← Chapters

အခန်း (၄၆၉-၄၇၁)

Vol. 32 Ch. 469-471

အခန်း (၄၆၉-၄၇၁)

Vol. 32 Ch. 469-471

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၆၉)

ကောင်းကင်ထက်မှာတော့ အံ့အားသင့်တုန်လှုပ်ဖွယ်ကောင်းလှတဲ့ ကြီးမားသောမီးငှက်ကြီးတစ်ကောင် တည်ရှိနေပြီး ကြီးမားလှသော မီးတောင်ပံနှစ်ဖက်က ကွင်းတစ်ခုလုံးကို ပြည့်လုမတတ်ဖြစ်နေပါတယ်။

"အဲ့မှော်သားရဲက ဘာကောင်ကြီးလဲ"

မီးငှက်ကြီးတစ်ကောင်က အားလုံးရဲ့မြင်ကွင်းထဲမှာ လွင့်ပျံနေပါတယ်။ အခုလိုကြီးမားလွန်းတဲ့ သတ္တဝါကြီးတစ်ကောင် ရုတ်ချည်းထွက်ပေါ်လာတာကြောင့် အားလုံးလည်း အလွန်အမင်းထိတ်လန့်သွားခဲ့ကြပါသည်။

မီးငှက်ပေါ်မှာတော့ အနီရောင်ဝတ်စုံဝတ်ထားသူတစ်ယောက်က ဟိတ်ဟန်အပြည့်နဲ့ရပ်တည်နေပါတယ်။ သူမရဲ့နက်မှောင်သောဆံနွယ်တွေက လေနဲ့အတူတလူလူလွင့်နေပြီး မီးတောက်မီးလျှံတွေက ဝန်းရံထားနေသော အဆိုပါ မင်သက်ဖွယ်မြင်ကွင်းက အားလုံးရဲ့မြင်ကွင်းထဲကို ရောက်ရှိလာပါတယ်။

မီးရောင်နဲ့ဆန့်ကျင်နေသော ဖြူဖွေးကာပြစ်ချက်မရှိသော အသားအရည်နဲ့ ပြိုင်ဖက်ကင်းအလှရှင်ကြောင့် လူတွေအားလုံး အကြည့်မလွှဲနိုင်အောင်ထိ ဖြစ်နေရပါတယ်။

ကွင်းထဲကလူအားလုံး အသက်ရှူဖို့မေ့နေကြပါတယ်။ ကြီးမားခန့်ထည်လှသော မှော်သားရဲကောင်ကြီးနဲ့ မင်းအပေါင်းကိုစစ်ခင်းစေနိုင်သော အလှပိုင်ရှင်တစ်ဦးတို့ရဲ့ အခုလိုမြင်ကွင်းပန်းချီကားဟာ အခုရောက်ရှိနေကြတဲ့ လူအားလုံးရဲ့ ရင်ထဲမှာတစ်သက်လုံးအမှတ်ရစေနေမယ့် မြင်ကွင်းတစ်ခုဖြစ်သွားခဲ့ပါတယ်။

"ဇာမဏီငှက်"

ကောင်းကင်မှာရှိနေသော မီးငှက်ကြီးကိုကြည့်ကာ တည်ငြိမ်အေးဆေးလှတဲ့ အိုးယန်ဟွမ်းယူမျက်ဝန်းထဲမှာ အနည်းငယ်အံ့အားသင့်ဟန်ဖြစ်သွားခဲ့ပါတယ်။

ပြိုင်ကွင်းအလယ်မှာရှိနေကြတဲ့ ငနာလေးကောင်လည်း မီးငှက်ကြီးကို ကြောင်ငေးကြည့်နေမိကြပါတယ်။

"အဲ့ဒါက...ဇာမဏီမျိုးနွယ်ရဲ့ အစောင့်အရှောက်သားရဲမလား"

မျိုးနွယ်ကြီးငါးစုဝင်တွေဖြစ်တာကြောင့် သူတို့အားလုံး တစ်ခြားမျိုးနွယ်ရဲ့ ဒဏ္ဍာရီသတ္တဝါအကြောင်းကို သိရှိထားကြပါတယ်။ ဒါကြောင့်လည်း တန်နာဇီက ချက်ခြင်းမှတ်မိကာ ပြောလိုက်ခြင်းဖြစ်ပါတယ်။

"ဇာမဏီငှက်က ပေါ်လာတယ်ဆိုတော့ သူ့ကျောပေါ်ကလူက ဘယ်သူလဲဟ"လို့ ယန်းရှီက မျက်မှောင်အနည်းငယ်ကြုတ်ကာ ပြောလိုက်သည်။

ဇာမဏီငှက်နဲ့အတူလာခဲ့တဲ့ မိန်းမပျိုက နည်းနည်းငယ်လွန်းနေပေမယ့် ဘုရင်တစ်ပါးလို ဟန်အမူအရာမျိုးနဲ့ ပေါ်ထွက်လာတယ်ဆိုတော့ လူတွေရဲ့စိတ်ကို အံ့အားသင့်အောင်လုပ်နိုင်ခဲ့ပါတယ်။

ကြူရှီယာ ဘာမှမပြောပါဘူး။ သူ့မျက်ဝန်းတွေထဲမှာ ခဏတာပေါ်ထွက်လာသော အံ့သြမှုအရိပ်အယောင်တွေကလည်း လေနှင်ရာကိုလွင့်ပါးသွားသော တိမ်စိုင်တွေလို ပျောက်ကွယ်သွားပြီဖြစ်ကာ ပါးလျသောနှုတ်ခမ်းထက်မှာတော့ အပြုံးတစ်ခုဖြစ်ပေါ်နေပါပြီ။

