← Chapters

အခန်း (၂၇၂)

Vol. 25 Ch. 272

အခန်း (၂၇၂)

Vol. 25 Ch. 272

“အောမီထောဖော…”

ဘုန်းကြီးအိုကြီးသည် လက်အုပ်ချီလျက် - “ဒါဆိုရင် အကွက် သုံးကွက်နဲ့ သဘောတူကြစို့၊ ဒီက နိမ့်ကျတဲ့ ဘုန်းကြီးက ဒီနေရာမှာတင် မလှုပ်မယှက် ရပ်နေမယ်၊ ဒကာတော်က သုံးကြိမ်တိုက်ခိုက်နိုင်တယ်။ သုံးကြိမ်ပြည့်လို့မှ ဘာဒဏ်ရာမှမရရင် ဘုန်းကြီးရဲ့ အနိုင်ပဲ။ မဟုတ်ရင်တော့ ဒကာတော် အနိုင်ပေါ့”

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

“မလှုပ်မယှက်ဘဲ ရပ်နေပြီး ဓားအဖိုးအိုရဲ့ တိုက်ကွက်ကို ခံမယ် ဟုတ်လား”

“ဒီဘုန်းကြီးအိုကြီးက သေချင်နေတာလား။ ဓားအဖိုးအို ကိုင်ထားတာ နတ်ဓားလေ၊ သူ့အစွမ်းကလည်း ကောင်းကင်အဆင့်နဲ့ ရင်ပေါင်တန်းနေနိုင်တာကို။ အရင်က မဟာရွှယ်ဧကရာဇ်တောင် ဒီနတ်ဓားကို ထိပ်တိုက် မရင်ဆိုင်ရဲဘူး၊ ဒီဘုန်းကြီးက ဘယ်လိုလုပ်နိုင်မှာလဲ”

“ဟုတ်ပ! ကောင်းကင်အဆင့်တွေက သန်မာတယ်ဆိုပေမဲ့ နတ်ဓားရဲ့အစွမ်းကိုတော့ တောင့်ခံနိုင်မှာမဟုတ်ဘူး”

“ဒီဘုန်းကြီးအိုကြီးက တော်တော် မောက်မာတာပဲ”

ဓားအဖိုးအိုကတော့ မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီကိစ္စက ထင်သလောက် မရိုးရှင်းကြောင်း သူ ခံစားမိသည်။

“ခင်ဗျားနိုင်ရင် ဘာဖြစ်မလဲ၊ ရှုံးရင်ရော ဘာဖြစ်မလဲ”

ဘုန်းကြီးအိုကြီးက - “ဒကာတော် နိုင်ရင်တော့ ဒီဘုန်းကြီးက ချက်ချင်း ဖယ်ပေးမယ်၊ ဒကာတော်တို့ စိတ်ကြိုက်လုပ်လို့ရပြီ၊ နောက်ထပ်လည်း ဝင်မစွက်ဖက်တော့ဘူး။ ဒါပေမဲ့ ဘုန်းကြီးသာ ကံကောင်းလို့ နိုင်သွားခဲ့ရင်တော့ ဒကာတော်တို့ ဆုတ်ခွာပေးရမယ်။ တစ်ချိန်တည်းမှာပဲ ဓားအဖိုးအို၊ ဒကာတော်က ဗုဒ္ဓဘာသာထဲဝင်ပြီး ဒီကဘုန်းကြီးနောက်ကို လိုက်ပြီး ဘုရားစာရွတ်၊ သက်သတ်လွတ်စားပြီး တရားအားထုတ်ရမယ်”

“ဒါကို ခင်ဗျားက ကောင်းမွန်တဲ့ ကံရေစက်လို့ ခေါ်တာလား”

လူသားစစ်သူကြီး အော်ဟောက်လိုက်သည် - “ငါတို့နိုင်ရင် ငါတို့ရသင့်တာကို ရမှာပဲလေ၊ ဒါပေမဲ့ ရှုံးရင်တော့ ဘာမှမရတဲ့အပြင် ဓားအဖိုးအိုက မင်းနောက်လိုက်ပြီး ဘုန်းကြီးဝတ်ရမယ် ဟုတ်လား? ဘယ်လောက်တောင် အရှက်မရှိလိုက်သလဲ”

