အခန်း (၉၉-၁၀၀)
Vol. 10 Ch. 99-100
အခန်း။ ၉၉
ယဲ့ဖျင်သည် ရွှီရန်၏ မျက်လုံးများကို လက်ဖြင့်အုပ်၍ ကာကွယ်လိုက်ပြီး "ဒါကို မင်းသင်ယူလို့ မရသေးဘူး။ မင်းက အသက် ရှစ်နှစ်တောင် မပြည့်သေးဘူးလေ။ မင်းရဲ့ ဉာဏ်ရည်ဉာဏ်သွေးက အရမ်းမြင့်မားတော့ တစ်ချက်ကြည့်လိုက်ရုံနဲ့ တတ်သွားမှာ ငါစိုးရိမ်တယ်" ဟု ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ဦးလေးယဲ့ရာ... ကျွန်တော့်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော် ဘယ်တော့မှ နောက်ပြောင်မှာ မဟုတ်ပါဘူး"
သူ၏ သွေးကြောများမှာ သွေးအင်အားလှည့်ပတ်ရန် အသင့်မဖြစ်သေးကြောင်း ရွှီရန် ကောင်းစွာ သိရှိနားလည်ထားသည်။ ထို့ကြောင့် စိတ်လိုက်မာန်ပါဖြင့် မိုက်မဲသော လုပ်ရပ်မျိုးကို သူ လုံးဝ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။
"ဟင်... ဟိုမှာ နတ်ဘုရားတစ်ပိုင်း ရင်သွေးငယ်ကျောင်းက ပါရမီရှင်လေး မဟုတ်လား"
"သူက လီဆုန်းလင်ကို မြေတောင်မြှောက်ပေးခဲ့တဲ့ ကျေးဇူးရှင်လေ"
"တကယ့်ကို အားကျစရာပဲ။ သူက လီဆုန်းလင်ကို ကြည့်ဖို့ နောက်တစ်ခါ ထပ်လာပြန်ပြီ။ ငါ့မှာသာ အဲဒီလို ကျေးဇူးရှင်မျိုး ရှိရင် ဘယ်လောက်ကောင်းမလဲ။ ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံး ငါလည်း ကောင်းမှုကုသိုလ်တွေ အမြဲလုပ်နေတာပဲ... ဘာလို့ ငါ့ကိုကျတော့ ဘယ်သူမှ သတိမထားမိကြတာလဲ။ ငါလည်း တိုးတက်ချင်တာပေါ့"
"ဟား... လီဆုန်းလင်က စိတ်ရင်းနဲ့ ကောင်းမှုလုပ်တာ မင်းကကျတော့ အရင်းအမြစ်တွေနဲ့ လဲလှယ်ဖို့အတွက် လုပ်နေတာလေ။ အဆင့်ချင်းက လုံးဝကွာတယ်။ ပြီးခဲ့တဲ့ အချိန်တုန်းက သူ သာမန်ကလေးတစ်ယောက်ကို ကာကွယ်ပေးရင်း ဒဏ်ရာတွေ ဗလပွဖြစ်သွားတာကို မင်းရော လုပ်နိုင်ပါ့မလား"
"မ... မလုပ်နိုင်ပါဘူး"
"အဲဒါကြောင့်ပေါ့ မင်းရဲ့ အဆင့်က မမီသေးလို့ သူများကိုပဲ ထိုင်ပြီး အားကျနေရတာပေါ့"
စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ဝင်များသည် တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။
သူတို့မှာ နိမ့်ကျသည့် အစိုးရဝန်ထမ်းများ မဟုတ်ကြသော်လည်း လီဆုန်းလင်ကိုမူ မအားကျဘဲ မနေနိုင်ကြချေ။ နတ်ဘုရားတစ်ပိုင်း ရင်သွေးငယ်ကျောင်းမှ အလွန်အမင်း ပါရမီထူးချွန်သည့် ကလေးငယ်တစ်ဦး၏ ထောက်ပံ့မှုကို ရရှိထားခြင်းမှာ ကောင်းကင်ဘုံသို့ ခုန်တက်သွားရသကဲ့သို့ပင်။
ထိုအားကျသည့် အကြည့်များသည် ရွှီရန်ထံသို့ ရံဖန်ရံခါ ရောက်ရှိလာတတ်သည်။
