အခန်း (၄၈၁-၄၈၃)
Vol. 33 Ch. 481-483
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၈၁)
ရှန်ယန်ရှောင်အနိုင်ရသွားပြီဖြစ်ကာ နောက်တစ်ပွဲအဖြစ် လောင်းရွှမ်ပြည်လူငယ်မျိုးဆက်ထဲက စွမ်းအားအထက်ဆုံးမှော်ဆရာ ကြူရှီယာနဲ့ရင်ဆိုင်ရပါတော့မယ်
ပရိသတ်အားလုံးလည်း ဒီပွဲကိုကြည့်ရဖို့ မစောင့်နိုင်အောင်ဖြစ်နေရပါပြီ။
လီရှောင်ေ၀ စင်ပေါ်ကနေဆင်းလိုက်တော့ ရှန်ယန်ရှောင်ကို ကြည့်နေခဲ့တဲ့ တန်နာဇီက ထိုင်ရာကနေထလိုက်ပြီး လီရှောင်ဝေဆီသွားလိုက်ပါတယ်။
လီရှောင်ေ၀ မျက်မှောင်နည်းနည်းကြုတ်သွားကာ တန်နာဇီကို အရေးမစိုက်ဘဲ ခြေလှမ်းကျဲကြီးတွေနဲ့ ထွက်သွားလိုက်ပါတယ်။
တန်နာဇီလည်း နောက်ကနေလိုက်သွားပါသည်။
ရန်သူညီအစ်ကိုကိုကြည့်လိုက်ပြီး ရှန်ယန်ရှောင် သက်ပြင်းချလိုက်ပါတယ်။
လီရှောင်ဝေက ရင်ဆိုင်ရခက်လှပါတယ်။ သူဟာ အရမ်းတော်တဲ့လေးသမားဖြစ်ပြီး လေးပညာရပ်အပေါ်မှာ သူမရဲ့နားလည်တတ်ကျွမ်းထားမှုသာမရှိရင် အနိုင်ရဖို့ ဒီလောက်လွယ်မှာမဟုတ်လောက်ပါဘူး။
ဒါပေမယ့်...
ရှန်ယန်ရှောင်က စောင့်ဆိုင်းနေရာမှာရှိနေသော ကြူရှီယာကို မော့ကြည့်လိုက်သည်။
နောက်ပွဲက ငါတို့နှစ်ယောက်ပေါ့...
"သူတို့နှစ်ယောက်ထဲက ဘယ်သူနိုင်မယ်ထင်သလဲ"
ယန်းရှီနဲယန်ယုတို့က အတူထိုင်နေကြပြီး ပွဲအဖြေကို ခန့်မှန်းနေကြပါတယ်။
"အရှက်မရှိတဲ့အကြောင်းလား စွမ်းအားအကြောင်းလား"လို့ ယန်ယုကပြန်မေးလိုက်ပါတယ်။
ယန်းရှီက မေးသပ်လိုက်ကာ လေးလေးနက်နက်ပြောဟန်ဖြင့် ပြောလိုက်တာကတော့"အရှက်မရှိတဲ့နေရာမှာဆိုရင်တော့ ကြူရှီယာက နတ်ဘုရားအဆင့်မှာရှိတယ်ကွ"
သူတို့နှစ်ယောက်ဘေးမှာ ယန်းချီထိုင်နေပါတယ်။ သူတို့ဘော်ဒါအတွက် နည်းနည်းတောင်သောကပုံမရတဲ့အပြင် သိက္ခာအလျဉ်းမရှိဟန်ဖြင့် ကဲ့ရဲ့ပြောဆိုနေကြတာကို တွေ့လိုက်ရလို့ ဘာပြောရမှန်းမသိဖြစ်နေရပါတယ်။
သူ့ကို ဒီလိုကဲ့ရဲ့ဖို့က သင့်တော်လို့လား...
စင်မြင့်ပေါ်ကို တက်လာဖို့ အခေါ်မခံရင်အထိ ရှန်ယန်ရှောင် ခဏလောက်ပဲ နားလိုက်ရပါတယ်။
ဆင့်ခေါ်သူက နှစ်ပွဲဆက်နိုင်ထားတာကြောင့် ကျောင်းပေါင်းစုံပြိုင်ပွဲကို စီစဉ်ကျင်းပသူတွေက ဆင့်ခေါ်သူဖြစ်တဲ့ ရှန်ယန်ရှောင်ဆက်နိုင်မှာကို စိုးရိမ်နေကြပါပြီ။ ဒါကြောင့် ကြူရှီယာအနိုင်ရသွားပါစေလို့သာ သူတို့တွေဆုတောင်းနေကြပါတယ်။
စင်မြင့်ပေါ်မှာ နောက်တစ်ကြိမ်ရောက်နေပြီဖြစ်သော ရှန်ယန်ရှောင်က မျက်နှာခြင်းဆိုင်မှာ ရပ်နေသော ကြူရှီယာအား ကြည့်လိုက်ပြီး တိုက်ပွဲဆာလောင်သော အပြုံးမျိုးကို ပြုံးပြလိုက်ပါတယ်။
ဆင့်ခေါ်သူနဲ့မှော်ဆရာတို့ဟာ တစ်ခြားပညာရှင်တွေနဲ့ တိုက်ခိုက်ရပုံနည်းက တူညီပါတယ်။ ကွာခြားတာကတော့ မှော်ဆရာတွေမှာ ပြင်းထန်သောတိုက်အားရှိတာဖြစ်ပြီး ပြိုင်ဖက်အား တစ်ချက်ထိမိရုံဖြင့် ပြင်းထန်စွာဒဏ်ရာရရှိစေနိုင်ပါတယ်။ ဆင့်ခေါ်သူတွေက တစ်ချက်တိုက်ရရုံဖြင့် ပြိုင်ဖက်ဖြစ်သူ ဘာတိုက်အားမှမရှိတော့အောင် လုပ်ဆောင်နိုင်ကြပါတယ်။
