အခန်း (၂၇၁)
Vol. 25 Ch. 271
ဤသို့ အရေးကြီးသော အချိန်တွင် ထိုတိုက်ပွဲသည် တစ်ကမ္ဘာလုံး၏ အာရုံစိုက်မှုကို ရရှိနေလေသည်။ အင်အားစုအသီးသီးမှလည်း စောင့်ကြည့်သူများကို စေလွှတ်ခဲ့ကြသည်။
“မဟာရှစစ်တပ်က မဟာဖုန်းမြို့တော်ကို ရောက်ပြီပဲ၊ မြန်လိုက်တာ”
“ဒါပေါ့..၊ မဟာရှမှာ အစွမ်းထက်တဲ့ သိုင်းပညာရှင်တွေ အများကြီးရှိတယ်လေ၊ နတ်ဓားကို ကိုင်ထားတဲ့ ဓားအဖိုးအိုကလည်း ရှိသေးတယ်။ ကောင်းကင်အဆင့် မရှိရင် ဘယ်သူမှ ယှဉ်လို့မရဘူး၊ မဟာဖုန်းဘက်ကသာ နည်းလမ်းမရှိရင်တော့ ရှုံးဖို့သေချာနေပြီ”
“ဟုတ်တယ်၊ မဟာဖုန်းဘက်က နိုင်လိမ့်မယ်လို့ ငါလည်း သိပ်မျှော်လင့်မထားဘူး”
“ဒီတစ်လအတွင်း ဖြစ်ပျက်ခဲ့တာတွေက တကယ့်ကို ရုပ်ရှင်ဆန်လွန်းတယ်။ မဟာရှက မဟာရွှယ်ကိုတင်မကဘဲ မဟာဖုန်းကိုပါ အနိုင်ယူလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ”
“ဒီတိုက်ပွဲပြီးရင်တော့ မဟာရှဟာ ထိပ်တန်းအဆင့် မင်းဆက်နိုင်ငံ ဖြစ်လာတော့မယ်”
သူတို့တွေ ဆွေးနွေးကြပြီးနောက် တစ်နာရီခန့်အကြာတွင် မဟာရှစစ်တပ်သည် မြို့တော်နားသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။
မော့ကြည့်လိုက်လျှင် မြို့တော်တံခါးမှာ တင်းတင်းကျပ်ကျပ် ပိတ်ထားသော်လည်း မြို့ရိုးပေါ်တွင်မူ စစ်သည်များ၊ စစ်သူကြီးများနှင့် သိုင်းပညာရှင်များဖြင့် ပြည့်နှက်နေသည်။ ထိုသူများအကြားတွင် ဝတ်ရုံဝါကို ဆင်မြန်းထားပြီး ခန့်ညားထည်ဝါသော ပုံရိပ်ရှိသူတစ်ဦးမှာ အထင်အရှား ရှိနေသည်။ ထိုသူမှာ အခြားသူမဟုတ်၊ မဟာဖုန်းမင်းဆက်၏ ဧကရာဇ်ပင် ဖြစ်လေသည်။
သူသည် အောက်ရှိ စစ်သည် ၅ သိန်းကို ကြည့်ကာ မျက်စိစပါးမွှေးစူးလျက် ရင်ထဲတွင် အတိုင်းအဆမရှိသော ဒေါသများဖြင့် ပြည့်နှက်နေသည်။ မဟာဖုန်းကို တည်ထောင်ခဲ့သည့် အချိန်မှစ၍ မည်သည့်နိုင်ငံ၏ စစ်တပ်မျှ မြို့တော်အထိ မရောက်ခဲ့ဖူးချေ။ သူ၏ လက်ထက်တွင်မှ ဤသို့သော အရှက်ရဖွယ် သာဓကမျိုး ပေါ်ပေါက်ခဲ့ခြင်းမှာ ဘိုးဘေးဘီဘင်များကိုပါ မျက်နှာပျက်စေသည့် အရှက်ကွဲမှုပင် ဖြစ်သည်။