ယဲ့ဖျင်: "ရွှီရန်... မင်း တကယ်ပဲ ခိုးပြီး သင်ယူနေတာတော့ မဟုတ်ပါဘူးနော်။ ဘာလို့ အဲဒီလောက်အထိ စိုက်ကြည့်နေရတာလဲ"
ရွှီရန်က ခပ်ဖွဖွ ပြုံးလိုက်ရင်း "ကျွန်တော် သင်ယူနေဖို့ မလိုပါဘူး။ တကယ်တော့ ကျွန်တော် ဒီကိုလာတာ အင်းလက်ဖွဲ့ ရန်ငြိုးနတ်ဘုရားရဲ့ အငွေ့အသက်တွေ အထွေထွေစီမံခန့်ခွဲရေးဌာနထဲကို ပြန့်နှံ့ဝင်ရောက်နေခြင်း ရှိမရှိ အတည်ပြုဖို့ပါ။ အခုထိတော့ ထူးဆန်းတဲ့ အငွေ့အသက်မျိုး မခံစားရသေးလို့ စိတ်အေးသွားရပါတယ်" ဟု ပြောလိုက်သည်။
ယဲ့ဖျင်သည် လေးစားအားကျသော အမူအရာဖြင့် "ဪ... ဒီလိုကိုး"
ရွှီရန် : "ဟုတ်ပါတယ်။ ပြီးတော့ ဒီကလူတွေ လျှို့ဝှက်အင်းလက်ဖွဲ့တွေကို လုံးဝ မထိရဲအောင် သူတို့ရဲ့ စိတ်ထဲမှာ ကြောက်ရွံ့မှု အနည်းငယ် ထည့်သွင်းပေးဖို့လည်း စီစဉ်ထားပါတယ်"
ထိုစကားကို ကြားသောအခါ ယဲ့ဖျင်သည် အံ့ဩစွာဖြင့် နောက်သို့ အသာဆုတ်လိုက်ပြီး "ရွှီရန်... မင်းကတော့ တကယ်ကို အမြော်အမြင် ကြီးမားတာပဲ။ အဲဒီနေ့က ကျင့်ကြံသူ ငါးယောက်ကို ငါမှတ်မိသေးတယ်။ နောက်ပိုင်းမှာ သူတို့ကို လျှို့ဝှက်အင်းလက်ဖွဲ့တစ်ခုနဲ့ ငါတိတ်တိတ်လေး စမ်းသပ်ကြည့်တော့ သူတို့ထဲက တစ်ယောက်မှ အဲဒါကို ထပ်ပြီး မသုံးရဲကြတော့ဘူး။ မင်းရဲ့ ခြောက်လှန့်မှုက တကယ်ကို ထိရောက်တာပဲ"
ရွှီရန်သည် သဘောကျစွာ ပြုံးလိုက်မိသည်။ မိစ္ဆာတိုးတိုးသံအတတ်မှာ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဘယ်လိုလုပ် မထိရောက်ဘဲနေမှာလဲ။
"အထွေထွေစီမံခန့်ခွဲရေးဌာနက ဝန်ထမ်းအားလုံးကို စုပေးပါ။ သူတို့တွေ လျှို့ဝှက်အင်းလက်ဖွဲ့တွေနဲ့ ဝေးဝေးနေအောင် ကျွန်တော် သတိပေးချက် ထည့်ပေးပါ့မယ်။ အဲဒါဆိုရင် သူတို့တွေ လျှို့ဝှက်အင်းလက်ဖွဲ့ အသစ်စက်စက်တွေကို မြင်လိုက်တာနဲ့ အန္တရာယ်ရှိတယ်လို့ ပင်ကိုယ်သိစိတ်ကနေ ခံစားမိသွားလိမ့်မယ်"
ယဲ့ဖျင်၏ မျက်လုံးများ ဝင်းလက်သွားပြီး "ဉာဏ်အလင်းပွင့်မှု အမြုတေအရိုး ပိုင်ရှင်ပီသပါပေတယ်။ မင်းရဲ့ အတွေးအခေါ်က တကယ်ကို ထူးခြားတာပဲ ပိုပြီး ထိရောက်သွားအောင် ငါမင်းအတွက် တကယ့် လျှို့ဝှက်အင်းလက်ဖွဲ့တစ်ခု သွားယူပေးမယ်"
ရွှီရန် : "ကောင်းပါပြီ"
ထိုသို့ဖြင့် ရွှီရန်သည် ဒုတိယအသုတ် လျှို့ဝှက်အင်းလက်ဖွဲ့ကို ကိုင်ဆောင်ကာ အထွေထွေစီမံခန့်ခွဲရေးဌာနမှ ဝန်ထမ်းများ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုကို အောင်မြင်စွာ ထည့်သွင်းပေးနိုင်ခဲ့သည်။
မိစ္ဆာတိုးတိုးသံ တိုးတက်မှု +၁...
