← Chapters

အခန်း (၄၆၆-၄၆၈)

Vol. 32 Ch. 466-468

အခန်း (၄၆၆-၄၆၈)

Vol. 32 Ch. 466-468

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၆၆)

ဒီငနဲလေးကောင်က လောင်းရွှမ်ပြည်ရဲ့ အင်အားအကောင်းဆုံးမျိုးနွယ်စုတွေ နောက်ခံရှိကြပြီး သူတို့ရဲ့ကိုယ်ပိုင်အရည်အချင်းကိုလည်း ဘယ်သူမှသံသယဖြစ်စရာမလိုသလို မျိုးနွယ်ငါးစုရဲ့အစွမ်းက ပိုတောင်ကောင်းပါသေးတယ်။ ဘာမတော်တဆမှမဖြစ်ပွားရင် ဒီပြိုင်ပွဲကြီးရဲ့ ချန်ပီယံဟာ သူတို့လေးဦးထဲကတစ်ဦးဖြစ်မှာပါ။

ပွဲကြည့်စင်မှာ ခုနှစ်ကြိမ်မြောက်အဖြစ် ရှန်ယန်ရှောင်ထိုင်နေကာ အကြိုဗိုလ်လုပွဲရဲ့ နောက်ဆုံးပွဲစဉ်ကို ကြည့်နေပါတယ်။

မဆုံးနိုင်သော အားပေးသံတွေကြားမှာ ငနဲလေးကောင်လုံး ပရိသတ်တွေမျှော်လင့်ထားသလို သက်ဆိုင်ရာပညာရပ်တွေရဲ့ တစ်ခုထဲသော နေရာကိုရရှိကြပြီး ဗိုလ်လုပွဲကို တက်လှမ်းသွားကြပါတယ်။ တော်ဝင်ရိုလန်ကျောင်း လေးပညာဌာနရဲ့ အတော်ဆုံးကျောင်းသားဖြစ်သူ မန်ယိဂျွန်သာလျှင် မမျှော်လင့်စွာနဲ့ အဆင့်နိမ့်ကျောင်းတစ်ကျောင်းက လေးကျောင်းသားတစ်ယောက်ကို ရှုံးနိမ့်သွားခဲ့ရပါတယ်။

"သန်ဖက်ခါမှာ ဗိုလ်လုပွဲကျင်းပမှာပဲ။ မင်းရင်ဆိုင်ရမယ့် ပြိုင်ဖက်တွေက ပေါ့သေးသေးတွေမဟုတ်ဘူးနော်"လို့ ယန်းချီက ပြိုင်ပွဲကို ရက်အတန်ကြာကြည့်ပြီးတဲ့နောက် စိုးရိမ်မှုအပြည့်နဲ့ ပြောလိုက်ပါတယ်။

ပြိုင်ပွဲကွင်းရဲ့ အလယ်မှာရပ်နေကြသော လူငယ်ခြောက်ယောက်လုံးမှာ ဘယ်သူပဲဖြစ်ဖြစ် အလွန်အစွမ်းထက်ကြကာ ယောင်ယောင်လေးအားနည်းတာဆိုလို့ အညတရလေးသမားပဲရှိပါတယ်။

ဒါပေါ့ သမားတော်ကိုတော့ နောက်တစ်ခေါက် ထပ်လျစ်လျူရှုလိုက်လို့ရပါတယ်။

"တစ်ကယ်ပါပဲ မျိုးနွယ်ကြီးငါးစုက ကလေးတွေက သူမတူအောင်ပါပဲ။ ဒီလိုမျိုး တိုက်တိုက်ဆိုင်ဆိုင်ဖြစ်လာတာပဲ။ မင်းဗိုလ်လုပွဲမှာ ပါတာနဲ့ မျိုးနွယ်ကြီးငါးစုလုံး ပြည့်သွားမှာပဲ"

"အဲ့ဒါ အမှန်ပဲနော်"လို့ ရှန်ယန်ရှောင်ပြောလိုက်သည်။

"မင်း နိုင်ဖို့သေချာပေါက်ပြောနိုင်လား"လို့ ယန်းချီကမေးလိုက်သည်။

"ဖြစ်ကောင်းဖြစ်နိုင်ပါတယ်"လို့ ရှန်ယန်ရှောင်က ဖြေလိုက်ပါတယ်။

ဒီငနဲသားအချို့နဲ့ မတိုက်ခိုက်ဖူးတာကြောင့် သူမလည်း သေချာမပြောနိုင်ပါဘူး။ တန်နာဇီကို သူမ နိုင်တုန်းကလည်း မသမာတဲ့နည်းနဲ့ဖြစ်ပြီး အခုလိုမျိုး ထိပ်တိုက်ရင်ဆိုင်ရမယ်ဆိုရင် ယတိပြတ်ပြောဖို့ခက်ပါတယ်။

