← Chapters

အခန်း (၄၅၄-၄၅၆)

Vol. 31 Ch. 454-456

အခန်း (၄၅၄-၄၅၆)

Vol. 31 Ch. 454-456

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၅၄)

မရေမတွက်နိုင်သော အချစ်မျက်ဝန်းတွေရဲ့ ရိုက်ခတ်မှုကြောင့် လေးယောက်သား ချောင်ကျကျတည်းခိုခန်းတစ်ခုကို ရှာဖွေဝင်ရောက်လိုက်ကြရပါတယ်။ တစ်ယောက်တစ်ခန်းနေဖို့အတွက် အခန်းလေးခန်းကို ရှန်ယန်ရှောင် ယူလိုက်ပါတယ်။

အတန်ကြာအနားယူပြီးတဲ့နောက် ရှန်ယန်ရှောင် ဗိုက်ဆာလာပါတယ်။ ယန်းချီကအိပ်နေပြီဖြစ်ကာ လန်ဖန်းလီနဲ့ဇာမဏီတို့က အပြင်ထွက်ရင် လူတွေအာရုံစိုက်တာကို ခံရမှာဖြစ်တဲ့အတွက် ညည့်နက်နေလို့ ဘာမှမရတော့တဲ့ တည်းခိုခန်းကနေ အပြင်ကိုတစ်ယောက်ထဲထွက်ပြီး စားလို့သောက်လို့ရမယ့်နေရာကို လိုက်ရှာလိုက်ပါတယ်။

တည်းခိုခန်းကနေထွက်လာပြီး ဝေးဝေးမရောက်သေးခင်မှာပဲ ဆူဆူညံညံအသံတွေ ကြားလိုက်ရပါတယ်။ လူတစ်စုက လမ်းပေါ်မှာဝိုင်းဖွဲ့ထားပြီး သူတို့ပါးစပ်ကနေ ချီးကျူးသံတွေထွက်နေခဲ့ပါတယ်။ ရှန်ယန်ရှောင်က လမ်းဘေးက ပေါက်စီဆိုင်ကနေ ပေါက်စီတွေဝယ်လိုက်ပြီး အိပ်ထဲထည့်ယူကာ အဆိုပါလူစုစုဆီကို သွားလိုက်ပါတယ်။ ကိုယ်လုံးသေးတာအပြင် သွက်လက်မှုလည်းရှိတာကြောင့် လူကြားထဲကနေတိုးဝှေ့၍ အတွင်းထဲထိ သူမရောက်သွားခဲ့ပါတယ်။

အထဲမှာဖြစ်နေတာကို မြင်လိုက်ရတဲ့အခါ ပါးစပ်မှာကိုက်လက်စ ပေါက်စီက အိပ်ထဲကိုပြန်ကျသွားပါတော့သည်။ လူအုပ်အလယ်မှာ လူနှစ်ယောက် လုံးထွေးနေပါတယ်။ နှင်းသက်လေမြို့ဟာ တိုက်ပွဲမြို့တော်လို့ သမုတ်ခံရတာနဲ့ထိုက်တန်စွာ နေရာတိုင်းမှာ ကြိုးဝိုင်းဖြစ်လာနိုင်တာ အမှန်တစ်ကယ်ပါပဲ။

လူသူရှုပ်ထွေးနေတဲ့ လမ်းတွေပေါ်မှာတောင် ဖြတ်သွားဖြတ်လာတွေက ရုတ်ချည်းဖြစ်လာတဲ့ ရန်ပွဲအတွက် ချက်ခြင်းနေရာဖန်တီးပေးလိုက်ကြမှာပါ။

တိုက်ခိုက်နေသူနှစ်ဦးက ဒုတိယနှစ်ကျောင်းသားလေးတွေဖြစ်ပါတယ်။ တစ်ယောက်က မှော်တုတ်တံကိုကိုင်ထားပြီး မှော်ဂါထာတွေအဆက်မပြတ်ရွတ်ကာ ပစ်လွှတ်တိုက်ခိုက်နေပါတယ်။

မှော်ဆရာနဲ့တိုက်နေသော လူငယ်ကတော့ အရပ်ရှည်ရှည်သွယ်သွယ်နဲ့ဖြစ်ကာ အလွန်ထက်ရှတဲ့ ဓားရှည်တစ်လက်ကိုကိုင်ဆွဲထားပါတယ်။ မုန်တိုင်းတိုက်သလို တိုက်ခိုက်မှုတွေအား ထိုလူငယ်က ဓားရှည်ကိုင်ဆွဲရင်း လှပလျှင်မြန်စွာ ရှောင်တိမ်းနေပါတယ်။

ရှန်ယန်ရှောင်ဟာ ဘယ်သူဘယ်ဝါဆိုတာသေချာနေတဲ့ ဓားသမားကိုကြည့်ကာ သူမ အမြင်မှားနေတာလားလို့ တွေးမိလိုက်ပါတယ်။

"ဒီလူငယ်လေးနှစ်ယောက်က ကျောင်းပေါင်းစုံပြိုင်ပွဲမှာ ဝင်ပြိုင်မယ့်ကျောင်းသားတွေပဲ ဖြစ်ရမယ်"လို့ လမ်းသွားလမ်းလာတစ်ယောက်က ပြောလိုက်ပါတယ်။