“မင်းတို့ ရောက်လာပြီပဲ၊ ငါ စောင့်နေတာ ကြာပြီ” မဟာဖုန်းဧကရာဇ်က အံကြိတ်ကာ ဆိုလိုက်သည်။
“သေဖို့ စောင့်နေတာပဲ ဖြစ်မှာပါ” လူသားစစ်သူကြီးက ခနဲ့လိုက်ရာ လူတိုင်းက တဟားဟား ရယ်မောကြတော့သည်။
မြို့ရိုးပေါ်ရှိ အမတ်များမှာတော့ ဒေါသထွက်ကုန်ကြပြီး - “ပါးစပ်ပိတ်စမ်း၊ မဟာရှက ပုန်ကန်သူတွေ”
“အရှင်မင်းကြီးကို စော်ကားတာ သေဒဏ်ထိုက်တဲ့ ပြစ်မှုပဲ”
“ဒီနေ့တော့ မင်းတို့ရဲ့ ခွေးအသက်တွေကို အဆုံးသတ်ပေးမယ်”
“လာယူကြည့်လိုက်လေ”
လူသားစစ်သူကြီးက နှာခေါင်းရှုံ့လျက် - “အပြောပဲ ရှိတယ်၊ လက်တွေ့မရှိဘူး။ ဒီနေ့တော့ ဘယ်သူသေ၊ ဘယ်သူရှင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်”
ထို့နောက် သူသည် မစောင့်နိုင်တော့ဘဲ လက်ထဲမှ ဓားကို မြှောက်ကာ အော်ဟစ်လိုက်သည် - “စစ်သည်အားလုံး အမိန့်နာခံကြ၊ စစ်ဗျူဟာ ခင်းကျင်းကြတော့၊ ဒီနေ့တော့ ငါကိုယ်တိုင် မြို့တံခါးကို ချိုးဖျက်ပြီး အဲဒီ ခွေးဧကရာဇ်ရဲ့ ခေါင်းကိုဖြတ်ကာ ကျင်ငယ်ခွက်အဖြစ် လုပ်ပစ်မယ်”
သူ၏ အမိန့်အောက်တွင် စစ်သည် တစ်သောင်းမှာ ချက်ချင်းပင် စစ်ဗျူဟာ ခင်းကျင်းလိုက်ကြသည်။ ထို့နောက် လူသားစစ်သူကြီးသည် စည်ကို တီးခတ်ကာ ဖျားယောင်းမြှူဆွယ်သည့် အတတ်ကို သုံးလိုက်သည်။ လပေါင်းများစွာ သုတေသနလုပ်ခဲ့သဖြင့် သူတို့မှာ သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။ စစ်သည် တစ်သန်းကို တစ်ပြိုင်နက် ဖျားယောင်းရန်မှာ ခက်ခဲသော်လည်း စစ်သည် တစ်သောင်းကို စိတ်ညို့ရန်မှာမူ သူ့အတွက် အလွန်ပင် လွယ်ကူလှသည်။
စည်သံ ငါးချက်အတွင်းမှာပင် ထိုစစ်သည်များမှာ တိုက်ခိုက်ရန် အသင့်ဖြစ်နေသော အခြေအနေသို့ ရောက်ရှိသွားကြသည်။
“ညီလေး... ငါတို့ ကူညီမယ်” ကောင်းကင်နှင့် မြေပြင်တို့ကလည်း တညီတညွတ်တည်း ဆိုလိုက်ကာ စည်များကို အပြိုင်တီးခတ်လျက် နောက်ထပ် စစ်သည် နှစ်သောင်းကိုပါ စိတ်ညို့လိုက်ကြသည်။ စုစုပေါင်း စစ်အင်အား သုံးသောင်းမှာ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်သွားသည်။
