← Chapters

အခန်း (၂၈၀)

Vol. 25 Ch. 280

အခန်း (၂၈၀)

Vol. 25 Ch. 280

သူတို့ နန်းတော်ထဲကို ရောက်လာကြတဲ့အခါမှာတော့ လင်းပိုင်ဖန်ဟာ နန်းဆောင်တစ်ခုရဲ့ ရှေ့မှာ ဘာအနာအဆာမှ မရှိဘဲ မတ်တပ်ရပ်နေတာကို တွေ့လိုက်ရလေသည်။

လူတိုင်း မှင်သက်သွားကြပြီး “အရှင်မင်းကြီး အဆင်ပြေရဲ့လား” လို့ စိုးရိမ်တကြီး မေးလိုက်ကြသည်။

လင်းပိုင်ဖန်က ပြုံးပြီး “ငါကိုယ်တော် အဆင်ပြေပါတယ်။ အားလုံးပဲ စိတ်ပူပေးကြလို့ ကျေးဇူးတင်ပါတယ်”

“ဒါပေမဲ့ အဲဒီ ပြင်းထန်လှတဲ့ အရှိန်အဝါကြီးက...”

လင်းပိုင်ဖန်က သူ့နောက်က နန်းဆောင်ကို လှည့်ကြည့်ပြီး ရယ်မောလိုက်ကာ “ အဲဒါ ဓားအဖိုးအိုပဲ၊ သူ အခု အဆင့်တက်တော့မလို့”

“ဓားအဖိုးအို အဆင့်တက်တော့မယ် ဟုတ်လား” လူတိုင်း ဆွံ့အသွားခဲ့ကြသည်။

ဓားအဖိုးအိုဟာ အင်ပါယာအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတာဖြစ်ပြီး ကောင်းကင်အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ ဖြစ်သည်။ အကယ်လို့ သူသာ အခု အဆင့်တက်မယ်ဆိုရင် ဘယ်အဆင့်ကို ရောက်သွားမှာလဲ။ ကျိန်းသေပေါက် အဲဒီအဆင့်ပဲ ဖြစ်ရပေမည်။

ထိုစဉ်မှာပင် အားရပါးရ ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး “ငါ အဆင့်တက်သွားပြီကွ၊ ငါ နောက်ဆုံးတော့ အဆင့်တက်သွားပြီဟေ့ ဟားဟား...”

လေတိုးသံနဲ့အတူ ရင်းနှီးတဲ့ ပုံရိပ်တစ်ခု နန်းဆောင်ထဲကနေ ဝုန်းခနဲ ထွက်လာခဲ့သည်။ သေချာကြည့်လိုက်တော့ ဓားအဖိုးအို ကိုယ်တိုင်ပင်။ သူဟာ အရင်က လူပဲ ဖြစ်နေပေမဲ့ တစ်စုံတစ်ခုက ထူးခြားစွာ ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။ ဘာလို့လဲဆိုတော့ သူအခု ထုတ်လွှတ်နေတဲ့ ပြင်းထန်လှတဲ့ အရှိန်အဝါဟာ နန်းတော်တစ်ခုလုံးကိုတင်မကဘဲ မြို့တော်တစ်ခုလုံးကိုပါ လွှမ်းခြုံထားလို့ပင် ဖြစ်သည်။

အဲဒီအရှိန်အဝါဟာ ဘယ်လောက်တောင် ကြောက်စရာ ကောင်းသလဲဆိုရင် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တွေတောင် သူတို့ရဲ့ ဓားတွေကို မမနိုင်တော့တဲ့ အထိပါပဲ။ လူတိုင်းဟာ မယုံနိုင်စရာ ဖြစ်ရပ်ကို ကြည့်ပြီး အံ့သြမှင်သက်နေခဲ့ကြသည်။

“ဓားအဖိုးအို တကယ်ပဲ အဆင့်တက်သွားပြီ”

“ကောင်းကင်အဆင့်… ဒါ ကျိန်းသေပေါက် ကောင်းကင်အဆင့်ပဲ”

“ငါတို့ မဟာရှမှာ နောက်ဆုံးတော့ ကိုယ်ပိုင် ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက် ရှိပြီကွ၊ ဟား..ဟား…”