ဒီလူငယ်နှစ်ယောက်က ငယ်ရွယ်ကြသော်လည်း အစွမ်းကတော့ပြင်းလှပါတယ်။ မှော်တိုက်ခိုက်မှုတွေကို အချိန်တိုအတွင်း လျှင်လျှင်မြန်မြန်နဲ့ပစ်လွှတ်တိုက်ခိုက်နေသော မှော်ဆရာငယ်လေးဖြစ်ဖြစ် အဆိုပါမှော်တိုက်ခိုက်မှုတွေကို လုံးဝရှောင်တိမ်းနေတဲ့ ဓားသမားလူငယ်ပဲဖြစ်ဖြစ် နှစ်ယောက်လုံးဟာ မင်သက်ဖွယ်စွမ်းရည်ကို ထုတ်ဖော်ပြသနေပါတယ်။

"အခုခေတ်လူငယ်တွေက တစ်ကယ့်ကိုလက်ဖျားခါလောက်ပါပေတယ်။ အသက်ငယ်ငယ်နဲ့ အခုလိုအဆင့်ထိပေါက်ရောက်နေကြပြီ။ အဲ့ဒီမှော်ဆရာလေးက အနည်းဆုံးအလတ်တန်းအဆင့်ရဲ့ ထိပ်ဖျားမှာရှိနေပြီး ဓားသမားကတော့ အကြီးတန်းအဆင့်ကိုရောက်ပြီးနေတာပဲဖြစ်ရမယ်။ မဟုတ်ရင် တစ်ဖက်ကတိုက်ခိုက်မှုတွေကို ရှောင်တိမ်းနိုင်ဖို့ရာက လုံးဝမှမဖြစ်နိုင်တာကိုး"

"အဲ့ဓားသမားက ဘယ်လောက်ရှိဦးမှာတုန်း ဒါကို အကြီးတန်းဓားသမားတောင် ဖြစ်နေပြီလား။ ဘယ်လိုကျောင်းကများ ဒီလိုငဂျွတ်ကို မြေတောင်မြှောက်ပေးလိုက်တာများလဲ"

ဘေးကနေ ရပ်ကြည့်နေကြသူတွေက တီးတိုးသဖန်းပိုးလုပ်နေကြပြီး ဒီလိုပွဲကောင်းကောင်းကို လွတ်သွားမှာစိုးတာကြောင့် မျက်စိကတော့ အလွတ်မပေးဘဲကြည့်နေကြပါတယ်။

လူအုပ်ကြားထဲရပ်နေတဲ့ ရှန်ယန်ရှောင်အမူအယာက တော်တော်ထူးဆန်းနေပါတယ်။ သူမရဲ့ ကြည်လင်သောမျက်ဝန်းတွေထဲမှာ သံသယဖြစ်မှု၊ တုန်လှုပ်မှုနဲ့ပျော်ရွှင်မှုတွေ ရောယှက်နေကြပြီး ဓားရှည်ကြီးကို ကိုင်ဆွဲထားသော လူငယ်အားစိုက်ကြည့်နေပါတယ်။

"အကြီးတန်းဓားသမားပေါ့လေ"ဟုဆိုလိုက်ပြီး ဖော်ပြရခက်သော အပြုံးတစ်ခု သူမပါးစပ်မှာ ဖြစ်ပေါ်သွားသည်။

အိပ်ထဲကိုပြုတ်ကျသွားသော စားလက်စပေါက်စီကို ပြန်ယူလိုက်ကာ ကြမ်းတမ်းရက်စက်စွာကိုက်ဝါးလိုက်ပါတယ်။ သူမရဲ့ မျက်ဝန်းတွေထဲမှာတော့ ဆိုးရွားရက်စက်သောအရိပ်တွေပြည့်နေကာ ဓားသမားလူငယ်၏ကျောပြင်ကို စိုက်ကြည့်နေပါတယ်။

ဓားသမားလူငယ်က သူ့ရှေ့က မီးလုံးတွေကို ဓားနဲ့ပိုင်းဖြတ်လိုက်ပြီးနောက် မှော်ဆရာကိုလည်း ခုတ်ပိုင်းလိုက်ပါတယ်။ ထို့နောက်မှာတော့ မြေပေါ်လဲကျနေသော မှော်ဆရာကို ဟိတ်ဟန်အပြည့်နဲ့ ငုံ့ကြည့်လိုက်ပါတယ်။

"ကိုကြီးနာဇီက အံ့မခန်းပဲ"ဆိုသော မြှောက်ပင့်ပြောဆိုသော မိန်းကလေးတစ်ဦးရဲ့အသံက ထွက်ပေါ်လာပါတယ်။

ရှန်ယန်ရှောင်က မျက်ခုံးပင့်လိုက်ကာ အဆိုပါအသံဆီလှမ်းကြည့်လိုက်တော့ အချစ်ပိုးထိုးနေသော ရှန်ကျိယီမျက်နှာကို မထင်ထားဘဲတွေ့လိုက်ပါတယ်။ အဲ့ကလေးမက ဒီကိုဘာလို့ရောက်နေတာတုန်း။ နောက်ပြီး အဲ့ကောင်ကို ကိုကြီးတဲ့လား ဘာတွေဖြစ်နေတာတုန်း...

ရှန်ယန်ရှောင်က မျက်လုံးအစုံကို အန္တရာယ်ရှိစွာ မှေးစင်းလိုက်ပြီး ဓားသမားလူငယ်ကို ကြမ်းကြုတ်စွာစိုက်ကြည့်လိုက်ပါတော့သည်။

အဲ့လူဟာ တစ်ခြားလူတော့မဟုတ်ပါဘူး ဆေးပညာဌာနကနေပြီး ရှန်ဂေါင်းရှောင်နဲ့အပေါင်းအပါတို့ရဲ့ လုပ်ဆောင်မှုကြောင့် အထုတ်ခံလိုက်ရသော တန်နာဇီပါပဲ...

