← Chapters

အခန်း (၄၅၇-၄၅၉)

Vol. 31 Ch. 457-459

အခန်း (၄၅၇-၄၅၉)

Vol. 31 Ch. 457-459

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၅၇)

ရှန်ယန်ရှောင်လည်း မြားကျည်တောက်ကိုထုတ်ယူကာ သူမရဲ့ခါးမှာချိတ်ဆွဲထားလိုက်ကာ ခရမ်းရောင်မြို့စားမှာ မြားတပ်လိုက်ပါတယ်။ ဒီနေရာမှာရှိနေကြတဲ့ တန်နာဇီအပါအဝင်ဖြစ်သော လူအားလုံးဟာ အကြီးတန်းဓားသမားဖြစ်သူ တန်နာဇီကို လေးကျိုးပိုင်ရှင်ကလေးတစ်ယောက်က အနိုင်ရစရာမရှိဘူးလို့ပဲ ယူဆထားကြတာပါ။

ရှန်ယန်ရှောင်လေးငင်လိုက်ချိန်မှာ မမြင်ရသောမှော်အားတစ်ခုက လေးတစ်စင်းလုံးကို ပျံ့နှံ့သွားခြင်းကိုတော့ ဘယ်သူမှမသိလိုက်ကြပါဘူး။ အသံတစ်သံကိုသာကြားလိုက်ရပြီးနောက် လေးမှာရှိနေတဲ့မြားက တန်နာဇီထံကို မိုးကြိုးပစ်လိုက်သလို ပြေးထွက်သွားပါတယ်။ မြားဟာ အလွန်အမင်းလျှင်မြန်လှပြီး ဘယ်သူမှ မြားရိပ်ကိုတောင်မမြင်လိုက်ကြပါဘူး။ သူတို့မြင်တာဆိုလို့ ငွေရောင်အလင်းတစ်ခုက လျှင်မြန်စွာပြေးထွက်သွားတာကိုပဲဖြစ်ပါတယ်။

စိတ်အေးလက်အေးနေနေတဲ့ တန်နာဇီတစ်ယောက် လေးစုတ်ဆီကနေပြေးထွက်လာတဲ့ မြားရဲ့အရှိန်အဟုန်ကို ခံစားမိလိုက်တာကြောင့် ခုန်ထွက်ရှောင်တိမ်းလိုက်ပါတယ်။ အားလုံးက မြားတော့လွဲသွားပြီလို့ ထင်လိုက်ချိန်မှာပဲ...

နောက်အသံတစ်သံနှင့်အတူ ငွေအလင်းတန်းတစ်ခု ထပ်မံထွက်ပေါ်လာကာ ပထမမြားနောက်ကိုလိုက်သွားပြီး ပထမမြားရဲ့အမြှီးကို မယုံနိုင်စရာအနေအထားနဲ့ထိမှန်သွားပါတယ်။ တည့်တည့်ပြေးနေသော ပထမမြားဟာ လမ်းကြောင်းလွှဲခံလိုက်ရတာကြောင့် ရှောင်သွားသော တန်နာဇီထံ ချက်ခြင်းပြေးဝင်သွားပါတယ်။

အခုလိုဖြစ်လာမယ်လို့ ထင်မထားတဲ့ တန်နာဇီလည်း ရှောင်ချိန်မရတော့တာကြောင့် ဓားကိုမြှောက်ကာ မြားအားနှစ်ခြမ်းပိုင်းဖြတ်လိုက်ပါတယ်။ အလွန်လျှင်မြန်စွာပျံသန်းနေသော မြားဟာ ထက်ပိုင်းဖြတ်ခံလိုက်ရပေမယ့် ရပ်တံ့မသွားသေးဘဲ တန်နာဇီပါးနားကနေပျံသန်းသွားပါတယ်။

လေအေးနှစ်ခုက သူ့ပါးပြင်နှစ်ဖက်ကို ပွတ်တိုက်သွားတာကို ခံစားမိလိုက်ကာ စပ်ဖြင်းဖြင်းဖြစ်သွားပါတယ်။ စပ်ဖြင်းဖြင်းဖြစ်နေသော ပါးပြင်အားလက်နဲ့ကိုင်လိုက်မိတော့ နွေးထွေးမှုတစ်ခုကို လက်ဖျားမှာထိတွေ့မိသွားပါတယ်။ လက်ကိုကြည့်လိုက်တော့ သွေးစွန်းနေတာကို တွေ့လိုက်ရပါတယ်။ ပိုင်းဖြတ်ခံလိုက်ရတဲ့မြားနှစ်ပိုင်းက သူ့ပါးပြင်နဲ့တစ်စင်တီမီတာအကွာကနေ ဖြတ်သွားတာဖြစ်ကာ ပါးပြင်နဲ့မထိသွားပေမယ့် သူ ဒဏ်ရာရသွားပါသေးတယ်။ တန်နာဇီရင်ထဲ လှုပ်ခတ်သွားရပါတယ်။

"ဘာဖြစ်သွားတာတုန်း"

ဘေးကနေကြည့်နေကြသော ပရိသတ်တွေ ဒီမင်သက်ဖွယ်မြင်ကွင်းကြောင့် မျက်လုံးတွေပြာသွားကြပါတယ်။ လမ်းခုလတ်ကမြားကို ပစ်မှတ်လမ်းကြောင်းပြောင်းလိုက်ခြင်းက မတွေးထင်မိလောက်စရာဖြစ်ရပ်ဖြစ်သည်။