လူအုပ်ကြီးဟာ ဝမ်းသာအားရ စိတ်လှုပ်ရှားနေကြသည်။ ဓားအဖိုးအိုကတော့ ပိုလို့တောင် စိတ်လှုပ်ရှားနေပြီး မျက်ရည်တွေ ဝဲနေကာ “ငါ့ဘဝရဲ့ နောက်ဆုံး အချိန်ရောက်မှ ကောင်းကင်အဆင့်ကို လှမ်းမြင်ခွင့်ရလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့ဘူး။ ကောင်းကင်ဘုံက ငါ့အပေါ် ကြင်နာလွန်းတယ် ကောင်းကင်ဘုံက ကြင်နာလွန်းတယ်” ဟု ရေရွတ်လိုက်သည်။

သူ့ဘဝကို ပြန်တွေးကြည့်ရင် ထူးထူးခြားခြား အောင်မြင်မှု ရခဲ့တာမျိုး မရှိခဲ့ပေ။ ထူးချွန်တဲ့ ပါရမီလည်း မရှိ၊ သိုင်းပညာသင်ပေးမယ့် ဆရာမရှိ၊ နောက်ခံနဲ့ အရင်းအမြစ်လည်း မရှိသလို ကံကောင်းလှတဲ့ အတွေ့အကြုံတွေလည်း မရှိခဲ့ပေ။ ဘာလှိုင်းတံပိုးမှမရှိတဲ့ သာမန်ဘဝလေးကိုပဲ အေးအေးဆေးဆေး ဖြတ်သန်းခဲ့ရတာ ဖြစ်သည်။ သူ့ဘဝမှာ ကောင်းကင်အဆင့် တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ လုံးဝ မတွေးခဲ့ပေမဲ့ ကံကြမ္မာက သူ့ကို နောက်ပြောင်ခဲ့သည်။ သူ့ဘဝရဲ့ နေဝင်ချိန်ရောက်ခါမှ ကောင်းကင်အဆင့်ကို တက်လှမ်းနိုင်ခဲ့လေသည်။

တစ်လောကလုံးတွင် ကောင်းကင်အဆင့် ရှိသူ ၁၀၀ ဝန်းကျင်ပဲ ရှိတာကို မမေ့သင့်ပေ။ ကောင်းကင်အဆင့် တစ်ယောက်ချင်းစီဟာ ကောင်းကင်ဘုံက ရွေးချယ်ခံရတဲ့ သားတော်တွေဖြစ်ပြီး အရင်ကဆိုရင် သူဟာ အဝေးကနေပဲ လှမ်းကြည့်ကာ အားကျခဲ့ရကာ အနားတောင် မကပ်ရဲခဲ့တဲ့ သူတွေထဲတွင် အပါအဝင် ဖြစ်သည်။ အခုတော့ သူကိုယ်တိုင် အဲဒီထဲက တစ်ယောက် ဖြစ်လာခဲ့လေပြီ။ သူဟာ သူတို့နဲ့ ရင်ဘောင်တန်းကာ ဆွေးနွေးနိုင်ပြီး လောကကြီးကို လွှမ်းမိုးနိုင်ပြီပဲ ဖြစ်သည်။

အဲဒီအချိန်မှာပဲ လူတိုင်းက တညီတညွတ်တည်း “ကောင်းကင်အဆင့် သိုင်းပညာရှင်ကို ဂါရဝပြုပါတယ်” ဟု နှုတ်ဆက်လိုက်ကြသည်။

“ဟားဟား ဒီလို အခမ်းအနားတွေ မလိုပါဘူး”

ဓားအဖိုးအိုက အားရပါးရ ရယ်မောလိုက်ပြီး “ဒီနေ့ အဆင့်တက်သွားတဲ့အတွက် ကျုပ် အရမ်းပျော်နေတယ်။ နောက် ၇ ရက်နေရင် ကျုပ်ရဲ့ ကျင့်စဉ်နည်းလမ်း အတွေ့အကြုံတွေကို မျှဝေဖို့ ဆွေးနွေးပွဲတစ်ခု လုပ်ဖို့ စဉ်းစားထားတယ်။ အားလုံးပဲ လာခဲ့ကြဖို့ မျှော်လင့်ပါတယ်” ဟု ဆိုလိုက်သည်။

