အခန်း (၄၅၁-၄၅၃)
Vol. 31 Ch. 451-453
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၅၁)
"ကျိ ကျွိကျွိ"
ဇာမဏီခေါင်းပေါ်မှာ ရှိနေသော ဖီးနစ်ပေါက်ကလည်း အတောင်ပံလေးနှစ်ဖက်ကို ဖြန့်ကာဖြန့်ကာနဲ့ ဇာမဏီငှက်ပုံစံအတိုင်း အတုခိုးကာ ဘာအဓိပ္ပါယ်ရမှန်းမသိသော အသံပြုလိုက်ပါတယ်။
ချစ်စဖွယ်ငတုံး လူသတ်နတ်က မျက်ခုံးတစ်ချက်ပင့်လိုက်ကာ ဇာမဏီနဲ့ဖီးနစ်ပေါက်တို့အား စိုက်ကြည့်လိုက်သည်။
"ငှက်စုတ် အဲ့လိုဆိုရင်တော့ မင်းကို ငါကင်စားပစ်မှာပဲ"
"ယုံယုံမယုံယုံ မင်းကို ငါအရင် ကင်ပစ်လိုက်လို့ရတယ်"လို့ ဇာမဏီက ပြန်ပြောလိုက်ပါတယ်။
ကလေးဆန်လွန်းသော ချစ်စဖွယ်ငတုံးနှစ်ကောင်ကို ကြည့်လိုက်ပြီး ရှန်ယန်ရှောင် ခေါင်းကိုက်သွားပါတယ်။
"ဇာမဏီ ပြဿနာရှာမနေနဲ့တော့ ပြန်ဖို့အတွက် ငါတို့ကိုစောင့်ဦး"
ဇာမဏီငှက်က မျက်နှာတစ်ချက်မဲ့လိုက်ပြီးနောက် ဘာမှထပ်မပြောတော့ပါဘူး။
ရှန်ယန်ရှောင်က သွားတော့မှာလို့ ပြောတာကိုကြားလိုက်ရတဲ့ ကောင်ချောလေးက မိခင်ဆီကနေ ခွဲခံလိုက်ရတဲ့ အကောင်ပေါက်လေးကဲ့သို့ ထိတ်ထိတ်ပြာပြာဖြစ်သွားပါတယ်။
"မမက ကျနော့်ကို မလိုချင်တော့ဘူးလား..."
မျက်ရည်တွေဝဲနေသော မျက်ဝန်းများနဲ့ ရှန်ယန်ရှောင်ကို ကြည့်လိုက်ပြီး ရှိုက်ကြီးတငင်ပြောလိုက်ပါတယ်။
ရှန်ယန်ရှောင် စိတ်ပျက်လက်ပျက်နဲ့ နဖူးကိုပွတ်လိုက်ပါတယ်။
"ငါနဲ့လိုက်ခဲ့လို့ရတယ် ဒါပေမယ့် ဘာပြဿနာမှတော့ မလုပ်ရဘူးနော်"လို့ ပြောလိုက်ပါတယ်။
မနေ့ညတုန်းက သူမနဲ့ဦးလေးကျူတို့နှစ်ယောက် ဒီလူသတ်နတ်ဘုရားလေးအကြောင်းကို ပြောဖြစ်ခဲ့ကြပါတယ်။ ဒီလူသတ်နတ်ဘုရားလေးရဲ့ မူလအမည်က လန်ဖန်းလီလို့ခေါ်ပါတယ်။ အခုဖြစ်နေတဲ့ အတိတ်မေ့ရောဂါက ယာယီပဲလား မပျောက်တော့ဘူးလားဆိုတာကိုတော့ သူတို့မသိတာကြောင့် သူ့ကို ရွာသားတွေနဲ့ထားလို့ မဖြစ်ပါဘူး။ သူအတိတ်မေ့ရာကနေ ပြန်ကောင်းသွားရင် ရွာသားတစ်ယောက်မှ သူ့လက်ကနေ လွတ်စရာအကြောင်းမရှိလို့ဖြစ်ပါတယ်။ ရွာမှာထားခဲ့ပြန်ရင်လည်း နေမင်းသင်္ချိုင်းကလူတွေ ပြန်လာခေါ်သွားပြီး အတိတ်မေ့ရောဂါကို ပြန်ကုပေးလိုက်ရင် လူသတ်နတ်ဘုရားပြန်ဖြစ်သွားကာ နေရာတိုင်းမှာ လူသတ်ပွဲတွေဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် အကြာကြီး ဆွေးနွေးပြီးတဲ့နောက် သူမနဲ့ခေါ်ထားဖို့သာ ဆုံးဖြတ်လိုက်ကြပါတယ်။ လန်ဖန်းလီသတိပြန်ကောင်းသွားရင်တောင် ဇာမဏီငှက်နဲ့ရှူတို့ ရှိတာကြောင့် သူမအတွက် ဘာအန္တရာယ်မှ မရှိနိုင်ပါဘူး
ရှန်ယန်ရှောင်က သူ့ကိုခေါ်သွားမယ်လို့ သိလိုက်ရတော့ လူသတ်နတ်ဘုရားက ချက်ခြင်းပြုံးသွားကာ မျက်ရည်မခြောက်သေးတဲ့ မျက်လုံးတွေနဲ့သူက ရှန်ယန်ရှောင်လက်ကို ဆွဲကိုင်ထားပါတယ်။