ဒါပေမယ့် တန်နာဇီပါးပြင်က ခြစ်ရာနှစ်ခုနဲ့ယှဉ်လိုက်ရင်တော့ ဘာမှမဟုတ်တော့ပါဘူး။ မြားပြတ်နှစ်ခုက တန်နာဇီပါးနဲ့နည်းနည်းကွာနေတာကို အားလုံးမြင်တွေ့လိုက်ရပါတယ်။ ဒါကို ဘယ်လိုလုပ်ပြီးတော့ ခြစ်ရာဖြစ်သွားရတာလဲ။

ဘေးကရပ်ကြည့်နေသူတွေထဲမှာ လေးသမားတွေပါဝင်ကာ ခေါင်းပွင့်မတတ်စဉ်းစားသော်လည်း မဖြေမထွက်ခဲ့ကြပါဘူး။

"မင်းက တော်တော်တုံးတဲ့ကောင်ကြီးပဲလို့ ငါပြောရမယ်ဟေ့ တစ်ဖက်သားကို အထင်သေးတာက ကိုယ့်ကိုယ်ကိုထိခိုက်ခံစားစေမှာပဲ"လို့ ရှန်ယန်ရှောင်က ပြုံးတုံ့တုံ့နဲပြောလိုက်သည်။

"ဘာဖြစ်..."

ဘာဖြစ်သွားတာလဲဆိုတာကို မေးဖို့လုပ်နေတဲ့ တန်နာဇီတစ်ယောက် စကားဆုံးအောင်မပြောလိုက်ရဘဲ သူ့တစ်ကိုယ်လုံးကို တန်ထောင်ချီလေးလံသော ကျောက်တုံးကြီးတွေတင်ထားသလို လေးလံလာပြီးခြေထောက်တွေပျော့ကျသွားကာ မြေပေါ်လဲမတတ်ဖြစ်သွားသည်။

သူ့လက်ထဲကဓားကိုမြေပေါ်ထောက်လိုက်ပြီး လဲကျမသွားစေရန် ထိန်းထားလိုက်ရပါတယ်။ သို့ပေမယ့် သူ့ကိုယ်ပေါ်မှာ အလွန်လေးလံနေသောအားကြောင့် ယိမ်းယိုင်နေပါတယ်။

"ကိုကြီးနာဇီ"လို့ ရှန်ကျိယီက ထိတ်လန့်တကြားအော်လိုက်ပါတယ်။

အားလုံးရဲ့ တုန်လှုပ်နေသောမျက်ဝန်းတွေအောက်မှာပဲ ရှန်ယန်ရှောင်ဟာ ဒူးတစ်ဖက်ထောက်နေရတဲ့ တန်နာဇီအနားကို တစ်လှမ်းခြင်းတိုးသွားပါတယ်။

"နင်...နင် ဘာလုပ်မလို့လဲ"လို့ပြောလိုက်တဲ့ ရှန်ကျိယီကို ရှန်ယန်ရှောင် မသိကျိုးကျွံပြုကာ တန်နာဇီနားကိုပဲ သွားလိုက်ပါတယ်။

ထို့နောက်လေးနဲ့တန်နာဇီခေါင်းကို မတင်လိုက်ပါတယ်။ ခေါင်းမော့ခံလိုက်ရတဲ့ တန်နာဇီဟာ မမြင်ဖူးသောမျက်နှာကလွဲရင် ရင်းနှီးနေသောအနံ့အသက်၊ပုံစံနဲ့ အပြုအမူတို့ကို တွေ့မြင်သွားပါတယ်။

"ရှောင်..."

တန်နာဇီ ဆုံးအောင်မပြောလိုက်ရဘဲ ခေါင်းအရိုက်ခံလိုက်ရပါတယ်။

"အခု အရှုံးပေးပြီလား"လို့ ရှန်ယန်ရှောင်က တန်နာဇီမေးခွန်းထုတ်မှာကို မစောင့်တော့ဘဲ ပြောလိုက်ပါတယ်။

တန်နာဇီဟာ သူ့ရှေ့ကကောင်လေးကို ကြည့်ကာတွေးလိုက်မိတာက သူက သူများလားဆိုပြီးဖြစ်ပါတယ်။ ဒီလိုတွေးလိုက်မိတော့ တန်နာဇီ ရှုံးတယ်လို့ဝန်မခံဘဲ ဘယ်နေပါ့မလဲ။ သူသာ တစ်ကယ်သူဖြစ်နေရင် သူပြန်တိုက်ခိုက်ရဲတဲ့သတ္တိမရှိသလို တိုက်ခိုက်ရဲရင်တောင် နိုင်စရာလည်းအကြောင်းမရှိပါဘူး။ ဒီတော့ ရှုံးတယ်လို့ ဝန်ခံရုံသာကျန်ပါတော့တယ်။

"ငါ..အရှုံးပေးပါတယ်"

ရှန်ယန်ရှောင်လည်း တန်နာဇီကို လွှတ်ပေးလိုက်ပြီး ရှန်ကျိယီဆီ သွားလိုက်ပါတယ်။

"နင်...မလာနဲ့နော်"လို့ ရှန်ကျိယီက အလန့်တကြားပြောလိုက်သည်။

ရှန်ကျိယီလှည့်ပြေးမယ်အလုပ် ရှန်ယန်ရှောင်က လေးနဲ့ချိတ်ဆွဲထားလိုက်ပါတယ်။ ထို့နောက် မင်ခဲကိုထုတ်ကာ ရှန်ကျိယီမျက်နှာပေါ်မှာ ရေးချယ်ပါတော့သည်။ ထို့နောက်မှာတော့ ကျယ်လောင်စူးရှစွာ အော်ဟစ်သံကို ကြားလိုက်ရပါတယ်။

