အခန်း (၄၉၀-၄၉၂)
Vol. 33 Ch. 490-492
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၉၀)
"ဘဘရေ ဖီးနစ်နှစ်ကောင်က သူတို့ရဲ့အိမ်အသစ်မှာ နေသားကျပြီလားဟင်"
"ကောင်းကောင်းအထိုင်ကျပါပြီလေ။ သူတို့စားဖို့သောက်ဖို့အတွက်ကိုလည်း ဘဘယုံကြည်ရတဲ့လူတွေကို ပုံမှန်ပို့ပို့ပေးဖို့ ခိုင်းထားပါတယ်။ သူတို့တွေပြန်လာတော့ပြောတာက ဖီးနစ်နှစ်ကောင်လုံး ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ရှိကြပါတယ်တဲ့"လို့ ရှန်ဖန်က အပြုံးတစ်ပိုင်းနဲ့ပြန်ပြောလိုက်သည်။
"အဲ့ဒါဆို တော်သေးတာပေါ့"
အဲ့လိုပြောပြီးတာနဲ့ ဇာမဏီငှက်ခေါင်းပေါ်က ဖီးနစ်ပေါက်လေးကိုယူကာ ရှန်ဖန်ကိုပြလိုက်ပါတယ်။
အိပ်ငိုက်နေတဲ့ ဖီးနစ်ပေါက်လေးက ရုတ်တရက်မချီခံလိုက်ရပါတယ်။ ရိုးသားလှတဲ့မျက်ဝန်းတစ်စုံက ရှေ့မှာရှိတဲ့ အဖိုးကြီးအားကြည့်နေပြီး ဇဝေဇဝါသံနဲ့ ကျီကျီကျာကျာပြုနေပါတယ်။
"ဒါက"
ရှန်ဖန်တောင့်ကနဲဖြစ်သွားရင်း မေးလိုက်ပါတယ်။
"ဒါက ဖီးနစ်နှစ်ကောင်ရဲ့ ရင်သွေးလေ။ အကြောင်းရင်းတစ်ချို့ကြောင့် ဖီးနစ်ပေါက်လေးက ဇာမဏီငှက်ဆီကနေ ဘယ်ကိုမှမသွားချင်ဘူးဖြစ်နေတာနဲ့ လောလောဆယ်အတွင်း သူ့ကိုစောင့်ရှောက်ပေးဖို့ ဇာမဏီငှက်ကို ပေးထားတာလေ"
"...."
ရှန်ဖန်ရင်ထဲအသည်းထဲထိ တုန်လှုပ်ခြောက်ခြားအံ့အားသင့်သွားသည်။ သူခံစားမိနေတာကတော့ ရှန်ယန်ရှောင်ဟာ ဒဏ္ဍာရီသတ္တဝါနှစ်ကောင်ကို လှည့်ဖျားသွေးဆောင်ပြီးတော့ သူတို့အိမ်ထဲကို ခေါ်လာရုံသာမကဘဲ ရင်သွေးလေးကိုပါ ဓားစာခံအဖြစ်ခေါ်ထားတာပဲလို့ပါ။
"ဒီတစ်ခေါက် နေပြည်တော်ကို ကျနော်ပြန်လာတဲ့အကြောင်းက လုပ်စရာလေးရှိနေလို့ပါ။ ဘဘ ကျနော်တော့ တော်ဝင်ရိုလန်ကျောင်းကို နောက်တစ်ခေါက်ပြန်သွားဖို့ အစီအစဉ်မရှိဘူးဗျာ"လို့ ရှန်ယန်ရှောင်က ပြောလိုက်သည်။
ရှန်ယန်ရှောင်ပြောတာကို ကြားလိုက်ရတဲ့ ရှန်ဖန်မျက်နှာမှာ စိုးရိမ်ဟန်တွေပေါ်လာပါတယ်။
"ငါ့မြေးသဘောမကျလောက်မှန်း ဘဘသိပါတယ်ကွယ် ဒါပေမယ့် ဒီကိစ္စက ငါ့မြေးကောင်းဖို့အတွက် လုပ်ပေးတာပါ။ ဆေးပညာရပ်က တစ်ခြားပညာရပ်တွေလောက် မစွမ်းဆောင်နိုင်ပေမယ့် နောက်ပိုင်းအဆင့်တွေမှာဆိုရင် ဆေးပညာရှင်တွေကလည်း အရမ်းမိုက်ပါတယ်ကွ"
ရှန်ယန်ရှောင် ခေါင်းယမ်းလိုက်ပါတယ်။ ရှန်ဖန်က စေတနာနဲ့ဆိုတာကို သူမ ကောင်းကောင်းနားလည်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဒီကိစ္စတွေကို ဆက်လုပ်စရာမလိုတော့ဘူးလေ။
ကျောင်းပေါင်းစုံပြိုင်ပွဲချန်ပီယံတံဆိပ်ကို ထုတ်ယူလိုက်ပြီးတော့ ရှန်ဖန်ကိုပေးလိုက်ပါတယ်။
သူ့လက်ထဲက ရွှေတံဆိပ်ကိုကြည့်ကာ ရှန်ဖန်မျက်လုံးထဲတွင် အံ့အားသင့်သောအရိပ်တွေဖြတ်သွားပါတယ်။
"ဒါက ကျောင်းပေါင်းစုံပြိုင်ပွဲရဲ့ ချန်ပီယံတံဆိပ်မဟုတ်လား။ ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ"
ရှန်ယန်ရှောင်ရယ်မောလိုက်ပြီး ပြန်ဖြေလိုက်ပါတယ်။
"ကျနော်နိုင်ခဲ့တာလေ"
"နိုင်ခဲ့တာ...ဒါပေမယ့် သူတိ့ုပြောနေကြတာက ဒီနှစ်ကျောင်းပေါင်းစုံပြိုင်ပွဲရဲ့ ချန်ပီယံက ဆင့်ခေါ်သူတစ်ယောက်ဆို"
လူပြောသူပြောဖြစ်နေတဲ့ ဆင့်ခေါ်သူနဲ့ ရှန်ယန်ရှောင်ကို အတူတူဖြစ်တဲ့အကြောင်း ရှန်ဖန်ဆက်စပ်မတွေးမိပါဘူး။ သူ့စိတ်ထဲမှာတော့ ရှန်ယန်ရှောင်ဟာ သမားတော်တစ်ဦးသာဖြစ်ပါတယ်။
ရှန်ယန်ရှောင်လည်း ကိုယ့်ကိုယ်ကို လက်ညှိုးထိုးပြလိုက်ပြီးတော့"ကျနော်က ဆင့်ခေါ်သူပဲ"လို့ ပြောလိုက်ပါတယ်။
ဝွန်း
ရှန်ဖန်အောက်မေးက ကြမ်းပေါ်ပြုတ်ကျသွားပါတယ်။[အံ့သြလွန်းလို့ ပါးစပ်အဟောင်းသားဖြစ်တာကို ပြောတာပါ]
သူ့မြေးမလေးအား မယုံနိုင်မှု အံ့သြမှုတို့ဖြင့် ကြည့်လိုက်မိပြီး နားကြားများမှားနေတာလားလို့ တွေးမိသွားပါတယ်။ ရှန်ယန်ရှောင်ကို ဆေးပညာသင်ဖို့အတွက် ဆေးပညာဌာနကို ပို့လိုက်တာကို သူကောင်းကောင်းကြီး မှတ်မိနေပါသေးတယ်။ ဘယ်လိုလုပ်ပြီး....