လူတိုင်း စိတ်လှုပ်ရှားသွားခဲ့ကြသည်။ အထူးသဖြင့် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တွေဆိုရင် ပိုလို့တောင် ဝမ်းသာသွားခဲ့ကြသည်။ ကောင်းကင်အဆင့် တစ်ယောက်ဆိုတာ ဂိုဏ်းအသီးသီးကို တည်ထောင်နိုင်တဲ့သူ ဖြစ်ကာ၊ ဆရာကြီးအဖြစ် ကြည်ညိုုခံရတဲ့သူတွေပင် ဖြစ်သည်။ ဒီလို ပုဂ္ဂိုလ်ထူးတွေနဲ့ တွေ့ဖို့ဆိုတာ အလွန်ပင် ခဲယဉ်းလှသည်။ အကယ်လို့ သူတို့သာ ကောင်းကင်အဆင့် ဆီကနေ လမ်းညွှန်မှု ရခဲ့မယ်ဆိုရင် အချည်းနှီး အချိန်ကုန်တာတွေ သက်သာသွားမှာဖြစ်ပြီး အဆင့်သစ်တစ်ခုကိုလည်း တက်လှမ်းနိုင်မှာပဲ ဖြစ်သည်။

လူအုပ်ကြီးက ဝမ်းသာအားရနဲ့ “ကျေးဇူးတင်ပါတယ် ကောင်းကင်အဆင့် သိုင်းပညာရှင်ကြီး” ဟု အော်ဟစ်လိုက်ကြသည်။

“ဟားဟား ကျုပ်ကို ကောင်းကင်အဆင့်လို့ မခေါ်ကြပါနဲ့၊ အရင်လိုပဲ ဓားအဖိုးအိုလို့ ခေါ်တာက ပိုပြီး ရင်းနှီးဖို့ ကောင်းပါတယ်” ဟု ဓားအဖိုးအိုက ရယ်မောရင်း ပြောလိုက်သည်။ လူတိုင်းကလည်း ချက်ချင်းပင် ပြင်ခေါ်လိုက်ကြပြီး “ကျေးဇူးတင်ပါတယ် ဓားအဖိုးအို”

အဲ့ဒီနေရာမှာပဲ လင်းပိုင်ဖန်က ကြားဖြတ်ကာ ပြောလိုက်သည် “ကဲ တခြားကိစ္စ မရှိရင် အားလုံးပဲ ပြန်ကြတော့၊ ပြန်သွားရင် မဟာရှမှာလည်း ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက် ရှိနေပြီဆိုတဲ့ သတင်းကို တစ်လောကလုံး သိအောင် ကြေညာလိုက်။ ပြီးတော့ သုံးရက်တိုင်တိုင် အောင်ပွဲခံဖို့ ပြင်ဆင်လိုက်ကြ”

“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”

“အရှင်မင်းကြီး နောက်ထပ် အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိပါသေးတယ်” ချိုင်ယူလန် က ပြောလိုက်သည်။

“ဦးလေး ဘာကိစ္စများလဲ” လင်းပိုင်ဖန် က နားမလည်သလို မေးလိုက်သည်။

“အရှင်မင်းကြီး တစ်ခါက ပြောခဲ့ဖူးတယ်လေ။ ကျွန်တော်မျိုးတို့ မဟာရှမှာ ကောင်းကင်အဆင့် တစ်ယောက် ရှိလာရင် မင်းဆက် တစ်ခု တည်ထောင်နိုင်ပြီလို့။ အခုကြည့်ပါဦး ဓားအဖိုးအိုက ကောင်းကင်အဆင့် ဖြစ်သွားပြီဆိုတော့ ဒါဟာ ဖြစ်နိုင်ပြီ မဟုတ်လား”

လူတိုင်းက မျှော်လင့်တကြီးနဲ့ လင်းပိုင်ဖန်ကို ကြည့်နေကြသည်။ လင်းပိုင်ဖန်က အားရပါးရ ရယ်မောလိုက်ပြီး “အော် အဲဒါလား၊ အမှန်ပဲ အချိန်တန်ပြီ၊ ငါကိုယ်တော်အတွက် မင်္ဂလာရှိမယ့် နေ့ရက်ကို ချက်ချင်း ရွေးချယ်လိုက်၊ ကြီးကျယ်တဲ့ခမ်းနားတဲ့ အခမ်းအနား ကျင်းပပြီး ငါတို့ မဟာရှနိုင်ငံဟာ မင်းဆက်နိုင်ငံ တစ်ခုအဖြစ် တည်ထောင်တော့မယ်ဆိုတာကို တစ်ကမ္ဘာလုံးကို ကြေညာလိုက်တော့” ဟု မိန့်ကြားလိုက်သည်။