နှစ်စက္ကန့်သုံးစက္ကန့်အတွင်းမှာပဲ ရေးဆွဲခြင်းပြီးဆုံးသွားကာ ရှန်ယန်ရှောင်လည်း ရှန်ကျိယီအား စက်ဆုပ်စွာတွန်းလွှတ်လိုက်သည်။

"ကောင်းတယ် မင်းနဲ့တော်တော်လိုက်တယ်"လို့ ရှန်ယန်ရှောင်က သူမရဲ့လက်ရာကိုသဘောကျစွာ ပြောလိုက်ပြီးနောက် မင်ခဲကို ရှန်ကျိယီရဲ့ မျက်နှာသို့ပစ်လိုက်ပါတယ်။

ရှန်ကျိယီဟာ သူမမျက်နှာကိုမမြင်တွေ့ရပေမယ့် လူတွေရဲ့အမူအယာတွေကြည့်လိုက်ရုံနဲ့ ဘာဖြစ်နေလဲဆိုတာကို သိပါတယ်။ ဘာကိုမှဂရုမစိုက်နိုင်တော့ဘဲ မျက်နှာကိုအုပ်ကာ ငိုကြွေးရင်းပြေးထွက်သွားလိုက်ပါသည်။

ရှန်ယန်ရှောင် နှုတ်ခမ်းကိုစေ့လိုက်ကာ ဒါလောက်လေးတောင်မခံနိုင်သေးဘူးပဲ အရင်အတိုင်းပဲ အသုံးမကျတုန်းပါလားလို့ တွေးလိုက်မိသည်။

သူမနောက်ကိုလှည့်ကာ ပြန်တော့မယ်အလုပ်တွင် တန်နာဇီက တားလိုက်သည်။

"ခဏနေပါဦး.."လို့ ခက်ခက်ခဲခဲနဲ့ ပြောလိုက်တာဖြစ်သည်။

ရှန်ယန်ရှောင် နောက်ကိုပြန်လှည့်ကြည့်လိုက်ပါသည်။ သူမ အသုံးပြုလိုက်တဲ့ တစ်မျိုးကျိန်စာက တော်ရုံတန်ရုံကျိန်စာမဟုတ်ပါဘူး ဒါကိုတောင် ဒီသကောင့်သားက အခုထိ တောင့်ခံနိုင်သေးတယ်ဆိုတော့ တော်တော်မာတာပဲ။

"မင်းက.."

တန်နာဇီဟာ ကောင်လေးကိုကြည့်ရင်း သံသယအစိုင်အခဲတွေ ပိုကြီးထွားလာပါတယ်။

ရှန်ယန်ရှောင်က တုံးရန်ကောဆိုသော အကြည့်တစ်ချက်ကိုဆုအဖြစ်ပေးလိုက်ပြီးနောက် ဘာမှမပြောတော့ဘဲ ပြန်သွားပါတော့သည်။

တစ်ကယ့်ကို ကုမရပြုမရလောက်အောင် တုံးတာပဲ။ ဒီငတုံးက သူမနဲ့ လအတော်ကြာအောင် တစ်ခန်းထဲအတူနေလာသေးတာနော်။

နောက်ဆုံးတော့ တန်နာဇီတစ်ယောက်သာ လှုပ်မရပြုမရနဲ့ ထီးထီးကြီးကျန်နေရစ်ပါတော့သည်။ လူသုံးယောက် လမ်းထဲကိုရောက်လာချိန်မှာ ဘယ်လောက်ကြာသွားပြီလဲဆိုတာကို တန်နာဇီမသိတော့ပါဘူး။

အိပ်ငိုက်နေပြီဖြစ်သော တန်နာဇီတစ်ယောက် သူ့ကိုယ်ပေါ်က အလေးအချိန်ကြီး ပျောက်ကွယ်သွားတာကို ခံစားမိလိုက်ကာ ခုန်ထလိုက်တော့ ငနာသုံးကောင် သူ့ရှေ့မှာရပ်နေတာကို တွေ့လိုက်သည်။

"မင်းတို့က ဘာဖြစ်လို့ ဒီနေရာရောက်နေကြတာလဲ"

တန်နာဇီက အံ့အားသင့်စွာနဲ့ပြောလိုက်သည်။

"မင်းက နှင်းသက်လေမြို့ထဲမှာ ဖျော်ဖြေပွဲလေးလုပ်နေတာဆိုတော့ ငါတို့လည်း လာအားပေးရတာပေါ့ကွာ"လို့ ကြူရှီယာက ယန်းရှီပုခုံးပေါ်မှာ လက်တင်ထားရင်းနဲ့ ပျင်းရိစွာပြောလိုက်ခြင်းဖြစ်သည်။

"ရှန်ကျိယီပြန်ရောက်ပြီပေါ့"လို့ တန်နာဇီမေးလိုက်သည်။

"သူကပြန်ရောက်နေပြီ ဒါပေမယ့် အခုထိတော့ သူ့အခန်းထဲမှာ ငိုနေတုန်းပဲ။ မင်းတို့ ဘာဖြစ်သွားကြတာတုန်း။ ရှန်ကျိယီမျက်နှာပေါ်မှာလည်း..အင်း..လိပ်ကြီးတစ်ကောင်ပုံရှိနေတယ်"လို့ ယန်းရှီကပြောလိုက်သည်။