ကောင်းကင်ပေါ်က ဇာမဏီငှက်ကတော့ လူအားလုံးလိုလိုရဲ့ အထင်ကြီးလေးစားမှုတွေကို ခံယူလိုက်ပြီးနောက် မီးလုံးတစ်ခုအသွင်ဖြစ်သွားပြီး ကွင်းထဲကိုထိုးဆင်းလိုက်ပါတယ်။

ကြီးမားလှတဲ့မီးလုံးကြီးက ကွင်းအလယ်ခေါင်ကိုထိမိချိန်မှာပဲ စူးရှရှအသံတစ်ခုထွက်ပေါ်သွားပါတယ်။ နီရဲရဲမီးလျှံတွေက သေးသေးသွားပြီးနောက် လူနှစ်ယောက်အရွယ်အစားဖြစ်သွားပါတယ်။ တရှိန်ညီးညီးတောက်လောင်နေသော မီးလျှံတွေကြားမှနေ အနီရောင်ဝတ်စုံရှင်က ဖြည်းညင်းစွာ လှမ်းထွက်လာပြီး အတုမရှိသော ရုပ်ရည်သွင်ပြင်ကို ရှင်းရှင်းလင်းလင်းပြသလိုက်ပါတယ်။

သူမအပြင်ရောက်သွားတာနဲ့ မီးတောက်မီးလျှံက မီးငှက်ကြီးအသွင်ပြန်ပြောင်းသွားကာ ကောင်းကင်ထက်သို့ ပျံတက်သွားပါတော့သည်။

ဒီအချိန်မှာ ကွင်းတစ်ကွင်းလုံး လုံးဝတိတ်ဆိတ်နေခဲ့ပါသည်။ မျက်လုံးအားလုံးက အဆိုပါ လှပသောမိန်းမပျိုလေးဆီကို ရောက်ရှိနေပါတယ်။

ဟုတ်ပါတယ် သူမက ငယ်ရွယ်သေးသော အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တစ်ဦးဖြစ်ပေမယ့် သူမရဲ့ တုဖက်ကင်းသော အလှတရားက အမျိုးသမီးအားလုံးကို အမယ်လေး ငါ့ရုပ်နှယ်ဆိုးလိုက်လေခြင်းလို့ တွေးတောမိကာ ရင်ထုထုပြီးငိုကြွေးသွားစေနိုင်စွမ်းရှိပါတယ်။

သူမက နေရာမှာတင် ငြိမ်သက်စွာရပ်နေပြီး သံလိုက်တုံးလိုမျိုး အားလုံးရဲ့အာရုံကို ဖမ်းစားကပ်ငြိထားနိုင်ပါတယ်။

"မင်းက"

ဗိုလ်လုပွဲကို တာဝန်ယူထားသော အဖိုးကြီးလည်း သတိပြန်ဝင်လာကာ ဂွကျကျအခြေအနေနဲ့ မေးမြန်းလိုက်သည်။

မင်သက်ဖွယ်မိန်းမငယ်လေးက မျက်စိများကျဉ်းသွားအောင်ထိ ပြုံးလိုက်ပြီးနောက် ကြည်လင်ပြတ်သားစွာပြောလိုက်ပါတယ်။

"ဇာမဏီမျိုးနွယ်က ရှန်ယန်ရှောင်ဖြစ်ပြီး တော်ဝင်ရိုလန်ကျောင်း ဆင့်ခေါ်သူဌာနကို ကိုယ်စားပြုပြီး ဒီကျောင်းပေါင်းစုံပြိုင်ပွဲကို ပြိုင်မယ့်လူပါရှင်"

ဝါး...

မိန်းမငယ်လေးရဲ့ ကြည်လင်ပြတ်သားသော အသံက ကွင်းတစ်ကွင်းလုံးကို အုတ်အော်သောင်းနင်းဖြစ်သွားစေပါတယ်။ မိန်းမငယ်လေးရဲ့ ဟန်ပန်အသွင်အပြင်ထဲမှာ နစ်မြောနေကြသော ပရိသတ်အားလုံး ပွက်လောရိုက်သွားကြပါတယ်။

လူတွေအားလုံး ခြေနဲ့ခတ်ထုတ်ထားကြသော ဆင့်ခေါ်သူဆိုတာက ဒီလိုစိတ်ကူးကမ္ဘာထဲက မိန်းကလေးငယ်လေးတစ်ယောက် ဖြစ်နေမယ်လို့ ဘယ်သူမှထင်မထားကြပါဘူး။

အိုးယန်ဟွမ်းယူက ရှန်ယန်ရှောင်ကို အံ့သြတကြီးစိုက်ကြည့်နေမိသည်။ သူ့မျက်လုံးတွေထဲက ဖြတ်ကနဲဖြတ်ကနဲလက်လက်သွားသော အရိပ်အယောင်တွေက စိတ်လှုပ်ရှားမှု၊တုန်လှုပ်မှု ထို့နောက်မှ ဘဝင်ခိုက်သွားတဲ့အသွင်တွေကို ဖော်ပြနေပြီး အဆိုပါရှုပ်ထွေးလှတဲ့ စိတ်ခံစားချက်တွေက သူ၏ ဟန်ဆောင်မျက်နှာအောက်မှာ ပုန်းကွယ်နေခဲ့ပါတယ်။

အားလုံးထဲမှာ အတုန်လှုပ်ဆုံးသူတွေကတော့ ငနဲသားလေးကောင်ပါပဲ။

ရှန်ယန်ရှောင်စကားဆုံးသွားချိန်မှာပဲ တန်နာဇီပါးစပ်အဟောင်းသားဖြစ်သွားပြီး ယင်ကောင်တွေဝင်ဥလို့ရနေကာ ဖမ်းစားနိုင်လွန်းသောအလှရှင်လေးအား ကြောင်စီစီနဲ့စိုက်ကြည့်နေခဲ့ပါတယ်။

ဒါ..ဒါက သူတို့ရဲ့ ကောင်မကလေးတဲ့လား အဲ့ဒါက ရှန်ယန်ရှောင်တဲ့...

