← Chapters

အခန်း (၄၇၈-၄၈၀)

Vol. 32 Ch. 478-480

အခန်း (၄၇၈-၄၈၀)

Vol. 32 Ch. 478-480

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၇၈)

ဒီကောင်တွေကို မီးတိုက်ပစ်ချင်စိတ် ဖြစ်သွားတဲ့ဇာမဏီက ပြန်ပြောလိုက်ပါတယ်။

"ဘာဖြစ်နေလို့လဲ"

ဇာမဏီငှက်က ဒီနေရာကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် မလုပ်စေချင်တာနဲ့ ခေါင်းကိုပွတ်ပေးပြီး ရှန်ယန်ရှောင်က ချော့နေရပါတယ်။

ကြူရှီယာတို့ရဲ့ မျက်နှာအမူအယာတွေက ဖော်ပြရခက်ခဲသောအသွင်ပေါက်နေပါတယ်။ သူတို့ရှေ့မှာရှိနေတဲ့ကောင်လေးက ဇာမဏီငှက်ကနေ လူ့အသွင်ယူထားတဲ့ပုံစံဆိုတာကို မယုံသလိုလိုပါပဲ။

"အမ်း သူတို့ကို ခေါ်ထုတ်လိုက်ကြစို့ကွာ ဒါဆိုရင် ငါတို့ရှင်းပြနေဖို့ မလိုတော့တာပေါ့"ဟု ကြူရှီယာက တန်နာဇီတို့ကို မျက်စပစ်ပြောလိုက်ပါတယ်။

ထို့နောက်မှာတော့ အလင်းလေးခု အခန်းထဲမှာထွက်ပေါ်လာသည်။

အလင်းတွေပျောက်သွားတော့ ရှည်ရှည်သွယ်သွယ်နဲ့ လူချောလေးဦးက အခန်းထဲမှာရောက်နေပါတယ်။

ထိုလေးယောက်ပေါ်လာတော့ ဇာမဏီငှက်တစ်ကိုယ်လုံး တင်းကနဲဖြစ်သွားပါတယ်။

"သူက ငါ့မိသားစုရဲ့တိုးနယားပါ"လို့ ရွှေရောင်ဆံပင်နဲ့ မိန်းမချောချောသူတစ်ယောက်ကို ညွှန်ပြကာပြောလိုက်သည်။

တိုးနယားရဲ့ လူ့အသွင်က အလွန်ပဲချောမောလွန်းပါတယ်။ ဖြောင့်တန်းနေသော မျက်ခုံးမွှေးနှစ်ခုက မာနရှိမှုကို ဖော်ပြနေပြီး မျက်လုံးညိုညိုကတော့ အရှိန်အဝါတစ်ခုနဲ့ပြည့်နေပါတယ်။

"ကျားဖြူ"ဆိုပြီး ယန်ယုကမိတ်ဆက်ပေးလိုက်သည်။

သူ့ဘေးမှာရပ်နေသူက လူ့အသွင်ယူထားသော ကျားဖြူဖြစ်ပါတယ်။ တစ်ကိုယ်လုံးကို ဖြူဆွတ်သောအဝတ်တွေ ဝတ်ဆင်ထားပြီး ငွေရောင်ဆံသားတွေကတော့ ပုခုံးထက်ကိုတွဲရရွဲကျနေပါတယ်။ နက်မှောင်သောမျက်ဝန်းတစ်စုံက ဘုရင်တစ်ပါးလို သဘာဝအရဖြစ်ပေါ်နေသော လွှမ်းမိုးနိုင်မှုနဲ့တလက်လက်တောက်နေပါတယ်။

"မိုးပြာနဂါး"

ယန်းရှီဘေးက မိုးပြာနဂါးကတော့ အရပ်ရှည်ပါတယ်။ မိုးပြာရောင်ဝတ်စုံက သူ့စိတ်နေစိတ်ထားကို ထင်ဟပ်နေသလိုပါပဲ။ ဆံပင်ရှည်တွေက အစိမ်းပုပ်ရောင်ဖြစ်ကာ မျက်ဝန်းကတော့ စိမ်းဖန့်ဖန့်တောက်နေပါတယ်။ သူ့လည်ပင်းမှာ သိပ်အသားမကျသေးတဲ့ မိုးပြာနဂါးကြေးခွံတစ်ချို့ကို တွေ့မြင်နိုင်ပါတယ်။

"လိပ်နက်"