မိစ္ဆာတိုးတိုးသံ တိုးတက်မှု +၁...
မိစ္ဆာတိုးတိုးသံ တိုးတက်မှု +၁...
မကြာမီပင် ယနေ့အတွက် သတ်မှတ်ထားသော တိုးတက်မှု (၁၀၀ ပြည့်မီသွားခဲ့သည်။
ရွှီရန်သည် လက်ဖက်ရည်ပူပူတစ်ခွက်ကို အသာအယာ သောက်လိုက်ရင်း "ကောင်းပါပြီ။ အထွေထွေစီမံခန့်ခွဲရေးဌာနက ဝန်ထမ်းတွေကတော့ လျှို့ဝှက်အင်းလက်ဖွဲ့တွေကို သေချာပေါက် သုံးကြတော့မှာ မဟုတ်ဘူး။ သူတို့ တာဝန်ထမ်းဆောင်နေရင်းနဲ့ အင်းလက်ဖွဲ့ ရန်ငြိုးနတ်ဘုရားရဲ့ လှည့်ကွက်တွေကို ရိပ်မိနိုင်မလား ဆိုတာကတော့ အချိန်ယူပြီး စောင့်ကြည့်ရဦးမှာပဲ" ဟု ပြောလိုက်သည်။
ယဲ့ဖျင်သည် လက်ထဲတွင် လျှို့ဝှက်အင်းလက်ဖွဲ့ကို ကိုင်မြှောက်ထားရင်း လူအုပ်ကြီးအား စမ်းသပ်သည့်အနေဖြင့် မြှူဆွယ်ပြလိုက်သည်။
လူတိုင်းမှာ မျက်မှောင်များကို အလိုမကျစွာ ကြုတ်လိုက်ကြပြီး နိုးကြားတက်ကြွသောအမူအရာ၊ ဒေါသထွက်နေသော မျက်နှာပေးများဖြင့် ကြည့်နေကြတော့သည်။
ယဲ့ဖျင်မှာ အလွန်ပင် ကျေနပ်သွားပြီး "တကယ်ကိုပဲ... ရလဒ်က အံ့ဩစရာကောင်းလှတယ်..."
"အားလုံးပဲ မှတ်ထားကြပါ။ အကယ်၍ မင်းတို့ကို ဒေါသထွက်စေဖို့ စေ့ဆော်ပေးတဲ့ အင်းလက်ဖွဲ့နဲ့တူတဲ့ အရာဝတ္ထုမျိုးတွေ တွေ့လာခဲ့ရင် မင်းတို့ရဲ့ စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ကို ချက်ချင်း အကြောင်းကြားရမယ်"
လူအုပ်ကြီး : "နားလည်ပါပြီ"
"ကဲ... လူစုခွဲနိုင်ပြီ"
လူအုပ်ကြီးမှာ တဖြည်းဖြည်းချင်း လူစုခွဲသွားကြတော့သည်။
ဤဆန်းကြယ်လှသော မှော်အကျိုးသက်ရောက်မှုကို ခံစားမိသွားသည့်အတွက် ယဲ့ဖျင်
တစ်ယောက် အံ့ဩမဆုံး ဖြစ်နေတော့သည်။
"ပြင်ပက ကျင့်ကြံသူတွေကိုလည်း ခေါ်လာပြီးတော့ မင်းရဲ့ ဒီလိုကြောက်ရွံ့မှု အငွေ့အသက်တွေ ထည့်သွင်းခိုင်းရင် မကောင်းဘူးလား"
ရွှီရန် : "သိပ်ပြီးတော့ မလိုအပ်ပါဘူး။ ကျောင်းကိုပဲ ပြန်ကြရအောင်။ ကျောင်းမှာ နောက်ထပ် တစ်နှစ်လောက် နေလိုက်ရင် ကျွန်တော် ရှစ်နှစ် ပြည့်ပြီ"
ရှစ်နှစ်အရွယ်...
