← Chapters

အခန်း (၂၇၄)

Vol. 25 Ch. 274

အခန်း (၂၇၄)

Vol. 25 Ch. 274

ဓားအဖိုးအိုသည် သူ၏နတ်ဓားကို ဓားအိမ်ထဲပြန်ထည့်ကာ နောက်သို့ လှည့်ထွက်လာခဲ့သည်။

မဟာရှမှ စစ်သူကြီးများနှင့် သိုင်းပညာရှင်အသီးသီးမှာ အလွန်ပင် စိတ်လှုပ်ရှားနေကြပြီး -

“ ဓားအဖိုးအို ... ခင်ဗျားနိုင်ပြီပဲ၊ ခင်ဗျား ကောင်းကင်အဆင့် တစ်ယောက်ကို အနိုင်ယူလိုက်တာပဲ”

“ဒါကို ဘယ်လိုလုပ်လိုက်တာလဲ”

“ကျွန်တော်တို့ကို နည်းနည်းလောက် ပြောပြပါဦး”

လူတိုင်း၏ ချီးကျူးစကားများကို ဓားအဖိုးအိုက ပြုံးရုံသာ ပြုံးပြပြီး ဘာမှပြန်မပြောဘဲ နှုတ်ဆိတ်နေခဲ့သည်။

သူ၏ ကိုယ်ပိုင်အစွမ်းကို သူကိုယ်တိုင် မသိဘဲ နေပါ့မလား။ ထိုဘုန်းကြီးအိုကြီးမှာ ကောင်းကင်အဆင့်သို့ ရောက်ရှိနေရုံသာမက ရွှေခေါင်းလောင်းအတတ်ကိုလည်း အဆင့် ၁၁ အထိ ကျင့်ကြံထားသူ ဖြစ်သည်။ သူ၏ ခုခံကာကွယ်မှုမှာ အနှိုင်းမဲ့ပြီး မည်သည့်အရာမှ မဖောက်နိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ မိမိသာ ကောင်းကင်အဆင့်သို့ မတက်လှမ်းနိုင်သေးသရွေ့ တစ်ဖက်လူကို ဒဏ်ရာရအောင် လုပ်နိုင်စွမ်း လုံးဝ မရှိနိုင်ပေ။ ရှေ့က တိုက်ကွက်နှစ်ကွက်မှာ ထိုအချက်ကို သက်သေပြနေပြီးသား ဖြစ်သည်။

အစွမ်းထက်လှသော ကောင်းကင်အဆင့် စီနီယာကြီး တစ်ဦးက သူ့ကို တိတ်တဆိတ် ကူညီပေးလိုက်သည်ဟု သူ သံသယဝင်မိသည်။ ထိုသူမှာ မည်သူဖြစ်သည်ကိုမူ သူ လုံးဝမသိရချေ။ တစ်ဖက်လူမှာ လူကိုယ်တိုင် ထွက်မလာသည်ကို ကြည့်ခြင်းအားဖြင့် ပြင်ပလူများကို မသိစေချင်သည်မှာ သိသာလှသည်။ ထို့ကြောင့်လည်း ဓားအဖိုးအိုသည် နှုတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်သည်။ မည်သို့ပင်ဆိုစေ ဤကိစ္စမှာ မဟာရှအတွက် အကျိုးရှိသည် မဟုတ်ပါလော။

ဓားအဖိုးအို၏ တည်ငြိမ်လှသော အမူအရာကို ကြည့်ပြီး လူတိုင်းကလည်း ထွေထွေထူးထူး မတွေးခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ပုံမှန်စရိုက်မှာလည်း ထိုသို့ပင် ဖြစ်သောကြောင့်ပင် ဖြစ်သည်။