ဘာ..ဘယ်လိုပြက်လုံးကြီးလဲကွာ...

ရှန်ယန်ရှောင်ရဲ့ တစ်ကယ့်ကျားမဖြစ်အင်ကို တန်နာဇီသိထားပြီးဖြစ်ပေမယ့် သူတို့ရှေ့မှာဆို ရှန်ယန်ရှောင်က နောက်တစ်ခေါက်ထပ်ကြည့်စရာမရှိတဲ့ ပုံစံနဲ့သာနေခဲ့တာဖြစ်သည်။ ဖုန်အလူးလူး ညစ်ညစ်ပတ်ပတ်နေနေတဲ့ ဂွက်ထော်မက ဖုန်တွေချေးတွေသုတ်သင်အပြီးမှာ အခုလိုတစ်လက်လက်တောက်ပသွားမယ်လို့ ထင်မထားခဲ့မိပါဘူး။

သူ့စိတ်ထဲအမြဲတွေးနေခဲ့တာက ရှန်ယန်ရှောင်ဟာ အရမ်းဉာဏ်ပြေးတဲ့ မိန်းကလေး၊ စွမ်းအားလည်းအရမ်းထက်သော မိန်းကလေးဖြစ်ပြီး ရူပကာက ချူချာပေမယ့် စွမ်းအားတော့ရှိပါတယ်ပေါ့။

ဒါပေမယ့် စွမ်းအားနဲ့ရူပကာတို့က အတူတကွ မိတ်ဖက်ဖြစ်နေခဲ့ပါသည်။

တန်နာဇီရဲ့ ဦးနှောက်တစ်ခုလုံး ရပ်ဆိုင်းသွားခဲ့ပါသည်။

ယန်ယုနဲ့ယန်းရှီတို့ရဲ့ အခြေအနေကလည်း သိပ်မကွာလှပါဘူး ယန်ယုက သူ့လက်ထဲကိုင်ထားတဲ့ တောင်ဝှေးကို လွတ်ကျနေခဲ့သလို ယန်းရှီလက်ထဲက ဒိုင်းကလည်း သူ့ခြေထောက်နားမှာ ဘယ်အချိန်ထဲက ပြုတ်ကျနေမှန်းမသိပါဘူး။

ငနာသုံးကောင်လုံး နေရာမှာတင် ကြောင်အအနဲ့ရပ်နေကြပြီး ကျီးကန်းကနေ ဖီးနစ်ဖြစ်သွားတဲ့ ဒီလိုမှော်ဆန်ဆန်ဖြစ်အင်က သူတို့ဆီမှာဖြစ်သွားခဲ့လို့ လက်သင့်မခံနိုင်သလိုဖြစ်နေကြပါတယ်။

ကြူရှီယာကတော့ ဘာတုန်လှုပ်အံ့သြမှုမှ မရှိဟန်နဲ့ ရှန်ယန်ရှောင်ကိုသာ ပြုံးပြုံးကြီးကြည့်နေပါတယ်။ ဇာမဏီငှက်ပေါ်လာတော့ သူလည်း တစ်ကယ်အံ့အားသင့်သွားခဲ့ပေမယ့် သူ့ဦးနှောက်ထဲမှာတော့ ဇာမဏီငှက်ပေါ်မှာ ရပ်နေသူက ဘယ်သူလဲဆိုတာကို အဖြေရပြီးသွားပါပြီ။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၇၀)

ဇာမဏီငှက်ကို စီးနင်းနိုင်စွမ်းရှိပြီး ဒီလိုအချိန်မှာမှ ပေါ်လာတယ်ဆိုတော့ နောက်ကျနေတဲ့ အဲ့ကလေးမကလွဲရင် ဘယ်သူရှိဦးမှာမို့လဲ ဟုတ်ဘူးလား...

"မင်း..မင်းက တော်ဝင်ရိုလန်ကျောင်းရဲ့ ဆင့်ခေါ်သူပေါ့"

အဖိုးကြီးက သူ့နားတွေမကောင်းတော့တာလို့ တွေးမိသွားရပါတယ်။ လူတွေမနှစ်သက်ဆုံးပညာရပ်ဖြစ်တဲ့ ဆင့်ခေါ်သူကိုယ်စားပြုသူက ချစ်စဖွယ်ကလေးမလေးဖြစ်နေတယ်လေ။ နောက်ပြီး ဇာမဏီမျိုးနွယ်ကတဲ့။

ရှန်ယန်ရှောင် ကိုယ့်ကိုယ်ကို မိတ်ဆက်ပြောကြားလိုက်တုန်းက လူတွေအားလုံး ဇာမဏီငှက်ရဲ့ ဇစ်မြစ်ကိုခန့်မှန်းနိုင်သွားကြပါတယ်။

နှစ်ရာချီကွယ်ပျောက်နေတဲ့ ဒဏ္ဍာရီသတ္တဝါက နောက်တစ်ကြိမ်အဖြစ် လောကထဲကို ထွက်ပေါ်လာခဲ့ကာ ဒီအဓိပ္ပါယ်က....