"သိပ်ဘဝင်မမြင့်နဲ့လေ ကိုယ့်အစွမ်းဘယ်လောက်ရှိလဲ သူများထက်ကိုယ်ကပိုသာသလားဆိုတာ သေချာအောင်အရင်ချိန်ဆပေါ့"

ရှန်ကျိယီရဲ့ အားပေးသံကို တန်နာဇီက အလေးမထားဘဲ စုတ်ပြတ်သတ်ကာအားကုန်နေသော မှော်ဆရာငယ်ကိုသာ မာန်အပြည့်နဲ့ကြည့်ကာ ပြောလိုက်ပါတယ်။

ရှန်ကျိယီက နိမ့်တုံမြင့်တုံတင်ပါးဆုံနဲ့ တန်နာဇီအနားကို လှုပ်လီလှုပ်လဲ့သွားလိုက်ပြီး ချစ်စဖွယ်အမူအယာနဲ့ရပ်နေပါတယ်။ ရှုံးနိမ့်သွားသော မှော်ဆရာလူငယ်အား ငုံ့ကြည့်လိုက်ပြီး ကျားနဲ့ဖက်ပြိုင်တိုက်ခိုက်ထားသော မြေခွေးတစ်ကောင်အသံဖြင့် ပြောလိုက်ပါတယ်။

"နင့်လိုအဆင့်လောက်နဲ့ ငါ့ကိုကြီးနာဇီကို စိန်ခေါ်ရဲတာက ကိုယ့်ကိုယ်ကိုအထင်ကြီးလွန်းနေတာပဲ"

မှော်ဆရာလူငယ်က သူတို့နှစ်ယောက်အား စူးရဲစွာစိုက်ကြည့်လိုက်ပြီးနောက် တိတ်ဆိတ်စွာပဲ ထရပ်လိုက်ကာ လူကြားထဲကနေထွက်သွားပါတော့တယ်။

တန်နာဇီက သူ့ဘေးမှာရှိနေတဲ့ ရှန်ကျိယီကိုကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်ကာ ခပ်ခွာခွာနေလိုက်ပါတယ်။

ရှန်ကျိယီကတော့ တန်နာဇီရဲ့ အပြုအမူကို သတိမပြုမိဘဲ တန်နာဇီလက်စကိုဆွဲကာ ရှက်ရွံ့ဟန်နဲ့ ပြောလိုက်ပါတယ်။

"ကိုကြီးနာဇီကနေ အဲ့ဒီနှာဗူးကောင်ကို ရှင်းပေးလို့ ညီမကျေးဇူးတင်ပါတယ်"

တန်နာဇီကတော့ ဘာမှပြန်မပြောခဲ့ဘဲ မျက်နှာကတော့ အပျက်ပျက်ဖြစ်နေပါတယ်။

လူကြားထဲမှာပုန်းနေသော ရှန်ယန်ရှောင်ရင်ထဲမှာတော့ ဒေါသမီးတောက်နေပါတယ်။ ဆေးပညာဌာနရဲ့ကျောင်းသားဖြစ်တဲ့ တန်နာဇီက အခုအချိန်မှာ ဓားရှည်ကိုင်ဆွဲထားပြီး အကြီးတန်းဓားသမားတစ်ယောက်ဖြစ်လာခြင်းက ကိစ္စမရှိသေးပါဘူး သူမကို ဒေါကန်စေတာက ဒီငနာကောင်ဟာ အချစ်ရူးရှန်ကျိယီနဲ့ တွဲနေတာကိုဖြစ်ပါတယ်။ ဒီငတုံးငအမကို သူမ ဘယ်လောက်ရှင်းပစ်ချင်နေတယ်ဆိုတာကို ဘုရားသိပါတယ်။ တန်နာဇီက အချစ်ဇာတ်လမ်းခင်းဖို့ တစ်ကယ့်ကိုအရူးအမူးဖြစ်နေလို့ ဒီလိုငတုံးမရှန်ကျိယီကိုတောင် သဘောကျပြီးတော့ သူရဲကောင်းတစ်ယောက်ဟန်ဖမ်းနေပါသေးတယ်။

ဒီနေရာမှာ တစ်ခြားမိန်းကလေးတွေဖြစ်နေရင် ရှန်ယန်ရှောင်အနေနဲ့ သူ့အတွက်ဝမ်းသာမိဦးမှာပါ။ တန်နာဇီဟာ အလှပဂေးလေးကို ကယ်တင်လိုက်တဲ့ သူရဲကောင်းတစ်ဦးဖြစ်ချင်နေတာဟုတ်ပေမယ့် ဒီရှန်ကျိယီနဲ့တော့ မပတ်သတ်သင့်ဘူး။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၅၅)

ရှန်ယန်ရှောင် မဲ့လိုက်ပြီး လက်ထဲက ပေါက်စီတွေကို ပစ်ချလိုက်ကာ လူကြားထဲကထွက်၍ ရှန်ကျိယီနဲ့တန်နာဇီရှေ့ကို သွားရပ်လိုက်ပါတယ်။

"အခုအချိန်က နေ့ခင်းကြောင်တောင်မဟုတ်တော့ဘူးဆိုပေမယ့်လည်း အခုလိုမျက်စိရှက်စရာမြင်ကွင်းကို လူကြားသူကြားမှာ မြင်လို့အဆင်မပြေလှဘူးကွာ။ ချစ်သူနှစ်ယောက်ကိုပြောချင်တာက အဆင်ပြေမယ့် တစ်နေရာရာကို သွားပေးကြပါလား လူတွေကိုအော့နှလုံးနာအောင်မလုပ်ပါနဲ့"

