အခန်း (၄၇၂-၄၇၄)
Vol. 32 Ch. 472-474
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၇၂)
အဲ့ဒါကြောင့် အားလုံးကလည်း ရှန်ယန်ရှောင်တစ်ယောက် ဟာသတစ်ခုဖြစ်လာမှာကို စောင့်မျှော်နေခဲ့ကြပါတယ်။ လွန်ခဲ့သော ရာစုနှစ်အတွင်းမှာ တစ်ခါမှမပေါ်လာခဲ့သော ဆင့်ခေါ်သူတွေဆိုတာ လူတွေ၏ရင်ထဲမှာတော့ သမိုင်းအတွင်းမှာသာကျန်ရစ်ခဲ့ပါပြီ။ ဆင့်ခေါ်သူတွေအနိုင်ရမှာကို ဘယ်သူမှမမြင်ချင်သလို ဆင့်ခေါ်သူနိုင်မယ်လို့လည်း ဘယ်သူမှမယုံထားကြပါဘူး။
မျက်နှာခြင်းဆိုင်ရပ်နေကြတဲ့ ရှန်ယန်ရှောင်နဲ့ယန်းရှီတို့ကတော့ ပတ်ဝန်းကျင်က ဆူညံသံတွေကို ဥပေက္ခာပြုပြီးထားကြပါပြီ။
"နင်နဲ့အရင်ပြိုင်ရမယ့်လူက ငါဖြစ်မယ်လို့ ထင်မထားမိဘူး"
နည်းနည်းရယ်စရာကောင်းသားပဲလို့ တွေးမိလိုက်တဲ့ ယန်းရှီကပြောလိုက်တာပါ။ သူတို့ပညာရပ်တွေအကြောင်း ဘေးလူတွေပြောနေကြလို့မဟုတ်ဘဲ ဒီကလေးမလေးနဲ့ အရင်ဆုံးတိုက်ခိုက်ရမယ့်သူတွေက ကြူရှီယာမဟုတ်ရင် တန်နာဇီဖြစ်မယ်လို့ သူထင်ထားခဲ့မိလို့ဖြစ်ပါတယ်။
"ငါအရင်ချရမယ့်သူက ဘယ်သူဖြစ်ဖြစ် ဘာမှမထူးပါဘူး"လို့ ရှန်ယန်ရှောင်က ပုခုံးတွန့်ကာပြောလိုက်သည်။
သူမရဲ့ရည်မှန်းချက်က ကျောင်းပေါင်းစုံပြိုင်ပွဲကြီးရဲ့ ချန်ပီယံဖြစ်ဖို့ပါ အနှေးနဲ့အမြန်ပဲကွာမှာဖြစ်ပြီး ငနဲသားလေးကောင်လုံး သူမလက်ချက်နဲ့အနှက်ခံရမှာပါပဲ။
"ဒီပွဲကိုတော့ အလျှော့ပေးမှာမဟုတ်ဘူးနော်"လို့ ယန်းရှီကရယ်ရင်းပြောလိုက်သည်။
"နင့်အစွမ်းကုန်ကို ထုတ်သုံးပါ"လို့ ယုံကြည်မှုအပြည့်နဲ့ရှန်ယန်ရှောင်ကပြောလိုက်သည်။
"ဆင့်ခေါ်သူဆိုတာ စစ်သူရဲရဲ့ ပြိုင်ဖက်မဟုတ်ပေမယ့် အဲ့ဒီယန်းရှီနဲ့ရှန်ယန်ရှောင်တို့က အချင်းချင်းသိကျွမ်းကြပုံပဲ။ သူက ဒီပွဲကို သေချာအရှုံးမပေးဘူးလို့ မပြောနိုင်ဘူးနော်"ဟု ပရိသတ်တစ်ယောက်က မကောင်းသောရည်ရွယ်ချက်ကို ဖုံးကွယ်ကာပြောလိုက်သည်။
"ဟုတ်ပ တစ်ဖက်လူက သေချာအရှုံးပေးတာမဟုတ်ရင် ဆင့်ခေါ်သူနိုင်မယ်လို့ ဘယ်သူကယုံမှာလဲနော"
"အား အဲ့လိုဆိုရင်တော့ ပျင်းစရာကြီးဖြစ်တော့မှာပဲကွာ။ ဆင့်ခေါ်သူချန်ပီယံဖြစ်ဖို့ကို သူတို့က သေချာအရှုံးပေးကုန်ရင် လောင်းရွှမ်အင်ပါယာရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ စွန့်ပစ်မြေကိုသွားဖို့ ဆင့်ခေါ်သူကိုလွှတ်လိုက်ရတော့မှာပဲ အဲ့ဒါဆိုရင် ငါတို့အားလုံးက ရယ်စရာတွေဖြစ်ကုန်တော့မှာပဲဟေ့"
ရှန်ယန်ရှောင်အပေါ်မှာ သူတို့လေးယောက်ပြသခဲ့တဲ့ အပြုအမူကြောင့် အားလုံးရင်ထဲမှာ သူတို့လေးယောက်ကို အနိုင်ယူဖို့အတွက် ရှန်ယန်ရှောင်က ကလိမ်ကျထားမှာပဲလို့ အားလုံးကမှတ်ယူထားကြပြီး လေးယောက်သား ရှန်ယန်ရှောင်အနိုင်ရဖို့အတွက် သေချာအရှုံးပေးကြမှာလို့ ထင်နေကြပါတယ်။
ဒီလိုပြိုင်ပွဲမျိုးဟာ သူတို့ကြည့်ချင်တာမျိုးမဟုတ်ပါဘူး။
