အခန်း (၄၆၀-၄၆၂)
Vol. 31 Ch. 460-462
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၆၀)
ဟိုတယ်၏ဧည့်ဆောင်အတွင်း ရိုးရှင်းပေမယ့်ခန့်ညားသော ဝတ်ရုံဝတ်ဆင်ထားသော အိုးယန်ဟွမ်းယူဟာ ဌာနမှူးခြောက်ယောက်နှင့်အတူ ရပ်နေပါသည်။
ဌာနခြောက်ခုအားကိုယ်စားပြုသော ကျောင်းသားခြောက်ယောက်လည်း ဧည့်ဆောင်အတွင်း တိတ်ဆိတ်စွာရောက်ရှိလာပါပြီ။ ဌာနခြောက်ခုအားကိုယ်စားပြုသော ချောမောလှပသောကျောင်းသားခြောက်ယောက်အား တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် အိုးယန်ဟွမ်းယူ နှစ်လိုဖွယ်ပြုံးလိုက်သည်။
"ဒီနေ့ဟာ မင်းတို့အားလုံး တော်ဝင်ရိုလန်ကျောင်းကို ကိုယ်စားပြုမယ့်နေ့ပဲ။ ဒီအချိန်ကစပြီးတော့ မင်းတို့တွေဟာ မင်းတို့ကိုယ်တိုင်ရဲ့ ဂုဏ်သိက္ခာနဲ့အသရေကိုတင် တာဝန်ရှိတာမဟုတ်တော့ဘဲ မင်းတို့နောက်က ဌာနတွေအတွက်ပါ တာဝန်ရှိနေပါပြီ။ မောင်တို့ မင်းတို့ရဲ့ အတန်းဖော်တွေနဲ့ နည်းပြဆရာတွေအတွက် အောင်မြင်မှုအသရေကို ယူဆောင်ပေးကြပါ"
အိုးယန်ဟွမ်းယူ၏ စိတ်ခွန်အားတက်ကြွစေတဲ့ မိန့်ခွန်းအပြီးမှာ တော်ဝင်ရိုလန်ကျောင်းအဖွဲ့ဟာ ကျောင်းပေါင်းစုံပြိုင်ပွဲကျင်းပရာနေရာဆီ ချီတက်လိုက်ကြပါတယ်။
အဲ့ဒီလိုမျိုးအဖြစ်အပျက်တွေက လောင်းရွှမ်ပြည်ကျောင်းအဖွဲ့တွေမှာ အလားတူဖြစ်ပွားနေပါသည်။ လာမယ့်ရက်အနည်းငယ်အထိ ဒီမြို့ထဲမှာ သူတို့ကျောင်းတွေရဲ့ ဂုဏ်သိက္ခာနဲ့ ယုံကြည်ချက်အတွက် တိုက်ခိုက်ကြရပါတော့မယ်။
ရှန်ယန်ရှောင်က ရိုးရိုးလေးပဲဝတ်ပြီး မျက်နှာဖုံးတပ်ထားပါသည်။ သူမလိုပဲ မျက်နှာဖုံးတပ်ထားသော ယန်းချီကိုကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။
"သွားကြစို့...လောင်းရွှမ်ပြည်ထဲက ကျောင်းတွေမှာတက်နေကြတဲ့ ကျောင်းသားတွေနဲ့ သူတို့တွေ ဘယ်လောက်တော်လဲဆိုတာကို သွားကြည့်ကြစို့လား"
ယန်းချီက ကျောကိုမတ်မတ်ထားလိုက်ပြီး သူ့မျက်လုံးတွေထဲမှာတော့ မီးတောက်နေသလိုမျိုး ဝင်းလက်နေတာကို တွေ့မြင်ရပါတယ်။ တစ်နေ့ကျရင် လောင်းရွှမ်ပြည်မှာ လင်းလက်တိုက်မှာ ဆင့်ခေါ်သူတွေအတွက် နေရာတစ်ခု ပြန်လည်ရရှိလာမယ်ဆိုတာ သူယုံတယ်။
လောင်းရွှမ်ပြည်ကျောင်းပေါင်းစုံပြိုင်ပွဲဟာ ဒီတိုင်းပြည်ထဲက ကျောင်းတိုင်းအတွက် အလွန်အရေးပါပါတယ်။ ပြိုင်ပွဲမှာ ကျောင်းကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်သော ကျောင်းသားတွေဟာ ကျောင်းတိုင်းရဲ့ သင်ကြားလေ့ကျင့်ပေးနိုင်မှုအား မှတ်ကျောက်တင်ခံရမယ့်သူတွေပဲဖြစ်သည်။ ကျောင်းတိုင်းကျောင်းတိုင်းက သူတို့ရဲ့ကျောင်းသားတွေအနေနဲ့ ပြိုင်ပွဲအတွင်းမှာ ပြောင်မြောက်ထူးချွန်သော အစွမ်းအစတွေကို ပြသပြီး ကျောင်းရဲ့လူကြိုက်များမှုကို မြှင့်တင်ပေးနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။
