိတ်တဆိတ် သဘောတူလိုက်တာလို့ ငါ ယူဆလိုက်ပြီနော်” ဟု ဆိုကာ လင်းပိုင်ဖန်က လက်မောင်းများကို ဖွင့်လိုက်သည်။
ယောင်ယောင် : “...”
ခဏအကြာတွင် -
လင်းပိုင်ဖန် : “အား... အား... အား... နာတယ်”
ထို့နောက် နှစ်ဦးသား ထိုင်ကာ စားသောက်ရင်း ရင်ဖွင့်စကား ပြောခဲ့ကြသည်။
ယောင်ယောင်က အားရပါးရ စားသောက်နေပြီး သူမ၏ ပါးစပ်လေးမှာ လုံးဝ မနားတော့ချေ။ သူမ၏ ဗိုက်ကလေးထဲသို့ အစားအသောက်တွေ အများကြီး မည်သို့ ဝင်သွားသနည်းဟု လင်းပိုင်ဖန်မှာ အံ့သြနေမိသည်။
“ငတုံးဧကရာဇ်လေး... ရှင် ကျွန်မကို ဘာလို့ စိုက်ကြည့်နေတာလဲ။ ကျွန်မမျက်နှာမှာ တစ်ခုခု ပေနေလို့လား” ဟု ယောင်ယောင်က နားမလည်စွာ မေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး။ မင်း အားရပါးရ စားနေတာကို မြင်တော့ အဲဒီနေ့က နေဝင်ချိန် ကြက်တိုက်ပွဲက စားသောက်ပွဲကို သတိရသွားလို့ပါ။ အဲဒီတုန်းက ကောင်းကင်ကြီးက ပြာလွင်နေပြီး နေမင်းကြီးကလည်း တောက်ပနေတယ်၊ မင်းကလည်း သိပ်လှတာပဲ။ အဲဒါကြောင့်...”
လင်းပိုင်ဖန်က မျက်စိတစ်ဖက် မှိတ်ပြလိုက်ကာ အချက်ပေးလိုက်သည် - “မင်း ငါ့ဆီက ချေးထားတဲ့ ငွေ ၅ သန်းကို ပြန်ပေးရမယ့်အချိန် ရောက်ပြီ မဟုတ်လား”
ယောင်ယောင်က မသိချင်ယောင်ဆောင်ကာ ဆက်စားနေရင်း - “အဲဒီလို ဖြစ်ခဲ့လို့လား။ ကျွန်မ မမှတ်မိတော့ဘူး”
လင်းပိုင်ဖန်က အပြင်းအထန် ခေါင်းညိတ်ပြလိုက်ပြီး - “ဖြစ်ခဲ့တာပေါ့။ ငါတို့ ငါးချီလောင်းတာ တစ်ချီကို ၁ သန်းစီနဲ့ မင်း အကုန်ရှုံးခဲ့တာလေ။ အဲဒါကြောင့် ၅ သန်း ပေးရမှာပေါ့။ မင်း တကယ် မမှတ်မိဘူးလား”
“အရှင်မင်းကြီး... အဲဒါ တကယ်ပဲ ဖြစ်ခဲ့တာလား၊ ဒါမှမဟုတ် ရှင်ပဲ မှတ်ဉာဏ်တွေ မှားနေတာလား” ဟု ယောင်ယောင်က မလုံမလဲ ပြောလိုက်သည်။
သူမက ကြွေးမြီကို လွှဲချရန် ကြိုးစားနေမှန်း လင်းပိုင်ဖန် သိလိုက်သည်။ ဒီမိစ္ဆာမလေးက တကယ်ကို ပိုက်ဆံကို အသက်ထက် ချစ်နေတာပဲ။ တခြားကိစ္စတွေဆိုရင် ညှိနှိုင်းလို့ရပေမဲ့ ပိုက်ဆံအကြောင်းဆိုလျှင်တော့ အရူးလို လုပ်လိုက်၊ မသိချင်ယောင်ဆောင်လိုက်နှင့် ဘယ်တော့မှ ဆွေးနွေးချင်သူ မဟုတ်ချေ။
“ကောင်းပြီလေ... မင်းက အကြွေးကို ငြင်းချင်တယ် ဆိုရင်တော့ မင်းရဲ့ ဆရာမဆီပဲ သွားပြောရတော့မှာပေါ့”
“အဲဒီလို မလုပ်ပါနဲ့။ ဒီလိုကိစ္စလေးအတွက် ဆရာမကို သွားပြီး အလုပ်ရှုပ်ခံစရာ မလိုပါဘူး”