ဒီစကားတွေကြားလိုက်ရတဲ့ ယန်းချီတစ်ယောက် စိတ်ထဲရှုပ်သွားရပါတယ်။ ရှန်ယန်ရှောင်က တစ်ကယ်အစွမ်းအစနဲ့နိုင်ခဲ့ရင်တောင် ဒီလူတွေက လက်သင့်ခံကြပါ့မလား။ လင်းလက်တိုက်သားတွေဟာ ဆင့်ခေါ်သူတွေကို လက်သင့်မခံနိုင်တော့ဘူးလား။
ပွဲစဖို့ ခေါင်းလောင်းတီးသံထွက်လာပြီးနောက် ယန်းရှီနဲ့ရှန်ယန်ရှောင်တို့ရဲ့ တိုက်ပွဲကစတင်ပါပြီ။
ပြိုင်ပွဲကွင်းရဲ့အခြေအနေကြောင့် စစ်သူရဲတွေအနေဖြင့် စီးနင်းစရာမယူနိုင်ကြပါဘူး ဒါပေမယ့် ယန်းရှီရဲ့ လှုပ်ရှားမှုက အလွန်မြန်ပါသေးတယ် ခေါင်းလောင်းတီးတာနဲ့တစ်ပြိုင်နက်မှာပဲ သူ့လက်ထဲက လှံရှည်ကို ရှန်ယန်ရှောင်ထံထိုးလိုက်ပြီးဖြစ်ပါတယ်။
သူ့ကိုယ်လုံးက လျှပ်ပြက်သလို လျှင်မြန်လွန်းကာ မျက်စိနဲ့လိုက်မီအောင်မကြည့်နိုင်ကြပါဘူး။
ရှန်ယန်ရှောင်ကလည်း ချင်ခြင်းတုံ့ပြန်ပါတယ်။ ယန်းရှီတိုက်ခိုက်လိုက်ချိန်မှာပဲ သူမရဲ့လှုပ်ရှားမှုကို လျှင်မြန်စေသော ကျိန်စာအား ကိုယ့်ကိုယ်ကိုအသုံးပြုလိုက်ပြီး ဒီကျိန်စာရဲ့ အာနိသင်က အချိန်တိုအတွင်းပဲသက်ရောက်မှာဖြစ်လို့ လျှင်မြန်ဆေးရည်နဲ့မယှဉ်နိုင်ဘူးဆိုသော်လည်း ကျိန်စာသက်ရောက်ချိန်အတွင်းမှာတော့ သူမအနေနဲ့ အလွန်လျှင်မြန်သွက်လက်နေမှာဖြစ်ပါတယ်။
လူနှစ်ယောက်က လျှပ်စီးလက်သလို မိုးခြိမ်းသလို တိုက်ခိုက်နေကြပါတယ်။
ငွေရောင်အလင်းတစ်ခု လက်ကနဲထွက်လာပြီး လှံရှည်ကရှေ့ကိုအရှိန်ပြင်းပြင်းထိုးခွင်းသွားနေပါတယ်။
ကိုယ်လုံးကိုယ်ပေါက်သေးသေးလေးက ဒီနာမည်ကြီး တိုက်ခိုက်မှုကနေ သရဲတစ်ကောင်ကဲ့သို့ လွတ်မြောက်သွားခဲ့ပါတယ်။ ရှောင်တိမ်းပြီးတာနဲ့ သူမရဲ့ လက်ဆယ်ချောင်းလုံးက တစ်မျိုးသုံးကျိန်စာနှစ်ခုကို ဖော်ဆောင်လိုက်ကာ ပစ်လွှတ်တိုက်ခိုက်လိုက်ပါတယ်။
ရှန်ယန်ရှောင်ရဲ့ လှုပ်ရှားမှုကို တွေ့မြင်သော ယန်းရှီလည်း ချက်ချင်းပဲ သူ့ကိုယ်ကို ဆုတ်ခွာလိုက်ပြီး နှစ်ယောက်ကြားမှာ အကွာအဝေးတစ်ခုထိရောက်အောင် ခွာထားလိုက်ပါတယ်။
စက္ကန့်ပိုင်းလေးအတွင်းမှာပဲ လူနှစ်ယောက်က အပြန်အလှန်တိုက်ခိုက်ပြီးသွားကြပြီဖြစ်ကာ ဒီအရှိန်နှုန်းက မသင်္ကာဖြစ်နေကြသူတွေရဲ့ ပါးစပ်တွေကို ပိတ်အောင်လုပ်နိုင်လိုက်ပါတယ်။
ယန်းရှီအသုံးပြုတိုက်ခိုက်လိုက်တဲ့ တိုက်ခိုက်မှုက စစ်သူရဲတွေရဲ့ စွမ်းအားပြင်းတိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်သော နဂါးသတ်လှံဖြစ်ကြောင်းကို စစ်သူရဲတိုင်းသိကြပါတယ်။ ဒီတိုက်ခိုက်မှုဟာ စစ်သူရဲတွေ၏ မြောက်မြားစွာသော အကွက်တွေထဲက အပြင်းထန်ဆုံး အထိရောက်ဆုံးလှုပ်ရှားမှုဆိုပြီး လူအများသိကြပါတယ်။ ဒီလှုပ်ရှားမှုကိုလုပ်မယ်ဆိုရင် အားကုန်ထုတ်တိုက်ရမှာဖြစ်ပြီး မဟုတ်ရင် ဒီအကွက်ကိုသုံးနိုင်မှာမဟုတ်ပါဘူး။
ဒီပွဲကို အရှုံးပေးမယ်စိတ်ကူးထားရင် ဒီအကွက်ကိုထုတ်သုံးဖို့ လုံးဝမဖြစ်နိုင်ပါဘူး။