"မမ ကျနော့်ကို ထားမသွားပါနဲ့နော် ကျနော် မမစကားကို တစ်လုံးမကျန်နားထောင်ပါ့မယ် မမစိတ်မပူရအောင် လိမ်လိမ်မာမာနေပြီး မမကိုလည်း ဒုက္ခမပေးဘဲနေပါ့မယ်။ မမက ကျနော့်ကို လုပ်ခိုင်းတာမှန်သမျှကို ကျနော်လုပ်ပါ့မယ် မမပြောသမျှကို ကျနော်နားထောင်ပါ့မယ်"
သူက ချစ်စဖွယ်ကောင်းသောအသံ ငိုသံတို့နဲ့အတူ လိုက်နာမယ့်အသံတို့ဖြင့် ပြောလိုက်ခြင်းဖြစ်ပါသည်။ မာကျောတဲ့နှလုံးသားပိုင်ရှင် ယောကျာ်းရင့်မာကြီးတစ်ယောက်တောင် အခုလို စိတ်ခံစားချက်တွေရောပြွမ်းနေသော ကတိပေးစကားကို ကြားမိသွားရင် ချက်ခြင်းစိတ်ပျော့သွားစေနိုင်ပါတယ်။
အားလုံးအဆင်သင့်ဖြစ်သောအခါဝယ် ဦးလေးကျူတို့ကို နှုတ်ဆက်လိုက်ပြီးနောက် ပြန်ရန်အသင့်ဖြစ်နေကြပါပြီ။ ရွာအပြင်ဖက်တွင် မူလအသွင်ပြန်လည်ယူထားသော မီးငှက်ကြီးတစ်ကောင်ကို ရွာသားတွေက တအံ့တသြဖြစ်ကာ ဝိုင်းကြည့်နေကြပါတယ်။ ရှန်ယန်ရှောင်က ဇာမဏီငှက်ပေါ်ကို ခုန်တက်လိုက်ပြီး ကောင်ချောလေးကို ဆွဲတင်ပေးရမလားလို့ စဉ်းစားနေချိန်မှာပဲ ကောင်ချောလေးက ငှက်တောင်တစ်ခုအလား ပေါ့ပါးသွက်လက်စွာဖြင့် ခုန်တက်လာပါတယ်။
အတိတ်မေ့သွားပြီး လူသတ်လိုစိတ်ပျောက်သွားရုံကလွဲရင် သူ့အစွမ်းအစတွေမှ မပျောက်သွားတာဆိုတော့လည်း ဒီလောက်ကတော့ ပါမွှားပေါ့လေ။
ဖီးနစ်ငှက်ပေါက်လေးကတော့ ရှန်ယန်ရှောင်ရင်ခွင်ထဲတိုးကာ ဇိမ်ကျမယ့်နေရာကိုရွေးကာ နေရာယူထားလိုက်ပါတယ်။ ဇာမဏီငှက်လည်း အတောင်ပံနှစ်ခုကို ဖြန့်လိုက်ကာ စတင်ပျံသန်းလိုက်ပါတယ်။
ဆယ်ရယ်ကျော်ကြာမြင့်ရမယ့် ခရီးလမ်းဟာ ဇာမဏီငှက်ရဲ့ အမြန်ဆုံးနှုန်းနဲ့ပျံသန်းမှုကြောင့် တစ်ရက်ခွဲသာကြာမြင့်ခဲ့သည်။ တော်ဝင်ရိုလန်ကျောင်းထဲကို ဇာမဏီငှက်တို့သုံးယောက်ကို ခေါ်သွားရင် ဇာတ်လမ်းရှုပ်နေမှာစိုးလို့ လောင်းကစားရုံကို သူမကိုယ်တိုင်လိုက်ပို့ပေးလိုက်ပါသည်။ ကောင်ချောလေးကတော့ မသာမယာနဲ့ကျန်ရစ်ခဲ့တာပေါ့။
သူမ ကျောင်းထဲရောက်တဲ့အခါမှာတော့ စိတ်ညစ်စရာသတင်းကို ရလိုက်ပါတယ်။ လူရွေးချယ်ပွဲက မနေ့ညကပြီးဆုံးသွားခဲ့ကာ ပြိုင်ပွဲအတွက် ပါဝင်တဲ့ကျောင်းသားတွေနည်းပြဆရာတွေက ပြိုင်ပွဲကြီးကျင်းပမယ့် နှင်းသက်လေမြို့တော်ကို ချီတက်သွားကြပါပြီတဲ့လေ။
ရှန်ယန်ရှောင်တစ်ယောက် အမြန်ဆုံးလာခဲ့တာတောင် မမီလိုက်လို့ နေရာမှာတင် သေပစ်ချင်စိတ်ဖြစ်သွားရသည်။ စိတ်ညစ်နေရင်းနဲ့ အတွေးတစ်ခုကို တွေးမိသွားပါတယ်။
လေးဌာနနဲ့ ဆေးပညာဌာနတွေမှာ ကိုယ်စားပြုကျောင်းသားရှိတာ ထားပါတော့ ဒါပေမယ့် ဆင့်ခေါ်သူဌာနကရော သူမနေရာမှာ အစားထိုးစရာ ကျောင်းသားမှမရှိတာကို။ မျှော်လင့်ချက်လေးကို ရင်ဝယ်ပိုက်ကာ ဆင့်ခေါ်သူဌာနစာကြည့်တိုက်ဆီသို့ ဒုန်းပြေးလိုက်ပါတယ်။ ရှန်ယန်ရှောင်ကို မြင်လိုက်တဲ့ ယန်းချီမျက်လုံးထဲမှာ ဘာလဲဟဆိုသောအကြည့်မျိုးဖြစ်နေပါတယ်။