ဆင့်ခေါ်သူဖြစ်လာတာတုန်း...
"မြေးလေးက ဆင့်ခေါ်သူ ဟုတ်လား"
ဒီသတင်းက တစ်ကယ့်ကို တုန်လှုပ်ဖွယ်ပဲလို့ ရှန်ဖန်တွေးတောလိုက်ပါတယ်။
ရှန်ယန်ရှောင်က ခေါင်းညိတ်ပြပြီးနောက် ရှန်ဖန်အား စိုးရိမ်ပူပန်စွာကြည့်လိုက်ပါတယ်။
"ဘဘကတော့ ဆင့်ခေါ်သူတွေကို မစက်ဆုပ်လောက်ပါဘူးနော် စက်ဆုပ်သလားဟင် ဘဘ"
ရှန်ဖန်က သူမကို ဆင့်ခေါ်သူတစ်ယောက်အဖြစ် လက်သင့်မခံမှာကို သူမ စိုးရိမ်နေမိပါတယ်။
ရှန်ဖန်ဟာ အံ့အားသင့်တုန်လှုပ်နေမှုကို ပြန်လည်ထိန်းသိမ်းလိုက်ပြီးနောက် သက်ပြင်းချကာပြောလိုက်ပါသည်။
"မြေးရဲ့ ဘဘက ဒီလောက်တောင် အိုမင်းနေတယ်ဆိုပေမယ်လို့ ဒီလောက်တော့ အမြင်မကျဉ်းသေးပါဘူးကွယ်။ ပညာရပ်တွေကို လူတွေကပဲ ရွေးချယ်ကြတာလေ ပညာရပ်က လူတွေကို ရွေးချယ်တာမှမဟုတ်ဘဲ။ ဆင့်ခေါ်သူတွေက မနှစ်မြို့စရာ အတိတ်ဇာတ်ကြောင်းရှိခဲ့ပေမယ့် သူတို့တွေထဲက တစ်ချို့သောလူတွေကြောင့်ဖြစ်ရတာပါကွယ်။ ဆင့်ခေါ်သူပညာရပ်နဲ့ ဘာမှမှမပတ်သတ်ပါဘူးလေ"
ရှန်ဖန်ရဲ့ အကျိုးအကြောင်းသင့် တွေးခေါ်မှုကြောင့် ရှန်ယန်ရှောင်လည်း စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်မိပါသည်။
"ဒါနဲ့ မြေးက ဘယ်လိုဖြစ်ပြီးတော့ ဆင့်ခေါ်သူဖြစ်လာရတာတုန်းကွ"ဟု တွေးမရဖြစ်နေတဲ့ ရှန်ဖန်ကမေးလိုက်သည်။
လင်းလက်တိုက်မှာ ဆင့်ခေါ်သူတွေက ပျောက်ကွယ်သွားသင့်တာ ကြာမြင့်လှပါပြီ။ သူ့မြေးမလေးက ဘယ်ကနေဘယ်လိုလုပ်ပြီးတော့ ဒီလိုပညာရပ်ကို လျှောက်လှမ်းမိသွားတာလဲ။
"ဟုတ်သားပဲ ရှောင်လေးရေ ငါ့မြေးက မှော်အားကို မလေ့ကျင့်နိုင်ဘူးမဟုတ်လား"လို့ တစ်ကယ့်အရေးကြီးတာကို မေ့လျော့ထားမိပါလားလို့ ရှန်ဖန်တွေးမိလိုက်သည်။
ရှန်ယန်ရှောင်က လည်ချောင်းရှင်းတဲ့သဘောနဲ့ ချောင်းဟန့်လိုက်ပြီးနောက် သူမရဲ့ ဘဘဖြစ်သူအား အနေခက်စွာကြည့်လိုက်ပြီးနောက် ပြောလိုက်ပါတယ်။
"တစ်ကယ်က ကျနော် မှော်အားကိုလေ့ကျင့်နိုင်ပါတယ်"
"အဲ့ဒါ အမှန်ပဲလား"လို့ ရှန်ဖန်က စိတ်လှုပ်ရှားပျော်ရွှင်စွာနဲ့ မေးလိုက်သည်။
"ဟုတ်ကဲ့"ဟု ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်ပါသည်။
"မြေးက ဆင့်ခေါ်သူဘယ်အဆင့်ရောက်နေပြီလဲဟင်"
ကျောင်းပေါင်းစုံပြိုင်ပွဲကြီးမှာ ချန်ပီယံဖြစ်ခဲ့တယ်ဆိုတော့ ရှန်ယန်ရှောင်တစ်ယောက် အလတ်တန်းဆင့်ခေါ်သူဖြစ်လောက်မယ်ဟု ရှန်ဖန်တွက်ဆလိုက်ပါတယ်။
မှော်အားရော အတွင်းအားပါ မလေ့ကျင့်နိုင်တဲ့ ကလေးမလေးကနေပြီး နှစ်ဝက်အကြာမှာ အလတ်တန်းဆင့်ခေါ်သူတစ်ယောက် ဖြစ်လာတယ်တဲ့။ ရှန်ဖန် အိပ်မက်ယောင်ပြီး လမ်းလျှောက်မိနေသူလို ခံစားမိလိုက်ရပါတယ်။
ရှန်ယန်ရှောင်က တစ်လုံးခြင်းပြန်ဖြေလိုက်သည်။
"အကြီးတန်းအဆင့်ရဲ့ အထွဋ်အထိပ်နေရာမှာပါ"
ရှန်ဖန်တစ်ယောက် ထိုင်ခုံပေါ်ကနေ ပြုတ်ကျမတတ်ဖြစ်သွားပါတယ်။ ရှန်ယန်ရှောင်ကို ငေးကြောင်ကြောင်နဲ့ စိုက်ကြည့်မိနေပြီး စိတ်ထဲမှာလည်း ငါနားကြားများမှာပြန်ပြီလားဟလို့ တွေးမိသွားရပါသည်။
အကြီးတန်းအဆင့်ရဲ့ အထွဋ်အထိပ်အဆင့်မှာတဲ့လား...
