အခန်း (၁၈၂)
Vol. 19 Ch. 182
အဘိုးအိုသည် ပိုင်ရွှီ လှည့်လည်သွားလာသူ နှစ်ဦးကို သက်ကယ်ဖိနပ်ဖြင့် တစ်ချက်စီ ရိုက်နှက်လိုက်ရုံဖြင့် လှည့်လည်သူနှစ်ဦး၏ ဦးခေါင်းများမှာ လုံးဝ ကျိုးကြေသွားရ၏။ ပိုင်ရွှီနယ်မြေထဲတွင် လွတ်လပ်စွာ သွားလာနိုင်သည့် ဆန်းကြယ်သော သံချပ်ကာ ဝတ်စုံများသည်ပင် အဖိုးအို၏ရိုက်ချက်ဒဏ်ကို မကာကွယ်နိုင်ချေ။
သို့ပေမည့် လည်ပင်းများ ကျိုးသွားသော်လည်း သေဆုံးသွားခြင်း မရှိသေးပေ။
“ဟူး...”
အဘိုးအိုသည် လေပူတစ်ချက် မှုတ်ထုတ်လိုက်ရာ ပိန်လှီသော သူ၏ခန္ဓာကိုယ်မှာ အရှိန်ဖြင့် ပြေးထွက်သွားသည်။ အလွန်လျင်မြန်လှသဖြင့် အဆုံးမဲ့သော ပိုင်ရွှီနယ်မြေထဲတွင် လမ်းတစ်ခုကို ဖောက်ထွင်းသွား၏။
သူ၏ ခြောက်ကပ်နေသော လက်နှစ်ဖက်သည် ကျားလက်သည်းများအဖြစ် အသွင်ပြောင်းသွားပြီး အပြာရောင်သက်ရှိနှစ်ဦး၏သံချပ်ကာ ဗဟိုရှိ မီးလောင်နေသော ဂြိုဟ်ပုံစံ စွမ်းအင်အမြုတေကို တိုက်ရိုက် ဆွဲထုတ်လိုက်သည်။
အဘိုးအိုသည် မျက်လုံးများကို မှေးစင်းလိုက်သောအခါ လက်မောင်းရှိ အကြောများထောင်တက်သွားပြီး စွမ်းအင်အမြုတေကို လက်ဖြင့် ညှစ်ခြေပစ်လိုက်သည်။
သူ၏ လက်ထဲတွင် အသေးစား မှိုတိမ်တိုက်တစ်ခု ပေါ်ထွက်လာပြီးနောက် မီးခိုးမည်းများ ပေါ်ထွက်လာကာ စွမ်းအင်အမြုတေနှစ်ခုလုံး ပျက်စီးသွားသည်။ ထိုအခါမှသာလှည့်လည်သူ နှစ်ဦးလည်း လုံးဝ အသက်ပျောက်သွားတော့သည်။
အဘိုးအိုသည် လက်ကို ခါလိုက်ပြီး အလောင်းများကို ပိုင်ရွှီနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာသို့ ကန်ထုတ်လိုက်ကာ ဟင်းလင်းပြင်ထဲ၌ လွင့်မျောသွားစေသည်။
မလှမ်းမကမ်းရှိ ငွေရောင်ယာဉ်ပျံကြီး၏ အောက်ခြေမှ အပြာရောင်အလင်းတန်းများ တဖျတ်ဖျတ် လက်လာပြီး ထွက်ပြေးရန် ကြိုးစားလိုက်၏။ သို့သော် အရှိန်မမြှင့်နိုင်ခင်မှာပင် အဘိုးအိုသည် ပိုမိုမြန်ဆန်သော အရှိန်ဖြင့် ယာဉ်ပျံဆီသို့ရောက်ရှိသွားသည်။ သူသည် ယာဉ်ပျံကြီးကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်လိုက်၏။ သူတို့နှစ်ဦး၏ အရွယ်အစားမှာ အလွန်ပင် ကွာခြားလှသော်လည်း ယာဉ်ပျံကြီးကို အဘိုးအိုသည် အလွယ်တကူပင် လှုပ်ခါလိုက်နိုင်သည်။