ရှန်ယန်ရှောင်က လက်ပိုက်ရပ်ပြီး စိန်ခေါ်တဲ့အမူအယာအပြည့်နဲ့ ပြောလိုက်ပါတယ်။

သူမမျက်နှာပေါ်က မျက်နှာဖုံးက နှင်းသက်လေမြို့ထဲမှာ ဒီနေ့ညကမှ ဝယ်ထားတာဖြစ်လို့ ဒီငတုံးနှစ်ကောင်ကို သူမ သေအောင်ရိုက်ရင်တောင် သူမကို မှတ်မိကြမှာမဟုတ်ပါဘူး။

တန်နာဇီကို တီတီတာတာပြောနေတဲ့ ရှန်ကျိယီတစ်ယောက် သူမကို အခုလိုစော်ကားပြောဆိုခံရမယ်လို့ ထင်မထားမိပါဘူး။ တစ်ဖက်သားကိုကြည့်လိုက်တော့ သူမထက် တစ်နှစ်နှစ်နှစ်လောက် ငယ်ဦးမယ့်ပုံပေါက်ပြီး ခပ်ညံ့ညံ့အဝတ်အစားတွေကို ဝတ်ဆင်ထားသော ဘာကောင်မှဟုတ်ဟန်မပေါ်သူဖြစ်တာကို တွေ့လိုက်ရပါတယ်။

"ကောင်စုတ်လေး ဒါက မင်းကိစ္စမဟုတ်ဘူး မင်းက ရန်ဖြစ်ချင်နေတာလား"လို့ ရှန်ကျိယီကပြောလိုက်သည်။

ရှန်ကျိယီဆိုတဲ့ကောင်မလေးက အခုထိ ဘယ်လိုနေထိုင်ရမယ်ဆိုတာ မသိသေးဘဲကိုးလို့ ရှန်ယန်ရှောင် မျက်နှာတစ်ချက်မဲ့ကာ တွေးလိုက်သည်။

"ဒီလိုမျက်နှာဆိုးနဲ့ ကိုယ့်ကိုယ်ကို ဟန်ရေးပြမနေစမ်းနဲ့ကွာ။ ညဆိုပိုဆိုးတာပေါ့ လူတွေကမင်းကိုတွေ့ရင် သရဲလို့ထင်သွားကြနိုင်တယ်နော်"

ရှန်ကျိယီက အလွန်လှပသူလို့ မသတ်မှတ်နိုင်သော်လည်း အဆင့်အတန်းတစ်ခုရှိသော အလှပိုင်ရှင်တစ်ဦးဖြစ်ပါတယ်။ နောက်ပြီးတော့လည်း အမြဲလိုလို ဖူးဖူးမှုတ်ခံထားရကာ အခုလိုစော်ကားမှုမျိုးကို တစ်ခါမှမခံစားဖူးပါဘူး။ ဒါနဲ့ သူမလည်း တန်နာဇီ၏ လက်စကိုကိုင်ကာ သနားစဖွယ်ငိုကြွေးပြောဆိုလိုက်ပါတယ်။

"ကိုကြီးနာဇီရယ် ကြည့်ပါဦး ညီမကို ဒီကောင်လေးက အနိုင်ကျင့်နေတယ်"

ရှန်ကျိယီတိုင်ကြားပြောဆိုတာထက် အဲ့ကောင်ပြောလိုက်တဲ့ ချစ်သူနှစ်ယောက်ဆိုတဲ့စကားကို သူပိုပြီးတော့ အရေးတယူဖြစ်နေပါတယ်။ ဘယ်လို ဟာသလဲကွာ သူဆိုတဲ့ တန်နာဇီက အလှပဂေးလေးတွေကို မြတ်နိုးတတ်သူဖြစ်ပေမယ့် အခုလိုမျိုး မြာသမားမျိုးတော့မဟုတ်ပါဘူး။ သူနဲ့ရှန်ကျိယီတို့က ဖြူစင်ကြပါတယ်။ တန်နာဇီ ကိုယ့်ကိုယ်ကိုကာကွယ်ပြောဆိုချင်ပေမယ့်လည်း သူစိမ်းတစ်ယောက်ကို ရှင်းပြနေရတာက အလကားပဲလို့ တွေးမိပါတယ်။

သူခံစားလိုက်ရတာအတွက် ကံမကောင်းတဲ့ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမှာဖြစ်ပြီး မဲနှိုက်တုန်းက ငနာသုံးကောင်ကို ရှုံးခဲ့ရပါတယ်။

ရှန်ကျိယီတစ်ယောက် ပြိုင်ပွဲကျင်းပတဲ့ဆီကို ဘယ်လိုဘယ်ပုံနဲ့လိုက်လာခဲ့မှန်းမသိကြပါဘူး။ ကျောင်းစတက်ရကတည်းက ကြူရှီယာနားတစ်ပူးပူးတစ်တွဲတွဲလုပ်နေခဲ့တဲ့ ရှန်ကျိယီဟာ ယန်ယု၊ယန်းရှီနဲ့တန်နာဇီတို့ အဆင်သုံးဆင်အားတွေ့ပြီးတဲ့နောက်ပိုင်း အဆင်တွေအများကြီးပဲကွယ် ဘယ်အဆင်ကိုရွေးရပါ့မလဲဆိုပြီး ရွေးချယ်ရခက်နေခဲ့ကာ ဇဝေဇဝါဖြစ်နေပါတယ်။