ဒါက ဘယ်လိုဇာတ်လမ်းကြီးလား...
ပြီးခဲ့တဲ့နှစ်ဝက်တုန်းက ရှန်ယန်ရှောင်ဟာ အတွင်းအားရော မှော်ပညာပါ လေ့ကျင့်မရသော အသုံးမဝင်သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အခုကျတော့ နှစ်ဝက်လောက်သာ ကုန်လွန်ခဲ့သေးပေမယ့် အကြီးတန်းဆင့်ခေါ်သူဖြစ်လာရုံသာမက အထွဋ်အထိပ်အဆင့်မှာတဲ့လေ။
နှလုံးသားတစ်ခုလုံး ရင်ထဲကနေ ခုန်ထွက်လာတော့မလို ခံစားသွားလိုက်ရပါသည်။ ကျောင်းပေါင်းစုံပြိုင်ပွဲကြီးမှာ ရှန်ယန်ရှောင် ချန်ပီယံဖြစ်တာ အံ့အားသင့်ဖို့ မလိုတော့ပါဘူး။ ဒီစွမ်းအားအဆင့်နဲ့ဆို အများစုကို မထီမဲ့မြင်လုပ်လို့ရနေပြီလေ။
ငါ့မိသားစုရဲ့ ရှောင်လေးက အသုံးမဝင်ဘောင်မဝင်သူလို့ ဘယ်ကောင်က ပြောရဲဦးမှာလဲကွ ဟမ်။ ဒါက ဉာဏ်ကြီးရှင်တွေကြားက ဉာဏ်ကြီးရှင်ဆိုတာ အသိသာကြီးပဲကွာ။ ဉာဏ်ကြီးရှင်လို့ သတ်မှတ်ခံထားရတဲ့ လူငယ်လေးတွေကို မိုင်ထောင်ချီဖြတ်ထားရစ်ခဲ့တာပဲကိုး။
"တစ်ကယ်ကလေ..."
ကြောင်တောင်တောင်ဖြစ်နေတဲ့ ရှန်ဖန်ကို ရှန်ယန်ရှောင်ကြည့်လိုက်ပြီး သူမရဲ့ တစ်ခြားဝှက်ဖဲတွေကို ထုတ်ဖော်ပြလို့ ကောင်း၏မကောင်း၏ကို စဉ်းစားလိုက်ရပါတယ်။ ရှန်ဖန်ဟာ သူမ အချစ်ရဆုံးသူဖြစ်ပြီး လျှို့ဝှက်ချက်တွေအများကြီး ထားမနေချင်ပါဘူး။
"ဘာဖြစ်လို့လဲ"
ကျေနပ်ဝမ်းမြောက်မှုကြောင့် စပ်ဖြဲဖြဲဖြစ်နေသော မျက်နှာကို မျက်နှာပိုးသတ်ဖို့ ကြိုးစားလိုက်ပေမယ့် မစေ့နိုင်သော သူ့နှုတ်ခမ်းက သစ္စာဖောက်နေခဲ့ပါသည်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၉၁)
"တစ်ကယ်ကလေ တော်ဝင်ရိုလန်ကျောင်းရဲ့ လေးဌာနမှာလည်း ကျနော် နည်းနည်းကြာအောင်ထိ တက်ခဲ့သေးတယ်..."
ရှန်ဖန်ရဲ့ တုံ့ပြန်မှုကို သေချာဂရုတစိုက် အကဲခတ်နေရင်းနဲ့ ရှန်ယန်ရှောင်ပြောလိုက်ပါသည်။
ရှန်ဖန်က ပါးစပ်ဖြင့်လေရှိုက်သွင်းလိုက်ပြီးနောက် ရှန်ယန်ရှောင်အား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လိုက်ပါသည်။
"လေးဌာနဟုတ်လား...မြေးက အဲ့ကို ဘာသွားလုပ်တာတုန်း"
အကြီးတန်းဆင့်ခေါ်သူတစ်ယောက် ဖြစ်လာတဲ့မြေးဖြစ်သူအတွက် ရှန်ဖန်တစ်ယောက် အံ့အားသင့်လို့မဆုံးခင်မှာဘဲ ဉာဏ်ကျယ်မလေးဖြစ်သော သူ့မြေးမလေးက ဘယ်လိုဖြစ်လို့ လေးဌာနကို အချိန်သွားဖြုန်းမှန်းကို နားမလည်နိုင်ဖြစ်သွားပါသည်။
ရှန်ယန်ရှောင်က တစ်လုံးချင်းပြန်ပြောလိုက်ပါတယ်။
"လေးအတတ်ကို ကျနော်သင်ယူခဲ့တာလေ။ လေးအတတ်မှာလည်း ကျနော့်ရဲ့ ဆင့်ခေါ်သူပညာရှင်အဆင့်နဲ့ တန်းတူဖြစ်နေပြီ အကြီးတန်းအဆင့်ရဲ့ အထွဋ်အထိပ်နေရာမှာပါ ဘဘ"
ရှန်ဖန် အသက်ရှူမှားကာ ချောင်းဆိုးသေမတတ်ဖြစ်သွားရသည်။
"အကြီးတန်း..လေးသည်တော်အဆင့်ရဲ့ အထွဋ်အထိပ်နေရာ ဟုတ်သလား။ ဒါပေမယ့် လေးသည်တော်တွေက အတွင်းအားလိုအပ်..."
