အခန်း (၄၈၄-၄၈၆)
Vol. 33 Ch. 484-486
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၈၄)
ပြိုင်ပွဲကြီးရဲ့အဖြေကို အများသိအောင် ကြေငြာလိုက်တော့ ကွင်းတစ်ကွင်းလုံး ထူးခြားစွာငြိမ်ကျသွားပါတယ်။
ဟုတ်ပါတယ် အခုတိုက်ပွဲဟာ အင်မတိအင်မတန်ပြောင်မြောက်လှပေမယ့် ဒီလိုအဖြေကတော့ အားလုံးမျှော်လင့်နေတာနဲ့ တစ်ခြားစီဖြစ်နေပါတယ်။
လင်းလက်တိုက်မှာ ရာစုခန့်တိမ်မြုပ်ပျောက်ကွယ်နေတဲ့ ဆင့်ခေါ်သူဟာ လူတွေရှေ့မှောက်ကို တစ်ဖန်ပြန်လည်ရောက်ရှိလာပါပြီ။
ထို့ပြင်တစ်၀ လောင်းရွှမ်ပြည်ရဲ့ အကြီးကျယ်ဆုံးပြိုင်ပွဲမှာလည်း ချန်ပီယံဖြစ်လာပါသေးတယ်။
လူတွေစိတ်မှာ လွန်ဆွဲနေပေမယ့် ဒီအချက်ကိုလည်း ငြင်းဆန်လို့မရပြန်ပါဘူး။
ရှန်ယန်ရှောင်က ပွဲသုံးပွဲလုံးကို မျက်စိပွင့်နားပွင့်ဖြစ်သွားစေအောင်ထိ တိုက်ခိုက်ပြသွားခဲ့ကာ ကောက်ကျစ်တဲ့လှည့်စားနည်းတွေကိုလည်း တစ်ခုမှအသုံးမပြုခဲ့ပါဘူး။ ပွဲတိုင်းကို ပြိုင်ဖက်နဲ့ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြိုင်ဖက်ကောင်းနဲ့ရင်ဆိုင်ခဲ့တာကို သူမရဲ့ပင်ကိုယ်အစွမ်းနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။
ကြူရှီယာနဲ့ရှန်ယန်ရှောင်တို့ရဲ့ တိုက်ပွဲအား လူတွေအနေဖြင့် အချိန်အကြာကြီးထိ မှတ်မှတ်ရရရှိနေကြမှာပါ။ ခမ်းနားပြောင်မြောက်လှသော မှော်တိုက်ခိုက်မှုတွေနဲ့ အသက်လုတိုက်ပွဲကြီးက သူတို့နှစ်ယောက်လုံးအတွက် လူတွေချွေးပြန်စေတဲ့အထိ ပြင်းထန်လွန်းခဲ့ပါတယ်။
အမှောင်ရိပ်ထဲမှာပဲ အမြဲတစ်စေပုန်းခိုနေကြသော ဆင့်ခေါ်သူတွေမှာလည်း ပြင်းထန်ထက်မြက်သော စွမ်းအားပိုင်ဆိုင်တာကို သူတို့သဘောပေါက်သွားပါသည်။
အမျိုးမျိုးအထွေထွေသော စွမ်းအားမြှင့်တင်ကျိန်စာတွေကို အသုံးချသွားပုံက ပိုင်နိုင်လွန်းကာ အဆိုပါကျိန်စာတွေကို သေသပ်ပြည့်စုံစွာ ပေါင်းစပ်အသုံးပြုပြသွားခဲ့ပြီး အမြင်တင့်လွန်းပါတယ်။
နောက်ဆုံးတိုက်ပွဲရဲ့ ပုံတူကူးကျိန်စာက ပိုလို့တောင် ဆန်းပြားခမ်းနားပါသေးတယ်။
ဆင့်ခေါ်သူက ဒီလောက်တောင် အစွမ်းရှိနိုင်ပြီးတော့ ပွင့်လင်းမျှတစွာတောင် တိုက်ခိုက်နိုင်ကြတယ်ပေါ့...
ပွဲအဖြေကို ကြေငြာလိုက်ချိန်မှာ ယန်းချီတစ်ယောက် မျက်ရည်ပိုးပိုးပေါက်ပေါက်ကျဆင်းသွားပါတယ်။ ဆင့်ခေါ်သူပညာရပ် တိမ်မြုပ်လာတာကို သူကိုယ်တိုင်မြင်တွေ့ ခံစားခဲ့ရတာဖြစ်ပြီး ဆင့်ခေါ်သူတွေရဲ့ သနားစဖွယ်ဘေးဆိုးကြီးကို ခံစားကြုံတွေ့ခဲ့တဲ့ယန်းချီဟာ ဒီနေ့ကိုစောင့်စားနေခဲ့တာဖြစ်သည်။
သူ့တပည့်ဖြစ်သော ရှန်ယန်ရှောင်က ကာလကြာရှည်ပြီဖြစ်သော သူ့ဆန္ဒအား ဖြည့်ဆည်းပေးခဲ့ပါပြီ။ သူ့အနေနဲ့ ဘာမှထပ်တောင်းဆိုစရာ မရှိတော့ပါဘူး။
ရှင်သန်နေဆဲဖြစ်သော ပုန်းအောင်းနေရတဲ့ ဆင့်ခေါ်သူတွေကို ရှန်ယန်ရှောင်က ဦးဆောင်ကာ နေရောင်အောက်သို့ ပြန်လည်ခေါ်ဆောင်ပေးမှာကို သူလုံးဝယုံကြည်ပါတယ်။
တစ်ခြားလူတွေရဲ့ အထင်သေးနှိမ့်ချသောအကြည့်တွေ စက်ဆုပ်ရွံရှာသောမျက်ဝန်းတွေကို ကြောက်လန့်ဖို့မလိုတော့တဲ့ နေ့ရက်တွေရောက်လာမှာဖြစ်ပြီး ဆင့်ခေါ်သူတွေဟာလည်း လွတ်လပ်စွာရှင်သန်နေထိုင်ခွင့် ရရှိလာမှာပါ။
ရှန်ယန်ရှောင်က ခြေထောက်အောက်ကကျောက်တုံးလေးကို ကန်ထုတ်ပစ်လိုက်ပါတယ်။
ကြူရှီယာလည်း မူလအတိုင်း ပြန်လည်တည်ငြိမ်သွားပြီဖြစ်ကာ ရှန်ယန်ရှောင်ကို ပြုံးစစဖြင့်ကြည့်နေပါတယ်။
"မင်းရဲ့ဆန္ဒပြည့်ဝသွားလို့ ဂုဏ်ယူပါတယ်ကွာ"
"နောက်တစ်ခါ အခုလိုလူထူးဆန်းမလုပ်ပါနဲ့လား"ဟု ရှန်ယန်ရှောင်က ကိုယ်လုံးကိုတွန့်ခါရင်းပြောလိုက်သည်။
"..."