လောင်းရွှမ်ပြည်ထဲမှာ ထိပ်တန်းကျောင်း၁၆ကျောင်းရှိပြီး ဒုတိယတန်းနဲ့အဆင့်နိမ့်ကျောင်းတွေကတော့ မရေမတွက်နိုင်လောက်အောင်များပါတယ်။ အဆိုပါကျောင်းတွေရဲ့ စွမ်းအားကဘယ်လောက်ရှိသည်ဖြစ်ပါစေ အားလုံးကတော့ ဒီပြိုင်ပွဲမှာ သူတို့ကျောင်းသားတွေ အစွမ်းအစပြနိုင်ဖို့အတွက် စာရင်းပေးသွင်းထားကြပါတယ်။
ဆင့်ခေါ်သူကလွဲရင် ကျောင်းတိုင်းကျောင်းတိုင်းက ဌာနခွဲခြောက်ခုအား နှစ်စဉ်ကျင်းပသော ဒီပြိုင်ပွဲအတွက် စာရင်းပေးသွင်းပြိုင်ပွဲဝင်ကြပါသည်။ ပြိုင်ပွဲဝင်ကျောင်းသားခြောက်ယောက်အပြင် ကျောင်းတိုင်းနီးပါးက ကျောင်းအုပ်တွေနဲ့ဌာနမှူးခြောက်ယောက်တို့လည်း တက်ရောက်ကြပါသည်။ ပြောရမယ်ဆိုရင်တော့ လောင်းရွှမ်ပြည် လက်ရွေးစင်နည်းပြတွေရဲ့ နှစ်စဉ်တွေ့ဆုံပွဲလို့လည်း ပြောနိုင်ပါတယ်။
ဒီနှစ်အဖို့ ကျောင်းပေါင်း၃၇၀ဟာ ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ကာ တစ်ကျောင်းစီကနေ ခြောက်ယောက်စေလွှတ်တာကြောင့် စုစုပေါင်းလိုက်ရင် ပြိုင်ပွဲဝင်ဦးရေ ၂၂၂၀ရှိပါသည်။ နည်းပြတွေနဲ့ကျောင်းအုပ်ကြီးတွေရဲ့ အရေအတွက်ကတော့ ကျောင်းသားတွေနဲ့ယှဉ်လိုက်ရင် ပိုနည်းပါသည်။
ကျောင်းပေါင်းစုံပြိုင်ပွဲကျင်းပရာနေရာက နှင်းသက်လေမြို့လယ်ခေါင်ရဲ့ အကြီးဆုံးကြိုးဝိုင်းအတွင်းမှာဖြစ်ပါသည်။ ကြိုးဝိုင်းဟာ စက်ဝိုင်းပုံကွင်းကြီးဖြစ်ကာ ပရိသတ်ထိုင်ခုံတွေနဲ့ ဝန်းရံထားပြီး လူသောင်းဂဏန်းခန့်ဝင်ဆံ့ပါတယ်။ ကျင်းပမယ့်နေရာကို ပညာရပ်ခြောက်မျိုးအတွက် နေရာခြောက်မျိုးခွဲခြားသတ်မှတ်ထားပါသည်။ နေရာတစ်ခုစီကိုလည်း ပြိုင်ပွဲဝင်တွေ ယှဉ်ပြိုင်ရန်အတွက် စင်မြင့်ဆယ်ခုအဖြစ် ပြန်လည်ခွဲခြားထားပါသည်။
ဟုတ်ပါတယ် ဒီလူထောင်ဂဏန်းလောက်က သောင်းနဲ့ချီဝင်ဆံ့တဲ့ ပြိုင်ပွဲကွင်းကြီးကို ဘယ်လိုမှပြည့်သွားစရာ အကြောင်းမရှိပါဘူး။ သို့သော် ကျောင်းတစ်ကျောင်းစီရဲ့ အဖွဲ့ဝင်တွေအပြင် ဒီပြိုင်ပွဲကိုလာကြသော တစ်ခြားလူတွေလည်း ရှိပါသေးတယ်။ တစ်ချို့ကတော့ လောင်းရွှမ်ပြည်က သြဇာတိက္ကမကြီးသော မိသားစုတွေကဖြစ်ပြီး သူတို့စည်းရုံးလို့ရမယ့် ပြိုင်ပွဲဝင်တွေကို လာအကဲခတ်လေ့လာကြတာဖြစ်သည်။ တစ်ကိုယ်တည်း လျှို့ဝှက်နေထိုင်ကာ အပြင်လောကနဲ့ အဆက်အဆံမလုပ်ကြသော ထိပ်သီးပညာရှင်တွေလည်းလာကြကာ သူတို့၏ ပညာအမွေကို ဆက်ခံနိုင်မယ့် ထူးချွန်ထက်မြက်သော လူငယ်လေးတွေကို တပည့်အဖြစ်ရွေးချယ်ဖို့အတွက်ဖြစ်သည်။ နောက်ပြီးတော့လည်း တိုက်ခိုက်မှုအား နှစ်သက်ကြသောလူတွေလည်း တစ်နှစ်မှတစ်ခါသာ ကျင်းပတဲ့ ကျောင်းပေါင်းပေါင်းစုံပြိုင်ပွဲကို အလွတ်မခံဘဲလာကြည့်ကြတာပေါ့လေ။
ကျောင်းတွေအတွက် ကျောင်းပေါင်းစုံပြိုင်ပွဲဟာ ကျောင်းအမည်နာမကို ရေးထိုးမှတ်ကျောက်တင်နိုင်မယ့် အခွင့်အရေးဖြစ်ပြီး ပြိုင်ပွဲဝင်ကျောင်းသားတွေအတွက်ကတော့ ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် ကျော်စောသောသူတစ်ယောက်ဖြစ်လာနိုင်တဲ့ အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါသည်။ နောက်ဆုံးအဆင့်မှာ အနိုင်မရရင်တောင် အစွမ်းအစကောင်းကောင်း ပြနိုင်ခဲ့ရင် သူတို့ကို သတိပြုမိမယ့် သြဇာအာဏာရှိသော မိသားစုတွေအများအများကြီးရှိနေပါတယ်။ ပြောရမယ်ဆိုရင် ကျောင်းသားတိုင်းဟာ တော်ဝင်ရိုလန်ကျောင်းသားတွေလို ချမ်းသာကြွယ်ဝသူတွေမဟုတ်ပါဘူး။