ရှန်ယန်ရှောင်ဟာ ဇာမဏီငှက်ရဲ့ပိုင်ရှင်သခင်ပေါ့....

အားလုံးလိုလို ခေါင်းတွေပေါက်ကွဲသွားတော့မလို ခံစားလိုက်ရကြပါတယ်။

လူတွေပြောနေကြတဲ့ ဆင့်ခေါ်သူက ဇာမဏီမျိုးနွယ်ရဲ့ အလှပဂေးလေးဖြစ်နေတဲ့အပြင် ဒဏ္ဍာရီသတ္တဝါဖြစ်တဲ့ ဇာမဏီငှက်ကိုပါ ပိုင်ဆိုင်ထားလိုက်ပါသေးတယ်။

ကွင်းထက်မှာ ပျံဝဲနေဆဲဖြစ်တဲ့ မီးငှက်ကြီးကို ကြည့်လိုက်ကြကာ ဆင့်ခေါ်သူကို ဝေဖန်ပုတ်ခတ်ခဲ့ကြသော လူအားလုံး ပါးစပ်ပိတ်လိုက်ကြကာ တံတွေးမြိုချလိုက်မိကြသည်။

ပြိုင်ပွဲမှာ ဝင်ပြိုင်မယ့်ဆင့်ခေါ်သူမှာ အခုလိုမျိုး နောက်ခံရှိနေမှန်း သူတို့တွေသိထားရင် အခုထက်အဆတစ်ရာ ဇပြင်းရင်တောင် တစ်လုံးတစ်လေတောင် ပြောထွက်ရဲကြမှာမဟုတ်ပါဘူး။

လူတွေကြားမှာရှိနေတဲ့ ယန်းချီက ရှန်ယန်ရှောင်ကို စွတ်စိုသောမျက်ဝန်းတွေဖြင့် ကြည့်နေပါသည်။ လူတွေအများကြီးရှေ့မှာ ဇစ်မြစ်အမှန်ကို ဖွင့်ပြောဖို့အတွက် ဒီကလေးလေးမှာ ဘယ်လောက်တောင် သတ္တိမွေးခဲ့ရမလဲ။

သူမက ဇာမဏီမျိုးနွယ်ဝင်ဖြစ်နေပြီး ဇာမဏီငှက်ရဲ့ကာကွယ်မှုကို ရရှိထားရင်တောင် ပြောဖန်များတော့ တစ်ကယ်လိုဖြစ်လာတဲ့ ဆင့်ခေါ်သူကိစ္စကြောင့် လင်းလက်တစ်တိုက်လုံးက ဆင့်ခေါ်သူတွေအပေါ်မှာ တော်တော်မုန်းတီးနေကြပါပြီ။ လူတိုင်းရှေ့မှောက်မှာ သူမရဲ့ဇစ်မြစ်ကို ဖော်ထုတ်ပြောခဲ့လို့ နောင်မှာ အတောမသတ်နိုင်တဲ့ စွပ်စွဲပုတ်ခတ်ဝေဖန်မှုတွေကို လက်ခံတွေ့ကြုံရတော့မှာဖြစ်သည်လေ။

ဒီနေ့မှာ အခုလိုမျိုး သူမဟာ ရှန်ယန်ရှောင်ဖြစ်ပါသည်လို့ ပြောရတဲ့အကြောင်းရင်းက သူမဟာ ဆင့်ခေါ်သူဆိုတာကို လက်ခံတယ်လို့ အားလုံးသိစေလိုက်သလို ပြိုင်ပွဲကိုလည်း ဆင့်ခေါ်သူကိုယ်စားပြုအနေနဲ့ သူမရဲ့အမည်နာမကို အသုံးပြုကာယှဉ်ပြိုင်ဖို့ဆုံးဖြတ်ထားတဲ့အကြောင်း ပြောလိုက်တာပါပဲ။

ယန်းချီကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ရတာဖြစ်လို့ ရှန်ယန်ရှောင် ရင်ဆိုင်ရတော့မယ့်အဖြစ်တွေကို ကောင်းကောင်းကြီးနားလည်နေပါတယ်။ ရှန်ယန်ရှောင်ကို တွေ့ဆုံခဲ့ရတာ ကံကောင်းလိုက်တာ ငါ့ယုံကြည်ချက်တွေအတွက် လူတွေရဲ့ ကဲ့ရဲ့ပြစ်တင်မှုတွေကို ရင်ဆိုင်ရဲတဲ့ ကောင်မလေးကို တပည့်အဖြစ်လက်ခံမိတာ ကံကောင်းလိုက်လေခြင်းလို့ ယန်းချီတစ်ယောက် ဝမ်းသာဝမ်းနည်းဖြစ်ကာ တွေးမိနေပါသည်။

လူတွေကလန်ကဆန်မလုပ်သေးတာက ဇာမဏီငှက်နဲ့ဇာမဏီမျိုးနွယ်ကို ကြောက်နေကြလို့ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလူတွေရဲ့စိတ်ထဲမှာ ရှန်ယန်ရှောင်ကို အကြိမ်ပေါင်းများစွာ ရှုံ့ချပြောဆိုနေပြီးပြီဖြစ်မှန်း ယန်းချီသိပါတယ်။

တပည့်ဖြစ်သူအတွက် ဂုဏ်ယူမိသလို စိုးရိမ်စိတ်လည်းဖြစ်နေခဲ့ပါတယ်။

ရှန်ယန်ရှောင်ကတော့ လူတွေရဲ့ မနှစ်မြို့သောအကြည့်တွေအားလုံးကို ပြုံးစစနဲ့သာ ခံယူနေလိုက်ပြီး စိတ်ထဲမှာတော့ တစ်စက်မှလှုပ်ခတ်ခြင်းမရှိပါဘူး။

ကျောင်းပေါင်းစုံပြိုင်ပွဲကြီးမှာ ဆင့်ခေါ်သူတစ်ယောက်အဖြစ် ပါဝင်မယ်လို့ ဆုံးဖြတ်လိုက်ပြီးချိန်ထဲက ဒီကိစ္စတွေကို သူမ တွေးမိပြီးဖြစ်ပါတယ်။

သူမရဲ့ ဇစ်မြစ်အမှန်အား အရင်တုန်းက ဘယ်လိုကြောင့် ဖုံးကွယ်ခဲ့သည်ဖြစ်ပါစေ အခုအချိန်မှာတော့...