“ဒါဟာ အင်မတန်ကြီးမားတဲ့ ကံရေစက်ပါပဲ” ဘုန်းကြီးအိုကြီး၏ မျက်နှာမှာ ကရုဏာများဖြင့် ပြည့်နှက်နေပြီး - “ ဓားအဖိုးအို၊ ဒကာတော် နိုင်ရင် ဘာမှမဖြစ်ဘူး၊ ရှုံးသွားရင်လည်း ဗုဒ္ဓရဲ့ တရားတော်တွေကို နီးနီးကပ်ကပ် နာယူခွင့်ရမှာပဲလေ။ ဒါ မကောင်းဘူးလား”

“ဟေ့…မြည်းအိုကြီး..” လူသားစစ်သူကြီးမှာ အင်္ကျီလက်ကို ပင့်တင်ကာ အသေအကြေချရန် ပြင်လိုက်သည်။

ကောင်းကင်နှင့် မြေပြင်စစ်သူကြီးတို့က သူ့ကို ပြန်ဆွဲထားကြသည် - “ညီလေး... စိတ်လျှော့စမ်း၊ မင်း သူ့ကို မနိုင်ဘူး။ သတိထားဦး၊ သူ မင်းကို ဖမ်းသွားပြီး ဘုန်းကြီးဝတ်ခိုင်းနေဦးမယ်”

ထိုစကားကြားမှ လူသားစစ်သူကြီးမှာ ချက်ချင်း ငြိမ်ကျသွားတော့သည်။ သို့သော် သူနှင့် မဟာရှမှ သိုင်းပညာရှင်များအားလုံးက အရှက် မရှိသော ဘုန်းကြီးကို ဒေါသတကြီး ကြည့်နေကြသည်။

ဓားအဖိုးအိုကတော့ ဘာတုံ့ပြန်မှုမှမပြဘဲ အေးစက်စွာဖြင့် - “ဆရာတော်က ကျုပ်ကို တကယ်ပဲ အထင်ကြီးနေတာပဲ”

“ဒါပေါ့၊ ကောင်းကင်အဆင့်ရဲ့အောက်မှာ ဒကာတော်က ပထမပဲလေ” ဟု ဘုန်းကြီးအိုကြီးက ဆိုလိုက်သည်။

“ကျုပ် ငြင်းမယ်ဆိုရင်ရော?” ဟု ဓားအဖိုးအိုက မေးလိုက်သည်။

“ငြင်းမယ်ဆိုရင်တော့ အခုချက်ချင်း စစ်တပ်ကို ပြန်ခေါ်ပြီး ထွက်သွားတာ အကောင်းဆုံးပဲ၊ မဟုတ်ရင်တော့ ဒီက နိမ့်ကျတဲ့ ဘုန်းကြီး ဒီမှာရှိနေသရွေ့ မဟာဖုန်းပြည်သူတွေကို ဒုက္ခပေးခွင့် ပြုမှာမဟုတ်ဘူး၊ အောမီထောဖော…” ဟု ဘုန်းကြီးအိုကြီးက ကရုဏာမျက်နှာဖြင့် ပြောလိုက်သည်။

မဟာရှစစ်သည်များမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ တွေဝေသွားကြသည်။ ဤနေရာအထိ ခက်ခက်ခဲခဲ တိုက်လာခဲ့ရပြီးမှ ရည်မှန်းချက်တို့ မအောင်မြင်ဘဲ ပြန်လှည့်ရမည်ဆိုသည်မှာ မတွေးဝံ့စရာပင်။ သို့သော် လောင်းကြေးကို လက်ခံလိုက်လျှင် နိုင်ပါက ပြဿနာမရှိသော်လည်း ရှုံးသွားပါက ဓားအဖိုးအိုမှာ ပြန်လာနိုင်မှာ မဟုတ်တော့ချေ။