အဘိုးအိုသည် ယာဉ်ပျံ၏ ဘေးတစ်ဖက်ကို ကိုင်ကာ ဒူးဖြင့် အားကုန် တိုက်လိုက်လျှင် အပြာရောင်အလင်းတန်းများ ထွက်ပေါ်နေသော စွမ်းအင်သိုလှောင်ရာအပိုင်းမှာ ပေါက်ကွဲထွက်သွားသည်။
ထို့နောက်ယာဉ်ပျံပေါ်ရှိ လျှပ်စစ်စွမ်းအင်များအားလုံး တဖျတ်ဖျတ် လက်သွားပြီး လက်မအရွယ်အစားခန့်ရှိသော ပန်းကန်ပြားပျံလေးအဖြစ် ပြောင်းလဲသွား၏။ အဘိုးအိုသည် ထိုပန်းကန်ပြားပျံလေးကို အိတ်ကပ်ထဲသို့ ကောက်ထည့်လိုက်သည်။
လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး အရာအားလုံး ရှင်းလင်းသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက်တွင် ကျောက်တုံးပြာကြီးပေါ်သို့ အေးအေးလူလူ ပြန်လည် ဆင်းသက်လာခဲ့လိုက်လေသည်။
သူသည် ပိုင်ရွှီနယ်မြေထဲသို့ သွားရောက်ခဲ့သည်ကို ချင်းထျန်းတောင်ထိပ်မှ သက်ရှိများ မြင်တွေ့ခဲ့ကြသော်လည်း အားလုံးသည် ကျင့်သားရနေကြပြီ ဖြစ်သည်။ အဘိုးအို ဘာသွားလုပ်သည်ကို မသိသော်လည်း လွန်ခဲ့သော ၄ နှစ်အတွင်း ပိုင်ရွှီနယ်မြေထဲသို့ ခဏခဏ ဝင်ထွက်နေတတ်သဖြင့် ထူးဆန်းသည်ဟု မထင်ကြတော့ပေ။
သူသည် ပိုင်ရွှီနယ်မြေထဲတွင် လွတ်လပ်စွာ သွားလာနိုင်ပြီး ဤနေရာ၏ ဖိနှိပ်မှုဒဏ်ကိုလည်း မခံရချေ။ သူ ပိုင်ဆိုင်သော စွမ်းအားများမှာ အကန့်အသတ်မရှိသကဲ့သို့ပင် ဖြစ်သည်။
လွန်ခဲ့သော ၄ နှစ် ဝမ်ချွမ်းလှေ ပျက်ကျစဉ်၌ လှေကြီးသည် သူ၏လမ်းကြောင်းပေါ်ရှိအရာအားလုံးကို တိုက်ဖြတ်ကာ မိုင်ပေါင်း သောင်းချီ လျောတိုက်သွားခဲ့သည်။ သို့သော်လည်း အဘိုးအို၏ လက်တစ်ဖက်တည်းဖြင့် တားဆီးရပ်တန့်ခြင်းကိုခံလိုက်ရ၏။ ဤကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားရှင်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသို့ ရောက်ရှိသွားပါက မည်သို့ဖြစ်လာမည်ကို မည်သူမျှ မသိနိုင်ချေ။
အဘိုးအိုသည် ကျောက်တုံးပြာကြီးပေါ်တွင် ပျင်းရိစွာ ထိုင်ရင်း မြစ်ပြင်ကို ကြည့်ကာ ငေးမောနေမိသည်။ အခြားသူများသည် မိမိတို့၏အလုပ်တာဝန်များကို ဆက်လက် လုပ် ဆောင်နေကြ၏။ ပျက်စီးသွားသော နေရာများမှာ တစ်ဝက်ကျော်ခန့် ပြန်လည် ကောင်းမွန်နေပြီ ဖြစ်သည်။