သူဆင်းရဲမျိုးကလာသော ကျောင်းသားတွေက သူတို့ရဲ့အစွမ်းအစနဲ့အရည်အချင်းကိုပြသကာ သြဇာအာဏာရှိမိသားစုတွေရဲ့ သတိပြုမှုကိုရရှိလိုကြပါတယ်။ တစ်ကယ်လို့သာ သြဇာအာဏာရှိသောမိသားစုတစ်စုကနေပြီး သူတို့ကို ခေါ်ယူလိုက်မယ်ဆိုရင် အနာဂတ်လေ့ကျင့်မှုမှာ အရည်အသွေးတိုးတက်နိုင်ပြီး ပိုမိုကောင်းမွန်သောဘဝနေထိုင်မှုပုံစံအား သူတို့တွေရရှိမှာဖြစ်ပါတယ်။
တစ်ကယ်တန်းကတော့ ထိပ်သီးကျောင်း၁၆ကျောင်းသာလျှင် ပထမနေရာအတွက် မျှော်လင့်ချက်ထားကြတာဖြစ်ပါသည်။ ဒါပေမယ့်လည်း ထိပ်သီးကျောင်း၁၆ကျောင်းက ကျောင်းသားတွေရဲ့ အစွမ်းကို ကျန်ကျောင်းကကျောင်းသားတွေ ယှဉ်လို့မရသော်လည်း ပထမရသူအတွက် ပေးအပ်မယ့်ဆုလာဘ်ဟာ တော်ရုံတန်ရုံသွေးမရှိသူကိုတောင် မက်မောစိတ်တွေဖြစ်သွားစေပါသည်။
တောက်ကြွားသောအမည်နာမဖြစ်သော နယ်မြေဒေသတစ်ခု၏ မြို့တော်အရှင်သခင်ကြီးအဖြစ် ခေါ်ဝေါ်ခံရမည့်အဖြစ်ပင်။
သို့ပေမယ့် အဆိုပါနယ်မြေကတော့ လင်းလက်တိုက်ပေါ်က မသွားရနယ်မြေဖြစ်သော စွန့်ပစ်နယ်မြေထဲမှာဖြစ်ပါတယ်။ အဆိုပါနေရာဟာ သက်ရှိတွေမနေကြဘဲ ဖုန်းဆိုးမြေအတိပြီးသော မြို့ပျက်တွေသာရှိသော လူသားအသွင်ယူနိုင်တယ်လို့ လူသိများသော နတ်ဆိုးတွေသာနေထိုင်ကြပါသည်။ ဒီလိုဆုလာဘ်မျိုးဆိုတာ လူအများစုအတွက်ကတော့ ပြစ်ဒဏ်တစ်ခုပဲဖြစ်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၆၁)
တွေးကြည့်လေ နှစ်ထောင်ချီပြီး စွန့်ပစ်ခံထားရတဲ့ ဖုန်းဆိုးမြေကန္တရာမြေထဲက လူရိပ်တောင်မတွေ့နိုင်သော မြို့ပျက်တစ်ခုကို စည်ကားသိုက်မြိုက်တဲ့ မြို့ပြတစ်ခုအဖြစ်ပြောင်းလဲဖို့ဆိုတာ ဘယ်လောက်တောင် ပေးဆပ်ဖို့လိုမယ်ထင်သလဲ။ နောက်ပြီး ရွှေပြားအရေအတွက်နဲ့ လိုအပ်သော လူအင်အားကို မပြောရင်တောင် မြို့တွေထဲမှာ နေထိုင်နေတာ ကြာလှပြီဖြစ်သော နတ်ဆိုးတွေကို ရှင်းလင်းဖို့ကတင် လက်မှိုင်ချလောက်တဲ့ပြဿနာတစ်ခုပါ။
လောင်းရွှမ်တိုင်းပြည်တစ်ခုတင် အခုလိုမျိုး စွန့်ပစ်မြေကို ဆုလာဘ်အဖြစ်ပေးအပ်တာမဟုတ်ဘဲ လင်းလက်တိုက်ပေါ်က တိုင်းပြည်အတော်များများလည်း အခုလိုပြိုင်ပွဲမျိုးနဲ့ အခုလိုဆုလာဘ်မျိုးကို ချီးမြှင့်ကြပါတယ်။
များပြားလှတဲ့ချန်ပီယံတွေထဲမှာ အများစုကို မြို့တော်သခင်ကြီးအဖြစ် သတ်မှတ်ပေးအပ်ပြီး လူအင်အားအများအပြားနဲ့အရင်းအမြစ်တွေနဲ့အတူ ကန့်သတ်နယ်မြေထဲကို ဝင်ရောက်ခဲ့ကြပေမယ့် နှစ်ထောင်ချီအတွင်းမှာ လူသုံးဦးသာလျှင် တစ်ကယ်အောင်မြင်စွာ စီမံနိုင်ခဲ့ပြီး အဲ့နေရာတွေမှာ အခြေချနေနေကြပါတယ်။ ဒီဆုလာဘ်ဆိုတာ ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ ပြောဖို့လိုမယ်မထင်တော့ပါဘူး။
