← Chapters

အခန်း (၂၇၅)

Vol. 25 Ch. 275

အခန်း (၂၇၅)

Vol. 25 Ch. 275

“အမတ် ဟီရှန်း၊ လမ်းတံတားတွေ ဆောက်ဖို့၊ သတ္တုတွင်းတွေ တူးဖော်ဖို့နဲ့ မြေရိုင်းတွေ ဖော်ထုတ်ဖို့ ပြည်သူတွေကို ဆက်ပြီး စုစည်းဦးဆောင်ပေးပါ”

“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”

“အမတ် ချောင်ချောင်၊ စစ်သည်သစ်တွေ ဆက်ပြီး စုဆောင်းပါ။ ဒီနှစ်ကုန်မှာ ငါတို့ မဟာရှရဲ့ စစ်အင်အားကို ၄ သန်းအထိ ရောက်အောင် လုပ်ရမယ်”

“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”

“အမတ် လီလင်းဖူ၊ မဟာရှအတွက် အရည်အချင်းရှိတဲ့ လူတော်လူကောင်းတွေ ရွေးချယ်နိုင်ဖို့ ဆောင်းဦးရာသီ နန်းတွင်း တော်ဝင်စာမေးပွဲကို ဆက်ပြီး ကျင်းပရမယ်”

“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”

အမိန့်တွေ ပေးပြီးနောက် လင်းပိုင်ဖန်သည် သူလုပ်စရာ တခြားဘာမှ မရှိတော့ကြောင်း တွေ့လိုက်ရသဖြင့် လက်ကို ဝေ့ယမ်းလိုက်ကာ - “တခြား တင်ပြစရာ မရှိတော့ရင် ညီလာခံကို ဒီမှာတင် ရပ်နားကြစို့”

“အရှင်မင်းကြီး၊ တင်ပြစရာ အရေးကြီးကိစ္စ တစ်ခု ရှိပါသေးတယ်” ဟု ဝန်ကြီးချုပ် ရှောင်ကော်လျန်က ထရပ်လိုက်သည်။

“ဦးရီးတော်... ဘာကိစ္စများလဲ” ဟု လင်းပိုင်ဖန်က မေးလိုက်သည်။

“အရှင်မင်းကြီး” ရှောင်ကော်လျန်က စိတ်လှုပ်ရှားစွာဖြင့် - “အခုဆိုရင် ကျွန်တော်မျိုးတို့ မဟာရှနိုင်ငံဟာ အင်ပါယာ နှစ်ခုကို ဆက်တိုက် အနိုင်ယူနိုင်ခဲ့ပြီး တစ်လောကလုံးမှာ နာမည်ကျော်ကြားနေပါပြီ။ နယ်မြေအကျယ်အဝန်း၊ လူဦးရေနဲ့ တခြားကဏ္ဍ အသီးသီးမှာလည်း ကိုယ်ပိုင် မင်းဆက်တစ်ခု တည်ထောင်ဖို့ အပြည့်အဝ အရည်အချင်း ပြည့်မီနေပါပြီ။ ဒါကြောင့် အရှင်မင်းကြီးအနေနဲ့ မင်းဆက်သစ် တည်ထောင်ပြီး မဟာရှကို ပိုမို တောက်ပြောင်လာအောင် လုပ်ပေးဖို့ ကျွန်တော်မျိုး တောင်းလျှောက်ပါတယ်”

“အရှင်မင်းကြီး... မင်းဆက်သစ် တည်ထောင်ပြီး မဟာရှကို ပိုမို တောက်ပြောင်လာအောင် လုပ်ပေးပါ” ဟု စစ်ဘက်၊ အရပ်ဘက် အမတ်မင်းများကလည်း တစ်ပြိုင်နက်တည်း လျှောက်တင်ကာ လင်းပိုင်ဖန်ကို မျှော်လင့်တကြီး ကြည့်နေကြသည်။