၎င်းမှာ အလွန်ပင် မျှော်လင့်စောင့်စားရသော အချိန်မှတ်တိုင်တစ်ခု ဖြစ်သည်။
သူတို့နှစ်ဦး နတ်ဘုရားတစ်ပိုင်း ရင်သွေးငယ်ကျောင်းသို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။
ထိုနေ့ရက်များနောက်ပိုင်းတွင် ရွှီရန်သည် နေ့စဉ်နှင့်အမျှ သူ့ကိုယ်သူ စည်းကမ်းတကျ ကျင့်ကြံအားထုတ်မှုများအတွင်း နှစ်မြုပ်နေခဲ့တော့သည်။
တတိယအဆင့်မှော်အတတ်ပညာများသည် အသင့်အတင့် ကျွမ်းကျင်မှုအဆင့်မှ အထွတ်အထိပ် ကျွမ်းကျင်မှုအဆင့်သို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်သည်။
စာကြည့်တိုက်ရှေ့မှ သစ်ပင်များသည် စိမ်းလန်းလာလိုက်၊ ဝါဖန့်လာလိုက်၊ သစ်ရွက်များ ကြွေကျလာလိုက်နှင့် နောက်တစ်ဖန် သစ်ရွက်စိမ်းများ ပြန်လည် ထွက်ပေါ်လာလိုက်ဖြင့် အချိန်တို့မှာ တရွေ့ရွေ့ ကုန်လွန်ခဲ့၏။
မြက်ခင်းပြင်ပေါ်တွင် လေ့ကျင့်နေကြသော ကလေးငယ်လေးများ၏ အရိပ်များသည် အချိန်
နှင့်အမျှ ပိုမိုမှိန်ဖျော့သွားခဲ့ပြီး ပိုမို အရပ်ရှည်လာသော ယောက်ျားလေးတစ်ဦး၏ ပုံရိပ်က အစားထိုး ဝင်ရောက်လာခဲ့သည်။
အချိန်တို့သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် နေထွက်၊ နေဝင်ပေါင်း ၄၁၀ ကြိမ် ကုန်လွန်သွားခဲ့ရာ ရင်သွေးငယ်ဘဝ၏ ၂၉၂၀ ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ရွှီရန် အလွန်တရာ မျှော်လင့်စောင့်စားခဲ့ရသော (၈) နှစ်ပြည့် မွေးနေ့သည် နောက်ဆုံး၌ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။
အခန်း။ ၁၀၀
ရှစ်နှစ်အရွယ်...
ရွှီရန်သည် နှစ်ခြိုက်စွာ အိပ်မပျော်သေးမီ အချိန်၏ လက်တံတို့သည် ဆန်းကြယ်လှသော စွမ်းအားကြီးတစ်ခုကို ဆောင်ကြဉ်းလာကာ သူ၏ ဘဝမှတ်တိုင်သစ်ဖြစ်သော လူပျိုဖော်ဝင်စ အရွယ်သို့ တိတ်တဆိတ် ကူးပြောင်းရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ချိုမြိန်သော အိပ်မက်များကို မက်မောနေစဉ်အတွင်း သူသည် မည်သည့် ထူးခြားမှုကိုမျှ သတိမပြုမိခဲ့ချေ။ အရာအားလုံးမှာ မြေပြင်ထက်သို့ တိတ်တဆိတ် စိမ့်ဝင်သွားသော နွေဦးမိုးရေစက်များကဲ့သို့ပင် ငြိမ်းချမ်းနေခဲ့သည်။
နံနက် ၆ နာရီတွင် ရွှီရန်သည် ဖြည်းညင်းစွာ နိုးထလာခဲ့သည်။ လန်းဆန်းတက်ကြွသော စိတ်ဓာတ်တို့မှာ မိုးအပြီးတွင် ထိုးထွက်လာသော ဝါးညှောက်လေးများကဲ့သို့ပင် အရှိန်အဟုန်ဖြင့် မြင့်တက်နေ၏။
သို့သော် သူ၏ မျက်လုံးများကို ဖွင့်လိုက်သည့် ခဏ၌ သူ မှင်တက်သွားရသည်။ သူ၏ ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်နေသော ကမ္ဘာပျက်မတတ် ပြင်းထန်လှသည့် အပြောင်းအလဲများက သူ့ကို မိန်းမောတွေဝေသွားစေခဲ့သည်။