ယောင်ယောင်က ကိုင်ထားသော သစ်သီးကို ချလိုက်ပြီး လင်းပိုင်ဖန်၏ လက်မောင်းကို ဖက်ကာ ချွဲနွဲ့လိုက်သည် - “အရှင်မင်းကြီး… ကျွန်မတို့ ဆက်ဆံရေးက ဘယ်လောက်တောင် ကောင်းလဲဆိုတာ ကြည့်ပါဦး။ အတူတူ ခရီးတွေနှင်ခဲ့၊ ဒုက္ခတွေ ကျော်ဖြတ်ခဲ့တာပဲ။ ပိုက်ဆံလေး နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလားဟင်”
လင်းပိုင်ဖန်က အေးအေးဆေးဆေးပင် ပယ်ချလိုက်သည် - “နွေဦးလေပြည်က ‘ယွီမင်ဂိတ်’ ကို ဖြတ်ချင်ပေမဲ့၊ ၅ သန်းအောက်တော့ လျှော့လို့ မရဘူး”
“လောကကြီးမှာ စစ်မှန်တဲ့ သံယောဇဉ်တွေ မရှိတော့ဘူးလား။ နည်းနည်းလေးတောင် လျှော့လို့ မရဘူးလား” ယောင်ယောင်က လင်းပိုင်ဖန်၏ လက်မောင်းကို အတင်းလှုပ်ကာ ဆက်ပြီး ချွဲနေသည်။
လင်းပိုင်ဖန်က ပြန်ချေပသည် - “ကောင်းကင်ဘုံမှာသာ ခံစားချက်ရှိရင် ကောင်းကင်ကြီးတောင် အိုမင်းသွားလိမ့်မယ်။ အကြွေးမဆပ်တဲ့ သူတွေကတော့ ငယ်ငယ်နဲ့ သေတတ်တယ်”
“ကံကြမ္မာက လူတွေကို မိုင်ပေါင်းထောင်ချီ ဝေးရာကနေ ဆုံပေးခဲ့ပေမဲ့၊ ပိုက်ဆံမရှိရင်တော့ သူစိမ်းတွေပါပဲ” ယောင်ယောင်က သူမ၏ ဗလာဖြစ်နေသော အိတ်ကပ်များကို ဆွဲထုတ်ပြကာ သနားစရာကောင်းအောင် လုပ်ပြနေသည်။
လင်းပိုင်ဖန် စိတ်မှာ ပျော့သွားပြီး - “လောကရဲ့ ဖြောင့်မတ်တဲ့ လမ်းက အခက်အခဲတွေနဲ့ ပြည့်နေတာပဲ။ အကြွေးဆပ်ဖို့ ပိုက်ဆံမရှိရင်လည်း မင်းရဲ့ ကိုယ်ခန္ဓာနဲ့ပဲ ဆပ်လိုက်တော့”
ယောင်ယောင် : “...”
ခဏအကြာတွင် -
လင်းပိုင်ဖန် : “အား... အား... အား... နာတယ်”
“ဟွန့်… ကျွန်မ ဒီလောက်အထိ တောင်းပန်နေတာကို တစ်ပြားလေးတောင် မလျှော့ပေးဘူး။ ရှင်ကတော့ တကယ့် ကပ်စေးနှဲကြီးပဲ။ နှာဘူးကြီး… ရှင်နဲ့ စကားမပြောတော့ဘူး၊ သွားပြီ” ယောင်ယောင်က သူမ၏ ကိုယ်ဖော့ပညာကို သုံးကာ နန်းတော်ထဲမှ ခုန်ထွက်သွားတော့သည်။
လင်းပိုင်ဖန်က လှမ်းခေါ်လိုက်ကာ - “ယောင်ယောင်... မင်း ဘယ်ကို သွားမှာလဲ”
“ဟန်ဒွမ်တောင်တန်းကို သွားပြီး ကျင့်စဉ်ကျင့်မလို့။ ရက်နည်းနည်းကြာရင် ပြန်လာခဲ့မယ်”
ရက်အနည်းငယ် ကြာပြီးနောက် အချိန်အတော်ကြာ ပျောက်နေခဲ့သော ဆရာကြီး အိုးယဲ့ဇီက စိတ်လှုပ်ရှားစွာဖြင့် ပြေးဝင်လာခဲ့သည်။
“အရှင်မင်းကြီး... ကျွန်တော်မျိုးမှာ အရှင်မင်းကြီးအတွက် ရတနာကောင်းတွေ ပါလာပါတယ်”
“ဘာရတနာတွေလဲ” ဟု လင်းပိုင်ဖန်က စူးစမ်းစွာ မေးလိုက်သည်။