ထို့နောက် သူတို့၏ စွမ်းအားအားလုံးမှာ တစ်နေရာတည်းတွင် စုစည်းသွားတော့သည်။ လူသားစစ်သူကြီးက သူ၏ ဓားကို အားကုန်လွှဲ၍ ခုတ်ချလိုက်သည် - “ဖြတ်စမ်း”
ရုတ်တရက် ပေထောင်ကျော် ရှည်လျားသော ဓားအလင်းတန်းကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤတိုက်ကွက်မှာ အင်ပါယာချီအဆင့် အထွတ်အထိပ် သိုင်းပညာရှင်တစ်ဦး၏ တိုက်ကွက်နှင့် ယှဉ်နိုင်သော စွမ်းအားရှိနေသည်။ မြို့ရိုးပေါ်ရှိ လူများမှာတော့ မျက်နှာများ ပျက်ကုန်ကြသည်။
“ကြောက်စရာကောင်းလိုက်တဲ့ ဓားချက်ပဲ”
“ဒီတစ်ချက်တည်းနဲ့တင် မြို့တံခါး ပျက်သွားလိမ့်မယ်”
“မြန်မြန် တားကြ”
မဟာဖုန်းမှ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် အများအပြားသည် လက်သီး၊ လက်ဝါးများနှင့် ဓားများကို သုံး၍ တားဆီးရန် ကြိုးစားသော်လည်း အရာမထင်ခဲ့ချေ။
ဓားအလင်းတန်းမှာ မဟာဖုန်းဧကရာဇ်ထံသို့ ရောက်ခါနီးအချိန်တွင် သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည် - “ဆရာကြီး... ကျွန်တော်ကို ကယ်ပါဦး”
“အောမီထောဖော…” သူ၏ ဘေးတွင်ရှိသော အိုမင်းသည့် ဘုန်းကြီးတစ်ပါးသည် မျက်လုံးဖွင့်လိုက်ကာ သူ၏ အနည်းငယ် ထူထဲသော လက်ကို ဆန့်ထုတ်လိုက်သည်။ ထိုအခါ ကြီးမားလှသော ဓားအလင်းတန်းကြီးမှာ ထူးဆန်းစွာပင် လေထဲတွင် ပျောက်ကွယ်သွားလေတော့သည်။ ဓားချက်က တစ်ခါမှ မရှိခဲ့ဖူးသည့်အလားပင်…။
လူတိုင်း အံ့အားသင့်သွားကြသည်။
“ဓားအလင်းတန်းကို လက်တစ်ချက်တည်းနဲ့ ဖျောက်ပစ်လိုက်တဲ့ ဒီပုဂ္ဂိုလ်က ဘယ်သူများလဲ”
“ငါသိသလောက်တော့ မဟာဖုန်းမှာ ဒီလောက် အစွမ်းထက်တဲ့သူ မရှိပါဘူး”
“မဟာဖုန်းဘက်က ဖိတ်ခေါ်ထားတဲ့ အပြင်လူများလား”
လူသားစစ်သူကြီး၏ မျက်နှာမှာ ပြောင်းလဲသွားပြီး သတိရှိစွာဖြင့် - “ မြည်းအိုကြီး... ခင်ဗျား ဘယ်က ရောက်လာပြီး ငါတို့ကိစ္စကို ဝင်စွက်ဖက်ရတာလဲ”