မျက်နှာကြက်ကို ငေးကြည့်ရင်း ရွှီရန်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများနှင့် အရိုးအဆစ်များကို စူးစမ်းစစ်ဆေးလိုက်သည်။
ဒါဘယ်လို ခံစားချက်မျိုးလဲ။
စကြဝဠာ၏ မမြင်နိုင်သော ပိတ်ပင်တားဆီးမှု အနှောင်အဖွဲ့တို့သည် ထိုအချိန်မှတ်တိုင်သို့ ရောက်ရှိသည်နှင့် တိတ်တဆိတ် ကြေမွပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ သူ၏ အရိုးအဆစ်များမှာ သန်မာကျစ်လျစ်လာပြီး သွေးအင်အားတို့မှာလည်း သွေးကြောများအတွင်း စီးဆင်းနိုင်ပြီ ဖြစ်သည်။ ယခုအခါ သူသည် သွေးအင်အားကို စုစည်းကာ သူ၏ ခန္ဓာကိုယ်ကို သွေးပြင်နိုင်ပြီဖြစ်သလို မှော်အတတ်များကိုလည်း အစစ်အမှန် ကျင့်ကြံနိုင်ပပြီဖြစ်သည်။
အကယ်၍ ယခင်က ရွှီရန်၏ သွေးအင်အားသည် ဆဲလ်ပေါင်း သန်းခြောက်ဆယ်အတွင်း၌ ဖရိုဖရဲ ပျံ့နှံ့နေခဲ့သည်ဆိုပါက ယခုအခါ ထိုပျံ့နှံ့နေသော စွမ်းအားတို့သည် စုစည်းသွားခဲ့ပြီး စနစ်ကျလှသော စစ်တပ်ကြီးတစ်ခုသဖွယ် အသွင်ပြောင်းသွားခဲ့ပြီ ဖြစ်သည်။
သူ၏ ရင်သွေးငယ်ဘဝ တစ်လျှောက်လုံးတွင် ရွှီရန်သည် ပင်ကိုယ်စွမ်းရည် သန့်စင်မှု သုံးကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ ဖုန်မှုန့်များ ကင်းစင်ကာ တောက်ပသော အလင်းရောင်များဖြင့် ဝင်းလက်နေတော့သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးအင်အားသုံးသောင်းခန့်သည် အားကောင်းလှသော နှလုံးခုန်နှုန်း၏ တွန်းအားပေးမှုကြောင့် သွေးကြောများအတွင်းသို့ အလိုအလျောက် စီးဝင်သွားကြပြီး၊ ပျော်ရွှင်မြူးထူးစွာဖြင့် အရှိန်အဟုန်ပြင်းစွာ လှည့်ပတ်နေကြတော့သည်။
ယခုအခါ ကျင့်စဉ်နည်းလမ်းတစ်ခုသာ လိုအပ်တော့သည်။
ထိုသို့ဆိုလျှင် ရွှီရန်သည် ချက်ချင်းပင် နတ်ဘုရားတစ်ပါးကဲ့သို့ အစွမ်းထက်လာပေလိမ့်မည်။
သို့သော် ကျင့်စဉ်ကို အသုံးမပြုရသေးသည့်တိုင် ရွှီရန်သည် သူ၏ ပင်ကိုယ်အစွမ်းကို ကိုယ်တိုင် ခံစားသိရှိနေရပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အတွင်း၌ အဆုံးမဲ့ စွမ်းအားရှင် နဂါးတစ်ကောင် ခွေလျက် ရှိနေသကဲ့သို့ပင်။
သွေးအင်အားများ သွေးကြောအတွင်း အကြိမ်ကြိမ် လှည့်ပတ်စီးဆင်းပြီးနောက် သူ၏ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းအားလုံးတွင် အောင်နိုင်သူတို့၏ အငွေ့အသက်များ စုစည်းလာခဲ့သည်။
သူ့အနေဖြင့် စကားစုတစ်ခုကိုပင် မတွေးဘဲ မနေနိုင်တော့ချေ။
ရှုရီမာ... မင်းတို့ရဲ့ ဧကရာဇ် ပြန်လာပြီ။
"ကိုယ့်ရဲ့ ပင်ကိုယ်စွမ်းအားက ပေးတဲ့ ဒီယုံကြည်မှုက တကယ့်ကို ဆွဲဆောင်မှုရှိတာပဲ။ ငါ ဘာလို့ ကိုယ်ပိုင်စည်းကမ်းကို ဒီလောက် ချစ်မြတ်နိုးရသလဲဆိုတာ မဆန်းတော့ဘူး"