ထို့နောက် စစ်သူကြီးသုံးဦးဖြစ်သော ကောင်းကင်၊ မြေပြင်နှင့် လူသားစစ်သူကြီးတို့သည် သူတို့၏ စစ်တပ်များကို ဦးဆောင်ကာ မြို့တော်ထဲသို့ ဝင်ရောက် စီးနင်းကြတော့သည်။ မဟာဖုန်းဘက်မှလည်း လုံးဝ ပြန်လည် မတိုက်ခိုက်တော့ဘဲ မြို့တံခါးများကို အကျယ်ကြီး ဖွင့်ပေးခဲ့သည်။ သူတို့၏ တစ်ခုတည်းသော တောင်းဆိုချက်မှာ မြို့နေ ပြည်သူများ၊ အထူးသဖြင့် တော်ဝင်မိသားစုနှင့် အမတ်မင်းများကို အသက်ဘေးမှ ချမ်းသာပေးရန်ပင် ဖြစ်သည်။ မဟာရှဘက်မှလည်း တွေဝေမနေဘဲ ချက်ချင်းပင် သဘောတူလိုက်သည်။

သူတို့ကို ဘာကြောင့် သတ်နေရမှာလဲ။ စည်းစိမ်ဥစ္စာတွေ ရှာဖွေဖို့ကသာ အဓိက ရည်ရွယ်ချက် မဟုတ်ပါလော။

ထို့ကြောင့် သူတို့သည် မြို့ထဲသို့ ဝင်ရောက်ကာ ရွှေ၊ ငွေ၊ ရတနာများနှင့် ရိက္ခာ အားလုံးကို သိမ်းကျုံးကာ ယူငင်ပြီးနောက် လှည်းများပေါ်သို့ တင်ကာ မဟာရှသို့ ပြန်လည် သယ်ဆောင်သွားကြတော့သည်။ မဟာဖုန်း တော်ဝင်မိသားစုနှင့် အမတ်များမှာမူ ဘာမှမတတ်နိုင်ဘဲ နာကျင်စွာဖြင့်သာ ထိုင်ကြည့်နေကြရသည်။

မဟာဖုန်းဧကရာဇ်မှာ သူ၏ နိုင်ငံတော် ဘဏ္ဍာတိုက်နှင့် ကိုယ်ပိုင် ဘဏ္ဍာတိုက်ကြီး ပြောင်သလင်းခါသွားသည်ကို မြင်လိုက်ရပြီးနောက် ဒေါသထွက်လွန်းသဖြင့် မေ့လဲသွားခဲ့သည်ဟု ဆိုကြသည်။

ဤသတင်းမှာ တစ်ကမ္ဘာလုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွားပြီး လူတိုင်းက မဟာဖုန်းအပေါ် သနားစိတ် ဝင်သွားကြသည်။

“မဟာဖုန်းက သနားစရာပဲ။ ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက်ကို သုံးခဲ့တာတောင် ဘာမှမထူးဘူး”

“မြို့တော်ထဲက ရွှေ၊ ငွေ၊ ရတနာနဲ့ ရိက္ခာတွေ အကုန် လုယက်ခံလိုက်ရတာ ဆိုပဲ။ မဟာဖုန်းကတော့ တစ်ညတည်းနဲ့ ဆင်းရဲသွားပြီ”

“ဒါက တော်သေးတာပေါ့။ အနည်းဆုံးတော့ အသက်ရှင်ခွင့် ရကြသေးတယ်”

“မဟာရှ နိုင်ငံကိုတော့ တကယ်ကို သွားပြီး မစမိဖို့ လိုပြီ။ မဟုတ်ရင် မဟာဖုန်းရဲ့ ဒီနေ့က ငါတို့ရဲ့ မနက်ဖြန် ဖြစ်သွားလိမ့်မယ်”

“မဟာဖုန်းဧကရာဇ်ကတော့ နောင်တတွေ ရနေလောက်ပြီ”

ဤသတင်းကို ကြားသောအခါ မိစ္ဆာဂိုဏ်း၏ ခေါင်းဆောင် ‘ဇီလျိုလီ’ သည် မရယ်ဘဲ မနေနိုင်တော့ပေ။

“ဒါဟာ ‘မဟာကောင်းကင်အဆင့်’ တစ်ယောက်ကို ဆန့်ကျင်ရင် ဖြစ်တတ်တဲ့ အကျိုးဆက်ပဲ။ မင်းတို့ ဗုဒ္ဓဂိုဏ်းက ဘုန်းကြီးတွေက ကျောင်းထဲမှာပဲ နေပြီး ဘုရားစာရွတ်နေရမှာကို မဟာရှကိစ္စတွေမှာ သွားရှုပ်တော့ အခုတော့ အကြီးအကျယ် ရှုံးပြီ မဟုတ်လား။ ဟားဟား...”