“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး” လူတိုင်း ဝမ်းသာအားရနဲ့ နန်းတော်ထဲကနေ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားခဲ့ကြသည်။

လင်းပိုင်ဖန် နဲ့ ဓားအဖိုးအိုပဲ ကျန်ခဲ့တဲ့အခါ လင်းပိုင်ဖန်က ပြုံးပြီး “ငါ့တပည့်..၊ အနှစ်တစ်ရာလောက် တိတ်တဆိတ် ဓားသိုင်းပညာကို ကျင့်ခဲ့ပြီးမှ အခုတော့ တစ်ကမ္ဘာလုံးက မင်းကို သိသွားကြပြီ။ ဒီနေ့ကစပြီး မင်းဟာ နာမည်ကျော်ကြားလာပြီး ဒီခေတ်ရဲ့ အင်အားကြီး ပုဂ္ဂိုလ်တွေထဲမှာ ပါဝင်လာတော့မယ်”

ဓားအဖိုးအိုမှာ ကျေးဇူးတင်လွန်းလို့ မျက်ရည်တွေဝဲရင်း အရိုအသေပြုလိုက်ကာ “ဆရာရဲ့ ကျေးဇူးတွေကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော် ကောင်းကင်အဆင့်ကို တက်လှမ်းနိုင်တာဟာ ဆရာရဲ့ လမ်းညွှန်မှုနဲ့ သွန်သင်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်၊ နောင်လည်း ကျွန်တော့်ကို ပိုပြီး မြင့်မားတဲ့ အဆင့်ကို ရောက်နိုင်ဖို့ ဆရာ ဆက်လက် လမ်းညွှန်ပေးပါဦး” ဟု ပြောကာ ဦးညွတ်လိုက်သည်။

အမှန်တကယ်လည်း လင်းပိုင်ဖန်ရဲ့ လမ်းညွှန်မှုကြောင့်သာ သူ အဆင့်တက်ခဲ့တာ ဖြစ်သည်။ အဆင့်တက်သွားပြီးမှပဲ လင်းပိုင်ဖန် သင်ပေးခဲ့တဲ့ သိုင်းပညာ အသိပညာတွေက ဘယ်လောက်တောင် နက်နဲဆန်းကြယ်သလဲဆိုတာ သူ သဘောပေါက်လာတာဖြစ်ပြီး၊ အခုထိလည်း အကျိုးကျေးဇူးတွေ ခံစားနေရဆဲပဲ ဖြစ်သည်။ ဒါကြောင့် လင်းပိုင်ဖန် ဆီကနေ ဆက်လက်ကာ သင်ယူချင်ပြီး ပိုပြီးတော့ အစွမ်းထက်ချင်နေခဲ့သည်။

လင်းပိုင်ဖန်က သူ့ကို ကျေနပ်သလို ကြည့်လိုက်သည်။ ဓားအဖိုးအိုဟာ သူ့ရဲ့ အရင်းအမြစ်ကို မမေ့ဘဲ ဆရာ့အပေါ် ကျေးဇူးသိတတ်တာဟာ တကယ်ကို ချီးကျူးစရာ ကောင်းလှသည်။ ဒီလို ရှားပါးတဲ့ အရည်အချင်းတွေကြောင့်ပဲ သူ့ကို တပည့်အဖြစ် လက်ခံခဲ့တာပဲ မဟုတ်လား။ မဟုတ်ရင် ကျေးဇူးမသိတဲ့ လူကို သင်ပေးရတာ စိတ်ပျက်ဖို့ ကောင်းနေမှာပေါ့။

“မင်း သင်ချင်တယ်ဆိုရင်တော့ ဆရာတစ်ယောက်အနေနဲ့ ငါ သင်ပေးမှာပေါ့၊ မင်းကို လက်ဆင့်ကမ်းပေးဖို့ သိုင်းပညာ လျှို့ဝှက်ချက်တွေ ငါ့ဆီမှာ အများကြီး ရှိနေသေးတယ်” ဟု လင်းပိုင်ဖန်က ပြုံးပြီး ပြောလိုက်လေသည်။

ဓားအဖိုးအိုက အတိုင်းထက်အလွန် ဝမ်းသာသွားပြီး “ဆရာရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်”