အဆိုပါပညာရပ်နှစ်ခုထဲက ဘယ်ပညာရပ်ပဲဖြစ်ဖြစ် တစ်ချက်လွှတ်ပညာရပ်တွေဖြစ်ကာ တစ်ကွက်ကိုအထိခံလို့မဖြစ်ပါဘူး ထိမိတာနဲ့အရှုံးဖြစ်ပါပြီ။
"ဟုတ်ပြီဗျာ ရှောင်လေးကို ငါတိုက်ရပြီပေါ့ ငါ့ရင်ထဲမှာ ဒီအချိန်ကို စောင့်မျှော်နေတာ တော်တော်ကြာခဲ့ပြီနော်"လို့ မြေခွေးပြုံးနဲ့ ကြူရှီယာကပြောလိုက်သည်။
"မင်းနည်းနည်းလောက်ပိုအစွမ်းတင်လို့ရတယ်နော်"ဟု ရှန်ယန်ရှောင်ကလည်း တိုက်ခိုက်ချင်စိတ်အပြည့်ဖြင့် ပြန်ပြောလိုက်ပါတယ်။
"မင်းအလိုကျပေါ့လေ"ဟု ကြူရှီယာပြောလိုက်တယ်။
နှစ်ယောက်သား စကားစစ်ထိုးနေတာကို တွေ့လိုက်ရတဲ့ ဒိုင်ဖြစ်သူလည်း ဒီပွဲက လောင်းရွှမ်ပြည်ရဲ့ အရေးပါဆုံးတိုက်ပွဲဖြစ်ကြောင်း သတိပေးလိုက်ရပါတယ်။
"ငါတို့ ဘာမှမလုပ်ကြရင် သူတို့တွေ စိတ်ပေါက်ကုန်မယ်ထင်တယ်"လို့ ပရိသတ်တွေကိုကြည့်ပြီး ကြူရှီယာပြောလိုက်ပါတယ်။
"ဒါဆိုလည်း စလိုက်ကြစို့ရဲ့"လို့ ရှန်ယန်ရှောင်ပြောလိုက်သည်။
ကြူရှီယာရဲ့ လက်ရှိအဆင့်က ဘယ်လောက်ရှိလဲဆိုတာ ဘယ်သူမှမသိကြပါဘူး။ ပွဲတိုင်းမှာ သူက တစ်ချက်သာလှုပ်ရှားတာဖြစ်ကာ တစ်ချက်နဲ့ပဲ အနိုင်ယူခဲ့ပါတယ်။
ဒီအချိန်မှာတော့ ကြူရှီယာက သူမရဲ့ဘော်ဒါမဟုတ်တော့ပါဘူး ပြိုင်ဖက်ဖြစ်နေပါပြီ။
ကြူရှီယာက ဂါထာရွတ်စရာမလိုဘဲ မှော်အတတ်ကိုပစ်လွှတ်တိုက်ခိုက်နိုင်ကာ ပြိုင်ဖက်တွေကို လက်မှိုင်ချစေသူဖြစ်ပါတယ်။ ဒီလိုချက်ခြင်းတိုက်ခိုက်မှုမျိုးရှိသော ကြူရှီယာအနားကို သူမကပ်ဖို့ရာက အခြေခံအားဖြင့် လုံးဝမဖြစ်နိုင်တဲ့ကိစ္စပါပဲ။
မှော်ဆရာတွေမှာ ဂါထာပေါင်းများစွာရှိပြီး အဆိုပါဂါထာတွေထဲမှာ အရှိန်နှေးစေနိုင်သော ဂါထာတွေတပုံတပင်ရှိပါတယ်။ ရေခဲနဲ့နှင်းဂါထာတစ်ခုကတင် ရှန်ယန်ရှောင်ကို ရေခဲရုပ်ဖြစ်သွားစေနိုင်ပါတယ်။
ကြူရှီယာက လူတွေဆီကိုသယ်ဆောင်ပေးထားသော ခံစားချက်တွေအရ သူဟာ အရမ်းစွမ်းလွန်းသူဖြစ်နေတာကြောင့် ဘယ်သူကမှ ရှန်ယန်ရှောင်နိုင်မယ်လို့ မယုံကြပါဘူး။ ကျောင်းတက်နေဆဲကျောင်းသားတွေမပြောနဲ့ ကမ္ဘာ့တစ်စိတ်တစ်ဒေသကို ကိုင်လှုပ်နိုင်စွမ်းရှိသော စွမ်းအားကြီးပုဂ္ဂိုလ်တွေတောင် ဒီမှော်ဆရာလေးကို တိုက်ခိုက်ရဲချင်မှရဲပါလိမ့်မယ်။
"ပြိုင်ပွဲစပါပြီ"
ဒိုင်ဖြစ်သူရဲ့ ကြေငြာချက်က ပျံ့လွင့်သွားပါတယ်။ ဒိုင်ရဲ့အသံမပျောက်ခင်မှာဘဲ ရှန်ယန်ရှောင်က လှုပ်ရှားနေပြီဖြစ်ကာ သူမရဲ့လက်တွေက သင်္ကေတအမျိုးမျိုးကို မယုံနိုင်စရာအမြန်နှုန်းနဲ့ ပြုလုပ်နေပါတယ်။
သူမနဲ့ကြူရှီယာကြားမှာ အကွာအဝေးက တော်တော်လှမ်းသေးတာဖြစ်လို့ သူမက အခုအချိန်မှာ ကျိန်စာသုံးရင်တောင် ထိရောက်စရာမရှိတာကြောင့် ဘာလုပ်တာလဲဆိုပြီး သိလိုစိတ်ဖြစ်သွားကြပါတယ်။
ဒါပေမယ့် ပရိသတ်တွေကြားမှာရှိတဲ့ ယန်းချီကတော့ ရှန်ယန်ရှောင်ဘာလုပ်နေလဲဆိုတာကို သိနေပါတယ်။