ဖြစ်ပျက်ခဲ့သည့် အခြေအနေအရ ထို ‘မဟာကောင်းကင်အဆင့်’ ပုဂ္ဂိုလ်ကြီး ကိုယ်တိုင် ကူလိုက်ခြင်း ဖြစ်ရမည်ဟု သူမ ခန့်မှန်းလိုက်သည်။ ထိုပုဂ္ဂိုလ်ကြီးသာလျှင် မဟာရှကို ကူညီလိမ့်မည် ဖြစ်သည်။ ရွှေခေါင်းလောင်းအတတ် အဆင့် ၁၁ ရောက်နေသည့် ဆရာတော် ကျဲချန်ကို လွယ်လွယ်ကူကူ ဒဏ်ရာရအောင် လုပ်နိုင်သူမှာလည်း ထိုသူသာ ရှိပေလိမ့်မည်။

“အဲဒီ စီနီယာကြီးကသာ နည်းနည်း ပိုရက်စက်ပြီး သူ့ကို သတ်ပစ်လိုက်ရင် ငါတို့ မိစ္ဆာဂိုဏ်းအတွက် ရန်သူတစ်ယောက် လျော့သွားမှာပဲ”

ဇီလျိုလီက နှမြောတသစွာ တွေးမိသော်လည်း ၎င်းမှာ မဖြစ်နိုင်ကြောင်း သူမ သိနေသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဂိုဏ်း၏ နောက်ကွယ်တွင်လည်း ‘မဟာကောင်းကင်အဆင့်’ ပုဂ္ဂိုလ်ကြီး တစ်ပါး ရှိနေသောကြောင့် ဖြစ်သည်။ အကယ်၍ ဗုဒ္ဓဂိုဏ်းမှ အရေးပါသော ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦး သေဆုံးသွားပါက ထိုပုဂ္ဂိုလ်ကြီးကို တရားထိုင်ရာမှ ထွက်လာအောင် ဆွပေးသလို ဖြစ်သွားပေလိမ့်မည်။

အကယ်၍ ‘မဟာကောင်းကင်အဆင့်’ သိုင်းပညာရှင်နှစ်ဦး တိုက်ခိုက်ကြမည်ဆိုပါက လောကကြီး၏ ဟန်ချက်ကို တိုက်ရိုက် သက်ရောက်မှုရှိပြီး အခြေအနေများမှာ အလွန်ပင် ဆိုးရွားသွားပေလိမ့်မည်။ ထို့ကြောင့်လည်း ထိုစီနီယာကြီးက ကျဲချန်ကို သင်ခန်းစာပေးရုံနှင့် သတိပေးရုံသာ ဒဏ်ရာရအောင် လုပ်ခဲ့ခြင်း ဖြစ်သည်။

“ကံကောင်းတာက ငါတို့ မိစ္ဆာဂိုဏ်းက အဲဒီစီနီယာကြီးကို သိနေပြီး မဟာရှနဲ့လည်း ကြိုတင်ပြီး မိတ်ဆွေဖွဲ့ထားလို့ပဲ”

ဇီလျိုလီက ဂုဏ်ယူစွာ တွေးလိုက်သည်။ အကယ်၍ ထိုစီနီယာကြီး၏ ချစ်ကြည်ရင်းနှီးမှုကို ရရှိမည်ဆိုပါက မိစ္ဆာဂိုဏ်းသည် တာအိုဂိုဏ်းနှင့် ဗုဒ္ဓဘာသာဂိုဏ်းတို့ကိုပါ လွှမ်းမိုးနိုင်မည့် အခွင့်အရေး ရနိုင်ပေလိမ့်မည်။

