← Chapters

အခန်း (၄၉၃-၄၉၅)

Vol. 33 Ch. 493-495

အခန်း (၄၉၃-၄၉၅)

Vol. 33 Ch. 493-495

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၉၃)

ရှန်ဂျူ မျက်မှောင်ကြူတ်နေပါတယ်။ ရှန်ယန်ရှောင်ရဲ့ ပြောင်းလဲမှုတွေက သူ့ကိုလည်း အံ့အားသင့်စေတာကိုး။

"သူ့ကို လွယ်လွယ်နဲ့လွှတ်မပေးပါဘူးကွာ မင်းစိတ်ချနေစမ်းပါ။ အခု မလှုပ်ရှားတာနဲ့ပဲ သူ့ကိုလွှတ်ပေးမယ်ဆိုတဲ့ သဘောမှမဟုတ်တာ"ဟု ပြောလိုက်သော ရှန်ဂျူမျက်လုံးတွေက ရက်စက်မှုတွေနဲ့ပြည့်နေပါတယ်။

သူ့ရဲ့ဒုတိယအစ်ကိုဖြစ်သူက အလွန်ခန့်မှန်းရခက်တယ်ဆိုတာကို ရှန်ယူနားလည်ပါတယ်။ ရှန်ဖန်ရဲ့ သားဦးဖြစ်သော သူတို့ရဲ့အစ်ကိုအကြီးဆုံးဖြစ်သူ ရှန်ရှီနဲ့တစ်မိသားစုလုံး မတော်တဆမှုနဲ့သေဆုံးသွားထဲက ရှန်ဂျန်ဟာ အရမ်းအန္တရာယ်ကြီးတယ်ဆိုတာကို ရှန်ယူစတင်ခံစားမိခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာ တစ်လှေထဲစီးဖြစ်နေပြီဖြစ်တာကြောင့် ရှန်ယန်ရှောင်ကို ကိုင်တွယ်မယ့်နည်းလမ်း ရှန်ဂျန်မှာရှိနေပြီလားဆိုတာကို သူ သိချင်နေပါတယ်။

"ငါ့ကို လင်းစမ်းပါဦး"

ရှန်ဂျန် စားပွဲပေါ်က ရေနွေးခွက်ကိုယူကာ တစ်ကျိုက်သောက်လိုက်ပါတယ်။

"လောင်းရွှမ်ပြည်ကျောင်းပေါင်းစုံချန်ပီယံက စွန့်ပစ်နယ်မြေကို သွားရမယ်ဆိုတာကို မင်းလည်းသိတယ်နော်"

"အင်း"လို့ ရှန်ယူပြောလိုက်သည်။

"စွန့်ပစ်နယ်မြေမှာ နတ်ဆိုးတွေနဲ့ပြည့်နေတာလေ။ နှစ်ထောင်ချီအတွင်းမှာ လူသုံးယောက်ပဲ မြို့တည်နိုင်သေးတာကွ။ လောင်းရွှမ်ပြည်ကျောင်းပေါင်းစုံချန်ပီယံတွေထဲက အများအပြားပဲ အဲ့နယ်မြေထဲမှာ အသက်ဆုံးခဲ့ကြတာပဲ။ ရှန်ယန်ရှောင်ကိုယ်တိုင်လည်း အဲ့နယ်မြေထဲမှာ ဒုက္ခရောက်မယ်ဆိုရင် ဘာမှမထူးဆန်းဘူးလေကွာ"

"ဒုတိယအစ်ကို မင်းပြောချင်တာက ရှန်ယန်ရှောင် စွန့်ပစ်နယ်မြေကို မရောက်ခင်အထိ ငါတို့စောင့်ရမယ်လို့လား"