"ပုံတူကူး...သူက ဘယ်အချိန်တုန်းက ပုံတူကူးကိုသင်လိုက်တာလဲ"
ယန်းချီဟာ အလွန်ကြောင်အအဖြစ်သွားပုံနဲ့ ပါးစပ်ကနေပြီး တတွတ်တွတ်ပြောဆိုနေပါတယ်။
ယန်းချီဘေးမှာထိုင်နေတဲ့ ယန်ယုနဲ့ယန်းရှီတို့က သိချင်စိတ်ဖြစ်ပြီး မေးလိုက်ကြပါတယ်။
"ပုံတူကူးက ဘာလဲဟင် စီနီယာ"
"ပုံတူကူးကျိန်စာဆိုတာ အကြီးတန်းဆင့်ခေါ်သူတွေ သင်ယူနိုင်တဲ့ အဆင့်မြင့်ဆုံးကျိန်စာတွေထဲက တစ်ခုဖြစ်တဲ့ အဆင့်ခြောက်ပေါင်းစပ်ကျိန်စာတစ်ခုပဲ"
ယန်းရှီနဲ့ယန်ယုတို့နှစ်ယောက်က နားထောင်ပြီးတဲ့အခါ ဘာမှန်းသေချာမသိကြတာကြောင့် တွေတွေကြီးဖြစ်သွားကြပါတယ်။
ပုံတူကူးကျိန်စာက အကြီးတန်းအဆင့်ဆိုပေမယ့် ခက်ခဲနက်နဲမှုက ပေါင်းစပ်ကျိန်စာတွေအားလုံးထက် ပိုပါတယ် အစွမ်းထက်တာကလည်းပြောမနေပါနဲ့တော့။
ရှန်ယန်ရှောင်က သင်္ကေတတွေပြုလုပ်နေတာကိုကြည့်ပြီး ကြူရှီယာမျက်လုံးထဲမှာ သံသယအရိပ်တွေဖြတ်ကနဲပြေးသွားပါတယ်။ ဒါပေမယ့်လည်း ဒီအတိုင်းကြည့်နေဖို့ ရည်ရွယ်ချက်မရှိတာကြောင့် မှော်တုတ်တံကိုမြှောက်လိုက်ပြီး ရှန်ယန်ရှောင်ဆီကို စွမ်းအားပြင်းဂါထာတစ်ခုပစ်လွှတ်ရန်ပြင်လိုက်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၈၂)
ကြူရှီယာက လှုပ်ရှားနေစဉ်မှာပဲ ရှန်ယန်ရှောင်က လက်သင်္ကေတတွေလုပ်နေတာကို ရပ်လိုက်ပါတယ်။
လက်ထဲမှာ မှော်တုတ်တံကိုင်ထားတဲ့ပုံနဲ့ သူမရဲ့ ညာလက်ကိုမြှောက်လိုက်ကာ ကြူရှီယာနဲ့တစ်ပုံစံထဲဖြစ်နေပါတယ်။
"ဘာဖြစ်တာတုန်းဟ ရှောင်လေးက ဘာဖြစ်သွားတာလဲ"လို့ ယန်းရှီကအံ့သြစွာပြောလိုက်သည်။
"ပုံတူကူးဆိုတာက ပြိုင်ဖက်ဖြစ်သူရဲ့ တိုက်ခိုက်မှုတွေကို အတင်းအတုခိုးနိုင်တဲ့ကျိန်စာပဲ။ ပြိုင်ဖက်က သူမထက် အဆင့်နှစ်ဆင့်မသာသရွေ့ ပြိုင်ဖက်ရဲ့အကွက်တွေကို အတုခိုးလို့ရတယ်လေ"လို့ ယန်းချီကရှင်းပြလိုက်သည်။
"အဲ့ဒါကြီးက သဘာဝနဲ့မဆန့်ကျင်လွန်းနေဘူးလား"
ယန်းချီရှင်းပြချက်ကြောင့် ယန်ယုနဲ့ယန်းရှီတို့နှစ်ယောက်လုံး အရမ်းတုန်လှုပ်အံ့သြသွားရပါတယ်။ ပြိုင်ဖက်ရဲ့ အကွက်တိုင်းကို ပုံစံတူလုပ်နိုင်တာကြီးက သဘာဝတရားကို ဆန့်ကျင်လွန်းနေတဲ့ကိစ္စပဲလေ။
ဒါပေမယ့် ပုံတူကူးကျိန်စာက အသုံးပြုဖို့ အရမ်းခက်တာကိုတော့ သူတို့တွေမသိကြပါဘူး။ အရင်ဆုံးအနေနဲ့ ကြူရှီယာက သူမထက်အဆင့်နှစ်ဆင့်မက ကွာမနေဖို့လိုပြီး မဟုတ်ရင် သုံးလို့ရမှာမဟုတ်ပါဘူး။
နောက်တစ်ချက်က ကြူရှီယာရဲ့ မှော်တိုက်ခိုက်မှုတိုင်းကို သူမက ပုံတူလုပ်နိုင်ပေမယ့် ကြူရှီယာကုန်တဲ့ မှော်အားထက်နှစ်ဆကုန်မှာဖြစ်ပါတယ်။
ပုံတူကူးကျိန်စာအတတ်ကို ရှန်ယန်ရှောင် အသုံးပြုပြလိုက်တာက ယန်းချီကိုတင်မကဘဲ ဘာမှနားမလည်တဲ့ ပရိသတ်တွေအတွက် တစ်ခါပြီးတစ်ခါ လက်ဖျားခါလောက်အောင် ဆန်းကြယ်လာပါတော့တယ်။