ဒီကျောင်းပေါင်းစုံပြိုင်ပွဲအတွက် ရှန်ယန်ရှောင်မှာ ကိုယ်ပိုင်အစီအစဉ်ရှိပါတယ်။

ဆင့်ခေါ်သူတွေရဲ့ ဂုဏ်အသရေကို သူမက တစ်ဖန်ပြန်လည်ရရှိစေမယ်လို့ ယန်းချီမျှော်လင့်ထားပါတယ်။ ဒါပေမယ့် သူမ သေချာပေါက်သိနေတာ တစ်ခုရှိပါတယ် ဆင့်ခေါ်သူတွေ အသုံးပြုတဲ့ ကျိန်စာအတတ်တွေဟာ အစွမ်းပြင်းတာမှန်ပေမယ့် ဒါကို အသုံးပြုပြီး လူတွေကိုသိမ်းသွင်းနိုင်ဖို့ကတော့ ခက်ပါလိမ့်မယ်။ လင်းလက်တိုက်သားတွေရဲ့ တွေးခေါ်ပုံအရဆိုရင် တန်နာဇီကို သူမ အနိုင်ယူခဲ့တဲ့နည်းအတိုင်း ဒီပြိုင်ပွဲမှာအသုံးပြုလိုက်မယ်ဆိုရင် ဆင့်ခေါ်သူတွေဟာ အစွမ်းကြီးမားပါတယ်လို့ သက်သေပြတာမဟုတ်ဘဲ အရင်အတိုင်း ညစ်ပတ်ကောက်ကျစ်သူတွေပါလားလို့ မှတ်ယူသွားကြမှာဖြစ်ပါတယ်။

သူမဟာ ဒီပွဲကို သန့်ရှင်းမျှတစွာဖြင့် အနိုင်ယူသွားမှာပါ။

ပြိုင်ဖက်တွေကို ထိပ်တိုက်ရင်ဆိုင်ပြီး သူမရဲ့ တစ်ကယ့်စွမ်းအားအစစ်အမှန်အား ထုတ်ဖော်ပြသလိုက်ပြီးတော့ ဆင့်ခေါ်သူဆိုတာ အရမ်းတန်ခိုးထက်တဲ့ ပညာရပ်ဆိုတာကို တစ်လောကလုံးသိအောင် ပြောလိုက်မှာပါ။

ကိုယ့်နည်းကိုယ့်ဟန်ကို အသုံးပြုပြီး ဆင့်ခေါ်သူပညာရပ်ကို လောကထဲသို့ နောက်တစ်ခေါက် ပြန်လည်ထွန်းလင်းစေမှာပါ။

အကြိုဗိုလ်လုပွဲစဉ်တွေ ပြီးတဲ့အခါမှာတော့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့သူတွေအတွက် လာမယ့်ပွဲမှာ ကောင်းကောင်းယှဉ်ပြိုင်နိုင်ဖို့အတွက် အားအင်ပြန်လည်ပြည့်ဖြိုးစေရန်အလို့ငှာ တစ်ရက်အနားရပါတယ်။

ဒါ့အပြင် အကြိုဗိုလ်လုပွဲစဉ်တွေ ပြီးဆုံးချိန်မှာ သတင်းကြီးတစ်ခု ထွက်ပေါ်လာပါတယ်။ ဗိုလ်လုပွဲမှာ ပြိုင်ပွဲဝင် ခုနှစ်ဦးပါဝင်မှာဖြစ်ကာ တစ်ဦးကတော့ လင်းလင်တိုက်ကနေ ပျောက်ကွယ်နေတာ ကြာပြီဖြစ်သော ဆင့်ခေါ်သူတစ်ဦးပါ။

ဒီသတင်းက လူတွေကြားမှာ ဗုံးတစ်လုံးလို ပေါက်ကွဲသွားပါတယ်။ အားလုံးက ကြူရှီယာတို့အကြောင်းကို ပြောဆိုနေကြရာကနေပြီး ဗိုလ်လုပွဲကို တိုက်ရိုက်တက်ခွင့်ရထားသော ဆင့်ခေါ်သူဆီပြောင်းလဲပြောဆိုလိုက်ကြပါတယ်။

လင်းလိုက်တိုက်ရဲ့ ဆင့်ခေါ်သူတွေ ကပ်ဆိုက်ထားတာ ကြာမြင့်ခဲ့ပါပြီ။ နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင် လူတွေအရှေ့သို့ ဆင့်ခေါ်သူတစ်ယောက်တစ်လေတောင် ပေါ်ထွက်မလာခဲ့ပါဘူး။ ဒီတစ်ခေါက် ကျောင်းပေါင်းစုံပြိုင်ပွဲကြီးမှာ ဆင့်ခေါ်သူတစ်ယောက် တစ်ကယ်ပေါ်ထွက်လာမယ်လို့ ဘယ်သူမှလည်း တွေးမထားမိကြပါဘူး။

စပ်စပ်စုစုသမားတွေကတော့ ကျောင်းမှာဆင့်ခေါ်သူတစ်ယောက် ရှိနေပါတယ်လို့ ဝန်ခံကာ ကျောင်းပေါင်းစုံပြိုင်ပွဲကြီးမှာ စာရင်းပေးသွင်းထားရဲတာက ဘယ်ကျောင်းများလဲဆိုကာ လိုက်လံစုံစမ်းကြပါတော့သည်။

နောက်ဆုံးမှာတော့ ဆင့်ခေါ်သူဟာ တော်ဝင်ရိုလန်ကျောင်းကဆိုတာ သိသွားခဲ့သော်လည်း ဘယ်သူဘယ်ဝါမှန်းတော့ မသိကြပါဘူး။ တော်ဝင်ရိုလန်ကျောင်းဖက်ကလည်း ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာတစ်ခွန်းမှ မဟခဲ့ပါဘူး။

