အခန်း (၁၈၁)
Vol. 19 Ch. 181
ရွေ့ဝူတီသည်ထိုနေရာမှ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ ဤတိုက်ကြီးပေါ်၌ ဝမ်ချွမ်းလှေ မရှိဘဲ ထွက်ပြေးရန်မှာ မဖြစ်နိုင်ဘဲ ထိုအဘိုးအိုကိုလည်း မည်သို့မျှ တိုက်ခိုက်၍ မနိုင်ချေ။
ကံကောင်းသည်မှာ နေ့ရောညပါ အလုပ်လုပ်ရခြင်းကြောင့် ပင်ပန်းရုံသာရှိပြီး အခြားကြီးမားသော ဘေးအန္တရာယ် မရှိပေ။ ရွေ့ဝူတီသည် စိတ်ပျက်နေသော်လည်း အခြေအနေကို သည်းခံနေရ၏။
"ဟူး... ဆရာ့ရဲ့ ဒီဝမ်ချွမ်းလှေကလည်း အားကိုးလို့ မရလိုက်တာ..."
"ဒီနေရာက ဘာ ကမ်းတစ်ဖက် ဝမ်ချွမ်းလဲကွာ..."
ရွေ့ဝူတီသည် သက်ပြင်းချရင်း သူ၏ နာကျင်နေသော တင်ပါးကို ပွတ်သပ်လိုက်သည်။ ဤမျှအဝေးသို့ လွင့်စင်အောင်အရိုက်ခံလိုက်ရသော်လည်း အနည်းငယ် ပွန်းပဲ့ရုံမှလွဲ၍ ကြီးမားသော ဒဏ်ရာ မရရှိပေ။
သူသည် လမ်းတစ်လျှောက် ဆဲဆိုရေရွတ်ရင်း တောရိုင်းဆင်ကြီးများရှိရာသို့ ပြန်လာကာ သစ်လုံးများ တင်ဆောင်ရာတွင် ကူညီပေးလိုက်သည်။ သစ်လုံးအားလုံးကို ပျက်စီးနေသော တဲအိမ်များရှိရာသို့ ပို့ဆောင်ရမည် ဖြစ်သည်။
ထိုနေရာ၌ ချင်းထျန်းတောင်ထိပ်ရှိ ဝိညာဉ်ဥယျာဉ်မှ မျောက်ဘုရင်နှင့် မျောက်များက အသင့်စောင့်နေကြ၏။ သစ်လုံးများကို အသုံးပြု၍ သစ်လုံးအိမ်များကို ပြန်လည် တည်ဆောက်ရမည် ဖြစ်သည်။ လူသားနှင့် မိစ္ဆာသားရဲ အားလုံး တာဝန်ကိုယ်စီ ခွဲဝေပေးထားခံရပြီး နေ့စဉ်ရက်ဆက် အလုပ်လုပ်နေကြရသည်။
ဤနေရာရှိ ကောက်ပဲသီးနှံများမှာ သာမန်ပုံစံရှိသော်လည်း ကြီးထွားမှုမှာ ဝိညာဉ်ဆေးပင်များနှင့် ယှဉ်နိုင်ပေသည်။ လွန်ခဲ့သော ၄ နှစ် သူတို့ ဤနေရာသို့ ရောက်ခါစတွင် စိုက်ပျိုးခဲ့သော အပင်များသည် ယခုမှ အညှောင့်ပေါက်လာခြင်းအဆင့်တွင် ရှိသေး၏။ အပြည့်အဝ ရင့်မှည့်ရန်အတွက် အနည်းဆုံး နှစ်ပေါင်း ရာချီ ကြာမြင့်ပေလိမ့်မည်။
ကျွမ်းလီနှင့် အခြားသူများသည် ရွေ့ဝူတီတစ်ယောက် သင်ခန်းစာပေးခံရပြန်သည်ကို မြင်သောအခါ သက်ပြင်းမချဘဲ မနေနိုင်ကြပေ။ စိတ်ထဲတွင် ချင်းထျန်းတောင်ထိပ်မှ ဘဝကို လွမ်းဆွတ်မိသလို သခင်ဖြစ်သူ ကျုံးရှန်ကိုလည်း ပို၍ သတိရမိကြသည်။
ဝမ်းနည်းစရာ ကောင်းသည်မှာ ဤနေရာသည် ပြင်ပလောကနှင့် အဆက်အသွယ် အားလုံး ပြတ်တောက်နေခြင်း ဖြစ်သည်။ သူတို့အနေဖြင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးမှ အခြေအနေများကို သိရှိနိုင်ခြင်း မရှိသလို ကျုံးရှန်၏ လက်ရှိအခြေအနေကိုလည်း မသိရှိနိုင်ကြပေ။
"သခင် ဘယ်လိုနေမလဲ မသိဘူး... အမည်းကြီး၊ ကျူးကျီ ၊ ရှုရင်နဲ့ ပန်းဆွဲယုန်လေးတို့က တကယ် ကံကောင်းတာပဲ..."