ကြူရှီယာပါးစပ် လှုပ်စိလှုပ်စိဖြစ်သွားသည်။
"ဟားဟားဟား ကောင်းတယ်ကောင်းတယ် မင်းတို့နှစ်ယောက် ပြီးသွားကြပြီပဲ။ ငါနဲ့ယုလေးတို့နှစ်ယောက်သား ကြောက်လိုက်ရပုံများကွာ။ ကြူရှီယာ အဲ့လိုမျိုး ကြောင်တောင်တောင်ဖြစ်သွားရင် အရမ်းကြောက်ဖို့ကောင်းတာပဲဟ"
ယန်းရှီက သူတို့နှစ်ယောက်ဆီကို လာနေရင်းနဲ့ပြောလိုက်တာဖြစ်သည်။
ကြူရှီယာက ခပ်ယဲ့ယဲ့ပြုံးလိုက်ကာ ပြောလိုက်တာက "ငါ့ခံစားချက်တွေကို ထိန်းကွပ်မရအောင် ရှောင်လေးကအမြဲလုပ်တာကိုးဟ"
"..."
ရှန်ယန်ရှောင် ဆွံ့အသွားရပါတယ်။ ဒီကောင်ကတော့ကွာ ဒါမျိုးအနှောင့်အသွားမလွတ်တဲ့စကားမျိုး မသုံးလို့မရဘူးလားဟ။
ပြိုင်ပွဲကို စီစဉ်ကြီးကြပ်သူအဖိုးကြီး ရောက်လာပါတယ်။ သူ့အမူအယာကတော့ တစ်မျိုးတစ်ဖုံဖြစ်ကာ ထူးခြားနေပါတယ်။ လက်ထဲမှာ ရွှေတံဆိပ်တစ်ခုကို ကိုင်လာပြီးတော့ ရှန်ယန်ရှောင်ရှေ့မှာ ရုပ်တည်ကြီးနဲ့ရပ်လိုက်ပါတယ်။
"ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ဒါက ဧကရာဇ်ကနေပြီး ကျောင်းပေါင်းစုံပြိုင်ပွဲရဲ့ ချန်ပီယံကို ချီးမြှောက်လိုက်တဲ့ ရွှေတံဆိပ်ပါပသဲ။ နေပြည်တော်ကို တစ်လအတွင်းရောက်အောင် မင်းသွားရမယ်။ ဧကရာဇ်ကိုယ်တော်တိုင် စွန့်ပစ်မြေက နယ်မြေဒေသရဲ့ ပိုင်ဆိုင်မှုအထောက်အထားတွေကို မင်းကိုချီးမြှင့်မှာဖြစ်တယ်။ နောက်ထပ်နှစ်လနေရင် စွန့်ပစ်နယ်မြေကို မင်းသွားမှာဖြစ်လိမ့်မယ် အဲ့လိုမဟုတ်ဘဲ သတ်မှတ်ရက်ကျော်လွန်သွားတဲ့အထိ မင်းဘာမှမလုပ်ရသေးရင်တော့ အထောက်အထားတွေက အသက်ဝင်မှာမဟုတ်တော့ဘဲ ဖြစ်သွားမှာ"
အဖိုးကြီးလေသံက သိပ်မကောင်းလှပါဘူး။ သူဟာ ဆင့်ခေါ်သူတစ်ယောက် အနိုင်ရသွားမှာကို မလိုလားသူဖြစ်ပေမယ့် စည်းကမ်းကစည်းကမ်းဖြစ်တာကြောင့် သူမလုပ်ချင်ရင်တောင် ရှန်ယန်ရှောင်ကို ပေးရမှာပါပဲ။
တံဆိပ်ပေးပြီးတာနဲ့ အဖိုးကြီးလည်း ပြန်လှည့်ထွက်သွားပြီး ရှန်ယန်ရှောင်ကို ပြန်လည်မေးခွင့်တောင် မပြုခဲ့ပါဘူး။ ရှန်ယန်ရှောင်လည်း မျက်ခုံးပင့်လိုက်ပေမယ့် ဘာမှတော့ အရေးစိုက်မနေတော့ပါ။
သူမလုပ်ရမယ့်ကိစ္စကို လုပ်ကိုလုပ်ရမှာဖြစ်ပြီး သူများတွေ ဘာထင်ထင် သူမဂရုစိုက်နေစရာမလိုပါဘူး။
တံဆိပ်ကိုကိုင်ထားတဲ့ ရှန်ယန်ရှောင်မျက်ဝန်းထဲမှာ အပြုံးရိပ်ထင်ဟပ်နေပါတယ်။ မီးတောက်မြက်၊ နတ်ဆိုးဝိဉာည်ပင်၊ အရိုးပန်းတို့အပြင် စွန့်ပစ်နယ်မြေက နယ်မြေတစ်ဒေသတို့ပေါင်းလိုက်ရင် နတ်ဆိုးတွေကို ဖမ်းဆီးမယ့် ရှူရဲ့စီမံကိန်းအတွက် ဘာမှကြောင့်ကြနေဖို့ မလိုတော့ဘူးလေ။
"နေပြည်တော်တဲ့လား အင်း ဒီအခွင့်အရေးကိုအသုံးချပြီးတော့ အိမ်ကိုတော့ တစ်ခေါက်လောက်သွားဦးမှပဲ"လို့ မေးသပ်လိုက်ရင်းနဲ့ ရှန်ယန်ရှောင်ပြောလိုက်ပါတယ်။