တန်နာဇီကပြုံးလိုက်ပြီး သူ့ဘေးမှာရပ်နေတဲ့ လူချောလေးရဲ့ပုခုံးကို ပုတ်ကာပြောလိုက်ပါတယ်။ လိပ်နက်ရဲ့အညိုရောင်ဆံကေသာက ပျော့စင်းနေပြီး မျက်နှာချောပေါ်မှာတော့ တစ်သီးတစ်သန့်ရှိမှုအရိပ်တွေသန်းနေပါတယ်။

ဒီဒဏ္ဍာရီသတ္တဝါလေးကောင်ရဲ့ ချောပုံချောမှုဟာ သခင်တွေထက် နည်နည်းမှမလျော့ပါဘူး နောက်ပြီးတော့ ငနာလေးကောင်က သူတို့လိုဟန်ပန်အမူအယာနဲ့အရှိန်အဝါတွေကို မပိုင်ဆိုင်ကြပါဘူး။

ဒဏ္ဍာရီသတ္တဝါလေးကောင်ရဲ့ လူ့အသွင်တွေကိုမြင်လိုက်ရတော့ ကြူရှီယာတို့ကောင်တွေ ထူးဆန်းနေတဲ့အကြောင်းကို ရှန်ယန်ရှောင်သဘောပေါက်သွားပါတယ်။

ဇာမဏီငှက်က ဒီလေးယောက်နဲ့အဆင့်တူတွေပါ။ ဒါပေမယ့် လူ့အသွင်ယူတဲ့အချိန်မှာ သူတို့တွေက လူချောလေးယောက်အဖြစ် ပြောင်းသွားကာ အသက်နှစ်ဆယ်ခန့်အရွယ်တွေအဖြစ်နဲ့ အရပ်ရှည်ရှည် ခပ်တောင့်တောင့်ပုံစံတွေပါ။

အဲ့ဒါဆို တစ်ဖက်ကိုလှည့်ပြီး ကြည့်လိုက်မယ်ဆိုရင်တော့ တောင့်တောင့်ကြီးဖြစ်နေတဲ့ ဇာမဏီငှက်ကိုတွေ့ရမှာဖြစ်ပြီး ရှန်ယန်ရှောင် အတွေးထဲကနေပြန်လည်အသက်ဝင်လာပါတယ်။

သူတို့အားလုံးက ဒဏ္ဍာရီသတ္တဝါတွေပဲဖြစ်တာကို ဟိုလေးကောင်ကကျ ခန့်ညားချောမောလိုက်ကြတာ ငါ့ကောင်လေးကရောက်တော့ သုံးနှစ်သားအရွယ်ခပ်ပေါပေါနဲ့ ချစ်စရာကောင်လေးတဲ့လား....

ကွာခြားချက်ကလည်းကွာ ဒီလောက်ကြီးရသလား...

"အဲ့ဒါ ဘာအကြည့်လဲကွ ငါလည်း လူချောတစ်ယောက်ဖြစ်လာနိုင်တာပဲ"လို့ သခင်ဖြစ်သူရဲ့ တစ်မျိုးကြီးဖြစ်သောအကြည့်ကြောင့် ဇာမဏီငှက်က ကယောင်ကတန်းနဲ့ခုခံပြောဆိုလိုက်ပါတယ်။

"ဟက် မတွေ့ရတာတော်တော်ကြာပြီနော် ဇာမဏီ။ မင်းဒီလိုမျိုးထိဖြစ်သွားမယ်လို့ ဘယ်သူကထင်မှာလဲ"

သုံးနှစ်သားအရွယ် ဇာမဏီကိုခြေဆုံးခေါင်းဖျားကြည့်နေတဲ့ လူရည်သန့်တိုးနယားက ပြုံးလဲ့လဲ့မျက်ဝန်းများနဲ့ပြောလိုက်ပါတယ်။

"ငါ့အကြောင်းဝင်ရှုပ်ဖို့ မင်းကိုဘယ်သူပြောလို့လဲ"ဟု ဇာမဏီက ပြန်အော်လိုက်ပြီး မာန်စွယ်တငေါငေါလုပ်ပြနေပါတယ်။

"မင်းဒေါသကတော့ အရင်အတိုင်းပဲမပြောင်းသေးပါဘူးလေ"

မျက်နှာတည်ကြည်တဲ့ မိုးပြာနဂါးက မျက်ခုံးတစ်ဖက်ပင့်ကာ ပြောလိုက်သည်။

"အား မင်းတို့ကောင်တွေ ဘာလို့နောက်ထပ် အနှစ်တစ်ရာ့ရှစ်ဆယ်လောက် အိပ်မနေရတာလဲ မင်းတို့မျက်နှာတွေမြင်ရတာ စိတ်မချမ်းသာလွန်းလို့ပါ"