"ချာတိတ်လေး ဘယ်ကနေလာတာလဲ။ ဆင့်ခေါ်သူဌာနထဲကို လူတစ်ကာဝင်လို့မရဘူးဆိုတာ မသိဘူးလားကွ"
ရှန်ယန်ရှောင် နည်းနည်းကြောင်ထွက်သွားပြီးမှ သူမ အလောတကြီးဖြစ်နေတာနဲ့ မျက်နှာဖုံးမပြောင်းရသေးတာကို သတိရသွားပါတယ်။
"ဆရာ ကျနော်ပါ"
"ရှန်ယန်ရှောင် ငါ့တပည့် မင်းလားဟ"လို့ ရင်းနှီးနေသောအသံကြောင့် ယန်းချီမတ်တပ်ထရပ်လိုက်ပါတယ်။
ရှန်ယန်ရှောင် ခေါင်းညိတ်ပြလိုက်သည်။
"မင်းကတော့လေ ဘယ်တွေသဝေထိုးနေတာလဲဟမ်။ မင်းဆရာက ဒီလောက်တောင်အသက်ကြီးနေပြီလေကွာ စိတ်ပူပန်မှုကို သိပ်ခံနိုင်ရည်မရှိတော့ဘူးဟ"
ရှန်ယန်ရှောင်က ခေါင်းကိုကုတ်ကာ ပြန်ပြောလိုက်ပါတယ်။
"ပြောရရင် အရှည်ကြီးပါ ဆရာရယ် ကျနော်ကျောင်းပြိုင်ပွဲကို ဝင်ပြိုင်လို့ရသေးလားဟင်"
"ရတာပေါ့ဟ ဘာလို့မရရမှာလဲ မင်းက အချိန်မီပြန်ရောက်လာတာပဲ"
"ဒါပေမယ့် တစ်ခြားလူတွေက နှင်းသက်လေမြို့ကိုသွားကြပြီမဟုတ်ဘူးလား"
"သူများကသူများ မင်းကမင်းလေ။ အဲ့ဘိုးတော်အိုးယန်ဟွမ်းယူက ဆင့်ခေါ်သူဌာနက ဝင်ပြိုင်မှာလားမပြိုင်ဘူးလားဆိုတာကို ဒီဆီကူးချည်သန်းချီလုပ်ပြီး မေးတာဆယ်ခါမကတော့ဘူး။ ငါကတော့ မထူးဇာတ်ခင်းပြီး မင်းပြိုင်မှာလို့ပဲ ဖြေလိုက်တာပဲ။ မနေ့ကလည်း တစ်ခေါက်ထပ်လာပြီးတော့ ဆင့်ခေါ်သူဌာနကိုယ်စားပြုဖြစ်တဲ့ မင်းကို ဘာလို့မတွေ့ရသေးတာလဲလို့ မေးခဲ့သေးတယ်။ ငါကတော့ ဆင်ခြေတစ်ခုရှာပေးလိုက်တာပဲ။ ပူမနေနဲ့ မင်းရောက်လာပြီဆိုမှတော့ ကျန်တာဘာမှ ပြဿနာမရှိတော့ဘူးရယ်။ ငါတို့ အခုပဲ နှင်းသက်လေမြို့ကိုသွားကြရင် ပြိုင်ပွဲကြီးကို မီနိုင်သေးတယ်"လို့ စိတ်လှုပ်ရှားစွာနဲ့ ယန်းချီကပြောလိုက်သည်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၅၂)
နှင်းသက်လေမြို့တော်....
နေပြည်တော်နဲ့မလှမ်းမကမ်းတွင် တည်ရှိကာ မြို့နယ်နိမိတ်က အလွန်ကျယ်ပြောလှပါတယ်။ နှင်းသက်လေမြို့ဟု အမည်တွင်သော်လည်း နာမည်နဲ့သက်ဆိုင်ခြင်း မရှိသလိုပါပဲ။ ဒီနေရာက လောင်းရွှမ်အင်ပါယာ၏ ဂုဏ်သိက္ခာအရှိဆုံး ဂုဏ်အယူရဆုံးတိုက်ခိုက်ရေးပွဲကျင်းပရာဖြစ်ပြီး ကြီးကြီးငယ်ငယ်သော ပြိုင်ပွဲတွေက မရေမတွက်နိုင်အောင် ရှိနေပါတယ်။
တိုက်ချင်ခိုက်ချင်တဲ့လူတွေက ဒီနေရာကို လာရပါလိမ့်မယ်။
လောင်းရွှမ်ပြည်ရဲ့ ကျောင်းပေါင်းစုံပြိုင်ပွဲတိုင်းကို ဒီမှာပဲ ကျင်းပပြုလုပ်ပါတယ်။
ပြိုင်ပွဲမကျင်းပခင် တစ်ရက်အလိုမှာတော့ တိုင်းပြည်အနှံ့က ကျောင်းတွေအကယ်ဒမီတွေက အဖွဲ့တွေအားလုံး တိုက်ခိုက်ရေးမြို့ကြီးထဲကို ရောက်နေကြပါပြီ။