နဂိုကလည်း ပြိုင်ပွဲပြီးရင် တော်ဝင်ရိုလန်ကျောင်းကိုပြန်ဖို့စိတ်ကူး သူမမှာမရှိပါဘူး။ ကျောင်းမှာ သူမသင်ယူစရာလည်း ထူးထူးထွေထွေမရှိတော့ဘူးလေ။ နောက်ပြီးတော့လည်း အိုးယန်ဟွမ်းယူနဲ့အနက်ဝတ်စုံဝတ်လူရဲ့ စကားဝိုင်းကို သူမ ကြားသိခဲ့တော့ အခုအချိန်မှာ သူမရဲ့ ဇစ်မြစ်က ပေါ်သွားပြီဖြစ်တာကြောင့် အိုးယန်ဟွမ်းယူက သေချာပေါက် လှုပ်ရှားတော့မှာလေ။
"ငါတို့လည်း မင်းနဲ့အတူပြန်ရင် ကောင်းမလားပဲ။ ကျောင်းမှာလည်း ငါတို့လုပ်စရာဘာမှမှမရှိတာဆိုတော့လေ"လို့ ကြူရှီယာက အကြံပြုလိုက်သည်။
"မင်းတို့ကြိုက်သလိုသာလုပ်ကြ"ဟု တံဆိပ်ကို လက်စွပ်ထဲထည့်လိုက်ပြီးနောက် ရှန်ယန်ရှောင်ဟာ စီမံကိန်းတစ်ခုကို ချမှတ်တွေးတောနေရင်း ပြောလိုက်ပါတယ်။
သူမက တော်ဝင်ရိုလန်ကျောင်းကနေ ထွက်သွားချင်ပေမယ့်လည်း ယန်းချီအပေါ်ထားတဲ့ အိုးယန်ဟွမ်းယူရဲ့အကြံကြောင့် သူမ စိတ်ပူနေပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၈၅)
ဆုယူပြီးတာနဲ့ ရှန်ယန်ရှောင်နဲ့ငနာသုံးကောင်တို့ဟာ ယန်းချီ၊ ဇာမဏီနဲ့လန်ဖန်းလီတို့ကို ခေါ်လိုက်ပြီးတော့ ကွင်းထဲကနေထွက်သွားကြပါတယ်။ သူတို့က စပ်စုချင်နေကြတဲ့ လူတွေကို အနားအကပ်မခံတော့ဘဲ ဟိုတယ်ကိုတန်းပြန်လိုက်ကြတာပါ။
"ဆရာမျှော်လင့်ထားသလို ကျနော်အနိုင်ရခဲ့ပါပြီ"လို့ ယန်းချီအား ဦးညွှတ်အရိုအသေပေးရင်း ပြောလိုက်ပါတယ်။
ဆင့်ခေါ်သူပညာရပ်မှာ သူမ တိုးတက်လာခဲ့ခြင်းက ယန်းချီရဲ့သင်ကြားပို့ချမှုကြောင့်ဖြစ်သလို ပေါင်းစပ်ကျိန်စာတွေအားလုံးကလည်း ယန်းချီသင်ကျေးဇူးကြောင့်သာ သူမ တတ်မြောက်ခဲ့တာဖြစ်ပါတယ်။ တစ်ရက်တာဆရာဖြစ်ဖူးရင် တစ်သက်တာဖခင်ဖြစ်ပါတယ်။ ရှန်ယန်ရှောင်အနေနဲ့ လူကောင်းတစ်ယောက်မဟုတ်ပေမယ့် ဆရာဖြစ်သူအပေါ်မှာတော့ အလွန်လေးစားရိုသေပါတယ်။
ယန်းချီက တပည့်ဖြစ်သူကို ပျော်ရွှင်ကျေနပ်စွာကြည့်လိုက်ပြီး ပြန်လည်ဖေးမတွဲထူပေးလိုက်ပါတယ်။
"မင်းကောင်းကောင်းလုပ်ပြခဲ့တာပဲဟေ့ ငါထင်ထားတာထက်တောင် ပိုကောင်းပါသေးတယ်။ မင်းလိုတပည့်မျိုး ပိုင်ဆိုင်ခွင့်ရတာက ငါ့အတွက် တစ်ကယ့်ကို သိကြားမကိန်းပါပဲ"
"နောက်သုံးရက်နေရင် နေပြည်တော်ကို ကျနော်ပြန်တော့မှာ နောက်ပြီးတာနဲ့ စွန့်ပစ်နယ်မြေကို တန်းသွားမှာဆရာ။ တော်ဝင်ရိုလန်ကျောင်းကို ပြန်သွားဖို့စိတ်ကူးမရှိဘူးဆရာ"လို့ ရှန်ယန်ရှောင်က ပြောလိုက်သည်။
"ကျောင်းမှာ မင်းဆက်လေ့လာစရာလည်း မရှိတော့ပါဘူး။ အပြင်လောကမှာ လျှောက်လှမ်းချင်ရင် ဆရာက မင်းကိုတားစရာအကြောင်းမရှိပါဘူး။ ဒါပေမယ့် စွန့်ပစ်နယ်မြေက အရမ်းအန္တရာယ်များတဲ့နေရာဖြစ်လို့ ပိုသတိထားဖို့တော့လိုမယ်နော်"