ရှန်ယန်ရှောင် ဘာလုပ်လိုက်တာလဲဆိုတာကို သူတို့တွေ ဘာမှနားမလည်ကြပါဘူး။ သူတို့မြင်တာဆိုလို့ ကြူရှီယာက မှော်တုတ်တံကို ဝှေ့ယမ်းလိုက်ချိန်မှာ မီးတောက်မီးလုံးတွေက ကောင်းကင်ပေါ်ကနေပြီး ရှန်ယန်ရှောင်ခေါင်းပေါ်ကို ကျရောက်လာတာကိုဖြစ်ပြီး တစ်ချိန်ထဲလိုလိုမှာပဲ ကြူရှီယာခေါင်းပေါ်ကိုလည်း သူ့မီးလုံးတွေကဲ့သို့သော မီးလုံးတွေကကျသွားတာကိုလည်း မြင်လိုက်ကြရပါတယ်။
ငရဲမီးနှစ်ခုက တစ်ချိန်ထဲမှာ ကျဆင်းလာပါတယ်။ ရှန်ယန်ရှောင်က ငရဲမီးကို အသုံးပြုနိုင်တာကြောင့် ကြူရှီယာတစ်ကယ်ကြောင်ထွက်သွားပါတယ်။ ဒါပေမယ့်လည်း လျှင်မြန်စွာနဲ့ လှုပ်ရှားလိုက်လို့ ကျဆင်းလာတဲ့ ငရဲမီးကို ကာဖို့အတွက် ရေခဲကွင်းတစ်ခုကိုဖန်တီးလိုက်ပါတယ်။
ရှန်ယန်ရှောင်ဆီမှာလည်း ရေခဲတစ်ကွင်းပေါ်လာပြန်ပါတယ်။ ငရဲမီးချင်း ရေခဲကွင်းချင်းတူပြီနေပြီး တိုက်ခိုက်မှုနဲ့ကာကွယ်မှုကို တစ်ချိန်ထဲမှာ တူညီစွာပြုလုပ်လိုက်ကြတာဖြစ်ပါတယ်။
ပြိုင်ဖက်နှစ်ယောက်ဟာ မှန်အကြီးကြီးတစ်ချပ်ရှေ့မှာ ရပ်နေသလိုမျိုးဖြစ်နေပါတယ်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်ရတာလဲ"
ပရိသတ်တွေ သွေးများဆူပွက်လာကြပါတယ်။ စင်မြင့်ထက်ကလူနှစ်ယောက်အား ထရပ်ကာကြည့်လိုက်ကြပြီး စိတ်လှုပ်ရှားနေကြပါပြီ။
ဆင့်ခေါ်သူတစ်ယောက်ဖြစ်ပေမယ့် မှော်ဆရာရဲ့အဆင့်မြင့်မှော်အတတ်ကို ရှန်ယန်ရှောင်က အသုံးပြုပြလိုက်ပါတယ်။ ဒါက လုံးဝမဖြစ်နိုင်တဲ့အရာဖြစ်ပါတယ်။ ကြီးမားတဲ့မီးလုံးကြီးတွေက စင်မြင့်ပေါ်ကျသွားတော့ အပေါက်ကြီးတွေ ဖြစ်သွားစေခဲ့ပါတယ်။
ကြူရှီယာမျက်လုံးတွေက စိတ်လှုပ်ရှားပျော်ရွှင်မှုတွေနဲ့ တလက်လက်တောက်ပနေပါတယ်။ သူ့ကိုယ်ထဲမှာ အိပ်စက်နေတာကြာပြီဖြစ်သော တိုက်ပွဲစိတ်ဟာ ဆန်းကြယ်ထူးခြားလှသော ဒီတိုက်ပွဲကြောင့် နိုးထလာပါတယ်။
"စိတ်ဝင်စားစရာပဲ တစ်ကယ့်ကိုစိတ်ဝင်စားဖို့ကောင်းတယ်ဟေ့ ရှောင်လေးရေ မင်းကတော့ ငါ့ကိုမအံ့သြစေဘဲကို မနေပါလားကွ"လို့ စိတ်လှုပ်ရှားနေသော ကြူရှီယာကပြောလိုက်ပါတယ်။
သူ့လက်ထဲက မှော်တုတ်တံကတော့ ဆက်လက်လှုပ်ရှားနေပြီး စီရင်ချက်မီးလျှံ၊ ဆီးနှင်းခံတပ်၊ ဆည်းဆာမီးတောက်၊ အဆုံးစွန်ရေခဲချပ်ဝတ် အစရှိသော လှပလှတဲ့ မှော်အတတ်တွေကို တစ်ခုပြီးတစ်ခု ဆက်တိုက်ဖော်ထုတ်နေခဲ့ကာ ရှန်ယန်ရှောင်ကလည်း ထပ်တူဖန်တီးနေပါတယ်။
ရေခဲနဲ့မီးလျှံတွေက တစ်ခုပြီးတစ်ခုထွက်ပေါ်လာပြီး အပြန်အလှန်တိုက်ခိုက်ကာကွယ်နေခဲ့ပြီး မှော်ဂါထာတွေကလည်း တလက်လက်ပြေးထွက်နေပါတယ်။
တိုက်တယ် ခုခံတယ်
သူ့ကိုယ်သူပြန်ချနေရသလိုမျိုး ကြူရှီယာခံစားမိလိုက်ပါတယ်။ ဂါထာတစ်ခုနဲ့တိုက်လိုက်ပြီးတာနဲ့ ထိုဂါထာကို သူ့ဖာသာပြန်ကာကွယ်နေရပြီး ဒီလိုတိုက်ပွဲမျိုးကို တစ်ခါမှ မကြုံဖူးသေးပါဘူး။
ကျယ်လောင်သောပေါက်ကွဲသံတွေက တစ်ကွင်းလုံးဟိန်းထွက်နေကာ စင်မြင့်တစ်ခုလုံးမှာလည်း မီးခိုးတွေနဲ့ပြည့်နေပြီး တစ်စစီဖြစ်နေတဲ့ စင်မြင့်ကနေပြီး ဖုန်မှုန့်သဲမှုန့်တွေ ထွက်နေပါတယ်။ ပရိသတ်အားလုံးက သူတို့သွေးတွေအား ဆူပွက်လာစေတဲ့ တိုက်ပွဲကို မျက်တောင်မခတ်ဘဲ ကြည့်နေကြပါတယ်။