ပွဲစတာနဲ့ ယန်းရှီဟာ အားကုန်ထုတ်တိုက်ကွက်ကို အသုံးပြုခဲ့ကာ ဒီအကွက်ကြောင့် သံသယဖြစ်နေကြသူတွေရဲ့ ပါးစပ်ကိုပိတ်အောင်လုပ်နိုင်ခဲ့ပါတယ်။ သူငယ်ချင်းနှစ်ယောက်ဟာ ရန်သူတွေကဲ့သို့ တိုက်ခိုက်နေကြပါပြီ။
ဒါကြောင့် အားလုံး အလွန်စိတ်လှုပ်ရှားလာကြပါတယ်။ ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတာက နဂါးသတ်လှံရဲ့ အရှိန်ကို ရှန်ယန်ရှောင်က အချိန်တိုလေးအတွင်းမှာ တုံ့ပြန်ရှောင်ရှားနိုင်ခဲ့ခြင်းပါပဲ။
ဘယ်လောက်ရင်ခုန်စရာ ကြောက်စရာကောင်းလိုက်တဲ့ တုံ့ပြန်မှုနှုန်းနဲ့အကဲဖြတ်နိုင်စွမ်းရှိလိုက်သလဲ...နည်းနည်းလေးလွဲချော်သွားတာနဲ့ သူမအနေနဲ့ ပြင်းထန်တဲ့ဒဏ်ရာရသွားနိုင်ပါတယ်။
ဆင့်ခေါ်သူတွေက သူတို့ရဲ့လက်နှစ်ဖက်လုံးကို အသုံးပြုကာ ကျိန်စာအတတ်ကိုပစ်လွှတ်ရတာဖြစ်ပါတယ်။ အချိန်တိုတိုအတွင်းမှာ ခန့်မှန်းသတ်မှတ်ကာ လက်သင်္ကေတတွေလုပ်နိုင်ဖို့ဆိုတာ တစ်ပြိုင်နက်ထဲမှာ ပြုလုပ်ရမှာပါ။
လူသောင်းချီပြီးတော့ ဒီလိုလှုပ်ရှားမှုမျိုးကို သူတို့ဆိုရင်ရော လုပ်နိုင်ကြပါ့မလားဆိုပြီး ပြန်မေးခွန်းထုတ်လိုက်ကြတော့ အဖြေကတော့ နိုးပါပဲ။ တစ်ရာမှာတစ်ယောက်လောက်သာ လုပ်နိုင်ကောင်းလုပ်နိုင်ပါလိမ့်မယ်။
ယန်းရှီက လျှင်မြန်လှသော သူ့တိုက်ခိုက်မှုကို မအောင်မြင်ခဲ့ပေမယ့် ရှန်ယန်ရှောင်ကတော့ ဒီအခွင့်အရေးကို လက်လွတ်မခံခဲ့ပါဘူး။ သူမကိုယ်သူမ တစ်မျိုးသုံးကျိန်စာတစ်ခုသုံးလိုက်ပြီး ကာယစွမ်းရည်ကို တိုးမြှင့်လိုက်သည်။ သေးသွယ်လှသောကိုယ်လုံးလေးက စင်မြင့်ထက်မှာ လျှင်မြန်စွာရွေ့လျားသွားကာ ပရိသတ်တွေ ဘာမှန်းမသိလိုက်ခင်မှာပဲ ယန်းရှီအနားကို သူရောက်သွားပါပြီ။
ယန်းရှီကလည်း တည်တည်ငြိမ်ငြိမ်ပဲ တုံ့ပြန်ခဲ့ပါတယ်။ သူ့လှံကို မြေပေါ်ထောက်လိုက်ပြီး ရှန်ယန်ရှောင် သူ့အနားကိုရောက်လာတာနဲ့ လှံကိုအားပြုကာ နောက်သို့ခုန်ဆုတ်လိုက်ပြီး နှစ်ယောက်အကြားမှာ အကွာအဝေးတစ်ခုဖြစ်အောင် ဖန်တီးလိုက်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၇၃)
စစ်သူရဲလှံဟာ အဝေးကနေတိုက်ခိုက်နိုင်တာကြောင့် ယန်းရှီက ဒီအားသာချက်ကို အသုံးချကာ ရှန်ယန်ရှောင်အားတိုက်ခိုက်နေပါတယ်။ သူ့တိုက်ခိုက်မှုတိုင်းက ချက်ကောင်းနေရာတွေကိုပဲ ဦးတည်နေခဲ့တာပါ။
ရှန်ယန်ရှောင်ရဲ့ တုံ့ပြန်လှုပ်ရှားမှုကလည်း အလွန်မြန်ဆန်ကာ သူမရဲ့လက်တွေနဲ့လက်ချောင်းတွေဟာ ပုံရိပ်တွေအဖြစ်ကိုတောင် ပြောင်းလဲလာပါတယ်။ သူမ ကျိန်စာဘယ်နှစ်မျိုးတောင် သုံးခဲ့သလဲဆိုတာ လူတွေမပြောနိုင်ကြပါဘူး။ တစ်ခါပြီးတစ်ခါနဲ့ တိုက်ခိုက်မှုတိုင်းကနေ လွတ်မြောက်လာခဲ့သလို ကာကွယ်မှုပြီးတာနဲ့ တိုက်ခိုက်မှုကို ချက်ခြင်းပြန်လုပ်ပါတယ်။
စင်မြင့်ပေါ်က တိုက်ပွဲဟာ အရမ်းအားပါပြင်းထန်နေပါပြီ ကြည့်ရှုနေသော ပရိသတ်တွေလည်း သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲထဲမှာ နစ်မြောပါဝင်နေကြပါတယ်။