တိုင်းပြည်အနာဂတ်ရဲ့ အသီးအပွင့်တွေအတွက်ကို လောင်းရွှမ်အင်ပါယာရဲ့ ဧကရာဇ်ကြီးက ငွေကိုရက်ရောစွာသုံးပေးထားပါတယ်။ နှင်းသက်လေမြို့ရဲ့ ထိပ်တန်းစားသောက်ဆိုင်အားလုံးနီးပါး ကျောင်းသားတွေအတွက် အပြတ်ငှားပေးထားပါတယ်။
လောင်းရွှမ်ပြည်အတွင်းမှာ တော်ဝင်ရိုလန်ကျောင်းရဲ့ အဆင့်ကအလွန်မြင့်ပါတယ်။ ပြီးခဲ့သောပြိုင်ပွဲတုန်းက တော်ဝင်ရိုလန်ကျောင်းဟာ ချီးကျူးဖွယ်စွမ်းရည်ကိုပြသခဲ့ကာ ပထမဆုအတော်များများကို တော်ဝင်ရိုလန်ကျောင်းကပဲ ဆွတ်ခူးထားခဲ့တာပါ။ ဒီတစ်ခေါက်မှာလည်း တော်ဝင်ရိုလန်ကျောင်းက လူအားလုံးရဲ့ ဂရုစိုက်မှုခံယူရရှိနေပါတယ်။
တော်ဝင်ရိုလန်ကျောင်းအုပ်ကြီးဖြစ်တဲ့ အိုးယန်ဟွမ်းယူလည်း နှင်းသက်လေမြို့ကို ရောက်ရှိနေပြီး ဌာနမှူးတွေနဲ့ အစည်းအဝေးလေးပြုလုပ်နေပါတယ်။
"ဒီနှစ်ပြိုင်ပွဲအတွက် ယုံကြည်မှုရှိကြသလား"လို့ ထိုင်ခုံမှာထိုင်နေတဲ့ အိုးယန်ဟွမ်းယူက ဌာနမှူးငါးဦးကို လှမ်းမေးလိုက်ပါတယ်။
မှော်ပညာဌာနမှူး၊ နတ်ဆရာဌာနမှူး၊ စစ်သူရဲဌာနမှူးနဲ့ဓားပညာဌာနမှူးတို့ကတော့ ဒီပြိုင်ပွဲအတွက် ယုံကြည်ချက်အပြည့်ရှိကြပါတယ်။
"ကြူရှီယာအခြေအနေက တော်တော်ကောင်းနေလို့ ဒီပြိုင်ပွဲမှာ တစ်ခြားကျောင်းတွေက မှော်ဆရာတွေက သူ့ကိုယှဉ်နိုင်စရာ မရှိပါဘူး"လို့ ယုံကြည်မှုအပြည့်ဖြစ်သော အပြုံးနဲ့အတူ မှော်ဌာနမှူးက ပြောလိုက်ပါသည်။
"ဟုတ်တယ် ကြူရှီယာရဲ့ မှော်ပညာအရည်အချင်းက တော်တော်ကောင်းတယ် ဒါပေမယ့် သူက တိုးနယားမျိုးနွယ်ကဖြစ်နေတယ် မဟုတ်ရင် ကျောင်းပြီးတာနဲ့ တော်ဝင်ရိုလန်ကျောင်းမှာ နည်းပြတစ်ယောက်အဖြစ် ဆက်နေရမှာ"လို့ အိုးယန်ဟွမ်းယူက သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
နတ်ဆရာဌာနမှူးကလည်း အားကျမခံ ဝင်ပြောလိုက်ပါတယ်။
"ယန်ယုလည်း တော်ပါတယ်။ ရွေးပွဲလုပ်တုန်းက ထိပ်သီးကျောင်းသားနှစ်ယောက်လုံး သူ့ကိုမယှဉ်နိုင်ကြဘူးလေ။ တော်ဝင်ရိုလန်ကျောင်းရဲ့ နတ်ဆရာဌာနအတွက် အောင်မြင်မှုကို သူလည်းယူဆောင်ပေးမယ်လို့ ကျနော်ယုံတယ်"
နတ်ဆရာဌာနမှူးရဲ့ စကားကို ခေါင်းညိတ်ပြကာ အိုးယန်ဟွမ်းယူ ထောက်ခံလိုက်ပါတယ်။ ဒါပေမယ့် တစ်ဦးချင်းတိုက်ခိုက်ယှဉ်ပြိုင်ရတဲ့ပွဲဖြစ်လို့ နတ်ဆရာတွေအနေနဲ့ အနိုင်ရနိုင်ခြေက သိပ်မမြင့်လှပါဘူး။
ဓားပညာဌာနမှူးကတော့ ဘာမှမပြောခဲ့ပါဘူး သူ့မျက်နှာအမူအယာကလည်း ဖော်ပြရခက်တဲ့အမူအယာဖြစ်နေပါတယ်။
လေးဌာနရဲ့ ဌာနမှူးဖြစ်တဲ့ ရှီးယွန်ဟာလည်း သိပ်တော့မျက်နှာမကောင်းလှပါဘူး။ သူ အရမ်းမျှော်လင့်ထားတဲ့ ရှန်ယန်ရှောင်ကပျောက်ဆုံးနေပြီး ဒီပြိုင်ပွဲကို မန်ယိဂျွန်ကပဲ ဌာနကိုယ်စားပြုကာပြိုင်မှာဖြစ်သည်။ မန်ယိဂျွန်ကလည်းပဲ တော်တဲ့သူတစ်ယောက်ဖြစ်ပေမယ့် ကောင်လေးအပေါ်မှာ သူပိုအားရပါတယ်။
ကံမကောင်းစွာနဲ့ပဲ....ဟင်း...