ဇာမဏီငှက်က ခုံကနေထခုန်ကာ ဒေါသတကြီးပွက်လောရိုက်ပါတော့သည်။

"ဒီလောက်လည်း ဒေါပွမနေစမ်းပါနဲ့ ငါတို့တွေမတွေ့ရတာ နှစ်ရာချီနေပြီ။ ဘာတွေပဲဖြစ်ဖြစ် ငါတို့ကမိတ်ဆွေတွေပဲလေကွာ"

ကြီးစိုးလွှမ်းမိုးပုံနဲ့ကျားဖြူက ဝင်ပြောလိုက်သည်။

"မင်းအစ်မကိုမိတ်ဆွေလေ။ မင်းနဲ့ဘယ်သူက သူငယ်ချင်းဖြစ်လို့လဲ။ ငါ့မျက်စိအောက်ကနေ မြန်မြန်ထွက်သွားပြီး သွားသေလိုက်ကြစမ်းကွာ"

ဇာမဏီငှက်က လက်သီးလေးကို ယမ်းကာယမ်းကာနဲ့ပြောလိုက်ပါတယ်။ သူနဲ့ဒီဒဏ္ဍာရီသတ္တဝါတွေရဲ့ ရုပ်အသွင်ကွာခြားချက်ကို သခင်ဖြစ်သူကိုယ်တိုင် မြင်တွေ့သွားပြီဖြစ်လို့ သူ့မှာပြစရာမျက်နှာလည်း မရှိတော့ပါဘူး။

"မင်းက ချချင်နေတာလား"

အေးအေးဆေးဆေးရှိတဲ့ လိပ်နက်က နှုတ်ခမ်းကိုကွေးညွှတ်ကာ ရယ်လိုက်ရင်းပြောလိုက်ပါတယ်။ သူ့ပေါင်လောက်တောင်မရှိသေးတဲ့ ကောင်လေးကိုကြည့်နေတဲ့အကြည့်တွေမှာ ကျီစယ်လိုသောအငွေ့အသက်တွေပါဝင်နေပါတယ်။

"ဒီတော့ဘာလုပ်ချင်လဲ မင်းတစ်ကောင်တည်းနဲ့တော့ လောက်တောင်မလောက်ဘူးနော်"လို့ ဇာမဏီက အညံ့တစ်ချက်မခံဘဲ ကက်ကက်လန်ပြန်ပြောနေခဲ့ပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၇၉)

ပေါတောတောနဲ့ချစ်စဖွယ်ကောင်လေးက လူကြီးလေးယောက်ကို စိန်ခေါ်နေတာကိုကြည့်ပြီး ရှန်ယန်ရှောင် ရယ်ချင်စိတ်ကို မနည်းထိန်းထားလိုက်ကာ ပွေ့ဖက်၍နောက်ကိုခေါ်ထားလိုက်ရပါတယ်။

"လိမ္မာစမ်းပါကွာ ပြဿနာမရှာပါနဲ့"လို့ပြောပြီး မနည်းဖျောင်းဖျလိုက်ရပါတယ်။

ဒဏ္ဍာရီသတ္တဝါလေးကောင်က ဇာမဏီ့ကို လှောင်တောင်တောင်ပြောနေပေမယ့် သူတို့စကားသံတွေထဲမှာ စိုးရိမ်မှုအရိပ်တွေသန်းနေတာကို ရှန်ယန်ရှောင်ခံစားမိပါတယ်။ ကြည့်ရတာတော့ သူတို့ငါးကောင်ရဲ့ မိတ်ဆွေကဏ္ဍက သိပ်ဆိုးပုံမရပါဘူး။

"အရင်တုန်းကဆို ငါလည်းသူတို့လိုပဲ အရမ်းကြည့်ကောင်းတာပါ"လို့ ဇာမဏီက သခင်ဖြစ်သူက သူ့သုံးနှစ်အရွယ်ကိုကြည့်ကာ မခေါ်မပြောလုပ်မှာစိုးလို့ ရှင်းပြလိုက်ပါတယ်။

သူလည်း ရှိန်လောက်တဲ့ပုံပေါက်ချင်တာပဲလေ ဒီလိုမတော်တဆမှုမျိုးဖြစ်ခဲ့မယ်လို့ ဘယ်ထင်ခဲ့ပါမလဲ။

"အင်း ငါသိပါတယ်"