တိုင်းပြည်တွေရဲ့ မဟာမိသားစုတွေကလွဲရင် ဘယ်သူမှ စွန့်ပစ်မြေအကြောင်း မတွေးဝံ့လောက်တဲ့အထိပါပဲ။ အဆိုပါ စူပါသူဌေးတွေသာ ဒီလိုမျိုး ဖုန်းဆိုးမြေအတွက် ရွှေချခင်းပြီး သူတို့ကိုယ်ပိုင်နယ်မြေအဖြစ် ချဲ့ထွင်ရဲကြတာပါ။ လောင်းရွှမ်ပြည်ထဲမှာတော့ အခုလိုလုပ်ဝံ့သော မိသားစုတွေက လက်တစ်ဆုပ်စာပဲရှိပါတယ်။
မိုးပြာနဂါး၊ ကျားဖြူ၊ ဇာမဏီငှက်၊ လိပ်နက်နဲ့တိုးနယားတို့လို မဟာမျိုးနွယ်စုကြီးတွေအတွက်ကတော့ ဒါဟာအလွယ်ကလေးပါပဲ။ သူတို့အပြင် ဒီလိုနောက်ခံအင်အားတောင့်တင်းသော မိသားစုသုံးလေးစုလည်း လောင်းရွှမ်ပြည်ထဲမှာ ရှိပါသေးတယ်။
ကျန်လူတွေအဖို့ကတော့လား.....
တွေးတောင်မတွေးရဲကြပါဘူး။
ဒါပေါ့ဒါပေါ့ မိသားစုနောက်ခံအင်အားမရှိတဲ့ ကျောင်းသားတစ်ယောက်က ဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အားလုံးကို အလဲထိုးပြီး ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်တော့ အဆိုပါကျောင်းသားကို သံလွင်ခက်ကမ်းကာ ကျောင်းသား၏ စွန့်ပစ်မြေခရီးကြမ်းအတွက် ထောက်ပံ့ပေးမယ့် အင်အားတွေလည်း အများကြီးရှိလာမှာပေါ့။
စွန့်ပစ်မြေထဲမှာ မြို့သုံးမြို့သာလျှင် လူသားတွေပိုင်ဆိုင်ပြီး မြို့တော်သခင်တစ်ဦးက နတ်လေမဟာမိတ်အဖွဲ့ ကျောင်းပေါင်းစုံပြိုင်ပွဲရဲ့ အတိတ်ကချန်ပီယံဖြစ်သည်။ သူဟာ သာမန်ပြည်သူပြည်သားမိသားစုကနေ မွေးဖွားလာတဲ့ အညတရတစ်ဦးဖြစ်ကာ သူမတူသော အရည်အချင်းနဲ့အတူ ပြိုင်ဖက်အားလုံးကို အနိုင်ယူ၍ ချန်ပီယံဖြစ်လာပြီး နတ်လေမဟာမိတ်အဖွဲ့ထဲက အင်အားကြီးကြေးစားတစ်ဖွဲ့ရဲ့ ထောက်ပံ့မှုကိုရရှိသွားခဲ့ပါတယ်။ ရွှေလမ်းကိုခင်း ထောင်နဲ့ချီသော ကြေးစားတွေကို တပ်စွဲပေးခြင်းရဲ့နောက်မှာတော့ စွန့်ပစ်မြေထဲမှာ သူတို့ရဲ့ကိုယ်ပိုင်ဒေသတစ်ခုကို သူဟာ အောင်မြင်စွာရယူနိုင်ခဲ့ပါတော့သည်။
ကျန်မြို့တော်သခင်ကြီးနှစ်ဦးကတော့ လန်ယူမင်းဆက်ပြည်နဲ့ခုနှစ်ပြည်ထောင်တိုင်းပြည်တို့ကဖြစ်ပါသည်။
လောင်းရွှမ်အင်ပါယာသာလျှင် ဘာမှမရှိသေးတာဖြစ်ပါသည်။
အခြားအင်အားကြီးတိုင်းပြည်သုံးခုက စွန့်ပစ်မြေထဲမှာ ကိုယ်ပိုင်နယ်မြေတွေထူထောင်ထားနိုင်တာကြောင့် လောင်းရွှမ်အင်ပါယာရဲ့ ဧကရာဇ်လည်း ဖင်ကဏှာမငြိမ်ဖြစ်ပါတော့တယ်။ လောင်းရွှမ်အင်ပါယာအလံကို စွန့်ပစ်မြေထဲမှာ လွှင့်ထူနိုင်သော အစွမ်းအစရှိလူငယ်လေးတစ်ဦးကို ပိုင်ဆိုင်ဖို့တမ်းတနေတာ ကြာမြင့်ခဲ့ပါပြီ။
အချိန်ကြာလာသည်နှင့်အမျှ ကြီးမားသောပြိုင်ပွဲဝင်းထဲတွင် လူတွေနဲ့ပြည့်ကြပ်နေပါပြီ။ ကျောင်းတွေက တစ်နေရာထဲမှာ စုရုံးနေကြပြီး တစ်ပါးသူတွေက သူတို့ကို ဘယ်ကျောင်းကမှန်းမသိမှာစိုးတာကြောင့် ကျောင်းဝတ်စုံနဲ့ကျောင်းတံဆိပ်တို့ကို ဝတ်ဆင်ထားကြပါတယ်။