"ဘာလို့ မစောင့်ရမှာလဲ။ ဇာမဏီမျိုးနွယ်စုထဲမှာဆိုရင် သူ့ကို ငါတို့ဘာမှလုပ်လို့မရဘူး ဒါပေမယ့် စွန့်ပစ်နယ်မြေထဲရောက်ရင် သူ့ကို ဘယ်သူမှ မကာကွယ်ပေးနိုင်တော့ဘူးလေ။ ဇာမဏီငှက်က သူ့ကိုကာကွယ်ပေးနေတော့ရော ဘာဖြစ်သလဲ အဲ့နယ်မြေထဲမှာက နတ်ဆိုးတွေတင်မကဘဲ မြေအောက်ကမ္ဘာက သားရဲတွေပါရှိတယ်လေ။ အဲ့လိုကောင်တွေက သူတို့ပိုင်နက်ထဲကို လူတွေဝင်လာပြီး နယ်မြေချဲ့ထွင်မှာကို ဘယ်လိုလုပ်လက်ပိုက်ကြည့်နေကြမှာလဲ"

"နောက်ပြီးတော့ ရှန်ယန်ရှောင်က ဆင့်ခေါ်သူတစ်ယောက်ဆိုတာကိုလည်း မေ့မနေနဲ့ဦး။ လင်းလက်တိုက်ပေါ်မှာ ဆင့်ခေါ်သူတစ်ယောက်က ဘယ်လိုအနာဂတ်ရှိနိုင်မလဲကွ။ သူ့ကို သေစေချင်တာ ငါတို့နှစ်ယောက်ထဲမဟုတ်တာတော့ သေချာတယ် ဧကရာဇ်ကိုယ်တော်တိုင်တောင် ရှန်ယန်ရှောင်ကို ပြဿနာတစ်ခုလို့ မြင်လောက်တယ်။ မနက်ဖြန်ကျရင် ဧကရာဇ်နဲ့တွေ့ဖို့ ငါစီစဉ်ပြီးတော့ ရှန်ယန်ရှောင်ကို အကြပ်တွေ့မယ့် နေရာကောင်းပေးလိုက်ဖို့ ငါပြောလိုက်မယ်"

"ဒုတိယအစ်ကို ဒါက တစ်ကယ့်ကို အကြံကောင်းပဲဟ"လို့ ရှန်ယူက ဝမ်းမြောက်စွာပြောလိုက်သည်။

ရှန်ဂျန်ရဲ့ စိတ်ကူးက တစ်ကယ့်ကို ရက်စက်လှပြီး သွေးတစ်စက်ကျဖို့တောင်မလိုပါဘူး။

ရှန်ယန်ရှောင်သေသွားရင်တောင် ရှန်ဂျန်အကြံကြောင့်ဆိုတာ ဘယ်သူမှ သိမှာမဟုတ်ပါဘူး။

"ဒါနဲ့ ယီဖန်တစ်ယောက်ရော ဒီရက်ပိုင်းအတွင်း ဘယ်လိုနေလဲ အဆင်ပြေလား။သူ့ကိုမတွေ့တာ တော်တော်တောင်ကြာနေပြီဆိုတော့ လွမ်းမိသား"

ရှန်ဂျန်ရဲ့ ဆိုးရွားကောက်ကျစ်မှုကို တွေ့လိုက်ရတာကြောင့် ရှန်ယူအနေနဲ့ ထိတ်လန့်သွားမိကာ ဝင်ဖောလိုက်ရပါတယ်။

သားအကြောင်းရောက်သွားတာနဲ့ ရှန်ဂျန်လည်း စိတ်အနည်းငယ်ပြေသွားခဲ့ပြီး ပြုံးရယ်ကာပြောလိုက်ပါသည်။

"သူ့ဆရာနောက်ကို လိုက်နေတာလေ တော်တော်လေးတော့ တိုးတက်လာတယ်ကွ။ တစ်ကယ်ဆိုရင် ရှန်ယန်ရှောင်အတွက်နဲ့ ငါစိတ်ရှုပ်နေရတာတွေကလည်း သူ့အတွက်ကြောင့်ပဲလေ။ ရှန်ယန်ရှောင်မသေသေးသ၍ ဇာမဏီငှက်ကလည်း ပြန်မှာမဟုတ်ဘူး။ ရှန်ယန်ရှောင်သေမှပဲ ဇာမဏီငှက်ကို ယီဖန်ရနိုင်မှာ"