ထို့ပြင် တိုက်ကြီးတစ်ခုလုံးကိုလည်း ထွန်ယက်စိုက်ပျိုးပြီးသွားပြီ ဖြစ်သဖြင့် လယ်ကွင်းများအတွင်းရှိ စပါးနှံများမှာ ရွှေရောင်ဝင်းနေလေသည်။ လတ်ဆတ်သော စပါးနံ့များ လေထုထဲ၌ ပျံ့လွင့်နေပြီး သက်ရှိတိုင်း၏ စိတ်ကို ငြိမ်းချမ်းစေသည်။ အမြဲတမ်း တက်ကြွလှုပ်ရှားနေတတ်သော ရွေ့ဝူတီပင်လျှင် ပုံမှန်မဟုတ်ဘဲ ငြိမ်သက်နေ၏။
'ရွှေနှံစပါးတွေ အများကြီး မှည့်နေပြီပဲ... စပါးရိတ်ရတော့မယ်'
အဘိုးအို၏ အတွေးတစ်ချက်ဖြင့် သူ၏ လက်ထဲ၌ တံစဉ်တစ်လက် ပေါ်လာသည်။ သူသည် အင်္ကျီလက်မောင်းကို ပင့်တင်လိုက်ပြီး တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်စွာ လှုပ်ရှားကာ စပါးများကို စတင် ရိတ်သိမ်းတော့သည်။ စပါးစည်းများ တစ်စည်းပြီးတစ်စည်း စုပုံလာသည်။ အလွန်လျှင်မြန်လှ သောရိတ်သိမ်းမှုကြောင့် ဧကသောင်းချီသော လယ်ကွင်းများကို ခဏအတွင်း ရိတ်သိမ်းပြီးစီးသွားလေသည်။
ရွှေနှံစပါးများအပြင် ရွှီကျောက်စိမ်းမုန်လာဥ၊ ချင်းဖေ့ စသည့် ဟင်းသီးဟင်းရွက်များကိုလည်း ရိတ်သိမ်းလိုက်၏။ ထို့နောက် ရိတ်သိမ်းပြီးသားထိုဟင်းသီးဟင်းရွက်အားလုံးကို လယ်တောကြီးရှိ ကွင်းပြင်ထဲတွင် စုပုံထားလိုက်သည်။
အဘိုးအိုသည် စက်ဝိုင်းပုံစံ စပါးကျီတစ်ခု၏ အမိုးပေါ်တွင် တက်လိုက်ပြီး လက်နှစ်ဖက်ကို ပါးစပ်နားတွင် ကပ်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ ထို့နောက် အသံကုန် အော်ဟစ်လိုက်၏။
“အားလုံး လယ်တောထဲကို လာခဲ့ကြစမ်း”
နားကွဲမတတ် ကျယ်လောင်ပြင်းထန်လှသောအသံသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးသို့ပျံ့နှံ့သွား၏။
မကြာခင်တွင် လယ်တောအနီးတွင် အလုပ်လုပ်နေသူ အားလုံးသည် အဘိုးအို၏ ခေါ်သံကြောင့် တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ အချို့သော အဝေးရောက်နေသူများသည်ည်း နာရီပေါင်းများစွာကြာပြီးနောက် ရောက်လာခဲ့ကြလေသည်။
အဘိုးအိုသည် စိတ်မလောဘဲ အားလုံး စုံသည်အထိ စောင့်ဆိုင်းနေလိုက်သည်။
"မင်းတို့ကောင်လေးတွေ ကံကောင်းတယ်..." "ဒီတစ်ခေါက် ရွှေနှံစပါး၊ ရွှီကျောက်စိမ်းမုန်လာဥနဲ့ ချင်းဖေ့ ဟင်းသီးဟင်းရွက်တွေ ရင့်မှည့်တဲ့အချိန်နဲ့ လာတိုးနေတယ်..."
"ဒီအဘိုးကြီး စိတ်ပျော်နေလို့ ဒီတစ်ခေါက် မင်းတို့ကို ထမင်းကျွေးမယ်..."
"ဒါပေမဲ့ အရင်ဆုံး စပါးတွေ ၊ ဟင်းသီးဟင်းရွက်တွေကို သန့်စင်အောင် လုပ်ကြဦး..."