အကယ်၍ မဟာရှသာ မင်းဆက်နိုင်ငံအဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင် ထိုဝါရင့် အမတ်ကြီးများ အားလုံးသည်လည်း ဂုဏ်သိက္ခာများ တိုးတက်လာမည် မဟုတ်ပါလော။ ထို့ကြောင့်လည်း သူတို့က ဤကိစ္စကို အပြင်းအထန် ထောက်ခံနေကြခြင်း ဖြစ်ပေသည်။

လင်းပိုင်ဖန်က ခေါင်းခါလိုက်ပြီး - “အချိန် မတန်သေးဘူး”

“အရှင်မင်းကြီး... ဘာလို့ အချိန်မတန်သေးတာလဲ။ အခုဆိုရင် မဟာရှနိုင်ငံဟာ မဟာရွှယ်မင်းဆက်နဲ့ မဟာဖုန်းမင်းဆက်တို့ထက် အများကြီး ပိုသန်မာနေပါပြီ။ သူတို့တောင် မင်းဆက်နိုင်ငံအဖြစ် ရပ်တည်နိုင်သေးတာ၊ ကျွန်တော်မျိုးတို့က ဘာလို့ မရနိုင်ရမှာလဲ” ဟု ရှောင်ကော်လျန်က မကျေနပ်နိုင်ဘဲ ထပ်မံ မေးမြန်းလိုက်သည်။

အမတ်မင်းများလည်း အလွန်ပင် နားမလည်နိုင်အောင် ဖြစ်နေကြသည်။ အမှန်စင်စစ် မဟာရှ၏ နိုင်ငံတော် အင်အားမှာ မင်းဆက်များစွာထက် ပိုသန်မာနေပြီး ‘မဟာ နိုင်ငံတော်ကြီး’ ဟူသော အမည်ကို ဆက်လက် ခံယူထားခြင်းမှာ နာပျော်ဖွယ် မရှိသလို ယုံကြည်စရာလည်း မရှိပေ။ ဤအောင်မြင်မှု အရှိန်အဝါကို သုံးကာ မင်းဆက်နိုင်ငံအဆင့်သို့ တက်လှမ်းလိုက်ခြင်းက ပို၍ ကောင်းမည်ဖြစ်သည်။

လင်းပိုင်ဖန်က ရှင်းပြလိုက်သည် - “အမတ်မင်းတို့... မောင်မင်းတို့ရဲ့ စိတ်ကူးတွေကို ငါကိုယ်တော် နားလည်တယ်။ ဒါပေမဲ့ အချိန်က တကယ်ပဲ မတန်သေးဘူး။ ငါကိုယ်တော်ရဲ့ အမြင်မှာတော့ မဟာရှမှာ တခြားနိုင်ငံတွေကို ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက် ပေါ်ထွက်လာတဲ့ နေ့ဟာ ငါတို့ မင်းဆက်နိုင်ငံတစ်ခု တည်ထောင်ရမယ့် အချိန်ပဲလို့ ယုံကြည်ထားတယ်”

“အဲဒီနေ့က မဝေးတော့ဘူး အမတ်မင်းတို့... မလောကြပါနဲ့ဦး”

ဧကရာဇ်မင်းမြတ်က ထိုသို့ ဆုံးဖြတ်ပြီး ဖြစ်သဖြင့် အမတ်များလည်း ထပ်မံ မကန့်ကွက်တော့ဘဲ အမိန့်ကိုသာ နာခံလိုက်ကြသည်။

ထို့နောက်တွင် ညီလာခံတစ်ခုလုံးက အမတ်များမှာ လင်းပိုင်ဖန် ပေးထားသော အမိန့်များကို အကောင်အထည်ဖော်ရန် အလုပ်ရှုပ်ကုန်ကြတော့သည်။ လင်းပိုင်ဖန်လည်း ထိုနည်းတူပင်။ သူသည် မဟာရှကို ပြုပြင်ပြောင်းလဲရန် ‘အင်ပါယာ မြေပုံ’ ၏ အစွမ်းများကို သုံးရန် ပြင်ဆင်လိုက်သည်။