“ဒါကို ကြည့်ပါဦး!” အိုးယဲ့ဇီက သူသယ်လာသော ဓားသေတ္တာကို ချလိုက်ပြီး ဖွင့်ပြရာ အထဲတွင် ဓား ၅ လက် ရှိနေသည်။ ထိုဓား ၅ လက်မှာ အတော်လေး တိုတောင်းပြီး ပုံမှန်ဓားတစ်လက်၏ သုံးပုံတစ်ပုံခန့်သာ ရှိသည်။ မှင်ကဲ့သို့ နက်မှောင်နေပြီး ပုံစံမှာ ‘ရွှမ်ရှောင်’ နတ်ဓားနှင့် ခပ်ဆင်ဆင်တူကာ ရွှမ်ရှောင်ဓား၏ ပုံစံငယ်လေးများကဲ့သို့ပင်။
သာမန်ဓားများနှင့်ယှဉ်လျှင် အလွန်သေးငယ်သော်လည်း ၎င်းတို့ဆီမှ ထွက်ပေါ်နေသော ထက်မြက်မှုမှာ နတ်လက်နက်များနှင့် မခြားပေ။ ‘ရွှမ်ရှောင်’ နတ်ဓားထက် အနည်းငယ်သာ လျော့နည်းခြင်း ဖြစ်သည်။
လင်းပိုင်ဖန်က ထပ်မံ မေးလိုက်သည် - “ဒါတွေက ဘာဓားတွေလဲ”
အိုးယဲ့ဇီက လျှို့ဝှက်စွာ ပြုံးလိုက်ပြီး - “ဒီဓား ၅ လက်လုံးက ‘ရွှမ်ရှောင်’ နတ်ဓားတွေပါပဲ”
“အို့….” လင်းပိုင်ဖန် အံ့သြသွားရသည်။
“တိတိကျကျ ပြောရရင်တော့ ရွှမ်ရှောင်နတ်ဓားရဲ့ ‘ဓားမျိုးဆက်’ တွေလို့ ပြောရမှာပါ” ဟု အိုးယဲ့ဇီက ရှင်းပြလိုက်သည်။
ရွှမ်ရှောင်နတ်ဓား ကျော်ကြားလာကတည်းက သူသည် သာမန်ဓားများကို စိတ်မဝင်စားတော့ဘဲ ရွှမ်ရှောင်ဓားထက် မနိမ့်ကျသော အခြားဓားတစ်လက်ကို ဖန်တီးရန် ကြိုးစားခဲ့သည်။ သို့သော် ရွှမ်ရှောင်နတ်ဓားနှင့် ယှဉ်နိုင်သော ဓားတစ်လက်ကို သွန်းလုပ်ရန်မှာ မလွယ်ကူလှချေ။ အတော်ကြာ စဉ်းစားပြီးနောက် သူသည် ရွှမ်ရှောင်နတ်ဓား သွန်းလုပ်ရာမှ ကျန်ရှိသော လက်ကျန်ပစ္စည်းများကို အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် ထိုလက်ကျန်ပစ္စည်းများဖြင့် ရွှမ်ရှောင်နတ်ဓား၏ ပုံစံငယ် ၅ လက်ကို သွန်းလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုဓားငယ် ၅ လက်မှာ မူလရွှမ်ရှောင်ဓားကဲ့သို့ မစွမ်းထက်သော်လည်း သာမန်နတ်ဓားများထက် အများကြီး ပိုထက်မြက်ပြီး လုံးဝ ချိုးဖျက်၍ မရသည့်အပြင် မီးတောက်များကိုလည်း ထုတ်လွှတ်နိုင်သည်။ ၎င်းတို့ကို နတ်လက်နက် တစ်ပိုင်းအဆင့်ဟု သတ်မှတ်နိုင်သည်။
လင်းပိုင်ဖန်မှာ အလွန်ပင် အားရကျေနပ်သွားပြီး - “နတ်လက်နက် တစ်ပိုင်း ဓား ၅ လက်လား... ကောင်းတာပေါ့၊ အိုးယဲ့ဇီ... မောင်မင်းကတော့ လုပ်လိုက်ရင် တကယ်ကို အားရစရာပဲ။ ငါကိုယ်တော် မောင်မင်းကို ဆုလာဘ်တွေ အများကြီး ပေးရမယ်”
“အရှင်မင်းကြီး... ဝမ်းသာတာ စောပါသေးတယ်။ တကယ်တော့ ဒီဓား ၅ လက်မှာ တခြား ကြီးမားတဲ့ အသုံးဝင်မှုတစ်ခု ရှိပါသေးတယ်”