ပြောနေရင်းတန်းလန်းနဲ့ အတွေးတစ်ခုက ရှန်ဖန်စိတ်ထဲ ပေါ်သွားပုံရသည်။ နှစ်သန်းချီပြီး ပျောက်ကွယ်နေခဲ့သော ဒိုင်နိုဆောတစ်ကောင်ကို အရှင်လတ်လတ်ကြီး တွေ့မြင်လိုက်ရသလိုမျိုး ရှန်ဖန် ခြောက်ခြားတုန်လှုပ်အံ့အားသင့်ကာ မြေးဖြစ်သူကို ကြည့်လိုက်မိပါတော့သည်။
"မြေးက မှော်အားနဲ့အတွင်းအား နှစ်မျိုးလုံးကိုတော့ မရှိနိုင်လောက်..."
ဆက်ပြောရမယ့်စကားကိုတောင် ရှန်ဖန်အဆုံးမသတ်ရဲဖြစ်နေပါသည်။
ရှန်ယန်ရှောင်က လိမ်လိမ်မာမာနဲ့ ခေါင်းညိတ်ပြလိုက်ပြီး ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ပါတယ်။
"ကျနော့်မှာ အတွင်းအားရော မှော်ပညာပါ လေ့ကျင့်နိုင်တဲ့ ခန္ဓာတည်ဆောက်ပုံ ပိုင်ဆိုင်ထားတယ် ဘဘရဲ့"
ဝုန်း
အသစ်စက်စက် သစ်သားစားပွဲကို ရှန်ဖန် နှစ်ပိုင်းချိုးလိုက်သလိုဖြစ်သွားကာ သူ့လက်တွေက ထိန်းကွပ်မရအောင် တုန်ခါနေပါသည်။
"မှော်နဲ့အတွင်းအား နှစ်မျိုးကျင့်ကြံမှု...မှော်နဲ့အတွင်းအား နှစ်မျိုးကျင့်ကြံမှု.."
မျက်လုံးတွေ ပြုတ်ထွက်မတတ်ပြူးကျယ်စွာဖြင့် မြေးဖြစ်သူအား ပြူးပြူးကြီးကြည့်လိုက်မိပါသည်။ သူ့မြေးမကလေးကို ဘယ်လိုစကားလုံးနဲ့ ဖော်ပြရမလဲဆိုတာကိုတောင် ရှန်ဖန်တွေးမရဖြစ်သွားပါသည်။ အခုအချိန်မှပဲ တယ်အလိုက်တဲ့ငါပါလားလို့ ရှန်ဖန်တွေးမိသွားသည်။
ဉာဏ်ကြီးရှင် ဟုတ်လား...ဒီစကားလုံးက ငါ့မြေးနဲ့တန်ရောတန်လို့လားဟင်...
ဒီစကားလုံးက ရှန်ယန်ရှောင်ကို စော်ကားနေတာပါပဲ...
နှစ်မျိုးကျင့်ကြံမှုနဲ့ဆိုရင် လောင်းရွှမ်အင်ပါယာထဲက ဉာဏ်ကြီးရှင်မှန်သမျှဆိုတာ ခွေးချေးတွေဖြစ်သွားကြပါပြီ...
"ငါ့မြေးလေး...မြေးမှာ နောက်ထပ် အရည်အချင်းအတတ်ပညာတွေရှိသေးရင် တစ်ခါတည်းသာပြောချပစ်လိုက်တော့"
ရှန်ဖန်က ရူးသွပ်စွာ ခုန်ပေါက်နေတဲ့ ရင်ကိုအုပ်ကိုင်ပြီးနောက် တစ်ခုခုပြောမလိုလို လုပ်ပြီးမှ မပြောဘဲနေလိုက်တဲ့ ရှန်ယန်ရှောင်ကိုကြည့်ကာ ပြောလိုက်၍ စောင့်နေလိုက်ပါတယ်။
ရှန်ယန်ရှောင်က နည်းနည်းတွန့်နေပြီးမှ ပြောလိုက်ပါသည်။
"ဆေးပညာဖက်မှာ ကျနော့်တိုးတက်မှုက နှေးတော့ အခုမှပဲ အကြီးတန်းအဆင့်ကို ရောက်ကာစရှိသေးတာ ဒါပေမယ့် ကျနော့်ဆရာရဲချင်က ကျနော့်ကို သူ့တပည့်အဖြစ် လက်ခံလိုက်ပြီ။ တစ်ခြားပညာရပ်နှစ်ခုကို လိုက်မှီဖို့ သိပ်မလိုလောက်တော့ပါဘူး"
ရှန်ဖန်ရဲ့ မျက်ဝန်းတွေက လှုပ်ခတ်နေပြီး နောက်တစ်စက္ကန့်အကြာတွင်တော့ အလွန်အမင်း ရင်ခုန်ပျော်ရွှင်စိတ်လှုပ်ရှားမှုကြောင့် အဖိုးကြီးဖြစ်သူမှာ မဟန်နိုင်တော့ဘဲ မျက်ဖြူဆိုက်ကာ သတိလစ်သွားရပါတော့သည်။
ရှန်ယန်ရှောင်လည်း လန့်သွားပြီးတော့ အဖိုးဖြစ်သူအား ဖေးမရန်ပြေးသွားလိုက်ပါသည်။
ရှန်ဖန် ပြန်လည်သတိရလာပါသည်။ သတိရရခြင်းမှာ သူလုပ်တာကတော့ ရှန်ယန်ရှောင်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ စိတ်လှုပ်ရှားစွာပြောတာပဲဖြစ်ပါသည်။