ရှန်ယန်ရှောင် အရမ်းရယ်ချင်နေပါပြီ။ ဘာပဲဖြစ်ဖြစ်ပါ သူ့မိသားစုရဲ့ဒဏ္ဍာရီသတ္တဝါ ပေါတောတောချစ်ဖွယ်ကောင်လေးက မျက်စိပသာဒပိုဖြစ်ပါတယ်လို့ ထင်ပါတယ်။

"အဟမ်း ကြီးမြတ်တဲ့သားရဲငါးကောင်က တစ်ယောက်နဲ့တစ်ယောက်မတွေ့တာ နှစ်တော်တော်ကြာပြီဆိုတော့ သူတို့လည်း ပြောစရာတွေအများကြီးရှိမယ်ထင်တယ်။ ငါတို့က တစ်ခြားအခန်းကိုယူပြီး သွားနေလိုက်ရင် ပိုမကောင်းဘူးလား"လို့ ကြူရှီယာကပြောလိုက်ပါတယ်။

ကျန်သူတွေလည်း ကန့်ကွက်စရာမရှိကြသလို ဇာမဏီကတောင် ဘာမှမပြောခဲ့ပါဘူး။

နောက်တစ်ခေါက် ဘယ်တော့မှ သူ့တစ်ယောက်ထဲချန်ပြီး မေ့မသွားဖို့ကိုသာ ရှန်ယန်ရှောင်အား တတွတ်တွတ်မှာနေပါတယ်။

ရှန်ယန်ရှောင်တို့နောက်ကို လန်ဖန်းလီနဲ့ယန်းချီတို့လည်း လိုက်သွားပါတယ်။

လန်ဖန်းလီက အရမ်းလိမ္မာနေပါတယ်။ ရှန်ယန်ရှောင်ကိုတွေ့ပြီးတာနဲ့ ဘာတစ်ခွန်းမှ မပြောဘဲ သူမအနားမှာသာ ထိုင်နေခဲ့ပါတယ်။

"နေ့ခင်းပိုင်းပွဲပြီးရင် ချန်ပီယံလည်း ပေါ်ထွက်လာမှာပဲ။ ပြိုင်ရမယ့်လူတွေက ငါရယ် ရှောင်လေးရယ် နောက်ပြီးတော့ လီရှောင်ဝေတို့ပဲ"လို့ ကြူရှီယာက အဓိကအချက်ကို ပြန်သွားလိုက်ပါတယ်။

"ဘယ်သူတွေပြိုင်တာလဲက အရေးမကြီးပါဘူး အရေးကြီးတာက အရည်အချင်းရှိဖို့ပဲ"ဟု ရှန်ယန်ရှောင်က သက်တောင့်သက်သာဖြင့်ပြောလိုက်သည်။

"မင်းက အေးဆေးလွန်းလှပါလား။ ငါ့ကိုရှုံးသွားမှာ မကြောက်ဘူးပေါ့"လို့ ကြူရှီယာက ရှန်ယန်ရှောင်ကိုကြည့်ကာပြောလိုက်သည်။

"တစ်ကယ်က မင်းနဲ့တိုက်ချင်နေတာ ကြာကြာလှပြီဟ"လို့ ရှန်ယန်ရှောင်က တောင့်တနေဟန်ဖြင့်ပြောလိုက်ပါတယ်။

"...."

ကြူရှီယာ နည်းနည်းအံ့သြသွားပါတယ်။

"မင်းအရမ်းစွမ်းမှန်းတော့ ငါသိတယ်လေ ဒါပေမယ့် ဘယ်လောက်အထိ စွမ်းသလဲကို ငါမပြောတတ်ဘူးဖြစ်နေတယ်။ ဒီတော့ မင်းနဲ့လက်ရည်စမ်းချင်နေတာပဲ"လို့ ရှန်ယန်ရှောင်က တလက်လက်တောက်သောမျက်ဝန်းတွေနဲ့ ပြောလိုက်ပါတယ်။

ကြူရှီယာလည်း ပြုံးစစနဲ့ပြန်ပြောလိုက်ပါတယ်။

"လက်စသတ်တော့ ငါကအနှက်မခံရသေးလို့ကိုး"

"ဒါကိုတော့ မင်းသဘောပေါက်သားပဲ"

ဆယ်ကျော်သက်လေးတွေ တဟီးဟီးတဟားဟားနဲ့ရယ်လိုက်ကြပါတယ်။ ပွဲအဖြေကိုတော့ စောင့်ကြည့်ရုံပဲရှိမှာလေ။