"အင်း တစ်ကယ့်ကို အကြီးကြီးပဲ"လို့ အလေးအနက်ပြောဟန်နဲ့ ပြောလိုက်ပေမယ့် ကြူရှီယာမျက်လုံးထဲမှာတော့ ပြုံးစစအမူအယာရှိနေပါတယ်။

ယန်ယုက ဝင်မေးလိုက်တာကတော့"ရှန်ကျိယီကို လမ်းလျှောက်လိုက်ပို့ရုံနဲ့ ဘယ်လိုလုပ်ပြီး ဒီလိုတွေဖြစ်ကုန်တာလဲဆိုတာ ငါတို့ကိုရှင်းပြနိုင်သလား"

ငိုယိုပြီးပြန်လာတဲ့ ရှန်ကျိယီမျက်နှာမှာ ပုံတစ်ပုံရှိနေတာကြောင့် အားလုံးစိတ်ဝင်စားနေသလို တန်နာဇီပြန်မပါလာတဲ့အတွက်လည်း ပိုစိတ်ဝင်စားနေကြပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၅၈)

အကြင်နာတရားခေါင်းပါးလှတဲ့ သူ့သူငယ်ချင်းသုံးကောင်အား စိတ်ပျက်လက်ပျက်နဲ့ကြည့်လိုက်ပြီးတော့ တန်နာဇီ ပြောလိုက်ပါတယ်။

"ငါရှုံးရင် တစ်ဖက်လူက ရှန်ကျိယီရဲ့မျက်နှာပေါ်မှာ လိပ်တစ်ကောင်ရေးဆွဲနိုင်တယ်လို့ သဘောတူလိုက်ပြီးတော့ ငါတစ်ကယ်ရှုံးသွားတယ်ဆိုရင် မင်းတို့ ယုံမှာလား"

သူတို့အနေနဲ့ တန်နာဇီကို စရင်စပါလိမ့်မယ် ဒါပေမယ့် တန်နာဇီအစွမ်းကိုတော့ သူတို့ကောင်းကောင်းကြီးသိပါတယ်။ တော်ဝင်ရိုလန်ကျောင်းမဆိုထားနဲ့ လောင်းရွှမ်တစ်ပြည်လုံးမှာ သက်တူရွယ်တူတွေထဲက တန်နာဇီနဲ့ယှဉ်တိုက်နိုင်သော ဓားသမားဆိုတာ တစ်ယောက်တစ်လေတောင်ရှိမှာမဟုတ်ပါဘူး။

"ဘယ်လိုမသေမျိုးကိုများ မင်းက သွားရန်စမိလိုက်တာလဲဟ"လို့ ကြူရှီယာပြောလိုက်သည်။

တန်နာဇီက ကြူရှီယာကို မကျေနပ်တဲ့အကြည့်ပေးလိုက်သည်။

"ငါနဲ့တိုက်ခိုက်ခဲ့တဲ့သူက ရှောင်လေးဖြစ်ရင်ဖြစ်မှာလို့ ပြောရင်ကော မင်းတို့ငါ့ကိုယုံမလား"လို့ ပြောလိုက်ပြန်သည်။

ဒီစကားကြားတော့ သုံးကောင်လုံးရဲ့အမူအယာတွေက တစ်မျိုးကြီးဖြစ်သွားပါတယ်။

"မင်းပြောချင်တာက ရှောင်လေးကို မင်းတိုက်ခဲ့တာလို့လား"လို့ ကြူရှီယာကမျက်ခုံးပင့်ကာပြောလိုက်သည်။

တန်နာဇီမျက်နှာဖြူသွားပြီးနောက် မကျေမနပ်ပြောလိုက်သည်။

"သေချာနားထောင်စမ်းကွာ ငါက မလိုအပ်ဘဲတိုက်မယ့်လူမို့လို့လား"

ငနာသုံးကောင်လုံး မျက်လုံးနဲ့ပြန်ဖြေလိုက်တာကတော့ ဟုတ်တယ်လေဆိုသောအဖြေဖြစ်နေပါတယ်။

တန်နာဇီရင်ခံသွားပါတယ်။

"ဘယ်လိုတွေဖြစ်ခဲ့လဲဆိုတာ ငါ့ကိုပြောပြ ငါဆန်းစစ်ကြည့်မယ်"လို့ ကြူရှီယာပြောလိုက်သည်။

အဲ့ဒါနဲ့ ဖြစ်ကြောင်းကုန်စင်ကို တန်နာဇီပြန်ပြောင်းပြောလိုက်ပါတယ်။

"မင်းက ရှန်ကျိယီကို ကာကွယ်ပေးဖို့ တစ်ယောက်နဲ့တိုက်ခိုက်အပြီးမှာပဲ ရှောင်လေးလို့ထင်ရတဲ့ကောင်လေးနဲ့ တွေ့ပြီးရှုံးသွားတာလို့ မင်းပြောတယ်နော်"

တန်နာဇီပြောကြားချက်အရ အဲ့ကောင်လေးဟာ ရှန်ယန်ရှောင်ဆိုတာ သေချာတယ်လို့ ကြူရှီယာတွေးမိပါတယ်။ လူတွေမြင်ဖူးကြားဖူးခြင်းမရှိသော လေးအတတ်ကိုပြနိုင်တာက သူတစ်ယောက်ပဲရှိတာလေ။ နောက်ပြီး တန်နာဇီဒဏ်ရာကို ယန်ယုကုပေးလိုက်တုန်းကလည်း တိုက်စားမှော်အားအချို့ကိုတွေ့လိုက်ရပါသေးတယ်။ ဒီတော့ ဆင့်ခေါ်သူတွေသာ အသုံးပြုနိုင်တဲ့ဒီမှော်အားနဲ့ သူမတူသော လေးအတတ်တို့ပေါင်းလိုက်ရင် ရှန်ယန်ရှောင်ကလွဲရင် ဘယ်သူရှိဦးမှာလဲ သံသယဝင်နေစရာကို မလိုပါဘူး ရှန်ယန်ရှောင်မှ ရှန်ယန်ရှောင်ပါပဲ။