ငါဟာ...

ဇာမဏီမျိုးနွယ်က ရှန်ယန်ရှောင်ဆိုတာ...

ဆင့်ခေါ်သူတစ်ယောက်ပဲ...

တစ်လောကလုံး ငါ့ကို ဘယ်လောက်ပဲ စက်ဆုပ်သည်ဖြစ်ပါစေ...

တစ်လောကကလုံးကလူတွေ ငါ့ကို မနှစ်မြို့ပါစေ...

ငါဟာ ဆင့်ခေါ်သူရဲ့ ဂုဏ်အသရေကို ဘယ်သောအခါမှ ကျဆင်းထိခိုက်အောင် လုပ်မှာမဟုတ်ဘူး....

ဒါက ယန်းချီ သူမအား သင်ကြားပြသမှုအတွက် ပြန်လည်ကျေးဇူးဆပ်ခြင်းဖြစ်သလို သူမ ရွေးချယ်ထားတဲ့ လမ်းအတွက် ခိုင်ကျည်စွာ လျှောက်လှမ်းခြင်းလည်း မည်ပါသည်။

ရှန်ယန်ရှောင်ထံကျရောက်နေသော မရေမတွက်နိုင်တဲ့ မနှစ်မြို့သောအကြည့်တွေကို ကြူရှီယာ၊ တန်နာဇီ၊ ယန်းရှီနဲ့ယန်ယုတို့ ခံစားမိလိုက်ကာ ရှန်ယန်ရှောင်အနားသွား၍ မားမားမတ်မတ်ရပ်လိုက်ကြပါသည်။

နွေးထွေးသော လက်ဝါးလေးခုက တုံ့ဆိုင်းခြင်းအလျင်းမရှိဘဲ သူမပုခုံးကို ပုတ်လိုက်ကြပါတယ်။

"မင်းသာ နောက်တစ်စက္ကန့်လောက် နောက်ကျသွားခဲ့ရင် မင်းမလာတော့ဘူးလို့ ငါတွေးလိုက်တော့မှာဟ"လို့ ကြူရှီယာက ငြင်သာစွာရယ်ရင်းပြောလိုက်သည်။

"မင်းပေါ်လာသေးလို့ပေါ့ ငါက တစ်ကယ်စိုးရိမ်နေတာဟ"လို့ စိတ်အေးသွားတဲ့ တန်နာဇီကပြောလိုက်ပါတယ်။

"မင်းရောက်လာတာ ကောင်းတယ်ကွာ"လို့ ယန်ယုက စပ်ဖြဲဖြဲနဲ့ပြောလိုက်ပါသည်။

"ဒီတော့ နင်က နာဇီထက်ကို အချိန်ပိုဆွဲတတ်တယ်ပေါ့လေ"လို့ ယန်းရှီက ရှားရှားပါးပါးစနောက်တဲ့ အပြုံးနဲ့ပြောလိုက်ပါတယ်။

လူချောလေးယောက်လုံးက များပြားလှသောအကြည့်တွေအောက်မှာပဲ ရှန်ယန်ရှောင်အပေါ် သူတို့ရဲ့ထောက်ခံအားပေးမှုကို ကိုယ့်နည်းကိုယ်ဟန်နဲ့ပြသလိုက်ကြပါတယ်။

ဒီအချိန်ဒီအခါမှာ လောင်းရွှမ်အင်ပါယာရဲ့ မျိုးနွယ်စုကြီးငါးစုဟာ စည်းလုံးသွားခဲ့ကာ ဒီလိုအင်အားမျိုးဟာ တိုင်းပြည်တစ်ပြည်ကိုတောင် ကိုင်လှုပ်နိုင်စွမ်းရှိတဲ့အင်အားလည်း ဖြစ်နေပါတယ်။

ဒီအချိန်မှာပဲ ဇဝေဇဝါအကြည့်အားလုံး သရော်တော်တော်မျက်ဝန်းအားလုံး ရွံရှာကာမနှစ်မြို့မှုတွေဖော်ပြမှုအားလုံးက တိတ်ဆိတ်စွာနဲ့ ပြန်လည်ငုတ်လျှိုးပုန်းကွယ်သွားကြပါတော့လေသတဲ့....