အဘိုးအို၏ စကားကို ကြားသောအခါ သားရဲများနှင့် ချင်းထျန်းတောင်ထိပ်မှ သက်ရှိများအားလုံး မျက်လုံးလှန်ကြည့်လိုက်ကြသည်။ ဤနေရာတွင် သူတို့၏ စွမ်းအားများ ဖိနှိပ်ခံထားရသော်လည်း သူတို့သည် ထမင်းစားရန် မလိုသလို ဆာလောင်မှုကိုလည်း မခံစားရပေ။
ထို့ပြင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတွင် ရှိစဉ်ကတည်းက သူတို့သည် နှစ်ပေါင်းများစွာ အစာမစားဘဲ ကျင့်ကြံခဲ့ကြသူများ ဖြစ်သည်။ သို့ဖြစ်ရာသာမန် ကောက်ပဲသီးနှံများကို သူတို့ မစားသည်မှာ ကြာပြီ ဖြစ်ပြီး သူတို့စားသောအစားအစာများသည်လည်း နှစ်ပေါင်း ရာချီသော ဝိညာဉ်ဆေးပင်များသာ ဖြစ်သည်။
သို့သော် အဘိုးအိုက ပြောလာသဖြင့် သူတို့ မငြင်းရဲကြပေ။
အားလုံးသည် တစ်ဖန် ပြန်လည် အလုပ်ရှုပ်သွားကြ၏။ ရွှေနှံစပါးများကို အခွံချွတ်လိုက်ပြီး စပါးခွံများနှင့် ကောက်ရိုးများကို ထောင့်တစ်နေရာတွင် ပုံထားလိုက်သည်။
ထို့နောက် ရွှီကျောက်စိမ်းမုန်လာဥနှင့် ချင်းဖေ့ဟင်းသီးဟင်းရွက်များကို ဆေးကြောလိုက်ပြီး တစ်ဝက်ကို အစိမ်းစားရန် ချန်ထားကာ ကျန်တစ်ဝက်ကို ဆားရည်ဖြင့် စိမ်လိုက်၏။ အားလုံး၏ လှုပ်ရှားမှုများမှာ သွက်လက်ကျွမ်းကျင်နေကြပြီး ဤအလုပ်ကို ပထမဆုံးအကြိမ် လုပ်ဖူးခြင်း မဟုတ်မှန်း သိသာလှသည်။
ယခင်ကလည်း အဘိုးအိုသည် အကြိမ်ပေါင်းများစွာ ရိတ်သိမ်းခဲ့ဖူးပြီး ရိတ်သိမ်းပြီးရရှိလာသော သီးနှံများနှင့် ဟင်းသီးဟင်းရွက်များကို အလွန် တန်ဖိုးထားကာ စပါးကျီထဲ၌ သိမ်းဆည်းလေ့ ရှိသည်။
ဧကသောင်းချီသော အသီးအနှံများကို သားရဲကောင်ရေ တစ်သိန်းကျော်နှင့် ချင်းထျန်းတောင်ထိပ်မှ သက်ရှိများ ဝိုင်းဝန်းလုပ်ဆောင်ကြသော်လည်း တစ်လကျော် ကြာပြီးနောက်မှသာ အားလုံး ပြီးစီးသွားသည်။
ထို့နောက် အဘိုးအို၏ စီစဉ်မှုဖြင့် မြေကွက်လပ်တွင် ဧရာမ မြေကျင်းမီးဖို ဒါဇင်ပေါင်းများစွာကို တူးဖော်ကြရပြန်သည်။ အဘိုးအိုသည် မည်သည့်နေရာမှ ရလာသည်မသိရသော အနက်ရောင်ဒယ်အိုးကြီး ဒါဇင်ချီကာ ထုတ်လိုက်၏။ ဒယ်အိုးတစ်ခုချင်းစီမှာ ရေကန်ငယ်တစ်ခုကဲ့သို့ ကြီးမားလှသဖြင့် မိစ္ဆာသားရဲပေါင်းများစွာ ဝိုင်းမမှသာ ရွှေ့နိုင်ကြသည်။