အရည်အချင်းရှိသူကို လာရှာကြသော သြဇာကြီးမိသားစုတွေလည်း နေရာယူပြီးကြပါပြီ။ မျိုးနွယ်စုကြီးငါးစုကတော့ ဒီနှစ်ပြိုင်ပွဲအတွက် လူလွှတ်အချိန်မဖြုန်းခဲ့ပါဘူး။ ဇာမဏီမျိုးနွယ်ကလွဲရင် ကျန်တဲ့မျိုးနွယ်လေးစုက ကျောင်းပေါင်းစုံပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်အတွက် သခင်လေးလေးယောက်က ရရှိထားကြတယ်လေ။
ဇာမဏီမျိုးနွယ်က ဘယ်သူမှကိုယ်စားပြုဝင်ပြိုင်မှု မရှိတဲ့ကိစ္စကိုတော့ ဝေဖန်ပြောဆိုစရာ သတင်းကောင်းတစ်ခုအဖြစ် သတ်မှတ်ထားကြပါသည်။ ဒါပေမယ့် ဒီနေ့ရောက်ရှိနေကြသော ပရိသတ်တွေဟာ မျိုးနွယ်ကြီးငါးစုရဲ့ ကောလဟာလတွေကို ပြောဖို့စိတ်ဝင်စားမနေကြဘဲ သူတို့စိတ်ထဲမှာက ဒီနှစ်ချန်ပီယံဘယ်သူဖြစ်မလဲဆိုတာကိုပဲ အာရုံစိုက်နေကြပါတယ်။
ဒီနေရာမှာ တစ်ခုသိထားဖို့လိုအပ်တာကတော့ အရင့်အရင် ချန်ပီယံတွေဟာ စွန့်ပစ်မြေထဲမှာ နယ်မြေတစ်ခုကို အောင်မြင်အောင်မချဲ့ထွင်နိုင်ခဲ့တာကြောင့် လက်ရှိဧကရာဇ်ဟာ ချန်ပီယံကျောင်းသားသာ သွားချင်စိတ်ရှိပါက လောင်းရွှမ်အင်ပါယာအနေနဲ့ သတ်မှတ်ချက်မထားသော ငွေကြေးအင်အားပံ့ပိုးမှုကို ကျောင်းသားရဲ့နယ်မြေချဲ့ထွင်မှုမှာ ပေးအပ်မယ်လို့ ကတိစကားပြောကြားထားမှုကိုဖြစ်ပါသည်။
ဒီလို ကြီးမားသောပမာဏဟာ လူတွေရဲ့ အားကျမနာလိုမှုကို ခံရမှာက သဘာဝကျပါတယ်...
ရုပ်ပြောင်းထားတဲ့ ရှန်ယန်ရှောင်က သူမရဲ့မိသားစုနဲ့အတူ ပြိုင်ပွဲကွင်းထဲကို ဝင်ရောက်နေရာယူလိုက်ပါတယ်။
"ပြိုင်ပွဲဝင်နှစ်ထောင်ကျော်တောင်မှပဲ ဘယ်နှစ်ရက်များကျင်းပမလဲမသိဘူး"လို့ များပြားလှတဲ့အရေအတွက်ကို ကြားလိုက်ရသော ရှန်ယန်ရှောင်တစ်ယောက် ကြောင်တက်တက်ဖြစ်သွားပါတယ်။
ကျောင်းပေါင်းစုံပြိုင်ပွဲဟာ တစ်ယောက်ချင်းယှဉ်ပြိုင်မှုကိုသာ အမြဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး လူနှစ်ထောင်ကျော်ဆိုရင် ပြိုင်ပွဲစင်မြင့်ခြောက်ဆယ်ကျော်ရှိရင်တောင် နောက်ဆုံးအဆင့်ကတော့ တစ်ရက်နှစ်ရက်အတွင်းမှာ မရောက်နိုင်သေးပါဘူး။
"ငါတို့ ဘယ်လောက်ကြာကြာစောင့်ရစောင့်ရ ကိစ္စမရှိဘူး နောက်ဆုံးအဆင့်ရောက်ဖို့ ကြာလေလေ မင်းအတွက် ပိုကောင်းလေလေပဲ။ ဒီရက်တွေထဲမှာ ကျန်ပညာရပ်ခြောက်ခုရဲ့ ပွဲတွေကို မင်းကောင်းကောင်းကြည့်ရမယ်။ ထူးခြားချက်တွေနဲ့ တိုက်ခိုက်မှုပုံစံတွေကို ပညာရပ်တစ်ခုစီအလိုက် သေချာကြည့်ထားမှ မင်းရင်ဆိုင်ရမယ့် အနာဂတ်တိုက်ပွဲတွေအတွက် အကျိုးကျေးဇူးရမှာ"လို့ ယန်းချီက ရယ်သွေးသွမ်းကာပြောလိုက်သည်။
တပည့်ဖြစ်သူက တိုက်ချင်ခိုက်ချင်နေပြီဆိုတာကို သူရိပ်မိတာပေါ့။ ရှန်ယန်ရှောင်အရည်အချင်းက မြင့်မားပေမယ့် ငယ်လွန်းပါသေးတယ်။ တပည့်မအနေနဲ့ ကျန်ပညာရပ်တွေရဲ့ အားသာချက်အားနည်းချက်တွေကို ပိုမိုလေ့လာသိရှိပြီး နောက်ဆုံးအဆင့်အတွက် အဆင်သင့်ဖြစ်နေစေဖို့ကို ယန်းချီလိုလားပါတယ်။
"ဟုတ်ကဲ့"
ရှန်ယန်ရှောင် ခေါင်းညိတ်ကာပြောလိုက်သည်။ ယန်းချီလုပ်သမျှက သူမကောင်းဖို့ဆိုတာကို နားမလည်ဘဲမနေပါဘူးနော်။