တော်ဝင်ရိုလန်ကျောင်းက ကျောင်းသားတွေနဲ့ဌာနမှူးတွေဟာ အထင်မှားခံရတယ်လို့ ခံစားနေရပါတယ်။ သူတို့ကိုယ်တိုင်က ဒီကိစ္စကို ဖုံးကွယ်ချင်နေတာမဟုတ်ပါဘူး မသိကိုမသိထားခဲ့ကြတာဖြစ်ပြီး အားလုံးကို ကျောင်းအုပ်ကြီးအိုးယန်ဟွမ်းယူက စီမံနေတာဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်သူမှ နားမလည်နိုင်တာကတော့ အိုးယန်ဟွမ်းယူကိုယ်တိုင်လည်း အထင်မှားခံရလေခြင်းလို့ တွေးမိနေတဲ့အကြောင်းကိုပါ။ သူ ဖွင့်မပြောချင်တာမဟုတ်ပါဘူး ဆင့်ခေါ်သူလေးဟာ ဘယ်လိုမျိုးဘယ်လိုနွယ်မှန်းကို သူလည်းမသိပါဘူး။ အခု ဗိုလ်လုပွဲမတိုင်ခင် တစ်ရက်အလိုထိတောင် အဲ့ဒီဆင့်ခေါ်သူလေးကို သူ မတွေ့ရသေးပါဘူး။ ဗိုလ်လုပွဲနေ့မှာ ယန်းချီတစ်ယောက် သူ့တပည့်ဖြစ်သူနဲ့ ပေါ်လာမလာကိုတောင် သူ သေချာမပြောနိုင်ပါဘူး။

အိုးယန်ဟွမ်းယူတစ်ယောက် တောင်တောင်အီအီတွေးကာ စိတ်ညစ်နေစဉ်မှာပဲ ယန်းချီပေါက်ချလာပါတယ်။ ဘာထွေထွေထူးထူးမှမပြောဘဲ မနက်ဖြန်ဗိုလ်လုပွဲမှာ တော်ဝင်ရိုလန်ကျောင်း ဆင့်ခေါ်သူဌာနက ဝင်ရောက်ယှဉ်ပြိုင်မယ်လို့သာ ပြောသွားခဲ့ပါတယ်။

တစ်ဖက်မှာ စိတ်သက်သာရာရသွားပေမယ့် တစ်ဖက်မှာတော့ အိုးယန်ဟွမ်ယူအနေနဲ့ အခုထိကို ယန်းချီတစ်ယောက် သူ့တပည့်ဖြစ်သူအား ထုတ်မပြသေးဘဲ သိုဝှက်ထားသေးလို့ မကျေမနပ်ဖြစ်သွားပါတယ်။

ဒါပေမယ့် မနက်ဖြန်ရောက်ရင်တော့ ဘိုးတော်ကြီး တပည့်ဖြစ်သူကို ဘယ်လိုပဲ ဖုံးကွယ်ချင်နေပါစေ ဆက်လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ယန်းချီဟာ ဆင့်ခေါ်သူပညာရပ် တိမ်မြုပ်ပျောက်ကွယ်နေတဲ့ ကိစ္စအပေါ်မှာ ဝမ်းနည်းခံစားနေရကာ ဆင့်ခေါ်သူတွေ တစ်ဖန်ပြန်လည် ရှင်သန်လာမယ့်ကိစ္စကို အမြဲတစေ စိတ်ကူးယဉ်နေတာကို အိုးယန်ဟွမ်းယူ သိပါတယ်။ အဲ့ဒါကြောင့်လည်း ယန်းချီဟာ ဆင့်ခေါ်သူဌာနကို ယခုထိတိုင် ခေါင်းမာမာနဲ့ တတ်နိုင်သမျှ စောင့်ရှောက်ကာကွယ်ပေးနေခြင်း ဖြစ်ပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၆၇)

ကျောင်းပေါင်းစုံပြိုင်ပွဲကနေ ထွက်လာမယ့် အဖြေဟာ ယန်းချီအတွက် အလွန်အရေးကြီးပါတယ်။ ဆင့်ခေါ်သူပညာရပ် တစ်ဖန်ပြန်ရှင်သန်နိုင်မယ့် အဖြစ်ကို လွယ်လင့်တကူ လက်လွတ်ခံမှာ မဟုတ်ပါဘူး။

ဒီအချိန်မှာတော့ ရှန်ကျိယီတစ်ယောက် ကုတင်ပေါ်မှာ ပုန်းအောင်းလျှက် မှန်တစ်ချပ်ကို ကိုင်ထားပါတယ်။ သူမရဲ့ နီရဲမို့အစ်နေသော မျက်ဝန်းတွေက မှန်ထဲက ခေါင်းတုံးပြောင်ပြောင်ကို ငေးစိုက်ကြည့်နေသလို ရှက်ရွံ့မှုတွေနဲ့ နာကြည်းမှုတွေပေါ်လွင်နေပါတယ်။