"ရှောင်လေး ငါ့မြေးက ဇာမဏီမျိုးနွယ်ရဲ့ တစ်ကယ့်ကယ်တင်ရှင်ပါပဲကွယ်။ မြေးရဲ့လက်ရှိအစွမ်းနဲ့ဆိုရင် ဘဘသေရင်တောင် စိတ်မဖြောင့်စရာမရှိတော့ပါဘူး ငါ့မြေးဆီကို ဇာမဏီမျိုးနွယ်တစ်ခုလုံး လက်လွှဲပေးခဲ့ဖို့ စိတ်ချရပါပြီ။ မြေးက မြေးမိဘနှစ်ပါးရဲ့ သမီးဖြစ်ဖို့ထိုက်တန်လှပါပေတယ် သူတို့ရဲ့ ဂုဏ်သိက္ခာကို ဘာမှမနိမ့်ကျစေပါဘူးမြေးရယ်"
ပညာရပ်သုံးမျိုးရဲ့အကြီးတန်းပညာရှင်ဆိုသော မိုးမြေသိမ့်သိမ့်တုန်စေမယ့် ကလေးတစ်ယောက် သူ့မိသားစုအတွင်းကနေ ပေါ်ထွက်လာခဲ့မယ်လို့ ရှန်ဖန်တစ်ခါတစ်ရံတောင် မတွေးခဲ့မိပါဘူး။
နောက်ထပ်ရှိသေးတာက ရှန်ယန်ရှောင်ဟာ အခုမှ ၁၃နှစ်သာရှိသေးပြီး နောက်တစ်လနေမှ ၁၄နှစ်ပြည့်မှာဖြစ်ပါသည်။
အသက်၁၃နှစ်သမီးက လေးပညာ၊ ဆင့်ခေါ်သူနဲ့ ဆေးပညာတို့မှာ အကြီးတန်းအဆင့်တဲ့လေ ဒီလိုအဖြစ်က တစ်ခါမှ မကြားဖူးတဲ့အဖြစ်ပါ။
ဒီသတင်းတာ အပြင်ကိုထွက်သွားမယ်ဆိုရင် လောင်းရွှမ်ပြည်မပြောနဲ့ လင်းလက်တိုက်တစ်တိုက်လုံးတောင် တုန်လှုပ်သွားမယ့်အဖြစ်ပါပဲ။
"ဘဘ ကျနော်က ဒီနှစ်ကျောင်းပေါင်းစုံပြိုင်ပွဲမှာ အနိုင်ရခဲ့လို့ ဧကရာဇ်ဆီကနေ ဆုလက်ခံရယူဖို့ နေပြည်တော်ကို ပြန်လာခဲ့တာ။ သိပ်မကြာခင်မှာပဲ စွန့်ပစ်နယ်မြေမှာ နယ်မြေတစ်ခုကို သွားပြီးချဲ့ထွင်သိမ်းပိုက်ရတော့မှာလေ"
ရှန်ယန်ရှောင်တစ်ယောက် အဖိုးဖြစ်သူရဲ့ စိတ်တည်ငြိမ်လာအောင် နှစ်သိမ့်နေရင်းနဲ့ သူမရဲ့ တစ်ကယ့်လျှို့ဝှက်ချက်ကြီးကို မပြောရသေးတဲ့အကြောင်း တီးတိုးတီးတိုးရေရွတ်နေလိုက်ပါတယ်။ ရှူရဲ့အကြောင်းကိုသာ ရှန်ဖန်ကို ပြောပြလိုက်ရင် နေရာမှာတင် နှလုံးခုန်ရပ်ပြီး သေကောင်းသေသွားနိုင်ပါတယ်။
မြေးဖြစ်သူက တစ်ကယ့်အရေးကြီးတဲ့ကိစ္စကို ပြောပြနေတဲ့အတွက် ရှန်ဖန်လည်း ကိုယ့်စိတ်ကိုပြန်ထိန်းလိုက်ပါတယ်။
"စွန့်ပစ်နယ်မြေက ပျော်စရာကောင်းတဲ့ နေရာမဟုတ်ဘူး။ လောင်းရွှမ်ပြည်ရဲ့ အရင့်အရင်ကျောင်းပေါင်းစုံချန်ပီယံတွေလည်း အဲ့နေရာကိုသွားခဲ့ကြတာပဲ။ သူတို့မှာ အရင်းအမြစ်တွေ လူအင်အားတွေနဲ့ ဧကရာဇ်ရဲ့ ထောက်ပံ့မှုတို့ကို ရခဲ့ကြပေမယ့် တစ်ယောက်မှ အဲ့နေရာမှာ ခြေကုပ်မရခဲ့ကြဘူးလေ။ ငါ့မြေးက ကျောင်းပေါင်းစုံပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့အပေါ် ဘဘ ဝမ်းသာပေမယ့် ဒီစွန့်ပစ်နယ်မြေကိစ္စကိုတော့ မြေးလေး သေချာဆုံးဖြတ်ဖို့လိုတယ်။ စိတ်အလိုမလိုက်ရင် အကောင်းဆုံးပဲပေါ့ကွယ်။ ဒီကိစ္စကို လုပ်တော့လုပ်ပါ ဒါပေမယ့် အရမ်းကြီး စိတ်နှစ်မထားပါနဲ့ အဲ့နေရာက သာမန်လူတစ်ယောက် နေလို့ဖြစ်တဲ့နေရာမဟုတ်ဘူး မြေးရဲ့"
ဒါပေမယ့် ရှန်ဖန်ရဲ့အတွေးက ရှန်ယန်ရှောင်နဲ့ ထပ်တူမကျနေခဲ့တာက ကံမကောင်းမှုတစ်ခုဖြစ်နေပါတယ်။
"ဘဘ ကျနော်က စိတ်အလိုလိုက်တာ မဟုတ်ပါဘူး စွန့်ပစ်နယ်မြေထဲမှာ မြို့ကြီးတစ်ခုကို တစ်ကယ်တည်ထောင်ချင်တာ"လို့ ရှန်ယန်ရှောင်က ပြန်ပြောခဲ့ပါသည်။
မြေးမဖြစ်သူက ကျောင်းပေါင်းစုံပြိုင်ပွဲကို ဝင်ပြိုင်ရတဲ့ရည်ရွယ်ချက်ကိုက စွန့်ပစ်နယ်မြေမှာ နယ်မြေတစ်ခု အပိုင်စားရချင်လို့ဆိုတာကိုသာ ရှန်ဖန်သိသွားရင် သွေးအန်လောက်ပါတယ်။