“အောမီထောဖော” ထိုဘုန်းကြီးသည် ခြေတစ်လှမ်း လှမ်းလိုက်ရာ မြို့ရိုးအောက်သို့ ရောက်ရှိသွားတော့သည်။
စစ်သည် ၅ သိန်းရှေ့တွင် မျက်နှာအမူအရာ မပျက်ဘဲ သူက ဆိုလိုက်သည် - “ ဒီက နိမ့်ကျတဲ့ ဘုန်းကြီးကတော့ ဖားဟွာကျောင်းတော်မှာ ကြမ်းတိုက်နေတဲ့ ‘ကျဲချန်’ လို့ ခေါ်တဲ့ ဘုန်းကြီးအိုတစ်ပါးပါပဲ။ နှစ်ဖက်စလုံးရဲ့ ပဋိပက္ခကို ဖြေရှင်းပေးဖို့ လာတာပါ။ ဒကာတော်တို့ အဆင်ပြေအောင် ဒီနေရာကနေ ဆုတ်ခွာပေးကြဖို့ တောင်းပန်ချင်ပါတယ်”
လူတိုင်းမှာ မယုံနိုင်အောင် ဖြစ်သွားကြသည်။ ကြမ်းတိုက်သော ဘုန်းကြီးတစ်ပါးဟု ဆိုသော်လည်း အင်ပါယာချီအဆင့်ရဲ့ တိုက်ကွက်ကို လက်တစ်ဖက်တည်းဖြင့် တားဆီးနိုင်ခဲ့သည် မဟုတ်ပါလော။
လူသားစစ်သူကြီးက - “ဘုန်းကြီးလို့ ဆိုရင် ကျောင်းထဲမှာပဲ နေပြီး သက်သတ်လွတ်စား၊ ဘုရားစာရွတ်ကာ လောကီကိစ္စတွေနဲ့ ဝေးဝေးနေရမှာ မဟုတ်လူးလား၊ ဘာလို့ နိုင်ငံနှစ်ခုကြားက ကိစ္စတွေကို ဝင်စွက်ဖက်နေရတာလဲ၊ ခင်ဗျားရဲ့ အာရုံခြောက်ပါးက သိပ်တော့ မစင်ကြယ်ဘူး ထင်တယ်”
ဆရာတော် ကျဲချန်က ကရုဏာအပြည့်ဖြင့် - “ အောမီထောဖော ၊ ဘုန်းကြီးတစ်ပါးအနေနဲ့ လောကီရေးရာမှာ မပါဝင်သင့်တာ မှန်ပါတယ်။ ဒါပေမဲ့ ဗုဒ္ဓရဲ့ ကရုဏာတော်က သတ္တဝါတွေရဲ့ ဆင်းရဲဒုက္ခကို ကြည့်မနေနိုင်ပါဘူး။ နိုင်ငံနှစ်ခုရဲ့ ပဋိပက္ခတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ဒုက္ခရောက်နေကြရပြီ။ ဒါကြောင့် ဒီက နိမ့်ကျတဲ့ ဘုန်းကြီးကပဲ ငြိမ်းချမ်းရေး ရဖို့အတွက် တောင်ပေါ်က ဆင်းလာခဲ့ရတာပါ”
“ခင်ဗျားပြောတာတွေက တကယ့်ကို ရယ်စရာ ကောင်းတာပဲ” လူသားစစ်သူကြီးက လှောင်ပြောင်လိုက်ကာ - “မဟာဖုန်းက ငါတို့ကို အရင်တိုက်တုန်းက ခင်ဗျား ဘယ်ရောက်နေတာလဲ၊ မဟာရွှယ်က ငါတို့ကို လာနှိမ်နင်းတုန်းကရော ခင်ဗျားကို မတွေ့ပါလား။ အခု မဟာရှက နိုင်တော့မှ ခင်ဗျားက ထွက်လာပြီး စစ်တိုက်တာ မကောင်းဘူး၊ ငြိမ်းချမ်းရေးယူပါ ဆိုပြီး လာတားနေတယ်...”