ရုပ်ရည်အသွင်အပြင်ကို အလွန်တန်ဖိုးထားသော ရှန်ကျိယီအဖို့ လွန်ခဲ့သောခုနှစ်ရက်ထဲက အိပ်ယာကနိုးထလာချိန်မှာ သူမရဲ့ အိပ်ယာထက်တွင် ဆံပင်တွေပြန့်ကျဲနေတာကို တွေ့ခဲ့ရကာ သူမ၏ ဆံနွယ်တွေ တစ်မျှင်မှမရှိတော့သလို မျက်ခုံးမွှေးတောင် ပြောင်ရှင်းနေတာကို တွေ့ခဲ့ရတာကြောင့် ဘယ်လိုမှ မဟန်နိုင်တော့ဘဲ ခုနှစ်ရက်တိုင်တိုင် အခန်းတွင်းပဲအောင်းနေခဲ့ပါတယ်။

"အစ်မရေ မနက်ဖြန်ကျရင် ဗိုလ်လုပွဲနော် သွားမကြည့်တော့ဘူးလား"

ရှန်ကျိယီ၏ ဆိုးရွားသောအခြေအနေအား မြင်တွေ့ခွင့်ရသော တစ်ဦးတည်းသောသူဖြစ်တဲ့ ရှန်ကျိဝေဟာ ထိုင်ခုံတစ်လုံးပေါ်မှာ သတိအပြည့်ဖြင့်ထိုင်နေကာ ကုတင်ဖက်သို့လည်း တစ်ချက်မှ လှမ်းမကြည့်ရဲပါဘူး။

"သွားရမယ်...ငါက ဘယ်လိုလုပ်သွားရမှာလဲ။ ရှက်စရာကောင်းလှတဲ့ ငါ့ပုံစံကြီးကို လူတွေမြင်စေချင်နေတာလား"

ရှန်ကျိယီက မှန်အား ရှန်ကျိဝေထံ ပစ်ပေါက်ရင်း ပြောလိုက်ပါတယ်။ ရှန်ကျိဝေက မှန်ကိုရှောင်လိုက်ပြီးတော့ စိတ်ဓာတ်ကျနေသော ရှန်ကျိယီအား လှမ်းကြည့်လိုက်သည်။

"ဒါ ဘယ်သူလဲ...ဘယ်သူလုပ်တာလဲဟင်။ အဲ့ကောင်ကို တစ်ပိုင်းတစ်စဆီဖြစ်အောင် ငါသွားလုပ်ပစ်လိုက်မယ်"လို့ စိတ်တိုတိုလာသော ရှန်ကျိယီက ပြောလိုက်သည်။

"အဟမ်း..ဒီကိစ္စကို ဖေဖေ့ဆီသတင်းပို့ဖို့ လူတစ်ယောက်လွှတ်ထားတယ် ဖေဖေက ဘယ်သူဘယ်ဝါလုပ်လဲဆိုတာ စုံစမ်းပေးပါလိမ့်မယ်။ မနက်ဖြန် ဗိုလ်လုပွဲကို ကြူရှီယာတို့တစ်တွေ သွားပြိုင်ကြမှာလေ။ အပြင်ကလူတွေ ပြောပြောနေကြတာတော့ သူတို့ထဲက တစ်ယောက်ယောက်က ချန်ပီယံဖြစ်မှာပဲတဲ့။ သူတို့ရဲ့ အခမ်းနားဆုံးအချိန်မှာ နင်က ဂုဏ်ပြုစကားမပြောချင်ဘူးလား"လို့ ရှန်ကျိဝေပြောလိုက်သည်။

ရှန်ကျိယီ နှုတ်ခမ်းကိုက်လိုက်သည်။ ကြူရှီယာတို့အကြောင်းကို ပြောလိုက်တာနဲ့ သူမ အတော် ဒုက္ခရောက်သွားပါတယ်။

အစကတော့ သူမဟာ ကြယ်တွေဝန်းရံခစားနေသော လမင်းကြီးလိုမျိုးပေါ့။ ဒါပေမယ့် အခုရောက်တော့ အခန်းအပြင်ကို ခြေတစ်လှမ်းတောင် မထွက်ရဲဘဲ သူမရဲ့ ယခုလိုသရဲသဘက်ပုံမျိုးအား အဆင်လေးတွေ တွေ့မြင်သွားပြီး သူတို့ရင်ထဲက သူမရဲ့ပုံရိပ်ကို ဖျက်စီးပစ်လိုက်မှာကို စိုးရွံ့နေပါတယ်။ ဒါပေမယ့် ရှန်ကျိဝေပြောလိုက်တာကလည်း အဓိပ္ပါယ်ရှိပါတယ်။ သူတို့လေးယောက်ရဲ့ အစွမ်းအစအရ မနက်ဖြန်ရောက်ရင် သူတို့ထဲက တစ်ယောက်ယောက်ကတော့ ချန်ပီယံဖြစ်ကိုဖြစ်မှာပါ။

ဒီလိုအရေးပါတဲ့ အချိန်အခါမျိုးမှာ သူမရဲ့ စိတ်နှလုံးကို ဖော်ထုတ်ပြဖို့ အခွင့်အရေးကောင်းတစ်ရပ်ဖြစ်ပြီး မသွားဘူးဆိုရင် လက်လွတ်ဆုံးရှုံးခံလိုက်ရမှာပေါ့။