"သခင်ဘေးမှာ နေခွင့်ရပြီး... ငါတို့လို ဒီလိုနေရာမျိုးကို ရောက်မလာကြဘူး..."
ဝက်မည်း ၂နှင့် ဝက်မည်း ၃ဟု ခေါ်သော ဝက်ကြီး နှစ်ကောင်သည် သူတို့၏ သန်မာသော မူလမိစ္ဆာခန္ဓာကိုယ်များဖြင့် ပေါက်တူးများကို ကိုင်ဆောင်ကာ သက်ပြင်းချရင်း ပြောနေကြသည်။
"ကောင်းကောင်း အလုပ်လုပ်ကြပါ... အလုပ်စောစောပြီးမှ အိမ်စောစော ပြန်ရမှာ..."
"ဒါပေမဲ့ ဒီနေရာက ငါထင်သလောက် မရိုးရှင်းဘူးလို့ ခံစားနေရတယ်..."
ကျွမ်းလီက ခေါင်းခါရင်း စိုးရိမ်တကြီး ပြောလိုက်သည်။ သူမ၏ မူလကိုယ်မှာ နတ်ဘုရား ယန္တရား ဥဩငှက် ဖြစ်သဖြင့် မွေးရာပါစွမ်းရည်အရ ကောင်းကင်ကံတရားကို အာရုံခံနိုင်ပြီး သတင်းအချက်အလက်များကို ကြားသိနိုင်စွမ်း ရှိသည်။ ယခုအခါ သူမ၏ တန်ခိုးစွမ်းအားများ ဖိနှိပ်ခံထားရသော်လည်း သူမ၏ စိတ်အာရုံသည် တစ်စုံတစ်ခုကို ကြိုတင်သိရှိနေသကဲ့သို့ ဤနေရာသည် လုံးဝ မရိုးရှင်းကြောင်းပြောနေသည်။
သို့သော်လည်း ထိုသည်က ကောင်းကျိုးလား၊ ဆိုးကျိုးလား ဆိုသည်ကိုမူ တိတိကျကျမသိနိုင်ပေ။
"ဟူး... မစဉ်းစားပါနဲ့တော့... ဆက်ပြီး အလုပ်လုပ်ကြရအောင်..."
ထိုသို့ ပြောလိုက်သူမှာ ရွှေငါးကြင်းလေး ရှောင်ကျင်း ဖြစ်သည်။ ဤနေရာသို့ ရောက်လာပြီးနောက် သူမ၏ ကံကောင်းခြင်း စွမ်းအားများမှာလည်း ပျောက်ကွယ်သွားခဲ့ရသည်။ သူမသည် လူသားပုံစံ ပြောင်းလဲကာ အားလုံးနှင့်အတူ လယ်ယာလုပ်ငန်းများကို လုပ်ကိုင်နေရသည်။
သူတို့အတွက် ယခင်က နှစ်အနည်းငယ်ဆိုသည်မှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားတတ်သော်လည်း ဤနေရာ၌မူ တစ်ရက်ကုန်ဆုံးရန် နှစ်ပေါင်းများစွာ ကြာမြင့်နေသကဲ့သို့ ခံစားနေရသည်။
ဆေးတံကို ခဲထားသော အဘိုးအို၏ နားရွက်များ လှုပ်ရှားသွားပြီး လူတိုင်း၏ မြည်တွန်တောက်တီးသံများကို ကြားလိုက်ရ၏။
''တုံးအလိုက်တဲ့ ကောင်တွေ...... ဒီမှာ အလုပ်လုပ်ရတာက ကောင်းကင်ဘုံက ပေးတဲ့ အခွင့်အရေးဆိုတာ မသိကြဘူး...''