ကြူရှီယာရဲ့ တိုက်ခိုက်မှုမှန်သမျှကို ထပ်တူပြုလုပ်နေရတာကြောင့် ရှန်ယန်ရှောင်ကိုယ်ထဲက မှော်အားတွေသိသိသာသာလျော့လာပါတယ်။ မှော်အားအများအပြားကို သုံးလိုက်ရလို့ ခန္ဓာကိုယ်ကနွမ်းနေပြီဖြစ်သော်လည်း ကြူရှီယာကတော့ သူ့မှော်အားက မကုန်မခမ်းနိုင်တဲ့အလား တစ်ချက်မှမနားဘဲ ဆက်တိုက်တိုက်နေပါတယ်။
"ဒီလူမဆန်တဲ့ကောင်ကတော့လေ"ဆိုပြီး ရှန်ယန်ရှောင်တိတ်တိတ်လေး ကျိန်ဆဲလိုက်ပါတယ်။
ကြူရှီယာနဲ့တိုက်ရတော့မယ်ဆိုတာနဲ့ သူမက ပြင်ဆင်ခဲ့ပြီးဖြစ်ပါတယ်။ သူမ ဘယ်လောက်ပဲမြန်ဆန်သည်ဖြစ်ပါစေ ကြူရှီယာရဲ့ တမဟုတ်ချင်းပစ်လွှတ်တိုက်ခိုက်တဲ့ မှော်ဂါထာအောက်မှာ ဘာအသုံးမှမဝင်နိုင်ပါဘူး။ အဲ့ဒါကြောင့် တစ်ခြားကျိန်စာအတတ်တွေကိုသာ သူမသုံးမယ်ဆိုရင် ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ တူနေမှာဖြစ်ပါတယ်။ ဆင့်ခေါ်သူအတတ်တွေနဲ့ ထိသေတိုက်ခိုက်မှုမျိုးလုပ်ဖို့ကလည်း ခက်လှသလို ကြူရှီယာကလည်း သူ့အနားကို ကပ်ခွင့်ပေးမှာမဟုတ်ပါ။ ဒါကြောင့်လည်း အခုလိုမျိုး အဆင့်မြင့်ကျိန်စာဖြစ်တဲ့ ပုံတူကူးကျိန်စာကို အသုံးပြုတာကပဲ ပိုကောင်းပါတယ်။
ရှန်ယန်ရှောင်နဲ့ကြူရှီယာတို့ရဲ့ ပြင်းထန်လွန်းတဲ့ တိုက်ပွဲကြောင့် သွေးဆူနေတဲ့ လူအုပ်ကြီးဟာ ရူးသွပ်စွာနဲ့ အော်ဟစ်အားပေးနေကြပါတယ်။ ဒီအချိန်မှာတော့ သူတို့တွေဟာ ဆင့်ခေါ်သူအပေါ်မှာ ဆန့်ကျင်တဲ့စိတ်မျိုးမရှိကြတော့ပါဘူး။ သူတို့တွေထဲမှာ စွမ်းအားကြီးသူကို လေးစားသူအချို့ပါဝင်ပါတယ်။
ရှန်ယန်ရှောင်က အခုထက်ထိကို ဘာကောက်ကျစ်တဲ့ကျိန်စာမှ မသုံးခဲ့တာကြောင့် ဆင့်ခေါ်သူတွေရဲ့ လက်မခံချင်ဖွယ်အတိတ်ဇာတ်လမ်းကိုလည်း မေ့သွားကြပါပြီ။ သူတို့သိတာဆိုလို့ ဆင့်ခေါ်သူဟာ လက်ဖျားခါစရာကောင်းလိုက်လေခြင်းဆိုတာသာ ဖြစ်ပါတယ်။
တစ်ကယ့်ပြိုင်ဖက်ကောင်းကို မတွေ့ကြုံရတာ ကြာမြင့်နေခဲ့လို့ ရှန်ယန်ရှောင်နဲ့ယှဉ်ပြိုင်ရတာကို ကြူရှီယာအရမ်း လက်တွေ့နေပါပြီ။ သူကိုင်ထားတဲ့ မှော်တုတ်တံက တစ်စက်ကလေးမှ နားမသွားခဲ့ဘဲ ဂါထာတစ်မျိုးပြီးတစ်မျိုး ဆက်တိုက်ထွက်နေပါတယ်။
ယန်းရှီနဲ့ယန်ယုတို့က ကြူရှီယာရဲ့ ဖြစ်ပျက်နေမှုအခြေအနေကို သဘောပေါက်တာကြောင့် ငေးငေးကြီးကြည့်နေကြပါတယ်။ ကြူရှီယာနဲ့ နှစ်အကြာကြီးပေါင်းသင်းလာခဲ့လို့ ဒီကောင် ဒါမျိုးတိုက်ပွဲကို တိုက်ခိုက်တာကို မမြင်ရခဲ့တာတော်တော်ကြာခဲ့ပါပြီ။
ယန်းရှီနဲ့ယန်ယုတို့က အံ့အားသင့်နေသလို စိုးရိမ်စိတ်လည်း ဖြစ်နေကြပါတယ်။ သွေးဆူလာရင် ကြူရှီယာ ဘယ်လောက်ကြောက်ဖို့ကောင်းတယ်ဆိုတာ သူတို့တွေ မှတ်မိနေပါသေးတယ်။ တန်နာဇီက တိုက်ခိုက်မှုကိုရူးသွပ်သူဆိုရင် ကြူရှီယာက စစ်နတ်ဘုရားဖြစ်ပါတယ်။ တိုက်ပွဲဝင်စိတ်ဖြစ်လာတာနဲ့ တစ်ယောက်ယောက် မလဲမချင်းကို သူက တိုက်ခိုက်တော့မှာဖြစ်ပါတယ်။