အခုအချိန်ထိကို ကြူရှီယာတို့တစ်တွေက သူမအပေါ် ကျနေတာကြောင့် သူမအား ကောင်းကောင်းမွန်မွန် ဆက်ဆံပေးနေကြတာလို့ သူမ ထင်မှတ်နေဆဲဖြစ်သည်။ ဘယ်သူဘယ်ဝါရယ်လို့ တိတိကျကျ မရွေးချယ်ရသေးခြင်းက ကျောင်းပေါင်းစုံပြိုင်ပွဲကြီးမှာ ဘယ်သူအနိုင်ရမလဲဆိုတာကို သူမ စောင့်နေလို့ဖြစ်ပါတယ်။

တွန့်တွန့်ဆုတ်ဆုတ်ဖြစ်နေပြီးမှ ရှန်ကျိယီ အားတင်းကာပြောလိုက်သည်။

"နှင်းသက်လေမြို့ဈေးကို သွားပြီးတော့ ရုပ်ပြောင်းပစ္စည်းတစ်ချို့ကို ဝယ်ခဲ့လိုက်။ ဘာတွေဝယ်ရမယ်ဆိုတာ နင်သိတယ်နော် ကောင်းကောင်းမလုပ်ခဲ့ရင်တော့ အဖေ့ကို ငါပြောလိုက်မှာပဲ"

ရှန်ကျိေ၀ ပါးစပ်ဟလိုက်ပေမယ့် ဘာမှတော့ မပြောရဲခဲ့ပါဘူး။ အကြောင်းကတော့ ကြူရှီယာတို့တစ်တွေနဲ့ ရှန်ကျိယီတစ်ယောက် ရင်းနှီးနီးစပ်နေပြီဖြစ်ကာ ရှန်ယုမျက်လုံးထဲမှာ သူမက အရမ်းအရေးပါနေပါပြီ။ ဖိနှိပ်ခံထားရတဲ့ ရှန်ကျိဝေအနေနဲ့ ရှန်ကျိယီကို မလွန်ဆန်နိုင်သလို ပြန်လည်းမပြောရဲပါဘူး။ ဒါကြောင့် ခိုင်းသလိုသာ ဈေးကိုသွားကာ ဝယ်ပေးလိုက်ပါတယ်။

အခန်းထဲမှာ တစ်ယောက်ထဲရှိနေသော ရှန်ကျိယီစိတ်ထဲမှာတော့ ကြူရှီယာနဲ့တန်နာဇီတို့နှစ်ယောက်သာ ချန်ပီယံဖြစ်ဖို့ အခွင့်အရေးအများဆုံးဖြစ်ကာ ဒီတစ်ခေါက်မှာ သူတို့နှစ်ယောက်အကြောင်းကို သေချာဂရုတစိုက်ရှိနေပါတယ်။

ပြောရမယ်ဆိုရင်တော့ ကြူရှီယာအပေါ်ကို သူမ ပိုတိမ်းညွှတ်ပါတယ်။ ကြူရှီယာ၏ ဆွဲဆောင်နိုင်စွမ်းနဲ့အမူအယာတွေက တစ်ဖက်သားအဖို့ စိတ်ထဲကနေ မနှစ်သက်ဘဲမနေနိုင်အောင် ဖြစ်စေပါတယ်။

တန်နာဇီလည်း တော်ပေမယ့် ကြူရှီယာလိုတော့ စွဲမက်ဖွယ်မကောင်းလှပါဘူး။

သူမရဲ့ စိတ်ကူးထဲမှာတော့ ငနဲလေးကောင်လုံးက သူမအပေါ်မှာ အကျကြီးကျနေကြပြီး သူမရွေးရုံပဲရှိတယ်လို့ ထင်နေပါတယ်။

ထိုအချိန်မှာတော့ တစ်စုံတစ်ယောက်ရဲ့ ရင်ထဲမှာ အကြိမ်ထောင်သောင်းမက တွေးတောခံနေရတဲ့ ငနဲသားလေးကောင် အကြိုဗိုလ်လုပွဲအပြီးမှာ အတူဆုံနေကြပါတယ်။

"မနက်ဖြန်ရောက်ရင် ရှောင်လေးလာမယ်လို့ မင်းတို့ထင်လား"

စားပွဲပေါ်မှာ လှဲနေတဲ့ တန်နာဇီက မေးလိုက်ပါတယ်။

"နှင်းသက်လေမြို့ကိုတောင် သူရောက်နေမှတော့ မနက်ဖြန်လည်း လာမှာပါပဲ နောက်ပြီး မင်းမကြားဘူးလား မနက်ဖြန်ဗိုလ်လုပွဲမှာ ဆင့်ခေါ်သူတစ်ယောက် ပါမယ်လို့ကြေငြာနေတာပဲ။ လင်းလက်တိုက်မှာ ဆင့်ခေါ်သူ ဘယ်နှစ်ယောက်ရှိတယ်လို့ မင်းထင်နေလို့တုန်း"ဟု ပြုံးစစလုပ်နေတဲ့ ကြူရှီယာကပြောလိုက်သည်။

"ဒီတော့ ငါတို့က သူနဲ့ မနက်ဖြန်ရောက်ရင် ချရတော့မှာလား"လို့ မျက်မှောင်ကြုတ်ပြီး တန်နာဇီပြောလိုက်သည်။

ကြူရှီယာတို့ကောင်တွေနဲ့ တိုက်ရခိုက်ရတာကို သူ့စိတ်ထဲဘယ်လိုမှ မနေပေမယ့် ရှန်ယန်ရှောင်နဲ့တိုက်ရမယ့်ဟာကိုတော့....