“ဘာအသုံးဝင်မှုလဲ
အိုးယဲ့ဇီက ပြုံးလျက် - “ဒီရတနာဓား ၅ လက်ဟာ ရွှမ်ရှောင် နတ်ဓားကနေ ပေါက်ဖွားလာတာဖြစ်လို့ ရွှမ်ရှောင်ဓားက ‘မိခင်ဓား’ ဖြစ်ပြီး ဒါတွေက ‘မျိုးဆက်ဓား’ တွေပါ။ သားသမီးတွေက မိခင်ရဲ့ စကားကို နားထောင်ကြသလိုပဲ အရှင်မင်းကြီးအနေနဲ့ ရွှမ်ရှောင်နတ်ဓားကို ကိုင်ဆောင်ထားရုံနဲ့ ဒီရတနာ ၅ ပါးကို အပြည့်အဝ အမိန့်ပေး ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်”
လင်းပိုင်ဖန်မှာ အလွန်ပင် စိတ်လှုပ်ရှားသွားပြီး - “တကယ်လား”
“အရှင်မင်းကြီး ကိုယ်တိုင် စမ်းကြည့်နိုင်ပါတယ်”
“ဓား... လာစမ်း” လင်းပိုင်ဖန်က လှမ်းခေါ်လိုက်ရာ “ချွင်” ခနဲ အသံနှင့်အတူ ရွှမ်ရှောင်နတ်ဓားသည် သူ၏လက်ထဲသို့ ပျံဝင်လာခဲ့သည်။ ထို့နောက် လင်းပိုင်ဖန်သည် နတ်ဓားကို ကိုင်ကာ ဝေ့ယမ်းလိုက်သည်။
သေတ္တာထဲရှိ ဓားငယ် ၅ လက်မှာ တုန်ခါလာပြီး စိတ်လှုပ်ရှားဖွယ် အရှိန်အဝါများ ထွက်ပေါ်လာသည်။ လင်းပိုင်ဖန်၏ အမိန့်ပေးမှုအောက်တွင် ၎င်းတို့မှာ ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။ လင်းပိုင်ဖန် ညွှန်ပြသည့် နေရာတိုင်းသို့ ဓားငယ် ၅ လက်မှာ ပျံသန်းသွားကြသည်။
လင်းပိုင်ဖန်က သူနှင့် အတောင် ၅၀ ခန့် ဝေးသော လူနှစ်ယောက် ဖက်စာခန့်ရှိသည့် သစ်ပင်ကြီးတစ်ပင်ကို ဓားဖြင့် ညွှန်ပြလိုက်သည်။ ဓားငယ် ၅ လက်မှာ လေထုကို ဖြတ်သန်းသွားပြီး ခဏချင်းမှာပင် ထိုသစ်ပင်ကြီးကို အပိုင်းပိုင်း ပြတ်တောက်သွားစေခဲ့သည်။
ထို့နောက် လင်းပိုင်ဖန်က အတောင် ၁၀၀ ခန့် ဝေးသော ကျောက်တောင်တုတစ်ခုကို ညွှန်ပြလိုက်ပြန်သည်။ ဓားငယ် ၅ လက်မှာ တဝီဝီဖြင့် ပျံသန်းသွားပြီး သုံးပေခန့်မြင့်သော ကျောက်တောင်တုကို ပြိုကွဲသွားစေခဲ့သည်။
“ဓားကောင်းတွေပဲ၊ တကယ်ကို ထူးမြတ်တဲ့ ဓားတွေပဲ” လင်းပိုင်ဖန်မှာ အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေမိသည်။
သိုင်းပညာ မတတ်သော ဧကရာဇ်တစ်ပါးအနေဖြင့် ဤနတ်ဓားများကို အသုံးပြုခြင်းအားဖြင့် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တစ်ဦးနှင့် မခြားသော စွမ်းအားဖြင့် အဝေးမှ တိုက်ခိုက်နိုင်စွမ်းကို ရရှိသွားခြင်းပင် ဖြစ်သည်။ ဤအကြောင်းကိုသာ အခြားဧကရာဇ်များ သိသွားပါက မနာလိုစိတ်ဖြင့် ရူးသွားကြလိမ့်မည်ကို သူ သိနေလေသည်။