"ဒါပေမယ့်လည်း ရှန်ယန်ရှောင်သေသွားရင် ဖေဖေက ဒီကိစ္စကို အလွယ်တကူမေ့ပစ်မှာ မဟုတ်ဘူးနော် သူက တရားခံသိရတဲ့အထိ စုံစမ်းမှာပဲ"

"အဲ့အချိန်ထိအောင် သူ စုံစမ်းနိုင်စွမ်းရှိသေးရင်တော့ စုံစမ်းပါစေလေ ဒါပေမယ့် သူ့အနေနဲ့ အဲ့အခွင့်အရေးမရနိုင်တော့မှာကိုတော့ ငါတွေးမိသား"ဟု ရှန်ဂျန်က အေးစက်စွာပြောလိုက်သည်။

ရှန်ယူတုန်ခါသွားပြီးနောက် ရင်ထဲမှာလည်း စိုးရွံ့မှုတွေ ပေါ်ပေါက်လာသည်။ ရှန်ဂျန်ရဲ့ စကားထဲမှာ အဓိပ္ပါယ်တွေပါဝင်နေတာကို သူရိပ်မိပါသည်။

ရှန်ဂျန်ရဲ့ ရက်စက်မှုအကြောင်းကို သူ အရင်ကတည်းက သိရှိပြီးဖြစ်သည်။ သူ့အစ်ကိုဖြစ်သူ ရှန်ရှီရဲ့ မိသားစုငါးယောက်လုံး သေဆုံးမှုကိစ္စအတွက် ဖခင်ဖြစ်သူအနေနဲ့ ရေကုန်ရေခမ်းကြိုးစား စုံစမ်းပါသော်လည်း အကြောင်းမထူးခဲ့သော်လည်း ရှန်ယူအနေနဲ့ ဒီကိစ္စဟာ ရှန်ဂျန်ပယောဂမကင်းကြောင်း စိတ်ထဲမှာတွေးမိခဲ့သည်။ အကြောင်းကတော့ သူတို့ရဲ့အစ်ကိုအကြီးဆုံးဖြစ်သူ သေမှသာလျှင် ညီငယ်တွေဖြစ်သော သူတို့အနေနဲ့ မျိုးနွယ်ခေါင်းဆောင်ရာထူးကို ဆက်ခံနိုင်ခွင့် ရရှိမှာဖြစ်သည်။

ရှန်ရှီတို့မိသားစုငါးယောက်လုံး သေဆုံးရတဲ့အကြောင်းကို ရှန်ဖန်တစ်ယောက် အစွမ်းကုန်ကြိုးစား ဖော်ထုတ်ပေမယ့် အရာမထင်ခဲ့ပါဘူး။ အဲ့နောက်မှာတော့ ရှန်ယန်ရှောင်၏ ဖခင်ဖြစ်သလို ရှန်ဖန်ရဲ့ သားထွေးဖြစ်သူ ရှန်ယုလည်း မိသားစုနှင့်အတူ ရက်ရက်စက်စက် တိုက်ခိုက်ခြင်းခံခဲ့ရတယ်။

ဒီကိစ္စအားလုံးက အခုထိ ဖြေရှင်းမရသေးတဲ့ပုစ္ဆာတစ်ပုဒ်ဖြစ်နေဆဲပါပဲ။

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၉၄)

အဆိုပါ အစ်ကိုအကြီးဆုံးနဲ့ညီအငယ်ဆုံးတို့ သေဆုံးရတဲ့ကိစ္စတွေဟာ ရှန်ဂျန်နဲ့ ပတ်သတ်နေမယ်ဆိုတာကို သူခံစားမိနေပါတယ်။ သို့ပေမယ့်လည်း ထုတ်ဖော်မေးလိုက်မိရင် နောက်ထပ်သော ဓားစာခံတစ်ယောက်ဖြစ်သွားမှာကို သူကြောက်မိပါတယ်။