"ရှောင်လေးရေ စွန့်ပစ်နယ်မြေက ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာကို မြေးမသိဘူးနော် ဒီကိစ္စက မြေး ကိုင်တွယ်နိုင်မယ့်ကိစ္စမဟုတ်ဘူး။ လောင်းရွှမ်ပြည်ထဲမှာ ဘာနတ်ဆိုးကိုမှ မြေးလေး တွေ့နိုင်မှာမဟုတ်တော့ နတ်ဆိုးတွေကို သိပ်ကြောက်စရာမကောင်းဘူးလို့ ထင်ချင်ထင်နေမှာ ဘဘပြောမယ်မြေးလေး နတ်ဆိုးတွေရဲ့အန္တရာယ်က မြေးခန့်မှန်းနိုင်တာထက် အများကြီးပိုဆိုးတယ်နော်။ အဆင့်နိမ့်နတ်ဆိုးတွေရဲ့ အစွမ်းက သိပ်မဟုတ်ပေမယ့် အရေအတွက်မှာ များတယ်လေ။ လေးနိုင်ငံမဟာမိတ်တပ်က သန်းဂဏန်းရှိတဲ့ တပ်တွေကို စေလွှတ်ခဲ့တုန်းက လင်းလက်တိုက်မှာရှိသမျှ နတ်ဆိုးအားလုံးကို မသုတ်သင်နိုင်ခဲ့ကြဘူး။ အလတ်တန်းနတ်ဆိုးတွေမှာက ဉာဏ်ရည်နည်းနည်းမြင့်တော့ သူတို့က ပါးနပ်ပြီး ရက်လည်းရက်စက်သလို သူတို့အစွမ်းကလည်း အဆင့်ခုနှစ်ရှိတဲ့ မှော်သားရဲကောင်တွေနဲ့ တန်းတူရည်တူရှိကြတယ်။ ဒါပေမယ့် လူတွေကို တစ်ကယ်တန်းကြောက်လန့်စေတာက အဆင့်မြင့်နတ်ဆိုးတွေပဲ။ သူတို့က သဘာဝနဲ့ဆန့်ကျင်နေတဲ့ကောင်တွေပဲ။ မြေးလေးရဲ့ အကြီးတန်းအဆင့်မပြောနဲ့ မြေးလေးက ထိပ်တန်းလေးသည်တော်နဲ့ထိပ်တန်းဆင့်ခေါ်သူဖြစ်နေခဲ့ရင်တောင် အဆင့်မြင့်နတ်ဆိုးတွေနဲ့ ရင်ဆိုင်မိခဲ့ရင် ကပ်ဘေးသင့်သလိုဖြစ်သွားမှာ။ အဆင့်မြင့်နတ်ဆိုးတွေက အဆင့်ကိုးရှိတဲ့ အဆင့်မြင့်မှော်သားရဲတွေနဲ့ တန်းတူတယ် မြေးရဲ့"
အဆင့်မြင့်နတ်ဆိုးတွေက ဒုတိယဆင့် ပညာရှင်ဖြစ်တဲ့ မှော်ဆရာကြီးအဆင့်ရှိကြတယ်လား။ ဒါက တစ်ကယ့်ကို ယုံနိုင်ဖို့ခက်လှပါတယ်။
ရှန်ယန်ရှောင် သူမနဲ့တွေ့ကြုံခဲ့ရသော ကူလောင်တောင်က အဆင့်မြင့်နတ်ဆိုးတစ်ကောင်ကို ပြန်ပြောင်းအောက်မေ့သွားပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၉၂)
ရှန်ယန်ရှောင်နဲ့အဆင့်မြင့်နတ်ဆိုးဖုတူတို့က သဘောတူညီချက်တစ်ခု လုပ်ထားကြပါတယ်။ သူမမှာ အပင်သုံးမျိုးစုံသွားရင် ဖုတူက သူမနဲ့ ပူးပေါင်းပါလိမ့်မယ်။ စွန့်ပစ်နယ်မြေကို ပိုင်ဆိုင်မှုရပြီးရင် ကူလောင်တောင်ကိုသွားပြီး ဖုတူကိုခေါ်ဖို့ သူမ တွေးထားပါတယ်။ ဒီအဆင့်မြင့်နတ်ဆိုးနဲ့ဆိုရင် စွန့်ပစ်နယ်မြေထဲက နတ်ဆိုးတွေနဲ့ ရင်ဆိုင်ရာမှာ အားကိုးလို့ရမယ်လို့ သူမထင်ပါတယ်။
ရှန်ဖန်ကတော့ နတ်ဆိုးတွေရဲ့ တိုက်ခိုက်မှုကြောင့် မြေးဖြစ်သူ ထိခိုက်မှာကို စိုးရိမ်နေပြီး ရှန်ယန်ရှောင်ရဲ့ အဓိကရည်မှန်းချက်က အဆိုပါ ကြမ်းကြုတ်ရက်စက်လှသော နတ်ဆိုးတွေကို သူမရဲ့မြို့ထဲကို ဆွဲသွင်းပြီးနောက် လက်အောက်ခံတွေအဖြစ် ပြုလုပ်ဖို့ဆိုတာကို မသိနေခဲ့ပါဘူး။
ဒါပေါ့လေ ရှန်ယန်ရှောင်အနေနဲ့လည်း ဒီအကြောင်းကို ရှန်ဖန်ကိုပြောလို့ ဘယ်ဖြစ်ပါ့မလဲ။ ရှန်ဖန်သာသိသွားရင် သူမခြေထောက်နှစ်ချောင်းလုံးကို ရိုက်ချိုးကာ အိမ်ထဲမှာပိတ်လှောင်ထားပြီးနောက်မှ တိုင်းပြည်ရဲ့ အကျော်ကြားဆုံးသမားတော်ကို ပင့်ဖိတ်ကာကုသပေးမှာကို ရှန်ယန်ရှောင်မှန်းဆမိပါတယ်။
"အဟမ်း ဘဘကလည်း ကျနော်က သေသေချာချာဂရုတစိုက်လုပ်မှာပေါ့။ ကျနော့်ကို စမ်းကြည့်ခွင့်လေးတော့ ပေးမယ်မဟုတ်လားဟင်။ အလုပ်မဖြစ်ခဲ့ရင် စွန့်ပစ်နယ်မြေကနေ ကျနော်ပြန်လာမယ်လေ ဘယ်လိုထင်လဲဟင်"