လူသားစစ်သူကြီးက မထီမဲ့မြင် တစ်ထွေးတစ်ချက် ထွေးထုတ်လိုက်ရင်း - “ထွီ… တကယ့်ကို ဟန်ဆောင်ကောင်းတဲ့ ဘုန်းကြီးပဲ”
မဟာရှစစ်သည်များကလည်း ဝိုင်းပြီး လှောင်ပြောင်ကြတော့သည်။
“ဟုတ်တယ်၊ ငါတို့တွေ အတိုက်ခံရတုန်းက ဘယ်ရောက်နေတာလဲ၊ အခု ငါတို့ ပြန်တိုက်တော့မှ ထရပ်တာလား”
“လောကကြီးအတွက် ငြိမ်းချမ်းရေးဆိုပဲ၊ တော်တော် ရှက်ဖို့ကောင်းတယ်”
“ဟန်ဆောင်သမားကြီးပဲ”
ဆဲဆိုမှုများကြားတွင် ဆရာတော်မှာ တည်ငြိမ်စွာဖြင့် လက်အုပ်ချီလျက် - “ အောမီထောဖော၊ အရင်က နိမ့်ကျတဲ့ ဒီဘုန်းကြီးက မသိခဲ့လို့ ဝင်မစွက်ဖက်ခဲ့တာပါ။ အဲဒါ ကိုယ်တော်ရဲ့ အမှားပါပဲ။ ဒါပေမဲ့ အခု သိပြီဆိုတော့ ကြည့်မနေနိုင်တော့ဘူး။ ဒကာတော်... နောက်ထပ် သတ်ဖြတ်မှုတွေ မလုပ်ကြဖို့ တောင်းပန်ပါတယ်”
“ကျုပ်က ဆက်တိုက်မယ်ဆိုရင်ရော” လူသားစစ်သူကြီးက သူ၏ လက်နက်ကို ဆရာတော်ထံ ချိန်လိုက်သည်။
“ဒကာတော်က အဲဒီလောက်အထိ ဆုံးဖြတ်ထားရင်တော့ ဒီက နိမ့်ကျတဲ့ ဘုန်းကြီးကပဲ အဆုံးထိ လိုက်ပါပေးရုံပဲ ရှိတော့တာပေါ့၊ အောမီထောဖော…”
မြို့ရိုးပေါ်မှ မဟာဖုန်းဧကရာဇ်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်သည် - “ဆရာတော် ကျဲချန်... မြန်မြန် လှုပ်ရှားပြီး သူတို့အားလုံးကို ဖမ်းဆီးလိုက်ပါ”
မြို့ရိုးအောက်တွင်မူ ဆရာတော်မှာ ဘုရားစာကိုသာ ရွတ်နေပြီး မလှုပ်မယှက် ရှိနေသည်။
“ဘုန်းကြီးအိုကြီး... ခင်ဗျားက သေချင်နေမှတော့ ကျုပ်က ဖြည့်ဆည်းပေးရမှာပေါ့” လူသားစစ်သူကြီးက လက်နက်ကို မြှောက်လိုက်ကာ - “နောက်ထပ် ကျုပ်ရဲ့ တိုက်ကွက်ကို ခံယူကြည့်စမ်း၊ သေသွားရင်တော့ ကျုပ်ကို အပြစ်မတင်နဲ့”
ထိုအချိန်တွင် ဓားအဖိုးအိုက ရှေ့သို့ ထွက်လာကာ လေးနက်သော အမူအရာဖြင့် - “သူ့ကို အထင်မသေးနဲ့။ သူက ကောင်းကင်အဆင့်ပဲ” ဟု ပြောလိုက်သည်။
“ကောင်းကင်အဆင့် ဟုတ်လား…!”