“အဲ့ဒါ..ဒါဆိုရင် ဒုတိယအစ်ကိုကိုပဲ အားကိုးတော့မယ်နော်”လို့ တံတွေးကိုမြိုချလိုက်ကာ ရှန်ယူပြောလိုက်သည်။

ရှန်ဂျန်က မဲ့လိုက်ပြီး “ဒီလိုပဲဖြစ်ရမှာပေါ့ကွာ”လို့ ပြောလိုက်ပါတော့သည်။

အိမ်ကိုပြန်ရောက်ပြီး တတိယမြောက်နေ့တွင် စွန့်ပစ်နယ်မြေအား ပေးအပ်သော ခွင့်ပြုအမိန့်ကို ဧကရာဇ်ထံမှ ရှန်ယန်ရှောင် သွားရောက်လက်ခံခဲ့ရသည်။

အမိန့်စာရပြီးနောက် အိမ်တော်ကို သူမ ပြန်လာခဲ့သည်။

တက်သစ်နေဆိုသော စာလုံးများကို ကြည့်ရင်း ရှန်ယန်ရှောင်တစ်ယောက် အတွေးထဲနစ်နေမိသည်။

ဧကရာဇ်က သူမကို ပေးအပ်သောမြို့တော်နာမည်က တက်သစ်နေမြို့တော်ဟု အမည်တွင်သည်။ တည်နေရာက စွန့်ပစ်နယ်မြေရဲ့ အရှေ့ပိုင်းအခြမ်းတွင် ဖြစ်သည်။

“တက်သစ်နေမြို့တော်အကြောင်းကို သိသလား ရှူ”ဟု ကုတင်ပေါ်တွင် ထိုင်ကာ အမိန့်စာအား ကြည့်နေတဲ့ ရှန်ယန်ရှောင်က မေးလိုက်သည်။

“စွန့်ပစ်မြေက နတ်ဆိုးမျိုးနွယ်တွေရဲ့ အမာခံနယ်ပဲ။ စွန့်ပစ်မြေတစ်ခုလုံးမှာ သူတို့ရဲ့ အဓိကဌာနချုပ် ခုနှစ်နေရာရှိပြီးတော့ တက်သစ်နေမြို့တော်က အရှေ့ဖက်ပိုင်းမှာရှိတဲ့ ဌာနချုပ်တစ်ခုပဲ”လို့ ရှူကပြောသည်။

“ဌာနချုပ်တွေလား”လို့ မျက်ခုံးပင့်ကာ ရှန်ယန်ရှောင်ရေရွတ်လိုက်သည်။

“တက်သစ်နေမြို့တော်ရဲ့ အကျယ်အဝန်းက လောင်းရွှမ်ပြည်ရဲ့ နေပြည်တော်နဲ့ ယှဉ်လို့ရတယ် ဒါပေမယ့် နတ်ဆိုးမျိုးနွယ်တွေရဲ့ ဌာနချုပ်တွေထဲက တစ်ခုဖြစ်လို့ အဲ့နေရာမှာ နတ်ဆိုးတွေအများကြီးရှိနေသလို အဆင့်နိမ့် နတ်ဆိုးတွေဆို ပြည့်ကြပ်နေမှာပဲ”

“အိုး ဧကရာဇ်က တစ်ကယ့်ကို ရက်ရောလှပါလား ဒီလိုနေရာကြီးကိုတောင် ကျနော့်ကို ပေးတယ်ဆိုတော့”

ရှန်ယန်ရှောင် ကုတင်ပေါ်မှာ လူးလိမ့်ရယ်လိုက်ပေမယ့် မျက်လုံးတွေကတော့ ပြုံးမနေခဲ့ပါဘူး။

အခုလိုမြေနေရာက သာမန်နေရာတွေမှာသာရှိရင် ရရှိသူအနေနဲ့ ဝမ်းသာလုံးဆို့ပြီး သေကောင်းသေနိုင်ပါတယ် သို့သော် တက်သစ်နေမြို့တော်က စွန့်ပစ်နယ်မြေအတွင်းကဖြစ်ပြီး နယ်မြေကြီးလေ သတ်ပစ်ရမယ့် နတ်ဆိုးများလေ ဖြစ်ကာ ပြန်လည်တည်ဆောက်မှုအတွက် လိုအပ်မယ့် အရင်းအမြစ်တွေလည်း များလေလေဖြစ်မှာပါ။