ရှန်ဖန် တွန့်ဆုတ်ဆုတ်ဖြစ်နေပြီး ရှန်ယန်ရှောင်၏ တောင်းပန်နေသော မျက်ဝန်းတွေကြောင့် လက်သင့်ခံလိုက်ရပါတော့သည်။
လက်သင့်ခံလိုက်တဲ့အပေါ်မှာ အချက်သုံးချက်ကိုတော့ ရှန်ဖန်သတ်မှတ်ပေးလိုက်ပါတယ်။
ပထမအချက်အနေနဲ့ စွန့်ပစ်နယ်မြေကို ဝင်သွားပြီးတာနဲ့ ရှန်ယန်ရှောင်ကနေပြီး သူ့ဆီကို တစ်လကိုစာတစ်စောင်နှုန်း ပို့ပေးပြီး သူမအန္တရာယ်ကင်းတဲ့အကြောင်း အကြောင်းကြားပေးရပါမယ်။
ဒုတိယအချက်အနေနဲ့ စွန့်ပစ်နယ်မြေထဲမှာ ရှန်ယန်ရှောင် ထိခိုက်ခံစားရတာနဲ့ ချက်ခြင်းပြန်လာရပါမယ်။
တတိယအချက်ကတော့ စွန့်ပစ်နယ်မြေကိုသွားတဲ့အခါမှာ ယုံကြည်အားကိုးလောက်တဲ့ ကြေးစားအဖွဲ့တစ်ဖွဲ့ကို ရှန်ယန်ရှောင်ငှားသွားရမယ်ဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။
ဒီအချက်သုံးချက်လုံးကို ရှန်ယန်ရှောင် အခက်အခဲမရှိ သဘောတူလိုက်ပါတယ်။
ရှန်ဖန်က ဘာကိုစိုးရိမ်နေလဲဆိုတာကို ရှန်ယန်ရှောင် သဘောပေါက်သလို ဘိုးတော်ဝမ်းနည်းအောင်လည်း သူမ မလုပ်ချင်ပါဘူး။ ဒါကြောင့် အချက်သုံးချက်လုံးကို လက်ခံသဘောတူလိုက်တာဖြစ်ပြီး နဂိုကလည်း ဂူဝံပုလွေအဖွဲ့ကို ခေါ်သွားဖို့ ကြံရွယ်ထားပြီးသားမို့ ကွက်တိဖြစ်နေပါတယ်။
ရှန်ဖန်နဲ့ရှန်ယန်ရှောင်တို့နှစ်ယောက်က စွန့်ပစ်နယ်မြေထဲကို ဝင်ရောက်ခြင်းကိစ္စအတွက် အတန်ကြာအောင် ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။
ဆင့်ခေါ်သူဖြစ်တဲ့အကြောင်းကိုတော့ ရှန်ယန်ရှောင်ဖုံးကွယ်ထားလို့ မရတော့ပေမယ့် လေးသည်တော်နဲ့ဆေးပညာရှင်ဖြစ်တဲ့အကြောင်းကိုတော့ မတတ်သာမှသာ ထုတ်ဖော်အသုံးချရန် ရှန်ဖန်ပြောခဲ့ပါတယ်။ ရှန်ယန်ရှောင်က အခုအချိန်မှာ အစွမ်းထက်နေပြီဆိုပေမယ့် လင်းလက်တိုက်ပေါ်မှာ လျှို့ဝှက်အင်အားစုတွေနဲ့ ပညာရှင်တွေအများကြီးရှိတာကြောင့် စွမ်းအားကို အလွန်အမင်းထုတ်ဖော်ခြင်းကနေ ပြဿနာတွေဖိတ်ခေါ်လိုက်သလိုဖြစ်မှာကို ရှန်ဖန်မလိုလားပါဘူး။
စွန့်ပစ်နယ်မြေကိစ္စအတွက် ဇာမဏီမျိုးနွယ်ရဲ့ လူအားငွေအားအစွမ်းကုန်သုံးပြီး ထောက်ပံ့ကူညီပေးမယ်လို့ ရှန်ဖန်ပြောကြားခဲ့ပါသည်။
ငွေရေးကြေးရေးအတွက် ပူစရာမလိုပါဘူးလို့ ရှန်ယန်ရှောင်ပြောချင်ခဲ့ပါတယ်။ ဘာလို့လဲဆိုရင် ဒီတစ်ခေါက် နေပြည်တော်ပြန်လာခြင်းက လောင်းရွှမ်အင်ပါယာရဲ့ ဘဏ္ဍာတိုက်ဟာ နောက်ထပ်တစ်ဖန် လှီးယူခံရမယ်ဆိုတဲ့ သဘောသက်ရောက်နေတာပဲကိုး။
ညရောက်မှသာ စကားဝိုင်းအဆုံးသတ်သွားခဲ့ပါတယ်။ တဂွီဂွီမြည်နေသောဗိုက်နဲ့ ရှန်ယန်ရှောင် ရှန်ဖန် ဇာမဏီငှက်နဲ့ လန်ဖန်းလီတို့က ညစာစားပွဲကို မြိန်ရည်ယှက်ရည်ဆွဲကြပါတော့သည်။
ရှန်လင်းတို့တစ်တွေလည်း ရှန်ယန်ရှောင်ပြန်ရောက်လာတဲ့အကြောင်းကို သိခဲ့ကြပြီး ညအချိန် ထမင်းစားခန်းအတွင်းမှာတော့ ရှန်လင်းတစ်ယောက်သာ ရှိနေခဲ့ပြီး ရှန်ယူနဲ့ ရှန်ဂျန်တို့ကတော့ ပေါ်မလာခဲ့ပါဘူး။
အိမ်မှာသိပ်မကပ်သော ရှန်စီယူလည်း ထုံးစံအတိုင်း ရှိမနေခဲ့ပါဘူး။