မည်သူမှ မျိုးနွယ်စုကြီးငါးစုရဲ့ စုပေါင်းအင်အားကို စိန်မခေါ်ဝံ့ကြပါဘူး။

နောက်ပြီးတော့လည်း မျိုးနွယ်ကြီးငါးစုရဲ့ သခင်ကြီးတွေအား ဒေါပွအောင် မည်သူမှမလုပ်ရဲကြပါဘူး။

ပြိုင်ပွဲကွင်းထဲက လူငယ်လေးဦးဟာ သူတို့မျိုးနွယ်တွေရဲ့ ခေါင်းဆောင်တွေမဖြစ်ကြသေးပေမယ့် မဖြစ်လာရင်တောင်မှ သူတိုရဲ့အစွမ်းအစအရ ကိုယ့်မျိုးနွယ်အတွင်းမှာ အရေးကြီးအရာရောက်သော လူတွေဖြစ်လာကြမှာကတော့ သေချာပါတယ်။ သူတို့ရဲ့ ထောက်ခံအားပေးခြင်းဟာ မျိုးနွယ်ကြီးလေးစုလုံးရဲ့ ထောက်ခံအားပေးမှုနဲ့အတူတူပဲလို့ သတ်မှတ်လို့ရပါတယ်။

အမြဲတစေ စိတ်ဝမ်းကွဲနေကြတဲ့ မျိုးနွယ်စုကြီးငါးစုက မဟာမိတ်ဖြစ်သွားတယ်ဆိုသော သတင်းသာ လောင်းရွှမ်ပြည်တွင်းနဲ့ပြည်ပမှာ ပျံ့သွားမယ်ဆိုပါက အလွန့်အလွန်ကြောက်ဖို့ကောင်းသော အင်အားတစ်ခုဖြစ်လာမှာပါ။

လူတွေကြားထဲကနေပြီး ရန်လိုသောအကြည့်တစ်စုံက ရှန်ယန်ရှောင်အား စိုက်ကြည့်နေပါတယ်။

ဆံပင်တုတပ်ထားတဲ့ ရှန်ကျိယီဟာ လှပသိမ်မွေ့လှသော ရှန်ယန်ရှောင်ကို မယုံကြည်စွာကြည့်နေပါသည်။ သူမရဲ့မျက်လုံးကိုတောင် သူမ မယုံနိုင်ဖြစ်နေပါတယ်။

အဲ့ဒီရုပ်ဆိုးမ...အဲ့ဒီအသုံးမကျတဲ့ကောင်မ...အဲ့ဒီအရှက်စရာကောင်မက ဘယ်လိုလုပ်ပြီး ဒီလောက်လှလာတာတုန်း...

သူမ မယုံပါဘူး သူမ လုံးဝကို ယုံမှာမဟုတ်ပါဘူး....

"ရှန်ယန်ရှောင်....သူက ဘယ်လိုလုပ်ပြီး ဆင့်ခေါ်သူဖြစ်လာတာတုန်း"

ဘေးမှာရပ်နေတဲ့ ရှန်ကျိဝေက ရှန်ယန်ရှောင်ရဲ့ ပညာရပ်အတွက် ပိုတုန်လှုပ်အံ့သြနေပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၇၁)

ရှန်ဖန်က ရှန်ယန်ရှောင်ကို တော်ဝင်ရိုလန်ကျောင်းမှာ ဆေးပညာသင်ဖို့ လွှတ်လိုက်တာလေ အဲ့ဒါကို ဘယ်လိုဖြစ်လို့ ဆင့်ခေါ်သူဖြစ်သွားရတာလဲ....

"ချီးပေဆင့်ခေါ်သူလိုက်...အလကားဟာ...ဒါက ညစ်တီးညစ်ပတ်ပညာရပ်ပဲ။ သူ့ကိုယ်သူဘာထင်နေတာတုန်း ဒီလိုကောင်မမျိုးက ဒီလိုပညာစုတ်နဲ့ပဲတန်တယ်။ မျက်နှာပြောင်တိုက်ပြီး ဒီနေရာမှာတောင် လာရပ်နေရဲသေးတယ်။ သူ့ကိုယ်သူ ဆရာကြီးထင်နေသေးတယ်"

ရှန်ကျိယီတစ်ယောက် လုံးဝစိတ်လွတ်သွားပါတယ်။ ရှန်ယန်ရှောင်၏ ပြိုင်ဖက်ကင်းရုပ်အင်ကိုကြည့်ပြီး သူမရဲ့ခေါင်းတုံးပြောင်ဘဝကို တွေးမိကာ ရင်ထဲတွင် ကြောက်မက်ဖွယ်အမုန်းတရားကြီး စတင်ပေါက်ဖွားလာခဲ့ပါတော့သည်။

ဒီအဆင့်မရှိတဲ့ကောင်မက သူမခေါင်းပေါ်ကို ထပ်ကာထပ်ကာတက်နင်းနေတာကို သူမ လက်မခံနိုင်တော့ပါဘူး။ ပိုသည်းမခံနိုင်စရာအဖြစ်ကတော့ ကြူရှီယာတို့တစ်တွေက ရှန်ယန်ရှောင်အပေါ်မှာ ကောင်းပြနေခြင်းပါပဲ။

ဘာကြောင့်လဲ...

သူက အဲ့လိုမရသင့်ဘူးလေ....

ကြူရှီယာတို့က သူမအတွက်ချည်းပဲလေ...သူတို့တွေက ရှန်ကျိယီဆိုတဲ့ သူမအတွက်ပဲဖြစ်ရမှာလေ။ ဒီလိုငတုံးအသုံးမကျတဲ့ကောင်မလေးနဲ့ သူတို့နဲ့က မထိုက်တန်ပါဘူး။

ရှန်ကျိယီရဲ့ အမျက်ထွက်မှုကို မြင်လိုက်ရတဲ့ ရှန်ကျိဝေတစ်ယောက် ဘာမှမပြောရဲတော့အောင်ဖြစ်သွားကာ တံတွေးကိုသာမြိုချလိုက်မိပါသည်။

ငနာလေးကောင်ရဲ့ ထောက်ခံအားပေးမှုအတွက် နည်းနည်းအံ့အားသင့်သွားပြီးနောက် ရှန်ယန်ရှောင်က ပြန်ပြုံးပြလိုက်ပါတယ်။