အားလုံးထဲမှာ ဆေးပညာဌာနရဲ့ ကိုယ်စားလှယ်နည်းပြဖြစ်သူ လောင်းဒီက မျက်နှာအပျက်ဆုံးဖြစ်ပါတယ်။
လေးဌာနကမှ မန်ယိဂျွန်ရှိသေးတယ် သူတို့ဆေးပညာဌာနကတော့ ဘာမှကိုမရှိဘူးလေ။ ရွေးချယ်ခံထားရတဲ့ ကျောင်းသားကလည်း ပြောပလောက်စရာမရှိသလို ဒီနေရာမှာရပ်နေရမယ့်လူက ပူလီစီဖြစ်ပေမယ့် မရှိတော့တဲ့အတွက် သူကလာရတာဖြစ်ပါတယ်။
"ကျောင်းအုပ် ဒီတစ်ခေါက်ပြိုင်ပွဲအတွက် ဌာနခုနှစ်ခုလုံးကို စာရင်းပေးထားတယ်လို့ ကျနော်ကြားထားတာ ဟုတ်လား"ဟု မှော်ပညာဌာနမှူးက မေးလိုက်ပါတယ်။
ဒီနေရာမှာ ဌာနခြောက်ခုလုံးရောက်နေပြီဖြစ်ကာ လိုတာဆိုလို့ ဆင့်ခေါ်သူဌာနတစ်ခုပဲ ကျန်တော့တာဖြစ်ပါတယ်။ တော်ဝင်ရိုလန်ကျောင်းမှာ ဆင့်ခေါ်သူဌာနရှိနေသေးပေမယ့် ကျောင်းသားမရှိတာ တော်တော်ကြာမြင့်နေပါပြီ။ ဒါကြောင့် အိုးယန်ဟွမ်းယူက ဆင့်ခေါ်သူဌာနကို ဝင်ပြိုင်ခိုင်းတာကို လူတွေနားမလည်နိုင်တာ အံ့သြစရာတော့ မရှိပါဘူး။
"အင်း"
"ဒါပေမယ့် ဆင့်ခေါ်သူဌာနကိုယ်စားလှယ်က အခုထိလည်း မလာသေးဘူး"လို့ ဌာနမှူးကပြောလိုက်သည်။
"ဒီကိစ္စက အရေးမကြီးပါဘူး။ နောက်ပြီးတော့ ငါတို့ကလွဲရင် ကျန်တဲ့ကျောင်းတွေက ဆင့်ခေါ်သူဌာနနဲ့ စာရင်းသွင်းထားတာလည်း မရှိဘူးဆိုတော့ ပြိုင်ပွဲရဲ့ ကနဦးအပိုင်းတွေကို ငါတို့ပါစရာမလိုဘူး နောက်ဆုံးအဆင့်မစခင် သူတို့ရောက်လာရင် ရပြီပဲ"လို့ အိုးယန်ဟွမ်းယူကပြောလိုက်သည်။
အားလုံးက အိုးယန်ဟွမ်းယူရဲ့စကားကို စောင့်ကြည့်ရတာပေါ့ဆိုသော အမူအယာဖြစ်သွားကြပါတယ်။ တော်ဝင်ရိုလန်ကျောင်းမှာ ဆင့်ခေါ်သူရှိမယ်လို့ ဘယ်သူမှမယုံကြပေမယ့် ကျောင်းအုပ်ရဲ့ လုပ်ကိုင်ပုံကို သူတို့တွေ အတွန့်တက်လို့ မသင့်လျော်ပါဘူး။
"မနက်ဖြန်က ရှုံးထွက်ပွဲစမှာဆိုတော့ ကျောင်းသားတွေကို ကောင်းကောင်းအနားယူပါစေ။ ကျုပ်တို့ကျောင်းရဲ့ နာမည်ကို မပျက်ပါစေနဲ့"လို့ပြောလိုက်ပြီး ဌာနမှူးတွေပြန်ဖို့ လက်ယမ်းပြလိုက်ပါတယ်။
အိုးယန်ဟွမ်းယူအခန်းကထွက်လာတဲ့ မှော်ပညာဌာနမှူး၊ နတ်ဆရာဌာနမှူးနဲ့စစ်သူရဲဌာနမှူးတို့က ပျော်ရွှင်တဲ့အရိပ်အယောင်တွေနဲ့ဖြစ်ပြီး ကျန်သုံးယောက်ကတော့ မျက်မှောင်ကြုတ်ကြီးတွေနဲ့ဖြစ်နေပါတယ်။
"ရှီးယွန် မင်းဌာနမှာက မန်ယိဂျွန်ဝင်ပြိုင်မှာကို ဘာလို့မျက်နှာငယ်ဖြစ်နေတာတုန်းဟ"လို့ လောင်းဒီက ပုပ်သိုးသိုးဖြစ်နေတဲ့ ရှီးယွန်ကိုကြည့်ကာပြောလိုက်သည်။
"မန်ယိဂျွန်...ဟင်း..တစ်ကယ်ဆို တစ်ခြားတစ်ယောက်ကို ဝင်ပြိုင်ခိုင်းဖို့ ငါတွေးထားတာဟ။ ကံမကောင်းတာက အဲ့ကလေးက လွန်ခဲ့တဲ့နှစ်လလောက်တည်းက အရိပ်တောင်မမြင်ရတော့တာပဲ မဟုတ်ရင် သူနဲ့မန်ယိဂျွန်ကို ယှဉ်ခိုင်းပြီး ဘယ်သူကပိုသာလဲဆိုတာ သိရပြီးကိုယ်စားပြုရွေးမလို့လေ"
လောင်းဒီ နည်းနည်းအံ့အားသင့်သွားပြီးနောက် ရှီးယွန်ပုခုံးကို ပုတ်ကာပြောလိုက်သည်။
"ငါတို့က တစ်ကယ့်ကို ဒုက္ခသည်တွေပဲကွာ။ ငါတို့ဌာနက ရှန်ဂျူလည်း ဘယ်ရောက်လို့ဘယ်ပေါက်နေမှန်း မသိတော့ သူ့နေရာမှာ အစားထိုးစရာ လောက်လောက်လားလားကို မရှိပါဘူး"
ဓားပညာဌာနမှူးက သူတို့နှစ်ယောက်အား တစ်ချက်ကြည့်လိုက်ပြီးနောက် စိတ်ရှုပ်နေသော အမူအယာနဲ့ လှည့်ထွက်သွားပါတော့တယ်။
"သူက ဘာဖြစ်နေတာလဲ...သူတို့ဌာနရဲ့ အရှင်သခင်လေးပြန်ရောက်လာတာကို သူ့အနေနဲ့ ဟိုဘိုးတော်သုံးယောက်လို ပျော်နေသင့်တာမဟုတ်လား"လို့ ဓားပညာဌာနမှူးရဲ့ အထီးကျန်ကျောပြင်ကိုကြည့်ပြီး လောင်းဒီပြောလိုက်သည်။