ထိုအချိန်တွင် ဇီလျိုလီက “ယောင်ယောင်” ဟု ခေါ်လိုက်သည်။

ယောင်ယောင်က အလောတကြီး ပြေးလာပြီး - “ဆရာ... ဘာကိစ္စရှိလို့လဲ”

“ယောင်ယောင်... နင် ခုနက ဘာလုပ်နေတာလဲ” ဟု ဇီလျိုလီက မေးလိုက်သည်။

“ဆရာကလည်း... ကျင့်စဉ်ကျင့်နေတာပေါ့။ မိစ္ဆာဂိုဏ်းရဲ့ သူတော်စင်မ ဖြစ်ပြီးမှ သိုင်းပညာမှာ ညံ့နေရင် အရှက်ကွဲမှာပေါ့”

ယောင်ယောင်မှာ သူမ၏ဆရာမက ဤသို့သော အပေါစား မေးခွန်းမျိုး ဘာကြောင့် မေးသလဲဆိုသည်ကို ထူးဆန်းနေမိသည်။ သူမ ဤနေရာသို့ လာတိုင်း ကျင့်စဉ်ကျင့်နေကျ မဟုတ်ပါလော။

“ကျင့်စဉ်ကျင့်နေတာလား... အမ်.. ကောင်းပါတယ်”

ဇီလျိုလီက ခေါင်းညိတ်လိုက်ပြီး - “ဒါပေမဲ့ တခြားနေရာတွေမှာလည်း သွားကျင့်လို့ ရတာပဲလေ။ ဒီတစ်နေရာတည်းမှာပဲ အောင်းမနေနဲ့။ ဥပမာ - မဟာရှကို သွားပြီး အဲဒီမှာ ကျင့်စဉ်သွားကျင့်ရင်ကော၊ အရှင်မင်းကြီးနဲ့လည်း ပိုပြီး ထိတွေ့ဆက်ဆံပေါ့။ အတူတူ အချိန်ကုန်မှပဲ နင်တို့ လူငယ်နှစ်ယောက်ကြားက သံယောဇဉ်က ပိုခိုင်မြဲမှာလေ”

“အမ်... ကျွန်မက သူ့အပေါ် သံယောဇဉ် ထားရမှာလား” ယောင်ယောင်မှာ နားမလည်နိုင်အောင် ဖြစ်သွားရသည်။

သူမ၏ ဆရာ ပြောင်းလဲသွားပြီဟု သူမ ခံစားလိုက်ရသည်။ ဆရာက အောင်သွယ်တော်ကြီး ဖြစ်နေသည့်အလားပင်။

……

မဟာဖုန်းမြို့တော်ကို သိမ်းပိုက်ပြီးနောက် မဟာရှစစ်တပ်သည် မြောက်ဘက်သို့ ဆက်လက်ချီတက်ကာ မြို့များစွာကို သိမ်းပိုက်ပြီး နယ်မြေများကို ချဲ့ထွင်ခဲ့ကြသည်။ သူတို့က ထင်ထင်မြင်မြင်တွင် လုယက်နေချိန်၌ လင်းပိုင်ဖန်ကမူ အမှောင်တွင် ခိုးယူနေသည်။ အရင်းအမြစ်များနှင့် မြေဆီလွှာ ကောင်းမွန်သော မြေဆီလွှာတွေအားလုံးကို သိမ်းကျုံးကာ မဟာရှသို့ သယ်ဆောင်သွားခဲ့သည်။

သူတို့သည် မဟာဖုန်းတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးနောက်တွင် ‘အင်ပါယာ မြေပုံ’သည်လည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

……

အင်ပါယာ မြေပုံ (အလယ်အလတ်အဆင့်)

နယ်မြေအကျယ်အဝန်း - ၁၁.၅ သန်း စတုရန်းလီ (စိုက်ပျိုးနိုင်သောမြေ ၅ သန်း စတုရန်းလီ)

ပြည်တွင်း အရင်းအမြစ် - ငွေတေး ၁.၄၅ ဘီလီယံ (ရွှေတွင်း ၅ ခု၊ ငွေတွင်း ၈ ခု၊ ကြေးတွင်း ၁၂ ခု၊ သံတွင်း ၁၈ ခု...)