ဓားအဖိုးအိုသည် မဟာရှ၏ အင်အားအကြီးဆုံး စစ်သည်တော်ဖြစ်ပြီး၊ ကောင်းကင်အဆင့်နှင့် ယှဉ်နိုင်ကာ အိမ်နီးချင်းနိုင်ငံများကို ခြိမ်းခြောက်နိုင်သည့် နတ်ဓားပိုင်ရှင် ဖြစ်သည်။ သူသာ မရှိတော့လျှင် မဟာရှက ပြိုင်ဘက်ကင်း ပညာရှင်တစ်ဦးကို ဆုံးရှုံးရပေလိမ့်မည်။ ထိုကဲ့သို့သော ဆုံးရှုံးမှုကို မည်သူက ခံနိုင်ရည်ရှိမည်နည်း။

ထပ်မံစဉ်းစားကြည့်လျှင် ထိုဘုန်းကြီးသည် အနိုင်ရရန် ၈၀ ရာခိုင်နှုန်းခန့် သေချာမှုမရှိဘဲ ဤကဲ့သို့သော လောင်းကြေးမျိုးကို ကမ်းလှမ်းလိမ့်မည် မဟုတ်ကြောင်း လူတိုင်း သိလိုက်ကြသည်။ ထို့ကြောင့် အသိဉာဏ်ရှိစွာဖြင့် သူတို့အားလုံးက ရွေးချယ်လိုက်ကြသည်မှာ -

“ ဓားအဖိုးအို ... သဘောမတူလိုက်နဲ့”

“ငါတို့ ဒီလိုစွန့်စားမှုမျိုး မလုပ်နိုင်ဘူး”

“ငါတို့တွေ အိမ်ပြန်သွားတာကမှ တော်ဦးမယ်။ အရှင်မင်းကြီးက ငါတို့ကို အပြစ်တင်မှာမဟုတ်ဘူး”

ဓားအဖိုးအိုကိုယ်တိုင်လည်း ဤသည်မှာ မလောင်းသင့်သော ပွဲဟု ခံစားမိသည်။ ဗုဒ္ဓဂိုဏ်းမှ လူများမှာ အမြဲတမ်း ကောက်ကျစ်ပြီး လှည့်စားတတ်ကြသည်။ နောက်ကွယ်တွင် မည်သည့် လှည့်ကွက်များ ရှိနေမည်ကို မည်သူသိနိုင်မည်နည်း။

အရင်က သူသည် တစ်ဦးတည်းသော တစ်ကောင်ကြွက်ဖြစ်ပြီး သေခါနီးအချိန်မျိုးတွင် လောင်းကစားခြင်း ရှိ၊ မရှိက အရေးမကြီးပေ။ သို့သော် ယခုမူ သူသည် မဟာရှ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီ ဖြစ်ပြီး၊ သူ၏ဆရာမှာလည်း သူ အလွန်လေးစား တန်ဖိုးထားရသော မဟာရှဧကရာဇ် ဖြစ်နေသည်။ သူ၏အင်အားမှာ မဟာရှ တိုးတက်ပြောင်းလဲရေးအတွက် အလွန်ပင် အရေးကြီးနေသည်။ ထို့ကြောင့် သူ လုံးဝ အရှုံးမခံနိုင်ပေ။

အမြတ်သာ နည်းပါစေ၊ အရှုံးတော့ မခံနိုင်ပေ။

သူ ငြင်းဆန်တော့မည့် အချိန်မှာပင် ဘုန်းကြီးအိုကြီးက ထပ်လောင်းပြောကြားလိုက်သည် - “ဒကာတော်... တကယ်တော့ ဒကာတော်မှာ နောက်ထပ် ရွေးချယ်စရာ တစ်ခုရှိသေးတယ်”

“ဘာရွေးချယ်စရာလဲ?”