''ဟို နတ်ဘုရားတွေ မိစ္ဆာတွေ ငါ့ကို လာဖားနေတာတောင် ငါက ပေးမဝင်ဘူးကွ...''
သူသည် တိုးတိုးလေး ဆဲရေးလိုက်ပြီးနောက် စိတ်မဝင်စားတော့ပေ။ ငါးမျှားတံကို ဆက်လက်ကိုင်ဆောင်ရင်း ကျောက်တုံးပြာကြီးပေါ်တွင် လှဲနေလိုက်သည်။
ခဏအကြာတွင် သူ၏ မျက်လုံးများ ရုတ်တရက် ဖွင့်လိုက်လာပြီး အရိုးဆွေးနေသော သူ၏ ခန္ဓာကိုယ်မှာ အလွန် လျင်မြန်စွာ လှုပ်ရှားသွားသည်။ တောင်ဝှေးကို ဘေးသို့ ပစ်ချလိုက်ပြီး ကျောက်တုံးကြီးပေါ်မှ ခုန်ထလိုက်ကာ ကောင်းကင်ထက်ရှိ အဆုံးမဲ့သော ပိုင်ရွှီနယ်မြေအတွင်းသို့ စိုက်ကြည့်လိုက်၏။
ထိုစဉ် ပိုင်ရွှီနယ်မြေ၏ ဟင်းလင်းပြင်ထဲ၌ ငွေရောင် ပန်းကန်ပြားဝိုင်းကြီး တစ်ခု ပေါ်ထွက်လာသည်။ ဤဆန်းကြယ်သော တိုက်ကြီးကို အကဲခတ်နေပုံ ရသည်။
ဤပန်းကန်ပြားသည် ကြီးမားသော ပျံသန်းရေးယာဉ်ပျံ တစ်စင်းနှင့် တူညီလှကာ အောက်ခြေမှ ထူးဆန်းသော အပြာရောင်အလင်းတန်းများ ထွက်ပေါ်နေသည်။ ယာဉ်ပျံ၏ စွမ်းအင်အရင်းအမြစ် ဖြစ်ပုံရ၏။
ယာဉ်ပျံ၏ အတွင်းပိုင်းတွင် ယာဉ်မောင်းခန်း တစ်ခု ရှိနေသည်။ မောင်းနှင်ခန်းအတွင်း၌ အလင်းရောင် မှိန်ဖျဖျသာ ရှိပြီး ပြာလဲ့လဲ့ အသားအရေနှင့် ဦးခေါင်းပေါ်တွင် အာရုံခံအမျှင်များ ပါရှိသော လူသားနှင့် တူညီသည့် သက်ရှိနှစ်ဦးသည် ခေါင်းတလား အတွင်း၌ အိပ်မောကျနေကြသည်။ ထို အပြာရောင် သက်ရှိနှစ်ဦးသည် ပုံစံခွက်တစ်ခုတည်းမှ ထွက်လာသကဲ့သို့ တစ်ပုံစံတည်း တူညီလွန်းလှသည်။
ရုတ်တရက် အတွင်းပိုင်းရှိ မီးများ လင်းလာကာ အရေးပေါ် အချက်ပေးသံများ မြည်လာသည်။
"တီ... တီ... တီ... တီ..."
"သက်ရှိကို တွေ့ရှိရသည်... နေထိုင်၍ရသော ကမ္ဘာ့အငွေ့အသက်ကို တွေ့ရှိရသည်..."
"ဟာရစ် ရေကြောင်းသွားလာရေး သဘောတူညီချက်အရ ပိုင်ရွှီ လှည့်လည်သွားလာသူများ စတင် နှိုးထပါတော့မည်..."