“အဲဒီ ဘုန်းကြီးအိုကြီးက တကယ်ပဲ ကောင်းကင်အဆင့်လား”
“ဘယ်သူက ထင်မှာလဲ”
လူအုပ်ကြီးမှာ တုန်လှုပ်သွားကြသည်။ မဟာရွှယ်ဧကရာဇ်နှင့် တိုက်ပွဲအပြီးတွင် လူတိုင်းသည် ကောင်းကင်အဆင့်၏ စွမ်းအားကို ကောင်းစွာ သဘောပေါက်ထားကြသည်။ ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦးသည် နိုင်ငံတစ်ခုလုံးကို ရင်ဆိုင်နိုင်သော ထိတ်လန့်ဖွယ် ပုဂ္ဂိုလ်မျိုး ဖြစ်သည်။ သူတို့၏ အဆင့်သို့ မရောက်ဘဲ သူတို့ကို ယှဉ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
နတ်ဓားကို ကိုင်ထားသော ဓားအဖိုးအိုသည် အစွမ်းထက်သည် မဟုတ်ပါလော။ သူသည် ဓားတစ်ချက်တည်းနှင့် ချီဖွဲ့တည်ခြင်းအဆင့် ၁၀ ယောက်ကျော်ကို သတ်ပစ်နိုင်ခဲ့သည်။ သို့သော် ကောင်းကင်အဆင့်သို့ အခုမှ တက်လှမ်းထားသော မဟာရွှယ်ဧကရာဇ်နှင့် တိုက်ခိုက်ရာတွင် အကွက် ၁၀၀ မပြည့်ခင်မှာပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သည်။ နောက်ဆုံးတွင် လင်းပိုင်ဖန်၏ လက်ချက်ဖြင့် မဟာရွှယ်ဧကရာဇ်မှာ ကျဆုံးခဲ့သော်လည်း ထိုအောင်ပွဲမှာ ကံကောင်းမှုများစွာ ပါဝင်နေခဲ့ခြင်း ဖြစ်သည်။
အခုမူ နောက်ထပ် ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ဦး ပေါ်လာခဲ့ပြန်ပြီ ဖြစ်သည်။ သူက မဟာရွှယ်ဧကရာဇ်ထက်ပင် ပို၍ နက်နဲပုံရသည်။ စောင့်ကြည့်နေသူများကတော့ တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည် -
“မဟာဖုန်းက ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက်ကို ဖိတ်ထားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ”
“ဒီတိုက်ပွဲကတော့ မလွယ်တော့ဘူး”
“မဟာရှမှာ ကောင်းကင်အဆင့်ကို သတ်နိုင်တဲ့ စစ်ဗျူဟာ အခင်းအကျင်းရှိတာကို သိရက်နဲ့ ဒီဆရာတော်က လာရဲတယ်ဆိုရင် တစ်ခုခု ပြင်ဆင်ထားလို့ပဲ ဖြစ်ရမယ်။ မဟာရှအတွက်တော့ မကောင်းဘူး”
“ဒီလူကို ငါ ကိုင်တွယ်လိုက်မယ်၊ မင်းတို့ နောက်ဆုတ်ကြ” ဓားအဖိုးအိုသည် နတ်ဓားကို ကိုင်ကာ ရှေ့သို့ တက်လာခဲ့သည်။
“ဟုတ်ကဲ့ပါ” စစ်သူကြီးတို့အုပ်စု နောက်ဆုတ်သွားကြသည်။