ညစာစားပြီးတာနဲ့ ရှန်ယန်ရှောင်က အခန်းကိုပြန်ပြီး အနားယူပါတော့သည်။ ဇာမဏီနဲ့လန်ဖန်းလီတို့အတွက် အခန်းတစ်ခန်းစီကို ရှန်ဖန်စီစဉ်ပေးထားပါတယ်။
ညစာစားပွဲမှာ ပေါ်မလာခဲ့သော ရှန်ယူနဲ့ရှန်ဂျန်တို့က အခန်းတစ်ခုထဲမှာ အတူရှိနေကြပါတယ်။
လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားသော ရှန်ယူက ဒေါပွနေမှန်းသိသာပါတယ်။
ရှန်ဂျန်ရဲ့အကြည့်ကတော့ နက်နက်နဲနဲဖြစ်နေပါတယ်။
"ဒုတိယအစ်ကို ဒီအမုန်းကို ငါ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူးကွ။ အဲ့အမျိုးယုတ်လေးက ကျိယီကို ပြင်းပြင်းထန်ထန်ဒဏ်ရာရစေခဲ့တယ်ကွာ။ ဒီအငြိုးကို မဖြေရှင်းရင် ငါ့ကိုယ်ငါ ဖခင်တစ်ယောက်လို့ ဘယ်လိုသတ်မှတ်ရတော့မလဲ"
ရှန်ကျိဝေပို့ပေးခဲ့သော စာအရ ဖြစ်ပျက်ခဲ့တာတွေအားလုံးကို ရှန်ယူသိခဲ့ပြီး ရှန်ယန်ရှောင်၏ မယုံနိုင်ဖွယ်ပြောင်းလဲမှုကိုလည်း လက်ခံလိုက်ရပါတယ်။
ရှန်ယန်ရှောင် ဒီနေ့ပြန်ရောက်လာချိန်မှာ လက်တုံ့ပြန်ဖို့စီစဉ်နေတဲ့ ရှန်ယူကို ရှန်ဂျန်က တားမြစ်ခဲ့ပါသည်။
"ကျိယီအတွက် မင်းဒေါကန်နေမယ်ဆိုတာကို ငါသဘောပေါက်ပါတယ်။ ကျိယီက ငါ့တူမဖြစ်သလို ငါ့မျက်စိအောက်မှာတင် ကြီးပြင်းလာခဲ့တာပဲ ငါလည်း သူ့အဖြစ်အပျက်ကို သိပြီးတဲ့နောက် စိတ်မထိခိုက်ဘဲ ဘယ်နေပါ့မလဲ။ ဒါပေမယ့် မင်း သေချာစဉ်းစားကြည့်လေ ရှန်ယန်ရှောင်က အခုဆို အကြီးတန်းဆင့်ခေါ်သူဖြစ်နေပြီကွာ။ မင်းကလည်း အကြီးတန်းဓားသမားပဲရှိသေးတယ်။ အိမ်တော်အတွင်းမှာ ရှန်ယန်ရှောင်အပေါ်မှာ လှုပ်ရှားဖို့က ဘယ်လိုလုပ်လွယ်မလဲ။ အဖေက ကာကွယ်ပေးထားတာကိုမပြောနဲ့ဦး သူ့ကိုယ်ထဲက ဇာမဏီငှက်ရဲ့ အကာအကွယ်ကတင် ငါတို့နှစ်ယောက်လုံး သွားရှုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူးလေကွာ။ ဒီအချိန်မှာသာ မင်းက ပြဿနာသွားလုပ်ရင် မင်းကိုယ်မင်းဒုက္ခရောက်အောင် လုပ်တာပဲဖြစ်မှာပေါ့"ဟု ရှန်ဂျန်ပြောလိုက်သည်။
ရှန်ယူ အံကြိတ်လိုက်သည်။
"ဒါပေမယ့် ငါက ငါ့သမီးကို ထိခိုက်စေခဲ့တဲ့ အဲ့အမျိုးယုတ်ကို ဘာမှမလုပ်ဘဲ ဒီအတိုင်းထိုင်ကြည့်နေရမှာလား။ ဒုတိယအစ်ကို အရင်တုန်းကရှန်ယန်ရှောင်ကို ငါတို့အိမ်ထဲမှာ ကျွေးမွေးထားရတဲ့ ခွေးတစ်ကောင်လို့ သတ်မှတ်ထားလို့ရပြီး အစေခံကတောင် သူ့ထက်အရေးပါသေးတယ်။ ဒါပေမယ့် မင်းအခုမြင်တဲ့အတိုင်းပဲ အချိန်ဘာမှတောင်မကြာသေးဘဲ ဇာမဏီငှက်ကို အရင်ဆုံးရရှိခဲ့တယ် နောက်တော့ မျိုးနွယ်စုခေါင်းဆောင်လောင်းအဖြစ် သတ်မှတ်ခံလိုက်ရသလို အခုဆိုရင် မှော်အားကိုလေ့ကျင့်သွားနိုင်ခဲ့ပြီးတော့ အကြီးတန်းဆင့်ခေါ်သူဖြစ်လာတဲ့အပြင် ကျောင်းပေါင်းစုံပြိုင်ပွဲကြီးရဲ့ ချန်ပီယံပါဖြစ်လာသေးတယ်။ ဒီကိစ္စကို ဒီလိုပဲလွှတ်ထားလိုက်ရင် မင်းရောငါရောအတွက် ဒီအိမ်တော်မှာ နေရာရှိဦးမယ်လို့ ထင်သလား။ အရင်တုန်းက ရှန်ယန်ရှောင်အပေါ်ကို ငါတို့တွေ ဘယ်လိုဆက်ဆံခဲ့လဲဆိုတာ ငါတို့နှစ်ယောက်လုံးသိပါတယ်ကွာ။ ရှန်ယန်ရှောင်ရှိနေသရွေ့ကတော့ ငါတို့သားသမီးတွေအတွက် ဘာအနာဂတ်ကောင်းကောင်းမှ ရှိလာမှာမဟုတ်ဘူးနော်"လို့ ရှန်ယူက မုန်းတီးမှုအပြည့်နဲ့ပြောလိုက်ပါတယ်။