ရှီးယွန်က လည်ချောင်းရှင်းလိုက်ပြီးနောက် ပြန်ပြောလိုက်ပါတယ်။
"အဲ့လိုပြောမရဘူးဟ...အရှင်သခင်လေးက လူရွေးပွဲစဖို့ နောက်ဆုံးအချိန်ရောက်မှ ကပ်ပြန်လာပြီးတော့ ချေင်းရှူကို တော်တော်လေးရိုက်ပြီး အနိုင်ယူခဲ့တာ။ ဓားပညာဌာနမှူးက အရှင်သခင်လေးပြန်လာတဲ့အပေါ်ကို တော်တော်စိတ်ညစ်နေခဲ့တာလေ။ လူတွေက အရှင်သခင်လေးပြန်လာတဲ့အတွက် ပျော်မြူးနေကြပေမယ့် အရှင်သခင်လေးက ပထမရယူဖို့လာတာမဟုတ်ဘဲ အပျော်သက်သက်အတွက်ပြန်လာတာလို့ ငါကြားထားတယ်"
လောင်းဒီလည်း ဓားပညာဌာနမှူးရဲ့ စိတ်ခံစားချက်ကို နားလည်သွားဟန်နဲ့ ခေါင်းညိတ်လိုက်ပါတယ်။ အရှင်သခင်လေးက ချောင်းရှူထက် အများကြီးစွမ်းပေမယ့် ယှဉ်ပြိုင်လိုစိတ်မရှိပါဘူး။ ဒီပြိုင်ပွဲအတွက် အဓိကလူတစ်ယောက်ဖြစ်နေပေမယ့် အပျော်စိတ်သာရှိသူဖြစ်တာကြောင့် ချန်ပီယံဖြစ်ဖို့ဆိုတာက အခွင့်အရေးမရှိသလောက်ပါပဲ။ ဌာနမှူးဖြစ်သူ စိတ်ရှုပ်နေရာတာ အံ့သြစရာမရှိတော့ပါဘူးလေ။
"ဒါနဲ့လေ ဓားပညာဌာနက အရှင်သခင်လေးက ဘယ်သူလဲဟ။ ငါဖြင့် သူ့ကိုလမ်းမှာလည်း မတွေ့ခဲ့ရဘူး"လို့ လောင်းဒီက သိလိုက်စွာမေးလိုက်သည်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၅၃)
ရှီးယွန်က လောင်းဒီကိုကြည့်ကာ အနားတိုးဆိုတဲ့သဘောနဲ့ လက်ညှိုးကွေးပြလိုက်ပြီးနောက် နားနားကပ်ကာပြောလိုက်ပါတယ်။
လောင်းဒီရဲ့ မျက်နှာအမူအယာက ချက်ခြင်းဆိုသလို ဇဝေဇဝါဖြစ်နေရာကနေပြီး ထိတ်လန့်သောအသွင်ပြောင်းသွားပါတော့သည်။
"ဘယ်လိုလုပ်ပြီး သူဖြစ်နေတာတုန်း"
ဒီလောကကြီးက ဆန်းကြယ်မှုတွေအပြည့်ပါပဲလား...
"ဘာပဲပြောပြော သူက ငါတို့ကျောင်းသားမှမဟုတ်တာ သိပ်စဉ်းစားမနေပါနဲ့"
စကားအနည်းငယ်ပြောပြီးတဲ့နောက် နှစ်ဦးသား ကိုယ့်အခန်းကိုကိုယ်ပြန်လိုက်ကြပါတယ်။
ညအချိန်ရောက်တဲ့အခါမှာတော့ နှင်းသက်လေမြို့ထဲမှာ စည်ကားသိုက်မြိုက်နေပါတယ်။ မြို့ဝင်တံခါးမှာတော့ မြင်းလှည်းတစ်စီး အပြေးနှင်လာတာကို မြင်နေရပါတယ်။ လူကြီးတစ်ယောက်နဲ့ အငယ်သုံးယောက်ကတော့ မြင်းလှည်းထဲကနေ လိုက်ပါလာပါတယ်။
"ဆရာ ဒီနေရာလား"လို့ မြို့တံခါးမှာ ရေးထိုးထားသော နှင်းသက်လေမြို့ဆိုသော စာသားကိုကြည့်လိုက်ကာ ရှန်ယန်ရှောင် သက်မချလိုက်ပါတယ်။
ကံကောင်းလို့သာပေါ့ နှင်းသက်လေမြို့ဟာ တော်ဝင်ရိုလန်ကျောင်းနဲ့ အရမ်းကြီးဝေးမနေခဲ့ပါဘူး မဟုတ်ရင် သူမတို့နောက်ကျသွားနိုင်ပါတယ်။
"အင်း"လို့ ယန်းချီကပြောလိုက်ပါတယ်။
"မမ လူတွေအများကြီးပဲနော်"လို့ ရှန်ယန်ရှောင် အင်္ကျီစကိုကိုင်ထားသော လန်ဖန်းလီက မီးရောင်တွေနဲ့ လင်းနေသော လမ်းတွေကို ကြောက်နေသလိုလိုနဲ့ ပြောလိုက်ပါတယ်။
"မကြောက်ပါနဲ့ အားလုံးအဆင်ပြေပါတယ်"လို့ ရှန်ယန်ရှောင်က ပြောလိုက်ရင်း ဂွကျကျအတွေးတစ်ခု တွေးမိနေပါတယ်။
အစကတော့ အလုပ်တွေရှုပ်နေခဲ့တာကြောင့် သူမ မတွေးခဲ့မိပေမယ့် အခုပြန်တွေးလိုက်ရင် ရွာထဲမှာတုန်းက သူမရဲ့ အသွင်အပြင်ဟာ ယောကျာ်းလေးတစ်ယောက်လို ရုပ်ပြောင်းထားတာဖြစ်တာကို လန်ဖန်းလီက မမလို့ ဘာလို့ခေါ်ခဲ့တာလဲ။ သူမက သူ့အမျိုးတစ်ကယ်ဖြစ်နေရင်တောင် ကိုကိုလို့ပဲခေါ်ရမှာလေ။
"ဖန်းလေး ဘာလို့ငါ့ကို မမလို့ခေါ်တာလဲ"လို့ ရှန်ယန်ရှောင်က မေးလိုက်သည်။
လန်ဖန်းလီက ခေါင်းလေးကိုငဲ့လိုက်ကာ ဘာမှမသိတဲ့မျက်လုံးလေးတွေနဲ့ကြည့်ရင်း ဝေခွဲရခက်ဟန်နဲ့ပြောလိုက်ပါတယ်။
"မမကမမပဲလေ။ တစ်ခြားအကြောင်းမရှိပါဘူး"
"...."