သူ၏ စိတ်ထဲတွင် ‘အင်ပါယာ မြေပုံ’ ကို ဖွင့်လိုက်ရာ တစ်နိုင်ငံလုံး၏ အခြေအနေမှာ ကွင်းကွင်းကွက်ကွက် ပေါ်လာတော့သည်။ လက်ရှိ မဟာရှနိုင်ငံသည် နယ်မြေအကျယ်အဝန်း ၈ သန်း စတုရန်းမိုင်ခန့်ရှိကာ ကျယ်ဝန်းလှပြီး မင်းဆက်တစ်ခု၏ စံနှုန်းကို ပြည့်မီနေပြီ ဖြစ်သည်။

တစ်နိုင်ငံလုံးကို တောင်တန်းလေးခုက ဝန်းရံထားသည်။ တောင်ဘက်တွင် ‘ဟန်ဒွမ်’ တောင်တန်း၊ မြောက်ဘက်တွင် ‘ဖီးနစ်’ တောင်တန်း၊ အနောက်ဘက်တွင် ‘ကျားဖြူ’ တောင်တန်းနှင့် အရှေ့ဘက်တွင် ‘နဂါးပြာ’ တောင်တန်းတို့ ရှိကြသည်။ ဤတောင်တန်းများက ပြင်ပရန်သူများကို ဟန့်တားပေးနိုင်ပြီး အတွင်းက ပြည်သူများကို အကာအကွယ် ပေးထားသည်။ ထိုတောင်တန်း လေးခုကြားရှိ ကျယ်ပြောလှသော အလယ်ပိုင်းဒေသမှာ မြေပြန့်လွင်ပြင်ကြီး ဖြစ်သည်။

ဤကဲ့သို့ ကျယ်ဝန်းလှသော ဧရိယာနှင့် ထူးခြားသော ပထဝီဝင် အနေအထားတို့က အင်ပါယာတစ်ခုအတွက် အခြေခံအုတ်မြစ် ဖြစ်နေသည်။ ထို့ကြောင့်လည်း ၎င်းကို စနစ်တကျ ပြုပြင်ပြောင်းလဲရမည် ဖြစ်သည်။

“ပထမဦးဆုံး၊ နိုင်ငံအတွင်းက ရေထုစနစ်အားလုံး အပြန်အလှန် ဆက်သွယ်နေအောင် မြစ်တွေကို ချိတ်ဆက်ပေးရမယ်။ ရေလမ်းကြောင်းတွေသာ အကုန်ဆက်နေရင် သယ်ယူပို့ဆောင်ရေးက အများကြီး ပိုအဆင်ပြေသွားလိမ့်မယ်။ ဒါ့အပြင်ကိုမှ လယ်ယာစိုက်ပျိုးရေးအတွက် ရေသွင်းဖို့လည်း လွယ်ကူသွားမှာဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ”

လင်းပိုင်ဖန်သည် ‘ နတ်ဘုရား၏လက်’ စွမ်းအားကို သုံးကာ တကယ့် မြေပုံညွှန်းတမ်း ကစားနည်းတစ်ခုကို ကစားနေသည့်အလား မဟာရှကို ပြုပြင် ပြောင်းလဲလိုက်သည်။ တစ်နာရီခန့်အကြာတွင် မြစ်ချောင်းများအားလုံး ချိတ်ဆက်သွားကာ တစ်နိုင်ငံလုံးတွင် ရေလမ်းကြောင်းကွန်ရက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အခုဆိုလျှင် မြို့တော်ကနေ လှေတစ်စီးနှင့် ထွက်ခွာရုံဖြင့် ရေလမ်းကြောင်းများမှတစ်ဆင့် နိုင်ငံ၏ ဘယ်နေရာကိုမဆို သွားရောက်နိုင်ပြီ ဖြစ်သည်။

“နောက်တစ်ခုက စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်းတွေ တိုးတက်ဖို့အတွက် ရေလမ်းကြောင်းတွေတစ်လျှောက် မြေဆီလွှာတွေနဲ့ သယံဇာတတွေကို ထည့်ပေးရမယ်”