ဆရာတော်က ဓားအဖိုးအိုကို တည်ငြိမ်စွာ ကြည့်ကာ ချီးကျူးစကား ဆိုသည် - “ဂုဏ်ယူပါတယ် ဒကာတော်၊ ဒကာက ကောင်းကင်အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာပဲ၊ ဒါပေမဲ့ ဒီခြေတစ်လှမ်းက နီးသလိုလိုနဲ့ ကမ္ဘာတစ်ဖက်ခြမ်းလောက် ဝေးကွာနေတတ်တယ်။ လူအများစုဟာ တစ်သက်လုံး ကြိုးစားပေမဲ့ အဲဒီ နောက်ဆုံးခြေလှမ်းကို မလှမ်းနိုင်ကြဘူး။ ဒါပေမဲ့ ဒကာတော်မှာ ဗုဒ္ဓနဲ့ ရေစက်ရှိတယ်။ အကယ်၍ ဗုဒ္ဓဘာသာကိုသာ ကူးပြောင်းပြီး ကြိုးစားမယ်ဆိုရင် ငါတို့က ဒကာကို ညဏ်အလင်းရရှိအောင် ကူညီပေးနိုင်ပါတယ်”
“နောက်ပြီး ဒကာရဲ့ လက်ထဲက ဓားက ကောင်းကင်ကို တုန်လှုပ်စေနိုင်တဲ့ အစွမ်းရှိပေမဲ့ တကယ်တော့ သတ်ဖြတ်မှုတွေကို ဖြစ်စေတဲ့ မိစ္ဆာဓားတစ်လက်ပါပဲ။ ဒီဓားကို ဒီ နိမ့်ကျတဲ့ ဘုန်းကြီးဆီ အပ်လိုက်ပါ။ ဗုဒ္ဓတရားတော်တွေနဲ့ သန့်စင်ပေးပြီး လောကကြီးကို အန္တရာယ် မပေးနိုင်အောင် ကိုယ်တော် ဆောင်ကျဥ်းပေးပါ့မယ်”
လူတိုင်းမှာ မှင်သက်သွားခဲ့ကြသည်။ အရှက်မရှိလိုက်တဲ့ ဘုန်းကြီးပါလား..။ ဓားအဖိုးအိုကိုတင် မကဘဲ ဓားကိုပါ လိုချင်နေသည် မဟုတ်ပါလော။
“မလိုပါဘူး! ငါ့မှာ ငါ့လမ်းစဉ် ရှိတယ်၊ အဲဒါက ဓားလမ်းစဉ်ပဲ၊ ဗုဒ္ဓလမ်းစဉ် မဟုတ်ဘူး။ ဆရာ့ရဲ့ လမ်းညွှန်မှုအောက်မှာ ငါ့ရှေ့က လမ်းကို ငါ အထင်အရှား မြင်နေရပြီ။ ညဏ်အလင်းရဖို့ဆိုတာ ငါ့လက်တစ်ကမ်းမှာပဲ ရှိတာမို့ ဆရာတော် ပင်ပန်းမခံပါနဲ့တော့”
ဓားအဖိုးအိုက အေးစက်စွာ ပြောလိုက်သည် - “နောက်ပြီး ငါ့လက်ထဲက ဓားက ငါပိုင်တာ မဟုတ်ဘူး။ အဲဒါ ငါ့ဆရာ့ရဲ့ ဓားပဲ၊ ငါ့မှာ ပေးပိုင်ခွင့် မရှိဘူး။ ဒီဓားက ကောင်းသလား၊ ဆိုးသလားဆိုတာ ကိုင်တဲ့သူအပေါ်မှာပဲ မူတည်တယ်။ ကိုင်တဲ့သူက စိတ်ထားဖြူစင်ရင် ကောင်းတဲ့ဓားပေါ့၊ ကိုင်တဲ့သူက စိတ်ထားယုတ်မာရင်တော့ မိစ္ဆာဓားပေါ့”
“ဆရာတော်... ဒါကို သဘောတူတယ်မလား
“အောမီထောဖော…၊ နှမြောစရာပါပဲ” ဆရာတော်က နှမြောတသစွာ ဆိုလိုက်သည် - “ဒါပေမဲ့ ဒကာတော်မှာ ဗုဒ္ဓနဲ့ တကယ့်ကို ရေစက်ရှိတယ်။ ဒီက နိမ့်ကျတဲ့ ဘုန်းကြီးက ဒကာတော်နဲ့ ကောင်းမွန်တဲ့ ကံရေစက်တစ်ခု တည်ဆောက်ချင်ပါတယ်၊ ဒကာတော် အဆင်ပြေပါ့မလား”
“ဘယ်လို ကံရေစက်မျိုးလဲ၊ ပြောကြည့်ပါဦး”