ဇာမဏီနဲ့လန်ဖန်းလီတို့ ပေါက်စနှစ်ကောင်ကသာ ဒီပြိုင်ပွဲကို လုံးဝဥသုံစိတ်မဝင်စားကြတာပါ။ လန်ဖန်းလီက စကားနားထောင်ကာ ရှန်ယန်ရှောင်ဘေးမှာ ထိုင်နေပြီး သူ့အကြည့်တွေက ရှန်ယန်ရှောင်ဆီမှာသာ ရှိနေပြီး ခေါင်းတစ်ချက်မစောင်းသေးပါဘူး။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၆၂)
ဇာမဏီကတော့ တစ်စက်မှအငြိမ်မနေဘဲ အနက်ရောင်အဖြစ်ပြောင်းထားတဲ့ သူ့မျက်လုံးတွေနဲ့ ရှေ့ကိုကြည့်လိုက်နောက်ကိုကြည့်လိုက်နဲ့ အလုပ်ရှုပ်နေပါတယ်။
"အငယ်တန်းမှော်ဆရာတဲ့..အား..အသုံးမကျလိုက်တာ"
"အကြီးတန်းနတ်ဆရာတဲ့..ဘောင်မဝင်ဘူး"
"အဆင့်မြင့်မှော်ဆရာ..ကျွတ်.."
ဒေါင်....
"ကျိကျိ"
ဇာမဏီ့ခေါင်းပေါ်မှာ ရပ်နေသော ဖီးနစ်ပေါက်လေးဟာ သူ့ရှေ့မှာ ရုတ်ချည်းထွက်ပေါ်လာသော အာလူးသီးကိုကြည့်ကာ ထူးဆန်းအံ့သြနေပါတယ်။
ရှန်ယန်ရှောင်လက်သီးနဲ့ထိုးတာခံလိုက်ရသော ဇာမဏီကတော့ မျက်ရည်အဝိုင်းသားဖြစ်နေပါတယ်။ သူ့ကိုရုတ်တရက် ရက်စက်လိုက်သော သခင်ဖြစ်သူအား အနိုင်ကျင့်ခံလိုက်ရသောပုံနဲ့ ကြည့်နေပါတယ်။
"ဘာလို့ ငါ့ကိုထိုးတာလဲ"
သူက ငါကလွဲရင် ကျန်တဲ့လူတစ်ယောက်မှ အနိုင်ကျင့်စရာ မရှိလို့လား။
ရှန်ယန်ရှောင်က ဇာမဏီငှက်အား မင်းကအထိုးခံဖို့လုပ်နေတာကိုးဆိုသော အကြည့်ဖြင့်ကြည့်ပေးလိုက်ပါတယ်။
ဇာမဏီကတော့ နားမလည်နိုင်အောင်ဖြစ်သွားရပါတယ် ငါက ဘာလို့အထိုးခံဖို့လိုတာတုန်း။
တစ်ကယ်ကတော့ ဇာမဏီအခုလေးတင် အထင်တသေးနဲ့ပြောလိုက်သော လူအတော်များများက သူ့သခင်ဆိုးနဲ့အဆင့်တူတွေများသည်လေ။ ရှန်ယန်ရှောင်မှာ နှစ်မျိုးကျင့်ကြံနိုင်စွမ်းရှိပြီး အတွင်းအားနဲ့မှော်အားတို့ကို ပိုင်ဆိုင်ထားပေမယ့် ဇာမဏီငှက်ရဲ့ အဲ့အကြီးတန်းမှော်ဆရာက ဒီအကြီးတန်းလေးသမားကစသဖြင့် ရှုံ့ချပြောဆိုနေမှုကို ရှန်ယန်ရှောင် သည်းမခံနိုင်တော့ပါလေ။
"မမက ဒီနေရာမှာ နောက်ရက်နည်းနည်းနေရင် ဝင်ကစားမှာပေါ့နော်"လို့ လန်ဖန်းလီက ရိုးသားသောမျက်ဝန်းတွေဖြင့် ရှန်ယန်ရှောင်ကိုကြည့်ကာ မေးလိုက်ပါတယ်။
"အင်း"လို့ ရှန်ယန်ရှောင် ခေါင်းညိတ်ပြလိုက်သည်။
ရက်နည်းနည်းကုန်လွန်ပြီးခဲ့တဲ့အခါမှာတော့ သူမစိတ်ထဲက လူသတ်နတ်ဘုရားပုံရိပ်အစား အခုလန်ဖန်းလီရဲ့ ရိုးအအချစ်စဖွယ်ပုံရိပ်ကို အကျင့်ရသွားခဲ့ပါပြီ။
တစ်နေကုန်တစ်နေကန်း ပေါကြောင်ကြောင်ဒဏ္ဍာရီသတ္တဝါက သူမအား မာနသံဖြင့် သခင်လို့ခေါ်သလို ကောင်ချောလေးတစ်ယောက်ကလည်း လေသံပျော့လေးနဲ့ မမ မမလို့အော်အော်ပြောနေခဲ့ပါတယ်။ သူမရဲ့ ဘဝကြီးက တစ်ကယ့်ကို နိမ့်လိုက်မြင့်လိုက်နဲ့ပါလားလို့ ရှန်ယန်ရှောင်အတွေးပေါက်ရပါတယ်။
"မမက ဘယ်လိုနည်းနဲ့ပြိုင်မှာလဲ။ ဖန်းလေးကူလို့ရသလား"
ချစ်စရာအိမ်မွေးသတ္တဝါလေးက ပိုက်လှည့်ပါထွေးလှည့်ပါ အစာကျွေးလှည့်ပါဆိုတဲ့ ပုံစံမျိုးလေးနဲ့ဖြစ်နေပါတယ်။ ဒဏ္ဍာရီသတ္တဝါဇာမဏီကနေ သူမကိုကြည့်တဲ့ပုံစံထက်တော့ တော်ပါသေးတယ်။
မျိုးနွယ်ကြီးခုနစ်မျိုးရဲ့ အစွမ်းတွေပေါင်းစပ်ထားတဲ့ လူသတ်နတ်ဘုရားက သူမနဲ့အတူ စင်မြင့်ပေါ်တက်ချင်သတဲ့လား...