လင်းပိုင်ဖန်သည် မြစ်ကမ်းပါး နှစ်ဖက်စလုံးတွင် မြေဆီလွှာကောင်းများကို ထည့်သွင်းပေးလိုက်သည်။ ထို့အပြင် မြစ်နှင့်လည်းနီး၊ မြို့နှင့်လည်းနီးသော နေရာများတွင် သတ္တုသယံဇာတများကို ဖြန့်ကြက်ပေးလိုက်သည်။ ရလဒ်အနေဖြင့် မဟာရှ၏ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများမှာ အရှိန်အဟုန်ဖြင့် အလျင်အမြန် တိုးတက်လာတော့မည် ဖြစ်သည်။

ဤအလုပ်ကို လုပ်ရန် နာရီဝက်ခန့် ကြာသွားသည်။ တကယ်တော့ ဤမျှ အချိန်ပေးစရာ မလိုချေ။ လင်းပိုင်ဖန် အနေဖြင့် လက်တစ်ချောင်း မရုံမျှဖြင့် နှစ်မိနစ်၊ သုံးမိနစ်အတွင်း အကုန်ပြီးအောင် လုပ်နိုင်သော်လည်း ယခုပြုပြင်ပြောင်းလဲမှုမှာ အလွန်ပင် ကြီးမားလှသဖြင့် ပြည်သူများကို မထိခိုက်စေရန် အလွန်ပင် ဂရုတစိုက်နှင့် ဖြည်းဖြည်းချင်း လုပ်ဆောင်ခဲ့ရခြင်း ဖြစ်သည်။

ဤကြီးမားသော ပြုပြင်ပြောင်းလဲမှု နှစ်ခု ပြီးသွားသည့် နောက်တွင်လည်း လင်းပိုင်ဖန်က ဆက်လက်ပြီး ကုန်းမြင့်များကို ညှိခြင်း၊ ချိုင့်ဝှမ်းများကို မြေဖို့ခြင်းများ ပြုလုပ်ပေးခဲ့သည်။ သူသည် မဟာရှနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတား ဖြစ်စေမည့် အရာအားလုံးကို ရှင်းလင်းခဲ့လိုက်သည်။

……

ထိုအတောအတွင်း ပြင်ပလောကတွင်မူ ပြင်းထန်သော တုန်ခါမှုကြီးတစ်ခု ဖြစ်ပွားခဲ့သည်။

“ဘုန်း...”

ပြည်သူများအားလုံး ထိတ်လန့်သွားကြသည်။

“ဘာတွေ ဖြစ်ကုန်တာလဲ။ အိုးး... မြေနဂါးက လှုပ်ခတ်ပြန်ပြီလား”

“ဒီငလျင်က အရင်ကထက် အများကြီး ပိုပြင်းတာပဲ”

“ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း မဟာရှမှာ ငလျင်ခဏခဏ တိုက်လာတာပဲ။ ဒါဟာ မကောင်းတဲ့ နိမိတ်တစ်ခုခုများလား”

“ဒီနေရာက အန္တရာယ်ရှိတယ်၊ မြေကွင်းပြင်တစ်ခုခုကို သွားပြီး ခိုလှုံကြရအောင်”

“အားလုံး ပြေးကြ”

လူတွေက မြေကွင်းပြင်များဆီသို့ အလောတကြီး ပြေးသွားကြသည်။ ဤငလျင်မှာ ခဏချင်းနှင့် ပြီးသွားလိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း တစ်ရက်နီးပါးအထိ ကြာမြင့်နေခဲ့သဖြင့် လူများမှာ စိုးရိမ်စိတ်များဝင်လာကာ ကောလာဟလအမျိုးမျိုး ထွက်ပေါ်လာတော့သည်။ အချို့ကလည်း ဧကရာဇ်မင်းမြတ်က ကောင်းကင်ဘုံကို စော်ကားလိုက်သဖြင့် နတ်ဘုရားများက ပြစ်ဒဏ်ခတ်နေခြင်း ဖြစ်သည်ဟု ပြောဆိုကြသည်။

အမတ်အချို့မှာ နန်းတွင်း နက္ခတ်ဗေဒဌာနသို့ ပြေးသွားကြသည်။

“အမတ် ယွမ်... ဘာတွေ ဖြစ်နေတာလဲ”