"ကျနော်နဲ့ စွန့်ပစ်နယ်မြေကို ဆရာမလိုက်ချင်ဘူးလား"
"ငါ့အရိုးအဆစ်တွေက အိုလွန်းနေပါပြီကွယ် ငါ့တပည့်နဲ့လိုက်လာခဲ့ရင် မင်းအတွက်ဝန်ပိုးတစ်ခုပဲ ဖြစ်သွားမှာပေါ့။ နောက်ပြီးတော့လည်း အိုးယန်ဟွမ်းယူနဲ့ဆရာတို့က သဘောတူညီမှုတစ်ခုရှိထားတော့ သွေးစားပွဲတော်ဆေးရည်မပြီးခင်တော့ ဆရာလိုက်လို့မဖြစ်ဘူး"
ရှန်ယန်ရှောင် မျက်မှောင်ကြုတ်လိုက်သည်။ သူမရင်ထဲမှာတော့ အိုးယန်ဟွမ်းယူဆိုတာ သူတော်ကောင်းဟန်ဆောင်ထားသူဖြစ်ပါတယ်။ ယန်းချီကိုလိမ်ညာထားပြီး ရဲချင်ကိုလှည့်စားထားသူဖြစ်ပါတယ်။ နောက်ပြီးတော့လည်း ဘယ်လိုယုတ်မာကောက်ကျစ်တဲ့ အလုပ်တွေကို တိတ်တဆိတ်လုပ်ဆောင်နေမှန်းလည်း သူမ မသိသေးပါဘူး။ ပြောရကောင်းနိုး မပြောရကောင်းနိုးနဲ့ အကြာကြီးတွေဝေနေပြီး နောက်ဆုံးမှာတော့ ပြောပြလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
"ဒါပေမယ့် အိုးယန်ဟွမ်းယူက ဆရာ့ကို သွေးစားပွဲတော်ဆေးရည်ကို လုပ်ပေးဖို့စိတ်ကူးမရှိဘူးလေ။ ကျနော်က ကံကောင်းစွာနဲ့ ဆရာရဲချင်ဘေးမှာ ပညာဆည်းပူးခွင့်ရခဲ့တယ်လေ။ ဆရာရဲချင်လက်မှာရှိတဲ့ သွေးစားပွဲတော်ဆေးရည်ဖော်စပ်နည်းကို ကျနော်ကြည့်ခဲ့ရတော့ ဆေးနည်းက မပြည့်စုံဘူး။ အိုးယန်ဟွမ်းယူက ဆေးနည်းအမှန်ကို သေချာမပေးဘဲနဲ့ ကြန့်ကြာအောင်လုပ်နေခဲ့တာပဲ။ အဲ့ဆေးနည်းနဲ့သာပြုလုပ်နေရင် နောက်ထပ်နှစ်တစ်ရာကြာရင်တောင် ဘာသွေးစားပွဲတော်ဆေးရည်ကိုမှ ဖော်စပ်နိုင်မှာမဟုတ်ဘူး"
ယန်းချီအမူအယာက ချက်ခြင်းအေးခဲသွားပါတယ်။
ကြူရှီယာတို့တစ်တွေက တစ်ဖက်မှာထိုင်နေကြတာဖြစ်ပြီး အကြောင်းခြင်းရာကို တိတိကျကျမသိပေမယ့် အိုးယန်ဟွမ်းယူက ယန်းချီအပေါ်မှာ မကောင်းတဲ့စိတ်ထားရှိနေတယ်ဆိုတာကိုတော့ ရိပ်ဖမ်းသံဖမ်းသိကြပါတယ်။
"ဒါ ဘယ်လိုလုပ်ဖြစ်ရတာလဲ"လို့ ယန်းချီက မယုံနိုင်သောမျက်ဝန်းတွေဖြင့် ပြောလိုက်ပါတယ်။
အိုးယန်ဟွမ်းယူက သူ့ကိုလှည့်စားမယ်လို့ မယုံနိုင်ဘူးဖြစ်နေရပါတယ်။ သူထင်ထားတာက သွေးစားပွဲတော်ဆေးရည်က အလွန်ဖော်စပ်ရခက်တယ်ပေါ့။ ဒါကြောင့် စိတ်ရှည်ရှည်နဲ့စောင့်နေခဲ့တာဖြစ်ပြီး သူနဲ့အစကတည်းက ပြုလုပ်ထားခဲ့သော သဘောတူညီချက်ကို ဖော်ဆောင်ဖို့စိတ်ကူးမရှိတာကို သူထင်မထားခဲ့မိဘူးလေ။
"ဆရာ အိုးယန်ဟွမ်းယူက လူကောင်းမဟုတ်ဘူးနော်။ ဆရာ့ကို ကျောင်းထဲမှာ ပိတ်လှောင်ထားတဲ့သူ့ရည်ရွယ်ချက်က ဘယ်လိုမှကောင်းတဲ့စိတ်ကူးမဖြစ်နိုင်ဘူး။ ဆရာကျနော်နဲ့သာလိုက်ခဲ့ပါလား။ အခုလောလောဆယ်တော့ သွေးစားပွဲတော်ဆေးရည်ကို ကျနော်မလုပ်နိုင်သေးပေမယ့် ဆရာ့ဒဏ်ရာကိုပျောက်အောင်တော့ ကျနော်နည်းလမ်းရှာကြံပါ့မယ်။ ဆရာပြန်သွားစရာမလိုပါဘူး"