ကောင်းလိုက်လေခြင်း မေးရတာအလကားပဲ။
ဒါပေမယ့် လန်ဖန်းလီနိုးလာလာခြင်း ငှက်နှစ်ကောင်ရှိတယ်လို့ ပြောခဲ့ပါသေးတယ် ဖီးနစ်ပေါက်လေးကို တစ်ကောင်လို့ မှတ်လိုက်ရင်တောင် ဇာမဏီငှက်က လူ့အသွင်ယူထားတာလေ ဘယ်လိုလုပ်ပြီး ငှက်ဖြစ်မှန်းသိတာလဲ။
ဒီသံသယမှတ်နှစ်ခုကို အဖြေရှာမရတာကြောင့် ရှန်ယန်ရှောင် ကြောင်တောင်တောင်ဖြစ်နေရပါတယ်။ ဒါက မျိုးနွယ်ကြီးခုနှစ်မျိုးကို ပေါင်းစည်းထားခြင်းရဲ့ အကျိုးကြောင့်များလား။ ရုပ်ဖျက်ရုပ်ပြောင်းအသွင်ယူတာတွေရဲ့ မူလပုံကို ထွင်းဖောက်မြင်နိုင်တာလေ။ အားလုံးက မှန်းဆချက်သက်သက်သာဖြစ်ပြီး သူမလည်း တစ်ထစ်ချမပြောနိုင်ပါဘူး။
"တော်ဝင်ရိုလန်ကျောင်းအဖွဲ့ကို သွားရှာမှာလား ဆရာ"လို့ ပြိုင်ပွဲဖက်ကိုပဲ အာရုံစိုက်တဲ့အနေနဲ့ မေးလိုက်ပါတယ်။
ယန်းချီခေါင်းရမ်းလိုက်သည်။
"မသွားဘူး..အိုးယန်ဟွမ်းယူရှေ့ကို လောလောဆယ်အတွင်း မသွားချင်သေးဘူး။ အဲ့ဒီမြေခွေးအိုကြီးက အခုတစ်လောစကားပြောရတာ အရမ်းအဆင်ပြေနေတာဆိုတော့ သူ တစ်ခုခုကြံနေတယ်လို့ ငါထင်တယ်"
ဆင့်ခေါ်သူတွေကို ကျောင်းပေါင်းစုံပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုခြင်းနဲ့ သူတို့ရဲ့နောက်ကျမှုကို ခဏခဏခွင့်ပြုလက်ခံပေးထားခြင်းတို့ဟာ အိုးယန်ဟွမ်းယူလုပ်တတ်တဲ့အရာမဟုတ်ပါဘူး။
ယန်းချီကို သူမတိတ်တိတ်ချီးကျူးလိုက်ပါတယ်။ ယန်းချီရဲ့ မသင်္ကာမှုက တိကျလွန်းပါတယ်။ ကျောင်းအုပ်ကြီးအခန်းထဲမှာ အနက်ရောင်ဝတ်နဲ့အိုးယန်ဟွမ်းယူတို့ ပြောပုံအရ သူမကြောင့် ဒီလောက်သဘောကောင်းနေပုံရပါတယ်။
မလိုအပ်ရင် သူမအနေနဲ့လည်း လူသိမခံချင်ပါဘူး။
"ဒါပေမယ့်..."
လူသိမခံချင်တာကတစ်ပိုင်းဖြစ်ပြီး အိုးယန်ဟွမ်းယူကို သူမတို့သွားမတွေ့ရင် ပြိုင်ပွဲကို ဘယ်လိုလုပ်ပြီး ဝင်ပြိုင်ရမှာလဲ။
"မပူပါနဲ့...ပြီးခဲ့တဲ့ကျောင်းပေါင်းစုံပြိုင်ပွဲတွေတုန်းက အမြဲတမ်းလိုလို ကျောင်းတိုင်းရဲ့ဌာနတွေက ဌာနတူအချင်းချင်း အရင်ပြိုင်ကြတာလေ။ မှော်ဆရာမှော်ဆရာချင်းပြိုင်၊ ဓားသမားအချင်းချင်းပြိုင်နဲ့ နောက်ဆုံး ပညာရပ်အသီးသီးက ချန်ပီယံတွေကပဲ နောက်ဆုံးအဆင့်မှာ ပြိုင်ကြမှာ။ အခုဆိုရင် လောင်းရွှမ်တစ်ပြည်လုံးမှာ တော်ဝင်ရိုလန်တစ်ကျောင်းပဲ ဆင့်ခေါ်သူဌာနရှိတာဆိုတော့ နောက်ဆုံးအဆင့်မရောက်မချင်း မင်းလူထွက်ပြစရာမလိုသေးလို့ ဘာမှစိုးရိမ်မနေနဲ့ ဟုတ်ပြီလား"လို့ ယန်းချီက ပြုံးစစနဲ့ပြောလိုက်ပါတယ်။
"အဲ့ဒါတစ်ကယ် အဆင်ပြေပါ့မလား"
ရှုံးထွက်ပွဲတွေကိုတောင် သူမဝင်ပြိုင်စရာမလိုဘဲ နောက်ဆုံးအဆင့်ကနေစောင့်ရမယ်ဆိုတော့ သူမရဲ့ ကံကောင်းမှုအတွက် ပျော်ရမလား ဒါမှမဟုတ်ဘဲ ဆင့်ခေါ်သူတွေရဲ့ အထီးကျန်ကံဆိုးခြင်းကိုပဲ ခံစားရမလားမသိတော့ပါဘူး။