"ဆင့်ခေါ်သူတွေရဲ့ ကျိန်စာအသုံးပြုနည်းက ဒီလိုပုံစံလား။ ဒါက အရမ်းအရမ်းကို မြန်လွန်းတာပဲ အလွန်အံ့အားသင့်စရာကောင်းတယ်ကွာ"
"အဲ့ကောင်မလေးရဲ့ လှုပ်ရှားမှုတွေက အရမ်းသွက်တယ်ဟေ့။ ဒီလိုအရှိန်အဟုတ်နဲ့ တိုက်ခိုက်မှုတွေကိုတောင် သူက လွတ်အောင်ရှောင်နိုင်ခဲ့တယ်နော်"
"ဆင့်ခေါ်သူက သူတို့စွမ်းရည်တွေကို မြှင့်တင်ဖို့ ကျိန်စာတွေကို အသုံးချနိုင်တယ်ပေါ့။ သူတို့ကျိန်စာတွေက လူတွေကို ဒုက္ခပေးရုံသက်သက်တင်မဟုတ်ဘူးလား"
"အိုး..အိုး ယန်းရှီချပြီဟေ့"
ပြိုင်ပွဲကိုလာတဲ့သူတိုင်းလိုလိုက တိုက်ချင်ခိုက်ချင်စိတ်ရှိသူတွေများပါတယ်။ ပြင်းထန်သောတိုက်ပွဲဟာ သူတို့ရဲ့အနှစ်သက်ဆုံးဖြစ်ပြီး ရှန်ယန်ရှောင်၏ ချီးကျူးမင်သက်ဖွယ် ကျိန်စာအတတ်တွေကို မြင်တွေ့အပြီးမှာ သူမရဲ့လက်သင်္ကေတလှုပ်ရှားပုံတွေကြားမှာ နစ်ဝင်သွားခဲ့ကြပါတယ်။
ယန်းရှီက ကိုင်ထားသောလှံကို ထိန်းလိုက်ပြီးနောက် နောက်ထပ်တစ်ကြိမ် ထိုးသွင်းလိုက်ပြန်ပါတယ် ဒီတစ်ခေါက်မှာတော့ ရှန်ယန်ရှောင်က မထင်မှတ်စွာနဲ့ မရှောင်ခဲ့ပါဘူး။ လွင့်မျောကျိန်စာကို သူမကိုယ်ပေါ်မှာ အသုံးပြုလိုက်ကာ မြေပြင်နဲ့တစ်မီတာအကွာကနေ လေထဲလွင့်နေပါတယ်။ သူမဟာ လှံသွားနဲ့ထိုးစိုက်ခံရမယ့်အဖြစ်ကနေ သီသီကလေးလွတ်သွားတာပါ။ ထို့နောက်မှာတော့ လှံပေါ်ကိုခြေနင်းလိုက်ပြီး ယန်းရှီလှုပ်ရှားမှုတွေအား ရပ်တံ့စေလိုက်ပါတယ်။ အဲ့ဒီနောက် ရှေ့သို့ကိုင်းညွှတ်ကာ လှံရှည်ပေါ်ကနေပြီး ခပ်သွက်သွက်ပြေးသွားလိုက်ပါတယ်။ နောက်ဆုံးမှာတော့ သူမတို့နှစ်ယောက်ကြားက အကွာအဝေးဟာ ကျိန်စာအတတ်ကို အသုံးပြုနိုင်သော အကွာအဝေးအတွင်းရောက်လာပါပြီ။
ယန်းရှီစိတ်ထဲမှာ အခြေအနေမကောင်းဘူးလို့ အော်ဟစ်လိုက်ပါတယ်။ ဒါပေမယ့် လှံကိုပစ်ချကာ နောက်ကိုဆုတ်ဖို့အတွက်က တော်တော်လေးနောက်ကျသွားနေပါပြီ။
ရှန်ယန်ရှောင်ရဲ့ နုနယ်လှပတဲ့မျက်နှာလေးမှာ ရက်စက်ပြုံးတစ်ပွင့် ငွားငွားစွင့်စွင့်ပွင့်လန်းလာတာကို မြင်တွေ့လိုက်ရပြီးနောက် သူ့ခြေလက်တွေဟာ သံတုံးသံခဲတွေလို လေးလံလာပါတယ်။ ဒီအလေးချိန်ကြောင့် သူ့တစ်ကိုယ်လုံး မြေပေါ်လဲကျအောင် ဖိခံထားရသလိုဖြစ်နေပါတယ်။
အချိန်အခါကောင်းပဲလို့ တွေ့လိုက်ရတဲ့ ရှန်ယန်ရှောင်လက်လှုပ်ရှားမှုတွေက ပိုမြန်ဆန်သွားပါတယ်။ ကျိန်စာ၁၇မျိုး ၁၈မျိုခန့်ကို တစ်ပြိုင်နက်လိုလိုမှာပဲ ယန်းရှီဆီကို ပစ်လွှတ်တိုက်ခိုက်လိုက်ပြီး မိတ်ဆက်သွားရပါတယ်။
ချက်ခြင်းဆိုသလိုပဲ ထူးဆန်းသော အဖြစ်တစ်ခုဖြစ်ပျက်သွားပါတယ်။ ယန်းရှီလဲပြိုကျသွားကာ စင်မြင့်အစွန်ဆီသို့ လွင့်ထွက်သွားပါတယ်။ ထို့နောက်မှာတော့ စင်မြင့်အောက်ကို လေးပင်စွာပြုတ်ကျသွားကာ ကွင်းတစ်ကွင်းလုံး လုံးဝတိတ်ဆိတ်သွားရပါတယ်။
သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပဲ အော်ဟစ်ချီးကျူးသံတွေဟာ ကောင်းကင်ယံသို့လွင့်ပျံတက်သွားပါတော့သည်။
"ယန်းရှီရှုံးသွားပြီပေါ့"
အားလုံးက မယုံနိုင်စရာအဖြစ်ကြောင့် မိန်းမောမင်သက်နေကြပါတယ်။ အစတုန်းက လက်ရည်တူနေသော ဒီပွဲကို ရှန်ယန်ရှောင်က မျက်တောင်တစ်ခတ်အတွင်းမှာပဲ ပြောင်းပြန်လှန်ပစ်လိုက်ကာ အချိန်အခါသင့်ချိန်မှာ ကွက်တိကျအောင် ကျိန်စာအတတ်ကို အသုံးပြုနိုင်ခဲ့ကာ ယန်းရှီကို စင်မြင့်ကနေ ပစ်ထုတ်နိုင်လိုက်ပါတယ်။
နောက်တစ်ခုက တစ်ပွဲလုံးမှာ ရှန်ယန်ရှောင်အနေနဲ့ ပြိုင်ဖက်အား မျက်စိလှည့်စားနားလှည့်စားတဲ့ ကျိန်စာမျိုးကို အသုံးမပြုခဲ့ဘဲ ရန်သူအား ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်သောနည်းလမ်းဖြင့်သာ အနိုင်ယူခဲ့တာဖြစ်ပါသည်။
ဒီတစ်ခေါက်မှာသာ ရှန်ယန်ရှောင်ကနေ ညစ်ပတ်ပတ်ရှိတဲ့ ကျိန်စာတစ်ခုတစ်လေအသုံးပြုခဲ့မိရင်တောင် လူတွေရဲ့ ရင်ထဲမှာ အမည်းစက်ကြီးဖြစ်ပေါ်သွားစေမှာပါ။ ဒါပေမယ့် လှည့်စားမှုစိုးစဉ်းမျှတောင် သူမအသုံးမပြုခဲ့ဘဲ ထိပ်တိုက်သာတိုက်ခိုက်ခဲ့တာကြောင့် ဘာပြစ်ချက်မှပြောစရာမရှိပါဘူး။
တရားမျှတစွာဖြင့် အုပ်စီးအနိုင်ရယူလိုက်သော ရှန်ယန်ရှောင်ကြောင့် လူတွေရဲ့စိတ်ထဲမှာ နည်းနည်းတော့အမြင်ပြောင်းသွားခဲ့ကြပါတယ်။
ဆင့်ခေါ်သူတွေဟာ ပြောနေသလို ကောက်ကျစ်ယုတ်မာသူတွေမဟုတ်ဘဲ သူတို့အသုံးပြုတဲ့ကျိန်စာတွေကလည်း အဲ့လောက်ညစ်ပတ်ပုံမပေါ်လောက်ပါဘူးလေ...
လူတွေရဲ့စိတ်ထဲမှာ မျိုးစေ့တစ်ခု စိုက်ပျိုးထားလိုက်နိုင်ကာ တစ်နေ့မှာတော့ ဒီမျိုးစေ့ဟာ ရှင်သန်ကြီးရင့်လာပြီး ရင်ထဲနှလုံးသားထဲမှာ ကြီးထွားအုပ်မိုးလာပါလိမ့်မယ်။
ယန်းရှီက မြေပေါ်ကနေ လူးလဲထလိုက်ပါသည်။ ဖြစ်ပျက်သွားတာတွေက စက္ကန့်သုံးဆယ်တောင် မကြာခဲ့ပါဘူး။ ဒါပေမယ့် သူခံစားလိုက်ရတဲ့ ကျိန်စာအတတ်တွေရဲ့ ပြင်းထန်မှုကိုတော့ ကောင်းကောင်းကြီးနားလည်လိုက်ပါတယ်။ ဆင့်ခေါ်သူတွေ ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလဲဆိုတာကို ပြသနေတဲ့သက်သေပါပဲ။
"မင်းရပ်နိုင်သေးတယ်ပေါ့"လို့ ရှန်ယန်ရှောင်က ပြုံးစစနဲ့မေးလိုက်ပါတယ်။
ယန်းရှီက စာရွက်လှန်တာထက်တောင် လျှင်မြန်တဲ့အခြေအနေနဲ့ အမူအယာပြောင်းသွားသော ကလေးမကို မချိပြုံးပြုံးပြလိုက်သည်။
"ငါက အဲ့လောက်လည်း မနွဲ့သေးပါဘူးဟ ဒါပေမယ့် ဒီနေ့ပွဲကိုတော့ ငါသိပ်မကျေနပ်သေးဘူးနော်။ နောက်တစ်ခေါက် အခွင့်အရေးကြုံလာရင်တော့ တစ်ကွက်နှစ်ကွက်လောက် စမ်းကြည့်ကြသေးတာပေါ့ကွာ"
သူသာ ဒီပွဲကို အလျှော့ပေးပြိုင်ဆိုင်ခဲ့ရင် လူတွေက ဆင့်ခေါ်သူတွေအပေါ်ထားတဲ့ အမြင်ပြောင်းလဲမှာမဟုတ်ကြောင်းကို သူ သဘောပေါက်လို့ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တာဖြစ်ပါသည်။
"မင်းက အဲ့လောက်အခဲမကျေဖြစ်နေပြီလား"