ဗိုလ်လုပွဲအတွက် နောက်ဆုံးပွဲတွေကိုတော့ ရှန်ယန်ရှောင်နဲ့လီရှောင်ဝေတို့က အရင်ဆုံးဖြစ်ပြီး အနိုင်ရသူက ကြူရှီယာနဲ့ ဗိုလ်လုရမှာဖြစ်ပါတယ်။

ဒီစီစဉ်မှုက သိပ်မဟုတ်တာကို ပရိသတ်တွေနားလည်ပါတယ်။ လောင်းရွှမ်ပြည့်ရှင်က မှော်ပညာရပ်ကို အမြဲတစေအားပေးသူဖြစ်ပါတယ်။ မှော်ဆရာတွေဆိုတာ အားအကောင်းဆုံးပညာရှင်တွေဆိုတာ သံသယဝင်စရာမလိုပါဘူး။

လီရှောင်ဝေက ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပေမယ့် နောက်ခံအင်အားမရှိပါဘူး။

ဒါပေမယ့် ဒီစီစဉ်မှုက ရှန်ယန်ရှောင်အတွက် ရည်ရွယ်တာဖြစ်ပါတယ်။ ကျောင်းပေါင်းစုံပြိုင်ပွဲကြီးမှာ ဆင့်ခေါ်သူကို လက်ခံစာရင်းသွင်းပေးခဲ့သော်လည်း ချန်ပီယံဖြစ်သွားမှာကိုတော့ မမြင်ချင်ကြလို့ ဒီလိုစီစဉ်ထားခြင်းပါပဲ။

နှစ်ပွဲဆက်ယှဉ်ပြိုင်ရမှာဖြစ်လို့ ရှန်ယန်ရှောင်က လီရှောင်ဝေကို အနိုင်ရခဲ့ရင်တောင် ပွဲပန်းနေလောက်ပါပြီ။ နားဖို့အချိန်လည်းမရှိသလောက်ဖြစ်ကာ နောက်တစ်ပွဲမှာ စွမ်းအားအကောင်းဆုံး ကြူရှီယာနဲ့ယှဉ်ရမှာဆိုတော့ အခြေအနေကတော့ သိတဲ့အတိုင်းပါပဲ။

ဒါပေမယ့်လည်း ပရိသတ်တွေကိုယ်တိုင်ကိုက ဆင့်ခေါ်သူအနိုင်ရမှာကို မမြင်ချင်ကြလို့ ဘာမှမဝေဖန်ခဲ့ကြပါဘူး။

"တစ်ကယ်ပါပဲ သူတို့က ဖုံးကွယ်ဖို့တောင် မကြိုးစားကြဘူးဟ"

ရှန်ယန်ရှောင်က လက်ပိုက်ရင်းပြောလိုက်ပါတယ်။ ဒီလိုလှည့်ပတ်မှုလောက်ကတော့ သူမလည်း သိတာပေါ့။

သူမပဲနိုင်နိုင် လီရှောင်ဝေပဲနိုင်နိုင် အားအင်အပြည့်ရှိနေသော ကြူရှီယာကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ဆိုရင် နိုင်ခြေရာနှုန်းက တော်တော်လေးလျော့သွားမှာပါ။

"ဒီလိုအခွင့်ထူးမျိုးက တော်တော်ငြင်းဆန်ရခက်တာပါလား အား"

ကြူရှီယာက ရယ်လိုက်ရင်းပြောလိုက်တာဖြစ်သည်။

"လူအိုတွေက အားအင်နည်းတော့ မင်းကို ခဏအနားယူခိုင်းထားတာလေ ဒါမှမင်းခါးတွေဘာတွေနာမနေဘဲ ပွဲကိုပြိုင်လို့ရမှာကိုး"ဟု ရှန်ယန်ရှောင်က ပက်လိုက်ပါတယ်။

ကြူရှီယာကတော့ ရယ်ပဲရယ်နေပါတယ်။ သူက အခုမှ၁၆နှစ်ပဲရှိသေးတာကို လူအိုဆိုပဲ ဒီကလေးမကတော့ တစ်ကယ့်ကိုနှုတ်သီးကောင်းတာပဲ။

လီရှောင်ဝေလည်း ဒီလိုစီစဉ်မှုကို သဘောပေါက်ပါတယ်။ သူ့မျက်နှာကတော့ မှုံမှိုင်းနေပြီး ဘာတွေးနေလဲတော့ မပြောတတ်ပါဘူး။

"အရမ်းကြီးမရက်စက်နဲ့နော် သူက နာဇီ့အစ်ကိုပဲလေ"ဟု ကြူရှီယာကပြောလိုက်ပါတယ်။

ရှန်ယန်ရှောင် ပြုံးရုံသာပြုံးလိုက်ပြီး ဘာမှမပြောတော့ဘဲ စင်မြင့်ပေါ်ကို လီရှောင်ဝေနဲ့အတူ တက်လိုက်ပါတယ်။