အေးစက်သော စက်ရုပ်အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာ၏။ ယင်းမှာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ဘာသာစကားနှင့် လုံးဝ ကွဲပြားသော ဘာသာစကားတစ်ခု ဖြစ်သည်။
စကားသံ၏အဆုံးတွင် အေးစက်သော အခိုးအငွေ့များထွက်လာကာ ခေါင်းတလားများ ပွင့်လာပြီး အပြာရောင် သက်ရှိနှစ်ဦး နိုးထလာကြ၏။ သူတို့၏ အကြည့်များသည် အေးစက်လှပြီး မည်သည့် ခံစားချက်မျှ မရှိသော သက်ရှိများနှင့်တူလှသည်။
ထိုသက်ရှိနှစ်ဦးသည် ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ပြီး ဦးခေါင်းပေါ်ရှိ အာရုံခံအမျှင်များဖြင့် အချင်းချင်းထိတွေ့ဆက်သွယ်လိုက်ကြ၏။ ထို့နောက်သူတို့သည် ခေါင်းတလား ဘေးရှိ ငွေရောင်သေတ္တာတစ်လုံးကို ဖွင့်လိုက်ကာ ထူးဆန်းသော တိုက်ပွဲဝင်သံချပ်ကာဝတ်စုံကို ထုတ်ယူလိုက်ကြ၏။ ဤဝတ်စုံမှာ တစ်ကိုယ်လုံးကို လုံခြုံစွာ ဖုံးအုပ်ထားသော အမျိုးအစား ဖြစ်သည်။ သံချပ်ကာ၏ ရင်ဘတ်နေရာတွင် စွမ်းအင် အမြုတေ တစ်ခု ရှိပြီး အမြုတေ၏ အလယ်တွင် မီးလောင်ကျွမ်းနေသော ဂြိုဟ်ငယ်တစ်ခုပုံရိပ် ပါရှိနေသည်။
သံချပ်ကာပေါ်မှ ရှည်လျားသော အပ်များ ထွက်ပေါ်လာပြီး သူတို့၏ အပြာရောင် အရေပြားထဲသို့ ထိုးစိုက်ဝင်ရောက်သွားကာ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများနှင့် တိုက်ရိုက် ဆက်သွယ်လိုက်၏။ သံချပ်ကာ ဝတ်ဆင်ပြီးသောအခါ အပြာရောင်သက်ရှိနှစ်ဦး၏တစ်ကိုယ်လုံးမှာ ပို၍ ကြီးမားလာပြီး သံမဏိ ရုပ်သေးရုပ်များနှင့် တူညီသွားသည်။
"အယ်လ်ဖာ... လှည့်လည်သူ နံပါတ် ၇၇၆၉၇ နဲ့ ၇၇၆၉၈... အခန်းတံခါး ဖွင့်ဖို့ တောင်းဆိုပါတယ်... စုံစမ်းစစ်ဆေးရေး တာဝန်ကို လုပ်ဆောင်ပါ့မယ်..."
အပြာရောင် သက်ရှိတစ်ဦးက ထူးဆန်းသော ဘာသာစကားဖြင့် ပြောလိုက်၏။
"အတည်ပြုသည်... လှည့်လည်သူ နံပါတ် ၇၇၆၉၇ နှင့် ၇၇၆၉၈... အပြင်ထွက်ခွင့် ပြုသည်... အရာအားလုံးကို ဂရုစိုက်ပါ... အင်ပါယာ၏ ဂုဏ်ကျက်သရေသည် သင်တို့အပေါ်၌ ထွန်းလင်းပါစေ..."
ယာဉ်မောင်းခန်းအတွင်းမှ စက်ရုပ်အသံဖြင့်ပြန်လည် ဖြေကြားသံထွက်ပေါ်လာသည်။ ထို့နောက် ငွေရောင်သတ္တုတံခါးကြီး ပွင့်သွားပြီး လှည့်လည်သူ နှစ်ဦးမှာ အပြင်သို့ ထွက်လာကြ၏။ သူတို့သည် သံချပ်ကာကို ဝတ်ဆင်ထားသဖြင့် ပိုင်ရွှီနယ်မြေအတွင်း၌ လွတ်လပ်စွာ သွားလာနိုင်ကြပြီး တိုက်ကြီးဆီသို့ တိုက်ရိုက် ပျံသန်းလာကြသည်။
မြေပြင်ပေါ်၌ အဘိုးအိုသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ဘောင်းဘီအိတ်ကပ်အတွင်းမှ ငွေရောင် ပန်းကန်ပြားပျံလေးများကို လက်တစ်ဆုပ်စာ ထုတ်ယူလိုက်၏။ ထိုပန်းကန်ပြားပျံလေးများထဲမှ အချို့မှာ အကောင်းပကတိ ရှိနေသေးပြီး အချို့မှာမူ ပျက်စီးနေကြပြီ ဖြစ်သည်။ သူသည် ထိုအရာများကို ထူးဆန်းသော နည်းလမ်းဖြင့် လက်မအရွယ်အစားခန့် ဖြစ်အောင် လုပ်ထားပြီး ကစားစရာကဲ့သို့ ဆော့ကစားနေခြင်း ဖြစ်၏။
"ဒီကောင်တွေက ဘယ်လောက်တောင် လာနေကြအုန်းမှာလဲ... ဖမ်းလို့မကုန်တော့ဘူးလား..."