စင်မြင့်ကနေခုန်ဆင်းလိုက်ပြီးနောက် ယန်းရှီကိုလက်တစ်ဖက်ကမ်းပေးလိုက်ကာ ဆွဲထူဖေးမပေးလိုက်ပါတယ်။
ယန်းရှီလည်း တစ်ချက်ရယ်လိုက်ကာ ကြောင်အအဖြစ်နေသော ဒိုင်လူကြီးအား ပြောလိုက်ပါတယ်။
"ပွဲအဖြေကို ကြေငြာလို့ရပြီလားဗျ"
ကြောင်စီစီဖြစ်နေသော ဒိုင်လူကြီးလည်း ရှန်ယန်ရှောင်ကို ဖော်ပြရခက်သောအကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ကြေငြာလိုက်ပါတယ်။
"ဒီပွဲကိုတော့ တော်ဝင်ရိုလန်ကျောင်း ဆင့်ခေါ်သူဌာနကိုယ်စားပြု ရှန်ယန်ရှောင် အနိုင်ရရှိသွားပါတယ်"
တစ်ကယ်တန်းဆို သူမရဲ့ စွမ်းရည်အရ မကောင်းသောကျိန်စာတွေကိုသာ စောရအတတ်နဲ့ရောယှက်လိုက်ပြီး ယန်းရှီအပေါ်မှာ အသုံးပြုလိုက်ရင် ဆယ်မိနစ်အတွင်းမှာပဲ ပွဲသိမ်းလိုက်လို့ရပါတယ်။ ဒါပေမယ့် အဲ့လိုမလုပ်ချင်ခဲ့ပါဘူး။ လင်းလက်တိုက်သားတွေ ဆင့်ခေါ်သူတွေကို လက်ခံလာဖို့အတွက် ဆင့်ခေါ်သူတွေဆိုတာ ချောင်းမြောင်းတိုက်ခိုက်ခြင်းမှာသာ အသုံးကျတာမဟုတ်ဘဲ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်တဲ့ နေရာမှာလည်း မျှမျှတတသန့်သန့်ရှင်းရှင်းနဲ့ အနိုင်ယူနိုင်စွမ်း ရှိသူတွေဆိုတာ ပြသနိုင်မှဖြစ်မှာပါ။ ဒါကြောင့်လည်း ရှန်ယန်ရှောင်က သန့်သန့်ရှင်းရှင်းနည်းလမ်းနဲ့ တိုက်ခိုက်နေတာဖြစ်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၇၄)
ဒိုင်လူကြီးဖြစ်သူ၏ ကြေငြာချက်အဆုံးမှာ ပွက်လောရိုက်နေသော လူအားလုံး ငြိမ်သက်သွားကြပါတယ်။ ဆင့်ခေါ်သူဆိုသော စကားလုံးက သူတို့အားလုံးကို ရေအေးအေးနဲ့ပက်လိုက်သလိုပါပဲ။
ဟုတ်တယ် အဲ့ကောင်မလေးက ဘယ်လောက်ပဲအစွမ်းထက်ဦးတော့ ဆင့်ခေါ်သူက ဆင့်ခေါ်သူပါပဲ။
ဆင့်ခေါ်သူတွေ ချန်ထားရစ်ခဲ့သော အရိပ်မည်းကြီးက လင်းလက်တိုက်သားတွေအတွက် တစ်ညထဲနဲ့မေ့ဖျောက်ပစ်နိုင်တာမျိုးတော့ မဟုတ်ပါဘူးလေ....
ရှန်ယန်ရှောင်လည်း ဒီကိစ္စအတွက် အလျင်မလိုနေခဲ့ပါဘူး။ ဒီပွဲက အစပြုတာပဲ ရှိပါသေးတယ်။ နောက်ထပ်ပွဲနှစ်ပွဲကိုလည်း သူမ အနိုင်ရဦးမှာဖြစ်ပြီး လူတွေအားလုံးကို သိလာစေမှာက ဆင့်ခေါ်သူတွေဆိုတာ အားမာန်အပြည့်ဖြင့် အနိုင်ယူလို့ရသူတွေဖြစ်ပြီး ပိုအရေးကြီးတဲ့ သန့်ရှင်းမျှတစွာနဲ့ အနိုင်ရခဲ့တာဆိုသော အချက်ဖြစ်ပါတယ်။
တစ်ခြားစင်မြင့်နှစ်ခုအား သူမ တစ်ချက်လှမ်းကြည့်လိုက်ချိန်မှာပဲ ပွဲသိမ်းသွားကြပါပြီ။
ယန်ယုကို ကြူရှီယာအနိုင်ရသွားခဲ့ပြီး ပြုံးစစနဲ့ဖြစ်နေပါတယ်။ မှော်ဆရာနဲ့နတ်ဆရာတို့ ယှဉ်ပြိုင်ကြခြင်းမှာ ပညာရပ်နှစ်ခုလုံးက သာမန်မဟုတ်ကြပေမယ့် သူတို့နှစ်ခုကြားက ကွာဟချက်ကအသိသာကြီးပါပဲ။ ယန်ယုက သန်မာတာမှန်ပေမယ့် နတ်ဆရာရဲ့တိုက်အားက မှော်ဆရာနဲ့ယှဉ်လို့ရစရာ ဘာအကြောင်းမှကို မရှိပါဘူး။
ဒါကြောင့် ရှန်ယန်ရှောင်လည်း အံ့သြမနေခဲ့ပါဘူး။
သူမကို အံ့သြစေခဲ့တာက တန်နာဇီဖက်ကဖြစ်ပါတယ်။
တန်နာဇီက တစ်ကယ်ကြီးအရေးနိမ့်သွားခဲ့တာပါ....