“အရင်က ‘ဆန်းချီ’ ဆရာတော်ရဲ့ ကိစ္စကြောင့် ကိုယ်တော်တို့ ဗုဒ္ဓဂိုဏ်းက ဒကာတော်တို့ကို ကျေးဇူးကြွေး တစ်ခု တင်ရှိနေခဲ့တယ်။ အကယ်၍ ဒကာတော်ရှုံးသွားခဲ့ရင် အဲဒီကျေးဇူးကြွေးနဲ့ အခုကိစ္စကို အစားထိုးလိုက်လို့ရတယ်။ အဲဒါဆိုရင် ဒကာတော်က ဒီက ဘုန်းကြီးနောက်ကို လိုက်ပြီး ဘုန်းကြီးဝတ်စရာ မလိုတော့ဘူးပေါ့။ ဒါဆိုရင် လူတိုင်း ပျော်ရွှင်ရမှာ မဟုတ်လား။ အောမီထောဖော…”

ဓားအဖိုးအို မျက်မှောင် ကြုတ်လိုက်မိသည်။ ဤသည်မှာ ထိုဘုန်းကြီးအိုကြီး၏ ရည်ရွယ်ချက် အစစ်အမှန်ဖြစ်ကြောင်း သူ ရိပ်မိလိုက်သည်။ ဗုဒ္ဓဂိုဏ်းက သူ၏ဆရာအပေါ် ကျေးဇူးတင်ရှိနေသည့်ကိစ္စမှာ အစကတည်းက ပြဿနာမဟုတ်ပေ။ သို့သော် ယခုအခါ ဆက်ဆံရေးမှာ ပျက်ပြားနေပြီဖြစ်ရာ ထိုကျေးဇူးကြွေးမှာ ဗုဒ္ဓဂိုဏ်းအတွက် လည်ချောင်းထဲက ဆူးတစ်ချောင်းကဲ့သို့ အလွန်ပင် နေရခက်စေသည်။ ထို့ကြောင့် သူတို့သည် ဤအခွင့်အရေးကို သုံးကာ ထိုကျေးဇူးကြွေးကို ပြန်လည်ရယူလိုကြခြင်းဖြစ်သည်။

ဤနည်းဖြင့်ဆိုလျှင် နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ မဟာရှအတွက် တကယ်တမ်း ဆုံးရှုံးမှု မရှိနိုင်တော့ပေ။ မဟာရှဘက်မှ ကန့်ကွက်သံများမှာလည်း သိသိသာသာ လျော့နည်းသွားတော့သည်။

ဓားအဖိုးအိုက တွေဝေမနေတော့ဘဲ - “ကောင်းပြီလေ၊ အကွက်သုံးကွက်နဲ့ ဆုံးဖြတ်ကြစို့၊ ခင်ဗျား မလှုပ်မယှက် ရပ်နေလိုက်၊ ကျုပ် သုံးကြိမ် တိုက်မယ်။ ခင်ဗျားသာ ဘာမှမဖြစ်ဘူးဆိုရင် ကျုပ်တို့ မဟာရှဘက်က ရှုံးနိမ့်ကြောင်း ဝန်ခံမယ်၊ ကျုပ်တို့ ချက်ချင်း ဆုတ်ခွာပေးမှာ ဖြစ်သလို ဗုဒ္ဓဂိုဏ်းက တင်ရှိနေတဲ့ ကျေးဇူးကြွေးကိုလည်း ဆပ်ပြီးသားလို့ မှတ်ယူလိုက်မယ်၊ ခင်ဗျားရှုံးရင်တော့ ချက်ချင်း လမ်းဖယ်ပေးရမယ်၊ မဟာရှစစ်တပ်ကို ထပ်ပြီး မနှောင့်ယှက်ရဘူး”

ဘုန်းကြီးအိုကြီးက ပြုံးလျက် - “သဘောတူတယ်” ဟု ဆိုလိုက်သည်။

ထိုသို့ဖြင့် လောင်းကြေးပွဲကြီးက စတင်ပြီဖြစ်သည်။ ဘုန်းကြီးအိုကြီးက လက်အုပ်ချီလျက် - “ ဒကာတော်... ဒီက နိမ့်ကျတဲ့ ဘုန်းကြီး အဆင်သင့်ဖြစ်ပါပြီ။ တိုက်ခိုက်နိုင်ပါပြီ” ဟု ဆိုလိုက်သည်။