အရင်ချန်ပီယံဟောင်းတွေဆိုရင် မနိုင်ဝန်မထမ်းရဖို့အတွက် သေးငယ်တဲ့မြို့လေးတွေကိုသာ ပေးအပ်ခြင်းခံရ တာဖြစ်သည်။

“ကြည့်ရတာတော့ ဧကရာဇ်က ငါ့ပညာရပ်အပေါ်မှာ တော်တော်လေး အမြင်ကြည်လင်နေပုံပဲ”

ဧကရာဇ်ရဲ့ အကြံကို သူမအနေနဲ့ မရိပ်မဘဲ ဘယ်နေပါ့မလဲလေ။ သူမကို အမိန့်စာပေးအပ်နေတဲ့ ဧကရာဇ်၏ မျက်လုံးတွေထဲက ရွံရှာသလို အကြည့်တွေကြောင့် ဒီစွန့်ပစ်နယ်မြေကိစ္စက ခက်ခဲမယ်ဆိုတာ သူမ တွေးမိပြီးသားပါ။

ဒါပေမယ့်လည်း သူမအဖို့ကတော့ နတ်ဆိုးများမှာကို မကြောက်ပါဘူး ရှူ့အတွက် နတ်ဆိုးမလုံမလောက် ဖြစ်နေမှာကိုသာ ပူနေတာပါ။

“ရှူရေ စွန့်ပစ်နယ်မြေအကြောင်းကို ခင်ဗျားသိတယ်မလား ကျနော်တို့ ဘာတွေပြင်ဆင်ဖို့ လိုအပ်မလဲဟင်”လို့ ရှန်ယန်ရှောင်က မေးလိုက်သည်။စွန့်ပစ်နယ်မြေအကြောင်းကို ရှူက တစ်ခြားလူအားလုံးထက် ပိုသိနေတယ်လို့ သူမ ခံစားမိနေပါတယ်။

နောက်ပြီးရှူရဲ့ အဖြေကလည်း သူမကို စိတ်မပျက်စေခဲ့ရပါဘူး

“တက်သစ်နေမြို့တော်ကို မင်းပြန်တည်ဆောက်ချင်ရင် လူထောင်ချီမရှိဘဲနဲ့တော့ ဖြစ်မှာမဟုတ်ဘူး။ ဒါပေမယ့် မင်းအရင်ဆုံးလုပ်ရမှာက အဲ့က နတ်ဆိုးအားလုံးကို အရင်သိမ်းသွင်းထိန်းချုပ်ဖို့ပဲ မဟုတ်ရင် လူသောင်းချီပြီး တော့ခေါ်သွားရင်တောင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး”

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၉၅)

မေးကိုပွတ်ရင်း တွေးတောနေတဲ့ ရှန်ယန်ရှောင်ခေါင်းထဲမှာ သူမဖက်မှာ လူမလုံလောက်သေးဘူးလို့ ခံစားမိနေပါတယ်။

“ဟုတ်သားပဲ”

တစ်စုံတစ်ရာကို အတွေးပေါက်သွားပုံရသော ရှန်ယန်ရှောင်ဟာ ဝုန်းကနဲထရပ်ကာ အပြေးတပိုင်းနဲ့ ဇာမဏီ့အခန်းကို သွားလိုက်ပါတယ်။

ဇာမဏီဟာ ထမင်းစားပွဲမှာ ကျကျနနထိုင်ကာ စားပွဲအပြည့်ခင်းထားသော စားသောက်ဖွယ်ရာတွေအား အရသာခံစားသောက်နေပါတယ်။သူ့ပါးစပ်ထဲက အသားခြောက်တွေကို ဝါးနေစဉ်အချိန်မှာပဲ သခင်ဖြစ်သူ ဝရုန်းသုန်း ကားနဲ့ ပြေးဝင်လာတာကို တွေ့လိုက်ရပါတော့သည်။