ဓားသမားသူက လေးသမားငယ်လေး လီရှောင်ဝေကို အရေးနိမ့်သွားပါတယ်။
ဓားသမားတွေတိုက်ခိုက်နိုင်တဲ့အကွာအဝေးက လေးသမားတွေလိုမဝေးလှပေမယ့် စင်မြင့်က ပြောရလောက်အောင်ကြီး ကျယ်မနေပါဘူး။ တန်နာဇီရဲ့ ကျွမ်းကျင်မှုနဲ့ဆိုရင် အနီးကပ်ဖို့ဆိုတာ သိပ်မခက်လှပါဘူး။ ဒါပေမယ့် သူက ရှုံးသွားခဲ့ပါတယ်။
ရှန်ယန်ရှောင် ကြူရှီယာ ယန်ယုနဲ့ယန်းရှီတို့က စင်မြင့်တစ်ဖက်ကနေပြီး ဆေးအဖွဲ့ကသယ်ထုတ်သွားလိုက်ရတဲ့ ပက်ပက်စက်စက်အပစ်ခံထားရသော တန်နာဇီကို ကြည့်နေလိုက်ကြပါတယ်။
လီရှောင်ဝေရဲ့တိုက်ခိုက်မှုတွေက အရမ်းကြီးမပြင်းထန်လှပါဘူး။ တန်နာဇီက အနာတရဖြစ်သွားပေမယ့်လည်း အဆိုးရွားကြီးမဟုတ်ပါ ကျောင်းပေါင်းစုံပြိုင်ပွဲအတွင်းမှာ အနာတရရရှိခြင်းက အထူးတလည်တော့မရှိပါဘူးလေ။
လေးယောက်သားက လီရှောင်ဝေအပေါ်မှာ ရန်လိုစိတ်မရှိပေမယ့် နည်းနည်းတော့ အံ့သြနေကြပါတယ်။
ရှန်ယန်ရှောင်က ခုနှစ်ရက်တာလုံး ပြိုင်ပွဲတွေကို ကြည့်နေခဲ့သလို ပွဲစဉ်အားလုံးနီးပါးတောင် ကြည့်မြင်ခဲ့ရပါတယ်။ လီရှောင်ဝေဆိုတဲ့ အဲ့လူငယ်လေးက ကြည့်လိုက်ရင်သာမန်သာဖြစ်ပေမယ့် အရမ်းတော်တဲ့ လေးသမားတစ်ယောက်ဖြစ်ပါတယ်။ ယုံကြည်မှုအပြည့်နဲ့မန်ယိဂျွန်တောင် ဆိုးရွားစွာအရေးနိမ့်ခဲ့ရပါတယ်။
ဒါပေမယ့်လည်း တန်နာဇီအနေနဲ့ အခုလိုမျိုး တစ်ဖက်သတ်ပုံစံနဲ့တော့ အရေးနိမ့်စရာအကြောင်းမရှိတာကို တန်နာဇီနဲ့တိုက်ဖူးသော ရှန်ယန်ရှောင် သဘောပေါက်ပါတယ်။ သို့သော်လည်း အခုလို ဆန်းဆန်းပြားပြားအခြေအနေက ဖြစ်ပျက်သွားခဲ့ပါတယ်။
ယန်ယုက ဆေးအဖွဲ့သယ်ထုတ်လာတဲ့ တန်နာဇီအနားကို သွားလိုက်ကာ ကုသမန်းမှုတ်ပေးလိုက်ပါတယ်။ တန်နာဇီလည်း သူ့သူငယ်ချင်းလေးကောင်ကိုကြည့်လိုက်ပြီး နှုတ်ခမ်းလှုပ်သွားခဲ့ပေမယ့် ဘာမှတော့မပြောခဲ့ပါဘူး။
စင်မြင့်ပေါ်မှာရပ်နေတာကတော့ အနိုင်ရသွားသူ လီရှောင်လုံဖြစ်ပြီး တန်နာဇီကို ဖော်ပြရန်ခက်သော အကြည့်မျိုးနဲ့ကြည့်နေခဲ့ပါသည်။
ဗိုလ်လုပွဲရဲ့ ပထမဆုံးသုံးပွဲကတော့ ပြီးဆုံးသွားခဲ့ပြီး နေ့ခင်းပိုင်း ခဏနားပြီးတာနဲ့ ချန်ပီယံပေါ်ထွက်ဖို့ ပြန်လည်ကျင်းပပါလိမ့်မယ်။
နှစ်လကြာပျောက်ဆုံးနေအပြီး အရိပ်အဖွဲ့ ပြန်လည်ဆုံစည်းကြပြီဖြစ်ကာ လူတိုင်းမျက်နှာမှာတော့ အပျော်ရိပ်တွေထင်းနေခဲ့ပါတယ်။
အဲ တန်နာဇီကတော့ နည်းနည်းလေး ထူးခြားနေတာပေါ့နော်...
ငါးဦးသား နှင်းသက်လေမြို့က စားသောက်ဆိုင်တစ်ဆိုင်ရဲ့ သီးသန့်ခန်းထဲမှာ နေ့လည်စာကို အတူသုံးဆောင်နေကြပါတယ်။
"ငါပြောမယ် နာဇီရာ မင်းချန်ပီယံမဖြစ်ချင်ဘူးဆိုရင်တောင်မှ ဒီပွဲကိုတော့ သက်သက်မဲ့အရှုံးပေးစရာမလိုပါဘူးကွာ။ ကိုယ့်ကိုယ်ကို ဖြူကောင်လိုလိုဖြစ်သွားတာ ပျော်ဖို့တစ်ကယ်ကောင်းသလားဟင်"
ကြူရှီယာက လှောင်လိုက်ကာ ပြုံးဖြီးဖြီးလုပ်ပြီး အကြပ်တွေ့နေပုံပေါ်သော တန်နာဇီအား စိုက်ကြည့်လိုက်ပါတယ်။
"အင်း ငါတော့ ဘာဖြစ်လို့လဲဆိုတာ သိတယ်ထင်တာပဲ။ နာဇီက မိန်းမလှလေးတစ်ယောက်အတွက်သာ အရှုံးပေးမဲ့ကောင်ဟ။ သူက ငါတို့ရဲ့ရှောင်လေးလို ယောကျာ်းပုံဖမ်းထားတဲ့မိန်းကလေးမဟုတ်လား"လို့ အရေးနိမ့်ခဲ့ပေမယ့် စိတ်ပျော်နေသော ယန်းရှီကဝင်နှောက်လိုက်ပါတယ်။
တန်နာဇီမျက်နှာကတော့ ရှုံ့တွနေပါတယ်။ ရယ်မောနေကြတဲ့ သူ့ကောင်တွေကိုကြည့်လိုက်ပြီးနောက် ထိုင်ခုံကိုမှီချလိုက်ပါတယ်။
"ငါ အရမ်းစိတ်ညစ်နေလို့ မင်းတို့ကောင်တွေ စကားမများချင်လောက်ပါဘူးကွာ"
လက်ဖက်ရည်သောက်နေသော ရှန်ယန်ရှောင်က တန်နာဇီကို စိုက်ကြည့်နေပါတယ်။ တစ်ခုခုကတော့ မသင်္ကာစရာကောင်းနေပါတယ်။ သေချာပေါက်ကို တစ်ခုခုရှိရမယ်။
တန်နာဇီကို သူမလည်း ရင်းရင်းနှီးနှီးရှိတာကြောင့် ဒီငပေငတေကောင်ဟာ ပြိုင်ပွဲအတွက် သိပ်စိတ်မရှိတာကြောင့် ရှုံးလည်းစိတ်အရမ်းညစ်နေစရာမလိုပါဘူး။ ကြည့်ရတာကတော့ ပြဿနာဟာ ပြိုင်ပွဲရလာဒ်ကြောင့် ဖြစ်ပုံမရပါဘူး။
အဲ့ဒါဆိုရင်...