"မကောင်းတော့ဘူး ဒီအတိုင်းဆက်သွားနေရင် ကြူရှီယာ စိတ်လွတ်သွားတော့မှာ"ဆိုပြီး ယန်းရှီထရပ်ကာပြောလိုက်ပါတယ်။
ကြူရှီယာက အဆင့်မြင့်မှော်ဆရာအတတ်ကို အသုံးပြုတိုက်ခိုက်လိုက်တာဖြစ်ပြီး ဒီအတိုင်းဆက်သွားနေရင် မှော်ဆရာကြီးအတတ်နဲ့ တိုက်ခိုက်တော့မှာသေချာပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၈၃)
မှော်ဆရာကြီးအတတ်နဲ့ဆိုရင် ရှန်ယန်ရှောင်မပြောနဲ့ ပြိုင်ကွင်းကြီးတစ်ခုလုံးတောင် ဗုံးကြဲခံရသလိုဖြစ်သွားမှာပါ။
"ယုလေး မင်းငါနဲ့လိုက်ခဲ့တော့"
ဒီလိုပုံနဲ့ဆိုရင် ကြူရှီယာတစ်ယောက် လုပ်တော့မယ့်ကြောက်စရာအဖြစ်ကို ယန်းရှီစိတ်နဲ့တောင် ပုံဖော်မကြည့်ရဲဘူးဖြစ်နေပါတယ်။
လက်ရှိအဖြစ်က ကျောင်းပေါင်းစုံပြိုင်ပွဲမှာ ဘယ်သူချန်ပီယံဖြစ်မလဲဆိုတာ ဘာမှအရေးမပါတော့ပါဘူး။ ကြူရှီယာဟာ သူ့ကိုယ်သူမထိန်းနိုင်တော့တဲ့ အခြေအနေရောက်နေကာ ဆက်သွားမယ်ဆိုရင် တစ်ကွင်းလုံးကလူတွေကို သူနဲ့အတူမြေမြှုပ်တဲ့အဖြစ်သို့ ရောက်စေတော့မှာပါ။
မှော်ဆရာကြီးတစ်ယောက်ကတင် လူတွေကို ကြောက်ရွံ့နေစေပြီးဖြစ်ကာ ရှန်ယန်ရှောင်ရဲ့ ပုံစံတူကူးမှုကြောင့် မှော်ဆရာကြီးအဆင့်ရှိသူနှစ်ယောက်ရဲ့ မှော်တိုက်ခိုက်မှုတွေဆိုတာ ကပ်ဆိုးကြီးတစ်ခုဖြစ်သွားမှာပါ။
ပရိသတ်တွေကြားက အိုးယန်ဟွမ်းယူဟာ ကြူရှီယာရဲ့ တိုက်ခိုက်မှုမှန်သမျှကို မလွတ်တမ်းကြည့်နေခဲ့ပါတယ်။ ဖုန်မှုန့်တွေကြားမှာ ကြူရှီယာရဲ့မှော်တုတ်တံဟာ အလွန်တောက်ပစွာလင်းလက်လာတာကို သူမြင်လိုက်ပါတယ်။
"မှော်ဆရာကြီးရဲ့ အလင်းစက်ကွင်း...ဒီကောင်လေးက မှော်ဆရာကြီးတစ်ယောက်ပါလား"
ယန်းရှီနဲ့ယန်ယုတို့ စင်မြင့်ရှိရာကို ပြေးနေချိန်မှာပဲ ကြူရှီယာရဲ့ အလင်းစက်ကွင်းက ဖန်တီးစေလွှတ်ပြီးနေပါပြီ။ ရှန်ယန်ရှောင်ကလည်း ထပ်တူတိုက်ခိုက်မှုကို တစ်ပြိုင်နက်လုပ်လိုက်ပါတယ်။ ချက်ခြင်းပဲ တစ်ကွင်းလုံးကို တောက်ပလွန်းတဲ့အလင်းက လွှမ်းခြုံသွားပါတော့သည်။
အလင်းကြောင့် အားလုံးဘာမှမမြင်ရတော့ဘဲ စင်မြင့်ဆီကနေပြီး ပြင်းထန်လှတဲ့ အားလှိုင်းကြီးတစ်ခု ပျံ့လွင့်လာတာကိုသာ ခံစားမိလိုက်ကြပါတယ်။
ဒီကြောက်မက်ဖွယ်မှော်အတတ်က သူတို့အားလုံးကို အသက်ရှူရပ်မတတ်ဖြစ်သွားစေခဲ့ပါတယ်။
ယန်းရှီနဲ့ယန်ယုတို့က မကောင်းတော့ဘူးလို့ အော်ဟစ်လိုက်မိကြပါတယ်။
ပြင်းထန်လှသော မှော်တိုက်ခိုက်မှုကို ကာကွယ်ဖို့အတွက် အလင်းဒိုင်းတွေကို သူတို့နှစ်ယောက်ဘေးပတ်လည်မှာ ယန်ယုကဖန်တီးလိုက်ပါတယ်။
အိုးယန်ဟွမ်းယူက မျက်လုံးမှေးလိုက်ကာ လက်ထဲကမှော်တုတ်တံအား ဝှေ့ယမ်းလိုက်၍ စင်မြင့်ပတ်လည်မှာ မှော်အကာအရံတစ်ခု ဖန်တီးလိုက်ပြီး ဒီကြောက်မက်ဖွယ် မှော်တိုက်ခိုက်မှုနှစ်ခုကနေ ဖြစ်ပေါ်လာသော အားလှိုင်းတွေကို တားဆီးလိုက်ပါတယ်။
မဟုတ်ရင် ပြိုင်ကွင်းကြီးတစ်ခုလုံးက အခုလိုပြင်းထန်လှသော စွမ်းအားအောက်မှာ တစ်စစီဖြစ်သွားနိုင်ပါတယ်။