"သူက ရှောင်လေးဆိုတာ ငါမသိခဲ့ဘူး"လို့ တန်နာဇီက ဖြေရှင်းပြောကြားလိုက်ပါတယ်။

"တစ်ကယ်တန်း အဓိကအချက်က အဲ့ဒါမဟုတ်ဘူးလို့ ငါထင်တယ်နော်"လို့ ယန်ယုက တန်နာဇီအား တစ်မျိုးကြီးကြည့်ကာပြောလိုက်သည်။

"အာ"

တန်နာဇီလည်း သို့လောသို့လောနဲ့ ယန်ယုကိုပြန်ကြည့်လိုက်သည်။

"အဲ့ကောင်လေးက ရှောင်လေးလို့ထားလိုက်ပါတော့ သူမင်းအကြောင်းကို သိထားတာက အရည်အချင်းမပြည့်တဲ့ သမားတော်တစ်ယောက်လို့လေ။ ဒီနေ့ပြန်တွေ့တဲ့အခါရောက်တော့ မင်းက ဓားပညာကိုအသုံးချပြီး သူများနဲ့တိုက်နေခိုက်နေတာဆိုတော့...."

ယန်ယုက သံရှည်ဆွဲလိုက်ပြီးနောက် တိုးပစ်လိုက်ကာ တန်နာဇီရင်ထဲ အေးစိမ့်စိမ့်ဖြစ်သွားရပါတယ်။ တန်နာဇီ ကြောင်တောင်တောင်ဖြစ်သွားသည်။ ယန်ယုပြောစကားတွေက မိုးကြိုးပစ်ချလိုက်သလိုပါပဲ။

ဒီပြဇာတ်ဆန်ဆန်တွေ့ဆုံမှုမှာ ရှန်ယန်ရှောင်ပြောချင်ခဲ့တဲ့စကားက တစ်ခုပဲရည်ရွယ်မှာဖြစ်ပြီး တန်နာဇီက အရှက်မရှိတဲ့လူလိမ်ကောင်ကြီးလို့ ဖြစ်နေမှာကို သူတို့တွေစိုးရွံ့နေမိပါတယ်။

တန်နာဇီ အထိတ်ထိတ်အလန့်လန့်ဖြစ်သွားသည်။ အချိန်အတော်ကြာ ခွဲခွာနေရတဲ့ကောင်မကလေးနဲ့ တိုက်ခိုက်ရတာက ဘာမှမဟုတ်သေးဘူး ဒါပေမယ့် သူလိမ်တာကို တွေ့သွားခဲ့ပြီဆိုတော့....

"နေဦး... ငါက သူ့ကိုသေချာလိမ်ခဲ့တာမှမဟုတ်တာ ဒါတွေအားလုံးက ငါ့မိသားစုက ဘိုးတော်ကြီးက လုပ်ခိုင်းလို့လုပ်ခဲ့ရတာလေ"လို့ တန်နာဇီပြောလိုက်သည်။

သူ့ဇစ်မြစ်အမှန်ကို ရှန်ယန်ရှောင်အား မပြောချင်ခဲ့တာမဟုတ်ပါဘူး သူ့ဘိုးတော်ဖြစ်သူက ဆေးပညာဌာနကို သွားမယ်ဆိုရင် သူပြောသလိုလိုက်နာရမယ်ဆိုပြီး စည်းကမ်းတွေချမှတ်ခဲ့ကာ အတွင်းအားနဲ့ဓားပညာကို ဘယ်တော့မှအသုံးမပြုဖို့နဲ့ ဒီအကြောင်းကို ဘယ်သူ့ကိုမှမပြောဖို့တို့ဖြစ်ပါတယ်။

သူက လူလိမ်မဟုတ်ပါဘူး အာ ဟား.....

ငနာသုံးကောင်ကတော့ တန်နာဇီရဲ့ အပျက်ပျက်အယွင်းယွင်းဖြစ်နေသော မျက်နှာကို တစိမ့်စိမ့်ထိုင်ကြည့်နေကြပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့တွေ စိတ်အေးသွားကြရပါတယ်။

ကံကောင်းလို့ အချိန်မီလေးရောက်လာတာပဲ။

"ရှောင်လေးက ရောက်နေပြီဆိုရင် ဘာဖြစ်လို့ တော်ဝင်ရိုလန်ကျောင်းတည်းတဲ့ ဟိုတယ်ကိုမသွားရတာလဲ"လို့ ယန်ယုကပြောလိုက်သည်။

"လေးနဲ့ဆေးတို့အတွက် ကိုယ်စားပြုကရွေးပြီးသွားတော့ ပြိုင်ပွဲမှာ သူဝင်ပြိုင်ချင်ရင် ဆင့်ခေါ်သူအနေနဲ့ပဲ ပြိုင်ရတော့မှာလေ သူ့ဆရာလည်းအတူတူပါလာလောက်တယ်။ လင်းလက်တိုက်မှာ ဆင့်ခေါ်သူတွေကို ဘယ်လိုသဘောထားလဲဆိုတာ ငါတို့လည်းသိနေတာပဲ။ သူတို့ကိုယ်လူတွေသိရင် မလိုလားအပ်တဲ့ပြဿနာတွေ တက်လာနိုင်တယ်။ အခုနှင်းသက်လေမြို့ထဲကို ရောက်နေပြီဆိုမှတော့ နောက်ဆုံးအဆင့်ရောက်ရင် သူပေါ်လာပါလိမ့်မယ်"လို့ ကြူရှီယာက ပြောလိုက်ပါတယ်။