"ဘာပဲပြောပြော ငါ နောက်မကျသေးဘူးလေ"

ဒီနေ့ ဒီလိုလုပ်ရပ်ကို လုပ်ရဲမှတော့ အားလုံးကို ရင်ဆိုင်ရဲတယ်ဆိုသော သဘောဖြစ်ပေမယ့် သူတို့လေးဦးရဲ့ အပြုအမူကြောင့် သူမရင်ထဲနွေးကနဲဖြစ်သွားရပါတယ်။

"မင်းကံကောင်းတယ်လို့ ပြောရမှာပေါ့ကွာ"ဟု တန်နာဇီတစ်ယောက် ပြုံးရွှင်ကာပြောလိုက်ပေမယ့် ရှန်ယန်ရှောင်ရဲ့ မျက်စောင်းကြောင့် အပြုံးလွင့်ပျောက်သွားရပါတယ်။

ဓားသမားဆိုတဲ့အဖြစ်ကို ဖုံးကွယ်ထားခဲ့မှုနဲ့ ရှန်ယန်ရှောင်ကို လမ်းပေါ်မှာ တိုက်ခိုက်ခဲ့ရတာတွေကို တွေးမိလိုက်တာနဲ့ တန်နာဇီတစ်ယောက် ကျောထဲစိမ့်သွားပါတယ်။

"အဟမ်း...လူစုံပြီဆိုမှတော့ ကျောင်းပေါင်းစုံပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲစဉ်ကြီး စတင်ပါတော့မယ်"

အဖိုးကြီးက ရင်ထဲလှုပ်ခတ်နေတာတွေကို ဖိနှိပ်မြိုသိပ်လိုက်ကာ တည်ငြိမ်ချင်ယောင်ဆောင်၍ အခြေအနေကို ပြန်လည်ထိန်းသိမ်းလိုက်ပါတယ်။

တုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်တွေတစ်သီကြီးအပြီးမှာတော့ ကျောင်းပေါင်းစုံပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲစဉ်က ပြန်လည်စတင်ပါပြီ။

ဆေးပညာရပ်ကို ကိုယ်စားပြုတဲ့ ကျောင်းသားဖြစ်သူဟာ တိုက်ပွဲကနေ ချက်ခြင်းဘေးထွက်လိုက်ပါတော့သည်။

ကျန်သောခြောက်ယောက်ကတော့ မဲနှိုက်ရပါတယ်။ တွဲဖက်တွေထွက်ပေါ်လာသောအခါတွင် ငြိမ်သက်သွားခဲ့သော ပရိသတ်တွေ ပြန်လည်သက်ဝင်လာပါတော့တယ်။

ပထမပွဲစဉ်တွေ ထွက်လာခဲ့ပါပြီ....

မှော်ဆရာကြူရှီယာနဲ့နတ်ဆရာယန်ယု

ဓားသမားတန်နာဇီနဲ့လေးသမားလီရှောင်ဝေ

စစ်သူရဲယန်းရှီနဲ့ဆင့်ခေါ်သူရှန်ယန်ရှောင်

ပြင်းထန်တဲ့ဗိုလ်လုပွဲ စပါပြီ...

ထွက်လာတဲ့မဲရလာဒ်ကြောင့် ယန်းချီတစ်ယောက် နှလုံးရပ်မတတ်ဖြစ်သွားပါတယ်။ စစ်သူရဲဆိုတာ ဆင့်ခေါ်သူတွေကို ဒုက္ခအရောက်ဆုံးဖြစ်စေတဲ့ ပညာရပ်ဖြစ်တယ်လေ။

ဆင့်ခေါ်သူတွေဟာ လူတွေရှေ့ကနေ ပျောက်ကွယ်နေတာ ကြာမြင့်ပြီဆိုပေမယ့် ဆင့်ခေါ်သူတွေအကြောင်း ပြောစကားတွေကတော့ နည်းနည်းမှ လျော့ပါးမသွားခဲ့ပါဘူး။ ကွင်းထဲကလူတွေအနေနဲ့ ဆင့်ခေါ်သူရဲ့ တိုက်ခိုက်မှုကိုသာ အပြင်မှာမမြင်ဖူးရင်နေမယ် ဒါပေမယ့် တစ်ခြားပညာရှင်တွေနဲ့ ထိပ်တိုက်တိုက်ခိုက်မယ်ဆိုရင် ဆင့်ခေါ်သူတွေအတွက် ဘယ်လောက်ခက်ခဲလဲဆိုတာလောက်တော့ သိကြပါတယ်။ ထိန်းချုပ်နည်းတွေနဲ့ကျိန်စာအတတ်တွေကြောင့် ထင်ရှားကျော်ကြားသော ဆင့်ခေါ်သူတွေအတွက် စစ်သူရဲဆိုတာ အလွန်ခေါင်းစားစရာ ပြိုင်ဖက်ပဲဖြစ်ပါတယ်။

ထိပ်တန်းဒိုင်းတစ်ခုနဲ့လှံတစ်လက်ကိုင်စွဲထားသော စစ်သူရဲတစ်ယောက်က နေရာမှာတင်ရပ်နေပြီး တစ်ခြားပညာရှင်တွေရဲ့ တိုက်ခိုက်မှုအား တစ်နာရီလောက်ခံယူနေရင်တောင် ပြိုလဲဖို့တော့မလွယ်သေးပါဘူး။

အလွန်အဆင့်မြင့်သော မှော်အစွမ်းနဲ့မှော်ဆရာတစ်ယောက်ရဲ့ ပြင်းထန်စွာတိုက်ခိုက်မှုကို မခံရဘူးဆိုရင် စစ်သူရဲ၏ ခံစစ်ကိုချိုးဖျက်နိုင်ဖို့က မလွယ်ကူလှပါဘူး။