ဖီးနစ်ပေါက်စလေးကတော့ ပန်းကန်ပြားတစ်ချပ်ပေါ်မှာ မတ်တပ်ရပ်ကာ ပုဇွန်တုတ်ကြီးနဲ့ ဒုက္ခဖြစ်နေပုံပေါ်ပါတယ်။

“…” ဇာမဏီ မျက်တောင်ခတ်လိုက်သည်။

“ဇာမဏီရေ ဖီးနစ်ပေါက်ကိုခေါ်ခဲ့ပြီးရင် ငါ့ကို မင်းရဲ့ယောက္ခမတွေဆီ လိုက်ပို့ပေးဉီး”လို့ ရှန်ယန်ရှောင်က ဒရောသောပါးပြောလိုက်သည်။

“ယောက္ခမ…အိမ်”ဟု ရေရွတ်လိုက်သော ဇာမဏီ့ခေါင်းထဲမှာ မေးခွန်းတွေ တသီတသန်းကြီး ထွက်ပေါ်လာပါတော့သည်။ဒီစကားလုံးက လက်ထပ်ထားသူတွေကြားမှာ သုံးရတဲ့စကားမဟုတ်လား……

ငါလက်ထပ်ထားတာကို ငါက ဘယ်လိုဖြစ်လို့ မသိလိုက်ရတာတုန်း……

“မီးတောင်ကြားလေ”ဟု ရှန်ယန်ရှောင်က ရှင်းပြပေးလိုက်ပါသည်။

“မင်းအနေနဲ့ စကားကို ကောင်းကောင်းကန်းကန်းမပြောတတ်ဘူးလားဟ”ဟု ဇာမဏီငှက်က ဆွံ့အစွာ ပြန်မေးလိုက်သည်။

“မြန်မြန်လုပ် လေးဖင့်မနေစမ်းနဲ့”လို့ ရှန်ယန်ရှောင်က လောဆော်လိုက်သည်။

ဇာမဏီငှက်လည်း လက်ထဲက တူအား မချချင်ချချင်နဲ့ ချလိုက်ပြီးနောက် စားစရာတွေကြားမှာ အလုပ်များနေ ဆဲဖြစ်သော ဖီးနစ်ပေါက်လေးအား သူ့ခေါင်းပေါ်ပစ်တင်လိုက်ပါသည်။

ဖီးနစ်ပေါက်လေး ကြေကွဲသွားရှာပါသည် သူ့အနေဖြင့် ဝဝလင်လင်မစားရသေးပါဘူး ဘာလို့ စားစရာတွေနဲ့ သူနဲ့ကို ခွဲရက်နိုင်ကြတာလဲလို့ တွေးနေပါသည်။

ဒါက ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုပဲ ဒီကိစ္စကို ပိတ်ဆို့အရေးယူနိုင်ပါတယ်……

ဖီးနစ်ပေါက်လေးက မကျေနပ်စွာနဲ့ပဲ ဇာမဏီ့ဆံပင်တွေကို ဆွဲကိုင်ထားကာ ပါးစပ်ကို ဟပြထားပါတယ်။ ဇာမဏီလည်း ဘာမှမတတ်နိုင်တာကြောင့် အသားခြောက်တစ်ဖတ်ကို ယူလိုက်ပြီး ဖီးနစ်လေးဆီပေးလိုက်ပါတယ်။

သူ့ခေါင်းဟာ မကြာမတင်မှာပဲ ငှက်အသိုက်တစ်ခုဖြစ်လာတော့မယ်လို့ သူနက်နက်ရှိုင်းရှိုင်း ခံစားလိုက်မိပါတော့သည်။

ရှန်ယန်ရှောင် မီးတောင်ကြားဆီသွားမယ့်အကြောင်းဟာ မကြာခင်မှာပဲ ရှန်ဖန်နားဝကို ရောက်ရှိသွားတော့ ရှန်ဖန်လည်း ဘာမှထွေထွေထူးထူး ပြောမနေဘဲ သူမစီးနင်းသွားဖို့အတွက် လှည်းကိုပြင်ခိုင်းလိုက်ပါတယ်။