“ကောင်းပြီ” ဓားအဖိုးအိုသည် ပေါ့ပေါ့ဆဆ မတွေးဘဲ 'ရွှမ်ရှောင်' နတ်ဓားကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ကာ သူ၏ ချီအားလုံးကို စုစည်း၍ ပြင်းထန်သော ဓားချက်တစ်ချက်ကို လွှဲလိုက်သည်။

ဓားချီများမှာ ထက်မြက်လှပြီး ချက်ချင်းပင် ကိုက်တစ်ရာခန့်အထိ ပျံ့နှံ့သွားကာ ဘုန်းကြီးအိုကြီး၏ ရှေ့သို့ ခုတ်ချလိုက်တော့သည်။ ထိုဓားချက်မှာ မြို့ရိုးများကိုပင် ဖြတ်တောက်နိုင်လောက်အောင် ကြောက်စရာကောင်းလှသည်။

တစ်စုံတစ်ယောက်က - “သတိထား” ဟု မနေနိုင်ဘဲ အော်လိုက်မိသည်။

သို့သော် ဘုန်းကြီးအိုကြီးမှာ တည်ငြိမ်စွာဖြင့် တစ်လှမ်းမျှ မရွေ့ဘဲ ဘုရားစာကိုသာ ရွတ်နေခဲ့သည်။

“အောမီထောဖော..”

ဓားချက်က နောက်ဆုံးတွင် ကျဆင်းလာလေပြီ…

“ဘုန်း…..!!”

မိုးခြိမ်းသံကဲ့သို့အသံ ထွက်ပေါ်လာပြီး ဖုန်မှုန့်များ တလိပ်လိပ် တက်လာကာ လူအများ၏ အမြင်အာရုံကို ဖုံးလွှမ်းသွားသည်။ ခဏအကြာတွင် ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ လူတိုင်း မြင်တွေ့လိုက်ရသည်မှာ မြေပြင်ပေါ်တွင ၁၀ ပေခန့် အကျယ်ရှိပြီး ပေ ၁၀၀ ခန့် ရှည်လျားသော အက်ကြောင်းကြီးတစ်ခု ပေါ်ပေါက်နေခြင်းပင်။

၎င်းသည် ဓားအဖိုးအို ၏ ခြေရင်းမှသည် မြို့တော် တံခါးနားအထိကို ရှည်လျားလှသည်။ သို့သော် ဘုန်းကြီးအိုကြီး ရပ်နေသည့် နေရာအရောက်တွင်မူ ထိုအက်ကြောင်းမှာ ရပ်တန့်သွားခဲ့သည်။ ဘုန်းကြီးအိုကြီးမှာမူ တစ်လက်မမျှ မရွေ့ဘဲ ဘာဒဏ်ရာမှ မရသည့်အပြင် သူ၏ ဝတ်ရုံပေါ်တွင် ဖုန်မှုန့်တစ်စပင် မတင်ခဲ့ချေ။

လူတိုင်းမှာ မှင်သက်စွာဖြင့် အသက်ရှူပင် မှားသွားကြရသည်။

“တကယ့်ကို စွမ်းအားကြီးတာပဲ”

“ဒီဓားချက်က တောင်ငယ်တစ်လုံးကိုတောင် နှစ်ခြမ်းခွဲနိုင်တာကို၊ ဒါတောင် တစ်ဖက်လူက ဘာမှမဖြစ်ဘူးလား”

“သူ့ခန္ဓာကိုယ်က သံနဲ့ လုပ်ထားတာလားဟ”

“သံတောင် ဒီလောက် မမာနိုင်ပါဘူး၊ သူ့ခန္ဓာကိုယ်ထက် မာတဲ့သံ ရှိဦးမှာ မလို့လား”