ယခင်ကပင် စည်းကမ်းတကျ ကျင့်ကြံရသည်ကို နှစ်သက်ခဲ့သော်လည်း ယခုအခါတွင်မူ သူသည် ၎င်းကို ပို၍ပင် တန်ဖိုးထား မြတ်နိုးသွားခဲ့ပြီ ဖြစ်သည်။
ရွှီရန်သည် သိမ်မွေ့စွာ ပြုံးလိုက်ပြီး မျက်နှာကြက်မှ ခုန်ဆင်းလိုက်သည်။ စိတ်ကူးလိုက်ရုံမျှဖြင့် ကုတင်၏ အထက် ဟင်းလင်းပြင်တွင် လေထုနံရံတစ်ခုကို ဖန်တီးလိုက်ပြီးနောက် လေထဲတွင် လမ်းလျှောက်ကာ ကြမ်းပြင်ပေါ်သို့ သက်ဆင်းလိုက်၏။
သူ၏ လှမ်းကွက်များမှာ ကျွမ်းကျင်လှသော ဆရာကြီးတစ်ဦး၏ အလားပင်။ သို့သော် သူ၏ ရုပ်ရည်သွင်ပြင်မှာမူ အလွန်ပင် နုပျိုနေဆဲဖြစ်ပြီး အပြစ်ကင်းစင်သော ကလေးငယ်တစ်ဦးအသွင် ရှိနေသေးသည်မှာ အမှန်ပင်။
၎င်းတို့အနက် မည်သည့်အရာကမျှ အရေးမကြီးပေ။
အမှန်တကယ် အရေးကြီးသည်မှာ ယခုအခါ သူသည် အသက် ၈ နှစ် ပြည့်သွားပြီဖြစ်၍ ကျင့်စဉ်နည်းလမ်းများကို လက်ခံရရှိရန် အသင့်ဖြစ်နေခြင်းနှင့် အိပ်မက်ဆိုး နာကျည်းမိခင်ကို အောင်နိုင်ခဲ့သည့်အတွက် ဆုလာဘ်များဖြစ်သော အထူးအဆင့်မြင့် မှော်အတတ်နှင့် အထူးအဆင့်မြင့် လက်နက်တို့ကို တရားဝင် ရရှိတော့မည်ပင်။
ကျင့်စဉ်ကို ကျွမ်းကျင်ပိုင်နိုင်သွားပါက သွေးအင်အားမီးအိမ် ထွန်းညှိခြင်းအတတ်ကို သင်ယူနိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဂြိုဟ်သားစစ်မြေပြင်သို့ ဝင်ရောက်ကာ ရွှေရောင်အောင်မြင်မှု လောင်မြိုက်သော သတ်ဖြတ်လိုစိတ်ကို ရယူနိုင်မည်ဖြစ်သည်။ ထို့နောက် ကပ်ဘေးမီးလျှံကို ဖန်တီးကာ ရုပ်ပိုင်းဆိုင်ရာ နိဗ္ဗာန်သို့ ရောက်ရှိရန် လမ်းစမှာ သူ၏ ရှေ့မှောက်၌ပင် ရှိနေတော့သည်။
"လာမယ့် အချိန်ကာလတွေကတော့ ငါလို ကိုယ်ပိုင်စည်းကမ်းအပေါ် အရူးအမူး စွဲလမ်းတဲ့သူအတွက် အကြိုက်ဆုံး အချိန်တွေ ဖြစ်လာတော့မှာပဲ"
ရွှီရန်၏ မျက်နှာထက်တွင် အပြုံးများ ဝေဆာလျက်ရှိပြီး ကိုယ်လက်လှုပ်ရှား နွေးထွေးမှုပြုလုပ်ရင်း ခုန်ပေါက်နေသည်။ သူသည် ခုန်ပေါက်ရင်း အခန်းပြင်သို့ ထွက်လာခဲ့၏။
မျက်နှာသစ် သန့်စင်ခြင်းများ ပြီးဆုံးသွားပြီဖြစ်သော်လည်း သူ၏ မိခင်မှာ အိပ်မောကျနေဆဲ ဖြစ်သောကြောင့် တံခါးပြင်မှနေ၍ စကားအနည်းငယ် ပြောကြားခဲ့ပြီးနောက် ထမင်းစားဆောင်သို့ တစ်ဦးတည်း ထွက်ခွာလာခဲ့သည်။
ခရစ္စတယ်သားရဲ အသားများကို အားရပါးရ စားသုံးလိုက်ရာ သွေးအင်အားတန်ဖိုး ၅ မှတ် တိုးလာခဲ့သည်။
ဗိုက်ပြည့်သွားသောအခါ ရွှီရန်သည် တိမ်တိုက်များပေါ်သို့ ပေါ့ပါးစွာ ခုန်တက်လိုက်သည်။ ထို့နောက် တိမ်တိုက်များပေါ်မှ တစ်ဆင့် ခုန်ကူးရင်း ကျောင်းအုပ်ကြီး၏ ရုံးခန်းဝရန်တာသို့ ရောက်ရှိသွားကာ အိမ်မြှောင်တစ်ကောင်ကဲ့သို့ တွယ်ကပ်၍ အတွင်းသို့ ဝင်ရောက်လိုက်သည်။