ဘာဖြစ်လို့ သူ့စိတ်ထဲ မသက်မသာဖြစ်နေရတာလဲမသိ...

သူနဲ့ရှန်ယန်ရှောင်တို့ စင်မြင့်ထက်မှာ အတူရပ်နေရမယ်ဆိုရင် သူဟာ ပစ်မှတ်ကြီးဖြစ်နေတယ်လို့ပဲ တန်နာဇီစိတ်ထဲ ခံစားမိနေရပါတယ်။

တစ်ကယ်ဆိုရင်တော့ ငနာလေးကောင်လုံး ချန်ပီယံဖြစ်ဖို့ကို သိပ်စိတ်မဝင်စားကြပါဘူး။ စွန့်ပစ်မြေထဲက နယ်ပြေပိုင်ဆိုင်ခွင့်ဆိုတဲ့ ပေါကြောင်ကြောင်ကိစ္စကတော့.....

ခြေမွှေးလက်မွှေးမီးမလောင် နေလာရတဲ့ ဒီသခင်လေးလေးယောက်အတွက် ငှက်တောင်ချီးမပါချတဲ့ နေရာမှာ မြို့ကြီးတစ်ခုတည်ထောင်ပြီး စည်ကားဖွံ့ဖြိုးအောင် လုပ်ရမယ့်ကိစ္စက လုံးဝကိုဟာသပါပဲ။

"အချိန်ကျရင် ငါတို့သိကြမှာပေါ့ကွာ"လို့ ကြူရှီယာက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၆၈)

အဲ့ဒီနေ့တုန်းက ပြိုင်ပွဲကွင်း၏ အတွင်းရောအပြင်ရောမှာ လူတွေအပြည့်ဖြစ်နေခဲ့ပါသည်။ လူတွေက အကောင်းဆုံးတိုက်ပွဲကို ကြည့်ချင်နေကြတာဖြစ်သလို ဆင့်ခေါ်သူဆိုတာကိုလည်း တွေ့ချင်နေကြပါပြီ။

နှင်းသက်လေမြို့ထဲက လူအားလုံးနီးပါး ပွဲကြည့်ဖို့ ရောက်ရှိနေကြသည်။ ပရိသတ်သောင်းချီဆန့်သော ကွင်းကြီးဟာလည်း လူသုံးသောင်းလောက်ဖြင့် ပြည့်နေခဲ့ပါတယ်။ ကွင်းထဲမှာ လူအပြည့်ဖြစ်နေခဲ့ပြီး ခြေတစ်လှမ်းရွှေ့ဖို့တောင် အနိုင်နိုင်ဖြစ်နေပါတယ်။

အပြင်မှာလည်း ပရိသတ်တွေကျန်ရှိနေသေးပြီး ကွင်းထဲကိုဝင်လို့မရတော့တာကြောင့် စိတ်ပျက်လက်ပျက်နဲ့ပဲ အုံခဲနေကြပါတယ်။

ဆင့်ခေါ်သူတဲ့လေ...နှစ်ရာကျော်အောင် မတွေ့ရတော့တဲ့ ပညာရပ်တစ်ခုဆိုပါလား...

ဆင့်ခေါ်သူကို လူတွေက ကြောက်ရွံ့ကြသလို တစ်ချိန်တည်းမှာပဲ သိလိုစိတ်လည်းရှိနေကြပါတယ်။ ဒါကြောင့်လည်း ဆင့်ခေါ်သူရဲ့ ပုံစံအသွင်အပြင်ကို သူတို့တွေ တွေ့မြင်ချင်နေကြပါတယ်။

ဆင့်ခေါ်သူတွေ တိမ်မြုပ်ပျောက်ကွယ်သွားတဲ့နောက်ပိုင်း လူတွေအနေဖြင့် ဆင့်ခေါ်သူတို့၏ အတတ်တွေကိုလည်း မသိကြတော့သလို သူတို့တွေ ဘယ်လိုဘယ်ပုံတိုက်ခိုက်သလဲ ဆိုတာကိုလည်း မမှတ်မိကြတော့ပါဘူး။ ဆင့်ခေါ်သူနဲ့ ပတ်သတ်သမျှတွေက သူတို့အတွက် အစိမ်းသက်သက်ဖြစ်နေပါတယ်။ လူအတော်များများက သိလိုစိတ်ဖြစ်ပေါ်နေခဲ့သလို မေးခွန်းလည်းထုတ်နေမိကြပါတယ်။