လေးသမားတွေရဲ့ အားသာချက်က သူတို့ရဲ့အဝေးပစ်တိုက်ခိုက်မှုဖြစ်ပြီး သွက်လက်ပေါ့ပါးသော လှုပ်ရှားမှုကြောင့် သူတို့အနားကို ကပ်ဖို့ကမလွယ်လှပါဘူး။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၈၀)

ရှန်ယန်ရှောင်ကိုယ်တိုင်လည်း လေးသမားဖြစ်လို့ လေးသမားအကြောင်းကို နားလည်ပါတယ်။ သူမက လီရှောင်ဝေနဲ့ရင်ဆိုင်ဖို့နည်းလမ်းကို စဉ်းစားနေချိန်မှာ လီရှောင်ဝေကလည်း သူမနဲ့ရင်ဆိုင်ဖို့အတွက် နည်းလမ်းရှာကြံနေပါတယ်။

လေးသမားတွေက ဆင့်ခေါ်သူတွေအပေါ်မှာ အသာစီးအရမ်းရသူတွေဖြစ်တာကို အားလုံးသိကြပါတယ်။

ဆင့်ခေါ်သူတွေက ကျိန်စာအသုံးပြုနိုင်ဖို့ကို အကွာအဝေးတစ်ခုအတွင်းရှိနေဖို့လိုကာ လေးသမားတွေရဲ့ တိုက်ခိုက်မှုအကွာအဝေးက ကျိန်စာတိုက်ဖို့အတွက် အရမ်းလှမ်းလွန်းပါတယ်။ ဒါကြောင့် လီရှောင်ဝေအနေနဲ့ ရှန်ယန်ရှောင်နဲ့ ဝေးဝေးမှာပဲနေပြီး မြားနဲ့ပစ်လွှတ်တိုက်ခိုက်ရမှာပါ။

တစ်ကယ်တန်းလည်း လီရှောင်ဝေက အဲ့လိုပဲလုပ်ခဲ့ပါတယ်။ ပွဲစစခြင်းမှာ မြားတစ်စင်းကို ရှန်ယန်ရှောင်ဆီပစ်လိုက်ပါတယ်။ ပစ်ချက်တိုင်းက လှည့်ကွက်လေးနည်းနည်းပါတာကြောင့် သတိတစ်ချက်ပေါ့တာနဲ့ ထောင်ချောက်ထဲကို သက်ဆင်းလိုက်ရမှာဖြစ်ပါတယ်။

ရှန်ယန်ရှောင်က သူမကိုယ်သူမ လျှင်မြန်နိုင်သော ကျိန်စာကိုအသုံးပြုလိုက်ပြီး ပြေးဝင်လာသော မြားတွေကိုရှောင်တိမ်းနေလိုက်ပါတယ်။ ပညာရပ်ခုနှစ်သွယ်ထဲမှာ လေးသမားတွေက အမြန်ဆုံးဖြစ်ပါသည်။ တစ်ဖက်ကပစ်ခတ်နေရင်း တစ်ဖက်ကလည်း ရှန်ယန်ရှောင်နဲ့ဝေးအောင် ရွေ့လျားနေပါသေးတယ်။ ရှန်ယန်ရှောင်ကို အနားကပ်ခွင့်မပေးသရွေ့ ဒီပွဲကိုနိုင်နိုင်တယ်လို့ လီရှောင်ေ၀ ယူဆထားပါတယ်။

အတွင်းအားပညာရှင်တွေရဲ့ လှုပ်ရှားမှုက မှော်ပညာရှင်တွေထက် ပိုမြန်ပိုသွက်ပါတယ်။ အတွင်းအားက ကြွက်သားတွေအရိုးတွေထဲမှာ တည်ရှိပြီး မှော်အားကတော့ စိတ်ခွန်အားထဲမှာတည်ရှိပါတယ်။ ဒါကြောင့် အတွင်းအားပညာရှင်တွေက ကိုယ်ကာယပိုင်းမှာ မှော်ပညာရှင်တွေထက် ပိုသန်မာပိုကြံ့ခိုင်တာဖြစ်ပြီး အားသာချက်တစ်ခုဖြစ်နေတာပါ။

ဒါကြောင့်လည်း ရှန်ယန်ရှောင်က သူ့ထက်တော့ ဘယ်လိုနည်းနဲ့မှမမြန်နိုင်ဘူးလို့ လီရှောင်ဝေတွက်ဆထားတာဖြစ်ပါတယ်။