"လာမယ့်ပွဲတစ်လျှောက်လုံး ရှောင်လေးက လူတွေကြားထဲကနေပြီး ပြိုင်ပွဲကိုကြည့်နေမယ်လို့ ငါယုံတယ်"

ကြူရှီယာက အပျင်းကြောဆန့်လိုက်သည်။ ဆန့်လိုက်သော ကျစ်လစ်တဲ့ကိုယ်လုံးဟာ လမ်းပေါ်မှာရှိသော မိန်းကလေးတစ်စုရဲ့ အာရုံကိုဖမ်းစားထားလိုက်ပါတယ်။

"ငါတို့လုပ်ရမှာက ကောင်းကောင်းလုပ်ပြီးတော့ ကောင်မလေးစိတ်ညစ်မသွားရအောင် ပြိုင်ကြတာပေါ့"

စကားနည်းနည်းပြောလိုက်ကြပြီးနောက် သူတို့လည်းဟိုတယ်ကို ပြန်လိုက်ကြပါတယ်။ သူတို့နေတဲ့အထပ်ကို ရောက်ကာစမှာပဲ ရှန်ကျိယီအခန်းထဲကနေ ငိုကြွေးသံတွေကိုကြားလိုက်ရပါတယ်။

"အခုထိကို ငိုလို့မပြီးသေးဘူးပေါ့"လို့ တန်နာဇီကပြောလိုက်သည်။

ကြူရှီယာတို့ သူ့ဆီရောက်တဲ့အချိန်ကနေစတွက်ရင် အခုထိဆို နှစ်နာရီလောက်ရှိပါပြီ။ ချောင်းပေါက်မတတ်ငိုတဲ့သူတွေတောင် မျက်ရည်ခမ်းနိုင်ပါသေးတယ် ဒီရှန်ကျိယီကတော့ တစ်ခုခုတော့တစ်ခုခုပဲ။

ကြူရှီယာတို့သုံးယောက် ပုခုံးသာတွန့်ပြလိုက်ကြသည်။ ရှန်ယန်ရှောင်အတွက်သာမဟုတ်ရင် ရှန်ကျိယီကို သူတို့တွေ ဂရုတောင်စိုက်နေမှာမဟုတ်ပါဘူး။

"ထားလိုက်ကွာ သူ့အကြောင်းတွေးမနေဘဲ အိပ်ကြစို့"လို့ တန်နာဇီပြောလိုက်သည်။

ရှန်ယန်ရှောင်ကို မပြောထားဘဲ ဖုံးကွယ်ထားခဲ့တဲ့ ဓားသမားကိစ္စကြောင့် ရင်ခံနေတဲ့တန်နာဇီတစ်ယောက် ရှန်ကျိယီကို ဘယ်လိုလုပ်ဂရုစိုက်အားမှာတုန်း။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၅၉)

အခန်းထဲမှာရှိနေသော ရှန်ကျိဝေဟာ အပြင်ဖက်ကလေးယောက်ရဲ့ အသံကိုနားစိုက်ထောင်နေပြီး ထွက်သွားတာကိုကြားလိုက်ရတော့ မျက်နှာပျက်သွားပါတယ်။

သူ့အစ်မနားကို သွားကာပြောလိုက်တာက"မမ သူတို့တွေ အိပ်ဖို့ဝင်သွားကြပြီ"

ငိုကြွေးကာ သနားစဖွယ်အမူအယာရှိနေသော ရှန်ကျိယီ ဒီစကားကိုကြားလိုက်ရတော့ မျက်နှာမည်းသွားကာ ဒေါကန်သွားပါတယ်။

"ဘာလုပ်ရမလဲ...သူတို့က ငါ့ဆီလည်းလာမကြည့်သလို ငါ့အစား လက်တုံ့ပြန်ပေးဖို့လည်း မလုပ်ချင်ကြဘူး"

ရှန်ကျိယီတစ်ယောက် ကုတင်ပေါ်ကထကာ ဒေါသပေါက်ကွဲပါတော့သည်။

ထိုင်ခုံမှာထိုင်နေတဲ့ ရှန်ကျိဝေကတော့ သူ့အစ်မရဲ့ ပြောင်းလဲသွားမှုအပေါ်မှာ စိတ်ပျက်လက်ပျက်နဲ့သာကြည့်နေလိုက်ပါတယ်။ ရှန်ကျိယီရဲ့ ရုတ်ချည်းဒေါကန်မှုကို ရှန်ကျိဝေကလွဲရင် ဘယ်သူမှ ကောင်းကောင်းနားလည်ကြမှာ မဟုတ်ပါဘူး။ တစ်ကယ်က မျက်ရည်တွေနဲ့နာကျင်ခံစားရမှုတွေဟာ အဲ့ဒီကောင်တွေရဲ့ ဂရုစိုက်မှုကို ခံချင်လို့ဟန်ဆောင်နေတာပဲဖြစ်ပါတယ်။