အားလုံးသိကြတဲ့အတိုင်းပဲ လေးယောက်လုံးကတော့ သူမကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ကြပါဘူး။ သူမက လူဆိုးမလေးတစ်ယောက်နဲ့ မျိုးနွယ်တူဆွေမျိုးဖြစ်ကာ ဇာမဏီမျိုးနွယ်ကပဲဖြစ်နေတာကြောင့် မောင်းလည်းမထုတ်ခဲ့ကြပါဘူး။ တစ်ကယ်ဆိုရင် ရှန်ကျိယီနဲ့ရှန်ယန်ရှောင်တို့နှစ်ယောက်ကြားမှာ ဘယ်လိုဆက်ဆံရေးရှိလဲ မသေချာသေးပေမယ့် ရှန်စီယူနဲ့ရှန်ယန်ရှောင်တို့နှစ်ယောက်ရဲ့ နွေးထွေးသောဆက်ဆံရေးကြောင့် ရှန်ကျိယီနဲ့ရှန်ယန်ရှောင်တို့လည်း အတူတူပဲဖြစ်မှာပါလို့ မှတ်ယူလိုက်မိကြပါတယ်။

အိမ်တစ်အိမ်ကိုခင်ရင် အိမ်ထဲကလူတွေကိုလည်းခင်ပါဆိုသော စကားပုံအတိုင်း သူတို့အနေနဲ့ ဒီအချစ်ရူးမကို နည်းနည်းထောက်ညှာပေးနေရပါတယ်။ အဲ့ဒီလို မှားယွင်းယူဆမှုကြောင့် ရှန်ကျိယီရဲ့ မိမိကိုယ်ကိုယုံကြည်မှုကလည်း ပိုပိုမြင့်တက်လာကာ ဒီအဆင်လေးဆင်ရဲ့နှလုံးအိမ်ကို သူမ ဖမ်းစားထားနိုင်ပြီလို့ မှတ်ယူသွားပါတော့တယ်။ နေ့စဉ်နေ့တိုင်း ငနာလေးကောင်ကြားမှာ သူမကိုယ်သူမ မင်းသမီးတစ်ပါးလိုမျိုး ပြုမူဆိုးနွဲ့နေခဲ့ပါတယ်။

ရှန်ကျိယီရဲ့ စပ်စလူးနတ်ပူးပုံစံနဲ့ ရှန်ယန်ရှောင်၏ တည်ငြိမ်အေးဆေးတဲ့ပုံစံတို့က နေ့နဲ့ညလိုကွဲပြားနေခဲ့တာကြောင့် ငနာလေးကောင် ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့ရပါတယ်။ သူတို့နှစ်ယောက်လုံးက ဇာမဏီမျိုးနွယ်က လူငယ်မျိုးဆက်ချင်းအတူတူကို ဘယ်လိုဖြစ်လို့ ဒီလောက်ကွာနေရတာတုန်း။ ရှန်ကျိယီနဲ့နေနေရတာက ခေါင်းကိုက်စရာဖြစ်နေတာကြောင့် ငနာလေးကောင်လည်း ဒီနေ့အတွက် ဘယ်သူအနစ်နာခံရမလဲဆိုတာအတွက် မဲနှိုက်ပြီးဆုံးဖြတ်လိုက်ရကာ တန်နာဇီက ကံဆိုးသူမောင်ရှင်ဖြစ်သွားရပါတယ်။

စောစောက မှော်ဆရာငယ်လေးက အကျင့်ကောင်းသူတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။ ရှန်ကျိယီက ကြည့်ကောင်းသူတစ်ယောက်ဖြစ်နေတာကို တွေ့ရတော့ စားဘဲကြီးဖြစ်ချင်သွားကာ သူမကိုလှုပ်ရှားတဲ့အခါ ရှန်ကျိယီက မျက်ရည်လည်ရွဲနဲ့ တန်နာဇီကိုတိုင်ကြားတဲ့အခါ ရှန်ယန်ရှောင်နဲ့သူငယ်ချင်းမျက်နှာထောက်ပြီး တန်နာဇီက ကူပေးခဲ့တာကို လူတွေအမြင်မှာ အချစ်နာလံထနေသောသူနှစ်ယောက်အဖြစ် ပေါ်လွင်သွားခဲ့ရပါတယ်။

"မင်းကမှ အချစ်နာလံထနေတာ...မင်းတစ်မျိုးလုံးက အချစ်နာလံထနေတာကွ"ဟု ရုတ်ချည်းထွက်ပေါ်လာသော ကောင်လေးအား တန်နာဇီက ဒေါသတကြီးအော်လိုက်ပါတယ်။

ရှန်ကျိယီ ပါးစပ်အဟောင်းသားဖြစ်သွားပါတယ်။ တန်နာဇီအမျက်ထွက်တဲ့ကိစ္စက နေရာလွဲနေတယ်လို့ သူမခံစားမိလိုက်ပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် တန်နာဇီက အဲ့ကောင်လေးကို သင်ခန်းစာပေးတော့မှာဖြစ်ပြီး ဒီအဖြစ်ကလည်း သူမကိုကာကွယ်ပေးတဲ့သဘောနဲ့ပဲလုပ်တာလို့ပဲ ရှန်ကျိယီမှတ်ယူလိုက်ပါတယ်။

"ကိုကြီးနာဇီရေ ဒီကောင်စုတ်လေးကို ကောင်းကောင်းပညာပေးရမယ်နော် ကိုကြီး။ ညီမအတွက် ပညာပေးပေးပါ"ဆိုပြီး မိကျောင်းမျက်ရည်တွေကျပြလိုက်တဲ့ ရှန်ကျိယီကပြောလိုက်ပါတယ်။