သူမ မသိထားရင်တော့ ကိစ္စမရှိပေမယ့် အိုးယန်ဟွမ်းယူဟာ မကောင်းကြံနေတာကို သိထားခဲ့လို့ ယန်းချီက ကျားသိုက်ထဲကိုပြန်သွားမှာကို သူမ ထိုင်ကြည့်မနေနိုင်ပါဘူး။
ယန်းချီက ဝေခွဲရခက်နေတာကြောင့် အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေလိုက်ပါတယ်။ စိတ်ကူးလွန်ဆွဲနေတာကို သူ့မျက်နှာအရသိနိုင်ပါတယ်။
"ငါမလုပ်နိုင်ဘူး"
ရှန်ယန်ရှောင် ငေးကြောင်စွာကြည့်လိုက်မိသည်။ အိုးယန်ဟွမ်းယူရဲ့ မကောင်းတဲ့အကြံတစ်စိတ်တစ်ပိုင်းကို သူမ ဖွင့်ဟပြီးပြီလေ ယန်းချီက သူမနဲ့လိုက်ဖို့ ဘာလို့သဘောမတူရတာလဲ။
ယန်းချီက သူမကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။
"တစ်ကယ်က ငါကိုယ်တိုင်လည်း အိုးယန်ဟွမ်းယူက ငါ့ကိစ္စအပေါ်မှာ သိပ်နှစ်နှစ်ကာကာမရှိမှန်း ရိပ်မိထားပါတယ်။ မူလသဘောတူညီချက်ဆိုတာကလည်း ငါ့စိတ်ကူးထဲမှာပဲ ယုံကြည်နေခဲ့တဲ့ကိစ္စပါ။ ဒါပေမယ့် တော်ဝင်ရိုလန်ကျောင်းကနေထွက်ပြီးတော့ မင်းနဲ့လိုက်ခဲ့မယ်ဆိုရင် ဒါကိုအကြောင်းပြပြီးတော့ ငါတို့ဆရာတပည့်နှစ်ယောက်အပေါ်မှာ အခက်တွေ့အောင် အိုးယန်ဟွမ်းယူလုပ်လိမ့်မယ်။ ဆရာက အိုမင်းရင့်ရော်နေပြီဆိုတော့ သူ့ကိုကြောက်စရာမရှိပါဘူး ဒါပေမယ့် ငါ့တပည့်ကတော့ မတူဘူးလေကွယ်။ မင်းကအခုမှ ကျောင်းပေါင်းစုံပြိုင်ပွဲကြီးကို နိုင်ထားကာစ နောက်ပြီးတော့လည်း စွန့်ပစ်နယ်မြေမှာ မြို့တစ်ခုတည်ထောင်ရဦးမှာ အိုးယန်ဟွမ်းယူကသာ မင်းကိုဒုက္ခရောက်အောင်လုပ်မယ်ဆိုရင် ကြုံတွေ့ရင်ဆိုင်ရမယ့် ပြဿနာတွေက လွယ်ကူမှာမဟုတ်ဘူး"
"ကျနော် သူ့ကိုမကြောက်ပါဘူး"
ယန်းချီက သူမအတွက် တွေးပူပေးနေတာကို သိလိုက်ရလို့ ရင်ထဲနွေးထွေးမှုကို ခံစားမိသွားကာ ယန်းချီကို ဝံပုလွေသိုက်ထဲ ပစ်မထားခဲ့ဖို့ သန္နိဌာန်ချလိုက်ပါတယ်။
"ငါ့တပည့်က သူ့ကိုမကြောက်ဖူးပေါ့ ဒါပေမယ့် ဆရာကတော့ မင်းအတွက်စိုးရိမ်တယ်ကွယ်။ ငါ့တပည့်က ဆင့်ခေါ်သူကိုကိုယ်စားပြုပြီး လူရှေ့သူရှေ့ကိုအခုမှ လူလုံးထွက်ပြကာစပဲရှိသေးတာ။ မင်းရဲ့အနာဂတ်တိုးတက်မှု ခြေလှမ်းတိုင်းက ဆင့်ခေါ်သူပညာရပ် မြင့်တက်နိုင်မှုနဲ့သက်ဆိုင်နေတယ်။ ဒါကြောင့်မို့ စွန့်ပစ်နယ်မြေထဲမှာ မြို့တစ်မြို့ကို အောင်မြင်အောင်တည်ထောင်နိုင်ဖို့ လုပ်ရမှာ ဒီအချိန်မှာ တပည့်အနေနဲ့ ဘာအမှားမှလုပ်မိလို့မဖြစ်ဘူး"ဟု ယန်းချီက ရှန်ယန်ရှောင်ကို တိုက်တွန်းပြောဆိုကာ အကြံပေးလိုက်ပါတယ်။ ရှန်ယန်ရှောင်က စကားထပ်ပြောချင်သေးတာကို မြင်ရတော့ ယန်းချီထပ်လောင်းပြောလိုက်ပြန်ပါတယ်။