ယန်းရှီက မိုးပြာနဂါးမျိုးနွယ်ကဖြစ်ပြီး မိုးပြာနဂါးမျိုးနွယ်ဟာ သူတို့ရဲ့ပန်းပဲအတတ်အတွက် ထင်ရှားကျော်ကြားပြီး လောင်းရွှမ်တစ်ပြည်လုံးရဲ့ အကောင်းမွန်အပြည့်စုံဆုံးသော လက်နက်တိုက်ရှိပါတယ်။ ယန်းရှီ၏ မည်သည့်လက်နက်မဆိုက လူတွေကို သားရည်တမြားမြားကျအောင် စွမ်းဆောင်နိုင်ပါတယ်။

ပြီးခဲ့တဲ့ပွဲတွေတုန်းက ယန်းရှီပြသခဲ့သော အံ့သြစရာခွန်အားက လူတွေရဲ့စိတ်အာရုံမှာ ထင်ကျန်နေဆဲဖြစ်ပါတယ်။

တစ်ယောက်က ဇာမဏီမျိုးနွယ်ရဲ့ သခင်မလေးတစ်ယောက်ဖြစ်ကာ နောက်တစ်လူကတော့ မိုးပြာနဂါးမျိုးနွယ်ရဲ့သခင်လေးဖြစ်ကာ နောက်ခံချင်းတူသယောင်ရှိပါတယ်။ မိသားစုအင်အားချင်းဆို နှစ်ယောက်လုံးညီတူပါပဲ။

စင်မြင့်ထက်မှာရပ်နေသော ယန်းရှီက လက်တစ်ဖက်မှာဒိုင်းတစ်လက်ကိုင်ဆွဲကာ ရပ်နေပြီး နောက်လက်တစ်ဖက်ကတော့ လှံရှည်တစ်လက်ကိုကိုင်ထားပါတယ်။

ပညာရပ်တွေအားလုံးထဲမှာ စစ်သူရဲသာလျှင် လက်နက်နှစ်မျိုးကို တစ်ချိန်တည်းမှာ ကိုင်ဆောင်အသုံးပြုနိုင်တာဖြစ်ပါတယ်။ တောင့်တင်းခိုင်မာသော ဒိုင်းတစ်လက်က တိုက်ခိုက်မှုအတော်များများကို ခုခံနိုင်စွမ်းရှိပြီး ရှည်လျားကွာဝေးသော တိုက်ခိုက်မှုကိုပြုလုပ်နိုင်တဲ့ လှံရှည်က ပြိုင်ဖက်တွေရဲ့ ခံစစ်ကိုချိုးဖောက်နိုင်စွမ်းရှိပါတယ်။

ယန်းရှီရဲ့လက်နှစ်နှစ်ခုလုံးက အဆင့်နိမ့်လက်နက်တွေမဟုတ်ပါဘူး။ သူ့လှံမှာ မီးဝံပုလွေရဲ့ အဆင့်ရှစ်မှော်အမြူတေတပ်ထားတာကြောင့် တိုက်ခိုက်မှုတိုင်းမှာ လောင်ကျွမ်းမှုအာနိသင်ထွက်ပေါ်စေမှာဖြစ်သည်။ ဒိုင်းကိုတော့ အဆင့်၈ လိပ်မှော်သားရဲကောင်ရဲ့ မှော်အမြူတေကိုတပ်ထားလို့ ဒိုင်းရဲ့ခုခံကာကွယ်နိုင်စွမ်းကို အဆင့်နည်းနည်းလောက် မြင့်တက်စေတာကြောင့် အဆင့်မြင့်မှော်တိုက်ခိုက်မှုတွေကို ရင်ဆိုင်ရရင်တောင် သိပ်မှုမှာမဟုတ်ပါဘူး။

ယန်းရှီလက်ထဲက အစွမ်းပြင်းလက်နက်နှစ်ခုနဲ့ယှဉ်ရင် ရှန်ယန်ရှောင်လက်ကတော့ ဗလာဟင်းလင်းဖြစ်နေပါတယ်။

ပညာရပ်ခုနှစ်မျိုးထဲမှာ လက်နက်မလိုသောပညာက ဆင့်ခေါ်သူပညာသာရှိပါတယ်။ ကျိန်စာအတတ်တိုင်းက လက်သင်္ကေတနဲ့သာ လုပ်ရတာဖြစ်ပြီး ဒါကလွဲရင် ကျန်တဲ့အရင်းအမြစ်မလိုအပ်ပါဘူး။

ဒါကြောင့် အဆင့်မြင့်မှော်အမြူတေဆိုတာ ဆင့်ခေါ်သူအတွက် အသုံးမကျပါဘူး။

လက်နက်အများဆုံးပညာရပ်နဲ့လက်နက်အနည်းဆုံးပညာရပ်နှစ်ခု ထိပ်တိုက်တွေ့ဆုံမှုအတွက် အားလုံးက မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ခိုးကြောင်ခိုးဝှက်ပညာရှင်ဆင့်ခေါ်သူတွေလို့ နာမည်ကြီးတဲ့အတွက် ခုခံနိုင်စွမ်းအားကြောင့် ထင်ရှားသောစစ်သူရဲကို အခုလိုစင်မြင့်ကျယ်ကြီးမှာ ဘယ်လိုမှအနိုင်ရစရာမရှိဘူးလို့သာ အားလုံးတွေးထင်ထားကြပါတယ်။

All Chapters