တန်နာဇီက အချိန်ပြည့် အမူပိုနေသော ရှန်ကျိယီကို မနိုင်တာကြောင့် တစ်ချက်ကြည့်လိုက်ပါတယ်။ ဒီအချိန်မှာ မိန်းကလေးပဲဖြစ်ပေမယ့် အမူပိုတာတွေဘာတွေ မရှိသော ရှန်ယန်ရှောင်ကို သူ သတိရသွားပါတယ်။

"စမ်းကြည့်လိုက်လေ"ဟု အော့နှလုံးနာဖို့ကောင်းလှသော စုံတွဲကိုကြည့်ကာ ရှန်ယန်ရှောင်ပြောလိုက်သည်။

"မင်းတော်လိုက်တော့နော်"လို့ တန်နာဇီကပြောလိုက်သည်။

ရှန်ယန်ရှောင်ရဲ့ အစ်မဖြစ်တာကြောင့် လူကြားသူကြားမှာ ရှန်ကျိယီမျက်နှာပျက်စရာအဖြစ်ခံလို့လည်း မရပြန်ပါဘူး။ တန်နာဇီအနေနဲ့ သူ့အပေါ်မှာ ရွံနေရင်တောင် သူများက ကဲ့ရဲ့ရှုံ့ချပြောဆိုတာကို လက်သင့်ခံပေးလို့မရဘူးလေ။

"ငါ့ပါးစပ်ကို ပိတ်စေချင်တယ်ပေါ့"လို့ မျက်စိမှေးလိုက်ကာ ညင်သာသောအသံဖြင့် ရှန်ယန်ရှောင်ပြောလိုက်သည်။

"အဲ့လိုဆိုရင် ငါနဲ့တိုက်လေ မင်းနိုင်ရင် ငါပြောခဲ့သမျှတွေအားလုံးကို ရုတ်သိမ်းပေးမယ်"

ဒီလိုကလေးတစ်ယောက်က သူနဲ့တစ်ကယ်တိုက်ခိုက်ချင်မယ်လို့ ထင်မထားခဲ့တာကြောင့် တန်နာဇီက သူ့ကိုခဏကြာ ငေးကြည့်သွားမိပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၅၆)

ရှန်ကျိယီကတော့ ဟက်ဟက်ပက်ပက်ရယ်လိုက်ပါတယ်။

"ကောင်စုတ်ကလေး မင်းက ငါ့ကိုကြီးနာဇီနဲ့ တစ်ကယ်ချချင်နေတယ်ပေါ့။ မင်းကများကွာ လူတွေကို အူတက်သေအောင် လုပ်နေတယ်။ ငါ့ကိုကြီးနာဇီက အကြီးတန်းဓားသမားကွ။ မင်းလိုဘာမဟုတ်တဲ့ကောင်လေးမျိုးကို လက်တစ်ဖက်ယမ်းရုံနဲ့ ကိစ္စပြတ်တယ်"

"အိုး..စမ်းမကြည့်ဘဲနဲ့တော့ ငါတို့မပြောနိုင်ဘူးလေ"လို့ ရှန်ယန်ရှောင်ပြောလိုက်သည်။

"အဲ့လိုဆိုရင်လည်း ကောင်းပြီလေ ငါမင်းနဲ့တိုက်မယ်"လို့ တန်နာဇီက ပြန်ပြောလိုက်သည်။

ရှန်ကျိယီတစ်ယောက် နှလုံးပီတိဂွမ်းဆီထိဖြစ်သွားပါတယ်။ တစ်ကယ်ပါပဲ တန်နာဇီနှလုံးသားထဲမှာ သူမရှိနေပါတယ်။ သူမအတွက်နဲ့ တိုက်ပွဲနှစ်ခုတောင် ဆင်နွှဲတာဆိုတော့ သူမကို တစ်ကယ်အလေးထားတာပဲ။

"တိုက်မယ်ဆိုတိုက်ကြတာပေါ့ ဒါပေမယ့် ငါရှုံးရင် ငါ့ပါးစပ်ကိုပိတ်လိုက်ပြီး ဘာမှမပြောတော့ဘူးလို့ ပြောထားတဲ့အတွက် ငါနိုင်ရင်ရော မင်းဘာလုပ်မှာလဲ"

တန်နာဇီ မျက်ခုံးပင့်လိုက်ပြီး တွေးလိုက်ကာ ပြန်ပြောလိုက်ပါတယ်။

"မင်းပြော မင်းဘာဖြစ်ချင်တာလဲ"

ရှန်ယန်ရှောင်က ပြုံးလိုက်ကာ လက်ဆန့်လိုက်ပြီး ရှန်ကျိယီအား ထိုးပြလိုက်ပါတယ်။

"ငါသူ့ကိုလိုချင်တယ်..."

"အာ"ဟု တန်နာဇီ အာမေဋိတ်ပြုလိုက်ပါတယ်။

ဘယ်လိုဖြစ်လို့ ဒီစပ်စလူးမကို မျက်စိကျနေတဲ့သူတွေ ဒီနေ့ညမှာလာတွေ့နေရတာလဲ။ နှင်းသက်လေမြို့ကလူတွေရဲ့ အလှတရားခံစားတတ်မှုက ချို့ယွင်းနေတာများလားလို့ တန်နာဇီ အတွေးပေါက်သွားပါတယ်။

ရှန်ကျိယီလည်း ကြောင်အမ်းအမ်းဖြစ်သွားပြီးနောက် ရှက်ရွံ့ဟန်လုပ်ပြလိုက်ပါတယ်။ စိတ်ထဲမှာတော့ သူမရဲ့ ဆွဲဆောင်မှုကောင်းလှတဲ့အသွင်အပြင်အတွက် ကြုံးဝါးနေလိုက်ပါတယ်။