ကြူရှီယာတို့သုံးယောက် တန်နာဇီကိုသွားရှာတော့ မျက်နှာပေါ်က ပေရေနေတာတွေကို ရေဆေးလိုက်ပြီးနောက် ရှန်ကျိဝေကိုခေါ်ကာ ကြူရှီယာတို့လာရင် အချက်ပေးဖို့ အခန်းဝမှာ စောင့်ခိုင်းထားခဲ့ပါတယ်။ ကြူရှီယာတို့ရောက်တာ သိလိုက်ရတာနဲ့ ချက်ခြင်းငိုကြွေးကာ အမူပိုလိုက်တာဖြစ်ပြီး လာရောက်ချော့မော့မှာကို စောင့်နေခဲ့တာပါ။

ရှန်ကျိဝေက သူ့အစ်မဖြစ်သူရဲ့ ဒေါသမျက်နှာကို စိတ်မသက်မသာနဲ့ကြည့်ကာ ပြောလိုက်ပါတယ်။

"မမ ဖေဖေပြောတာက မင်းနဲ့တိုးနယားမျိုးနွယ်က တတိယသခင်လေးနဲ့ နီးစပ်မှဖြစ်မယ်တဲ့.."

"ငါသိတယ်"လို့ ရှန်ကျိယီက စိတ်မရှည်စွာပြောလိုက်သည်။

ဇာမဏီမျိုးနွယ်ဟာ ရှန်ယန်ရှောင်လက်ထဲကို ကျရောက်တော့မှာဖြစ်တာကြောင့် အသုံးမကျသူလက်အောက်မှာ သူ့သားသမီးနှစ်ယာက်ကို မမြင်ချင်တဲ့အတွက် တော်ဝင်ရိုလန်ကျောင်းမှာ ကြူရှီယာကို သူ့သမီးက စိတ်ဝင်စားဟန်ပြခဲ့ကတည်းက ရှန်ကျိယီအနေနဲ့ ကြူရှီယာနဲ့ နီးစပ်ဖို့အကောင်းဆုံးကြိုးစားပါလို့ ရှန်ယူက မှာထားခဲ့ပါတယ်။

ဒီပြိုင်ပွဲကို ရှန်ကျိယီတို့လိုက်လို့ရအောင် ရှန်ယူဘယ်လိုလုပ်ခဲ့တယ်ဆိုတာ ဘယ်သူမှမသိကြပါဘူး။ သူလိုချင်တာက ဒီပြိုင်ပွဲအတွင်းမှာ ကြူရှီယာနဲ့သူ့သမီး နီးစပ်သွားဖို့ဖြစ်ပါတယ်။ ဒါပေမယ့် ငနာသုံးကောင်ပေါ်လာတဲ့အတွက် ရှန်ကျိယီစိတ်ထဲ ေ၀ဝါးသွားခဲ့ပြီး ကြူရှီယာနားမှာပဲ မနေတော့ဘဲ လေးကောင်လုံးကို ပစ်မှတ်ထားလိုက်ပါတယ်။

ကြည့်ရတာတော့ အလွန်ဆိုးတဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ။ ရှန်ကျိယီတစ်ယောက် လူချောလေးယောက်အနားမှာ တဝဲလည်လည်လုပ်ပြီး အခြေအနေမဆိုးသွားအောင်လည်း ထိန်းသိမ်းနေစဉ်မှာ ဘေးကကြည့်နေတဲ့ ရှန်ကျိဝေကတော့ စိတ်ပူနေရပါတယ်။ ကြူရှီယာက သူတို့မောင်နှမနှစ်ယောက်အပေါ်မှာ မဆိုးဘူးဆိုပေမယ့် အရမ်းယဉ်ကျေးလွန်းနေတယ်လို့ သူမြင်ပါတယ်။ နောက်ပြီး လူချောလေးယောက်ထဲက ဘယ်သူကမှ ရှန်ကျိယီကို မျက်စိမကျတာကို သူသိပေမယ့် ရှန်ကျိယီကို မပြောနိုင်တာကြောင့် အစ်မဖြစ်သူစကားကိုပဲ နားထောင်နေလိုက်ပါတယ်။

"ငါပင်ပန်းနေပြီ မင်းပြန်လိုက်တော့ ငါအိပ်တော့မယ်"လို့ ရှန်ကျိဝေကို ရှန်ကျိယီနှင်လိုက်ပါတယ်။

ရှန်ကျိယီတစ်ယောက် စောင်ခြုံလိုက်ပြီး အိပ်လိုက်ပါတော့သည်။ သူမအိပ်မောကျသွားချိန်မှာပဲ ပြူတင်းတံခါးက တိတ်ဆိတ်စွာပွင့်ဟသွားပြီး ရှန်ယန်ရှောင်ဝင်လာခဲ့ပါတယ်။

တစ်ကယ်တန်းက ရှန်ယန်ရှောင် တန်နာဇီအနားကနေ ထွက်သွားပေမယ့် အမှောင်ထဲကနေ ပုန်းပြီးစောင့်နေပေးခဲ့တာပါ။ တစ်မျိုးကျိန်စာအစွမ်းကြောင့် ဘာမှမလုပ်နိုင်ဖြစ်နေသော တန်နာဇီကို တစ်ခုခုဖြစ်သွားရင်လည်း မကောင်းပေမယ့် ဒီအတိုင်းလည်းလွှတ်မပေးချင်သေးတာကြောင့် ကျိန်စာဖြည်မပေးခဲ့ဘဲ စောင့်ပေးနေခဲ့ခြင်းဖြစ်ပါတယ်။