"ကျောင်းအုပ်ကြီး... ကျောင်းအုပ်ကြီး အိပ်မနေနဲ့တော့ ထတော့ဗျ"
ကျောင်းအုပ်ကြီးမှာ အိပ်ချင်မူးတူး မျက်လုံးများဖြင့် "မင်းက ဘာလို့ ငါ့ပြတင်းပေါက်ကနေ ကျော်တက်လာရတာလဲ ဒီမျောက်ဝံလေး"
ဆံပင်အနည်းငယ် ဖြူနေသော ကျောင်းအုပ်ကြီးသည် နံရံကပ်နာရီကို လှမ်းကြည့်လိုက်ပြီး "ခြောက်နာရီပဲ ရှိသေးတယ် မင်းကတော့ တကယ့်ကို စည်းကမ်းကြီးလွန်းတယ်။ ညဘက်ဆို အလုပ်တွေရှုပ်လို့ အိပ်ရာဝင်နောက်ကျပြီး မနက်စောစော မထနိုင်တဲ့ ဒီလူအိုကြီးကို လာပြီး ဒုက္ခပေးနေပြန်ပြီလား"
"မင်းက ကြိမ်လုံးနဲ့ အရသာအတွေ့ခံချင်လို့လား သွား... သွား... ကိုယ့်ဘာသာကိုယ် သွားဆော့ချင်ရာဆော့စမ်း။ ငါ နောက်ထပ် ခဏလောက် ထပ်အိပ်ပါရစေဦး"
ရွှီရန်က မလှုပ်မယှက် ရပ်နေမြဲ ရပ်နေလျက် "...ကျောင်းအုပ်ကြီး ခင်ဗျာ့အတွက် သတင်းကောင်းတစ်ခု ရှိတယ်။ ကျွန်တော် အခု ရှစ်နှစ်ပြည့်ပြီ။ ကျွန်တော့်ရဲ့ သွေးအင်အားတွေကလည်း သွေးကြောထဲမှာ အလိုအလျောက် စတင်စီးဆင်းနေပြီဗျ"
ထိုစကားကို ကြားလိုက်ရသည်နှင့် ကျောင်းအုပ်ကြီး၏ စိတ်တို့မှာ ချက်ချင်းပင် ကြည်လင်လန်းဆန်းသွားတော့သည်။ သူသည် အိပ်ချင်မူးတူး ဖြစ်နေသော မျက်လုံးများကို ဖွင့်ကာ ရွှီရန်ကို ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာ သိသိသာသာပင် ပြေလျော့သွား၏။
"မင်း ရှစ်နှစ် ပြည့်ပြီလား အချိန်ကို တွက်ကြည့်ရင်တော့ တကယ်ပဲ ရှစ်နှစ်ရှိပြီပဲ..."
"ဟင် သွေးအင်အားက အလိုအလျောက် စီးဆင်းနေတယ် ဟုတ်လား။ ငါမှတ်မိသလောက်ဆိုရင် မင်းရဲ့ သွေးအင်အားတန်ဖိုးက ၅,၅၀၀ ဝန်းကျင်ပဲ ရှိတာမဟုတ်လား အဲဒီလောက်နဲ့ သွေးကြောထဲမှာ အလိုအလျောက် ဘယ်လိုလုပ်ပြီး စီးဆင်းနိုင်မှာလဲ"
"သွေးအင်အား ၆,၀၀၀ ရှိတဲ့ ကျူးယွီဟန်တောင် အလိုအလျောက် မစီးဆင်းနိုင်ဘူး။ တခြား ပါရမီရှင်တွေလည်း အဲဒီလို မဖြစ်ကြဘူး။ မင်းကျမှ ဘာလို့ ထူးခြားနေရတာလဲ"
ကျောင်းအုပ်ကြီးသည် မတ်မတ်ထိုင်လိုက်ပြီး ရွှီရန်ကို တည်တည်ငြိမ်ငြိမ် စိုက်ကြည့်ကာ "သွေးအင်အား အလိုအလျောက် စီးဆင်းဖို့ဆိုတာ အနည်းဆုံး ၁၀,၀၀၀ မှတ် ရှိရမယ်။ အမှန်အတိုင်းပြောစမ်း... မင်းရဲ့ တကယ့် သွေးအင်အားတန်ဖိုးက ဘယ်လောက်လဲ"
ရွှီရန်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး "ကျွန်တော့်ရဲ့ သွေးအင်အားက တခြားသူတွေထက် ပိုပြီး သန့်စင်နေလို့ ဖြစ်မှာပါ"
"ဒါက အဓိက မဟုတ်ပါဘူး... ကျောင်းအုပ်ကြီးလည်း နားလည်ပါတယ်နော်"
ကျောင်းအုပ်ကြီး : "အဓိကက မင်း သွေးအင်အား ကျင့်စဉ်နည်းလမ်းကို လိုချင်နေတာ မဟုတ်လား ငါနားလည်ပါတယ်။ တခြား ပါရမီရှင်တွေလည်း ကျင့်ကြံနေကြပြီဆိုတော့ မင်းရော လျိုလီလေးရော စိတ်ပူနေကြတာပေါ့..."