"ဆရာ့အတွက် စိတ်ပူနေတာကို နားလည်ပါတယ် ဒါပေမယ့် ဆရာ့ကို လွယ်လွယ်နဲ့တော့ ကိုင်လို့မရပါဘူးကွာ။ အိုးယန်ဟွမ်းယူက လူထုကို ဟန်ဆောင်ဖုံးကွယ်ထားတာ ကြာလှပြီဆိုတော့ ဆရာကသာ မသိချင်ယောင်ဆောင်နေသရွေ့ ဆရာဘာမှဖြစ်စရာမရှိပါဘူးကွယ်။ မဟုတ်ရင် သူက အစထဲက လုပ်ပြီးရောပေါ့ မဟုတ်ဘူးလား"
ယန်းချီပြောတာကလည်း မှန်နေသလို မလိုက်ဘူးပဲပြောနေတာကြောင့် ရှန်ယန်ရှောင် ထပ်မပြောတော့ပါဘူး။ ဒါပေမယ့် ယန်းချီဒဏ်ရာက မကောင်းသေးတာကြောင့် အိုးယန်ဟွမ်းယူကသာ ရက်စက်မယ်ဆိုရင် ယန်းချီလုံခြုံမှာမဟုတ်ပါလေ။
"ဆရာ ကျနော်တစ်နှစ်အတွင်းမှာ ကမ္ဘာသစ်တစ်ခုကို စွန့်ပစ်နယ်မြေထဲမှာ ဖန်တီးပြီး သွေးစားပွဲတော်ဆေးရည်ကိုလည်း ဆရာ့အတွက်ဖော်စပ်ပေးပါ့မယ်။ ဒါဆိုရင် ဆရာ့ကို အိုးယန်ဟွမ်းယူ ဘာမှလုပ်လို့ရမှာ မဟုတ်တော့ပါဘူး"
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၈၆)
ယန်းချီ ရယ်လိုက်ပါတယ်။
"ဟုတ်ပါပြီကွယ် ဆရာ ငါ့တပည့်ကို စောင့်နေပါ့မယ်"
ယန်းချီ ကျောင်းမှာနေရစ်မယ့်ကိစ္စကို သူမ သဘောတူလိုက်ပေမယ့် စိတ်ထဲမှာတော့ သိပ်စိတ်မချသေးတာကြောင့် ရဲချင်ကို စာတစ်စောင်ပေးလိုက်ပြီး ယန်းချီကို စောင့်ရှောက်ပေးပါလို့ တောင်းဆိုမှုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီတောင်းဆိုချက်ကို ရဲချင်ငြင်းပယ်မှာမဟုတ်တာကို သူမသိပါတယ်။
နောက်ပြီးတော့လည်း တစ်နှစ်ကြာပြီးတဲ့နောက်မှာ ကျောင်းကနေ ရဲချင်ကိုခေါ်သွားဖို့လည်း သူမ စိတ်ကူးရှိပါတယ်။ ဘာလို့လဲဆိုတော့ အိုးယန်ဟွမ်းယူဆီမှာ ဆက်နေနေရင် ရဲချင်အနေနဲ့ ဆေးဝိဇ္ဇာဖြစ်မယ့် အခွင့်အရေးကို ဆုံးရှုံးနေမှာဖြစ်လို့ပါ။
"ကဲ နာဇီကိစ္စကို ဘယ်လိုလုပ်ကြမလဲ"ဟု ရှန်ယန်ရှောင်က ပြောလိုက်သည်။
"သူ့အစ်ကိုဆီသွားတာပဲနေမှာပေါ့"လို့ ကြူရှီယာက ပြုံးတုံ့တုံ့ဖြင့်ပြောလိုက်ပါတယ်။
ရှန်ယန်ရှောင် မျက်ခုံးပင့်လိုက်သည်။
"ဒါပေမယ့် မင်းနိုင်သွားတာကို သိတာနဲ့ သူဒီကို ပြေးလာမှာပါ ပူမနေနဲ့"ဟု ယန်းရှီကပြောလိုက်သည်။
ပြောပြီးကာစပဲရှိသေးတယ် တံခါးခေါက်သံကိုကြားလိုက်ရပါတယ်။
ယန်ယုက တံခါးသွားဖွင့်ပေးလိုက်ပါတယ်။ အပြင်မှာရပ်နေသူက တန်နာဇီနဲ့ ရုပ်ဆင်တဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး တန်နာဇီလို စိတ်ရူးပေါက်ရာလုပ်တတ်သော ထိန်းမနိုင်သိမ်းမရပုံတော့မရှိဘဲ လူအေးတစ်ယောက်ဖြစ်ပုံရပါတယ်။
"ရှောင်လေးရေ အနိုင်ရသွားလို့ ဂုဏ်ယူပါတယ်ကွာ"လို့ တန်နာဇီကပြောလိုက်ပြီး အထဲလိုက်ဝင်ရမလားလို့ တွေးနေတဲ့ လူငယ်ကိုဆွဲခေါ်လာပါတယ်။
"သူက"ဆိုပြီးတော့ ယန်ယုက ဝေခွဲမရစွာဖြင့်မေးလိုက်ပါတယ်။
တန်နာဇီက လီရှောင်ဝေနောက်ကို လိုက်သွားတာမဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီးတော့ သူစိမ်းလူချောတစ်ယောက်နဲ့ ပြန်လာရတာတုန်း။