ရှန်ယန်ရှောင်အတွေးထဲမှာ သွေးချောင်းစီးနေသော အရပ်လေးမျက်နှာလုံးမှာ အသေကောင်တွေအပြည့်နဲ့ပုံရိပ်ကို မြင်ယောင်သွားမိပါတယ်။ အဲ့အခါကျရင် လောင်းရွှမ်ပြည်ကျောင်းပေါင်းစုံပြိုင်ပွဲရဲ့ ချန်ပီယံမဖြစ်တော့ဘဲ တစ်တိုင်းပြည်လုံးရဲ့ လိုက်လံသတ်ဖြစ်မှုကိုခံရမယ်သူဖြစ်သွားမယ်လို့ သူမယုံကြည်ပါတယ်။
"မလိုပါဘူး ငါကိုယ်တိုင်ပဲ သွားရမှာ"လို့ ရှန်ယန်ရှောင်က လေးလေးနက်နက်ပြောလိုက်သည်။
ဇာမဏီနဲ့လန်ဖန်းလီတို့က လိမ်လိမ်မာမာနေနေကြပေမယ့် သူတို့လေးယောက်ဟာ လူအများရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါသေးတယ်။ ရှန်ယန်ရှောင်နဲ့ယန်းချီတို့က ရိုးရိုးလေးပဲဝတ်ဆင်ထားကြပေမယ့် ဇာမဏီနဲ့လန်ဖန်းလီတို့က တစ်မူထူးနေတယ်လေ။ အစကတော့ ဒီကောင်နှစ်ကောင်ကို မျက်နှာဖုံးတပ်ပေးဖို့ သူမကြံခဲ့ပေမယ့် ဇာမဏီကတော့ လုံးဝငြင်းဆန်ခဲ့ပြီး လန်ဖန်းလီက သူမလက်ထဲက မျက်နှာဖုံးကိုမြင်ပြီးတဲ့နောက် နှုတ်ခမ်းကိုကိုက်ကာ မျက်ရည်အဝဲသားနဲ့ စိုက်ကြည့်နေကာ မျက်နှာဖုံးတပ်ရရင် အနိုင်ကျင့်ခံရတော့မလိုပုံဖြစ်နေတာကြောင့် လက်လျှော့ခဲ့ရပါတယ်။ သူတို့နှစ်ယောက်လုံးကို ဒီအတိုင်းပဲ နေခွင့်ပေးလိုက်ရပါတယ်။
နုနယ်ပြီးချစ်စရာကောင်းသော ဇာမဏီ၊ ချောမောကာကျက်သရေရှိတဲ့ လန်ဖန်းလီတို့ကို အတိုင်းအဆမရှိအောင် ချစ်ဖို့ကောင်းလှတဲ့ ဖီးနစ်ပေါက်လေးပေါင်းလိုက်တော့ ဒီချစ်ဖို့ကောင်းသော တုံးအအသတ္တဝါသုံးကောင်ဟာ အနားတစ်ဝိုက်က သက်ရှိအမျိုးသမီးမှန်သမျှကို သေစေလုနီးနီးဖမ်းစားထားခဲ့ပါတယ်။
တမြိုက်မြိုက်လောင်ကျွမ်းနေသော မျက်ဝန်းတွေက သူတို့သုံးကောင်အား နဖူးကနေခြေမထိအောင် အပြန်ပြန်အလှန်လှန်ကြည့်နေခဲ့ကြပါတယ်။ အရွယ်ကြီးရင့်သော ယန်းချီသာမရှိနေရင် အဲ့အမျိုးသမီးတွေဟာ သုံးကောင်ဆီကို ခုန်ဝင်လာလောက်ပါတယ်။
သိပ်မကြာခင်မှာပဲ ကျောင်းပေါင်းစုံပြိုင်ပွဲကြီး စတင်တဲ့အကြောင်းကို အချက်ပေးတဲ့ ခေါင်းလောင်းသံက ပဲ့တင်သွားကာ ဆူညံပွက်လောရိုက်နေတဲ့ ကွင်းကြီးတစ်ကွင်းလုံး အပ်ကျသံကြားလောက်အောင် တိတ်သွားပါတော့သည်။
ပွဲတက်ဝတ်ရုံဝတ်ဆင်ထားသော အဖိုးကြီးတစ်ဦးက ခန်းမကျယ်ကြီးရဲ့ အလယ်ဗဟိုကို လှမ်းဝင်လာပါတယ်။ ငြိမ်ဆိတ်နေသော ပရိသတ်တွေကို ဝေ့ကြည့်လိုက်ပြီးနောက် ပြောလိုက်ပါတယ်။