လှည်းကိုမြင်လိုက်တာနဲ့တစ်ပြိုင်နက်မှာ ဇာမဏီငှက်မျက်နှာ စိမ်းပြသွားရှာပါသည်။ သူ့အနေဖြင့်ဆို လှည်းစီးမည့်အစား အသွင်ပြောင်းကာ ရှန်ယန်ရှောင်နဲ့အတူ ပျံသန်းသွားမိမှာဖြစ်ပါသည်။

ထုံးစံအတိုင်း လန်ဖန်းလီကတော့ လိုက်မှာပါ။ ဒါကြောင့် ရှန်ယန်ရှောင်ဟာ ဘယ်ဖက်လက်က လန်ဖန်းလီကိုကိုင် ညာလက်ကဖီးနစ်ပေါက်လေးကိုကိုင်ကာ အသွင်ပြောင်းထားသော ဇာမဏီငှက်ပေါ် တက်ထိုင်လိုက်ပါတယ်။

မီးတောင်ကြားကိုပျံသန်းသွားရာတွင် ဇာမဏီငှက်အတွက် တစ်နေ့တာပင်မကြာလိုက်ပါ။

လူ့အသွင်ပြန်ပြောင်းလိုက်သော ဇာမဏီငှက်ဟာ တစ်ချိန်က သူပိုင်ဆိုင်နေထိုင်ခဲ့သော နေရာလေးအားကြည့်ရင်း အတွင်းကြိတ်ကြေကွဲနေရပါတော့သည်။

အခုအခါမှာတော့ ဒီနေရာကို ဖီးနစ်မောင်နှံက နေထိုင်လျှက်ရှိပြီး သူ့သခင်ဖြစ်သူကိုယ်တိုင် ပေးအပ်ခဲ့ခြင်းလည်းဖြစ်ပါသည်။ အိမ်ကနေဆင်းမယ်ဆိုရင် တစ်ကယ့်အိမ်အစစ်အမှန်ကို သူ ရှာတွေ့နိုင်မှာ မဟုတ်တော့ပါဘူး……

မီးတောင်ကြားမှာ ဘာမှပြောင်းလဲသွားတာ မတွေ့ရဘဲ သူတို့အားလုံး မကြာခင်မှာပဲ ဂူအတွင်းကို ရောက်သွားကြပါတော့သည်။

ကြီးမားလှသောဖီးနစ်နှစ်ကောင် ဂူအတွင်းမှာအိပ်စက်နေတာကြောင့် ကြီးမားလှသောဂူကြီးဟာ လူပြည့်နေသယောင်ထင်မှတ်မှားရပါတယ်။

အိပ်ပျော်နေသောဖီးနစ်မောင်နှံအား ဘယ်လိုနှိုးရင်ကောင်းမလဲတွေးပြီး ငေးကြည့်နေမိပါသည်။

ကံကောင်းစွာနဲ့ပဲ အနံ့စိမ်းရသော ဖီးနစ်မောင်နှံက သူတို့ဖာသာ နိုးလာကြပါတော့သည်။

“မတွေ့တာကြာပြီနော်”လို့ ဖီးနစ်ဖိုက ဂူထဲမှာရောက်နေကြသော ဧည့်သည်တွေအား နှုတ်ဆက်လိုက်ပါသည်။

ဖီးနစ်မကတော့ ဇာမဏီ့ခေါင်းပေါ်က သူမရဲ့ရင်သွေးရတနာလေးကိုပဲ နိုးလာတည်းက စူးစိုက်ကြည့်နေပါသည်။ ရှန်ယန်ရှောင် ခနတာ မင်သက်သွားပါသည်။ သူမနဲ့ဒီဖီးနစ်တွေ ဆုံစဉ်တုန်းက သူမရဲ့မျက်နှာက ရုပ်ဖျက်ထားတာဖြစ်ပြီး သူမမှန်း ဘယ်လိုလုပ်သိသွားရတာပါလိမ့်…..

All Chapters