“မြေငလျင်လှုပ်နေတာ တစ်ရက်နီးပါး ရှိနေပြီ၊ ဘယ်တော့မှ ပြီးမှာလဲ မသိဘူး”

“တခြားနေရာတွေက သတင်းတွေအရလည်း ငလျင်တွေ လှုပ်နေတယ်လို့ ကြားရတယ်၊ အခြေအနေက မသေးဘူးနော်”

“အပြင်မှာတော့ ကောလာဟလတွေက အကြီးအကျယ် ပျံ့နေပြီ။ ငါတို့ရဲ့ ဧကရာဇ်က မိုက်မဲတဲ့အတွက်လို့ ကောင်းကင်က ပြစ်ဒဏ်ခတ်နေတာတဲ့၊ မဟာရှကို အပြစ်ပေးနေတာတဲ့”

“ခင်ဗျားက နက္ခတ်ဗေဒဌာနကို တာဝန်ယူထားတာဆိုတော့ တစ်ခုခု ရှင်းမပြနိုင်ဘူးလား”

ယွမ်ထျန်းကန်းက ကြယ်တွေ ပြည့်နေသော ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ ကောင်းကင်တွင် ကြယ်တစ်လုံးမှာ အထူးတလည် တောက်ပနေပြီး ပတ်ဝန်းကျင်ကို လင်းလက်နေလေသည်။

ယွမ်ထျန်းကန်းက တဟားဟား ရယ်မောလိုက်ပြီး - “ဒါက ဘေးအန္တရာယ်ရဲ့ နိမိတ်မဟုတ်ပါဘူး။ အင်မတန်မှ ကြီးမားတဲ့ မင်္ဂလာနိမိတ်ပဲ၊ ကောင်းကင်ဘုံက ပေးတဲ့ ကောင်းချီးပဲ။ ဒီအခက်အခဲကို ကျော်ဖြတ်ပြီးတာနဲ့ မဟာရှဟာ ကောင်းကင်ကို ပျံတက်တော့မယ့် အခြေအနေမှာ ရှိနေပြီ။ ဒါကြောင့် ပြန်သွားပြီးတော့ ဘယ်သူမှ မထိတ်လန့်ကြဖို့၊ သည်းခံပြီး စောင့်နေကြဖို့ပဲ ပြောလိုက်ပါ”

“အမတ် ယွမ်... ဒါ တကယ်ပဲလား”

“ခင်ဗျား ကျွန်တော်တို့ကို လိမ်နေတာ မဟုတ်ပါဘူးနော်”

လူတိုင်းက အလွန်ပင် သံသယဝင်နေကြသည်။ မြေငလျင်လှုပ်ခြင်းကို ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်စေသည့် ဘေးအန္တရာယ်တစ်ခုအဖြစ်သာ လူတိုင်းက သိထားကြသည်။ အခုတော့ ၎င်းမှာ ကြီးမားသော မင်္ဂလာနိမိတ်နှင့် ကောင်းကင်ဘုံက ပေးသည့် ကောင်းချီးဆိုတော့ လူတွေကို အရူးလုပ်နေတာ မဟုတ်ပါလော။

“ငါက မင်းတို့ကို ဘာလို့ လိမ်ရမှာလဲ”

ယွမ်ထျန်းကန်းက အနည်းငယ် မကျေမနပ်ဖြစ်သွားပြီး သူတို့ကို အပြင်သို့ တွန်းထုတ်လိုက်သည် - “ယုံတာ မယုံတာက မင်းတို့အပိုင်း၊ ဒါပေမဲ့ ငါ့ရဲ့ အဖြေကတော့ ဒါပဲ။ မဟာရှက အထွတ်အထိပ်ကို ရောက်တော့မှာမို့လို့ ငါကတော့ အရက်သောက်ပြီး အောင်ပွဲခံတော့မယ်”