ဆင့်ခေါ်သူကို ကျောင်းပေါင်းစုံပြိုင်ပွဲကြီးမှာ စာရင်းသွင်းခွင့်ပြုခဲ့တဲ့အပေါ်မှာ မေးခွန်းထုတ်တာလည်း မမှားပါဘူး။ ဆင့်ခေါ်သူတွေရဲ့ မှားယွင်းခဲ့မှုတွေဟာ သူတို့ရဲ့စိတ်ထဲမှာ မှတ်မှတ်ထင်ထင်ရှိနေခဲ့ကြပါတယ်။ သူတို့ကိုယ်တိုင် မတွေ့ကြုံခဲ့ရပေမယ့်လည်း အဆိုပါဖြစ်ရပ်ဆိုးကြီးအပြီး ချန်ရစ်ခဲ့တဲ့ဒုက္ခတွေက သူတို့စိတ်ထဲမှာ လတ်လတ်ဆတ်ဆတ်ရှိနေကြဆဲပါ။

အမှောင်ထဲမှာ အမြဲပုန်းအောင်းနေကြသော အဆိုပါပညာရပ်အား သူတို့တွေအထင်သေးပါတယ် စက်ဆုပ်ပါတယ်။ ဆင့်ခေါ်သူတွေဆိုတာ ရွံစရာကောင်းလှတဲ့ ကြွက်တွေလိုဖြစ်ပြီး တစ်ခြားပညာရပ်တွေနဲ့ ဘယ်လိုမှ မယှဉ်သာပါဘူး။

ပြိုင်ပွဲဝင်ခြောက်ဦးက ကွင်းထဲကိုအစောထဲက ရောက်နေခဲ့ကြပါတယ်။ လူပင်လယ်ကြီးကိုကြည့်လိုက်ကြတဲ့ ဒီလူငယ်လေးတွေဟာ အေးဆေးတည်ငြိမ်စွာပဲ ရှိနေကြပါတယ်။

ဆေးပညာရပ်ကို ကိုယ်စားပြုတဲ့ ကျောင်းသားတစ်ယောက်သာလျှင် ဝမ်းနည်းကြေကွဲနေပါတယ်။ သူဟာ ဆေးပညာရပ်မှာ အလွန်ထူးချွန်ပေမယ့် တစ်ခြားပညာရပ်တွေနဲ့ ယှဉ်တိုက်ခိုက်ဖို့အတွက်ကတော့ ဆေးပညာရှင်ဆိုတာ ပျော့လွန်းနေပါတယ်။ ကျောင်းပေါင်းစုံပြိုင်ပွဲတိုင်းမှာ အကြိုဗိုလ်လုပွဲဆိုတာဟာ ဆေးပညာရပ်အတွက် ဗိုလ်လုပွဲဖြစ်နေပါတယ်။

"ရှောင်လေး တစ်ကယ်လာမယ်လို့ မင်းတို့ထင်လားဟင်"

တန်နာဇီကတော့ ဆောက်တည်ရာမရဖြစ်နေဆဲပါပဲ။

ကြူရှီယာက တန်နာဇီကို တစ်ချက်ကြည့်ကာ အေးအေးလူလူနိုင်သောအသံဖြင့် ပြန်ပြောလိုက်သည်။

"ဒါနဲ့ဆိုရင် ဒီအကြောင်းကို မင်းမေးတာ ၁၁၃ကြိမ်ရှိနေပြီ"

တန်နာဇီလည်း ချောင်းတစ်ချက်ဟန့်လိုက်ပြီးနောက် ဘာမှဆက်မပြောတော့ပါဘူး။

အိုးယန်ဟွမ်းယူက လူတွေကြားမှာ ရပ်နေခဲ့ပြီး သူ့ဆီကထွက်နေသော အားကောင်းလှတဲ့ အရှိန်အဝါကြောင့် လူတွေက သူ့အနားကိုမကပ်ရဲကြဘဲ ခပ်ခွာခွာလုပ်နေခဲ့ကြလို့ အိုးယန်ဟွမ်းယူတစ်ယောက် ဒီလိုမျိုးလူတွေကြပ်သိပ်နေသော အခြေအနေမှာတောင် သက်တောင့်သက်သာရှိနေခဲ့ပါတယ်။

သူကိုယ်တိုင်လည်း အဆိုပါကောင်လေးပေါ်လာမှာကို စောင့်မျှော်နေခဲ့တာဖြစ်သည်။

ဗိုလ်လုပွဲကျင်းပချိန်ကပ်လာတာတောင်မှ ပြိုင်ပွဲကျင်းပရာအလယ်မှာ ပြိုင်ပွဲဝင်ခြောက်ယောက်ပဲ ရှိနေပါသေးတယ်။

လူတွေလည်း သို့လောသို့လောဖြစ်လာကြကာ တောင်တောင်အီအီတွေ ပြောစပြုလာပါတယ်။ သူတို့က ဆင့်ခေါ်သူဝင်ပြိုင်မယ့်သတင်း မှန်မမှန်ဆိုတာကို ပြောဆိုဝေဖန်နေကြပါတယ်။

ဗိုလ်လုပွဲကို တင်ဆက်မယ့် အခမ်းအနားမှူး အဖိုးကြီးက ပြိုင်ပွဲကျင်းပမယ့် အလယ်နေရာကို လျှောက်လှမ်းလာပါသည်။ သူက ပြိုင်ပွဲဝင်ခြောက်ဦးကို ကြည့်လိုက်ပြီးနောက် ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ သူက ဘေးနားမှာရှိနေတဲ့လူတွေကို နောက်ကျနေတဲ့ဆင့်ခေါ်သူအကြောင်း မေးလိုက်ပုံရပါတယ်။