ဒါပေမယ့်မကြာခင်မှာပဲ သူဘယ်လောက် အလိုက်သလဲဆိုပြီး လီရှောင်ဝေအတွေးပေါက်သွားရပါတော့သည်။

ရှန်ယန်ရှောင်က ရုတ်ချည်းအရှိန်တင်လိုက်ကာ သေးသေးသွယ်သွယ်ကိုယ်လုံးလေးက ကြယ်ကြွေသလိုမျိုးနဲ့ သူ့ဆီကိုပြေးဝင်လာပါတယ်။

လီရှောင်ေ၀ လန့်သွားပြီး နေရာကိုချက်ခြင်းပြောင်းလိုက်ပေမယ့် ရှန်ယန်ရှောင်ထက် မဆိုစလောက်လေးနှေးသွားခဲ့ပါတယ်။

ခရမ်းရောင်မြူတွေ လီရှောင်ဝေတစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ ရှန်ယန်ရှောင်ကို မြားတစ်စင်းနဲ့ပစ်လိုက်ကာ နောက်ဆုတ်စေလိုက်ရပါတယ်။

နောက်ကိုဆုတ်သွားတဲ့ ရှန်ယန်ရှောင်မျက်နှာလှလှလေးမှာ အပြုံးတစ်ပွင့်ဝေဆာနေပါတယ်။

သူမက သူမရဲ့အမြန်နှုန်းကို ဂိတ်ဆုံးတင်လိုက်တာဖြစ်ပြီး ငါးစက္ကန့်လောက်ပဲရရင်တောင် လီရှောင်ဝေနားကို ကပ်ဖို့လုံလောက်သလို ကျိန်စာတစ်မျိုးကိုလည်း သုံးလို့ရပါတယ်။

ပြီးရင် ဘာမှဆက်လုပ်ဖို့ မလိုတော့ပါဘူး....

လျှပ်ပြက်မိုးခြိမ်းသလို တိုက်ခိုက်မှုအပြီးမှာ နှစ်ယောက်သား ပြန်ခွာသွားကြပါတယ်။ လီရှောင်ဝေကို ဖုံးလွှမ်းနေတြ့မူခိုးကတော့ ပျောက်ကွယ်မသွားပါ။

ပြိုင်ကွင်းထဲကလူအားလုံး ဒီပွဲစဉ်ရဲ့ အရှိန်အဟုန်ကြောင့် တုန်လှုပ်သွားကြပါတယ်။ ဆင့်ခေါ်သူတစ်ယောက်က လေးသမားရဲ့ လျှင်မြန်မှုကို ကျော်လွှားနိုင်မယ်လို့ ဘယ်သူမှ ထင်မထားမိကြပါဘူး။

ရှန်ယန်ရှောင်က ဆက်လက်မတိုက်ခိုက်တော့ဘဲ လီရှောင်ဝေရဲ့ မြားတွေကိုသာ ရှောင်တိမ်းနေခဲ့ပါတယ်။

ပွဲစကနေအခုအချိန်ထိ လီရှောင်ဝေ၏မြားတွေက စင်မြင့်ရဲ့သုံးပုံတစ်ပုံနေရာလောက်ကို ပြည့်နေခဲ့ပါပြီ။ ရှန်ယန်ရှောင်ရှောင်တိမ်းဖို့နေရာက ကျဉ်းသထက်ကျဉ်းလာပြီး လီရှောင်ဝေရဲ့မြားချက်တွေကို ရှောင်တိမ်းနေနိုင်တာဟာ အံ့သြဖို့တောင်ကောင်းလှပါတယ်။ အဆိုပါပစ်ချက်တွေကို လိပ်ပြာလေးတစ်ကောင် ပန်းခင်းထဲမှာ ပျံသန်းနေသလို လှပစွာရှောင်တိမ်းနေပါတယ်။

"သူက ဘာလို့မတိုက်တော့တာလဲ"

ပရိသတ်တွေက ရှန်ယန်ရှောင်အနေနဲ့ သူမရဲ့မဟာအမြန်နှုန်းကို နောက်တစ်ကြိမ်ပြသဖို့ မျှော်လင့်နေကြတာပါ။ ဒါပေမယ့် ရှန်ယန်ရှောင်က ဆက်လက်တိုက်ခိုက်မယ့်ပုံ မရှိတော့ဘဲ ကာကွယ်ရုံသက်သက်သာလုပ်နေပြီး လီရှောင်ဝေနားကို တစ်လှမ်းတောင်မကပ်တော့ပါဘူး။