ရွှေနှံဆန်စေ့များသည် တစ်စေ့ချင်းစီ ရွှေရောင်တောက်ပနေပြီး ရွှေပုလဲလုံးလေးများကဲ့သို့ ဖြစ်နေသည်။ ဆန်အိတ်များကို အိုးထဲသို့ ထည့်ကာ ရေထည့်၍ ချက်ပြုတ်လိုက်ကြ၏။ ရွှီကျောက်စိမ်းမုန်လာဥ တစ်လုံးချင်းစီကို အကွင်းလိုက် လှီးဖြတ်လိုက်ရာ အတွင်းသားမှာ အဖြူရောင် ကျောက်စိမ်းကဲ့သို့ ကြည်လင်နေသည်။ ချင်းဖေ့ ဟင်းသီးဟင်းရွက်များကိုမူ ဟင်းချိုချက်လိုက်၏။ မကြာမီမှာပင် ထမင်းနံ့နှင့် ဟင်းနံ့များမွှေးပျံ့လာပြီး ထိုအနံ့မှာ မိစ္ဆာသားရဲများနှင့် သူတော်စင်အဆင့် သက်ရှိများ၏ အာရုံကို ဆွဲဆောင်သွားတော့၏။
အားလုံးသည် ထမင်းတစ်ပန်းကန်၊ မုန်လာဥတစ်ပွဲနှင့် ဟင်းချိုတစ်ခွက်စီ ရရှိကြသည်။ အသားဟင်း မပါသော်လည်း သူတို့အားလုံး အလိုအလျောက် တံတွေးမြိုချမိလိုက်ကြသည်။ ရွေ့ဝူတီသည် ထမင်းပန်းကန်ကို ကိုင်ထားသည်။ သူ၏ပန်းကန်ထဲရှိရွှေနှံဆန်စေ့များသည် တစ်စေ့ချင်းစီမှ ဆန်းကြယ်သော ရွှေရောင်အလင်းများ ဖျာထွက်နေ၏။
“ဂလု...”
တံတွေးတစ်ချက် မြိုချလိုက်ပြီးနောက် ထမင်းတစ်လုတ်ကို ပါးစပ်ထဲ ထည့်လိုက်၏။ ချက်ချင်းပင် သူ၏ မျက်လုံးများမှာ အံ့ဩဝမ်းသာမှုများဖြင့် ပြည့်နှက်သွားသည်။
"စားလို့ကောင်းလိုက်တာ..."
ဤသည်မှာ သာမန်ထမင်း မဟုတ်ဘဲ လောကတွင် ရှာမတွေ့နိုင်သော နတ်သုဒ္ဓါကဲ့သို့အရသာရှိနေသည်။ ဆန်စေ့တိုင်းမှာ ပါးစပ်ထဲ ရောက်သည်နှင့် အရည်ပျော်သွားပြီး ချိုမြိန်လတ်ဆတ်သောအထိအတွေ့က သူ၏ တစ်ကိုယ်လုံးကို လန်းဆန်းသွားစေသည်။ ရွေ့ဝူတီတစ်ယောက် အငမ်းမရ စတင် စားသောက်တော့သည်။
ပတ်ဝန်းကျင်မှလည်း အငမ်းမရ စားသောက်သံများ ထွက်ပေါ်နေသည်။
မုန်လာဥနှင့် ဟင်းချိုသည်လည်း ထိုနည်းတူ အရသာရှိလှ၏။
ပါးစပ်ထဲရောက်သည်နှင့် အရည်ပျော်သွားပြီး လက်ဆက်သောမုန်လာဥ၏ချိုမြိန်မှု၊ ကျောက်စိမ်းရောင်အသီးအရွက်များ၏ အရသာတို့သည် စားသုံးသူတို့ကို စိတ်ရောကိုယ်ပါ အတိုင်းအဆမဲ့ ပျော်ရွှင်မှုမျိုး ခံစားရစေသည်။
မိစ္ဆာသားရဲတစ်သိန်းနှင့် ချင်းထျန်းတောင်ထိပ်မှသူတော်စင်မိစ္ဆာအားလုံး မြိန်ရေယှက်ရည်ဖြင့် အားပါးတရစားသောက်နေကြတော့သည်။