အလင်းရောင်စူးစူးက ပြန်မှေးမှိန်သွားခဲ့ပြီး စင်မြင့်ပေါ်ကရှိသမျှအားလုံးကို ပြန်မြင်တွေ့ရပါပြီ။
တိတိကျကျပြောရမယ်ဆိုရင် စင်မြင့်ရှိနေတဲ့နေရာမှာ ကျွင်းကြီးတစ်ကျွင်းဖြစ်နေပါတယ်။ စင်မြင့်ကိုပြုလုပ်ထားသော အမာဆုံးဆိုတဲ့ကျောက်တုံးတွေက အမှုန့်ဖြစ်နေပါပြီ။
"ရှောင်လေးရေ မင်းကြောင့် ငါအရမ်းအံ့သြမိသွားရပြီကွ"
ကြူရှီယာက မွစာကြဲနေတဲ့မြေပြင်ပေါ်မှာ စိတ်လှုပ်ရှားပျော်ရွှင်စွာနဲ့ရပ်နေပါတယ်။ အသက်မနည်းရှူနေရတဲ့ မလှမ်းမကမ်းက ရှန်ယန်ရှောင်ကို ကြည့်လိုက်ပြီး နှုတ်ခမ်းကိုလျှာနဲ့သပ်လိုက်ပါတယ်။
ရှန်ယန်ရှောင်အခြေအနေက သိပ်မကောင်းလှပါဘူး။ ကြူရှီယာအသုံးပြုတဲ့ မှော်အတတ်တိုင်းအတွက် သူမက မှော်အားနှစ်ဆကုန်ဆုံးရပြီး အဲ့ဒီ အလင်းစက်ကွင်းဟာ မှော်ဆရာကြီးတွေသာ အသုံးပြုနိုင်တဲ့ အဆင့်မြင့်မှော်အတတ်ဖြစ်ကာ မှော်အားကုန်ဆုံးမှုက အလွန်ဆိုးဆိုးရွားရွားပါပဲ။ ဒီတိုက်ခိုက်မှုအပြီးမှာပဲ သူမကိုယ်ထဲက မှော်အားမှန်သမျှ ကုန်သွားခဲ့ပါပြီ။ ကြူရှီယာရဲ့ နောက်ထပ်မှော်အတတ်ကို အတုလုပ်ဖို့မပြောနဲ့ သူကနေပြီး မီးလုံးလေးတစ်လုံးတင် ပစ်လွှတ်ရင်တောင် သူမ ဘာမှတတ်နိုင်မှာ မဟုတ်တော့ပါဘူး။
"မင်းကျိန်စာအတတ်က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်နော် ဒါပေမယ့် မင်းလည်း ဂိတ်ဆုံးနေပြီထင်ပါတယ်"လို့ ပြောလိုက်တဲ့ ကြူရှီယာမျက်နှာမှာ အပြုံးကတော့ရှိနေဆဲဖြစ်ပေမယ့် အရင်တုန်းကလိုမျိုး ပျင်းတွဲတွဲပုံမရှိတော့ဘဲ ဝိဉာည်ကိုစားသောက်မယ့် ငရဲကနတ်ဆိုးတစ်ကောင်အလားဖြစ်နေပါတယ်။
"ငါ့ရဲ့နောက်ထပ်တိုက်ခိုက်မှုကို မင်းပုံတူလုပ်နိုင်မလားဆိုတာ သိချင်မိတယ်။ ရှောင်လေးရေ မင်းအတုမလုပ်နိုင်တော့ရင်တော့ စွန့်ပစ်မြေက ပိုင်နက်ဒေသဟာ ငါ့အပိုင်ဖြစ်လာတော့မှာနော်"
ကြူရှီယာက ကြောင်ကကြွက်ကိုစသလို စနေပါတယ်။ မှော်တုတ်တံကို ပြုံးစစနဲ့မြှောက်လိုက်ပါတယ်။
"နေဦး"
ကြူရှီယာနဲ့ပုံတူလိုက်မလုပ်တော့ဘဲ ရှန်ယန်ရှောင်က အသံပေးလိုက်ပါတယ်။
ကြူရှီယာ ခဏတာကြောင်အမ်းအမ်းဖြစ်သွားပါတယ်။ ရှန်ယန်ရှောင်ရဲ့ ရုတ်တရက်အော်ပြောလိုက်သံကြောင့် သူ့လှုပ်ရှားမှုက ရပ်တံ့သွားပါတယ်။
ရှန်ယန်ရှောင်ဟာ အသက်ကိုမနည်းရှူနေရသလို ကိုယ်ပေါ်ကနေလည်း ချွေးသီးချွေးပေါက်တွေ အဆက်မပြတ်ထွက်နေပါတယ်။ သူမက ကြူရှီယာကို အားတင်းကာကြည့်လိုက်ပြီးနောက် သူမလက်နဲ့ သူ့ခြေထောက်အောက်ကို ထိုးပြလိုက်ပါတယ်။
ကြူရှီယာက ခေါင်းကိုငုံ့လိုက်ပြီး ခြေထောက်အောက်က မြေပြင်ကို ဇဝေဇဝါနဲ့ကြည့်လိုက်ပါတယ်။ ထို့နောက် သူတောင့်ကနဲဖြစ်သွားပြီး ရှန်ယန်ရှောင်ဆိုလိုချင်တာကို သဘောပေါက်သွားပါတယ်။ ခေါင်းမော့လိုက်ကာ ရှန်ယန်ရှောင်ခြေထောက်ကို လှမ်းကြည့်လိုက်ပါတယ်။ လက်တစ်ဝါးသာသာပဲရှိတဲ့ ကျောက်တုံးတစ်တုံးက ရှန်ယန်ရှောင်ခြေထောက်အောက်မှာ ရှိနေပါတယ်။
"...."