"ဘာလို့မပြေရမှာလဲ...နောက်ဆုံးအဆင့်မရောက်ခင်မှာ တစ်ခြားပညာရပ်တွေရဲ့ ယှဉ်ပြိုင်မှုတွေကို ငါတို့သွားကြည့်ရင် မင်းလည်းအတွေ့အကြုံရတာပေါ့ အဲ့လိုဆိုရင် နောက်ဆုံးအဆင့်ရောက်ရင် မင်းလည်း သိပ်မပြာရတော့တာပေါ့"လို့ ယန်းချီကပြောလိုက်သည်။
တော်ဝင်ရိုလန်ကျောင်းအဖွဲ့ကို သွားမတွေ့တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက် လေးဦးသား မြို့ထဲမှာနေဖို့ နေရာလိုက်ရှာပါတော့တယ်။
ဒီကိုထွက်မလာခင်မှာ လန်းဖန်လီနဲ့ဇာမဏီငှက်တို့ ဖက်ကိုက်နေကြမှာစိုးတာနဲ့ သူမက ခေါ်လာခဲ့တာဖြစ်ပြီး ယန်းချီကတော့ ဒီချာတိတ်လေးနှစ်ယောက်ပေါ်လာတဲ့ကိစ္စအပေါ် သိပ်မပြောခဲ့ပါဘူး။
ကလေးတွေကို ထိန်းရတဲ့အလုပ်လို့သတ်မှတ်ထားပုံနဲ့ ရှန်ယန်ရှောင်နဲ့ကလေးနှစ်ယောက်ကို အတူခေါ်လာခွင့်ပေးခဲ့ပါတယ်။ သမိုင်းတစ်လျှောက် အကောင်းဆုံးဆရာပဲဖြစ်ပါလိမ့်မယ်။
လန်ဖန်းလီကတော့ ရှန်ယန်ရှောင်ရဲ့ အင်္ကျီစကိုသာ ဆွဲထားခဲ့ပါတယ်။ သူဟာ ရှန်ယန်ရှောင်နားကို အရမ်းမကပ်သလို ဝေးဝေးလည်းမနေချင်ပါဘူး။ ရှန်ယန်ရှောင်ရဲ့ တစ်ဖက်မှာရှိနေတဲ့ ဇာမဏီငှက်က မီးထွက်မတတ်မျက်လုံးတွေနဲ့ သူ့ကိုစိုက်ကြည့်နေတာကိုတော့ မသိခဲ့ပါဘူး။
အချိန်မရွေးနေရာမရွေး ကြိုးဝိုင်းတစ်ခုဖြစ်သွားတတ်တဲ့ ဒီလိုနေရာမှာ လက်နက်ပေါင်းစုံနဲ့ ဆေးရည်မျိုးစုံကိုရောင်းချနေသော ဆိုင်တွေအများကြီးတွေ့ရပါတယ်။ ရှန်ယန်ရှောင်တို့အဖွဲ့က ရိုးရိုးအဝတ်အစားတွေသာ ဝတ်ဆင်ထားတာဖြစ်လို့ လူအုပ်ကြီးထဲမှာ လွယ်လင့်တကူသတိပြုမိစရာမရှိပါဘူး။ သူမမျက်နှာမှာ ရုပ်ပြောင်းမျက်နှာဖုံးတပ်ဆင်ထားတာကြောင့် သူမကို ရှာမယ့်သူမရှိသလို ယန်းချီရဲ့အိုမင်းတဲ့ရုပ်သွင်ကလည်း လူတွေရဲ့သတိထားမှုကို မခံခဲ့ရပါဘူး။ လန်ဖန်းလီနဲ့ဇာမဏီငှက်တို့ရဲ့ ထူးထူးခြားခြားချောမောလွန်းတဲ့ မျက်နှာတွေကသာ အမျိုးသမီးများရဲ့ အာရုံကိုဖမ်းစားနိုင်ခဲ့ပါတယ်။
"အဲ့ကလေးလေးနှစ်ယောက်က ချစ်စရာလေးတွေနော်"
"သူတို့မျက်နှာလေးတွေကို ဆွဲဆိတ်ချင်လိုက်တာနော်"
အဆိုပါ ဆာလောင်နေသောဝံပုလွေတွေရဲ့ မီးတောက်အကြည့်တွေအောက်မှာ လန်ဖန်းလီတစ်ယောက် ဇက်လေးပုသွားကာ ရှန်ယန်ရှောင်အင်္ကျီစကို တင်းနေအောင်ဆွဲမိသွားပါတယ်။ ရှန်ယန်ရှောင်နောက်ကို သွားပုန်းလိုက်ကာ သူများတွေရဲ့ ကြည့်ခြင်းမခံရအောင် သူမရဲ့ ကိုယ်လုံးလေးနဲ့ကွယ်လိုက်ပါတယ်။
သူ့ဘဝမှာ စိတ်အပျက်ဆုံးအရာနှစ်ခုဖြစ်သော မိန်းမနဲ့လှည်းထဲက မိန်းမတွေရဲ့ကြည့်ခြင်းကြောင့် ဇာမဏီ မကျေမနပ်ဖြစ်နေပါတယ်။ မဟုတ်ရင် ရှန်ယန်ရှောင်က နမ်းမှာနော်လို့ ခြိမ်းခြောက်လိုက်တုန်းက သူ လန့်သွားမှာမဟုတ်ပါဘူး။