“ဒီဘုန်းကြီးအိုကြီးက ဘယ်သူလဲ၊ ဘာလို့ ဒီလောက် ကြောက်ဖို့ကောင်းနေရတာလဲ”

မဟာရှမှ လူများ၏ မျက်နှာမှာ ချက်ချင်း ပျက်သွားကြသော်လည်း မဟာဖုန်းမှ လူများကမူ စတင် အောင်ပွဲခံနေကြပြီ ဖြစ်သည်။

“အရှင်မင်းကြီး... ဆရာတော် ကျဲချန်က ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲ” ဟု အမတ်ကြီးတစ်ဦးက ပြုံးလျက် မေးသည်။

မဟာဖုန်းဧကရာဇ်က လက်မထောင်ပြလိုက်ရင်း - “ဆရာတော် ကျဲချန်က တကယ်ကို သန်မာလွန်းတယ်၊ ဒီလောက် ကြောက်စရာကောင်းတဲ့ တိုက်ကွက်ကို လူသားခန္ဓာကိုယ်နဲ့ တားဆီးနိုင်ခဲ့တာပဲ၊ ဆရာတော် ရှိနေသရွေ့ မဟာဖုန်းအတွက် စိုးရိမ်စရာ မရှိတော့ဘူး”

“အရှင်မင်းကြီး... ပေးဆပ်လိုက်ရတဲ့ တန်ဖိုးက ထိုက်တန်ပါရဲ့လား”

မဟာဖုန်းဧကရာဇ်သည် သူပေးဆပ်လိုက်ရသော တန်ဖိုးကို တွေးမိကာ ပါးစပ် အနည်းငယ် တွန့်သွားသည်။ မဟာရှ၏ စစ်သည်များကို တားဆီးရန် ဗုဒ္ဓဂိုဏ်းမှ ကောင်းကင်အဆင့် ပညာရှင်ကို ဖိတ်ခေါ်ရန်အတွက် သူသည် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ရန်နှင့် ဗုဒ္ဓဘာသာ ပြန့်ပွားရေးအတွက် အစွမ်းကုန် ထောက်ပံ့ရန် သဘောတူခဲ့ရသည်။ ထို့အပြင် ငွေတေး ၅ သန်းကိုလည်း လှူဒါန်းခဲ့ရသည်။ ယခုကြည့်ရသည်မှာ ဈေးကြီးသော်လည်း ထိုက်တန်သည်ဟု ဆိုရပေမည်။

မြို့ရိုးအောက်တွင်မူ ဘုန်းကြီးအိုက အနည်းငယ် ပြုံးလျက် - “ အောမီထောဖော၊ ဒကာတော်မှာ နောက်ထပ် နှစ်ကွက် ကျန်ပါသေးတယ်”

“ကျုပ် သိတယ်!” ဓားအဖိုးအို၏ မျက်နှာမှာ အလွန်ပင် လေးနက်နေတော့သည်။

ခုနက ဓားချက်မှာ သူ၏ ခွန်အား ၉၀ ရာခိုင်နှုန်းကို သုံးထားခြင်း ဖြစ်သည်။ ထိုတိုက်ကွက်မှာ ကောင်းကင်အဆင့် တစ်ဦး၏ အစွမ်းရှိရာ အရင်က မဟာရွှယ်ဧကရာဇ်ပင်လျှင် ရှောင်ရုံသာ ရှောင်နိုင်ပြီး တည့်တည့် မရင်ဆိုင်ရဲခဲ့ချေ။ သို့သော် သူ၏ရှေ့မှ ဘုန်းကြီးအိုကြီးမှာမူ တည့်တည့်ရင်ဆိုင်ခဲ့ပြီး ဘာမှပင် မဖြစ်ခဲ့ချေ။

ဤဘုန်းကြီးအိုမှာ မဟာရွှယ်ဧကရာဇ်ထက်ပင် အများကြီး ပို၍ အစွမ်းထက်နေလေသည်။

All Chapters