အဖြေတစ်ချို့ရပြီးတဲ့နောက်မှာ အဖိုးကြီးက ခေါင်းညိတ်လိုက်ပါသည်။ ပရိသတ်တွေက စိတ်မရှည်နိုင်အောင် ဖြစ်လာကြပါတော့သည်။

"အဲ့ဆင့်ခေါ်သူက ကြောက်တာနဲ့ မလာတော့တာများလား"

"ဘယ်သူသိမှာလဲကွာ ဒါပေမယ့် အဲ့ကောင်က ကြောက်လို့မလာတာပဲနေမှာပါ။ ခြောင်းမြောင်းပုန်းအောင်းဖို့ပဲ သိတဲ့ အဲ့လိုပညာရပ်ကို မစဉ်းစားမဆင်ခြင်ဘဲ ရွေးချယ်လိုက်တဲ့လူရှိနေတာကို ငါဖြင့်အံ့ပါတယ်ကွာ။ တစ်ကယ့်ကို ကြောင်စီစီနိုင်တာပဲ"

" ပြောရမယ်ဆိုရင် ဆင့်ခေါ်သူတွေက ဟိုးအရင်ကတည်းက အမြစ်ပြတ်ခဲ့ရမှာပါကွာ ဒီလိုအသုံးမကျဘာမကျမျိုးက ငါတို့လင်းလက်တိုက်ပေါ်မှာ ရှိကိုမရှိခဲ့သင့်တာပဲ"

"ဒီ့အရင်ကတော့ တော်ဝင်ရိုလန်ကျောင်းက ဆင့်ခေါ်သူဌာနဆိုတာ စွန့်ပစ်ထားတဲ့နေရာတစ်ခုလို့ပဲ ငါထင်ခဲ့တာကွ အဲ့ဒီမှာ ကျောင်းသားတွေရှိနေသေးမှန်း ဘယ်သူထင်မိမှာတုန်း။ ဒါပေမယ့်ကွာ ဆင့်ခေါ်သူတွေ...ကျောင်းသားတစ်ယောက်ကို သင်ကြားပေးမယ့် ဆင့်ခေါ်သူကြီးတွေက ရှိသေးလို့လားဟင် ဟားဟားဟား"

ဝေဖန်ပြောဆိုသံတွေက ပွက်လောရိုက်လာပါတယ်။ ရုပ်ပြောင်းထားတဲ့ ယန်းချီဟာ လူတွေကြားမှာရှိနေကာ မျက်နှာထားတင်းမာနေပါတယ်။

ဒီလိုဝေဖန်ပြောဆိုသံတွေက ဘယ်တုန်းကစတင်လာခဲ့တာလဲ။

တားမြစ်ကန့်သတ်ပိတ်ပင်ထားတဲ့ နည်းလမ်းတွေကို အသုံးပြုကာ လူတွေကို စမ်းသပ်ခဲ့ကြတဲ့ လူအချို့ကြောင့် ဒီဝေဖန်သံတွေ အစပြုခဲ့ပြီး လင်းလက်တိုက်တစ်တိုက်လုံးကနေပြီး ဆင့်ခေါ်သူတွေကို အမြစ်ဖြုတ်သုတ်သင်မှု စတင်ခဲ့ကာ ကျောင်းတိုင်းကလည်း ဆင့်ခေါ်သူဌာနတွေအား ဖယ်ရှားခဲ့ကြပါတယ်။ ဒီလိုပြောဆိုသံတွေကို မုန်းတီးတာကြောင့် လူတွေနဲ့ဝေးရာမှာနေထိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ယနေ့မှာတော့ သူကြောက်ရွံ့နေဖို့ ဝမ်းနည်းနေဖို့ မလိုတော့ပါဘူး။ ဒီနေ့မှာ ဆင့်ခေါ်သူတွေ ပြန်လည်မြင့်မားလာမှုကို သူကိုယ်တိုင်မြင်တွေ့ရတော့မှာဖြစ်သည်။ ဒီနေ့မှာ လူတွေက ဆင့်ခေါ်သူတွေကို ချီးမွမ်းပြောဆိုနေတာကို သူကြားရတော့မှာဖြစ်ပါတယ်။ သူ့တပည့်ဖြစ်တဲ့ ရှန်ယန်ရှောင်က သမိုင်းစင်မြင့်ထက်သို့ ဆင့်ခေါ်သူပညာရပ်ကို တစ်ဖန်ပြန်လည်ခေါ်ဆောင်လာတော့မှာဖြစ်ပါတယ်။

အားလုံးက ဆင့်ခေါ်သူဆိုတာ မလာတော့ပါဘူးကွာလို့ တွေးနေကြချိန်မှာပဲ ကောင်းကင်ပြာကြီးက ရုတ်ချည်းနီရဲသွားကာ ကြီးမားလှသော အရိပ်ကြီးက ပြိုင်ကွင်းတစ်ခုလုံးအား ဖုံးလွှမ်းသွားပြီး ပတ်ဝန်းကျင်အပူချိန်ကလည်း မြင့်တက်လာပါတယ်။ လူတွေလည်း ထူးခြားမှုကို သိလိုက်ကြတာကြောင့် ဝေခွဲရခက်စွာနဲ့မော့ကြည့်လိုက်ကြပါတယ်။

All Chapters