သူ့ပြိုင်ဖက်ကြောင့်လား....
"လီရှောင်ဝေလို့ခေါ်တဲ့တစ်ယောက်ကို မင်းသိတယ်ပေါ့"
ရှန်ယန်ရှောင်က မေးမြန်းတဲ့ပုံနဲ့မဟုတ်ဘဲ သိပြီးသားအကြောင်းအရာအား သက်သေထူတဲ့သဘောပေါက်နေပါတယ်။
တန်နာဇီက ကမန်းကတန်းနဲ့ မတ်မတ်ထိုင်လိုက်ပြီး လေးနက်သွားတဲ့မျက်နှာနဲ့ပြောလိုက်ပါတယ်။
"အဲ့ကောင်ကို ငါက ဘယ်လိုလုပ်ပြီး သိရမှာလဲ။ ငါမသိပါဘူးကွာ။ တစ်ခါမှမကြားဖူးဘူး"
"အိုး ဒါဆိုရင်လည်း ငါမပြောဖူးဘူးလို့ပဲ သဘောထားလိုက်တော့။ ငါက မင်းနဲ့သူနဲ့သိကျွမ်းဖူးတယ်ဆိုရင် နေ့ခင်းပြိုင်ပွဲအချိန်ရောက်ရင် ထိန်းလွှတ်မလို့ပါ ဒါပေမယ့် မင်းကမသိဘူးဆိုမှတော့ ကိစ္စမရှိပါဘူး။ ငါက ကျိန်စာအတတ်အချို့ကို သင်ထားရလို့ ဒီပြိုင်ပွဲထဲမှာ စမ်းကြည့်ဖို့လူရှာနေတာနဲ့အတော်ပဲ။ မင်းတို့အပေါ်မှာ ငါစမ်းမကြည့်တာက ငါသူတော်ကောင်းဖြစ်နေလို့နော်။ ဒီတော့ သူ့အပေါ်မှာပဲ စမ်းကြည့်ရတာပေါ့"
ရှန်ယန်ရှောင်က ဒီစကားကို အတည်ပေါက်နဲ့ပြောလိုက်ပါတယ်။
သူမပြောတာကိုကြားလိုက်တာနဲ့ တန်နာဇီမျက်နှာအမူအယာက ချက်ခြင်းပြောင်းသွားပါတယ်။
"မလုပ်နဲ့ အဲ့လိုမလုပ်နဲ့"
ရှန်ယန်ရှောင် မျက်ခုံးပင့်လိုက်သည်။
"မင်းကဘာလို့ဒီလောက် အသည်းအသန်ဖြစ်နေရတာတုန်း ဒါမှမဟုတ် မင်းကစိတ်ပြောင်းသွားပြီးတော့ မိန်းမလှလေးတွေကို မချစ်တော့တာလား"
တန်နာဇီတစ်ယောက် ရှန်ယန်ရှောင်စကားကြောင့် သီးမတတ်ဖြစ်သွားရပါတယ်။ သို့ပေမယ့်လည်း ရှန်ယန်ရှောင်က ဒီနေ့လည်ပွဲမှာ လီရှောင်ဝေအား လူမဆန်သောကျိန်စာတွေကို သုံးမယ့်အကြောင်းတွေးမိတာနဲ့ ချွေးပြန်သွားရပါတယ်။
"မပူပါနဲ့လေ မင်းဘော်ဒါအနေနဲ့ မင်းအတွက်ငါ လက်တုံ့ပြန်ပေးမှာပါကွ။ သူကမင်းကို ဖြူကောင်လိုဖြစ်အောင် ပစ်ခတ်ထားတော့ ငါလည်းသူ့ကို ဖြူကောင်လိုဖြစ်အောင် လုပ်ပေးလိုက်ပါ့မယ် မင်းထက်တောင် ပိုဆူးများဦးမှာပေ့ါလေ"
ရှန်ယန်ရှောင်က ကြိတ်မနိုင်ခဲမရဖြစ်နေဟန်နဲ့ပြောလိုက်ပြီး တန်နာဇီအတွက် တစ်ကယ်လက်စားချေမယ့်အသွင်ဖြစ်နေပါတယ်။
ရှန်ယန်ရှောင်အမူအယာကိုကြည့်ကာ တန်နာဇီ ငိုချင်သွားမိပါတယ်။ ပြီးခဲတဲ့တစ်ခေါက်တုန်းက ရှန်ဂေါင်းရှောင် ပူလီစီနဲ့လောင်းဖန်တို့က ဆေးပညာဌာနကနေ သူထွက်သွားရအောင် လုပ်ခဲ့တဲ့အတွက် ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်တို့ကို သုံးစားမရတော့အောင် ရှန်ယန်ရှောင်က လက်တုံ့ပြန်ပေးခဲ့တာကြောင့် ရှန်ယန်ရှောင် အခုပြောလိုက်တဲ့ စကားကိုလည်း သံသယမဖြစ်မိပါဘူး။ အရင်တစ်ခေါက်ကတော့ သူတစ်ကယ် ကျေနပ်ခဲ့ပေမယ့် ဒီတစ်ခေါက်ကတော့...
"ရှောင်လေး စိတ်အေးအေးထားနော်"လို့ ငိုတော့မလိုမျက်နှာနဲ့ တန်နာဇီက ပြောလိုက်ပါတယ်။