လူဦးရေ - ၅၂ သန်း ( လူချမ်းသာ ၁%၊ လူလတ်တန်းစား ၃၅%၊ ဆင်းရဲသား ၆၄%)

စစ်အင်အား - ၂.၄ သန်း ( ချီဖွဲ့တည်ခြင်းအဆင့် ၂၀၊ ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့် ၆၅၀၀...)

နိုင်ငံတော်၏ စုစုပေါင်း အင်အား - ၇၅၀၀ ( မင်းဆက်နိုငံတစ်ခု အဆင့်နီးပါး)

……

နယ်မြေအကျယ်အဝန်းမှာ ၃ သန်း စတုရန်းလီ တိုးလာပြီး စိုက်ပျိုးနိုင်သော မြေမှာ ၁.၅ သန်း စတုရန်းလီ တိုးလာခဲ့သည်။ အရင်းအမြစ်များတွင်မူ ငွေတေး သန်း ၄၀၀ ကျော် တိုးလာခဲ့ရာ ၅၀ ရာခိုင်နှုန်းနီးပါး တိုးတက်လာခြင်း ဖြစ်သည်။ အခြားကဏ္ဍများတွင်မူ ထွေထွေထူးထူး ပြောင်းလဲမှု မရှိပေ။ ဤအရင်းအမြစ် တိုးတက်မှု နှစ်ခုကြောင့်ပင် နိုင်ငံတော်အင်အားမှာ အမှတ် ၁၀၀၀ နီးပါး တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

“ဒင်! ကစားသမား၏ နိုင်ငံတော်အင်အား တိုးတက်လာသည့်အတွက် သင်၏ ခွန်အားမှာလည်း တစ်ပြိုင်နက်တည်း တိုးတက်လာခဲပြီ ဖြစ်သည်။ ‘ယင်အမှောင် နတ်ဓား ၁၂ လက်’ သိုင်းပညာကို ဆုလာဘ်အဖြစ် ရရှိခဲ့သည်”

“ဒဏ္ဍာရီများအရ ဓားပညာ၏ အသိညဏ်အားလုံးကို စုစည်းထားသော ဓားနယ်ပယ်တစ်ခု ရှိသည်။ သို့သော် ဓားများတွင် အကောင်းနှင့် အဆိုး ခွဲခြားထားပြီး ထိုလောကအတွင်းရှိ စွမ်းအားများတွင်လည်း အကောင်းနှင့် အဆိုး ရှိနေသည်။ ထိုအထဲမှ ဓားကန်တစ်ခုသည် မကောင်းသော စိတ်ကူးစိတ်သန်း အားလုံးကို စုစည်းကာ အကြောက်စရာအကောင်းဆုံး ‘ယင်အမှောင် နတ်ဓား ၁၂ လက်’ သိုင်းပညာကို မွေးဖွားပေးခဲ့သည်”

“ဒါဟာ ဒီလောကမှ မဟုတ်သော ‘ယင်အမှောင် နတ်ဓား ၁၂ လက်’ သိုင်းပညာ၏ မူလအစပင် ဖြစ်သည်”

လင်းပိုင်ဖန်သည် ထိုဓားပညာကို လျင်မြန်စွာ စုပ်ယူလိုက်သည်။ ဤဓားအတတ်မှာ ကြောက်စရာ ကောင်းရုံသာမက အလွန်ပင် အစွမ်းထက်လှပြီး သူ အရင်က သင်ယူခဲ့ဖူးသော မည်သည့် ဓားသိုင်းပညာထက်မဆို အပြတ်အသတ် သာလွန်နေသည်။ ၎င်းမှာ လောကတွင် အဆိုးယုတ်ဆုံးသော ဓားသိုင်းပညာပင် ဖြစ်ပေလိမ့်မည်။