သူ့အနေဖြင့် ဝမ်းသာနေပေမဲ့လည်း ရင်ထဲမှာတော့ နောင်တ အနည်းငယ် ရှိနေခဲ့တယ်။ သူ့ဆရာမှာ ဒီလောက် သိုင်းပညာမှာ ပါရမီရှိနေတာကို ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်ခဲ့ရင် ဆရာဟာလည်း ကောင်းကင်အဆင့်ကို ကျိန်းသေပေါက် ရောက်ရှိပေလိမ့်မည်။ မဟာကောင်းကင် အဆင့်တောင်မှ မရောက်နိုင်စရာ မရှိပေ။ တကယ်ကို နှမြောဖို့ ကောင်းလေခြင်းပင်…။

“တပည့် မင်းက အခုမှ အဆင့်တက်ထားတာဆိုတော့ ကျင့်စဉ်အဆင့် ခိုင်မာအောင် လုပ်ဖို့ လိုသေးတယ်၊ ငါ မင်းကို အနှောင့်အယှက် မပေးတော့ဘူး။ မင်း ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပါ။ ကျန်တဲ့ ကိစ္စတွေကိုတော့ ငါ စီစဉ်ပေးမယ်” ဟု ဆိုကာ လင်းပိုင်ဖန်လည်း ထွက်ခွာသွားခဲ့သည်။

“ကျေးဇူးတင်ပါတယ် ဆရာ၊ ကျွန်တော်ကို ခွင့်ပြုပါဦး”

......

စာကြည့်ဆောင်ကို ပြန်ရောက်တဲ့အခါမှာတော့ လင်းပိုင်ဖန် ဟာ အင်ပါယာ မြေပုံဆီကနေ အသိပေးချက်တစ်ခုကို ကြားလိုက်ရသည်။

“ဒင်! ကစားသမားရဲ့ နိုင်ငံတော်အင်အား တိုးတက်လာတဲ့ အတွက်ကြောင့် သင့်ရဲ့ ခွန်အားတွေလည်း လိုက်ပါတိုးတက်လာခဲ့သည်။ သင့်ကို ဆုလာဘ်အဖြစ် ‘သက်ရှည်ကျင့်စဉ်’ ကို ဆုအဖြစ် ပေးအပ်လိုက်သည်”

“’သက်ရှည်ကျင့်စဉ်’ ဒါဟာ အဝါရောင်ဧကရာဇ်ရဲ့ ဆရာဖြစ်သူ ကွမ်ချန်ကျီ ရေးသားခဲ့ပြီး တာအိုကျင့်စဉ်ရဲ့ ထိပ်တန်းအဆင့် ကျင့်စဉ်တစ်ခု ဖြစ်သည်။ ဒီကျင့်စဉ်ဟာ မွေးရာပါ စစ်မှန်သော ချီစွမ်းအင်တွေကို တိုက်ရိုက် ကျင့်ကြံနိုင်စေပြီး မသေမျိုးနယ်ပယ်ကို အလျင်အမြန် တက်လှမ်းစေနိုင်သည်။ ဒါတင်မကဘဲ နုပျိုမှုကို ထိန်းသိမ်းပေးပြီး အသက်ရှည်စေကာ လိပ်တစ်ကောင်လို သက်တမ်းရှည်စေမှာ ဖြစ်သည်။ ( အဝါရောင်ဧကရာဇ်ဖြစ်တဲ့ ဟွမ်ဒီဟာ တရုတ် ဒဏ္ဍာရီ နဲ့ သမိုင်းတွင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ် တစ်ဦးဖြစ်သည်)

“ပြောစရာတောင် မလိုဘူး။ ဒါဟာ ငါ့ရဲ့ တပည့်လိမ္မာလေး အဆင့်တက်သွားလို့ပဲ၊ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဝမ်းသာစရာတွေက ရောက်လာပြီပေါ့၊ ဟားဟား….” လင်းပိုင်ဖန်မှာ ရယ်မောလိုက်သည်။

နိုင်ငံတွင် ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက် ထပ်တိုးလာတာဟာ နိုင်ငံတော်အင်အားကို အဆပေါင်းများစွာ မြင့်တက်စေတာဖြစ်လို့ ခွန်အားတွေ တိုးလာတာဟာ မဆန်းပေ။

All Chapters