ရွှီရန်က တည်ကြည်သောအမူအရာဖြင့် ပြင်ပေးလိုက်သည်။
"ကျောင်းအုပ်ကြီး... ကျင့်စဉ်နည်းလမ်း တစ်ခုတည်းတင် မဟုတ်ဘူးနော်။ အိပ်မက်ဆိုး နာကျည်းမိခင်ကို နှိမ်နင်းခဲ့လို့ ရမယ့် ဆုလာဘ်တွေဖြစ်တဲ့ အထူးအဆင့်မြင့် မှော်အတတ်နဲ့ အထူးအဆင့်မြင့် လက်နက်ကိုပဲ လိုချင်တာပါ"
"ဒါ့အပြင် ကျွန်တော်က အကောင်းဆုံး သွေးအင်အားမီးအိမ် ထွန်းညှိခြင်းအတတ်ကိုလည်း လိုချင်သေးတယ်... တကယ်လို့ ခင်ဗျားဘက်က တခြားရတနာအတတ်တွေပါ အပိုပေးမယ်ဆိုရင်လည်း ကျွန်တော် ငြင်းမှာ မဟုတ်ပါဘူး"
ရွှီရန်သည် မတ်မတ်ရပ်ကာ အလေးအနက် ပြောဆိုနေခြင်း ဖြစ်သည်။
ကျောင်းအုပ်ကြီး : "မင်းကတော့ အိပ်မက်တွေ အရမ်းမက်နေတာပဲ။ အထူးအဆင့်မြင့် ဆုလာဘ် နှစ်ခုတောင် မလုံလောက်သေးဘူးလား။ လောဘကြီးရင် ပျက်စီးတတ်တယ်ဆိုတဲ့ မူကို မင်းသိရဲ့လား။ မင်းအနေနဲ့ သွေးအင်အား ကျင့်စဉ်ကို အရင်ဆုံး ကျွမ်းကျင်အောင် လုပ်ရမယ် ပြီးမှ အဆင့်မြင့် မှော်အတတ်တွေကို သင်ရမှာ..."
ရွှီရန်က နှုတ်ခမ်းဆူလိုက်ပြီး "ကျောင်းအုပ်ကြီး... ခင်ဗျား အိပ်ချင်ပြေသေးဘူး ထင်တယ်။ ကျွန်တော့်လို ရွှေရောင် ဉာဏ်အလင်းပွင့်မှု အမြုတေအရိုးပိုင်ရှင် ပါရမီရှင်တစ်ယောက်ကို ဒီလိုစကားလုံးတွေ ပြောနေသင့်လားဗျာ။ ကိုယ်ဖျောက်အတတ်၊ နက်နဲသော ခြေလှမ်းနဲ့ သုံးထောင်သော မိုးကြိုးလှုပ်ရှားမှုတွေကို ဘယ်သူက သင်ပေးခဲ့တာလဲဆိုတာ မေ့သွားပြီလား"
ကျောင်းအုပ်ကြီးမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းလိုက်ရပြီး "ဟုတ်ပါပြီလေ... မင်းမှာ ဉာဏ်အလင်းပွင့်မှု အမြုတေအရိုး ရှိတာပဲ... ဒါပေမဲ့ လောဘတော့ သိပ်မကြီးနဲ့ဦး"
ရွှီရန် : "လောဘမကြီးပါဘူး လောဘမကြီးပါဘူးဗျာ။ ဒါပေမဲ့ ကျွန်တော် ရသင့်ရထိုက်တာတွေကိုတော့ ချန်မထားခဲ့နဲ့နော်"