အကယ်၍ ဤသိုင်းပညာသည်သာ အခြားသူများ၏ လက်ထဲသို့ ရောက်သွားပါက မိစ္ဆာဝင်ပူးကာ အတောမသတ်နိုင်သည့် သတ်ဖြတ်မှုများ ပြုလုပ်ပြီး ဘေးဒုက္ခကြီးများ ဆောင်ကြဉ်းလာပေလိမ့်မည်။ ကံကောင်းသည်မှာ သူသည် ‘မဟာကောင်းကင်အဆင့်’ သိုင်းပညာရှင် ဖြစ်နေပြီ ဖြစ်သောကြောင့် ဤဓားသိုင်းကို ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့သည်။

“ဒီတစ်ခါ ရိတ်သိမ်းမှုက မဆိုးဘူးပဲ” လင်းပိုင်ဖန်က ပြုံးကာ ဆိုလိုက်သည်။

……

တစ်လခွဲခန့် ကြာပြီးနောက် မဟာရှစစ်တပ်သည် မဟာဖုန်းကို တိုက်ခိုက်ရာမှ ပြန်လည် ရောက်ရှိလာခဲ့သည်။

လင်းပိုင်ဖန်သည် ပါဝင်ခဲ့သူ အားလုံးကို သူတို့၏ စွမ်းဆောင်ရည်အလိုက် ဆုလာဘ်များ ချီးမြှင့်ခဲ့ရာ လူတိုင်းမှာ ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ဧကရာဇ်မင်းမြတ်ကို ကျေးဇူးတင်ကြတော့သည်။

ရွှေ၊ ငွေ၊ ရတနာများ ပြည့်နှက်နေသော ဘဏ္ဍာတိုက်နှင့် ဆန်ရေစပါးများ ပြည့်လျှံနေသော စပါးကျီများကို ကြည့်ကာ လင်းပိုင်ဖန်က ဟီရှန်းကို ပြုံးလျက် ပြောလိုက်သည် - “အမတ်မင်း... အရင်က ဆန်ရိက္ခာအတွက် စိတ်ပူနေတာ အခုတော့ ပြန်ပြည့်သွားပြီ မဟုတ်လား”

“အရှင်မင်းကြီး မိန့်ကြားခဲ့တာ အလွန်ကို မှန်ကန်ပါတယ်” ဟီရှန်းက ရယ်မောကာ ပြန်လျှောက်တင်လိုက်သည်။

မဟာဖုန်းကို လုယက်ခဲ့ခြင်းကြောင့် မဟာရှသည် တစ်နိုင်ငံလုံးကို ကျွေးမွေးရန် လုံလောက်သော ရိက္ခာများကို ရရှိခဲ့သည်။ ထို့ကြောင့် ဘဏ္ဍာရေးဌာန အမတ်ကြီးအဖြစ် သူ၏ အလုပ်မှာ များစွာ ပို၍ လွယ်ကူသွားခဲ့သည်

“အခု ငါတို့မှာ မြေနေရာ၊ လူဦးရေ၊ အရင်းအမြစ်နဲ့ ရိက္ခာတွေ အားလုံး ရှိနေပြီ။ ဒါကြောင့် နောက်ထပ် လုပ်ရမှာက ပြည်တွင်း စီးပွားရေးကို အားတက်သရော ဖွံ့ဖြိုးအောင်လုပ်ပြီး ငါတို့နိုင်ငံကို အင်အား တောင့်တင်းအောင်နဲ့ ပြည်သူတွေ မြန်မြန် ချမ်းသာလာအောင် လုပ်ဖို့ပဲ”

ထို့နောက်တွင် လင်းပိုင်ဖန်သည် လုပ်ငန်းဆောင်တာများကို စနစ်တကျ အမိန့် ထုတ်ပြန်ခဲ့သည်။

All Chapters