"ဘေးနားက ဟင်းလင်းပြင် နတ်ဘုရားမိစ္ဆာ ကမ္ဘာဆီကျ မသွားဘဲနဲ့..."
"ငါ့လို အရိုးဆွေးအဖိုးကြီးကပဲ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးအတွက် တံခါးစောင့် လုပ်ပေးနေရတယ်..."
သူသည် ညည်းညူလိုက်ပြီး ပန်းကန်ပြားပျံများကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။
ထို့နောက် သူ၏သက်ကယ်ဖိနပ် စီးထားသော ခြေထောက်ဖြင့် မြေပြင်ကို ကန်လိုက်ရာလေးညှို့မှ လွှတ်လိုက်သော မြှားတစ်စင်းကဲ့သို့ ကောင်းကင်ပေါ်သို့ တက်သွား၏။ ပိုင်ရွှီနယ်မြေအတွင်းသို့ ဖြတ်သန်းဝင်ရောက်သွားလျှင် အဖိုးအိုသည် ကုန်းမြေတိုက်ကြီးဆီဦးတည်လာနေသော လှည့်လည်သူ နှစ်ဦး၏ ရှေ့၌ ပိတ်ဆို့လိုက်သည်။
"သက်ရှိတွေ့ရှိသည်... စွမ်းအားအဆင့် - မသိရှိရ... ဖမ်းဆီးပြီး သုတေသနပြုလုပ်ရန် အကြံပြုသည်..."
လှည့်လည်သူများ၏ သံချပ်ကာတွင်လည်း ထက်မြက်သော အာရုံခံစနစ် ရှိနေပုံရ၏။ သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အာရုံခံအမျှင်များကို လှုပ်ရှားကာ ဆက်သွယ်လိုက်ကြသည်။ ထို့နောက် သူတို့၏ သံချပ်ကာ စွမ်းအင်အမြုတေ အတွင်းရှိ ဂြိုဟ်ပုံစံမှ ရုတ်တရက် အလင်းများ တောက်ပလာပြီး သူတို့၏ အရှိန်မှာ အဆပေါင်းများစွာ မြင့်တက်သွားသည်။
နှစ်ဦးသားသည် ဘယ်နှင့်ညာ နှစ်ဖက်ခွဲကာ အဘိုးအိုကို ဖမ်းဆီးရန် ကြိုးစားလိုက်ကြ၏။ အဘိုးအိုသည် သမ်းဝေလိုက်ပြီး ပါးစပ်ကို လက်ဖြင့် ပုတ်လိုက်သည်။
''ဝါး''
"အသုံးမကျတဲ့ကောင်တွေ... နည်းနည်းပါးပါးအသစ်အဆန်းလေးတောင် မသင်နိုင်ဘူး... ဒီအတိုင်းပဲ ထပ်လုပ်နေပြန်ပြီ..."
ထိုသို့ပြောလိုက်ပြီးနောက် အဘိုးအိုသည် ခြေထောက်မှ သက်ကယ်ဖိနပ် တစ်ဖက်ကို ချွတ်ကာ လက်ထဲတွင် ကိုင်ထားလိုက်သည်။
လှည့်လည်သူ နှစ်ဦး၏ အရှိန်မှာ အလွန်ပင် လျင်မြန်လှ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ပိုင်ရွှီနယ်မြေကို ဖြတ်ကျော်ကာ အဘိုးအို၏ ရှေ့သို့ ရောက်ရှိလာကြသည်။
"ဖြောင်း... ဖြောင်း..."
ကြည်လင်ပြတ်သားသော ရိုက်သံ နှစ်ချက် ထွက်ပေါ်လာပြီးနောက် လှည့်လည်သူ နှစ်ဦး၏ ခေါင်းများနှင့် သံချပ်ကာ ဝတ်စုံများသည် ၁၈၀ ဒီဂရီ လည်ထွက်သွားကြသည်။ သူတို့သည် အဘိုးအို၏ အရှေ့တွင် အရုပ်များကဲ့သို့ တောင့်တင်းသွားကာ ရပ်တန့်သွားကြ၏။