"ငါက သူ့မျက်နှာပေါ်မှာ လိပ်တစ်ကောင်ပုံရေးဆွဲချင်တယ်"လို့ ရှန်ယန်ရှောင် သူမရဲ့စကားကို အဆုံးသတ်လိုက်ပါတယ်။

"ဟမ်.."ဆိုပြီး တစ်ဖက်သားရဲ့ တောင်းဆိုမှုကို တန်နာဇီ ကြောင်သွားပါတယ်။

ရှန်ကျိယီ ဒေါပွသွားပါတော့သည်။

"နင်...ကိုကြီးနာဇီရေ သူ့ကို ညီမအတွက်နာနာချပေးပါ။ သူ့ကိုညီမသည်းမခံနိုင်တော့ဘူး သူ့ကိုတစ်စစီရိုက်ချိုးပေးမယ်လို့ ညီမကို ကတိပေးပါ"

တန်နာဇီလည်း အကျိုးအကြောင်းခွဲခြားတတ်တာကြောင့် ကတိပေးလိုက်ပါတယ်။

ဘေးကကြည့်နေသူတွေဟာ နှစ်ပွဲဆက်တိုက်ပွဲကြောင့် စိတ်လှုပ်ရှားသွေးဆူနေကြပါတယ်။ တစ်ခုရှိတာဆိုလို့ ဒီတစ်ခေါက်တိုက်မယ့် ကောင်ကလေးက လေတိုက်ရင်တောင် လွင့်သွားမယ်ပုံပေါက်နေခြင်းပါပဲ။

အသက်၁၃နှစ်သားအရွယ်နဲ့ ပိန်လှီသေးကွေးသော ခန္ဓာကိုယ်အချိုးအစားတို့ဟာ ဘာမျှော်လင့်ချက်မှမရှိလောက်အောင်ပါပဲ။ တန်နာဇီကိုကြည့်လိုက်မယ်ဆိုရင် ချောမောသောရုပ်ရည် ကျစ်လစ်သောကိုယ်လုံးကိုယ်ပေါက် တောင့်တင်းသောတည်ဆောက်ပုံနဲ့ အကြီးတန်းဓားသမားအဆင့်ဆိုတော့ လူငယ်မျိုးဆက်ထဲမှာ ရှားပါးလှသောအရည်အချင်းပိုင်ရှင်ပါပဲ။

စောစောကမှော်ဆရာငယ်လေးဟာ အလတ်တန်းအဆင့်ရဲ့ထိပ်ဖျားပိုင်းဆိုတော့ မဆိုးဘူးလို့ပြောနိုင်ပေမယ့် ဒီအကြီးတန်းဓားသမားနဲ့ယှဉ်လိုက်တော့ ရှုံးနိမ့်ခြင်းနဲ့သာရင်ဆိုင်လိုက်ရပါတယ်။

အခုကြည့်လိုက်တော့ စိန်ခေါ်လိုက်တဲ့ကောင်လေးဟာ စောနက မှော်ဆရာလက်အောက်မှာတောင် ရှုံးနိမ့်မယ်ပုံပေါက်နေပါတယ်။ သူ့ရဲဝံ့မှုအတွက် လက်ခေါက်မှုတ်ပေးရမလား တုံးအမှုအတွက်ပဲ သက်ပြင်းချပေးရမလားမသိဘူး။

တန်နာဇီကတော့ ဓားကိုင်လက်ကို အောက်သို့တွဲလောင်းချထားကာ အရင်ဆုံးစတိုက်ဖို့ ရည်ရွယ်ချက်မရှိပုံပေါက်ပါတယ်။ ရှန်ယန်ရှောင် မျက်ခုံးတစ်ချက်ပင့်လိုက်ပြီးနောက် လက်စွပ်ထဲကနေပြီးတော့ ခရမ်းရောင်မြို့စားကို ထုတ်ယူလိုက်ပါတယ်။ လေးထဲမှာ သလင်းအမြူတေအချို့ကိုတပ်ဆင်ထားပြီး တလက်လက်တောက်ပနေပါတယ်။

"ဒီကောင်လေးက လေးသည်တော်ပဲ"လို့ ပရိသတ်တွေက သူမလက်နက်ကိုမြင်တော့ ပြောလိုက်ကြပါတယ်။

ကြိုးဝိုင်းအတွင်းမှာဆို ဓားသမားတွေနဲ့စစ်သူရဲတွေဟာ အခြေအနေအသာဆုံးဖြစ်ပါတယ်။ အဆိုပါပညာရပ်နှစ်ခုလုံးက တိုက်ခိုက်အားမြင့်ရုံသာမက ခုခံနိုင်စွမ်းလည်း ကောင်းကြပါတယ်။

အဆိုပါနှစ်ခုနဲ့ယှဉ်ရင် လေးသမားတွေနဲ့မှော်ဆရာတို့ဟာ အရေးနိမ့်သောအနေအထားမှာရှိပါတယ်။ သူတို့နှစ်မျိုးလုံးက အကွာအဝေးတစ်ခုအထိ လိုအပ်သောပညာရပ်တွေဖြစ်ပါတယ်။ ကျယ်ပြန့်သောမြက်ခင်းပြင်နဲ့တောနက်နက်မှာဆိုရင်တော့ လေးသမားနဲ့မှော်ဆရာတို့က တစ်ပန်းသာမှာပါ။