"လောင်းရွှမ်ပြည်ကျောင်းပေါင်းစုံပြိုင်ပွဲကြီး မကြာခင်မှာပဲ စတင်တော့မှာပါ။ နောက်ရက်ပိုင်းအတောအတွင်းမှာ တစ်ပြည်လုံးက လက်ရွေးစင်တွေစာ ဒီနေရာမှာ သူတို့ကိုယ်တိုင်နဲ့ကျောင်းရဲ့ နာမည်ဂုဏ်သတင်းတို့အတွက် ပြင်းထန်စွာယှဉ်ပြိုင်ကြပါလိမ့်မယ်။ မင်းတို့ဟာ မင်းတို့ရဲ့ကိုယ်ပိုင်ဂုဏ်သိက္ခာအတွက် တိုက်ခိုက်နေတာမဟုတ်ဘဲ မင်းတို့နောက်က ကျောင်းတစ်ကျောင်းလုံးရဲ့ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ကြရမှာပါ။ ပြိုင်ပွဲကြီးစတင်တာနဲ့ ပညာရပ်တစ်ခုစီအတွက် သတ်မှတ်ထားတဲ့နေရာတွေမှာ ပြိုင်ပွဲဆယ်ပွဲကို တစ်ပြိုင်တည်းလုပ်မှာဖြစ်ပါတယ်။ ဒီပွဲဟာ ရှုံးထွက်အဆင့်ဖြစ်ပြီး ရှင်သန်နိုင်သူတွေအတွက် အသင့်လျော်ဆုံးဖြစ်တယ် နိုင်သူတက်ပြီး ရှုံးသူထွက်ရပါမယ်။ ရှုံးထွက်ပွဲစဉ် ခြောက်ပွဲရှိပါတယ်။ ပညာရပ်တစ်ခုစီရဲ့ ထိပ်ဆုံးပြိုင်ပွဲဝင် ငါးယောက်ဟာ အကြိုဗိုလ်လုပွဲကို တက်ရောက်ဖို့ရွေးချယ်ခံရမှာဖြစ်ပြီး အကြိုဗိုလ်လုပွဲစဉ်မှာ ပညာရပ်တစ်မျိုးစီရဲ့ အကောင်းဆုံးလူတစ်ယောက်စီကို ဗိုလ်လုပွဲတက်ရောက်ဖို့ ရွေးချယ်ခံရမှာဖြစ်တယ်"
ပညာရပ်ခြောက်မျိုးအတွက် ရှုံးထွက်ခြောက်ပွဲနဲ့ ဗိုလ်လုပွဲတက်ရောက်ခွင့်လက်မှတ်အတွက် စုစုပေါင်းပွဲအရေအတွက် ၃၆၀ပါ။ ဒါက ပြိုင်ပွဲရဲ့ပြင်းထန်မှုကို ပြနေတာဖြစ်ပါတယ်။ ကွင်းထဲမှာရှိနေသူအားလုံး အသက်အောင့်ထားလိုက်မိကြကာ ဒီအချိန်မှာ သူတို့အားလုံးအတွေးထဲမှာတော့ အံ့ချီးဖွယ်တိုက်ပွဲကို ပွဲစတာနဲ့တွေ့ခွင့်ရဖို့ပဲ ဖြစ်ပါတော့သည်။
"ဒါပါပဲ ကဲအခု ကျောင်းအားလုံးက ပြိုင်ပွဲဝင်တွေကို မဲနှိုက်ဖို့အတွက် ဖိတ်ခေါ်လိုက်ရအောင်လား။ ဒီနေ့အတွက် ရှုံးထွက်နှစ်ပွဲကျင်းပသွားမှာဖြစ်ပြီး မနက်ပိုင်းအတွက် တစ်ပွဲနဲ့နေ့ခင်းပိုင်းအတွက် တစ်ပွဲဖြစ်ပါတယ်။ ဒီနေ့ပြိုင်ရမပြိုင်ရကို မင်းတို့တွေနှိုက်မိတဲ့ နံပါတ်အရသိရမှာဖြစ်ပြီး ဒီနေ့အတွက် မပြိုင်ရမယ့်ပြိုင်ပွဲဝင်တွေအနေနဲ့ ပြိုင်ပွဲကွင်းကနေ ထွက်သွားချင်သပဆိုရင် ဒီနေ့အတွက်ထွက်သွားနိုင်ပါတယ်"လို့ အဖိုးကြီးက ဖြည်းဖြည်းမှန်မှန်နဲ့ကြေငြာလိုက်ပြီး ဖိတ်ခေါ်တဲ့အမူအယာလုပ်ပြလိုက်ကာ စင်မြင့်ကနေပြန်ထွက်သွားပါတယ်။