မကြာမီမှာပင် နန်းတော်မှ လူတစ်ယောက် ရောက်လာပြီး အခြေအနေကို စုံစမ်းလာခဲ့သည်။ ယွမ်ထျန်းကန်းသည် ဤဝမ်းမြောက်စရာ သတင်းကို တင်ပြရန်နှင့် တစ်ချိန်တည်းမှာပင် အရက်ကောင်းကောင်း သောက်ရရန်အတွက် ဧကရာဇ်မင်းမြတ်ထံ အခစားဝင်ရန် ဆုံးဖြတ်လိုက်တော့သည်။

……

မြေငလျင်လှုပ်ခြင်းမှာ သန်းခေါင်ယံအချိန်အထိ ကြာမြင့်ခဲ့ပြီးမှ ရပ်တန့်သွားသည်။ သို့သော်လည်း မည်သူမှ အိမ်ထဲပြန်ဝင်ပြီး မအိပ်ရဲကြဘဲ အပြင်တွင်သာ ယာယီအိပ်ရာများဖြင့် အိပ်စက်ခဲ့ကြသည်။

ဒုတိယနေ့ ရောက်သောအခါ တစ်နိုင်ငံလုံးမှ မြေငလျင် သတင်းပို့ချက်များမှာ နှင်းပွင့်များသဖွယ် တဖွဲဖွဲ ရောက်ရှိလာတော့သည်။

“အရှင်မင်းကြီးကို တင်ပြပါတယ်။ ကျန်းဟွိုင်မြို့မှာ ငလျင်လှုပ်ခဲ့တဲ့အတွက် ကျန်းဟွိုင်မြစ်က သူ့ရဲ့ လမ်းကြောင်း ပြောင်းသွားပါတယ်၊ ဒါပေမဲ့ လက်ရှိမှာတော့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး”

“အရှင်မင်းကြီးကို တင်ပြပါတယ်။ လော့ဟွာမြို့မှာ ငလျင်လှုပ်ခဲ့တဲ့အတွက် မြေတောင်ကြီး ပြိုကျသွားပါတယ်၊ ဒါပေမဲ့ လက်ရှိမှာတော့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး”

“အရှင်မင်းကြီးကို တင်ပြပါတယ်။ ရှန်ဟွာမြို့မှာ ငလျင်လှုပ်ခဲ့တဲ့အတွကိ ရှန်ဟွာမြစ် လမ်းကြောင်း ပြောင်းသွားပြီး မြေပြင်အက်ကွဲမှုကြောင့် ကြေးနီနဲ့ ကျောက်မီးသွေး သယံဇာတတွေ အမြောက်အမြား ပေါ်ထွက်လာပါတယ်၊ ဒါပေမဲ့ လက်ရှိမှာတော့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး”

လင်းပိုင်ဖန်က တည်ငြိမ်စွာ နားထောင်နေလေသည်။ သူကိုယ်တိုင် လုပ်ဆောင်ထားခြင်းဖြစ်ရာ တစ်နိုင်ငံလုံးတွင် ဘာတွေဖြစ်နေသည်ကို သူ မသိဘဲ နေပါ့မလား။ သို့သော် ဧကရာဇ်တစ်ပါးအနေဖြင့် ထိုကိစ္စများအပေါ် စိုးရိမ်ပူပန်မှု ပြသရန် လိုအပ်သည်။

အားလုံး၏ တင်ပြချက်များကို နားထောင်ပြီးနောက် လင်းပိုင်ဖန်က - “ဒီတစ်ခါ မြေငလျင်က တစ်နိုင်ငံလုံးကို လွှမ်းခြုံသွားပုံရတယ်။ တုန်ခါမှုက သိပ်မပြင်းပေမဲ့ သက်ရောက်မှုကတော့ တော်တော်ကြီးတယ်။ ဒါကြောင့် အမတ်မင်း ဟီ၊ တစ်နိုင်ငံလုံးက ဆုံးရှုံးမှုတွေကို စာရင်းပြုစုပါ။ အကုန်ပြီးသွားရင် ငါကိုယ်တော်ကို ပြန်တင်ပြပါ”

“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး” ဟီရှန်းက အမိန့်ကို နာခံလိုက်သည်။

All Chapters