လေးသမားတွေရဲ့ လှုပ်ရှားနိုင်စွမ်းက အလွန်မြင့်မားသော်လည်း အခုလိုကျဉ်းမြောင်းသော ကြိုးဝိုင်းထဲမှာဆိုရင် အစွမ်းကုန်ထုတ်ဖို့မဖြစ်နိုင်ပါဘူး လေးသမားတွေရဲ့ ခုခံနိုင်စွမ်းက အလွန်နိမ့်ပြီး ရန်သူနဲ့နီးကပ်သွားတာနဲ့ အတိုက်ခံလိုက်ရမယ်ဆိုရင် သေချာပေါက် ရှုံးသွားမှာပါ။ ဒီယာယီကြိုးဝိုင်းက စတုရန်းမီတာဆယ်မီတာလောက်သာကျယ်တာကြောင့် လေးသမားတွေအတွက် တော်တော်လေးကျဉ်းတဲ့အနေအထားပါပဲ။

သူတို့နှစ်ယောက်ရဲ့ အဆင့်မှာ တစ်အားကွာခြားမနေရင် လေးသမားက သေချာပေါက်ကိုရှုံးမှာပါ။

သို့ပေမယ့် ရှန်ယန်ရှောင်လက်ထဲက ခရမ်းရောင်မြို့စားကို တွေ့လိုက်ရတဲ့ တန်နာဇီမျက်လုံးထဲမှာ အံ့အားသင့်ဟန်တွေဖြစ်ပေါ်သွားပါတယ်။

ဒီလေးက ဘာဖြစ်လို့ အရမ်းရင်းနှီးနေပုံပေါက်နေရတာလဲ။ လေးဌာနကို ပထမဆုံးအကြိမ်အဖြစ်သွားခဲ့စဉ်တုန်းက ကလေးမအသုံးပြုခဲ့တဲ့လေးနဲ့ တူနေတာပဲလို့ သူအမှတ်ရသွားပါတယ်။ တစ်ခုကွာတာကတော့ ရှန်ယန်ရှောင်သုံးတဲ့လေးမှာ ဘာအမြူတေမှတပ်မထားပါဘူး။ ဒါပေမယ့် အခုသူ့ရှေ့က ကောင်လေးကတော့ လေးမှာသလင်းအမြူတေတွေတပ်ထားလို့ မတူဘူးလို့ပဲ တန်နာဇီ သတ်မှတ်လိုက်ပါတယ်။

တန်နာဇီက ဒီလိုယူဆမယ်ဆိုတာ သေချာပေါက်သိနေလို့သာ ရှန်ယန်ရှောင်က လေးကိုထုတ်သုံးလိုက်ခြင်းပါ။ လေးသမားနဲ့ဓားသမားတို့ မျက်နှာခြင်းဆိုင်ရပ်နေကြကာ ကြွက်သားတစ်ခုတောင် မလှုပ်ဘဲရပ်နေကြပါတယ်။

ပရိသတ်တွေကတော့ ခရမ်းရောင်မြို့စားလေးကို သေသေချာချာအကဲခတ်နေကြပါတယ်။ လေးမှာဘာထူးခြားတာကိုမှ မတွေ့ခဲ့ရပါဘူး ပိုဆိုးတာက ဈေးပေါပေါသလင်းအမြူတေတွေတောင် တပ်ထားလိုက်ပါသေးတယ်။ သလင်းအမြူတေကို လက်နက်တွေစမ်းသပ်လေ့ကျင့်ရာမှာသာ သုံးတာဖြစ်ပြီး တစ်ကယ့်လက်နက်မှာတော့ ဘယ်သူမှတပ်ပြီးမသုံးရဲကြပါဘူး။

ထပ်လောင်းပြောရရင် ခရမ်းရောင်မြို့စားရဲ့ အရောင်အဆင်းက မှေးမှိန်လွန်းကာ လက်နက်ကောင်းတစ်ခုလို့ ဘယ်သူမှ ထင်စရာမရှိတာပါ။ ဒီလိုသူဆင်းရဲကလေးနဲ့ ဒီလိုလက်နက်မျိုးက ပနာရပါတယ်လေ။

တန်နာဇီရဲ့ဓားရှည်ကတော့ ထက်မြက်လှကာ ဓားရိုးမှာလည်း အနည်းဆုံးအဆင့်ရှစ်လောက်ရှိမယ့် မှော်အမြူတေတပ်ထားပါတယ်။ သူတို့တွေ ဘယ်လိုရှုထောင့်ကကြည့်ကြည့် ရှန်ယန်ရှောင်က အရှုံးချည်းဖြစ်နေပါတယ်။

"မင်းက ပိုငယ်မှတော့ မင်းကို အရင်ပစ်ခွင့်ပေးမယ်"လို့ လူတွေကို အနိုင်ကျင့်တတ်သူမဟုတ်သော တန်နာဇီကပြောလိုက်ပါတယ်။ တစ်ဖက်သားက သူ့ထက်ငယ်နေတဲ့အပြင် ဒီလိုလက်နက်မျိုးနဲ့ဆိုတော့ သူနောက်တစ်လှမ်းဆုတ်ပေးလိုက်တာဖြစ်သည်။

ရှန်ယန်ရှောင်က ယုံကြည်မှုအပြည့်ရှိနေသော တန်နာဇီအား ပြုံးစစနဲ့ကြည့်လိုက်သည်။

"အိုး..ဒါဆိုရင်လည်း မယဉ်မကျေးဖြစ်သွားမယ်ဆိုရင် နားလည်ပေးပါ"

တန်နာဇီလည်း ပြန်ဖြေလိုက်ပါတယ်။

"ကိစ္စမရှိပါဘူး လက်မတွန့်ပါနဲ့"

All Chapters