လီရှောင်ဝေကတော့ စိုးရိမ်စပြုလာပါပြီ။ သူပစ်သမျှမမှန်တာကို မယုံနိုင်အောင်ဖြစ်နေရသလို သူ့ကိုရစ်သိုင်းထားတဲ့ ပန်းရောင်အငွေ့တွေကလည်း အနှုတ်လက္ခဏာဆောင်ပုံရကာ သူ့အမြင်နဲ့ခွန်အားတွေ တဖြည်ဖြည်းလျော့နည်းလာတယ်လို့ ခံစားမိနေရပါတယ်။

သူ့ပစ်ခတ်မှုကလည်း အစကလောက်မမြန်တော့ပါဘူး။ စောစောက ရှန်ယန်ရှောင်ကနေပြီး အရမ်းလျှင်မြန်စွာလှုပ်ရှားလိုက်ခြင်းက သူ့အပေါ်မှာ ကျိန်စာတိုက်ဖို့ပဲဆိုတာကို သဘောပေါက်သွားခဲ့ပါတယ်။ ဘာကျိန်စာမှန်းတော့ သူမသိပေမယ့် အာနိသင်က သူ့ကိုယ်မှာပြောင်းလဲမှုတွေဖြစ်စေဖို့ဆိုတာကိုတော့ ပြောနိုင်ပါတယ်။

လီရှောင်ေ၀ စိတ်ထဲထိတ်သွားပေမယ့် ဒီကျိန်စာကို ဘယ်လိုဖျက်ရမယ်မှန်းလည်းမသိပါဘူး။

ပြိုင်ကွင်းထဲကပရိသတ်တွေလည်း အခြေအနေကို ငုံဆမိသွားကြပါပြီ။ လီရှောင်ဝေရဲ့ ပစ်ချက်တွေ တဖြည်းဖြည်းနှေးနှေးလာတာကို သူတို့မြင်နေရပါတယ်။

ခဏနေရင် ရှန်ယန်ရှောင် အနိုင်ရတော့မယ်ဆိုတာကို သဘောပေါက်သွားပါတယ်။

လီရှောင်ဝေကိုကြည့်လိုက်ပြီးတော့ လူတွေဟာ ဆင့်ခေါ်သူအား ကြောက်ရွံ့ထိတ်လန့်မှုကို ပထမဆုံးအကြိမ်အဖြစ် ခံစားမိသွားကြပါတယ်။

တစ်ခြားပညာရှင်တွေအနေဖြင့် ပြိုင်ဖက်ကိုအလဲထိုးနိုင်ဖို့ အကြိမ်များစွာ တိုက်ခိုက်ဖို့လိုကောင်းလိုနိုင်သော်လည်း ဆင့်ခေါ်သူတွေကတော့ တစ်ချက်လေးတိုက်ခွင့်ရရင် ပြိုင်ဖက်ကိုအလဲထိုးနိုင်ပါပြီ။

"ငါရှုံးတယ်"

လီရှောင်ဝေမျက်လုံးတွေက ပြာနေပါပြီ။ ရှန်ယန်ရှောင် ဘယ်နေရာမှာရှိသလဲဆိုတာကိုတောင် သူမပြောနိုင်တော့ပါဘူး။ သူ့မျက်နှာမှာ မချိပြုံးတစ်ခုရှိနေပေမယ့် လက်သင့်မခံချင်တာမျိုး ဒေါသထွက်တာမျိုးရှိမနေခဲ့ပါဘူး။

"မင်းက အရမ်းစွမ်းတာပဲ"လို့ လီရှောင်ဝေက ဆက်ပြောလိုက်ပါတယ်။

ရှန်ယန်ရှောင်လည်း ရှေ့ကိုတိုးလိုက်ကာ လီရှောင်ဝေရဲ့ကျိန်စာကို ဖျက်ပေးလိုက်ပါတယ်။

မကြာခင်မှာပဲ လီရှောင်ဝေရဲ့ အမြင်ပြန်ကြည်လင်လာသလို လေးလံနေတဲ့ကိုယ်ကလည်း ပြန်လည်သွက်လက်ပေါ့ပါးသွားပါတယ်။

"ငါ့ပညာက မင်းလောက်မကောင်းပါဘူး မင်းက ငါ့ထက်ပိုစွမ်းပါတယ်"လို့ လီရှောင်ဝေက ရှန်ယန်ရှောင်အစွမ်းကို ကျေကျေနပ်နပ်ကြီး လက်ခံအရှုံးပေးလိုက်ပါတယ်။

All Chapters