တန်နာဇီက ပြုံးကာဖြေလိုက်ပါတယ်။
"ဒါက ငါ့အစ်ကို လီရှောင်ဝေပဲ"
"ဘယ်သူက မင်းအစ်ကိုလဲ။ ငါ့ကို မင်းဆွေမျိုးလို့ ထင်မနေစမ်းနဲ့"လို့ ပြောလိုက်ပေမယ့် တန်နာဇီဆွဲခေါ်တာကိုတော့ လီရှောင်ဝေမရုန်းဖယ်ခဲ့ပါဘူး။
"ဟေး မင်းက ငါနဲ့တောင် အတူလိုက်လာပြီးမှ အခုထိ လက်မခံနိုင်သေးဘူးလားဟ"လို့ တန်နာဇီက လက်မခံတဲ့သဘောပြောလိုက်ပါတယ်။
"သူက ရုပ်ဖျက်ထားခဲ့တာလား"လို့ ရှန်ယန်ရှောင်က ပြောလိုက်သည်။
"အင်း"လို့ တန်နာဇီက ခေါင်းညိတ်ပြပြီးနောက် လီရှောင်ဝေနဲ့အတူ ထိုင်ချလိုက်ပါတယ်။
"သူတို့က ကြူရှီယာ၊ရှန်ယန်ရှောင်၊ ယန်းရှီနဲ့ယန်ယုတို့လေ။ လေးကောင်လုံး ငါ့ဘော်ဒါတွေပဲ။ လူကြီးကတော့ ရှောင်လေးရဲ့ဆရာ။ ကလေးကတော့ ဇာမဏီငှက်ပေါ့ အဲ့ဒီ..."ဆိုပြီး လန်ဖန်းလီကိုကြည့်ပြီး ဘယ်လိုမိတ်ဆက်ပေးရမလဲ မသိတာကြောင့် တန်နာဇီ စကားစရပ်လိုက်ပါတယ်။
"ငါက မမရဲ့ မောင်လေးပဲ"လို့ လန်ဖန်းလီအော်လိုက်သည်။
"ရှန်မျိုးနွယ်ရဲ့ မောင်ငယ်လေးက မျိုးနွယ်လန်တဲ့လား"
တန်နာဇီ အတန်ကြာအောင် ဘာပြောရမှန်းမသိဖြစ်နေပါတယ်။ လန်ဖန်းလီရဲ့ဖြစ်အင် လီရှောင်ဝေလိုပဲနေမှာပါလို့ တွေးမိသွားပါတယ်။
ဆွေမျိုးတွေအကြောင်းတွေးမိလိုက်တော့ စိတ်ပျက်ဖွယ်ကောင်တွေအကြောင်းကိုလည်း တန်နာဇီတွေးမိလိုက်ပါတယ်။
လန်ဖန်းလီမျက်နှာလေးကိုကြည့်လိုက်တော့ ရှောင်လေးနဲ့ အရွယ်အစားတူလောက်ရှိမှန်း သိလိုက်ရပြီး အရမ်းမကွာခြားပါဘူး။
သူက ခေါင်းကိုကုတ်လိုက်ပြီး ပြောလိုက်ပါတယ်။
"ငါပြောမယ် ရှောင်လေးရာ မင်းမောင်နှမတွေက အစ်ကိုကြီးစီယူလောက် ခင်စရာမကောင်းဘူးနော်။ ရှန်ကျိယီနဲ့ရှန်ကျိဝေတို့မောင်နှမနှစ်ယောက်က အရမ်းစိတ်ပျက်ဖို့ကောင်းတယ်။ မင်းမျက်နှာသာထောက်မနေရင် သူတို့ကို စကားတောင်ပြောချင်စရာမရှိဘူး"
ရှန်ယန်ရှောင် ကြောင်သွားပါတယ်။ ဘာကိုငါ့မျက်နှာထောက်ရတာလဲ။
"နေပါဦး ငါ့မျက်နှာထောက်နေလို့ဆိုတာ ဘာကိုပြောချင်တာလဲ"
"အဲ့နှစ်ကောင်က ငါတို့နားမှာပဲ တစ်နေကုန်ကပ်နေကြတာလေ။ ဒါပေမယ့် သူတို့က ဇာမဏီမျိုးနွယ်ကဖြစ်သလို မင်းအမျိုးဖြစ်နေတော့ ဘာမှမတတ်နိုင်ဘဲ လက်ခံပြောဆိုနေရတာဟ"လို့ တန်နာဇီပြန်ဖြေလိုက်သည်။
ရှန်ယန်ရှောင် ပါးစပ်တွန့်သွားရပါသည်။ သူထင်နေတာက ရှန်ကျိယီတစ်ယောက် တန်နာဇီနဲ့အဆင်ပြေနေတာပေါ့ လက်စသတ်တော့ ဒီလိုဖြစ်နေတာကိုး။
ငနာလေးကောင်ကနေ သူမနဲ့ရှန်ကျိယီတို့ရဲ့ ဆက်ဆံရေးကို ဒီလိုတွေးမိရခြင်းက ရှန်စီယူနဲ့သူမတို့ကြားက ချစ်ခင်ရင်းနှီးမှုကြောင့်ဖြစ်ရတာပါ။ ဒါကြောင့် သူတို့လေးကောင်က သူမကို အားနာနေတာဖြစ်ပြီး တစ်ကယ်တန်းမှာ ရှန်ကျိယီနဲ့သူမတို့ဆက်ဆံရေးက မကောင်းလှကြောင်း မသိကြလို့ဖြစ်ပါတယ်။