ကြူရှီယာမျက်နှာက ချက်ခြင်းတောင့်တောင့်ကြီးဖြစ်သွားသည်။
"နင်က....မြေပေါ်မှာနင်းထားလို့ ရှုံးသွားပြီလေ လစ်လိုက်လို့ရပြီ"ဟု ရှန်ယန်ရှောင်က မောကြီးပန်းကြီးပြောလိုက်သည်။
စင်မြင့်တစ်ခုလုံးက အမှုန့်ဖြစ်သွားပြီး ကြူရှီယာက မြေပေါ်မှာနင်းထားတာဖြစ်ကာ ရှန်ယန်ရှောင်ကတော့ စင်မြင့်အကျိုးအပဲ့တစ်ခုအပေါ်မှာ ခိုင်မြဲစွာရပ်နေခဲ့ပါတယ်။
ဒီသဘောက စည်းမျဉ်းတွေအရ ကြူရှီယာဟာ စင်မြင့်ကနေထွက်သွားတာဖြစ်တာကြောင့် ရှုံးသွားပြီပေါ့....
ပြိုင်ကွင်းတစ်ကွင်းလုံး လုံးဝလုံးဝတိတ်ဆိတ်နေတာဖြစ်ပြီး အားလုံးကလည်း ရှန်ယန်ရှောင်နဲ့ကြူရှီယာတို့ခြေထောက်တွေကို ကြည့်နေကြပါတယ်။
အလွန်အမင်းပြင်းထန်တဲ့ တိုက်ပွဲက ကျောက်တုံးပဲ့လေးတစ်ခုကြောင့် အဖြေထွက်သွားတယ်တဲ့လား။ ဒီအဖြစ်ကြောင့် သူတို့တွေဟာ လည်ပင်းမှာအရိုးစူးနေသလို မသက်မသာခံစားနေရပါတယ်။
ကြူရှီယာလည်း သူ့အတွေးထဲနစ်နေရာကနေ သတိပြန်ဝင်လာပြီး သူ့မျက်ဝန်းထဲက ရူးသွပ်တဲ့အငွေ့အသက်တွေ တဖြည်းဖြည်းပျောက်ပျက်သွားပါတယ်။ သူ့မူလပုံအတိုင်း ပျင်းတွဲတွဲပုံဖြစ်သွားပြီး မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်ပါတယ်။ မျက်နှာကိုလက်နှက်ဖက်နဲ့ အုပ်လိုက်ကာ ရယ်သံသဲ့သဲ့ထွက်နေပါတယ်။
"...." ရှန်ယန်ရှောင်က မျက်နှာကိုလက်နဲ့အုပ်ထားတဲ့ ငနာကောင်ကိုကြည့်ကာ ဒီကောင်က ငါကနေပြီးတော့ စုတ်ပြတ်ပြတ်နည်းနဲ့နိုင်သွားလို့ ရူးများသွားတာလားဆိုပြီး တွေးမိသွားရပါတယ်။
ဒိုင်လူကြီးဖြစ်သူကတော့ သူ့ရှေ့မှာဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်ကြောင့် ငေးကြောင်ကြောင်ဖြစ်နေပြီး ပြုံးစစကြူရှီယာနဲ့ တိတ်ဆိတ်နေတဲ့ရှန်ယန်ရှောင်ကို တစ်လှည့်စီကြောင်စီစီနဲ့ကြည့်လိုက်ပါတယ်။
"ဟေး ပွဲအဖြေကို မကြေငြာတော့ဘူးလား"လို့ ရှန်ယန်ရှောင်က ကျောက်တုံးလေးပေါ်မှာ မနည်းရပ်နေလိုက်ပြီး ကျောက်တုံးက ကြာကြာမခံတော့ဘူးဆိုတာကို ရိပ်မိတာကြောင့် လောဆော်လိုက်ပါတယ်။
ရှန်ယန်ရှောင်ပြောသံကြောင့် ဒိုင်လုပ်သူလည်း အတွေးတွေကို ပြန်စီလိုက်ပြီး ကြူရှီယာနဲ့ရှန်ယန်ရှောင်တို့ကို မျက်နှာအပျက်ပျက်နဲ့ ကြည့်လိုက်ကာ တံတွေးကိုမြိုချ၍ ကြေငြာလိုက်ပါတယ်။
"ဒီနှစ်ကျောင်းပေါင်းစုံပြိုင်ပွဲကြီးရဲ့ ချန်ပီယံကတော့ တော်ဝင်ရိုလန်ကျောင်း ဆင့်ခေါ်သူဌာနရဲ့ ရှန်ယန်ရှောင်ပဲဖြစ်ပါတယ်"