ကြူရှီယာတို့ရောက်လာပြီး စကားပြောနေချိန်မှာ သူမကတော့ ပေါက်စီဆယ်လုံးခန့်စားပြီးသွားပါပြီ။ သူတို့တွေ ဘာတွေပြောနေလဲဆိုတာကို မကြားခဲ့ပေမယ့် အကြံဆိုးပေါက်သွားတဲ့သူမက ကြူရှီယာတို့ပြန်တဲ့အချိန်မှာ နောက်ယောင်ခံလိုက်လာခဲ့တာဖြစ်သည်။

အစကတော့ ငနာလေးကောင်ကို ခြောက်လှန့်ဖို့စိတ်ကူးနဲ့ဖြစ်ပြီး ရှန်ကျိယီနဲ့ရှန်ကျိဝေတို့နှစ်ကောင်ကို တွေ့မယ်လို့ ထင်မထားပါဘူး။

အိပ်မက်ထဲမှာ လူချောလေးယောက်နဲ့ တွတ်တီးတွတ်တာပြောဆိုကာ သာယာနေတဲ့ ရှန်ကျိယီမျက်နှာကို ကြည့်ပြီး ရှန်ယန်ရှောင်တစ်ယောက် စိတ်ကူးကောင်းတစ်ခုရလိုက်ပါတယ်။ သူမရဲ့လက်စွပ်ထဲကနေပြီး ဓားပါးလေးတစ်လက်ကိုထုတ်ယူလိုက်သည်။

အဲ့ဒီနောက် ရှန်ကျိယီရဲ့ မျက်နှာလှလှလေးအား ငုံ့ကြည့်လိုက်ကာ သူမရဲ့ နက်မှောင်သန်စွမ်းလှပသော ဆံနွယ်ရှည်တွေကိုကြည့်လိုက်ပြီး ရှန်ယန်ရှောင် မျက်စိအစုံကျဉ်းမြောင်းသွားခဲ့ပါသည်။

မှောင်နေသောအခန်းထဲမှာ လရောင်ပျပျသာရှိနေပြီး အနက်ရောင်ပိုးသားလေးတွေ လွင့်လွင့်ကျနေတာကို ဝိုးတဝါးတွေ့မြင်နေရပါတယ်။

ခဏအကြာမှာတော့ ရှန်ကျိဝေရဲ့ ကတုံးပြောင်ပြောင်ကို ရှန်ယန်ရှောင်တစ်ယောက် ကျေနပ်စွာကြည့်ပြီး ညစ်ကျယ်ကျယ်ပြုံးလိုက်ပါတယ်။ ဓားပါးလေးကို ပြန်သိမ်လိုက်ပြီးနောက် ပြူတင်းတံခါးကနေပဲ ပြန်ထွက်သွားပါတယ်။ မသွားခင်မှာလည်း ရှန်ကျိယီအတွက် စေတနာအပြည့်ဖြင့် တံခါးပေါက်ကို သေချာပိတ်ပေးထားခဲ့လိုက်ပါသေးတယ်။

အမှောင်ယံညအလယ်မှာတော့ အဖြစ်ဆိုးတစ်ခုက အခုလိုမျိုးစတင်ဖြစ်ပေါ်သွားပါတယ်။

မနက်ခင်းနေရောင်ခြည်က စတင်ဖြန်းပက်ချိန်မှာတော့ လောင်းရွှမ်ပြည်ရဲ့ ကျောင်းပေါင်းစုံပြိုင်ပွဲကြီးက စတင်ဖို့နီးကပ်လာပါပြီ။

တော်ဝင်ရိုလန်ကျောင်းရဲ့ ယာယီတည်းခိုရာ ဟိုတယ်အတွင်းမှာ စူးရှစွာအော်ဟစ်လိုက်သံတစ်သံက ကောင်းကင်သို့တိုင်ပျံလွင့်သွားပါတယ်။

ထိုအချိန်မှာပဲ ငနာလေးကောင်လုံး ဝတ်စားပြင်ဆင်ပြီးလို့ သွားဖို့အသင့်ဖြစ်နေပါပြီ။ အခန်းတွေထဲကထွက်ပြီး လေးယောက်ဆုံတဲ့အခါ အားလုံးရဲ့မျက်လုံးတွေထဲမှာ ယုံကြည်မှုတွေအပြည့်ရှိတောကို လေးယောက်သားတွေ့လိုက်ပါတယ်။

"ထူးလိုက်တာ အဲ့အချစ်ရူးမက ဘာလို့ဒီနေ့ ကောင်းကောင်းနေနေတာလဲမသိဘူး"လို့ ပိတ်ထားတဲ့ရှန်ကျိယီတံခါးကို တန်နာဇီကြည့်ကာပြောလိုက်သည်။

ပုံမှန်ဆိုရင် လှလှပပဝတ်ဆင်ပြီးတော့ သူတို့နောက်ကိုလိုက်ဖို့အတွက် စောင့်နေပြီး မျက်စတစ်ပစ်ပစ်လုပ်နေကြလေ။

ကြူရှီယာက သမ်းဝေလိုက်ပြီး ပြန်မေးလိုက်သည်။

"စောစောက အော်သံကို မင်းကြားလိုက်လား"

"ကြားလိုက်သားပဲ"လို့ တန်နာဇီပြောလိုက်သည်။

"အဲ့အသံက သူ့အခန်းထဲကနေလာတာဖြစ်လောက်တယ် ဒီနေ့တော့ သူ့ကိုငါတို့မတွေ့ရတော့ဘူးလို့ ထင်တာပဲ"ဟု ကြူရှီယာက ပြုံးစစနဲ့ပြောလိုက်သည်။

တန်နာဇီ မျက်ခုံးပင့်ကာ တွေးလိုက်တာက ငါ့အတွက်သတင်းကောင်းပဲဟ...

All Chapters