"မင်းတို့ကို ငါတစ်ကယ်ကျေးဇူးတင်ပါတယ်ကွာ အင်း ငါ့ကိုသူတို့စိတ်တိုင်းကျ အနိုင်ကျင့်ခဲ့ကြတဲ့ သူတို့နှစ်ယောက်ကို ကောင်းကောင်းမွန်မွန်စောင့်ရှောက်ပေးခဲ့တဲ့အတွက်ပေါ့"လို့ ငနာလေးကောင်ကို မဲ့ပြုံးပြုံးပြလိုက်ပြီးတော့ ပြောလိုက်ပါတယ်။
ငနာလေးကောင်မျက်နှာမှာ အံ့အားသင့်ဟန်တွေဖြစ်ပေါ်လာပါတယ်။
"သူတို့က မင်းကိုအနိုင်ကျင့်တာလို့ မင်းပြောလိုက်တာလား သူတို့အစွမ်းလောက်နဲ့လေ"
တန်နာဇီကတော့ အဲ့ဒီ ရှန်ကျိယီဆိုသော အဆင့်ခြောက်ကိုရောက်ကာစသူနဲ့ အဆင့်ခြောက်ကိုတောင် မရောက်ကြသေးတဲ့ ရှန်ကျိဝေတို့က ပညာရပ်သုံးမျိုးကို တတ်ကျွမ်းသောပညာရှင် ရှန်ယန်ရှောင်ကို အနိုင်ကျင့်နိုင်တယ်ဆိုတာကို ဘယ်လိုမှမယုံနိုင်ပါဘူး။
ဒါက ဟာသမဆန်လွန်ဘူးလားကွာ...
အိမ်မွေးကြောင်နှစ်ကောင်က ကိုးတောင်ကျားကြီးကို အနိုင်ကျင့်တာကို မင်းတို့ရော မြင်ဖူးကြားဖူးလို့လားကဲ...
"အဲ့ဒါ အရင်တုန်းကဖြစ်ခဲ့တာ"
ပြီးခဲ့တဲ့ကိစ္စတွေကို ပြန်ပြောရတာ ရှန်ယန်ရှောင် သိပ်သဘောမတွေ့သော်လည်း အဲ့မောင်နှမနှစ်ယောက်ကိုတော့ သူမ တော်တော်စိတ်ပျက်မိပါတယ်။
ငနာလေးကောင်လုံး ရှန်ယန်ရှောင်ရဲ့ မျက်နှာအမူအယာကိုကြည့်ကာ သူတို့တွေ အမှားလုပ်ခဲ့ပြီမှန်း သဘောပေါက်သွားကြပါပြီ။
သူတို့ရဲ့ ပလီပလာစကားက အလဟသဖြစ်သွားပြီး ဘေးကြပ်နံကြပ်အခြေအနေရောက်သွားရပါတယ်။
"အဟမ်း ဒီလိုဖြစ်ခဲ့တာကိုးကွနော်...ဟားဟား..ငါသိသားပဲ အဲ့နှစ်ကောင်က စရိုက်လက္ခဏကာမှ မကောင်းကြတာကွာ။ သူတို့က ဘယ်လိုလုပ်ပြီး မင်းနဲ့ရင်းနှီးစရာရှိမှာလဲကွာနော"
တန်နာဇီက သူ့ကိုယ်သူ အခြေအနေဆိုးကနေ ကယ်ထုတ်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ရှန်ယန်ရှောင်က ရှန်ကျိယီကို ပြောဆိုခဲ့စဉ်က တန်နာဇီဟာ ရှန်ကျိယီအတွက် ရပ်တည်ပေးခဲ့လို့ဖြစ်ပြီး အဲ့အချိန်တုန်းက ရှန်ယန်ရှောင်ဟာ ရုပ်ဖျက်ထားတာဆိုပေမယ့်လည်း အခြေအနေကောင်းတစ်ရပ်တော့ မဟုတ်နေပါဘူး။
ရှန်ယန်ရှောင်က တန်နာဇီကို မျက်စောင်းတစ်ချက်ထိုးပြီး ဟင့်ကနဲလုပ်လိုက်ပါတယ်။
ငနာလေးကောင် တွန့်သွားကြပြီး ဘေးကြပ်နံကြပ်အမူအယာဖြစ်သွားကြပါတယ်။ သူတို့လည်း ခံခဲ့ရသူတွေပါပဲနော်။ ရှန်ယန်ရှောင်မျက်နှာကြောင့် ထိုမောင်နှမနှစ်ယောက်ကို ဒီရက်တွေထဲမှယ အဖော်ပြုပေးနေခဲ့ရပါတယ်။ ဒီအတွက်ကြောင့် ရှန်ကျိယီကို သူတို့တွေ ကြိတ်မှိတ်သည်းခံခဲ့ရတာဖြစ်ပြီး ရှန်ယန်ရှောင်ကြောင့်သာမဟုတ်ရင် အဆိုပါ ဘဲကြည်ဆော်လို့ ထင်တစ်လုံးဖြစ်နေသူကို သူတို့အနေနဲ့ စောင်းတောင်ကြည့်မိမှာမဟုတ်ဘူးလေ။